သားရဲရိုင်းများကို ဖိနှိပ်ခြင်း
Vol. 40 Ch. 548
ညှင်းသွဲ့သွဲ့တိုက်ခတ်နေသော ပင်လယ်လေပြေများ အကြားတွင် ဂူရှောင်ရွှဲ့သည် တလူလူလွင့်နေသော အဖြူရောင်ဝတ်စုံဖြင့် သစ်ကိုင်းပေါ်တွင် ရပ်နေကာ အောက်မှ မြင်ကွင်းကို ကြည့်ရင်း သူမ၏ မျက်နှာလေးထက်တွင် အပြုံးနုနုလေးတစ်ခု ပေါ်လာသည်။
လတ်တလော လများအတွင်း ဆရာအဘိုး၏ ကျင့်ကြံမှုသည် လျင်မြန်စွာတိုးတက်လာသည်ကို သူမ သိသော်လည်း ကြံ့နှင့်တူသည့် သားရဲရိုင်းနှစ်ကောင်အား အလွယ်တကူ အနိုင်ယူနိုင်လိမ့်မည်ဟု သူမ မယုံကြည်သေးပေ။
“ဆရာအဘိုး … သတိထားပါ။”
ဂူရှောင်ရွှဲ့သည် သူမ၏လက်ကို လှုပ်ယမ်းလိုက်ရာ သူမ၏လက်ချောင်းလေးများကြားတွင် မိုးကြိုးအဆောင်နှစ်ခု ပေါ်လာသည်။ သူမ၏ ဆရာဘိုးဘေး အန္တရာယ်တွင်း ကျရောက်သည်နှင့် ချက်ချင်းပင် သူမ လှုပ်ရှားလိမ့်မည်ဖြစ်သည်။
ထန်ရှုက ခေါင်းကို လှည့်ကာ ခပ်ဖွဖွ ပြုံးပြသည်။ ကြံ့နှင့်တူသော သားရဲရိုင်းကြီးနှစ်ကောင်ဆီ သူ၏အကြည့်များ ပြန်လည်ရောက်ရှိသွားသောအခါ သူသည် ပြုံးပြီး ကျယ်လောင်စွာ ပြောလိုက်သည်။ “ငါ့မှာ သားရဲရိုင်းတွေဆီက ပစ္စည်းတွေ မပြတ်လတ်သေးဘူး။ ဒါကြောင့် မင်းတို့ကောင်တွေ အသတ်မခံရသေးပေမယ့် နာကျင်ကောင်း နာကျင်လိမ့်မယ်။ အနီးနားကျွန်းက အနာဂတ်မှာ သားရဲရိုင်းတွေ မွေးမြူဖို့ နေရာ ဖြစ်လာလိမ့်မယ်။ မင်းတို့နှစ်ကောင်ကို သမပြီးရင် အနီးနားကျွန်းဆီ ပို့လိုက်ရမှာပဲ။"
ကြံ့သားရဲရိုင်းနှစ်ကောင်သည် စိတ်ဝိညာဉ်အသိဉာဏ် အနည်းငယ် ရှိကြောင်း ထင်ရှားသည်။ သူတို့သည် သူ၏စကားများကို လုံးစေ့ပတ်စေ့ နားမလည်နိုင်သော်လည်း ထန်ရှုထံမှ မကောင်းသော အရာတစ်ခုကို ခံစားနိုင်ပေသည်။ ထို့ကြောင့် ကြံ့နှင့်တူသော သားရဲရိုင်းတစ်ကောင်၏ကြီးမားကာ နီရဲနေသော မျက်လုံးများသည် အရောင်တောက်လာပြီး အမြင့်သို့ ခုန်တက်ကာ ထန်ရှု၏ဦးခေါင်းအား သူ၏ လက်သည်းများဖြင့် လွှဲခုတ်လိုက်သည်။
၎င်း၏အရှိန်သည် မယုံနိုင်လောက်အောင် မြန်လွန်းပေသည်။ ဤနေရာတွင် သာမန်လူများသာ ရှိပါက မျက်လုံးကျယ်ကျယ် ဖွင့်ထားပါလျှင်တောင်
လျှပ်စီးအလင်းကိုသာ မြင်လိုက်ရပေမည်။
ထန်ရှုက သူ၏ခြေချောင်းထိပ်ဖျားကို အသာတော့လိုက်ပြီး ချက်ချင်း နောက်ပြန်ဆုတ်သည်။ အကယ်၍ သူ၏ကျင့်ကြံမှု လျင်မြန်စွာ မတိုးတက်ဘဲ ခြင်ဆီပြောင်းလဲခြင်းအဆင့်သို့ မရောက်သေးပါက သူ့အနေဖြင့် ဤကဲ့သို့သော သားရဲရိုင်းကို အမှန်တကယ် ရင်ဆိုင်နိုင်လိမ့်မည် မဟုတ်ပေ။ သို့သော် ယခုတော့ အလွယ်တကူ သတ်ဖြတ်နိုင်မည်ဟု သူ ယုံကြည်ထားသည်။
"လက်နက်အစီအရင် … ဖိနှိပ်ခြင်းဓါးများ…"
ထန်ရှု၏လက်ဖဝါးအလယ်မှ ဓားမြှောင်တစ်လက် ချက်ချင်း ထွက်လာသည်။ သူသည် လက်ဟန်များ ပြုလုပ်လိုက်ရာ ဓားမြှောင်သည် တစ်လက်မှ နှစ်လက်၊ နှစ်လက်မှ လေးလက်…စသည်ဖြင့် နှစ်ဆ တိုးတိုးလာသောကြောင့် စက္ကန့်အနည်းငယ်အတွင်း ထောင်ပေါင်းများစွာသော ဓားမြှောင်များသည် သူ၏အရှေ့တွင် ပေါ်လာခဲ့ပြီ ဖြစ်သည်။
ခုတ်လိုက်စမ်း ... သူ့ဆီမှ အသံတိုးတိုး ထွက်လာသည်။
များပြားလှသော ဓားမြှောင်များသည် ခရုပတ်ကဲ့သို့ လှည့်ပတ်ကာ သားရဲရိုင်းဆီသို့ သွားပြီး ချက်ချင်း တင်းတင်းကြပ်ကြပ် ဝိုင်းထားလိုက်ကြသည်။
…ဝေါင်း…
ကြံ့သားရဲရိုင်းဆီက ဒေါသတကြီး အော်သံ ထွက်လာပြီး ၎င်း၏ချွန်ထက်သောသွားများ၊ ခြေသည်းများနှင့် ခန္ဓာကိုယ်ပေါ်ရှိ အကြေးခွံများအားလုံးသည် ချက်ချင်း ထောင်မတ်လာခဲ့သည်။ အပြာရောင်ဖျော့ဖျော့အဝိုင်းသည် ၎င်း၏ပါးစပ်မှ ထိုအော်သံနှင့်အတူ ထွက်လာကာ ချက်ချင်းပင် မြူခိုးငွေ့များ ပေါ်ထွက်လာလေသည်။
…ခရက်…ခရက်…ခရက်…
ကျပ်ပိတ်ထပ်နေသော ဓားမြှောင်အလွှာများပေါ်တွင် အက်ကြောင်းများ ပေါ်လာသည်။ အေးစိမ့်နေသော အပြာရောင်မြူခိုးများသည် ပတ်ဝန်းကျင်အပူချိန်အား ရေခဲမှတ်ထိ ချက်ချင်းလျှော့ချလိုက်ပြီး လေကြောင့် လှုပ်နေသော သစ်ရွက်များပင် ချက်ချင်း အေးခဲသွားဟန်ရသည်။
"သေးနုတ်တဲ့ အရည်အချင်းလေးပဲ…"
ထန်ရှု၏မျက်လုံးများထဲတွင် မထီတထီအကြည့်တစ်ခု ပေါ်လာသည်။ သူ၏လက်မောင်း ဝှေ့ယမ်းမှုတစ်ခုဖြင့် ဓါးတစ်လက် ရိပ်ကနဲလက်သွားပြီး သားရဲရိုင်း၏ ခြေသည်းအား ချက်ခြင်း ပိုင်းဖြတ်လိုက်သည်။ လက်သည်းဆယ်ချောင်း ချက်ချင်း ပြတ်ကျသွားပြီး ထန်ရှုသည် ခဏအကြာတွင် ပေါ်လာသည်။ သူ၏လက်ချောင်းက ကြည်လင်ကာ အဆုံးမရှိသော ကောင်းကင်ပြင်ဆီသို့ ရှေးရှူလိုက်ရာ ကောင်းကင်အထက်မှ မည်သည့် အရိပ်အယောင်မျှ မပြဘဲ လျှပ်တစ်ပြက်အတွင်း မိုးကြိုးတစ်ချက် ပစ်ခွင်းလာသည်။ မိုးကြိုးမန္တာန်။ မှော်ဆန်သည့် မန္တာန်တစ်ခုအား သူ အခု ထုတ်လွှတ်နိုင်ပြီဖြစ်သည်။
ကောင်းကင်ထက်မှ ကလေးတစ်ယောက်၏ လက်မောင်းအရွယ်အစား ရှိသော မိုးကြိုးများသည် မိုးကြိုးမုန်တိုင်းသဖွယ် ကြံ့နှင့်တူသော သားရဲ၏ ကျောပြင်ထက်ဆီသို့ အဆက်မပြတ် ကျဆင်းလာသည်။ မိုးကြိုးချက်သည် ထိုသတ္တဝါအား မသတ်သော်လည်း မြေပြင်ပေါ် လဲသွားသည်ထိ ပစ်နေဆဲဖြစ်ပြီး လေထုထဲတွင် ဖုန်မှုန့်အလွှာတစ်ခုကို ဖြစ်ပေါ်စေသည်။
သစ်ကိုင်းထက်မှ ဂူရှောင်ရွှဲ့သည် ထန်ရှု၏ စွမ်းအားကြီးမှုကို ကြက်သေသေကာ စိုက်ကြည့်နေသည်။ ထိုခမ်းနားသော ပြချက်သည် သူမ၏သူငယ်အိမ်များကို ကျုံ့သွားစေပြီး ဒူးထောက် ခစားလိုစေသော အော်ရာကို ဖြစ်ပေါ်စေသည်။
သူမ၏ဆရာအဘိုးနှင့် ကြံ့ကဲ့သို့ သားရဲရိုင်းကြားတွင် အပြင်းအထန် တိုက်ခိုက်သည့် မြင်ကွင်းများစွာကို သူမ စိတ်ကူးကြည့်မိသော်လည်း သူမ၏ဆရာဘိုးဘေးသည် ယခုအခါ မန္တာန်များကို လွှတ်နိုင်သည်ထိ သန်မာနေမည်ကို နည်းနည်းလေးမျှ မမျှော်လင့်ထားမိပါချေ။ တစ်ခု မှတ်သားထားရမည်မှာ လက်ရှိ သူမသည်ပင် ထိုသို့သော စွမ်းဆောင်မှုမျိုး မပြနိုင်သေးပါပေ။
…ဆရာဘိုးဘေးရဲ့ ခွန်အားက ငါ့ထက် သာလွန်နေတာလား။ ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ။ လွန်ခဲ့တဲ့လအနည်းငယ်ကဆို သူ့ရဲ့ ကျင့်ကြံမှုက...
ဂူရှောင်ရွှဲ့တစ်ယောက် ပင့်သက်ရှိုက်လိုက်ပြီး သူမ၏နှလုံးခုန်သံသည် ယခင်ကထက် အဆများစွာ ပိုမို ပြင်းထန်လာခဲ့သည်။
…ဝေါင်း…
ကြံ့နှင့်တူသော အခြားသားရဲရိုင်းတစ်ကောင်သည် ထိတ်လန့်နေဟန် ရှိသည်။ သို့သော် သူ့အဖော်၏ မမြင်နိုင်သော ကံကြမ္မာကို တွေ့လိုက်ရချိန်တွင် ရူးသွပ်စွာဖြင့် တစ်ဟုန်ထိုး ပြေးထွက်လာသည်။ ၎င်း၏ အသိဉာဏ်သည် နိမ့်သောကြောင့် ရှောင်ပြေးမည့်အစား ထန်ရှုဆီသို့ ဦးတည်လာခဲ့သည်။
ထန်ရှုက ခေါင်းညိတ်ပြီး ချီးကျူးလိုက်သည်။
"မင်းက ထွက်ပြေးပြီး မင်းရဲ့အဖော်ကို မစွန့်ပစ်ဘူးပေါ့။ ငါ့မျှော်လင့်ချက်နဲ့ ဆန့်ကျင်ဘက်ပဲ … မင်းက တော်တော်ကောင်းတဲ့ စိတ်ဝိညာဉ်သားရဲပဲ။ ဒီလိုဖြစ်လာတယ်ဆိုတော့ ငါ မင်းကို ကူညီပေးပါ့မယ်။"
ထန်ရှု၏ခန္ဓာကိုယ်သည် လေထဲ ပျံတက်သွားရင်း ချိပ်ပိတ်လက်ဟန်များ ပြုလုပ်လိုက်ရာ သူ၏ပတ်ဝန်းကျင်က သစ်ပင်ကြီးအချို့သည် ချက်ချင်း အမြစ်မှ ကျွတ်ထွက်လာပြီး အပေါ်သို့ ဆွဲတင်ခြင်း ခံလိုက်ရသည်။ ကစုန်ဆိုင်းလာနေသော ကြံ့နှင့်တူသော သားရဲရိုင်းသည် မြေကြီးတိုင်တစ်ခုကြောင့် အပေါ်သို့ မြှောက်တင်ထားခြင်း ခံရပြီး သစ်ပင်ကြီးများစွာသည် ၎င်း၏ ခန္ဓာကိုယ်ကို ပြင်းထန်စွာ ထုရိုက်ခဲ့သည်။
…ဘန်း…ဘန်း…ဘန်း…
သစ်ပင်ကြီးများစွာ၏ပင်စည်များ ကျိုးပဲ့သွားပြီး သားရဲရိုင်း၏ ဒွာရပေါက်များဆီမှ သွေးများ ယိုစီးကျနေလျက် အခြားသားရဲကောင်၏ဘေးတွင် ဗုန်းကနဲ လဲကျသွားတော့သည်။
ထိုအချိန်တွင် ထန်ရှု၏ ခန္ဓာကိုယ်သည် ပေါက်ကွဲအား ပြင်းထန်သော အမြောက်ဆံတစ်ခုလို ဖြစ်နေသည်။ သူသည် သွေးများထွက်နေသော ကြံ့နှင့်တူသည့် သားရဲရိုင်း၏နောက်ကျောထက်သို့ ဆင်းသက်ပြီးနောက် ၎င်းပေါ်သို့ လက်သီးအတွဲလိုက်တစ်ခု ထိုးခွင်းလိုက်သည်။ ထိုသားရဲသည် သနားစရာကောင်းလောက်အောင် ကျယ်လောင်စွာ အော်ဟစ်ပြီး ပြန်ထရန် ခက်ခက်ခဲခဲ ကြိုးစားနေခဲ့သည်။
…ဝေါင်း…
တခြားကြံ့သားရဲရိုင်းတစ်ကောင်က ထချင်သော်လည်း ထန်ရှုက ၎င်း၏ဝမ်းဗိုက်ကို ကန်ထုတ်လိုက်သဖြင့် မြေပြင်ထက်တွင် မီတာဆယ်ဂဏန်းအထိ လွင့်စင်သွားရသည်။ ထိုလွင့်စင်မှုသည် သစ်ပင်ကြီးခုနစ်ပင်ကို ဆက်တိုက် ကျိုးပဲ့သွားစေပြီးနောက် ထိုသားရဲသည် မြေပြင်ပေါ်သို့ လဲကျကာ မေ့မျောသွားတော့သည်။
မိနစ်ဝက်ခန့် ရက်စက်ပြီးမှ ထန်ရှုသည် နောက်ဆုံးတွင် ရပ်တန့်လိုက်သည်။ ထို့နောက် သူ ထိုးကြိတ်ထားသော သားရဲရိုင်းကို ဖမ်းဆုပ်ကာ ပြင်းထန်စွာ ထုထောင်းပြီးနောက် မေ့မျောသွားသော အခြားသားရဲဆီသို့ လွှင့်ပစ်လိုက်သည်။
ပြင်းထန်သော ဖိအားကြောင့် မေ့မျောနေသော သားရဲသည် ရုတ်တရက် သတိရလာသည်။
…ဝှစ်…
ထန်ရှု၏ဝိညာဉ်သဖွယ်ပုံရိပ်သည် ချက်ချင်း ရောက်လာပြီး ထိုသားရဲနှစ်ကောင်၏အရှေ့သို့ ဆင်းသက်လာကာ အပြုံးသဲ့သဲ့ဖြင့်
“မင်းတို့ကောင်တွေ တိုက်ခိုက်ချင်သေးလား။”
ကြံ့နှင့်တူသော သားရဲရိုင်းနှစ်ကောင်သည် သည်တစ်ကြိမ်တွင် ထန်ရှုကြောင့် အမှန်တကယ် ကြောက်လန့်နေပြီဖြစ်သောကြောင့် ခက်ခက်ခဲခဲပင် မတ်တတ်ရပ်နေရသည်။ သို့တိုင် သူတို့၏ဆိုးဆိုးရွားရွား အရိုက်ခံရသော ခန္ဓာကိုယ်များသည် သူတို့ကို မတ်မတ်ရပ်နိုင်အောင် မထောက်ပံ့နိုင်တော့ပေ။
ထို့နောက် ထန်ရှုသည် သစ်ပင်ထက်တွင် ကြက်သေ သေနေသော ဂူရှောင်ရွှဲ့ဘက်သို့ လှည့်ကာ အပြုံးဖြင့် "ဆိုတော့ မင်း ဘယ်လိုထင်လဲ။ ဒီသားရဲနှစ်ကောင်ကို ဦးကျိုးသွားအောင် လုပ်ရတာ လွယ်တယ် မထင်ဘူးလား။ အမှန်တော့ ဒီသားရဲနှစ်ကောင်ကို သတ်လိုက်တာက ပိုလွယ်တယ် … စက္ကန့်ပိုင်းအတွင်း သူတို့ကို ငါ သတ်နိုင်တယ်။”
ဂူရှောင်ရွှဲ့သည် သူမ၏ထိတ်လန့်မှုကို မျိုသိပ်ရင်း အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်သည်။ တဖျတ်ဖျတ် လွင့်နေသော ဝတ်ရုံအဖြူရောင်လေးဖြင့် သူမသည် ထန်ရှု၏အနားသို့ ဆင်းသက်လာသည်မှာ နတ်သမီးတစ်ပါးအလား ဖြစ်စေပြီး ထို့နောက်တွင် သူမက လေးလေးစားစားအမူအရာဖြင့်
"ဆရာအဘိုးရဲ့ ကျင့်ကြံမှုက တကယ်ကို ကြောက်စရာ ကောင်းတာပဲ။ ဒီသားရဲနှစ်ကောင်ကို ရှင်းလင်းလိုက်တဲ့ နည်းလမ်းက အတော်လေးကို သက်တောင့်သက်သာ ရှိတယ်။ ဆရာအဘိုးရဲ့ ကျင့်ကြံမှုက ဒီလောက်အထိ အများကြီး တိုးတက်သွားလိမ့်မယ်လို့ တကယ် မမျှော်လင့်ထားမိဘူး။ ငါ့မှာ ရှိသမျှအကုန်ပုံရင်တောင် ဆရာအဘိုးနဲ့ မပြိုင်နိုင်ဘူး။"
"ကံကောင်းမှုကြီးတစ်ခုနဲ့ ကြုံခဲ့ရပေမယ့် အတွေ့အကြုံက ကံကောင်းခြင်းထက် ပိုပြီး အရေးကြီးပါတယ်။" ထန်ရှုက အသံများထွက်အောင် ရယ်လိုက်သည်။
“ဘာပဲဖြစ်ဖြစ် ဒီယောက်သွားကျွန်းက ဆေးဖက်ဝင်အပင်တွေ စိုက်ပျိုးဖို့အတွက် အတော် သင့်တော်တယ် ရှောင်ရွှဲ့။ ဒါပေမယ့် ငါတို့ သစ်တောတွေ အများကြီးခုတ်ရမယ်။ ပတ်ပတ်လည်က သစ်ပင်တချို့ကို ချန်ထားလို့ရတယ်။ အနီးတဝိုက်တွင် သစ်ပင်တွေ ရှိပေမယ့် အတွင်းပိုင်းတွေထဲ ဆေးပင်ဥယျာဉ်ကို တည်ဆောက်ဖို့ အစီအစဉ်ရှိတဲ့အတွက် ဆေးပင်များစွာ စိုက်ပျိုးဖို့ လိုအပ်တယ်။ ဒီကျွန်းက အရွယ်အစား ကြီးတော့ ဆေးပင်တွေကို ကြီးမားတဲ့ပမာဏနဲ့ စိုက်ပျိုးချင်တယ်ဆိုရင် တတ်နိုင်သမျှ မြေကို သုံးရတော့မှာပဲ။”
ဂူရှောင်ရွှဲ့က တလေးတစား ပြောလိုက်သည်။
“နားလည်ပါတယ် ဆရာဘိုးဘေး။ ငါ နိုင်ငံတွင်း အကောင်းဆုံး စီစဉ်သူတွေကို ရှာဖွေပြီး ဒီနေရာကို စစ်ဆေးဖို့ ကိုယ်တိုင် သူတို့ကို ခေါ်လာခဲ့မယ်။ သူတို့ကို ပုံစံတစ်ခု ရေးဆွဲခိုင်းလိုက်မယ်။"
"ငါတို့တွေ ဒီလိုအခက်အခဲတွေ မလိုပါဘူး။" ထန်ရှုက သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။
"အသေးစိတ်ပုံစံကို ငါ ဆွဲမယ်။ ဥယျာဉ်အတွက် စုစုပေါင်းဧရိယာကို ငါ့ကို ကူညီတိုင်းတာပေးဖို့ ဒီကို လူတွေကို ခေါ်လာဖို့ပဲ လိုတယ်။ ကောင်းပြီ၊ အပေါ်ကနေ တစ်ချက်ကြည့်ရအောင်။ တခြားပြဿနာမရှိရင် အနီးနားကျွန်းကို ငါတို့ သွားကြည့်ကြမယ်။”
"ကောင်းပါပြီ။" ဂူရှောင်ရွှဲ့က ပြန်ပြောပြီး သားရဲကြီးနှစ်ကောင်၏ခြေထောက်များကို ဆုပ်ကိုင်လိုက်သည်။ ထို့နောက် သူတို့သည် ကောင်းကင်ထက်သို့ ပျံတက်သွားကြသည်။ ၁၀မိနစ်ကြာ ပျံသန်းကာ ထန်ရှု ကျေနပ်သည်အထိ ယောက်သွားကျွန်းတစ်ခုလုံးကို လေ့လာကြည့်ရှုပြီး သင်္ဘောကျောက်ချရပ်နားထားသည့် တောင်ဘက်ကမ်းရိုးတန်းဆီသို့ နှစ်ယောက်သား ပြန်လည်ပျံသန်းခဲ့ကြသည်။
သင်္ဘော၏ကုန်းပတ်ပေါ်တွင် ချန်းယန်နန်သည် နောက်မှီကုလားထိုင်ပေါ်တွင် ထိုင်ကာ နေပူစာလှုံရင်း စာအုပ်တစ်အုပ်ကို ဖတ်နေသည်။ ကောင်းကင်မှ အရိပ်နှစ်ခု ကျလာပြီး သူမ၏အရှေ့သို့ ဆင်းသက်လာသည်ကို သူမ သတိပြုမိသောအခါ ရုတ်တရက် မော့ကြည့်လိုက်သည်။
"ရှင်တို့တွေ…"
သူမ၏မျက်လုံးများသည် ပြူးကျယ်သွားကာ လဲလျောင်းနေရာမှ အထိတ်တလန့် ခုန်ထလာသည်။ ထန်ရှုနှင့် ဂူရှောင်ရွှဲ့တို့ ကောင်းကင်ကနေ ကျလာတာ ၁၀၀% အသေအချာပင်။ သည်အရာက မည်သည်ကို ဆိုလိုပါသနည်း။ နှစ်ယောက်စလုံး ပျံသန်းနေသည်ကို ရှင်းပြနေခြင်းပင်မဟုတ်တုံလော။ ထို့အပြင် စိတ်ကူးနှင့်ပင် မတွေးကြည့်နိုင်ဆုံးအရာမှာ နုနယ်သေးသွယ်သော ဂူရှောင်ရွှဲ့သည် သူမထက် နှစ်ဆပိုကြီးသော သားရဲနှစ်ကောင်အား သယ်ဆောင်လာခြင်းဖြစ်တော့သည်။
ဂူရှောင်ရွှဲ့က မေ့မျောနေသော သားရဲကြီးနှစ်ကောင်အား ကုန်းပတ်ပေါ် ပစ်ချလိုက်ပြီး ဘေးပတ်ဝန်းကျင်က ထာဝရခန်းမလူတွေကို ကြည့်ပြီး ပြောလိုက်သည်။ “သူတို့ကို စောင့်ကြည့်နေပါ။ သူတို့ ရက်စက်ပြီး ဒုက္ခပေးရဲရင် နင်တို့ အဲ့ဒီကောင်တွေကို တန်းသတ်လို့ရတယ်။”
"နားလည်ပါတယ်။" ထာဝရခန်းမလူများက တလေးတစား ပြန်ပြောသည်။
ဂူရှောင်ရွှဲ့က ချန်းယန်နန်အား လှည့်ကြည့်ကာ ခပ်ဖွဖွ ပြုံးလိုက်ပြီး
“မစ္စချန်း … ဆရာအဘိုးက နင့်ကို ကယ်တင်ခဲ့သလို အတန်းဖော်တစ်ယောက်လည်း ဖြစ်ခဲ့ဖူးတာကြောင့် ငါတို့က အပြင်လူတွေမဟုတ်တော့ဘူး။ ငါက ဂူရှောင်ရွှဲ့ပါ။ နင် ငါ့ကို အစ်မကြီးရှောင်ရွှဲ့လို့ ခေါ်နိုင်တယ်။ ငါတို့တွေ မကြာခင် အနီးနားက ကျွန်းကို သွားတော့မယ်။ နင် သင်္ဘောပေါ်မှာပဲ နေပြီး ငါတို့နဲ့လိုက်ချင်လား ဒါမှမဟုတ် ဒီကျွန်းမှာပဲ နေခဲ့ချင်လား။ နင် စိတ်ချပါ … နင် ဒီမှာ နေခဲ့ချင်တယ်ဆိုရင် နင့်ကို ကာကွယ်ဖို့ လူတချို့ကို ငါ တာဝန်ပေးလိုက်မယ်။"
"ငါ နင်တို့နဲ့လိုက်ခဲ့မယ်။" ချန်းယန်နန်က မဆိုင်းမတွ အဖြေပေးသည်။
ဂူရှောင်ရွှဲ့က သူမကို ခေါင်းညိတ်ပြကာ အပြုံးဖြင့် တုံ့ပြန်လိုက်ပြီး လူလေးယောက်ကို ပြောလိုက်သည်။ “ကျန်တဲ့သူတွေကို အနီးနားကျွန်းဆီ မောင်းဖို့ ပြောလိုက်ပါ။ နောက်ပြီး ဒီယောက်သွားကျွန်းကို ကာကွယ်ဖို့ လူလေးဦးကို တာဝန်ပေးပါ။ ဒီကျွန်းပေါ်ကို ပြင်ပလူတွေ အတင်းဝင်လာရဲရင် သူတို့ကို တစ်ခါတည်း သတ်လိုက်။ ဒါပေမယ့် တစ်ဖက်လူ အင်အားကြီးပြီး အရေအတွက်များလို့ သူတို့ကို ရင်ဆိုင်လို့မရဘူးလို့ ခံစားရရင် ချက်ချင်း ကိုယ်ယောင်ဖျောက်ပြီး မတိုက်ပါနဲ့။”
"နားလည်ပါပြီ။" လူလေးယောက်က ပြန်ပြောပြီး လက်သီးစုကာ အရိုအသေပေးလိုက်ကြသည်။
ထန်ရှုတို့၏သင်္ဘောသည် အချိန်အများကြီး မသုံးလိုက်ရဘဲ အနီးနားကျွန်းဆီသို့ မောင်းသွားခဲ့သည်။ ထန်ရှုနှင့် ဂူရှောင်ရွှဲ့တို့သည် မည်သူ့ကိုမျှ မခေါ်သွားဘဲ ကျွန်းဆီသို့ ပျံသန်းလာကာ တောများထူထပ်သော တောင်ဆီသို့ ဝင်လာခဲ့သည်။ သူတို့အတွက် အတန်ငယ် မထင်မှတ်ထားသောအရာကတော့ သည်ကျွန်းတွင် သားရဲတွေအများကြီးကို တွေ့လိုက်ရခြင်းဖြစ်ပေသည်။ သေချာရေတွက်ထားသဖြင့် စုစုပေါင်း၇၀အထက် ရှိသည်။
"ဆရာအဘိုး … ဒီကျွန်းက တစ်ခုခု လွဲနေသလားလို့။" ဂူရှောင်ရွှဲ့က မျက်ခုံးအနည်းငယ်တွန့်ကာ ထန်ရှုအား ပြောလိုက်သည်။
“ငါလည်း သတိထားမိတယ်။” ထန်ရှု ခေါင်းညိတ်သည်။
“ယောက်သွားကျွန်းပေါ် မှာ သားရဲကြီးနှစ်ကောင်ကိုလည်း ငါတို့ ကြုံတွေ့ခဲ့တယ်။ ယောက်သွားကျွန်းနဲ့ ဒီကျွန်းကြားက အရမ်းနီးတဲ့အကွာအဝေးရယ်၊ ဒီမှာ သားရဲတွေ အများကြီးရှိတာရယ်ကို ထောက်ဆရင် အရမ်းထူးခြားတဲ့ အကြောင်းပြချက်တစ်ခုရှိမှာစိုးရ…”
ကျွန်း၏အစွန်းသို့ ရောက်သောအခါ သူ၏စကားများ ရုတ်ခြည်း ရပ်တန့်သွားသည်။ ပင်လယ်ရေမျက်နှာပြင်အောက်က မြင်ကွင်းသည် သူ့အား မယုံနိုင်လောက်အောင် ဖြစ်စေသည်။
***