← Chapters

သားရဲရိုင်းတို့ ခိုလှုံရာအရပ်

Vol. 40 Ch. 549

သားရဲရိုင်းတို့ ခိုလှုံရာအရပ်

Vol. 40 Ch. 549

ကျွန်း၏တောင်ဘက်ခြမ်းရှိ ပင်လယ်ရေ မျက်နှာပြင်ထက်တွင် ရာနှင့်ချီသော သားရဲရိုင်းများကို တွေ့ရသည်။

အဆိုပါ သားရဲရိုင်းအချို့သည် ပင်လယ်ရေမျက်နှာပြင်ပေါ်တွင် ကူးခတ်နေပြီး အချို့မှာ ပင်လယ်ရေမျက်နှာပြင်ပေါ်တွင် ငြိမ်သက်စွာ လှုပ်ရှားသွားလာနေကြသည်။ အခြား ထောင်ပေါင်းများစွာသော သားရဲအစုအဝေးကိုလည်း ကမ်းစပ်တွင် မြင်တွေ့ခဲ့ရသည်။ တချို့က တရေးတမော အိပ်နေလျက်၊ တချို့က ခုန်ပေါက်လျက်၊ တချို့က လှည့်ပတ်ပြေးနေကြသည်။

"ဘုရားသခင် … ဒီနေရာ … ဒီမှာ များပြားလှတဲ့ သားရဲတွေ ဘယ်လိုရှိနေနိုင်တာလဲ။”

ဂူရှောင်ရွှဲ့ စိတ်ကို  ချုပ်တည်းထားသော်လည်း သည်တစ်ကြိမ်တော့ မရေရွတ်ပဲ မနေနိုင်တော့ပါပေ။

ထန်ရှု၏မျက်လုံးများအတွင်းတွင် အလင်းတန်းတစ်ခု လက်သွားသည်။ ဤနေရာ၌ သားရဲတိရစ္ဆာန်များ အဘယ်ကြောင့် ဤမျှလောက် များပြားစွာ ရှိနေသည်ကို သူ မသိသော်လည်း သူ့စိတ်ထဲတွင် မရေမတွက်နိုင်သော သားရဲများကို မြင်တွေ့လိုက်ရခြင်းသည် တောင်များကဲ့သို့ စုပုံနေသော မရေမတွက်နိုင်သည့် ကျင့်ကြံမှု အရင်းအမြစ်များကို အမှန်တကယ် မြင်လိုက်ရသလိုပင်။

" ရှောင်ရွှဲ့ … ကောင်းကင်ဘုံကို ငါ မယုံပေမယ့် ဒီတစ်ခေါက်တော့ ကျေးဇူးတင်မိချင်သေးတယ်။ ဒီနေရာမှာ များပြားလှတဲ့ သားရဲတွေ ရှိတာက ငါတို့ကို လက်တွေ့ကျကျ အချိန်နှင့်တစ်ပြေးညီ အကူအညီ ပေးလိုက်တာပဲ။ ငါတို့က ဒီနေရာကို စောင့်ရှောက်ပြီး သားရဲတွေအားလုံးကို ငါတို့ရဲ့ ထိန်းချုပ်မှုအောက်မှာ ထားနိုင်ရင် သာမန်သားရဲတွေကို ဖမ်းပြီး မွေးမြူဖို့ မလိုတော့ဘူး။”

ဂူရှောင်ရွှဲ့၏မျက်လုံးများ အရောင်လက်လာသော်လည်း တစ်စက္ကန့်အကြာတွင် မှေးမှိန်သွားကာ အားတင်းထားရသော အပြုံးဖြင့်

“ဒါပေမယ့် ဆရာဘိုးဘေး … ဒီနေရာက ကြောက်စရာ ကောင်းလွန်းတယ်။ ငါတို့မှာ မြင့်မားတဲ့ ကျင့်ကြံမှုအဆင့်တွေ ရှိရင်တောင် အဲ့ဒီသားရဲတွေ အားလုံးကို ငါတို့ မထိန်းချုပ်နိုင်မှာကို ငါ ကြောက်တယ်။”

“သူတို့အားလုံးကို ငါတို့ အမှန်တကယ် မထိန်းချုပ်နိုင်ရင်တောင် ကျွမ်းကျင်သူတွေကို ပိုမိုခေါ်လာပြီး ကိစ္စတွေပြီးမြောက်အောင်လုပ်ရမယ်။ အဲ့ဒီသားရဲတွေ ငါတို့ရဲ့ထိန်းချုပ်မှုအောက်ကို အနှေးနဲ့အမြန်ဆိုသလို နောက်ပိုင်း ရောက်လာလိမ့်မယ်လို့ ငါ ယုံကြည်တယ်။ ဟင် … တစ်ခုခုတော့ မှားနေပြီ…”

ထန်ရှုက အပြုံးဖြင့် ပြောနေရင်း သူ၏မျက်နှာသည် ရုတ်ခြည်းပင် သိသိသာသာ ပြောင်းလဲသွားကာ ဂူရှောင်ရွှဲ့၏ခါးကို လျင်မြန်စွာ ဆွဲကိုင်လိုက်ပြီး အလင်းတန်းအလား တောအုပ်ဆီ ဦးတည်သွားလိုက်သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သစ်တောထူထပ်သော တောတောင်အုပ်အတွင်းတွင် ပေါ်လာသည်။

"ဘာတွေမှားနေလို့လဲ ဆရာအဘိုး။"

ယောက်ျားတစ်ယောက်နှင့်မှ မထိတွေ့ဖူးသော ဂူရှောင်ရွှဲ့၏သွယ်လျသောခါးလေးသည် ထန်ရှု၏ ပွေ့ဖက်ခြင်းခံနေရသည်။ ထန်ရှု၏လက်ဖဝါးမှ နွေးထွေးသော အပူချိန်နှင့် ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော ယောကျာ်းပီသသည့်ရနံ့သည် သူမ၏ခန္ဓာကိုယ်ကို အတန်ငယ် အားနည်းသွားစေသည်။ သည်အခိုက်အတန့်တွင် သူမ၏နားရွက်လေးများသည်ပင် နီရဲလာခဲ့သည်။

သို့သော် ထန်ရှုသည် ဂူရှောင်ရွှဲ့၏ထူးခြားနေမှုကို သတိမထားမိပေ။ ယခုအချိန်တွင် သူသည် ရှောင်ရွှဲ့အား မလွှတ်ပေးသေးဘဲ မြောက်ဘက်ကမ်းခြေဆီသို့ အမြန်ခေါ်ဆောင်သွားခဲ့သည်။ နှစ်မိနစ်အကြာတွင် သူသည် ဂူရှောင်ရွှဲ့နှင့်အတူ သင်္ဘောပေါ်သို့ ပြန်ရောက်လာခဲ့ပြီး မောင်းနှင်ရန် အမိန့်ပေးခဲ့သည်။

သင်္ဘော ထွက်ခွာလာခဲ့ပြီး ယောက်သွားကျွန်း၏ မြောက်ဘက်ကမ်းခြေတွင် ကျောက်ချထားသည်။

"အခြေအနေက ဘယ်လိုလဲ ဆရာဘိုးဘေး။" ထန်ရှုက သူမကို လွှတ်ပေးလိုက်ပြီဖြစ်သောကြောင့် ဂူရှောင်ရွှဲ့ခမျာ တိတ်တဆိတ် ဟင်းချသွားနိုင်ရသည် ။

ထန်ရှုက မျက်မှောင်ကြုပ်ကာ မချိပြုံး ပြုံးလိုက်ပြီး "ကြည့်ရတာ ငါ့ကိုယ်ငါ လှည့်စားမိနေသလိုပဲ။ ကြီးကျယ်ကောင်းမွန်တဲ့ ကြုံတွေ့မှုတစ်ခုကို ကြုံခဲ့ရတယ်လို့ တွေးခဲ့ပေမယ့် ကောင်းကင်ဘုံက ငါတို့အပေါ် သက်ရောက်နိုင်တဲ့ ဘေးဒုက္ခတွေကို မေ့သွားခဲ့မိတာပဲ။ ဒီလိုမျိုး သားရဲအစုအဝေးကို အကြိမ်ကြိမ် ကြုံခဲ့ရပြီး အင်မော်တယ် သားရဲများစွာနဲ့တောင် ဆုံတွေ့ခဲ့ဖူးတာကို။ ငါ့ ခန့်မှန်းချက်မှန်ရင် ဒီအနီးအနားကျွန်းကို သားရဲတွေ သိမ်းပိုက်လိုက်ပြီလေ။ သားရဲရိုင်းသုခဘုံအဖြစ်တောင် ပြောင်းလဲနေခဲ့ပြီ။ နောက်ပြီး ဒီလိုသားရဲရိုင်းတို့ရဲ့ခိုလှုံရာ အရပ်အဖြစ် အသွင်ပြောင်းရင် မရှိမဖြစ် လိုအပ်တဲ့ အခြေအနေ နှစ်ခုရှိတယ်။”

“အဲ့ဒီအခြေအနေ နှစ်ခုက ဘာများလဲ။” ဂူရှောင်ရွှဲ့ အံ့သြတကြီး မေးလိုက်သည်။

"ပထမအချက် ကျွန်းရဲ့အောက်မှာ ကြီးမားတဲ့ စိတ်ဝိညာဉ်သွေးကြောတစ်ခု ရှိရမယ်။ ပြီးတော့ အဲ့ဒါက အတော်ကို သက်ဝင်လှုပ်ရှားနေရမယ်။" ထန်ရှုက အလေးအနက်ထားဟန်ဖြင့် ပြောပြသည်။

"အမှန်ပဲ။ အဲ့ဒီကျွန်းကို ရောက်တုန်းက ကောင်းကင်နဲ့ မြေကြီးရဲ့ စိတ်ဝိညာဉ်ချီကြွယ်ဝမှုကို ခံစားရတယ်။ ယောက်သွားကျွန်းထက် အဆများစွာ သာတယ်။"

ဂူရှောင်ရွှဲ့ ထောက်ခံသည်။

"ဒါက ပထမအချက်ပဲ ရှိသေးတယ်။" ထန်ရှုက ဆက်ပြောလိုက်သည်။

"ဒုတိယအချက်အနေနဲ့ အဲ့ဒီကျွန်းမှာ အလွန် ကြောက်စရာကောင်းတဲ့ သားရဲရိုင်းတစ်ကောင် ရှိရမယ်။အဲ့ဒီသားရဲက အနည်းဆုံး အမြင့်ဆုံးအမိန့်ပေးနိုင်တဲ့အဆင့်မှာ ရှိရမယ်။ ငါ့ရဲ့ လက်ရှိကျင့်ကြံမှုအဆင့်လေးနဲ့တော့ အဲ့ဒီကောင်ကြီးကို ကိုင်တွယ်နိုင်မှာ မဟုတ်ဘူး။ အဲ့ဒီသားရဲရဲ့ ခွန်အားက ငါ့ထက်တောင် သာလိမ့်မယ်လို့ သံသယ ရှိနေမိတယ်။ ငါတို့ အဲ့ဒီမှာ တွေ့ခဲ့ရတဲ့ သားရဲအရေအတွက်က နှစ်ထောင်ကျော်တယ်။ ဒါက ပင်လယ်ရေ မျက်နှာပြင်ပေါ်မှာ မြင်နိုင်တဲ့ အရေအတွက်ပဲ ရှိသေးတာ။ ပင်လယ်ကြမ်းပြင်မှာ သားရဲ ဘယ်နှစ်ကောင် ရှိဦးမလဲဆိုတာ ဘယ်သူသိပါ့မလဲ။”

ဂူရှောင်ရွှဲ့၏မျက်နှာ သိသိသာသာ ပျက်သွားပြီး

“ဒါဆို ငါတို့ ဘာလုပ်သင့်လဲ ဆရာအဘိုး။ အဲ့ဒီကျွန်းက သားရဲတွေကို မွေးမြူထိန်းကျောင်းဖို့  အကောင်းဆုံး နေရာ ဖြစ်နေတယ်။ ငါတို့ စွန့်လွှတ်လိုက်ရင် တကယ်ကို နှမြောစရာ ကောင်းတယ်။ ဒီပြဿနာကို မဖြေရှင်းနိုင်ရင် ယောက်သွားကျွန်းကို ရခဲ့ရင်တောင် အဲ့ဒီမှာ ဆေးဖက်ဝင်အပင်တွေ စိုက်တဲ့အချိန်ကျ အန္တရာယ်တွေ ဖြစ်လာမှာစိုးရတယ်။”

ထန်ရှု၏နှုတ်ခမ်းထောင့်တွင် အပြုံးရေးရေးတစ်ခု ထင်ဟပ်လာပြီး

"ငါတို့တွေ အဲ့ဒီက အသန်မာဆုံးသားရဲတိရစ္ဆာန်တွေကို မရင်ဆိုင်နိုင်ဘူးဆိုပေမယ့်လည်း တစ်စုံတစ်ခုကိုတော့ မမေ့နဲ့ဦး။ ငါတို့ထာဝရခန်းမမှာ အလွန်အစွမ်းထက်တဲ့ ကျွမ်းကျင်သူကြီးတစ်ဦး ရှိပါသေးတယ်ဟ။”

ဂူရှောင်ရွှဲ့က တွေတွေကြီး စိုက်ကြည့်နေရာမှ သူမ၏မျက်နှာလေး ချက်ချင်း ဝင်းလက်သွားရသည်။ သူမက စိတ်လှုပ်ရှားစွာဖြင့်

"အဲ့ဒါ အကြီးအကဲကျိ မဟုတ်လား … ဆရာအဘိုး။"

"ဟုတ်ပ … အဲ့ဒါ ကျိချွိမိန်ပဲ။" ထန်ရှု ခေါင်းညိတ်ရင်း “လောလောဆယ်မှာ အကြီးအကဲကျိက ဒဏ်ရာတွေရနေပေမယ့် သူမက သရဖူဆောင်းထားတဲ့ အင်မော်တယ်တစ်ယောက် ဖြစ်နေတုန်းပါပဲ။ ကျိချွိမိန်ရဲ့ ခွန်အားက အခုအချိန်မှာ သာမန်အင်မော်တယ်အဆင့်ကို လျော့ကျသွားတယ်ဆိုပေမယ့်လည်း ကမ္ဘာမြေတစ်ခုလုံးကို တစ်ချက်တည်းနဲ့ ဖျက်ဆီးပစ်ဖို့ဆိုတာ သူမအတွက် ပြဿနာမဟုတ်ဘူး။ ဒီသားရဲတွေကို ကိုင်တွယ်ဖြေရှင်းက အဲ့ဒီလောက် မများဘူး။"

"ဆရာအဘိုး ပြောတာ မှန်တယ်။ အကြီးအကဲကျိက အသန်မာဆုံး သားရဲကောင်ကြီးကို တစ်ခါတည်း ကိုင်တွယ်နိုင်မှာ သေချာတယ်။ အကြီးအကဲကျိကို ခေါ်ဖို့ တစ်ယောက်ယောက်ကို လွှတ်စေချင်သလား။"

"အလျင်မလိုဘူး။ ဒီတစ်ခေါက် လည်ပတ်ရတဲ့ ရည်ရွယ်ချက်က နေရာကို စစ်တမ်းကောက်ပြီး စူးစမ်းလေ့လာဖို့ပဲ။ ဒီစစ်တမ်းရလဒ်အတွက် ငါ အတော် ကျေနပ်ရတယ်။ ကျင်းမန်ကျွန်းကို အရင်ပြန်ရအောင်။ ယောက်သွားကျွန်းနဲ့ အနီးနားကျွန်းကို ငါ့အဆက်အသွယ်တွေကနေ ရယူပြီးသွားမှ ဒီကို ထပ်လာကြမယ်။ နောက်ပြီး အစက လူတချို့ကို ဒီနေရာမှာ ထားခဲ့ဖို့ အစီအစဉ် ရှိပေမယ့် ကြည့်ရတာ အခု ဒီနေရာရဲ့လုံခြုံရေးပြဿနာက နည်းနည်း အန္တရာယ်များနေပုံရတယ်။ ငါတို့အားလုံး ပြန်ကြတာပေါ့။"

"ဆရာအဘိုးရဲ့ အတန်းဖော်ကိုပါ ပြန်ခေါ်ခဲ့မှာလား။" ဂူရှောင်ရွှဲ့က စိတ်ဝင်တစား မေးသည်။

"အင်း … ငါ သူ့ကို ယုံတယ်။ ငါ သူ့ကို ပြောခဲ့တဲ့ စကားတွေကို လူသိအောင် လုပ်မှာ မဟုတ်ဘူးလို့ ယုံထားတယ်။ ဒါပေမယ့် ဖြစ်နိုင်တဲ့ အကြောင်းအရာတွေကနေ ကာကွယ်နိုင်အောင် သူ့ကို စောင့်ကြည့်ဖို့ တစ်ယောက်ယောက်ကို တာဝန်ပေးထားလိုက်ပါ။”

"နားလည်ပြီ။" ဂူရှောင်ရွှဲ့ ခေါင်းညိတ်သည်။

ထို့နောက် ထန်ရှုတို့၏သင်္ဘောသည် ညဉ့်နက်မှ ကျင်းမန်ကျွန်းသို့ ပြန်လည်ရောက်ရှိခဲ့ပြီး အဖွဲ့သည် မရပ်နားဘဲ ထာဝရခန်းမ၏ဌာနချုပ်ဆီသို့ ဦးတည်သွားခဲ့သည်။

"ဒီနေရာက ဘာလဲ ထန်ရှု။" ချန်းယန်နန်၏ မျက်နှာထက်တွင် စူးစမ်းလိုသောအကြည့်တစ်ခု ရှိနေပြီး ထာဝရခန်းမ၏အဆောက်အဦးကြီးအား အံ့အားသင့်စွာ အကဲခတ်ရင်း မေးလိုက်သည်။

"ကျင်းမန်ကျွန်းရဲ့ထာဝရခန်းမ…" ထန်ရှုက ပြုံးပြီးပြောသည်။

"ငါတို့ ဘယ်လောက်ကြာကြာ နေမှာလဲ။ နင်က ငါ့ကို ယောက်သွားကျွန်းမှာ နေခွင့်ပေးမယ်လို့ စောစောက ပြောခဲ့ပြီး အခုကျတော့ ဒီကို ခေါ်လာတယ်။ နင့်စိတ်ထဲမှာ အတိအကျ ဘာတွေ ရှိနေတာလဲ။"

“ငါ ယောက်သွားကျွန်းကို စစ်ဆေးပြီးချိန်မှာ ဖြစ်လာနိုင်တဲ့ အန္တရာယ်အချို့ကို တွေ့ခဲ့တယ်။ ဒါကြောင့် မင်း ဘေးကင်းဖို့အတွက် ပြန်ခေါ်လာရတာ။ ဒါပေမယ့် စိတ်မပူပါနဲ့။ လိုအပ်တာတွေ လုပ်ပြီးသွားရင် ငါတို့ အဲဒီကို ပြန်သွားမှာပါ။"

"ကောင်းပါပြီ။" ချန်းယန်နန် ခေါင်းညိတ်သည်။

မကြာခင်မှာပင် ချန်းယန်နန်အား ယန်လီ၏အခန်းဘေးရှိ ဧည့်သည်အခန်းထဲသို့ ထာဝရခန်းမအဖွဲ့ဝင်တစ်ဦးမှ သင့်တော်စွာ နေရာချပေးလိုက်သည်။ ညသန်းခေါင်တွင် ချန်းယန်နန်သည် သူမ၏အခန်းထဲသို့ အနားယူဖို့ ဝင်သွားသည်ကို ထန်ရှုနှင့်ဂူရှောင်ရွှဲ့တို့ မြင်လိုက်ရသကဲ့သို့ ဘေးအခန်းတံခါး ပွင့်သွားကာ  ခေါင်းထုတ်ချောင်းကြည့်ပြီး သူခိုးတစ်ယောက်လို တိတ်ဆိတ်စွာ ပြုမူနေသည့် ယန်လီကိုလည်း သူတို့ တွေ့လိုက်ရသည်။ ထန်ရှုနှင့် ဂူရှောင်ရွှဲ့ကို တွေ့သော် ချက်ချင်း ပြုံးပြပြီး သူ၏ကျောကို မတ်မတ်ထားလျက် "ညီအစ်ကိုထန် … မင်း ပြန်လာပြီလား။ မင်း ပြန်မလာရင် ဒီဧည့်သည်အခန်းမှာ ငါ မွန်းကြပ်ပြီး သေသွားမှာတောင် ကြောက်မိတယ်။ အဲ့ဒီအိုးရန်က မနေ့မနက်ကတည်းက အောက်က ခန်းမထဲမှာ ရှိနေခဲ့တာ။”

…အိုးရန်လဲ့လား…

ထန်ရှုက ပြုံးပြီး မေးလိုက်သည်။

"ငါတို့ရောက်တုန်းက သူ့ကို ဘာလို့ မတွေ့တာလဲ။"

ယန်လီက မျက်လုံးလှည့်လိုက်ရင်း

“ထာဝရခန်းမမှာ လုပ်ထားတဲ့ ဓလေ့ထုံးစံအများကြီးကို မင်း မသိသလိုပဲလား။ ဒီမှာ ဘယ်သူမှ ဧည့်သည်အခန်းထဲက ထွက်ခွင့်မရှိဘူး။ အဲ့ဒီကောင်စုတ်လေးကရော ထွက်သွားချင်တယ်လို့ မင်း ထင်လား။ ဘာပဲဖြစ်ဖြစ် မနေ့က အိုးရန်မိသားစုတွေ အလွန် ကြီးကြီးမားမား လှုပ်ရှားလိုက်တယ်လို့ ငါ ကြားလိုက်တယ်။ ကြည့်ရတာ သူတို့ရဲ့ လုပ်ငန်းတော်တော်များများကို ပိတ်ထားလိုက်သလိုပဲ။ ဟားဟားဟား…”

"မင်း ဘာလုပ်လိုက်တာလဲ။" ထန်ရှုက မေးလိုက်သည်။ "အိုးရန်မိသားစုက ဘယ်လိုကြောင့် ဒီလို ရုတ်ရုတ်သဲသဲ လုပ်ရတဲ့အထိ ဖြစ်သွားရတာလဲ။"

ယန်လီသည် ရှေ့သို့တက်ကာ ထန်ရှု၏လက်မောင်းကို ဆုပ်ကိုင်ပြီး သူ၏အခန်းထဲသို့ ဆွဲခေါ်သွားသဖြင့် ဂူရှောင်ရွှဲ့သည်လည်း သိလိုစိတ်ဖြင့် နောက်မှ လိုက်ပါသွားခဲ့သည်။

စာအုပ်ဗီရိုမှ စာရင်းစာအုပ်များစွာကို ကောက်ယူပြီးနောက် ယန်လီသည် ထန်ရှုအား ပြလိုက်ပြီး အပြုံးဖြင့်

"ညီအစ်ကိုထန် … သူ့ကို ပညာပေးဖို့ ခိုင်းတာ မင်းပဲလေ။ အဲ့ဒါကြောင့် သူ့ရဲ့လိပ်စာကို စစ်ဆေးပြီး အဲ့ဒီနေရာကနေ ပစ္စည်းအချို့ကို ခိုးယူခဲ့တယ်။ ဒီစာရင်းစာအုပ်တွေထဲ တရားမဝင် စီးပွားရေးလုပ်ငန်း အများစုကို အိုးရန်မိသားစုက မှတ်တမ်းတင်ထားတယ်။ အဲ့ဒီထဲက တချို့အရာတွေကို ငါ ရှင်းမပြနိုင်ပေမယ့် ဒီမှတ်တမ်းတွေသာ အပြင်မှာ ပေါက်ကြားသွားရင် အိုးရန်မိသားစုက တော်တော်ဒုက္ခရောက်သွားလိမ့်မယ် လို့တော့ ပြောရဲတယ်။ တကယ့်ဒုက္ခအိုးကြီးပဲ။"

ထန်ရှုသည် စာရင်းစာအုပ်များကို ကိုင်ကာ စတင်ဖတ်ကြည့်လိုက်သည်။ ဆယ်မိနစ်ကျော်ကြာအောင် ဖတ်ကြည့်ပြီးနောက်တွင် သူ၏မျက်နှာထက်၌ ထူးဆန်းသော အမူအရာတစ်ခု ပေါ်လာသည်။ မည်သည်အတွက်ကြောင့် အိုးရန်လဲ့ သည်နေရာတွင် ရှိနေရဆဲဖြစ်သည်ကို ယခုတော့ သူ နားလည်လာခဲ့ပြီဖြစ်သည်။ ဤစာရင်းစာအုပ်များတွင် မှတ်တမ်းတင်ထားသော အကြောင်းအရာများသည် အမှန်တကယ်ပင် အဆင်မပြေလွန်းလှသည်။

“ပန်းတိုင်တော့ ရောက်သွားပြီ။ ဒါက သူ့ကို ခက်ခဲဖို့ လုံလောက်စေတဲ့ အရာတွေပဲ။ သူ ကောင်းကောင်း အိပ်ပျော်နိုင်မှာ မဟုတ်ဘူး။ ငါ သူ့ကို လှမ်းခေါ်လိုက်မယ်။"

ထိုသို့ပြောပြီးနောက် ထန်ရှုသည် လက်ကိုင်ဖုန်းကို ထုတ်ကာ အိုးရန်လဲ့ဆီ ဆက်လိုက်သည်။

ထိုအချိန်တွင် အိုးရန်လဲ့သည် ဧည့်ခန်းထဲတွင် ဆေးလိပ်သောက်နေသည်။ သူ၏မျက်လုံးများသည် သွေးရောင်လွှမ်းနေပြီး လက်ကိုင်ဖုန်းမြည်သံကြောင့် လန့်သွားသည်။ သူသည် လက်လှမ်းကာ ဖုန်းကို ကောက်ကိုင်လိုက်သည်။ ဖုန်းမျက်နှာပြင်ပေါ်ရှိ နံပါတ်ကို မြင်သောအခါ မျက်ရည်ကျလုနီးနီး ငိုချင်သွားရသည်။ တုန်ရီနေသောလက်ချောင်းများဖြင့် သူသည် အဖြေခလုတ်ကို နှိပ်လိုက်ပြီး တုန်တုန်ယင်ယင်အသံဖြင့်

"ညီမလေးရဲ့ ... မဟုတ်ဘူး … မမှန်ဘူး ... ညီအစ်ကို … ညီအစ်ကိုထန်ရှု … နောက်ဆုံးတော့ မင်း ငါ့ဆီ ဖုန်းဆက်ပြီပေါ့။"

ထန်ရှုသည် နှုတ်ခမ်းများ ကော့တက်သွားအောင် ပြုံးလိုက်ပြီး

"အိုး … ငါ့အစ်ကိုကြီးအိုးရန်လဲ့က အရင်က ငါကို ယောက်ဖလို့ ခေါ်တာ မဟုတ်ဘူးလား။ အာ … မှားတယ်။ ယောက်ဖလောင်းလို့ ခေါ်တာ ဟုတ်တယ်နော်။”

"မဟုတ်ဘူး … မဟုတ်ဘူး... ငါ သေအောင် အရိုက်ခံရရင်တောင် မင်းကို အဲ့လို မခေါ်တော့ဘူး။" အိုးရန်လဲ့၏မျက်နှာသည် သုန်မှုန်နေသည်။

"ညီအစ်ကို … အစ်ကိုကြီးထန်ရှု … ငါ့ကို ပြောပါ။ ငါ့ပစ္စည်းတွေ မင်းလက်ထဲမှာ မဟုတ်လား။"

"ဟုတ်တယ် … သူတို့က ငါ့လက်ထဲမှာ။" ထန်ရှုက ရယ်လိုက်ရင်း

"မင်း သူတို့ကို ပြန်လိုချင်တယ်မလား။ အဲ့ဒါဆို အပြင်ထွက်ပြီး ပထမထပ်က ခန်းမကို သွားလိုက်။ ငါ အောက်ဆင်းလာခဲ့မယ်။"

"သူတို့က မင်းလက်ထဲမှာ တကယ်ကြီး ရှိနေတာပေါ့။ သိပ်ကောင်းတယ်။ ငါ ချက်ချင်း လာခဲ့မယ်။"

အိုးရန်လဲ့က ဖုန်းချလိုက်ပြီးနောက် သူ၏မျက်နှာသည် တက်ကြွလန်းဆန်းသွားရသည်။ ထန်ရှုသည် သူ၏စာရင်းစာအုပ်များကို ယူဆောင်သွားသဖြင့် သူ့အတွက် မည်မျှခက်ခဲစေခဲ့သည်ကို ဂရုမစိုက်နိုင်တော့ပေ။ ထိုစာအုပ်များကို ပြန်ရနိုင်သရွေ့ မြောက်အရပ်သို့ မျက်နှာမူပြီး ဦးခေါင်းကို မြေကြီးပေါ် ရှစ်ကြိမ်တိုက်ကာ အရိုအသေပေးရမည်ဆိုလျှင်တောင် သူ ငြင်းဆန်မည်မဟုတ်ပေ။

မိနစ်အနည်းငယ်ကြာပြီးနောက် ထန်ရှုသည် အပြုံးဖျော့ဖျော့ ဆင်မြန်းလျက် ယန်လီနှင့်အတူ ပထမထပ်ရှိ ခန်းမဆီသို့ လာခဲ့သည်။ အိုးရန်လဲ့၏ သွေးရောင်ကဲ့သို့ နီရဲနေသော မျက်လုံးများ၊ ပွရှုပ်နေသော ဆံပင်များနှင့် မသေမသပ်ဖြစ်နေသော သွင်ပြင်ကို မြင်သောအခါ ထန်ရှုက သူ၏စာရင်းစာအုပ်များကို ပြန်ပေးရင်း အပြုံးဖြင့်

“မင်း ဘယ်လိုတွေးလဲ။ ဒီနှစ်ရက်လုံး မင်း ဘယ်လိုခံစားနေရလဲ။"

စာရင်းစာအုပ်များကို လက်ခံရရှိပြီးနောက် အိုးရန်လဲ့သည် ထန်ရှုကို မတုံ့ပြန်နိုင်အားပေ။ သူသည် စာရင်းစာအုပ်များကို အမြန်လှန်လိုက်ပြီး အထဲရှိ မှတ်တမ်းများကို ဖတ်သည်။ အားလုံးမှန်ကန်ကြောင်းကို တွေ့ရှိပြီးနောက် နောက်ဆုံးတွင် သူ တည်ငြိမ်သွားရသည်။

"ကျေးဇူးတင်ပါတယ်။ ကျေးဇူးအများကြီးတင်ပါတယ် ညီအစ်ကိုထန်ရှု…"

***

All Chapters