ကမ္ဘာလုံးဆိုင်ရာတိုးတက်မှု
Vol. 47 Ch. 649
ဗိုလ်ချုပ်ဟုန်းကန်မှာ ကြောင်တိကြောင်တောင်နှင့် အံ့အားသင့်နေသူများကို ငေးကြည့်နေမိသည်။
သူ၏နယ်ပယ်မှာ အသက်ဝင်လာပြီး အားကောင်းလှသော သွေးနီရောင် မီးတောက်များမှာ ကောင်းကင်ထက်တိုင် ထိုးတက်သွားသည်။ ကြောက်မက်ဖွယ် အရှိန်အဝါများကြောင့် ပတ်ဝန်းကျင်တွင် ရှိနေသော စစ်မှန်မိစ္ဆာများသည်ပင် ဒူးထောက်လျက်သား ဖြစ်သွားရလေသည်။
"ဒါက မိုးကြိုးကပ်ဘေးကို အောင်မြင်သွားတဲ့ အစွမ်းလား။"
ဗိုလ်ချုပ်ဟုန်းကန်မှာ လက်သီးအား ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်မိသည်။ သူသည် မိုးကြိုးကပ်ဘေးအား အောင်မြင်ခဲ့သည့် ပထမဆုံးသူပင်။
ဝုန်း.....
ထိုအချိန်တွင် ထူးဆန်းအံ့သြဖွယ်ရာများ ဖြစ်ပေါ်လာသည်။
ကောင်းကင်နှင့်မြေပြင်ကြား ပြိုးပြိုးပြက်ပြက် တောက်ပနေသော အလင်းရောင်များ ဖြာထွက်လာကာ ကမ္ဘာတစ်ခုလုံး လွှမ်းမိုးသွားသည်။ ထိုအလင်းတန်းနှင့်အတူ မဟာတာအိုထံမှလည်း မြင့်မြတ်သောသံစဉ်များ ထွက်ပေါ်လာသည်။ ကမ္ဘာပေါ်ရှိ သက်ရှိသတ္တဝါများအားလုံးသည် မြင့်မြတ်သောသံစဉ်၏ ကောင်းချီးပေးမှုကို ခံစားရကာ ပြောင်းလဲမှုများ ဖြစ်ပေါ်လာသည်။
တီနာ၏ မျက်ဝန်းထဲတွင်လည်း ဖြစ်နိုင်ခြေများစွာ ပါဝင်နေသော အဖြူရောင်အလင်းများ တောက်ပလာကာ သူမ၏ ခန္ဓာကိုယ်မှာ ရွှေရောင်အလင်း အစက်အပြောက်များအဖြစ် ပြောင်းလဲသွားသည်။
"ဘီလူးအန်လင်း.....ဒီကမ္ဘာက အဆင့်တက်ဖို့ အသင့်ဖြစ်နေပြီ။ အဲ့ဒါကြောင့် ငါကမ္ဘာကြီးနှင့် ပေါင်းစည်းလိုက်ဦးမယ်။"
ထိုစကားနှင့်အတူ တီနာမှာ ပျောက်ကွယ်သွားတော့သည်။
အဆင့်တက်မယ်....
အန်လင်းမှာ အံ့အားသင့်ကာ အသက်ရှူသံများပင် မြန်လာရသည်။
သူသည်လည်း မြင့်မြတ်သောသံစဥ်၏ ကောင်းချီးကို ခံစားရကာ စိတ်နှလုံးများ သန့်စင်သွားသလိုပင်။ ကောင်းချီးသည် တီနာ ဖန်ဆင်းပေးထားသော ခန္ဓာကိုယ်ပေါ် မကျရောက်ပဲ အန်လင်း၏ စိတ်ဝိဉာဉ်အား တိုက်ရိုက်သန့်စင်သွားစေသောကြောင့် သူ၏သိစိတ်အာရုံများ ပိုမိုသိမ်မွေ့လေးနက်လာကာ ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူများနီးပါး တိုးတက်လာသည်။
ဝုန်း.....
ကောင်းကင်နှင့်မြေပြင်၏ တုန်ခါမှုမှာ သက်ရှိသတ္တဝါများ အားလုံးကို ထိတ်လန့်သွားစေသည်။
တစ်ချိန်တည်းမှာပင် တောက်ပသော အလင်းရောင်နှင့် မြင့်မြတ်သောသံစဉ်တို့သည် ၎င်းတို့၏စိတ်အား ကြည်လင်လာစေသည်။
ထူးဆန်းအံ့သြဖွယ် အပြောင်းအလဲများမှာ မည်သူမှမသိလိုက်ခင်မှာပင် ဖြည်းညင်းစွာ ပြန်လည်ပျောက်ကွယ်သွားသည်။
ထို့နောက် အရာအားလုံး ဆိတ်ငြိမ်သွားလေသည်။
တီနာမှာ အန်လင်း၏ဘေးတွင် ယိမ်တိုင်တိုင်ဖြင့် ပြန်လည်ပေါ်ထွက်လာသည်။
အန်လင်းမှာ သူမ၏ ခန္ဓာကိုယ်လေးအား ထိန်းပေးထားလိုက်သည်။
"အခြေအနေ ဘယ်လိုလဲ။"
တီနာ ပြုံးကာခေါင်းခါပြလိုက်သည်။
"ငါ့ကိုယ်ငါ အရမ်းဖိအားပေးလိုက်မိတယ်။ ဒါပေမယ့် ဒီကမ္ဘာကြီးက ထင်ထားတာထက် ပိုကျယ်လာပြီလေ။ အခုဆိုရင် ကီလိုမီတာ သောင်းငါးထောင်ဝန်းကျင် ရှိလာပြီ။"
"အဲ့ဒါက ကမ္ဘာထက်တောင် ကျယ်နေပြီ။"
အန်လင်း ပါးစပ်အဟောင်းသား ဖြစ်နေသည်။
"ပြီးတော့ ကောင်းကင်နဲ့မြေပြင်နဲ့ ပေါင်းစည်းနိုင်သွားတော့ ငါ့ရဲ့စီရင်ပိုင်ခွင့်တွေလည်း ပိုတိုးလာသလိုပဲ။"
တီနာ၏ မြစိမ်းရောင် မျက်ဝန်းလေးများမှာ စိတ်လှုပ်ရှားနေပုံရသည်။
အန်လင်း သိလိုစိတ်ပြင်းစွာ မေးလိုက်သည်။
"ဘာကိုပြောချင်တာလဲ။"
"ဥပမာပြောရရင် အခု ငါ့ဘာသာ ဉာဏ်ရည်မြင့် သတ္တဝါတွေကို ဖန်တီးနိုင်ပြီ။ ပြီးတော့ ကမ္ဘာနှစ်ခုကြား သက်ရှိသက်မဲ့တွေကိုလည်း ပြောင်းရွှေ့ပေးလို့ရပြီ။"
တီနာ စကားဆိုလိုက်သည်။
ထိုစကားကြောင့် အန်လင်း၏ မျက်ဝန်းများ ပြူးကျယ်သွားရသည်။
စစ်မှန်မိစ္ဆာမျိုးနွယ်စု၏ အဓိကမြို့တော်တွင် တောက်ပနေသော အလင်းတန်းများမှာ ဗိုလ်ချုပ်ဟုန်းကန်၏ ခန္ဓာကိုယ်ပေါ် သက်ဆင်းလာပြီးနောက် ထူးဆန်းအံ့သြဖွယ် အဖြစ်အပျက်များလည်း ပျောက်ကွယ်သွားသည်။ ထိုသည်မှာ ကမ္ဘာကြီး၏ သမိုင်းဝင် အပြောင်းအလဲ တစ်ခုကို ယူဆောင်ပေးနိုင်ခဲ့သောကြောင့် ကောင်းချီးရရှိလိုက်ခြင်းပင်။
ထိုကောင်းချီးသည် ကောင်းကင်နှင့်မြေပြင်ထံမှ ဖြစ်သောကြောင့် ရရှိလိုက်သူအတွက် လွန်စွာအကျိုးများလိမ့်မည်။
အချိန်အနည်းငယ်ကြာ တိတ်ဆိတ်နေပြီးနောက် စစ်မှန်မိစ္ဆာများမှာ အော်ဟစ်အောင်ပွဲခံကြတော့သည်။
ဗိုလ်ချုပ်ဟုန်းကန်သည် ကျင့်ကြံရေး အဆင့်သစ်သို့ ပထမဆုံး ရောက်ရှိနိုင်ခဲ့သူဖြစ်သဖြင့် ၎င်းတို့အားလုံး လွန်စွာဂုဏ်ယူမိကြသည်။
မိုးကြိုးကပ်ဘေး လေးဆယ့်ကိုးချက်အား ခံယူပြီးနောက် စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်း အဆင့်သို့ ရောက်ရှိသွားသော ဗိုလ်ချုပ်ဟုန်းကန်၏ သတင်းမှာ မျိုးနွယ်စုကိုးခုထံ လျင်မြန်စွာ ပျံ့နှံ့သွားတော့သည်။
မျိုးနွယ်စု ကိုးခုသည် ထိတ်ထိတ်ပြာပြာဖြစ်ကာ ထိုသတင်းအား လက်မခံလိုပါသော်လည်း ကောင်းကင်နှင့်မြေပြင်ကြား ဖြစ်ပေါ်ခဲ့သော ထူးဆန်းအံ့သြဖွယ်ရာများကြောင့် အမှန်တရားကို လက်ခံလိုက်ရသည်။ ထိုသို့ဖြင့် မိုးကြိုးကပ်ဘေး ခံယူကာ အထက်ဘုံသို့ ရောက်ရှိသွားသည်ဟူသော ကျင့်ကြံသူများမှာ စင်စစ်တွင် မသာပေါ်သွားခြင်းသာဖြစ်ကြောင်းကိုလည်း ရင်နာစွာ နားလည်သွားခဲ့ကြသည်။
ထိုအမှန်တရားသည် စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့်သို့ ခြေလှမ်းတဝက်မျှ ရောက်ရှိနေသော ကျင့်ကြံသူများအားလုံးကို တုန်လှုပ်သွားစေသည်။ ဆယ်နှစ်တာ ကာလအတွင်း မိုးကြိုးကပ်ဘေး ခံယူမှု အောင်မြင်သွားသည်မှာ တစ်ယောက်သာ ရှိသေးသောကြောင့် အောင်မြင်နိုင်ခြေ ရာခိုင်နှုန်းသည် သုညနီးပါးသာရှိကြောင်း အမှတ်ရစေသည်။
ထို့ကြောင့် ၎င်းတို့အားလုံးမှာ ကျင့်ကြံရေးအား ကန့်သတ်ကာ အဆင့်မတက်တော့ရန်သာ ဆုံးဖြတ်လိုက်ကြသည်။
မည်သို့ပင်ဆိုစေကာမူ သေရမည်ကို မကြောက်သောသူများလည်း ရှိနေသေးသည်။
မိုးကြိုးကပ်ဘေး ခံယူမှု အောင်မြင်နိုင်ခြေမှာ နည်းပါးလွန်းလှပါသော်လည်း စွမ်းအင်နှင့် အာဏာများ ရရှိနိုင်ရန်အတွက် စွန့်စားလိုသူများ ရှိသည်။
ကောင်းကင်နှင့်မြေပြင်ကြားတွင် ဖြစ်ပေါ်ခဲ့သော ထူးဆန်းအံ့သြဖွယ်ရာများကြောင့် များပြားလှသော စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့်သို့ ခြေလှမ်းတဝက်မျှ ရောက်ရှိထားပြီးသူများသည် နောက်တစ်နှစ်တွင် အဆင့်တက်နိုင်ခဲ့ကြသည်။ ကမ္ဘာပေါ်တွင် ပထမဆုံး အပြောင်းအလဲ ဖြစ်လာပြီးသည့်နောက် အောင်မြင်နိုင်ခြေမှာလည်း သုံးဆယ်ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့သည်။
မျိုးနွယ်စု ကိုးခုလုံးတွင် စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူများ ရှိလာပြီး ခေတ်ကောင်းတစ်ခုသို့ ရောက်ရှိလာသည်။
တစ်ချိန်တည်းမှာပင် လူသားမျိုးနွယ်မှာလည်း လျင်မြန်စွာ တိုးတက်ပြောင်းလဲလာပြီး ချီလော့မြို့ရှိ လူဦးရေမှာ တစ်သိန်းဟူသော အရေအတွက်အား ကျော်လွန်သွားခဲ့သည်။
လူသားမျိုးနွယ်တွင် စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူများ မရှိသေးပါသော်လည်း အာဒမ်နှင့်ဧဝသည် စိတ်ဝိဉာဉ်ပျိုးထောင်ခြင်း၏ အထွဋ်အထိပ်တွင် ရှိနေကာ လူသားအားလုံးနီးပါးမှာ ကျင့်ကြံရေးကို ဆောင်ရွက်ကြသည်။ ထို့အပြင် ဆေးလုံးသန့်စင်ခြင်း၊ လက်နက်သန့်စင်ခြင်း၊ အဆောင်မန္တာန်များ ပြုလုပ်ခြင်းနှင့် အခြားသော နည်းပညာပိုင်းဆိုင်ရာ ပညာရပ်အသီးသီးတွင်လည်း ထူးချွန်ကြလေသည်။
ထိုသည်မှာ လူသားမျိုးနွယ်နှင့် အခြားသော မျိုးနွယ်စုကိုးခု၏ အဓိက ကွာခြားချက် ဖြစ်သည်။ မျိုးနွယ်စုကိုးခုသည် ဉာဏ်ရည်မြင့် သတ္တဝါများ ဖြစ်ပါသော်လည်း လူသားများသည် ၎င်းတို့ထက် သာလွန်ကာ နယ်ပယ်အသီးသီးတွင် ကျွမ်းကျင်ကြသည်။
မျိုးနွယ်စုကိုးခုသည် မွေးဖွားလာစဉ်တည်းက သန်မာကြပြီး ၎င်းတို့၏ ခွန်အားကိုသာ အစစအရာရာ အားကိုးကြသည်။ သန်မာမှုကသာ အရှေ့သို့ တွန်းပို့နိုင်လိမ့်မည်ဟု ထင်မှတ်ထားကြသောကြောင့် ကျင့်ကြံရေးကိုသာ စိတ်ပါဝင်စားကြပြီး အခြားကဏ္ဍများတွင် ထူးခြားသော တိုးတက်မှုများ မရှိလှပေ။
လူသားများသည် မွေးဖွားလာစဉ်က အားနည်းကြပါသော်လည်း ၎င်းတို့သန်မာလာစေရန် လက်နက်များကို တီထွင်နိုင်ကြသည်။ ထို့ကြောင့် မှော်လက်နက်များ၊ ဝင်္ကပါများ၊ အဆောင်မန္တာန်များ၊ ဆေးလုံးများနှင့် အခြားသော ပစ္စည်းအစုံစုံကို အောင်မြင်စွာ ဖန်တီးနိုင်ကြပေသည်။
၎င်းတို့သည် နည်းပညာနှင့်ပက်သတ်၍လည်း တိုးတက်မှုများရှိပြီး အန်လင်း တွေးထင်ထားသည်ထက် အနည်းငယ် နှေးကွေးသည်။
မည်သို့ပင်ဆိုစေကာမူ ထိုသည်ကို နားလည်နိုင်ပေသည်။ ကျင့်ကြံခြင်းဖြင့် သက်တမ်းအား ဆွဲဆန့်ထားနိုင်သောကြောင့် မည်သူကမှ စမ်းသပ်ချက်များအပေါ် အချိန်ကုန်ခံလိုမည် မဟုတ်ပေ။
နည်းပညာသည် ၎င်းတို့၏ သန်မာမှုအား အားဖြည့်ပေးနိုင်ပါသော်လည်း ဘဝသက်တမ်းအား မရှည်လျားစေနိုင်ပေ။
သက်ရှိသတ္တဝါတိုင်းသည် သေခြင်းတရားကို ကြောက်ရွံ့ကြသောကြောင့် အင်မော်တယ်လမ်းစဉ်အား တွေ့နေရချိန်တွင် ဦးနှောက်ရှိသော မည်သူကမှ နည်းပညာအား ဟက်ဟက်ပက်ပက် လိုက်စားနေမည် မဟုတ်ပေ။
နည်းပညာဟူသည်မှာ စမ်းသပ်ချက်များစွာကို ကျော်ဖြတ်ပြီးမှ အောင်မြင်လာနိုင်ပြီး လူပေါင်းများစွာ၏ ကြိုးစားအားထုတ်မှုများကိုလည်း လိုအပ်သည်။ အားလုံးသည် ဘဝသက်တမ်းအား ဆွဲဆန့်လိုသောကြောင့် အချိန်များစွာ ရင်းနှီးမြှုပ်နှံရမည့် စမ်းသပ်ချက်များအား ပြုလုပ်လိုကြမည် မဟုတ်ပေ။
ကျင့်ကြံရေးလမ်းသည် လူသားများအား နည်းပညာနှင့် ဝေးကွာသွားစေသည်။
မည်သို့ပင်ဆိုစေကာမူ သိပ္ပံပညာကို ချစ်မြတ်နိုးသော လူအချို့လည်း ရှိနေသေးသည်။ အခြားသူများသည် ကျင့်ကြံရေးပေါ်တွင်သာ ဘဝတစ်ခုလုံး မြှုပ်နှံထားပါသော်လည်း ၎င်းတို့မှာ စမ်းသပ်ချက်များ ပြုလုပ်ရင်း ဘဝကို ကျော်ဖြတ်ကြသည်။
အာဒမ်နှင့်ဧဝ၏ ကိုးယောက်မြောက် ကလေးသည်လည်း ထိုသို့ပင် ဖြစ်သည်။
ထိုသူသည် ဤကမ္ဘာ၏ ပထမဆုံး FAကောင်ဟုလည်း ဆိုနိုင်ပေသည်။
သူ၏အမည်သည် ဆဒ်ဖြစ်ပြီး သူ၏အချစ်စစ်မှာ မိန်းမ မဟုတ်ပဲ သိပ္ပံသာ ဖြစ်၏။
ဆဒ်သည် သိပ္ပံပညာရှင်တစ်ဦး ဖြစ်လိုခဲ့သည်။
၎င်းတို့သည် လူသားမျိုးနွယ်၏ ဒုတိယမျိုးဆက် ဖြစ်နေသောကြောင့် သက်တမ်းမှာလည်း အတော်လေး ရှည်ကြာသည်။
နှစ်ပေါင်းများစွာ ကြာမြင့်သွားပါသော်လည်း ဆဒ်သည် အသက်နှစ်ဆယ်ဝန်းကျင် လူငယ်တစ်ဦးဟုသာ ထင်မှတ်ရသည်။ သို့သော် ၎င်း၏ဆံပင်နှင့် မျက်နှာပေါ်ရှိ အမွှေးအမျှင်များမှာ ရှုပ်ပွနေပြီး ရူးနှမ်းနေသော သိပ္ပံပညာရှင်နှင့် ဆင်တူနေသည်။
ချီလော့မြို့၏ သိပ္ပံဦးသျှောင် ဖြစ်သည်နှင့်အညီ ဆဒ်သည် စာကြည့်တိုက်ထဲရှိ သိပ္ပံပညာရပ် စာအုပ်များတွင် ရေးသားထားသမျှ အားလုံးကို ပြန်လည်တီထွင်ခဲ့ပြီး ဖြစ်သည်။ စာအုပ်များအပေါ် အခြေခံကာ အပ်ချုပ်စက်များ၊ ပုံနှိပ်စက်များ၊ ယမ်းမှုန့်များ၊ သတ္ထုစပ်များနှင့် ဓာတုဗေဒဆိုင်ရာ ထုတ်ကုန်များကို ပြုလုပ်ခဲ့သည်။
ဤနှစ်များအတွင်း ဆဒ်သည် စမ်းသပ်ရေး အဖွဲ့များနှင့်အတူ ရေနွေးငွေ့ကားများနှင့် ရေနွေးငွေ့သုံး သင်္ဘောများ တည်ဆောက်ကာ လူသားများအား ရေနွေးငွေ့ စွမ်းအင်သုံးခေတ်သို့ရောက်အောင် ကြိုးစားနေသည်။
အန်လင်းမှာ လူသားမျိုးနွယ်အပေါ် မျှော်လင့်ချက် ကြီးကြီးမားမား ထားရှိထားသည်။
အံဖွယ်ကြေးမုံပြင်ကမ္ဘာက လူသားတွေကရော သိပ္ပံပညာနဲ့ ပက်သတ်ပြီး ဘယ်လောက်ထိ တိုးတက်လာဦးမလဲ....