ကမ္ဘာနှစ်ခုကြားအရာဝတ္ထုများရွှေ့ပြောင်းခြင်း
Vol. 47 Ch. 650
ကမ္ဘာတစ်ခုလုံး အဆင့်မြင့်သွားကာ အချိန်စီးဆင်းမှုသည်လည်း အတိုင်းအတာ တစ်ခုအထိ လျင်မြန်နေပြီးနောက် တီနာ အနားယူရတော့မည် ဖြစ်သည်။
သူမသည် အန်လင်း၏လက်အားကိုင်ကာ နဂါးမျိုးနွယ်စု၏ နဂါးနန်းတော်ထံ ခုန်ကူးသွားသည်။
နဂါးမျိုးနွယ်စုသည် ၎င်းတို့အား မမြင်နိုင်သောကြောင့် တီနာမှာ အေးအေးဆေးဆေးပင် အန်လင်းနှင့်အတူ နဂါးနန်းတော် ရတနာတိုက်ထဲသို့ ဝင်ရောက်သွားလိုက်သည်။
ခေတ္တမျှသော အချိန်အတွင်းမှာပင် ရတနာတိုက်ထဲ ရောက်ရှိလာကြသည်။
"ဝါး.....လှလိုက်တာ။"
တီနာမှာ မျက်စိတဆုံး တောက်ပနေသော ရတနာများအားကြည့်ကာ ကူကယ်ရာမဲ့စွာ ရေရွတ်လိုက်သည်။
"နဂါးမျိုးနွယ်စုဆိုတဲ့အတိုင်း...ရတနာစုရတာ တကယ်ဝါသနာပါကြတာပဲ။"
အန်လင်းသည်လည်း စိတ်ကျေနပ်စွာ ခေါင်းညိတ်သည်။
၎င်းတို့နှစ်ဦးသည် ရတနာတိုက်ထဲ လွတ်လွတ်လပ်လပ် လျှောက်သွားနေကြသည်။ အန်လင်းထံတွင် သိုလှောင်လက်စွပ် ရှိမနေသောကြောင့် ရောင်စဉ်ခုနစ်သွယ်ညလင်းသလင်းကျောက်ကိုသာ ယူဆောင်လိုက်ရပြီး တီနာမှာ အသက်စွမ်းအင် အားကောင်းသော စိတ်ဝိဉာဉ်ဆေးလုံးအချို့ကို ယူဆောင်လိုက်သည်။
သူမသည် အံ့ဖွယ်ကြေးမုံပြင်ကမ္ဘာတွင် ဖန်ဆင်းရှင် နတ်ဘုရားမ ဖြစ်ပါသော်လည်း ပြင်ပကမ္ဘာတွင် တိုးတက်ရန် လိုအပ်နေသေးသော နတ်သမီးငယ်လေး ဖြစ်သောကြောင့် အကျိုးရှိနိုင်မည့် စိတ်ဝိဉာဉ်ဆေးလုံးများကို ရွေးချယ်လိုက်ခြင်းပင်။
ကမ္ဘာနှစ်ခုကြား အရာဝတ္ထုများ ရွှေ့ပြောင်းပေးနိုင်မည့် စွမ်းရည်ကို စမ်းသပ်ရတော့မည် ဖြစ်သည်။
၎င်းတို့သာ အောင်မြင်သွားပါက တီနာ၏ ခန္ဓာကိုယ်ထဲမှ ကမ္ဘာသည် ထိုက်ချူကုန်းမြေနှင့် ဆက်စပ်သွားပြီး အစစ်အမှန် ကြေးမုံပြင်ကမ္ဘာ ဖြစ်လာသည်ဟု ဆိုနိုင်ပေလိမ့်မည်။
"အဆင်သင့်ဖြစ်ပြီလား။"
တီနာသည် ပစ္စည်းများအား အန်လင်းထံပေးကာ မေးလိုက်သည်။
အန်လင်းမှာ ရောင်စဉ်ခုနစ်သွယ် ညလင်းသလင်းကျောက်နှင့် စိတ်ဝိဉာဉ်ဆေးလုံးများ ကိုင်ဆောင်ကာ ခေါင်းညိတ်ပြလိုက်သည်။
အန်လင်း၏ မျက်ခုံးနှစ်ခုကြားသို့ လက်ဖြင့်ထောက်လိုက်သည်နှင့် အရာအားလုံး မှောင်မိုက်သွားတော့သည်။
ထို့နောက် အန်လင်းမှာ မြို့နံရံပေါ်တွင် ပြန်လည်နိုးထလာသည်။ ညအလယ်တွင် မြို့နံရံ တလျှောက်လုံး မီးတိုင်များ ထွန်းညှိထားသည်မှာ မီးလျှံနဂါးတစ်ကောင်နှင့်ပင် ဆင်တူနေသယောင် ရှိသည်။
ကောင်းကင်ထက်တွင် လခြမ်းတစ်ခု တွဲလဲခိုနေပြီး ကြယ်စင်များမှာလည်း ဟိုတစ်စ၊ သည်တစ်စ တောက်ပလို့နေသည်။
ရောင်စဉ်ခုနစ်သွယ် ညလင်းသလင်းကျောက်နှင့် စိတ်ဝိဉာဉ်ဆေးလုံးတို့သည် သူနှင့်အတူ ပါမလာခဲ့ပေ။
"အလုပ်မဖြစ်ဘူးလား။"
အန်လင်း တီနာအားကြည့်ကာ မေးလိုက်သည်။
တီနာ၏ ကြည်လင်ရွှန်းလဲ့သော မြစိမ်းရောင် မျက်ဝန်းလေးများ ပွင့်ဟလာသည်။
သူမ၏ မျက်ဝန်းထဲတွင် တည်ရှိခြင်းနှင့် မတည်ရှိခြင်းကြား ဖြစ်တည်နေသော အဖြူရောင် အပိုင်းအစတစ်ခု ပေါ်ထွက်လားည်။ ထို့နောက် ထူးခြားဆန်းကြယ်သော စွမ်းအင်တစ်ခုနှင့်အတူ ထိုတည်ရှိခြင်းနှင့် မတည်ရှိခြင်းအား ခြားနားထားသောမျဉ်းမှာ ဝေဝါးလာတော့သည်။
အန်လင်း၏ လက်ဝါးထက်တွင်လည်း အဖြူရောင်အလင်းများ ဖြာထွက်လာပြီး ရောင်စဉ်ခုနစ်သွယ် ညလင်းသလင်းကျောက်နှင့် စိတ်ဝိဉာဉ်ဆေးလုံးတို့မှာ ဖြည်းညင်းစွာ ထွက်ပေါ်လာသည်။
"အောင်....အောင်မြင်သွားတာပဲ။"
အန်လင်း စိတ်လှုပ်ရှားသွားမိသည်။
ယခုအောင်မြင်မှုသည် လွန်စွာအရေးပါပြီး ၎င်းတို့ထံတွင် ရတနာများ ပြည့်နှက်နေသော ကမ္ဘာကြီးတစ်ခု ရှိနေပြီ ဖြစ်သည်။
မျက်ဝန်းထဲမှ အဖြူရောင် အပိုင်းအစမှာ ပျောက်ကွယ်သွားပြီးနောက် တီနာသည်လည်း အန်လင်းပေါ် လဲကျသွားတော့သည်။
"နာလေး အဆင်ပြေရဲ့လား။"
အန်လင်း ထိတ်လန့်သွားသည်။
သူမ တိုးညင်းစွာ တုံ့ပြန်လာသည်။
"ဘီလူးအန်လင်း ငါ့ကမ္ဘာထဲက နင့်ခန္ဓာကိုယ်က အစစ်မဟုတ်ဘူးဆိုတာ မေ့သွားတယ်။ လောလောဆယ်တော့ ကမ္ဘာနှစ်ခုကြားက ပစ္စည်းတွေကိုပဲ တိုက်ရိုက်ရွှေ့ပြောင်းလို့ရတာ။ ငါအရမ်းပင်ပန်းနေပြီ။"
တီနာသည် ရောင်စဉ်ခုနစ်သွယ် ညလင်းသလင်းကျောက်နှင့် စိတ်ဝိဉာဉ်ဆေးလုံးအားကြည့်ကာ ခပ်ဖွဖွ ပြုံးလိုက်သည်။
"အောင်မြင်သွားလို့ တော်သေးတာပေါ့။"
"ငါအနားယူမှရမယ်။ မနှိုးနဲ့နော်။"
အန်လင်း ခေါင်းညိတ်ပြလိုက်သည်။
"အေးအေးဆေးဆေးသာအိပ်လိုက်။"
တီနာမှာ အန်လင်းအား မှီချလိုက်ပြီးနောက် ချက်ချင်းပင် အိပ်ပျော်သွားတော့သည်။
စုရှောင်လန်နှင့် သားရဲတသိုက်မှာ အန်လင်းအနား ရောက်ရှိလာသည်။
"ဘယ်နရက်လောက် ရှိသွားပြီလဲ။"
အံ့ဖွယ်ကြေးမုံပြင်ကမ္ဘာသို့သွားတိုင်း တစ်ရက်နှင့် မလုံလောက်ကြောင်း အန်လင်း ကောင်းစွာသိရှိနေသည်။
ထို့ကြောင့် ထုံးစံအတိုင်း မေးမြန်းလိုက်သည်။
"အစ်ကိုကြီးအန် သုံးရက်တောင် အိပ်နေတာဗျ....ဝုတ်။"
တပိုင် စကားဆိုလိုက်သည်။
"ဒီသုံးရက်လုံး ကျွန်တော်တို့လည်း အိုးပူလေးပဲ လုပ်စားနေကြတာ။"
အန်လင်း မျက်နှာပျက်သွားသည်။ သူသည် တပိုင်အား အစာသွပ်ပေါက်စီများ လုပ်ထားရန် သေသေချာချာ မှာထားခဲ့သည်ပင်။
သို့သော် စုရှောင်လန်သည်လည်း အိုးပူလေးကိစ္စတွင် အလိုတူ အလိုပါ ဖြစ်နေသောကြောင့် သူ့အနေဖြင့် ဘာမှမတတ်နိုင်တော့ပေ။
"ဒီသုံးရက်အတွင်း ဘာတွေဖြစ်သေးလဲ။"
"ဘာမှမဖြစ်ပါဘူး။ ဘာမှလည်း လုပ်စရာ မရှိဘူး။"
ရှောင်ချိုး စိတ်ပျက်စွာ တုံ့ပြန်သည်။
"အတန်းပိုင်ဆရာကလည်း အပျော်အပါးတွေ ပေးမလုပ်တော့ဘူး။"
စုရှောင်လန် နှုတ်ခမ်းစူကာ မကျေမနပ် ပြောနေသည်။
"ဟားဟား....အဲ့ဒါဆို ဘာမှလုပ်စရာ မရှိကြဘူးပေါ့။"
အန်လင်းထံတွင် အံ့ဖွယ်ကြေးမုံပြင်ကမ္ဘာ ရှိနေသောကြောင့် ပျင်းရိနေစရာ မလိုပဲ အချိန်ဖြုန်းနိုင်ခဲ့သည့်အပြင် ဉာဏ်အလင်းပင် ရရှိခဲ့သေးသည်။
အရေးအကြီးဆုံးမှာ တီနာသည် စီရင်ပိုင်ခွင့်သည်လည်း ယခင်ကထက် တိုးတက်လာသောကြောင့် သူ့အတွက် အဆုံးမသတ်နိုင်သော အခွင့်အရေးများစွာ ရှိနေလေပြီ။
"ဟုတ်သားပဲ။ ရှောင်လန်.....ဒီရောင်စဉ်ခုနစ်သွယ် ညလင်းသလင်းကျောက်က အဲ့ကမ္ဘာရဲ့ သမုဒ္ဒရာအောက်ကနေ မင်းအတွက် ယူလာခဲ့တာ။"
စုရှောင်လန် ပါးပြင်လေးများရဲကာ ရောင်စဉ်ခုနစ်သွယ် ညလင်းသလင်းကျောက်အား ယူလိုက်သည်။
"ကျေးဇူးပါ။ အဲ့ကမ္ဘာကနေတောင် ငါ့အတွက် လက်ဆောင်ယူလာဖို့ မမေ့ဘူးပေါ့။"
"နေပါဦး....."
သူမ အံ့အားသင့်စွာ အန်လင်းအား ကြည့်ရှုလိုက်သည်။
"ဒီသလင်းကျောက်က အဲ့ကမ္ဘာကလား။"
ရှောင်ချိုးနှင့် တပိုင်တို့မှာလည်း ကြောင်တောင်တောင် ဖြစ်သွားရသည်။
"အစ်ကိုကြီးအန် ကျွန်တော်တို့ကိုရော အံ့ဖွယ်ကြေးမုံပြင်ကမ္ဘာထဲ ဘယ်တော့ခေါ်သွားမှာလဲ။"
တပိုင် အမြှီးနှံ့ကာ ပြောလိုက်သည်။
"သက်ရှိတွေရော အဲ့ကမ္ဘာထဲ ဝင်လို့ရပြီလား။"
ရှောင်ချိုးလည်း စိတ်လှုပ်ရှားနေသည်။
"ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် နာလေးကို ပေးနားလိုက်ပါဦး။"
အန်လင်း တီနာအားကြည့်ကာ ညင်သာစွာ ပြောလာသည်။
တီနာအား အလွန်အမင်း မပင်ပန်းစေလိုပေ။ အနည်းဆုံး သူမအား အနားယူရန် အချိန်ပေးသင့်သည်။ သက်ရှိများအား ကမ္ဘာနှစ်ခုကြား ပြောင်းရွှေ့ခြင်းသည် တီနာအတွက် မလွယ်ကူလောက်ပေ။
..........
ဟွမ်းချန်မြို့တော်၏ ကီလိုမီတာ ငါးဆယ်ဝန်းကျင်၌
အနီရောင်ဝတ်စုံနှင့် အမျိုးသားတစ်ဦး ရှိနေသည်။
သူ၏ရွှေရောင်ဆံနွယ်များမှာ လေနှင့်အတူ မျောလွင့်နေပြီး သွေးနီရောင် မျက်ဝန်းများမှာလည်း တည်ငြိမ်နေကာ တော်ဝင်မင်းသားတစ်ပါးသဖွယ် တင့်တယ်နေသည်။
"သူတို့က ဒီမှာပဲ။ အဲ့ဒါက ရှေးဟောင်းနဂါးလား....ကောင်းကင်ဘုံခုံရုံးမှာ အဲ့လိုကျင့်ကြံသူ ရှိနေဦးမယ်လို့ မထင်ထားဘူး။"
"အဲ့ဒါကြောင့် မဟူရာအဆိပ်သခင်က အသတ်ခံလိုက်ရတာပဲ။"
ထိုအမျိုးသားသည် အကြောက်အလန့်မရှိ မြို့တော်အားကြည့်ကာ နှုတ်ခမ်းအား လျှာဖြင့်သပ်လိုက်သည်။
"ရှေးဟောင်းနဂါးရဲ့သွေးက တော်တော်အရသာရှိမှာပဲ။ ကောင်းကင်ဘုံခုံရုံးက စစ်ကူတွေ လာရင်တောင် ဆယ်မိနစ်လောက် ကြာမှာဆိုတော့ ငါ့အတွက် အချိန်လောက်ပါတယ်။"
"အဲ့နဂါးကိုသတ်ပြီး မဟူရာအဆိပ်သခင်အတွက် လက်စားချေပေးရမယ်။"