← Chapters

အလွန်အားကောင်းသောကျူးကျော်ဝင်ရောက်သူ

Vol. 47 Ch. 651

အလွန်အားကောင်းသောကျူးကျော်ဝင်ရောက်သူ

Vol. 47 Ch. 651

မြို့နံရံပေါ်တွင် ရှိနေသော ရှောင်ဇယ်သည် ရုတ်ချည်းဆိုသလို မျက်ဝန်းများ ပွင့်ဟလာသည်။ သူ၏မျက်ဝန်းတဝိုက်တွင် ရွှေရောင်အလင်းစက်ဝန်းများ ဝန်းရံနေပြီး ပြင်းထန်လှသော နဂါးစွမ်းအင်များလည်း ဖြာထွက်လာသည်။

အားလုံး ထိတ်လန့်သွားကာ အကြောင်းအရင်း မေးမြန်းတော့မည့် အချိန်မှာပင် ရှောင်ဇယ် စကားဆိုလာသည်။

"ကိုယ့်ကိုယ်ကို ကာကွယ်ထားကြ။ ငါတောင် မယှဉ်နိုင်လောက်တဲ့ ရန်သူတစ်ယောက် ရှိနေတယ်။"

ဟင်းလင်းပြင်သို့အပြန် အလယ်အလတ် အဆင့်ရှိသော ရှောင်ဇယ်သည်ပင် ယှဉ်မတိုက်နိုင်ပါက ထိုရန်သူသည် မည်မျှပင် ကြောက်မက်ဖွယ် ကောင်းနေပါသနည်း။

"စစ်ကူခေါ်လိုက်တော့။"

အန်လင်း အလန့်တကြား အော်ဟစ်ကာ အိပ်ပျော်နေသော တီနာအား နှိုးလိုက်သည်။

ဓားအင်မော်တယ်လင်းရှောင်သည်လည်း ကောင်းကင်ဘုံခုံရုံး၏ အရေးပေါ် စည်းတံဆိပ်အား ချိုးဖျက်လိုက်သည်။

ကျောက်စိမ်းစည်းတံဆိပ်သည် ခရမ်းရောင်ဖြစ်ပြီး အန္တရာယ် အရှိဆုံးသော အခြေအနေကို ကိုယ်စားပြုသည်။

"ဝေါင်း...."

ကမ္ဘာမြေပြင် တုန်ဟီးမတတ် ကျယ်လောင်လှသော နဂါးဟိန်းသံ ထွက်ပေါ်လာသည်။

ရှောင်ဇယ်သည် နဂါးနက်ကြီး တစ်ကောင်အဖြစ် ပြောင်းလဲသွားပြီးနောက် ကောင်းကင်ထက်သို့ ပျံဝဲကာ အဝေးတစ်နေရာအား စူးစိုက်ကြည့်ရှုလိုက်သည်။

သူသည် ဟွမ်းချန်မြို့တော်၏ အဝေးသို့သွားရန် လိုအပ်သည်။ ထိုသို့မဟုတ်ပါက တိုက်ပွဲမှ ဖြစ်ပေါ်လာသော စွမ်းအင်လှိုင်းဂယက်များကြောင့် ဟွမ်းချန်မြို့ တစ်ခုလုံး စိစိညက်ညက် ကြေသွားရပေလိမ့်မည်။

တစ်ချိန်တည်းမှာပင် မြို့တော်၏ အကာအကွယ် ဝင်္ကပါလည်း အသက်ဝင်လာသည်။ ပြည်သူများစွာ ရှိနေသောကြောင့် မည်သည့်စစ်သည်တော်ကမှ ဆုတ်ခွာထွက်ပြေးရန် မတွေးကြပေ။ ကျောင်းသားများသည်လည်း ၎င်းတို့၏ သက်ရှိစွမ်းအင်များဖြင့် ဝင်္ကပါအား အားဖြည့်ပေးနေကြသည်။

အရှိန်အဝါ အားကောင်းသော အစိမ်းရောင် အကာအရံတစ်ခုသည် ဟွမ်းချန်မြို့တော် တစ်ခုလုံးအား ချပ်ဝတ်တန်ဆာ တစ်ခုသဖွယ် လွှမ်းခြုံသွားသည်။

အနီရောင်ဝတ်စုံနှင့် အမျိုးသားသည် သွေးနီရောင်လက်ဝါးတစ်ခုအား ဟွမ်းချန်မြို့ထံ ပို့လွှတ်လိုက်သည်။

ရှေးဟောင်းနဂါးအား သတ်ဖြတ်ခြင်းသည် မဟူရာအဆိပ်သခင်အတွက် လက်စားချေခြင်းဖြစ်လျှင် ဟွမ်းချန်မြို့အား ဖျက်စီးခြင်းသည် ပျက်စီးသွားသော သွေးမျိုးနွယ်စု မြို့တော်ဆယ့်လေးခုအတွက် လက်စားချေခြင်း ဖြစ်ပေလိမ့်မည်။ မြို့တော်၏ အကာအကွယ် ဝင်္ကပါအား အားဖြည့်ပေးနေသူထဲတွင် ကျင့်ကြံရေး အဆင့်အမြင့်ဆုံးသူမှာ စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်း အဆင့်သာ ရှိသောကြောင့် သူ၏တိုက်ခိုက်မှုအား ခံနိုင်ရည်ရှိမည် မဟုတ်ပေ။

ကောင်းကင်နှင့်မြေပြင်မှာ ပြင်းထန်စွာ တုန်ခါလာသည်။

သွေးနီရောင် လက်ဝါးကြီးအား အရှိန်အဟုန်ပြင်းစွာဖြင့် ဟွမ်းချန်မြို့တော်ပေါ် ဦးတည်ကျဆင်းလာတော့သည်။

ကြီးမားလှသော သွေးနီရောင် လက်ဝါးကြီးအားကြည့်ကာ မြို့တော်ထဲတွင် နေထိုင်သူအပေါင်း သွေးပျက်နေကြလေပြီ။

ထိုလက်ဝါးကြီးသည် ဟွမ်းချန်မြို့တော်အား အမှုန့်ချေနိုင်လိမ့်မည်ဟု အားလုံးခံစားမိနေကြသည်။

ကျူးကျော်ဝင်ရောက်လာသူသည် ဟွမ်းချန်မြို့တော်အား ထင်မှတ်မထားသောကြောင့် ရှောင်ဇယ်၏ အမူအရာ ပြောင်းလဲသွားကာ ခန္ဓာကိုယ်အား လှုပ်ရှား၍ အနက်ရောင် လေပွေမုန်တိုင်းကြီးတစ်ခု ဖြစ်ပေါ်စေလိုက်သည်။

ဝုန်း.....

ကျယ်လောင်လှသော ပေါက်ကွဲသံများနှင့်အတူ စွမ်းအင်လှိုင်းဂယက်များမှာ ကီလိုမီတာပေါင်းများစွာအထိ ပျံ့နှံ့သွားသောကြောင့် မြို့တော်၏ အကာအကွယ် ဝင်္ကပါမှာလည်း တုန်ခါလာရသည်။

သွေးနီရောင်လက်ဝါးသည် အနက်ရောင်လေပွေများအား ဖျက်စီးပစ်နိုင်ခဲ့သည်။ လက်ဝါး၏ အရှိန်အဝါမှာ လျော့နည်းသွားပါသော်လည်း သာမန်ဟင်းလင်းပြင်သို့အပြန် အဆင့်တစ်ဦး၏ စွမ်းအင်မျှ ကျန်ရှိနေဆဲပင်။ ပထမဆုံး တိုက်ခိုက်မှုတွင်ပင် ရှောင်ဇယ်နှင့် လေဒင်တို့၏ စွမ်းအင်ကွာခြားချက်မှာ ထင်ရှားနေလေပြီ။

"အရူးပဲ။"

လေဒင်မှာ ရုတ်ချည်းဆိုသလို ရှောင်ဇယ်အနီးသို့ ရောက်ရှိလာသည်။

တိုက်ပွဲတစ်ပွဲတွင် အရေးအကြီးဆုံးမှာ သတိလက်လွတ် မဖြစ်ရန်ပင်။ အင်အားကောင်းသော ရန်သူအား လျစ်လျူရှုမိခြင်းသည် ကိုယ့်သေတွင်းကိုယ်တူးသည်ထက်ပင် ဆိုးရွားပေသည်။

လေဒင်သည် ရှောင်ဇယ်နှင့် ဝေးကွာနေသေးသောကြောင့် ဟွမ်းချန်မြို့အား တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထို့နောက်တွင် ပြင်ဆင်ရန် အချိန်အချို့ ရရှိခဲ့သေးသည်။

သို့သော် ရှောင်ဇယ်သည် ဟွမ်းချန်မြို့အား ကာကွယ်ပေးနေရသည်နှင့် မအားလပ်တော့ပေ။

ဆိုခဲ့သည့်အတိုင်း တိုက်ပွဲတစ်ပွဲတွင် သတိလက်လွတ် ဖြစ်သွားသည်မှာ အဆိုးရွားဆုံး ဖြစ်သည်။

လေဒင်သည် ဟွမ်းချန်မြို့အား ဂရုပင် မစိုက်တော့ပဲ ကြောက်မက်ဖွယ် မျက်ဝန်းများဖြင့် ရှောင်ဇယ်အား ကြည့်ရှုလိုက်သည်။

"သွေးကြယ်စင်လက်ချောင်း...."

ထို့နောက် လက်နှစ်ချောင်းဖြင့် ရှောင်ဇယ်အား ချိန်ရွယ်လိုက်သည်။

ကောင်းကင်နှင့်မြေပြင်၏ အရောင်အဝါများ မှေးမှိန်သွားကာ အနီရောင် အလင်းတန်းတစ်ခုသည် ဥက္ကာပျံ တစ်ခုအလား ရှောင်ဇယ်၏ ဦးခေါင်းပေါ် ကျဆင်းလာသည်။

ထိုသည်မှာ လေဒင် အနှစ်သက်ဆုံး တိုက်ခိုက်မှုတစ်ခုဖြစ်ပြီး သူ၏သွေးကြယ်စင်တာအိုနှင့်လည်း လိုက်ဖက်လွန်းလှသည်။

ထိုတိုက်ကွက်သည် ဟင်းလင်းပြင်သို့အပြန် အဆင့်များကိုပင် သတ်ဖြတ်နိုင်ပေသည်။

ဝုန်း.....

ကောင်းကင်တစ်ခုလုံး သွေးနီရောင် ပြောင်းလဲသွားကာ လေထုထဲတွင်လည်း အက်ရာများ ဖြစ်ပေါ်လာသည်။

"ဝေါင်း...."

ရှောင်ဇယ်မှာ နာကျင်စွာ အော်ဟစ်ရင်း ကီလိုမီတာများစွာ လွင့်ထွက်သွားသည်။

လေဒင်သည် ရှောင်ဇယ်အားကြည့်ရင်း အမူအရာ ပြောင်းလဲသွားရသည်။

"ဘာဖြစ်သွားတာလဲ။ ဘယ်ဟင်းလင်ပြင်သို့အပြန် အဆင့်ကမှ ဒီတိုက်ကွက်ကို မခံနိုင်ပါဘူး။ ဘာလို့ ခြစ်ရာလေးတောင် မထင်ရတာလဲ။"

ထို့နောက် ဟွမ်းချန်မြို့အား ကြည့်ရှုလိုက်သောအခါ အကာအကွယ် ဝင်္ကပါ ရှိနေသေးသည်ကို တွေ့လိုက်ရသည်။

တစ်ခုခုမှားနေတာလား....ဒါမှမဟုတ် ငါ့ဆီမှာ ပြဿနာ ရှိနေတာလား.....

မလောက်လေး မလောက်စား ပုရွက်ဆိတ်တွေက ငါ့လက်ဝါးကို ခံနိုင်တယ်ပေါ့လေ....

လက်ဝါးချက်သည် အနက်ရောင်နဂါး၏ ခုခံမှုကို ခံရပြီးသည့်တိုင် ဟင်းလင်းပြင်သို့အပြန် ကျင့်ကြံသူတစ်ဦး၏ အရှိန်အဝါများ ရှိနေသေးသောကြောင့် ဟွမ်းချန်မြို့တော်၏ စစ်သည်တော်များမှာ ခံနိုင်ရည် ရှိစရာ အကြောင်းမရှိပေ။

"ဝေါင်း...."

ထိုအချိန်တွင် ရှောင်ဇယ်မှာ အံ့ဖွယ်လျှပ်စီးများ ဆင့်ခေါ်နေလေပြီ။

အဖျက်စွမ်းအင် ပြင်းထန်လှသော အနက်ရောင် မိုးကြိုးလျှပ်စီးများမှာ ကြမ်းတမ်းခက်ထန်စွာဖြင့် လေဒင်၏ ဦးခေါင်းထက် ဆင်းသက်လာသည်။

လေဒင်သည် လက်ဝါးတစ်ဖက်သာထုတ်ကာ ခုခံလိုက်သည်။ ဟင်းလင်းပြင်သို့အပြန် အလယ်အလတ် အဆင့်ရှိသော ရှေးဟောင်းနဂါး၏ တိုက်ခိုက်မှုအား လက်တစ်ဖက်တည်းဖြင့် ကာပစ်နိုင်လိမ့်မည်ဟု ယုံကြည်ထားသည်။

မည်သို့ပင်ဆိုစေကာမူ မိုးကြိုးလျှပ်စီးများ၏ အရှိန်အဝါမှာ ဟင်းလင်းပြင်သို့အပြန် နောက်ဆုံးအဆင့်သို့ ရုတ်ချည်းထိုးတက်သွားပြီး ရွှေရောင်အလင်းများ ပေါ်ထွက်လာကာ ရင်သက်ရှုမောဖွယ် မြင်ကွင်းအဖြစ် ပြောင်းလဲသွားသည်။

ဝုန်း.....

မိုးကြိုးလျှပ်စီးများမှာ လေဒင်၏လက်အား မည်းနက်လောင်ကျွမ်းသွားစေသည်။

"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ အဲ့နဂါးက ဟင်းလင်းပြင်သို့အပြန် အထွဋ်အထိပ် အဆင့်ကို တကယ်ရောက်နေပြီလား။"

လေဒင် မယုံကြည်နိုင် ဖြစ်နေသည်။

သူသည် တိုက်ပွဲအား ဆယ်မိနစ်အတွင်း အပြီးသတ်နိုင်မည် ထင်ထားခဲ့ပါသော်လည်း ပထမဆုံး ဒဏ်ရာရရှိသွားမည်ဟု မမျှော်လင့်ထားပေ။

ဟွမ်းချန်မြို့တော်တွင် ရှိနေသော အန်လင်း၏ လက်ညှိုးထိပ်တွင် မိုးကြိုးလျှပ်စီးများ ဝေ့ဝဲနေလျက် ရှိသည်။

သူသည် တပည့်ဖြစ်သူ၏ လျှပ်စီးအား မြှင့်တင်ပေးလိုက်ခြင်းဖြစ်ပြီး ရလဒ်မဆိုးဟု ဆိုနိုင်သည်။

ထိုသည်မှာ ရှောင်ဇယ်နှင့် ဆရာတပည့်စာချုပ် ချုပ်ဆိုထားခြင်းကြောင့် ဖြစ်နိုင်ပါသော်လည်း အန်လင်းသည် ရှောင်ဇယ်၏ အံ့ဖွယ်လျှပ်စီးနှင့် ဆက်နွယ်မှု အားကောင်းနေသောကြောင့် ဟင်းလင်းပြင်သို့အပြန် နောက်ဆုံးအဆင့် ကျင့်ကြံသူ၏ အရှိန်အဝါနီးပါးမျှ မြှင့်တင်ပေးနိုင်ခဲ့သည်။

"မင်းအဆင်ပြေရဲ့လား။"

အန်လင်း တီနာအားကြည့်ကာ မေးလိုက်သည်။

တီနာ ပြုံးကာခေါင်းညိတ်ပြလိုက်သည်။

"ကိစ္စမရှိပါဘူး....ဒီလိုတိုက်ခိုက်မှုမျိုး နောက်အကြိမ်တစ်ရာလောက် ခုခံနိုင်သေးတယ်။"

တီနာသည် ဝင်္ကပါ၏ ဗဟိုချက်အား တာဝန်ယူထားပြီး ဓားအင်မော်တယ်လင်းရှောင်သည်၊ ချန်ဖေး၊ ရှောင်ချိုး၊ ရွှမ်းယွမ်ချန်၊ စုရှောင်လန်၊ စုချန်းရန်နှင့် အခြားသူများ အားလုံးသည်လည်း သက်ရှိစွမ်းအင်များ ထောက်ပံ့ပေးနေသောကြောင့် ဟင်းလင်းပြင်သို့အပြန် အထွဋ်အထိပ်အဆင့် ကျင့်ကြံသူ၏ လက်ဝါးချက်အား ခုခံနိုင်ခဲ့ကြသည်။

သို့သော် ရန်သူသည် ကြောက်မက်ဖွယ် ကောင်းလွန်းလှသောကြောင့် အန်လင်း မျက်နှာမကောင်းလှပေ။

၎င်းသည် မဟူရာည အကြီးအကဲ၊ နန်းဆောင်သခင်မချင်းလီနှင့် စစ်နတ်ဘုရား ရှင်းထျန်းတို့နှင့်ပင် လက်ရည်တူလောက်သည်။ ထိုသူများသည် မည်မျှပင် ရင်ဆိုင်ရန် ခက်ခဲကြောင်း အန်လင်း ကောင်းစွာသိရှိထားသည်။ ထိုသည်မှာ တာအိုပေါင်းစည်းခြင်း အဆင့်သို့ရောက်ရန် အလွန်နီးစပ်နေသူများဖြစ်ပြီး ဝှက်ဖဲများစွာ ရှိနေတတ်သူများလည်း ဖြစ်သည်။

ထို့ကြောင့်ပင် စစ်နတ်ဘုရားခန္ဓာ စဦးအဆင့် ရောက်ရှိထားသော အန်လင်းသည်ပင် တိုက်ပွဲထဲသို့ မဆင်မခြင် ဝင်မပါရဲပေ။

ထိုသွေးမျိုးနွယ်စု ကျင့်ကြံသူတွင် ရှိနိုင်မည့် ဝှက်ဖဲများစွာအား လျှော့မတွက်သင့်ပေ။

အခြားသော အကြောင်းပြချက်မှာ ဟင်းလင်းပြင်သို့အပြန်အဆင့် ရန်သူများနှင့် တိုက်ခိုက်တိုင်း အသက်စွမ်းအင်အား စတေးရလေ့ ရှိသောကြောင့် ဖြစ်သည်။

ယခုတစ်ကြိမ်တွင်လည်း ထိုသို့မလုပ်လိုတော့ပေ။

ထို့ကြောင့် ကောင်းကင်ဘုံခုံရုံးမှ စစ်ကူများ ရောက်ရှိလာမည်ကိုသာ စောင့်ဆိုင်းရန် ဆုံးဖြတ်ထားသည်။

All Chapters