← Chapters

အကြွေးပေးဆပ်ရန် တစ်စုံတစ်ဦးထံ လာရောက်လည်ပတ်ခြင်း

Vol. 40 Ch. 550

အကြွေးပေးဆပ်ရန် တစ်စုံတစ်ဦးထံ လာရောက်လည်ပတ်ခြင်း

Vol. 40 Ch. 550

ထူးဆန်းပြီး မယုံနိုင်သော အမူအရာဖြင့် ယန်လီက အိုးရန်လီအား ကြည့်နေရင်း

"ပြောပါဦး အိုးရန်လဲ့ … မင်းက ရူးနေတာလား။ ထန်ရှုက ငါ့ကို မင်းဆီကနေ ခိုးဖို့ ပြောခဲ့တာတောင် မင်းက သူ့ကို ကျေးဇူးတင်နေတာလား။ ဒါက ဘယ်လိုကြီးလဲဟ။ မှန်မှန်ကန်ကန်ပြောရရင် မင်းရဲ့ဖိနပ်တစ်ဖက်ကို ယူပြီး သူ့ကို ပစ်သင့်တာမဟုတ်ဘူးလားကွ။"

အိုးရန်လဲ့၏မျက်နှာပေါ်တွင် ကျေးဇူးတင်နေသော အမူအရာက အေးခဲသွားရသည်။ သူသည် ထန်ရှုနှင့် ယန်လီကို တွေတွေကြီး စိုက်ကြည့်နေရင်း အိပ်မက်မှ ရုတ်ခြည်း နိုးထလာဟန်ရသည်။

…ဒါအမှန်ပဲ… ငါက သူ့ကို ဘာလို့ ကျေးဇူးတင်နေရတာလဲ။ ဒင်းတို့၂ကောင်ရဲ့ မဟာကျေးဇူးတော်ကြောင့် လွန်ခဲ့တဲ့ နှစ်ရက်လောက်က ငါ့မှာ ပြိုလဲလုနီးပါး ဖြစ်နေခဲ့ရတာလေ ချီးတဲ့မှ…

ချက်ချင်းပင် အိုးရန်လဲ့၏နှလုံးသားအတွင်းမှ ကျေးဇူးတင်နေမှုသည် ပျောက်ကွယ်သွားခဲ့သည်။ သူ့အနေဖြင့် ဒေါသကို ထုတ်ဖော်လိုက်ချင်သော်လည်း ထိုသို့ မပြုရဲပေ။ ပထမဆုံးအနေဖြင့် သူ့အရှေ့တွင် ရှိနေသူမှာ ပြောစရာမလိုလောက်အောင် ထန်ရှု ဖြစ်သည်။ ထို့အပြင် ယန်လီဟု အမည်တွင်သော ထိုလူရွယ်သည် အစွမ်းထက်လွန်းလှသည်။ ဤလူသည် စောရနတ်ဘုရား ဖြစ်ဖွယ်ရှိသည်။

အိုးရန်လဲ့၏မျက်နှာပေါ်ရှိ ပြောင်းလဲလာသော အမူအရာကို သတိပြုမိပြီးနောက် ယန်လီက ရယ်မောကာ

“ဘာပဲဖြစ်ဖြစ် ငါ့ကိုယ်ငါ မိတ်ဆက်ပေးပါရစေ။ ယန်လီဆိုတဲ့ ငါက သူခိုးဂိုဏ်းရဲ့တပည့်ပါ။ ကမ္ဘာပေါ်က ဖောက်ထွင်းမှုကြီးတွေရဲ့တစ်ရာခိုင်နှုန်းက ငါ့ရဲ့လက်ချက်တွေပေါ့။”

…သူခိုးဂိုဏ်းဟုတ်လား…

အိုးရန်လဲ့၏မျက်နှာ ကွက်ကနဲ ပျက်သွားပြီး နိုးနိုးကြားကြားရှိသော အကြည့်များ ဖြစ်သွားသည်။ သာမာန်မိသားစုများအတွက် သူခိုးဂိုဏ်းသည် မည်သို့သော တည်ရှိမှုဖြစ်သည်ကို သိနိုင်မည်မဟုတ်သော်လည်း သူ့အမေနှင့်ဆက်ဆံရေးကြောင့် သူခိုးဂိုဏ်း၏ ဒဏ္ဍာရီများစွာကို သူ ကြားဖူးထားခဲ့သည်။

"ယန်... အစ်ကိုကြီးယန်…"

အိုးရန်လဲ့က ချောင်းတစ်ချက်ဆိုးပြီး ဖျစ်ညစ်ပြုံးပြလိုက်သည်။ ရှေးလူကြီးတွေ ပြောသကဲ့သို့ ခိုးသူကို မကြောက်ရဘဲ ခိုးသူ၏ အကြံအစည်ကိုတော့ ကြောက်ရပေသည်။ အထူးသဖြင့် ယန်လီသည် ဆိုးဆိုးရွားရွား ရည်ရွယ်ချက်မရှိတာတောင် အိုးရန်မိသားစုအား ယောက်ယက်ခတ်နေအောင် ပြုလုပ်ခဲ့သည်။  အိုးရန်မိသားစုတွင် မျက်စိကျစရာကိစ္စအချို့ တကယ် ရှိခဲ့ပါက အိုးရန်မိသားစုသည် နောက်ပိုင်း၌ ကောင်းကောင်းနေရလိမ့်မည်မဟုတ်ပေ။

"အကိုကြီးဟုတ်လား အာ … မင်းက အရမ်းသဘောကောင်းတာပဲ ညီအစ်ကိုအိုးရန်။" ယန်လီ ပြုံးလိုက်သည်။

"မင်းက ညီအစ်ကိုထန်ရဲ့ ယောက်ဖဖြစ်လာမယ်ဆိုတော့ မင်းလည်း နောင်ဆိုရင် ငါတို့လူ ဖြစ်လာလိမ့်မယ်။"

ထန်ရှုက သူ့ကို မျက်လုံးလှန်ကာ ကြည့်လိုက်ပြီး သူ၏လက်ကို ဝှေ့ယမ်းလိုက်ကာ

"ဘာမှ အဓိပ္ပါယ်မရှိတာတွေ ပြောမနေနဲ့တော့ ဟုတ်ပြီးလား။ မင်းတို့လည်း မနက်ဖြန် လုပ်စရာတွေ ရှိသေးမှာပဲ … စောစောအနားယူကြတော့။ ငါလည်း လုပ်စရာတွေ ရှိနေလို့ မင်းတို့ကို အဖော်မလုပ်ပေးတော့ဘူး။"

ထိုစကားကို ပြောပြီးနောက် ထန်ရှုသည် ဒုတိယထပ်သို့ ပြန်တက်သွားကာ ရေချိုးလိုက်ပြီး ဂူရှောင်ရွှဲ့ လာပို့ပေးထားသော ညဝတ်အင်္ကျီကို ဝတ်ဆင်လိုက်သည်။ ညဉ့်နက်နေပြီဖြစ်သော်လည်း ထန်ရှုသည် သူ၏ဖုန်းကို ထုတ်ကာ ထန်မိသားစုခေါင်းဆောင်ဟောင်းဆီ ခေါ်ဆိုလိုက်သည်။ ခဏကြာတော့ ဖုန်းဆက်သွယ်ခြင်း အောင်မြင်သွားပြီး သူ့အဖိုး၏အသံ ထွက်လာသည်။

" ရှုအာ… အချိန်မတော် အဖိုးဆီ ဖုန်းဆက်တာ အရေးကြီး ကိစ္စရှိနေလား။"

"ဒါက နည်းနည်း အရေးကြီးတယ် အဘိုး။"

"ဘာကိစ္စများလဲ။" ထန်ကောရှန့်က မေးသည်။

"ယောင်မိသားစုတွေ တောင်တရုတ်ပင်လယ်ထဲက ယောက်သွားကျွန်းကို ငှားတော့မယ်လို့ အဖိုးကို ဒေါ်လေး ပြောပြီးလောက်ပြီထင်တယ်။ ကျွန်တော်ကိုယ်တိုင်လည်း အဲ့ဒါနဲ့ပတ်သက်ပြီး တိကျတဲ့ အချက်အလက်တွေ ရထားတယ်။ ယောက်သွားကျွန်းကို ငှားမယ့် ယောင်မိသားစုရဲ့ရည်ရွယ်ချက်က မိသားစုကြီးတွေကို စုစည်းပြီး သူတို့တွေရဲ့ လက်နက်ကိုင်တပ်ဖွဲ့များကို လေ့ကျင့်ဖို့အတွက် ကောင်းမွန်တဲ့ ပြင်ဆင်မှုတွေ ပြုလုပ်ထားဖို့ပဲ အဘိုး။ ဒါပေမယ့် အစိုးရနဲ့ စေ့စပ်ညှိနှိုင်းရေးမှာ တာဝန်ခံအစစ်အမှန်က ယောင်ချင်းထန် ဖြစ်ပြီးတော့ ယောင်ရှင်းဟွာက အပေါ်က ဟန်ပြလေးတစ်ခုပဲ။ ကျွန်တော် အဘိုးဆီ ဖုန်းဆက်ဖို့နောက်ကျနေတာက အဲ့ဒီယောက်သွားကျွန်းနဲ့ ကီလိုမီတာနည်းနည်းပဲဝေးတဲ့ အခြားကျွန်းတစ်ကျွန်းကိုပါ စုံစမ်းနေလို့ပါ။ ပြောရမယ်ဆိုရင် ဒီကျွန်းနှစ်ကျွန်းကို ငှားမှာပေါ့။”

ထန်ကောရှန့်က လန့်ဖျပ်သွားပြီး

"မင်းက ကျွန်းနှစ်ကျွန်းတောင် ငှားမှာလား။ ဘာလုပ်ဖို့လဲ။"

“ယောက်သွားကျွန်းက ဆေးဖက်ဝင်အပင်တွေ စိုက်ပျိုးဖို့ အတော် သင့်တော်သလို နောက်တစ်ကျွန်းက သားရဲရိုင်းတွေကို မွေးမြူဖို့ သင့်လျော်နေတယ်။” ထန်ရှုက ရှင်းပြသည်။

"ကျွန်တော် ဒီကျွန်းနှစ်ကျွန်းကို ပိုင်သွားခဲ့ရင် ထန်မိသားစုရဲ့ ခွန်အားက လက်ရှိအင်အားထက် အဆတစ်ရာအထိ တိုးမြင့်လာစေလိမ့်မယ်။"

"သေချာလား ရှုအာ…" ထန်ကောရှန့်၏လေသံသည် အတော် အလေးအနက်ဖြစ်လာသည်။

"ကျွန်တော် အာမခံပါတယ်။" ထန်ရှုကလည်း ထပ်တူညီသည့် လေသံဖြင့် ပြောခဲ့သည်။

ထန်ကောရှန့်သည် ၂မိနစ်ခန့် တိတ်ဆိတ်သွားပြီးမှ လေးနက်သော အသံဖြင့်

“ငါ နားလည်ပြီ။ ငါ့ဆီက သတင်းကို စောင့်ပါ။"

“အဘိုး နေပါဦး။” ထန်ကောရှန့် ဖုန်းချတော့မည်ကို သတိထားမိလိုက်သဖြင့် ထန်ရှုက

“အဘိုး … ကျွန်တော် အဘိုးကို အကြောင်းကြားဖို့ အရေးကြီးတာတစ်ခု ရှိသေးတယ်။ ယောက်သွားကျွန်းနဲ့ အခြားကျွန်းကို ယူဖို့ ထန်မိသားစုအတွက် အထောက်အကူဖြစ်ကောင်းဖြစ်နိုင်ပါတယ်။”

"အဲ့ဒါ ဘာများလဲ။" ထန်ကောရှန့်က မေးလာသည်။

“ကျွန်တော် ခုနလေးတင်ပဲ ယောက်သွားကျွန်းက ပြန်ရောက်တာ။ ယောင်မိသားစုရဲ့လူတွေကို အဲ့ဒီမှာ တွေ့တယ်။ သူတို့ထဲက တချို့ကို ကျွန်တော်တို့ သတ်ခဲ့သလို ယောင်ချင်းထန်နဲ့ ကျန်တဲ့သူတွေက သားရဲတွေကြောင့် ယောက်သွားကျွန်းမှာ သေဆုံးသွားတယ်။ ကျွန်တော် သူတို့ဆီကနေ စာရွက်စာတမ်းတွေနဲ့ ရုံးပုံစံလုပ်ထုံးလုပ်နည်းအချို့ကို ယူလာခဲ့တယ်။ အဘိုးဆီကို ပို့ပေးစေချင်သလား။"

“အဲ့ဒါ အရမ်းကောင်းတယ်။" ထန်ကောရှန့်က စိတ်လှုပ်ရှားနေသည်။

"ငါ့ဆီ ချက်ချင်း ပို့လိုက်။ ဒါနဲ့ လမ်းခရီးမှာ ဘေးကင်းလုံခြုံပါ့မလား။”

"ပြဿနာ မရှိပါဘူး။" ထန်ရှုက ပြောသည်။

“ဘာပြဿနာမှ မရှိဘူးဆိုရင် စာရွက်စာတမ်းတွေကို ပေကျင်းကနေ စောင့်နေလိုက်မယ်။ ငါ့လက်ထဲ ရောက်လာတဲ့ စာရွက်စာတမ်းတွေအပေါ် မူတည်ပြီး အခြေအနေတွေအလိုက် လှုပ်ရှားဖို့ ပိုကောင်းတဲ့ နည်းလမ်းတွေကို ငါ တွေးပေးလို့ရတယ်။”

ဖုန်းခေါ်ဆိုမှုပြီးဆုံးပြီးနောက် ထန်ရှုသည် ဂေါင်ဖုန်းကို ရှာခဲ့ပြီး ထိုသူအား ကျွမ်းကျင်သူများစွာကို ခေါ်ဆောင်စေလျက် ပေကျင်းသို့ ညတွင်းချင်း သွားကာ စာရွက်စာတမ်းများကို ထန်ကောရှန့်ဆီသို့ ကိုယ်တိုင်ပေးရန် အမိန့်ပေးလိုက်သည်။

နောက်တစ်နေ့မနက်…

ကျင်းမန်ကျွန်း၏ပထမပြည်သူ့ဆေးရုံတွင် နှစ်ရက်ကြာ မေ့မျောနေသော ယောင်ရှင်းဟွာသည် နောက်ဆုံးတွင် သတိရလာပြီဖြစ်သည်။ သူသည် ဆရာဝန်များ၏ ကုသခြင်းကြောင့် နိုးထလာခြင်း မဟုတ်ဘဲ သဘာဝအတိုင်း သတိပြန်ဝင်လာခြင်း ဖြစ်သည်။ သူ၏မြင်ကွင်းထဲသို့ နံရံဖြူဖြူများ ဝင်လာပြီး နှာခေါင်းထဲသို့ ဆေးနံ့များ လှိုင်လှိုင် ဝင်လာသဖြင့် သူ ထထိုင်ရန် ကြိုးစားလိုက်သည်။ သူ့အား ဆေးပုလင်းချိတ်ထားသည်မှာ နှစ်ရက်ရှိနေပြီ ဖြစ်ပေသည်။

"ဒါက ဘယ်နေရာလဲ။" ယောင်ရှင်းဟွာသည် လူနာကုတင်ဘေးရှိ ကုလားထိုင်ပေါ်တွင် ထိုင်ကာ အိပ်ငိုက်နေသော အမျိုးသားကို ကြည့်ရင်း မေးလိုက်သည်။

သက်လတ်ပိုင်းအရွယ် လူကြီးက မော့ကြည့်ကာ ကြောင်အအ စိုက်ကြည့်နေသည်။ ယောင်ရှင်းဟွာ နိုးလာမှန်း သိလိုက်သည့်အခါ လန့်ဖျပ်သွားပြီး ထိုင်ခုံမှ ရုတ်တရက် ခုန်ထမိတော့သည်။ ထို့နောက် သူက စိတ်လှုပ်ရှားနေသောလေသံဖြင့်

“သခင်လေး … နောက်ဆုံးတော့ သတိရလာပြီလား။ ငါ … ငါ ... ဆရာဝန် ခေါ် လိုက်ဦးမယ်။ ခဏလောက် စောင့်ပေးပါ။"

ယောင်ရှင်းဟွာက မျက်မှောင်ကြုတ်လိုက်ကာ ထိုလူကို လှမ်းတားလိုက်ပြီး လေးပင်သော အသံဖြင့်

“ဒီနေရာက ဘာလဲဆိုတာ ငါ့ကို မပြောရသေးဘူးနော်။ ငါ ဘာဖြစ်ခဲ့တာလဲ။"

သက်လတ်ပိုင်းအရွယ် လူကြီးက အားတင်းထားရသော အပြုံးဖြင့်

"သခင်လေး … မင်းက အိုးရန်မိသားစုက စီစဉ်တဲ့ ပရဟိတပွဲမှာ ထူးဆန်းတဲ့ အခြေအနေတစ်ခု ဖြစ်သွားတယ်။ မင်းကို နှိုးဖို့ ဘယ်လိုပဲ ကြိုးစားကြိုးစား နှိုးလို့ မရဘူး။ အရေးကြီးဆုံးက မင်းကို ဒီဆေးရုံပို့ပြီးတာတောင် ဆရာဝန်တွေက ရောဂါရဲ့ အကြောင်းရင်း ရှာမတွေ့ဘဲ ဘာရောဂါလက္ခဏာမှ မပြဘဲ သတိလစ်နေခဲ့တာ။ ဟုတ်သားပဲ … ဒီနေရာက ကျင်းမန်ကျွန်းရဲ့ ပထမပြည်သူ့ဆေးရုံဖြစ်ပြီး ဒီကို လွန်ခဲ့တဲ့ နှစ်ရက်လောက်ကတည်းက ရောက်နေခဲ့တာလေ။"

"ခင်ဗျားဆိုလိုတာက အဲဒီနေ့ညက ပရဟိတပွဲမှာ ငါ ရုတ်တရက် မေ့မျောနေခဲ့တာ ဟုတ်လား။" ယောင်ရှင်းဟွာ မျက်မှောင်ကြုတ်သွားသည်။

သက်လတ်ပိုင်းအရွယ် လူကြီးက ခေါင်းညိတ်သည်။

မမေ့မြောမီ ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များကို ပြန်သတိရရန် ကြိုးစားနေသည့်ဟန်ကို ယောင်ရှင်းဟွာ၏မျက်နှာထက်တွင် အထင်းသား မြင်တွေ့နိုင်သည်။ ခဏအကြာတွင် သူ၏မျက်နှာသည် သိသိသာသာ ပျက်သွားကာ

"ထန်ရှုကရော ဘယ်လိုလဲ။ ငါ မေ့မျောပြီး သူ ဘယ်ကို ထွက်သွားတာလဲ။”

"သခင်လေး ဆိုလိုတာက ထန်မိသားစုက ထန်ရှုလား။" လူလတ်ပိုင်းလူကြီးသည် စိတ်ရှုပ်သွားသည်။

"ဟုတ်တယ် … သူပဲ။" ယောင်ရှင်းဟွာက လေးပင်သော အသံဖြင့် ပြောသည်။

“ငါ မမေ့ခင်မှာ သူနဲ့အတူ ရှိနေခဲ့တာလေ။ အဲ့ဒီအချိန်က သူက ဘယ်မှာလဲ။"

“သခင်လေး … မင်း မေ့မျောနေတာကို ငါတို့ တွေ့တဲ့အချိန် သူ မရှိတော့တာ ကြာပြီ။ ဒါပေမယ့် အဲဒီနေ့ညက ငါတို့လူတွေ မတော်တဆတစ်ခု ဖြစ်ခဲ့တယ်။” သက်လတ်ပိုင်းအရွယ် လူကြီးက အားတင်းပြုံးကာ ပြောခဲ့သည်။

"ဘာဖြစ်သွားလို့လဲ။" ယောင်ရှင်းဟွာက မေးသည်။

သက်လတ်ပိုင်းအရွယ် လူကြီးက ပြောပြသည်။

" ရှရီတွန်ဟိုတယ်အနီးမှာ ကင်းပုန်းချဖို့ အဖွဲ့နှစ်ဖွဲ့ကို သခင်လေး တာဝန်ပေးထားတယ် မဟုတ်လား။ အဖွဲ့တစ်ဖွဲ့စီရဲ့စနိုက်ပါသမားနှစ်ယောက်က ခြုံခိုတိုက်ခိုက်ဖို့အတွက် ဟိုတယ်ရဲ့မျက်နှာချင်း အဆောက်အဦးကို သွားကြတယ်။ သခင်လေး သတိလစ်ပြီး ဒီဆေးရုံကို ခေါ်လာရတဲ့အတွက် အဖွဲ့နှစ်ဖွဲ့ကို ပြန်ဆုတ်ဖို့ ငါကိုယ်တိုင် အမိန့်ပေးခဲ့တယ်။ စနိုက်ပါသမားနှစ်ယောက် အသတ်ခံရပြီးပြီလို့ ဘယ်သူ သိမှာလဲ။ နဖူးကို ငွေအပ်တွေ စိုက်နေတာက စိတ်ကူးလို့ မရနိုင်တဲ့ အချက်တစ်ခုပဲ။ ငွေအပ်ဆိုပေမယ့် အဲ့ဒါလေးက ဦးနှောက်အာရုံကြောတွေရဲ့ အရေးကြီးဆုံး အစိတ်အပိုင်းကို ထိုးစိုက်သွားတာမို့ သေဆုံးခဲ့ရတာ။”

ဟူး … ယောင်ရှင်းဟွာ ထိုစကားကြားသည့်အခါ လေအေးတစ်ချက် မရှူရှိုက်ဘဲ မနေနိုင်တော့ပေ။

ထိုအချိန်က ထန်ရှုနှင့် သူ ပြောခဲ့သော စကားအား ရှင်းရှင်းလင်းလင်း မှတ်မိနေသေးသည်။ မည်သူက မတ်မတ်ရပ်ပြီး ရှရီတွန်ဟိုတယ်မှ ထွက်ခွာနိုင်မည်နည်း … မည်သူက အိပ်ပျော်သွားကာ ကျန်ခဲ့မည်နည်း။

ထန်ရှု ထိုအချိန်က တစ်ခုခုလုပ်ခဲ့သဖြင့် သူ ရှုံးနိမ့်ခဲ့ရသည်မှာ သံသယဖြစ်ဖွယ် မရှိချေ။

…အဲ့ဒီတုန်းက သူ ငါ့ကို ဘာလို့ တစ်ခါတည်း မသတ်သွားတာလဲ။ သူ့ရဲ့ ကြောက်စရာကောင်းတဲ့ အရည်အချင်းနဲ့ ငါ့ကို သတ်သွားခဲ့ရင် နတ်ဘုရားတွေနဲ့ ဝိညာဉ်တစ္ဆေတွေကတောင် သတိပြုမိမှာ မဟုတ်ဘူးလေ။ နောက်ပြီး သူ့ကို ချောင်းမြောင်းပစ်မယ့် စနိုက်ပါသမားနှစ်ယောက်ကို သတ်တဲ့လူက သိပ်ကို ကြောက်ဖို့ကောင်းလွန်းတယ်။ ထန်ရှုကိုယ်တိုင် လုပ်ခဲ့တာလား။ ဒါမှမဟုတ် သူ့လူတစ်ယောက်က လုပ်ခဲ့တာလား…

ယောင်ရှင်းဟွာ ဆက်ပြီးတွေးတောနေပေမယ့် အတွေးတိုင်းက သူ၏ကျောရိုးကို အေးစိမ့်သွားစေသည်။ တောင်ပိုင်းဒေသရှိ ပြည်နယ်နှစ်ခုအတွက် ထန်ရှုနှင့် တိုက်ခိုက်ရာတွင် မည်သည်အတွက်ကြောင့် ဤမျှလောက် ဆိုးဆိုးရွားရွား ရှုံးနိမ့်ခဲ့ရသည်ကို နောက်ဆုံးတော့ သူ နားလည်သွားခဲ့ပေသည်။ ထိုရှုံးနိမ့်မှုသည် ထန်ရှု၏ အလွန်ကြောက်စရာကောင်းသည့် အရည်အချင်းများကြောင့် ဖြစ်ပေမည်။ ထန်ရှု၏လက်အောက်တွင် အလွန် ကြောက်စရာ ကောင်းသော လက်နက်ကိုင်တပ်ဖွဲ့တစ်ခု ရှိနေနိုင်ရာသည်။

အချိန်အတော်ကြာပြီးနောက် ယောင်ရှင်းဟွာက သက်လတ်ပိုင်းလူကြီးကို ကြည့်ပြီး

“ငါ့ရဲ့ ဒုတိယဦးလေး ပြန်လာပြီလား။”

"သူ ပြန်မလာသေးဘူး။" သက်လတ်ပိုင်းအရွယ် လူကြီးက ခေါင်းယမ်းသည်။

“သူ့ရဲ့ ကမ်းရိုးတန်းဖုန်းကို ငါတို့ ဖုန်းခေါ်ပေမယ့် ဘယ်သူမှ မဖြေဘူး။ နောက်ပြီး သူတို့သင်္ဘောနဲ့လည်း အဆက်အသွယ် ပြတ်နေတယ်။”

ယောင်ရှင်းဟွာ၏မျက်နှာ အကြီးအကျယ် ပျက်သွားပြီး "သင်္ဘောနဲ့ အဆက်အသွယ် ပြတ်သွားတာက ဘယ်လို ဖြစ်နိုင်မှာလဲ။ သင်္ဘောမှာ အထူးကောင်းမွန်ပြီး ခေတ်မီတဲ့ ဆက်သွယ်ရေးကိရိယာတွေ တပ်ထားတယ်လေ။”

“သင်္ဘောပေါ်က ဆက်သွယ်ရေးကိရိယာများ ပိတ်ထားတဲ့အတွက် ငါတို့ ဖုန်းဆက်လို့ မရတာပါ။”

ယောင်ရှင်းဟွာ တခဏ တိတ်ဆိတ်သွားပြီး “ငါ သိပြီ။ အခု တခြားကိစ္စတွေ ဆွေးနွေးပြီးရင် ပေကျင်းကို အရင်ပြန်ကြမယ်။”

သက်လတ်ပိုင်းအရွယ် လူကြီးသည် သတိရှိသော အကြည့်ဖြင့် ချီတုံချတုံ စကားပြောလာသည်။

“သခင်လေး … ဒီမနက် အကြွေးဆပ်ဖို့ လာတောင်းတဲ့ သူတစ်ယောက်ရှိတယ်။”

…လူတစ်ယောက်က အကြွေးလာတောင်းနေတယ်…

"ခင်ဗျား ဘာတွေပြောနေတာလဲ။" ယောင်ရှင်းဟွာက ဒေါသတကြီး အော်လိုက်သည်။

"ငါတို့ ဘာအကြွေးတွေ ရှိလို့လဲ။"

"အဲဒီလူက သူ့ကို ထန်ရှုက လွှတ်လိုက်တယ်လို့ ပြောတယ်။" သက်လတ်ပိုင်းအရွယ် လူကြီးက နှိမ့်ချစွာ ပြန်ဖြေသည်။

"လောင်းကစား အကြွေး ၁ဘီလီယံလို့ သူက ပြောပါတယ်။"

…လောင်းကစားအကြွေး ၁ ဘီလီယံဟုတ်လား…

ယောင်ရှင်းဟွာ အံသြသွားသည်။ ပရဟိတပွဲတွင် သူနှင့် ထန်ရှုကြားက အလောင်းအစားကို ရုတ်တရက် သတိရသွားသည်။ သူ၏ရင်ထဲတွင် တုန်လှုပ်သွားရပြီး ချက်ချင်းပင် နေမကောင်းဖြစ်ကာ မှုန်မှိုင်းလာသည်ဟု ခံစားလိုက်ရသည်။

ထန်ရှုက သူ့အပေါ် မည်သို့ လုပ်ခဲ့မှန်း မသိခဲ့သော်လည်း နောက်ဆုံးရလဒ်ကတော့ သူ လဲကျသွားကာ တခြားလူက သူ့အား အပြင်သို့ သယ်ထုတ်သွားခဲ့ရပြီး ထန်ရှုက သူ့ဘာသာသူ ထွက်သွားခဲ့သည်။

…ငါ ဘာလုပ်သင့်သလဲ။ ဒီလူယုတ်မာထန်ရှုကို ယွမ်၁ဘီလီယံ ပေးရမယ်လို့ ငါ့ကို မပြောကြပါနဲ့…

ယောင်ရှင်းဟွာ၏မျက်လုံးများထဲတွင် စူးစူးရှရှ အရိပ်အယောင် ပေါ်လာပြီး သူ၏လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်ထားသည်။ ထို့နောက် သူက “ငါတို့ အရင်ပြန်သွားပြီး အဲ့ဒါကို နောက်မှ ဆွေးနွေးမယ်။”

“ဆွေးနွေးဖို့ စောင့်စရာ မလိုဘူးလို့ ငါ ထင်ပါတယ်။ သခင်လေးက လောင်းကြေးကို သဘောတူထားတဲ့အတွက် ပေးချေရမှာပဲ။ ဒါ လောင်းကစားရဲ့ စည်းကမ်းပါ။ သခင်လေးယောင်က ငါ့ကို ရှုံးသွားတော့မှ အကြွေး ၁ဘီလီယံလောက်လေးနဲ့ ပြေးဖို့တော့ မစဉ်းစားဘူးမဟုတ်လား။"

လူနာဆောင်အပြင်ဘက်မှ ကျီစားသည့်စကားသံများ ရုတ်တရက် ထွက်ပေါ်လာသည်။

စကားဆုံးသည်နှင့် ထန်ရှုသည် သူ၏လူယုံနှစ်ဦးနှင့်အတူ အထဲသို့ ဝင်လာခဲ့ပြီး ကုတင်ပေါ်ကနေ ဆင်းနေသည့် ယောင်ရှင်းဟွာအား အပြုံးသဲ့သဲ့ဖြင့် ကြည့်နေသည်။

***

All Chapters