← Chapters

ပြင်းထန်သော ခြိမ်းခြောက်မှု

Vol. 40 Ch. 551

ပြင်းထန်သော ခြိမ်းခြောက်မှု

Vol. 40 Ch. 551

ယောင်ရှင်းဟွာ မျက်နှာပျက်သွားပြီး နောက်ပြန်ဆုတ်သွားကာ ထန်ရှုအား အေးစက်စက် အကြည့်တို့ဖြင့် ကြည့်နေသည်။ ပရဟိတပွဲတွင် ဖြစ်ပျက်ခဲ့ခြင်းသည် ထန်ရှုအပေါ် သတိကြီးစွာ ထားရန် အထူး ညွှန်ပြနေခဲ့သည်။

"မင်း ပြသနာ ရှာဖို့ ရောက်လာတာလား။" ယောင်ရှင်းဟွာက မွန်းကြပ်နေသော အသံဖြင့် မေးသည်။

"ငါ ပြောတာကို မင်း မကြားလိုက်ဘူးလား။" ထန်ရှုက လက်ကို ဝှေ့ယမ်းပြီး ပြုံးလိုက်သည်။ “ရှင်းရှင်းလင်းလင်း မကြားရရင် ထပ်ပြောပြမယ်။ ငါတို့ရဲ့လောင်းကြေးကို  မင်း မမေ့ထားသင့်ဘူး မဟုတ်လား။ မင်းက မေ့မျောခဲ့ပြီး ရှရီတွန်ဟိုတယ်ကနေ သယ်ထုတ်သွားခံရတဲ့အတွက် မင်း ရှုံးသွားတယ်။ ဒါကြောင့် ငါတို့အလောင်းအစားအတွက် မင်း ငါ့ကို ယွမ်၁ဘီလီယံ ပေးရမယ်။ ဒီတစ်ခေါက်လာလည်ရတဲ့ ရည်ရွယ်ချက်က အရမ်းရိုးရှင်းပါတယ်။ ပထမဆုံးအနေနဲ့ မင်း သတိရလာပြီလားဆိုတာ လာကြည့်ချင်တယ် … ဒုတိယအနေနဲ့ ပိုက်ဆံတောင်းချင်တယ်။ ယောင်မိသားစုရဲ့ လေးစားဖွယ်ကောင်းတဲ့ သခင်လေးက ဒီလို အသေးအဖွဲ ပမာဏ ၁ဘီလီယံတောင် မရနိုင်ဘူးလို့တော့ ငါ့ကို မပြောနဲ့နော်။”

ယောင်ရှင်းဟွာသည် ထန်ရှုအား ဆယ်စက္ကန့်ကြာအောင် စိုက်ကြည့်နေရင်းမှ သူ၏မျက်နှာထက်မှ အေးစက်သော အရိပ်အယောင်များ ရုတ်တရက် ပျောက်ကွယ်သွားသည်။ ထို့နောက် သူ့လူကို ဘေးသို့ တွန်းလိုက်ပြီး တောက်ပသောအပြုံးဖြင့်

"မင်း ပြောတာမှန်တယ် ထန်ရှု။ ငါ့ရဲ့ရှုံးနိမ့်မှုကို ငါ လက်ခံပါတယ်။ တစ်ယောက်ယောက်ကို မင်းရဲ့ အကောင့်နံပါတ်ဆီ ပိုက်ဆံလွှဲပေးဖို့ ငါ ညွှန်ကြားလိုက်မယ်။"

သူ၏မေးစေ့ကို ကိုင်နေသည့် ထန်ရှုက ရုတ်တရက် ပြုံးလိုက်ပြီး

"သခင်လေးယောင်က တကယ်ကို ပွင့်လင်းတဲ့ လူတစ်ယောက်ပဲ။ ငါတို့ရဲ့ ပုံရိပ်တွေကြောင့်သာ မဟုတ်ရင် ငါတို့က သူငယ်ချင်းကောင်းတွေ ဖြစ်နိုင်တယ်။ ကောင်းပြီ … ဒါက ငါတို့တွေ့ဆုံတာ ဒုတိယအကြိမ်ဆိုတော့ ငါတို့ တစ်ယောက်နဲ့ တစ်ယောက် အရည်အချင်းကို တန်ဖိုးထားလို့ရတယ်။ တစ်ယောက်နဲ့တစ်ယောက်တွေ့ဖို့ဆိုတာ မလွယ်တဲ့အတွက် ငါ ဒီမှာနေပြီး မင်းနဲ့ စကားပြောနေမယ်။ ငွေလွှဲဝင်တာနဲ့ မင်း သတိရလာတာကို ဂုဏ်ပြုဖို့ စားသောက်ပွဲတစ်ခု လုပ်ချင်တယ်။”

"သခင်လေးထန်က ငါ အကြွေးမဆပ်မှာ ကြောက်နေပုံပဲ။" ယောင်ရှင်းဟွာက အပြုံးဖြင့် ပြန်ဖြေသည်။

"ရတာပေါ့။ မင်းက ငါ့အတွက် ပွဲလုပ်ပေးမှာမို့ ငါ တွန့်ဆုတ်စရာအကြောင်း မရှိဘူး။"

ထိုစကားကိုပြောပြီး သူ့ဘေးနားရှိ သက်လတ်ပိုင်း လူကြီးကို တစ်ခုခုပြောလိုက်သည်။ ထန်ရှု၏ အကောင့်နံပါတ်ကို လက်ခံရရှိပြီးနောက် ထိုလူသည် ချီတုံချတုံဖြင့် လူနာဆောင်ထဲမှ ထွက်လာခဲ့သည်။

ထို့နောက် ထန်ရှုသည် လူနာကုတင်ကို လက်ညှိုးထိုးပြကာ ပြုံးလျက်

"မင်း မေ့နေတာ နှစ်ရက်လောက်ရှိပြီ၊ မင်းရဲ့ ခန္ဓာကိုယ်နဲ့ အရိုးတွေက တော်တော် တောင့်တင်းနေလိမ့်မယ်။ သခင်လေးယောင် … ကျေးဇူးပြုပြီး လူနာကုတင်ပေါ် ထိုင်ပြီး ခဏအနားယူပါ။ ဒါနဲ့ မင်းဘေးက နိုင်ငံခြားသားနှစ်ယောက်ကရော ဘယ်လိုလဲ။ မင်းရဲ့အမိန့်အောက်က ကျွမ်းကျင်သူတွေလား။ အစောပိုင်းတိုက်ပွဲတွေတုန်းက သူတို့တွေက မင်းနဲ့အတူ ကူညီတိုက်ပေးခဲ့တဲ့သူတွေ မဟုတ်လား။”

ယောင်ရှင်းဟွာ၏မျက်လုံးများတွင် အလင်းတန်းတစ်ခု ဖျတ်ကနဲ လက်လာသည်။ သူသည် အပေါ်ယံတွင် တည်ငြိမ်နေသည့်အသွင် ရှိသော်လည်း စိတ်အတွင်းထဲ၌ အိုက်မုယွီနှင့် တိုဖာဆန်တို့ ရှိနေကြောင်းကို ထန်ရှု သိနေလိမ့်မည်ဟု မထင်ထားသောကြောင့် ထိတ်လန့်သွားရသည်။

"သခင်လေးထန်က ငါ့အကြောင်း တော်တော်လေး သိတာပဲ။ ဆန့်ကျင်ဘက်အနေနဲ့ မင်းအကြောင်းကိုတော့ ငါ နည်းနည်းလေးပဲ သိတယ်။ ကြည့်ရတာ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုတွေ ပိုရလာဖို့ ငါတို့ ပိုပြီး နီးနီးကပ်ကပ်နေရမယ်နဲ့တူတယ်။”

ထန်ရှုက ရယ်ချင်စိတ်ကို မထိန်းနိုင်တော့ဘဲ

“ငါ့ … ငါ့ရဲ့သခင်လေးယောင်က ဘာလို့ ဒီလို ထိန်းထိန်းသိမ်းသိမ်း ပြောနေရတာလဲ။ ငါနဲ့ပတ်သက်တဲ့ အကြောင်းအရာအားလုံးက မင်းဆီမှာ ရှိနေလောက်ပြီဆိုတာ သေချာတယ် မဟုတ်လား။ ဒါနဲ့ … ငါ တစ်ခုခုကို သတိရသွားပြီ။ သခင်လေးယောင်က နိုင်ငံခြားမှာနေတာ နှစ်အတော် ကြာနေပြီလို့ ကြားဖူးတယ် … ဒါဆို ယောင်ချင်းလုံနဲ့မင်း ခဏခဏ တွေ့မှာပေါ့ဟုတ်တယ်မလား။"

…စတုတ္ထဦးလေး…

ယောင်ရှင်းဟွာ လန့်ဖျပ်သွားသော်လည်း ထန်ရှုသည် သူ၏စတုတ္ထဦးလေး ယောင်ချင်းလုံကို မည်သည့်အကြောင်းကြောင့် ရုတ်တရက် ရည်ညွှန်းလာသည်ကို အဖြေမထုတ်နိုင်ပေ။ သို့သော်လည်း သူက ခပ်ပေါ့ပေါ့ ပြုံးပြီး ခေါင်းယမ်းကာ “သခင်လေးထန်က ငါ့ကို နောက်နေပြန်ပြီ။ ငါ့ရဲ့ စတုတ္ထဦးလေးက မိသားစုရဲ့လုပ်ငန်းကို စီမံခန့်ခွဲဖို့ တာဝန်ရှိတယ်။ ငါက မိသားစုရဲ့လုပ်ငန်းကို ကိုယ်တိုင်စီမံခန့်ခွဲရတာ ခပ်ရှားရှားဆိုတော့ သူနဲ့ တစ်ခါမှ မတွေ့ဖူးပါဘူး။”

“အင်း .. ငါကတော့ အဲ့ဒီလို မထင်ဘူး။ မင်း သူ့ကို မကြာခဏတွေ့ဖူးမယ်လို့ ထင်တယ်။" ထန်ရှုက ခေါင်းယမ်းလိုက်ရင်း

"ယောင်ချင်းလုံက သူခိုးဂိုဏ်းရဲ့ ပထမတပည့်ကြီး ဖြစ်ပြီး ပုံမှန်အချိန်တွေမှာ သူ့ကို သိသိသာသာ ထင်ထင်ရှားရှား မတွေ့ရပေမယ့် နိုင်ငံခြားက မင်းတို့မိသားစုရဲ့ လုပ်ငန်းတွေကို စီမံခန့်ခွဲဖို့ အလုပ်တွေ အတော်လုပ်ဆောင်ခဲ့တာပဲ။ လွန်ခဲ့တဲ့ ရက်အနည်းငယ်က ငါ့သူငယ်ချင်းတစ်ယောက်ကလည်း မင်းရဲ့ဦးလေးကို လေးစားတယ်လို့ ပြောဖူးတယ်။”

ယောင်ရှင်းဟွာ၏အမူအရာ ပြောင်းလဲသွားသည်။ သူ၏မျက်နှာထက်ရှိ အပြုံးသည် ဒီရေလှိုင်းလုံးသဖွယ် ဆုတ်ခွာပျောက်ကွယ်သွားပြီး ထန်ရှုအား သတိကြီးစွာ ကြည့်လာသည်။

"ငါ့ရဲ့စတုတ္ထဦးလေးက သူခိုးဂိုဏ်းရဲ့ ပထမဆုံး တပည့်ဆိုတာ မင်း ဘယ်လို သိတာလဲ။"

ထန်ရှုက စူးစမ်းလိုဟန်ဆောင်လိုက်ပြီး

"အိုး … ငါ့ခန့်မှန်းတာ မှန်သွားပြီဟ … ကျွတ် ကျွတ် ... ငါ့ဦးနှောက်ဉာဏ်ကို လေးစားသွားတာတော့ ငါ ဝန်ခံရမှာပဲ။ သူခိုးဂိုဏ်းရဲ့ပထမဆုံးတပည့်အမည်က ယောင်ချင်းလုံဆိုတာလို့ ကြားလိုက်ရတော့ မင်းတို့ ယောင်မိသားစုဝင်တွေနဲ့ မျိုးရိုးအမည်တူတာကို ရုတ်တရက် ငါ သတိရသွားလို့ မင်းကို ဒီအတိုင်း ငါ မေးလိုက်တာ။ ဒါတောင် တကယ်ပဲ မှန်သွားလိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးမိဘူး။”

ချက်ခြင်းပင် ယောင်ရှင်းဟွာ၏အမူအရာသည် ရှုံ့မဲ့ကာ အကျည်းတန်သွားရသည်။ သူက ထန်ရှုကို စိုက်ကြည့်ပြီး ဒေါသတကြီး တုံ့ပြန်လိုက်သည်။

"မင်း ငါ့ကို တစ်ပတ်ရိုက်တာလား။"

"မဟုတ်ပါဘူး … မဟုတ်ပါဘူး။ သခင်လေးယောင်က တခြားသူတွေထက် ဉာဏ်ရည်ထက်မြက်တဲ့လူမို့ ငါ မင်းကို ဘယ်လိုလှည့်စားနိုင်မှာလဲ။"

ထန်ရှုက သူ၏လက်ကို ဝှေ့ယမ်းပြီး အသံများထွက်အောင် ရယ်မောလိုက်သည်။ “ငါက မစဉ်းစားဘဲ ဒီအတိုင်း ပြောလိုက်ရုံပါ။ စကားမစပ်... မင်းရဲ့ဝန်ထမ်းတွေက အလုပ်ကို ထိထိရောက်ရောက် လုပ်မနေတာလား ဒါမှမဟုတ် တစ်ခုခုဖြစ်နေတာလား။ ငါတို့ တစ်နေကုန်ထိုင်ပြီး စကားပြောနေကြပေမယ့် သူ ဘာလို့ ခုထိ အလုပ်မပြီးသေးတာလဲ။ ယွမ်၁ဘီလီယံကို ပေးဖို့ တွန့်ဆုတ်နေတာလို့ ငါ့ကို မပြောဘူးမဟုတ်လား သခင်လေးယောင်။ မင်းလူတွေ ပိုက်ဆံလိုက်စုနေတာများ ဖြစ်နိုင်လား။"

“မင်း…” ယောင်ရှင်းဟွာကဲ့သို့ အမြဲတမ်း သူ၏အမူအရာကို ထိန်းသိမ်းနိုင်ပြီး ဉာဏ်များတတ်သောသူသည် ထန်ရှုနှင့် ရင်ဆိုင်ရသောအခါတွင် သူ၏ဉာဏ်ပညာသည် မလုံလောက်ကြောင်း ရုတ်တရက် ခံစားလိုက်ရသည်။

"လုပ်စမ်းပါ … မင်း…မင်း … ငါ…ငါနဲ့ ပြောမနေစမ်းပါနဲ့။" ထန်ရှု ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။

“ဒီလောက်ပမာဏလေးကို မင်း တကယ် မတတ်နိုင်ဘူးဆိုရင် ငါ ဈေးလျှော့ပေးမယ်လေ။ နောက်ပြီး ငါက ယုတ္တိမတန်တဲ့သူ မဟုတ်ပါဘူး။ ငါ မင်းကို ၁၀%လျှော့ပေးရင်ရော ဘယ်လိုလဲ။ အရမ်းများတယ်လို့ မင်း ထင်နေသေးရင် ငါ မင်းကို ၂၀% လျှော့ပေးလိုက်မယ်လေ။"

ယောင်ရှင်းဟွာက မခိုးမခန့်လေသံဖြင့်

“သခင်လေးထန်က အထင်ကြီးစရာပဲ။ ဒါပေမယ့် ငါ့အဖြေကတော့ ငြင်းတယ်။ ယွမ် ၁ဘီလီယံဆိုတာ ငါ့မျက်လုံးထဲ အသေးအဖွဲငွေပမာဏတစ်ခုကလွဲလို့ ဘာမှမဟုတ်ဘူး။ နောက်ပြီး တစ်စုံတစ်ဦးနဲ့ မတူတာက ဒီငွေတွေက ငါ့မိသားစုဆီကနေ ရတာမဟုတ်ဘူး။ ဒါပေါ့ … ငွေစာရင်းတစ်ခုစီတိုင်းက သွေးစွန်းထင်းနေတာမို့ ငါ့ပိုက်ဆံကို သုံးတဲ့သူက သူတို့ရဲ့ အရင်ပိုင်ရှင်တွေလို တူညီတဲ့ကံကြမ္မာနဲ့ အဆုံးသတ်၊ မသတ်ဆိုတာတော့ ငါ မသိဘူး။”

"အံ့သြစရာပဲ" ထန်ရှုက သူ့ကို လက်မထောင်ပြရင်း “ငါ့မှာ အဲ့ဒီလောက်ကောင်းတဲ့ အရည်အချင်းတွေ မရှိတဲ့အတွက် ငါ့ရဲ့ငွေတွေက မိသားစုဝင်တွေက ပေးထားတာလေ။ ကြက်တစ်ကောင်ကို မသတ်ရဲလောက်အောင် ကြောက်လွန်းလို့ ဝက်နဲ့ ခွေးတွေကို အခါအားလျော်စွာ ဆွပေးဖို့ သတ္တိလောက်ပဲ ရှိတယ်။”

“မင်း…” ယောင်ရှင်းဟွာ ထောင်းကနဲ ဒေါသထွက်ရသွားသည်။ သူ ဆေးရုံတက်ရသည့် အကြောင်းရင်းက ထန်ရှုက သူ့ကို မေ့မျောသွားအောင် လုပ်ခဲ့သောကြောင့် ထန်ရှု၏မှတ်ချက်စကားက သူ့ကို ဝက်တစ်ကောင် သို့မဟုတ် ခွေးတစ်ကောင်ဟု ခေါ်လိုက်သည့်အလားပင်။

… ဒေါက် … ဒေါက် ...

လူနာဆောင်တံခါးခေါက်သံ ကြားလိုက်ရပြီး သက်လတ်ပိုင်းလူကြီး ပြန်လာသည်။ သူက ယောင်ရှင်းဟွာ၏အနားကို လာပြီး အနားနားကပ်ကာ တစ်စုံတစ်ခုကို တီးတိုးပြောလိုက်သည်။ ထို့နောက် ယောင်ရှင်းဟွာသည် ထန်ရှုကို မော့ကြည့်လိုက်ပြီး "ပိုက်ဆံက မင်းရဲ့အကောင့်ထဲကို ခုနက လွှဲပေးလိုက်ပြီ။ သခင်လေးထန်က ဒီနေ့ ဘာဟင်းပွဲတွေနဲ့ စားစေချင်တာလဲ မေးပါရစေ။”

“ငါ လွန်ခဲ့တဲ့နှစ်ရက်လောက်က သားသတ်သမားတစ်ယောက်နဲ့တွေ့ခဲ့တယ်။ သူက သားသတ်ဓားကို မကိုင်တော့ဘဲ စားသောက်ဆိုင် ဖွင့်မယ်လို့ ပြောခဲ့တယ်။” ထန်ရှုက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

“သူ့ဆီသွားလည်တုန်းက ငါ့ကို ငါးပူတင်း အနည်းငယ် ကျွေးတယ်။ ဒါဆို ဒီနေ့ ငါးပူတင်း အသားလွှာကို စားကြတာပေါ့။"

…ငါးပူတင်းဟုတ်လား…

ယောင်ရှင်းဟွာ၏ရင်ထဲ တုန်ရီသွားရသည်။ သူ၏ဘေးက သက်လတ်ပိုင်းအရွယ် လူကြီးဆီ ရုတ်တရက် ခေါင်းလှည့်ပြီး ဒေါသတကြီးဖြင့်

“ခင်ဗျား အခု ဘာပြောလိုက်တာလဲ။ ငါ့ကို ပြန်သွားစေပြီး အရေးကြီးတဲ့ကိစ္စတစ်ခုကို ကိုင်တွယ်စေချင်တာလား။ ငါ့ကို သခင်လေးထန်က ငါးပူတင်းစားဖို့ ဖိတ်တာ မကြားဘူးလား။"

(ငါးပူတင်းသည် များသောအားဖြင့် ရေငန်တွင် နေထိုင်ကျက်စားသော ငါးများ ဖြစ်သည်။

ငါးပူတင်းအများစု၏ကလီစာထဲတွင် အဆိပ်ရှိပြီး အဆိပ်သင့်သည်။ သို့သော် အချို့မျိုးစိတ်များသည် စားသုံးရန် ကောင်းမွန်သည်ဟု ယုံကြည်ကြသည်။ ဂျပန်နိုင်ငံတွင် ဖူဂူဟု ခေါ်ဆိုကြသော ငါးပူတင်းအား အတွေအကြုံရှိသည့် စားဖိုမှူးများက ဘေးကင်းစွာ စားသုံးနိုင်ရန်အတွက် ငါးပူတင်း၏ မည်သည့် အစိတ်အပိုင်းများကို ဖယ်ထုတ်ရမည်ကို သိကြပြီး ကျွမ်းကျင်နားလည်စွာဖြင့် ဟင်းလျာအဖြစ် ချက်ပြုတ်စားသုံးကြသည်။)

ပထမတွင် သက်လတ်ပိုင်းအရွယ် လူကြီးက ကြောင်သွားပြီးမှ အလျင်အမြန် ပြန်ဖြေလိုက်သည်။ “သခင်လေး … ငါ မင်းကို ပြန်ခေါ်တာ မဟုတ်ပါဘူး။ ဒါပေမယ့် ငါတို့မှာ အရေးတကြီး ဖြေရှင်းစရာတစ်ခု ရှိနေလို့ပါ။ သခင်လေးထန်ကို တစ်ခြားရက်တွေကျမှ ဖိတ်လိုက်ရင်ရော။ အခေါင်းတွေ ရောင်းဖူးတဲ့ လက်သမားဟောင်းတစ်ယောက်ကို ငါ သတိရသွားပြီ။ သူလည်း မကြာသေးခင်ကမှ စားသောက်ဆိုင်တစ်ခု ဖွင့်ထားလို့ ဒီရက်ပိုင်းအတွင်း ငါးပူတင်း ချက်ပြုတ်နည်းကို သင်ထားပြီးပြီဆိုပဲ။”

ယောင်ရှင်းဟွာက ကျေနပ်စွာ ခေါင်းညိတ်သည်။ သူ့မျက်နှာထက်တွင် အပြုံးတစ်ခု ပေါ်လာပြီး ထန်ရှုကို ကြည့်လိုက်ပြီး

"မင်း ကြားတယ်နော် သခင်လေးထန်။ ဒီနေ့ မင်းရဲ့ဖိတ်ကြားချက်ကို လက်မခံနိုင်မှာစိုးတယ်။ ဒါပေမယ့် မင်းကို နောက်ရက်တွေကျရင် ငါကိုယ်တိုင် ဖိတ်ပါမယ်။"

ထန်ရှုက တစ်ချက်ပြုံးပြီး သက်လတ်ပိုင်းလူကြီးကို ကြည့်လိုက်သည်။ ထို့နောက် မတ်တတ်ရပ်ကာ ထိုသူဆီသို့ လျှောက်သွားပြီး ပခုံးကို အသာပုတ်လိုက်ကာ

“မင်းက တကယ် တော်ပြီး အတော်သစ္စာရှိတဲ့ နောက်လိုက်ခွေးတစ်ကောင်ပဲ။ သခင်လေးယောင်က ဒီနေ့ ကိုင်တွယ်ရမယ့် ကိစ္စတချို့ ရှိမှတော့ ငါ မတိုက်တွန်းဘူး။ ဒါဆို ငါ သွားတော့မယ်။"

ထိုစကားကို ပြောပြီးနောက် အတူပါလာသော လူနှစ်ယောက်နှင့်အတူ လှည့်ထွက်သွားသည်။ တံခါးဝကို ဖြတ်သွားတော့မည့်ဆဲဆဲတွင် ရုတ်တရက် ရပ်လိုက်ပြီး လှည့်ကာ အပြုံးဖြင့်

"သခင်လေးယောင် … မင်းရဲ့ စတုတ္ထဦးလေးဟာ သူခိုးဂိုဏ်းရဲ့ ပထမဆုံးတပည့် ဖြစ်တော့ မင်း သူနဲ့တွေ့ရင် ငါ့အမှာစကားလေး ပြောပေးပါဦး။ သူ့လက်ထဲက စီးပွားရေးကို လုပ်ဖို့ အခွင့်အလမ်းရရင် သူနဲ့အတူ ပူးပေါင်းဆောင်ရွက်ဖို့ ငါက မျှော်လင့်နေပါတယ်လို့ ပြောပေးပါ။”

“ဟုတ်ပါပြီ။ ငါ မင်းကို လိုက်မပို့တော့ဘူး။” ယောင်ရှင်းဟွာက ကောက်ကျစ်သည့်အပြုံးဖြင့် ပြောလိုက်သည်။

ထန်ရှု ထွက်သွားပြီးနောက် ယောင်ရှင်းဟွာ၏ မျက်နှာသည် မထေမဲ့မြင် ဖြစ်သွားသည်။ သူသည် လူနာကုတင်ကို ပြင်းပြင်းထန်ထန် ထိုးနှက်လိုက်ပြီး သူတို့မိသားစုမှ အကြီးအကဲတစ်ယောက်၏နံပါတ်ကို ဆက်လိုက်သည်။

မိနစ်အနည်းငယ်ကြာပြီးနောက် ထန်ရှုသည် ကျင်းမန်ကျွန်း၏ပထမပြည်သူ့ဆေးရုံမှ ထွက်ခွာလာပြီး ဆီဒင်ကား၏နောက်ခန်းတွင် သက်သောင့်သက်သာ ထိုင်ကာ

"မင်းတို့နှစ်ယောက် ဘယ်လိုထင်လဲ။ ငါက အသာစီး ရနေလား  ဒါမှမဟုတ် အဲ့ဒီငနဲယောင်ကလား။"

ရှေ့ထိုင်ခုံပေါ်ရှိ လူက လှည့်ကြည့်ပြီး အပြုံးဖြင့်

“ဒါပေါ့ သူဌေးက အနိုင်ရတဲ့သူပါ။ သူဌေးရဲ့ အရှိန်အဝါနဲ့ ခံ့ညားတဲ့ အမူအရာက အရမ်းကို ကြောက်ဖို့ကောင်းပြီး အဲ့ဒီယောင်ကို ဆက်ပြီး ဖိနှိပ်ထားတယ်။"

"အရှိန်အဟုန်နဲ့ ထိန်းထားနိုင်တယ်ဆိုပေမယ့် ဒါက ဗလာသက်သက်ပါပဲ။" ထန်ရှု ရယ်မောလိုက်သည်။ “ဒါပေမယ့် ဒီနေ့ ပန်းတိုင်ကိုတော့ အနည်းဆုံး ရောက်သွားပြီ။ ၁ ဘီလီယံ … ကျွတ်…ကျွတ်... ယောင်ရှင်းဟွာမှာ ပိုက်ဆံအချို့ ရှိရင်တောင် သူ့ကို ခဏတာ နာကျင်နေစေဖို့ လုံလောက်ပြီလို့ ငါ ထင်တယ်။ နောက်ပြီး အဲ့ဒီကောင်ကို အသက်ပိုရှင်ခွင့်ပေးလိုက်တဲ့အတွက် စိတ်ဝင်စားစရာကောင်းတဲ့အရာတစ်ခုကို ငါ ဒီနေ့ တွေ့ခဲ့တယ်။”

"ဘာစိတ်ဝင်စားစရာလဲ သူဌေး။" ရှေ့ဆုံးခုံမှ လူက အံသြသော အမူအရာဖြင့် မေးသည်။

"ယောင်ရှင်းဟွာက ငါ့ကို အရမ်းကြောက်နေတာကို မင်း သတိမထားမိဘူးလို့ ငါ့ကို မပြောနဲ့နော်။" ထန်ရှုက မေးလိုက်သည်။

ထိုလူက တခဏ ပြန်စဉ်းစားလိုက်ကာ ချက်ချင်းပင် ခေါင်းညိတ်လိုက်ပြီး အပြုံးဖြင့် ပြောလိုက်သည်။

“အဲဒါတော့ မှန်တယ်။ သူဌေးကို မြင်ကတည်းက သူ့မျက်လုံးတွေက သတိအပြည့်နဲ့ ရှိနေတယ်။ ရန်သူ့ဆီက ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေအားလုံးကို သတိထားနေသလိုပဲ။ သူ့လူတွေတောင် သူ့ကို နားမလည်ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် သူက ရန်သူမို့ တန်းသတ်လိုက်တာက ပိုကောင်းတာကို သူဌေးက သူ့ကို ဘာလို့ ပိုအသက်ရှင်ခွင့်ပေးထားတာလဲ။"

"ငါတို့နဲ့ ယောင်မိသားစုက အနာဂတ်မှာ သေမျိုးရန်သူ နှစ်ယောက်ကြားက ရုန်းကန်မှုဆိုပြီး ပြင်းထန်တဲ့ တိုက်ပွဲတစ်ခုဖြစ်မှာ သေချာတယ်။ ယောင်ရှင်းဟွာက အတော်လေး လိမ္မာပါးနပ်ပြီး  မျိုးဆက်သစ် လူငယ်တွေထဲမှာ အကောင်းဆုံးလို့ သတ်မှတ်ခံထားရပေမယ့် သူ့နှလုံးသားထဲမှာ အကြောက်တရားမျိုးစေ့ကို ငါ စိုက်ပျိုးထားပြီးသား။ အနာဂတ်မှာ သူနဲ့ငါ ထိပ်တိုက်တွေ့တဲ့အခါတိုင်း သူ့အတွက် သဘာဝအတိုင်း ရှိနေဖို့ဆိုတာ အတော်လေး ခက်ခဲလိမ့်မယ်။ ဒီလိုရန်သူက လွယ်လွယ်နဲ့ ကိုင်တွယ်နိုင်မယ်လို့ မင်း မထင်ဘူးလား။ အကယ်လို့များ ရန်သူက သူကနေ အသစ်တစ်ယောက် ပြောင်းသွားရင် ငါတို့နဲ့ မရင်းနှီးတဲ့ ရန်သူအသစ်ကို လွယ်လွယ်နဲ့ ထိန်းနိုင်မယ်လို့ မင်း ထင်လား။"

ထိုလူက တခဏ တိတ်ဆိတ်သွားပြီး ဖြည်းညှင်းစွာ ခေါင်းညိတ်လိုက်ပြီး

“ကျွန်တော် နားလည်ပါပြီ သူဌေး…”

ထန်ရှုက ခပ်ဖျော့ဖျော့ ပြုံးကာ ပြတင်းပေါက်ဆီသို့ လှမ်းကြည့်ရင်း စကားဆက်မပြောတော့ချေ။

…ဖုန်းမြည်သံ…

ဖုန်းမြည်သံ ထွက်ပေါ်လာသည်။ ထန်ရှုသည် သူ၏လက်ကိုင်ဖုန်းကို ထုတ်ကာ ခေါ်ဆိုသည့်နံပါတ်ကို ကြည့်လိုက်ရာ ခန်းရှထံမှ ဖြစ်နေသည်။ ဖုန်းကိုင်လိုက်ပြီးနောက် သူက ပြုံးနေရင်း

"ဟယ်လို ခန်းရှ … တစ်ခုခု ဖြစ်လို့လား။"

"သူဌေး … အီတလီမာဖီးယားဂိုဏ်း ကူဘိုကလန်ရဲ့ ဒုတိယတာဝန်ခံပုဂ္ဂိုလ်က မင်းကို တွေ့ချင်နေတယ်။" ဖုန်းထဲမှ ခန်းရှ၏အသံ ထွက်လာပြီး သူမ၏လေသံမှာ လွန်စွာ အလေးအနက်ထားဟန် ဖြစ်သည်။

ထန်ရှု တခဏ နှုတ်ဆိတ်နေပြီးမှ

"အခု သူက ဘယ်မှာလဲ။"

"ကြယ်တာရာမှာပါ။" ခန်းရှက ဖြေသည်။

***

All Chapters