← Chapters

သဘောတူညီချက်ကြီးတစ်ခု

Vol. 40 Ch. 552

သဘောတူညီချက်ကြီးတစ်ခု

Vol. 40 Ch. 552

ထန်ရှု ခဏလောက် စဉ်းစားလိုက်ပြီးမှ

"သူက ကိုယ့်ကို တွေ့ချင်တာမို့ ကျင်းမန်ကျွန်းကို လာဖို့ ပြောလိုက်ပါ။ ကိုယ် အခု ကျင်းမန်ကျွန်းမှာ ရှိနေတယ်။"

"ကျင်းမန်ကျွန်းမှာ ဘာလုပ်နေတာလဲ သူဌေး။" ခန်းရှ အံ့သြစွာ မေးလိုက်သည်။

“တောင်တရုတ်ပင်လယ်ထဲက ကျွန်းနှစ်ကျွန်းကို ငှားမယ်လို့ ကိုယ် မင်းကို ပြောခဲ့ဖူးတယ်။ ထူးခြားတဲ့ အခြေအနေတစ်ခု ပေါ်လာတဲ့အတွက် အဲ့ဒါကို ဖြေရှင်းဖို့ ရောက်နေတာ။”

"အာ … သိပြီ။ နင် ... ဒီလကုန် ရှန်ဟိုင်းကို ပြန်လာမှာမလား။"

“အသေအချာပဲ…”

"နင် ဒီလကုန် ရှန်ဟိုင်းကို ပြန်ရောက်မယ်ဆိုရင် ငါ ဒီလကုန် ရှန်ဟိုင်းမှာ ဆိုင်သစ်ဖွင့်ပြီး လုပ်ငန်းလည်ပတ်တာကို ကြီးကြပ်ဖို့အတွက် ကိုယ်တိုင်လာခဲ့မယ်။" ခန်းရှက ပြုံးရင်း ပြောလိုက်သည်။

ခဏကြာ ခန်းရှနှင့် စကားပြောပြီးနောက် ထန်ရှုက ဖုန်းချလိုက်သည်။

အီတလီမာဖီးယားဂိုဏ်းကူဘိုကလန်နှင့်ပတ်သက်သည့်ကိစ္စများနှင့်ပတ်သက်၍ သူသည် စုံစမ်းရန် လူတချို့ကို စေလွှတ်ခဲ့သောကြောင့် ကူဘိုကလန်တွင် အာဏာ ကြီးမားပြီး အီတလီတွင် မြင့်မားသောအခြေအနေ ရှိသူ ဒုတိယတာဝန်ခံ ဒရက်ဖ်ကိုလည်း စုံစမ်းပြီးဖြစ်သည်မှာ သဘာဝကျပေသည်။

…လက်တုံ့ပြန်ဖို့လား…

ထန်ရှုသည် ထိုအတွေး မဖြစ်နိုင်ဟု ခံစားရသည်။ ဒရက်ဖ်သာ လက်တုံ့ပြန်လိုပါက ခမ်းနားသောထန် စီးပွားရေးလုပ်ငန်းစုကို တန်းလုပ်လိမ့်မည်ဖြစ်သည်။ ခန်းရှကို ဆက်သွယ်ပြီး သူနှင့်တွေ့ရန် တောင်းဆိုနေလိမ့်မည် မဟုတ်ပါချေ။ သို့သော် လက်စားချေရန်အတွက် မဟုတ်ပါက သူ မည်သည့်အရာကို အတိအကျ လိုချင်ပါသနည်း။

သူ ထိုအကြောင်းကို လေးလေးနက်နက် စဉ်းစားခဲ့ပြီး အဖြေရှာမရနိုင်သေးသည့်တိုင် မတူညီသော အခြေအနေများကို ရင်ဆိုင်ဖို့ လိုအပ်သည့် ကွဲပြားခြားနားသော အစီအမံများကို အချိန်အတော်ကြာ ပြင်ဆင်ထားပြီးဖြစ်တာကြောင့် သူ့စိတ်ထဲ ထည့်မနေတော့ချေ။ ယခုအချိန်တွင်တော့ သူ၏ အာရုံစူးစိုက်မှုသည် ကျွန်းနှစ်ကျွန်းပေါ်တွင်သာ ရှိနေသည်။ ထန်မိသားစုသည် ထိုကျွန်းနှင့် ပတ်သက်သည့် စေ့စပ်ညှိနှိုင်းမှုများကို မည်သို့ ကိုင်တွယ်ဖြေရှင်းမည်နှင့် ထိုကျွန်းနှစ်ကျွန်းအား ရယူနိုင်ပါ့မလားဆိုသည်ကို သူ မသိပါချေ။ သို့သော် ထန်မိသားစုသည် နောက်ဆုံးတွင် မအောင်မြင်ပါက ထိုကျွန်းများကို ယောင်မိသားစု ရယူခြင်းမှ တားဆီးရန် နောက်ဆုံးနည်းလမ်းတစ်ခုသာဖြစ်သော အင်အား သုံးပြီး တစ်ခါတည်း ရယူရန် ဆုံးဖြတ်ထားခဲ့သည်မှာ ကြာပြီဖြစ်သည်။

အချိန်များ တရွေ့ရွေ့ ကုန်ဆုံးလာခဲ့ရာ မျက်စိတစ်မှိတ်အတွင်း နှစ်ရက် ကုန်ဆုံးသွားခဲ့ပြီဖြစ်သည်။

လွန်ခဲ့သည့်နှစ်ရက်အတွင်း ထန်ရှုသည် သူ၏အချိန်များကို ပေါ့ပေါ့ပါးပါးနှင့် အားလပ်ရက်ယူနေသည့်ပုံစံဖြင့် ကုန်ဆုံးခဲ့သည်။ နေ့စဉ်လိုအပ်သော ကျင့်ကြံခြင်းမှလွဲ၍ ခမ်းနားသော စေတီတော်အတွင်း၌ မေ့မျောနေဆဲဖြစ်သော ဂူယန်အာကို အဖော်လုပ်ပေးပြီး လက်ဖက်ရည် သောက်ရင်း စာဖတ်သည်။

“ဆရာအဘိုး … ထာဝရခန်းမကို ဧည့်သည်တစ်ဦး လာပြီး ဆရာအဘိုးနဲ့ ချိန်းဆိုထားတယ်လို့ ပြောနေတယ်။”

ဂူရှောင်ရွှဲ့သည် သပ္ပာယ်လှသော စေတီ၏ခုနစ်လွှာတွင် ပေါ်လာပြီး လေးလေးစားစား အစီရင်ခံသည်။

"သူ့နာမည်က ဒရပ်ဖ်လား။" ထန်ရှု အေးအေးဆေးဆေး မေးလိုက်သည်။

“ဟုတ်တယ် … သူပါ။”ဂူရှောင်ရွှဲ့  ခေါင်းတစ်ချက် ညိတ်ပြသည်။

ထန်ရှုက ခေါင်းညိတ်တုံ့ပြန်သည်။ ဂူရှောင်ရွှဲ့ စေတီတော်မှ ထွက်သွားပြီးနောက် ထန်ရှုသည် ဒရက်ဖ် ကြိုတင်မှာယူထားသော ထာဝရခန်းမရှိ သီးသန့်အခန်းဆီသို့ တန်းတန်းမတ်မတ်သွားခဲ့သည်။ ထွားကြိုင်းသော နိုင်ငံခြားသားလေးဦးအား သူ၏ အမည်ကို ပြောပြပြီးနောက် အခန်းထဲသို့ ဝင်သွားခဲ့ရာ ပထမဆုံး မြင်လိုက်ရသူမှာ ဒရက်ဖ်မဟုတ်ဘဲ မထင်မှတ်ထားသည့် အသိမိတ်ဆွေတစ်ယောက် ဖြစ်နေသည်။

"ဒီမှာတွေ့မယ်လို့ မထင်ထားဘူး မစ္စကျိ…"

ကျိရှီယန်သည် ဒရက်ဖ်နှင့်အတူ ကျင်းမန်ကျွန်းသို့ လိုက်လာရသည့် အကြောင်းအရင်းမှာ ထိုအမျိုးသားသည် သူမ၏သူဌေး၏သူငယ်ချင်းဖြစ်ပြီး သူမတို့ကုမ္ပဏီသည် ထိုသူနှင့် စီးပွားရေးအရ ဆက်ဆံရေး ရှိသောကြောင့်ဖြစ်သည်။ ထန်ရှု အခန်းထဲသို့ ဝင်လာသည်ကို မြင်လိုက်ရချိန်တွင် သူမ လန့်ပြီး အံ့သြသွားရသည်။ ဒရက်ဖ် သွားတွေ့မည့်သူသည် အမှန်တကယ်ပင် ထန်ရှု ဖြစ်လိမ့်မည်ဟု သူမ မမျှော်လင့်ထားသည်မှာ ထင်ရှားပေသည်။

“ဟယ်လို မစ္စတာထန်…”

ထန်ရှုက သူမအား အသာအယာ ခေါင်းညိတ်တုံ့ပြန်ပြီး အရပ်မြင့်မြင့် ဒရက်ဖ်အား ကြည့်ကာ လက်ဆွဲနှုတ်ဆက်ရန် လက်ကမ်းလိုက်ပြီး အပြုံးဖြင့်

“အဝေးကလာတဲ့ မိတ်ဆွေကို ကြိုဆိုပါတယ်ဗျာ။ ငါက ခမ်းနားသောထန် စီးပွားရေးလုပ်ငန်းစုရဲ့ ထန်ရှုပါ။”

သို့သော် ဒရက်ဖ်သည် ကမ်းလာသော လက်အား ပြန်လည်လက်ဆွဲနှုတ်ဆက်ခြင်း မရှိဘဲ သူ၏မျက်လုံးများကို မှေးစင်းကာ ထန်ရှုအား အကဲခတ်လိုက်သည်။ ထို့နောက် သူက အေးစက်စက်အမူအရာဖြင့် နှာခေါင်းရှုံ့လိုက်ပြီး

" မင်းက တကယ်ကို ထူးချွန်ပြီး အစွမ်းထက်တဲ့လူပါလား သူဌေးထန်။ မင်းနဲ့တွေ့ဖို့ ငါ့ကို ကျင်းမန်ကျွန်းဆီ တကယ် လာခိုင်းလိုက်တာပဲ။"

ထန်ရှု၏မျက်နှာအမူအရာသည် မည်းမှောင်သွားပြီး အတွင်းကျဆုံးထိုင်ခုံဆီ တန်းသွားကာ ဝင်ထိုင်လိုက်သည်။ ထန်ရှုသည် ခြေထောက်ချိတ်ကာ ထိုင်လိုက်ပြီးနောက် စီးကရက်တစ်လိပ်ကို မီးညှိကာ ခပ်ပြင်းပြင်း ရှိုက်လိုက်ရင်း

“ငါက အစွမ်းထက်တယ် မထက်တယ်ဆိုတာ မင်းရဲ့လူတွေ ကြုံဖူးတယ်မဟုတ်လား။ ဘာမှားလို့လဲ။ မင်း ဆုံးရှုံးရတာ မလုံလောက်သေးဘူးထင်လို့ တရုတ်နိုင်ငံမှာ နောက်ထပ်လူတချို့ ထပ်ပြီး ဆုံးရှုံးချင်တာလား။"

ဒရက်ဖ်၏မျက်နှာ ပျက်သွားသည်။ ထန်ရှု၏စကားများသည် ဒဏ်ရာများကို ဆွလိုက်သည့်အလား ဖြစ်သွားသောကြောင့် သူ၏မျက်နှာသည် အကျည်းတန်သွားရသည်။ ထန်ရှု၏ နယ်မြေဖြစ်သည့် တရုတ်နိုင်ငံတွင် သူ ရှိနေသည်ဆိုတာကိုသာ မစဉ်းစားမိရင် သူ့သေနတ်ကို ဆွဲထုတ်ကာ ပစ်သတ်မိပေလိမ့်မည်။

"မစ္စတာထန် … မင်းနဲ့ ခမ်းနားသောထန် စီးပွားရေး လုပ်ငန်းဆီက ရှင်းလင်းချက်တစ်ခုကို ငါ လိုချင်တယ်။ ကူဘိုကလန်ကို ဆုံးရှုံးနစ်နာစေပြီးသွားရင် ကမ္ဘာတစ်ဝှမ်းလုံးမှာရှိတဲ့ ဘယ်သူမဆို ဘေးကင်းလုံခြုံစွာ မနေနိုင်တော့ဘူး။"

ဒရက်ဖ်သည် တိုက်ရိုက်ခြိမ်းခြောက်လာသည်။

ထန်ရှုက ကျိရှီယန်ဘက် လှည့်ပြီး ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

"မစ္စကျိ … ငါ သူ့ကို မင်း ရှိနေတဲ့အတွက် မသတ်ပါဘူး။ ဒါပေမယ့် မင်း သူ့ကို ဒီနေရာကနေ ဆွဲထုတ်သွားစေချင်တယ်။ နို့မဟုတ်ရင် သူ ဒီထာဝရခန်းမကနေ အသက်ရှင်ပြီး ထွက်သွားနိုင်လိမ့်မယ်လို့ ငါ အာမ မခံဘူး။”

ဒရက်ဖ်၏မျက်နှာအမူအရာသည် ပျက်သွားသကဲ့သို့ ကျိရှီယန်သည်လည်း ထိတ်လန့်သွားဟန်ရှိသည်။ အခြားသူများက ထန်ရှု မည်မျှ စွမ်းအားကြီးသည်ကို မသိနိုင်ကြသော်လည်း သူမနှင့် လီလောင်ရှန်းတို့သည် တစ်ချိန်က ထန်ရှု၏ကယ်တင်ခြင်းကို ခံခဲ့ရသောကြောင့် ကောင်းကောင်း သိနေသည်။

"မစ္စတာထန် … နင် ဒီနေရာမှာ တစ်ခုခု နားလည်မှု လွဲနေပြီလို့ ငါထင်တယ်။ မစ္စတာဒရက်ဖ်က နင့်ကို ကသိကအောက်ဖြစ်အောင် လုပ်ဖို့ ရည်ရွယ်တာ မဟုတ်ပါဘူး။ နင်တို့နှစ်ယောက်ကြားမှာ ဘာဖြစ်ခဲ့မှန်း ငါ မသိပေမယ့် ရန်ငြိုးကို ဖယ်လိုက်တာက အဲ့ဒါကို သိမ်းထားတာထက်စာရင် ပိုကောင်းတယ်လို့ ငါ ယုံကြည်တယ်။ မစ္စတာဒရက်ဖ် … မစ္စတာထန်က ငါ့ရဲ့ သူငယ်ချင်းဖြစ်သလို အသက်သခင် ကျေးဇူးရှင်လည်း ဖြစ်ပါတယ်။ ရှင် ဒီလိုသဘောထားနဲ့ စကားပြောနေဦးမယ်ဆိုရင် ငါ့ရဲ့အကူအညီက ရှင့်အတွက် ဘာမှ အထောက်အကူ မဖြစ်မှာကို စိုးမိပါတယ်။" ကျိရှီယန်က အလေးအနက်ထားကာ ပြောလိုက်သည်။

ဒရက်ဖ်သည် အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးမှ ခေါင်းညိတ်ကာ ထန်ရှုကို ကြည့်ရင်း

“ဖြစ်ပွားရတဲ့အကြောင်းရင်းကို စုံစမ်းစစ်ဆေးဖို့ ငါ့လူတွေကို လွှတ်ခဲ့တယ် မစ္စတာထန်။ ဒါက မင်းရဲ့ကုမ္ပဏီနဲ့ တိုက်ရိုက်သက်ဆိုင်တာမဟုတ်ပေမယ့် မင်းတို့နိုင်ငံမှာ ရှိတဲ့ အထူးဌာနတစ်ခု … ထားလိုက်ပါတော့။ ပြီးတာက ပြီးသွားပြီဆိုတော့ ဒီကိစ္စကို ဆက်မလိုက်တော့ဘူး။ ငါ မင်းကို ရှာနေတဲ့ အကြောင်းရင်းက ပူးပေါင်းဆောင်ရွက်မှုတစ်ခုကို ညှိနှိုင်းချင်လို့ပါ။”

"ငါတို့မှာ ပူးပေါင်းဖို့လိုမယ့်အရာ ရှိမယ်လို့ ငါ မထင်ဘူး။" ထန်ရှုက ခပ်ပေါ့ပေါ့ပဲ ပြောလိုက်သည်။

"ငါတော့ အဲ့ဒီလို မထင်ဘူး မစ္စတာထန်…" ဒရက်ဖ်က ခေါင်းယမ်းကာ ပြောလိုက်သည်။

“ငါတို့ကြားက ပူးပေါင်းဆောင်ရွက်မှုကို အရမ်း လိုအပ်တာပါ။ ငါဆိုလိုတဲ့ ဒီပူးပေါင်းဆောင်ရွက်မှုက ဘာမှန်း မင်း မသိတာ ဖြစ်နိုင်တယ်။”

ထန်ရှုက သူ၏လက်ကို ဖြန့်ပြီး

“အမှန်အတိုင်း ပြောရရင် ခင်ဗျား ပြောနေတဲ့ ပူးပေါင်းဆောင်ရွက်မှုအမျိုးအစားကို ငါ တကယ် မသိဘူး။ ဆိုပါဦး … ဒီပူးပေါင်းဆောင်ရွက်မှုက ဘာကို ဆိုလိုတာလဲ။”

“အသေးအဖွဲကိစ္စတစ်ခု ပြီးမြောက်အောင် ကူညီပေးဖို့ ဒီနေရာက မင်းရဲ့လူတချို့ကို ဈေးနှုန်းမြင့်မြင့်နဲ့ ငါ ငှားချင်တာပါ။” ဒရက်ဖ်က ပြောသည်။

"ရလဒ်တွေက ငါလိုချင်တဲ့အတိုင်း ဖြစ်ခဲ့ရင် မင်း ငါ့ဆီက ခင်မင်ရင်းနှီးမှုနဲ့ ကောင်းမွန်တဲ့ အကျိုးကျေးဇူးတွေ ရနိုင်မယ်လို့ ငါ တွေးတယ်။"

"အကျယ်ချဲ့ပါဦး။" ထန်ရှုက ပြောလိုက်သည်။

“ငါ ရထားတဲ့ သတင်းအချက်အလက်အရဆိုရင် ထာဝရခန်းမကို မင်း ပိုင်ပြီး ဒီနေရာမှာ အလွန် ကြောက်စရာကောင်းတဲ့လူတွေ အများကြီးရှိတယ်လို့ သိရတယ်။” ဒရက်ဖ်က အလေးအနက် ရှင်းပြသည်။ “တိုက်ပွဲတွေမှာ အဖွဲ့လိုက်လုပ်ဆောင်တာပဲဖြစ်ဖြစ်၊ လျှို့ဝှက်လုပ်ကြံသတ်ဖြတ်တာပဲဖြစ်ဖြစ် သူတို့အားလုံးက ထိပ်တန်းကျွမ်းကျင်သူတွေချည်းပဲ။ ငါကိုယ်တိုင်က ကူဘိုကလန်ရဲ့ခေါင်းကိုင်အဖေနေရာ ယူဖို့ ထပ်မစောင့်နိုင်တော့ဘူး။ မင်း ငါ့ကို နားလည်နိုင်လိမ့်မယ်လို့ ထင်ပါတယ်။"

"မင်းရဲ့ ဈေးနှုန်းက…" ထန်ရှု တခဏ နှုတ်ဆိတ်နေပြီးနောက် ဖြည်းညှင်းစွာ ပြောလိုက်သည်။

“ဒေါ်လာ ၁ ဘီလီယံနဲ့ အာဖရိကမှာ ရှိတဲ့ ရွှေတွင်းကြီးတစ်တွင်း…” ဒရက်ဖ်က ဆိုသည်။

"ခင်ဗျား ဘယ်သူတွေ ငှားချင်တာလဲဆိုတာ ပြောပြလို့ရမလား။" ထန်ရှုက မေးလိုက်သည်။

“သူတို့တွေက အဖြူအမည်း မတည်မြဲခြင်းလို့ ခေါ်တဲ့ အမှောင်နဲ့အလင်း၊ ခန္ဓာကိုယ်ကြိတ်စက် ဂေါင်ဖုန်းနဲ့ နှင်းယုန်လေးမိုလဲ့။ ဒါပေါ့ … မင်း လွှတ်ပေးတဲ့ ကျွမ်းကျင်သူတစ်ဦးစီအတွက် အထူးသဖြင့် အလင်းနဲ့ အမှောင်တို့ကို ရမယ်ဆိုရင် သူတို့ကို လစာ ဒေါ်လာ ၁၀၀မီလီယံစီ တိုးပေးမယ်။ အဓိကအချက်ကတော့ တခြားသူတွေရဲ့ စွမ်းအားက အမှောင်၊အလင်းတို့နဲ့ တန်းတူယှဉ်နိုင်ဖို့ပဲ လိုတယ်။”

ထန်ရှုက လက်ခုပ်တီးပြီး ပြောလိုက်သည်။

“သိပ်ကောင်းတဲ့ ညှိနှိုင်းမှုကြီးပဲ။ အပေးအယူလုပ်လို့ ရမယ်ထင်တယ်။ ဒါပေမယ့် ငါ တစ်ခုတော့ သိချင်သေးတယ်။ ငါက ထာဝရခန်းမရဲ့ ပိုင်ရှင် ဆိုတာကို ခင်ဗျား ဘယ်လို အတိအကျ သိလဲ။ ပြီးတော့ သူတို့နှစ်ယောက် ထာဝရခန်းမရဲ့လက်အောက်မှာ ရှိနေတယ်ဆိုတာ ဘယ်လိုသိတာလဲ။”

"ငါ့မှာ ကိုယ်ပိုင်ထောက်လှမ်းရေးလမ်းကြောင်းတွေ ရှိတယ်။ သူတို့ရဲ့ ဘယ်နေရာမှာ ရှိလဲဆိုတဲ့ အချက်အလက်ကို ဝယ်ယူဖို့အတွက်တော့ ဈေးအတော် ပေးခဲ့ရတယ်။" ဒရက်ဖ်သည် မျက်လုံးများကို မှေးစင်းထားရင်း

"မင်း အမှောင်လေအဖွဲ့အစည်းအကြောင်း ကြားဖူးတယ် မဟုတ်လား။ အဲ့ဒီကမ္ဘာ့အကြီးဆုံး ထောက်လှမ်းရေး အေဂျင်စီကနေ ငါ ရခဲ့တာ။”

…အမှောင်လေအဖွဲ့အစည်းဟုတ်လား…

ထန်ရှု ထိုအမည်ကို ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်သော်လည်း ဤထောက်လှမ်းရေးအဖွဲ့အစည်းက သူ့အား ချက်ချင်းပင် နိုးနိုးကြားကြား ရှိစေသည်။ ခဏလောက် နှုတ်ဆိတ်နေပြီးနောက် သူက ဖြည်းညှင်းစွာ ပြောလိုက်သည်။

“ဒေါ်လာ ၂ ဘီလီယံနဲ့ အာဖရိကမှာရှိတဲ့ ရွှေတွင်း၊ ထပ်ပြီးတော့ မညှိနှိုင်းတော့ဘူး။ ၁၀ရက်အတွင်း ခင်ဗျားတို့ ကူဘိုကလန်ရဲ့ လက်ရှိခေါင်းကိုင်အဖေ ဒီကမ္ဘာမြေကနေ ပျောက်ကွယ်သွားလိမ့်မယ်ဆိုတာ သေချာထားလိုက်တော့။"

"မင်း မအောင်မြင်ရင်ရော…" ဒရက်ဖ်က လေးနက်သော လေသံဖြင့် မေးသည်။

"ငါ ဒီသဘောတူညီချက်ကို ယူပြီးသွားရင် ရလဒ်က သတ်မှတ်ပြီးသားပါ။" ထန်ရှုက ပေါ့ပေါ့ပါးပါး ပြောတယ်။

"ကြည့်လေ … မစ္စတာဒရက်ဖ်။ မင်းက ပူးပေါင်းဆောင်ရွက်မှုအတွက် ငါ့ကို လိုက်ရှာနေခဲ့တယ်။ ပြီးတော့ ငါ့အိတ်ကပ်ထဲကို ဝင်လာတဲ့ ဒီလောက် များပြားတဲ့ ပိုက်ဆံတွေကို ငါ တစ်ခါမှ မမြင်ဖူးသေးဘူးဆိုတော့ အောင်မြင်အောင် လုပ်ပေးရမှာပေါ့။"

ဒရက်ဖ်သည် မိနစ်အတော်ကြာ စဉ်းစားပြီးနောက် ဖြည်းညှင်းစွာ ခေါင်းညိတ်ကာ

"ဒီနည်းနဲ့ ငါတို့တွေ ကြီးမားတဲ့ ပူးပေါင်းဆောင်ရွက်မှုကို ရရှိပါစေ။"

“ဒါပေမယ့် ခင်ဗျားကို နောက်ဆုံး မေးချင်တာ တစ်ခု ရှိတယ်။” ထန်ရှု တည်ငြိမ်စွာ ပြောလိုက်သည်။ “ကမ္ဘာပေါ်မှာ ထူးချွန်တဲ့ လုပ်ကြံသတ်ဖြတ်သူ အများအပြား ရှိပြီး စွမ်းအားကြီးတဲ့ ကြေးစားကုမ္ပဏီတွေလည်း အများကြီး ရှိနေတာကို မင်း ငါ့ဆီ ဘာလို့ လာတာလဲ။ နောက်ပြီး ထာဝရခန်းမဆီ တန်းမလာဘဲ ခမ်းနားသော ထန်လုပ်ငန်းစုဆီ ဘာလို့ သွားခဲ့ရတာတုန်း။”

"ငါ့ပတ်ဝန်းကျင်မှာ သရဲတစ္ဆေတွေ ရှိတယ်။" ဒရက်ဖ် မချိပြုံးဖြင့် ပြောသည်။

ထန်ရှု တစ်ခဏမျှ တွေကနဲ ဖြစ်သွားပြီးမှ သူ မည်သည့်အရာကို ဆိုလိုသည်ကို ချက်ချင်း နားလည်သွားသည်။

ထို့နောက် သူက ပြုံးပြီး

"ကြည့်ရတာ ကုဘိုကလန်မှာ ခင်ဗျားရဲ့အခြေအနေက အပြင်လူတွေ မြင်နေရသလို ကောင်းဟန်မတူဘူးနဲ့ တူတယ် မစ္စတာဒရက်ဖ်။"

"အာဏာနဲ့လုပ်ပိုင်ခွင့်ဆိုတာ အလွန် စွဲမက်ဖွယ် ကောင်းပေမယ်လို့ အန္တရာယ်လည်း အလွန်များတယ်။" ဒရက်ဖ်က တွန့်ဆိုင်းသော အမူအရာဖြင့် ပြောလာသည်။

ထန်ရှုက သဘောတူစွာ ခေါင်းညိတ်ပြရင်း အပြုံးဖြင့် “ငါ့ကို သူတို့ရဲ့သတင်းတွေ ပေးပါဦး။ မင်း ငါတို့ကို ငှားချင်တယ်ဆိုကတည်းက အဲ့ဒါတွေ ကြိုတင်ပြင်ဆင်ထားမှာပဲ။"

ဒရက်ဖ်က လက်ဆွဲအိတ်ကို ချက်ချင်း ကောက်ကိုင်လိုက်ကာ ထန်ရှုကို လွှဲပြောင်းပေးရင်း “အချက်အလက်အားလုံးက အထဲမှာ ပါပါတယ်။ သူကိုယ်တိုင်အပြင် ဖြစ်နိုင်ရင် သူ့ရဲ့ညာလက်ရုံး တော်တော်များများကိုလည်း ဒီကမ္ဘာကနေ ကွယ်ပျောက်သွားစေချင်တယ်။ နောက်ပြီး အဲဒီရွှေတွင်းက အဲ့ဒီလူတွေအတွက် တကယ် ပြင်ဆင်ထားတာ။”

"ငါ နားလည်တယ်။" ထန်ရှုက မတ်တတ်ရပ်ပြီး ရယ်မောလိုက်ရင်း

"ဒါနဲ့ ငါ တက်ရောက်ရမယ့်အရာတွေ ရှိနေလို့ ခင်ဗျားနဲ့ အဖော်မလုပ်ပေးနိုင်တော့ဘူးဗျာ။ မစ္စတာဒရက်ဖ် … ခင်ဗျားက ထာဝရခန်းမရဲ့ အထူးဧည့်သည်ဆိုတော့ ငွေပေးချေစရာ မလိုဘဲ သုံးဆောင်နိုင်ပါတယ်။ ခင်ဗျားမှာ တခြား ကောင်းမွန်တဲ့ အပေးအယူတွေ ထပ်ရှိလာရင်လည်း ငါတို့ကို ဆက်သွယ်လိုက်ပါ။”

စကားဆုံးသည်နှင့် ထန်ရှု တန်းထွက်သွားသည်။

ပင်လယ်ကမ်းစပ်တွင် ဂူရှောင်ရွှဲ့ နှင့်တွေ့ပြီးနောက် သူက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

"ငါ အခုပဲ အပေးအယူကြီးကြီးတစ်ခု လက်ခံလိုက်တယ်။ အမေရိကန်ဒေါ်လာ ၂ ဘီလီယံနဲ့ ရွှေတွင်းတစ်ခု ရမယ့်ဟာပဲ။ အပြင်ထွက်ကစားရအောင် ပြင်ဆင်ဖို့ အမှောင်နဲ့အလင်းကို ပြောလိုက်တော့။"

ဂူရှောင်ရွှဲ့က ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး

"ဆရာအဘိုး … သူတို့ရဲ့ ခွန်အားက လတ်တလောမှာ ခုန်ပျံကျော်လွှားပြီး တိုးတက်လာခဲ့လို့ ငါတောင် သူတို့ရဲ့ ပြိုင်ဘက် မဟုတ်တော့ဘူး။ သူတို့ကိုသာ တာဝန်ပေးလို့ရှိရင် အလုပ်ကို လွယ်လွယ်ကူကူ ပြီးမြောက်နိုင်မယ်လို့ ငါ ယုံကြည်ပါတယ်။”

လက်ဆွဲအိတ်ကို သူမထံ ပေးပြီးနောက် ထန်ရှုက “ပစ်မှတ်က ကူဘိုကလန်ရဲ့ လက်ရှိခေါင်းကိုင်အဖေ ဖြစ်သလို သူ့ရဲ့ ညာလက်ရုံးတော်တော်များများလည်း ပါတယ်။ သူတို့တွေရဲ့သီးခြားအသေးစိတ်အချက်တွေ အားလုံးက ဒီလက်ဆွဲအိတ်ထဲမှာ ရှိတယ်။ ဒီကိစ္စက မင်းပဲ ဂရုစိုက်ရလိမ့်မယ်။"

"နားလည်ပါပြီ။" ဂူရှောင်ရွှဲ့က ပြုံးပြီး ခေါင်းညိတ်လိုက်သည်။

***

All Chapters