← Chapters

အကူအညီတောင်းသံ

Vol. 40 Ch. 553

အကူအညီတောင်းသံ

Vol. 40 Ch. 553

အမှောင်ထဲတွင် ထိန်းသိမ်းရမည့် ပြဿနာများကို ကိုင်တွယ်ဖြေရှင်းရန် လျှို့ဝှက်နည်းလမ်းများကို အသုံးပြုရမည်ဖြစ်သည်။

ထန်ရှုသည် ဉာဏ်အလွန် ထက်မြက်သော်လည်း စိတ်ပိုင်းဆိုင်ရာ ခံစားမှုတွင် အသိဉာဏ် မမြင့်မားဟု ဆိုနိုင်ပေသည်။ ကူဘိုကလန်ပြဿနာအား ဂူရှောင်ရွှဲ့ဆီသို့ လွှဲပြောင်းပေးပြီးနောက်တွင် လွန်ခဲ့သည့် နှစ်ရက်က သူ ခံစားနေခဲ့သော လွတ်လပ်ပေါ့ပါးသည့် ဘဝသို့ ပြန်ရောက်သွားသည်။ ဟန်ကျင်းဝူသည် သူ့အား လိုက်ရှာပြီး မနက်တစ်ခါ ညတစ်ခါ စကားစမြည် ပြောဆိုသော်လည်း သူမ၏စိတ်ထဲတွင် ပေါ်ပေါ်လာသော မှတ်ဉာဏ်အပိုင်းအစများနှင့် မြင်ကွင်းအကြောင်းအား ထန်ရှုတစ်ယောက် တစ်ခါမျှ ပြောလည်းမပြော၊ ညွှန်းလည်း မညွှန်းဆိုဘဲ မသိသလိုနေလာခဲ့သည်။

တဖြည်းဖြည်း ရက်အနည်းငယ် ကုန်လွန်ခဲ့ပြီဖြစ်သည်။

သာသာယာယာဖြစ်နေသော ထန်ရှုနှင့် ဆန့်ကျင်ဘက်ဖြစ်စွာ ယောင်ရှင်းဟွာသည် သူ၏အချိန်များကို စိုးရိမ်သောကများဖြင့် ကျော်ဖြတ်နေရပြီး တစ်ရက်တစ်ရက်သည် သူ့အတွက် တစ်နှစ်ကဲ့သို့ ကြာညောင်းနေခဲ့သည်။ တစ်ပတ်ခန့်ရှိပြီ ဖြစ်သော်လည်း ဒုတိယဦးလေးယောင်ချင်းထန်ဆီက မည်သည့်သတင်းမှ မရပါချေ။ နောက်ဆုံး သူ ရရှိသောသတင်းမှာ ကျင်းမန်ကျွန်းတွင် သူ၏ဦးလေးသည် ခြေရာလက်ရာ မကျန်အောင် သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားခဲ့ပြီဟူသော သတင်းသာ ဖြစ်တော့သည်။

ထန်ရှု၏လက်ချက် ဖြစ်လေမလားဟု ယောင်ရှင်းဟွာ သံသယ ရှိနေခဲ့သော်လည်း စုံစမ်းစစ်ဆေးမှုအရ ထန်ရှုသည် ထာဝရခန်းမ၌ အမြဲရှိနေခဲ့ပြီး ထိုနေရာမှ ခြေတစ်လှမ်းပင် မထွက်ခဲ့ကြောင်း သိရသည်။ ထို့အပြင် တခြားအဖြစ်အပျက်တစ်ခုသည် သူ့အား သောကရောက်ကာ ခေါင်းကိုက်စေသည်။

ယောင်ရှင်းဟွာတစ်ယောက် သူ မည်ကဲ့သို့သော သဘာဝလွန် သတ္တဝါမျိုးကို ရန်စခဲ့မိမှန်းမသိ၊ သူ့အိုင်ဒီကတ်နှင့် ဘဏ်ကတ်ပါရှိသော ပိုက်ဆံအိတ်အပါအဝင် သူ အမြဲလိုလို သယ်ဆောင်သော ပစ္စည်းများအားလုံး အခိုးခံလိုက်ရသည်။ ထိုအချင်းအရာကို ပြုလုပ်သူသည် မည်သည့်အချိန်တွင် မည်ကဲ့သို့လုပ်သွားမှန်းပင် သူ မသိလိုက်ပါချေ။ ပရဟိတပွဲတွင် ထန်ရှုကြောင့် သူ မည်သို့မည်ပုံ မေ့မျောသွားရသည်မသိ ဖြစ်ခဲ့တုန်းကလိုပင်။

မည်သို့ပင်ဆိုစေကာမူ ဖြစ်ပျက်သမျှအားလုံးအား သူ၏မိသားစုထံ အကြောင်းကြားခဲ့ပြီး ပြောင်းလဲမှုနှင့် အခြေအနေများကို တိတ်တဆိတ် စောင့်ကြည့်ရန်အတွက် ကျင်းမန်ကျွန်းတွင် ဆက်လက်နေထိုင်ရန် သူ့အား မိသားစုမှ အမိန့်ပေးခဲ့သည်။

ထာဝရခန်းမ၌...

ဟင်းပွဲများ၏သင်းပျံ့သော ရနံ့သည် ပထမထပ်ခန်းမ၏ လေထုထဲတွင် ပျံလွင့်နေသည်။ ပေါ့ပေါ့ပါးပါး ဝတ်စုံကို ဝတ်ဆင်ထားသည့် ကျိရှီယန်သည် ခန်းမထောင့်ရှိ စားပွဲတွင် အေးအေးဆေးဆေး ထိုင်ကာ စားသောက်ဖွယ်ရာများကို အရသာခံ စားသောက်လျက် ရှိသည်။ ရက်အနည်းငယ် ကြာသွားပြီး ဒရက်ဖ်လည်း ပြန်သွားပြီဖြစ်သော်လည်း သူမသည် ထာဝရခန်းမတွင် ဆက်နေခဲ့သည်။

ထန်ရှု၏အဆင့်အတန်းသည် ထာဝရခန်းမ၏ သူဌေးကြီးဖြစ်သည်ကို တိုက်ဆိုင်မှုကြောင့် သူမ သိခဲ့ရပြီး အံ့အားသင့်သွားခဲ့ရသော်လည်း ထန်ရှုနှင့် နီးနီးစပ်စပ်နေကာ အမြင်ကောင်းရအောင် လုပ်နိုင်ခဲ့ပါက အနာဂတ်တွင် သူမ ရနိုင်သော အကျိုးကျေးဇူးများစွာ ရှိလိမ့်မည်ဟု သူမ ခံစားမိသည်။ ထို့အပြင် သူမ၏စိတ်ထဲတွင် အခြားအတွေးတစ်ခုလည်း ရှိသေးသည်။

ယခုလတ်တလောတွင် သူမ၏သူဌေးသည် အမျိုးသမီးတစ်ယောက်၏ ညှို့ယူဆွဲဆောင်မှုအား စွဲလမ်းတပ်မက်နေခဲ့သည်။ သူတို့၏အိပ်ရာထက် စကားပြောဆိုခြင်း၏သက်ရောက်မှုအရ သူဌေး၏သဘောထားသည် သူမအပေါ်တွင် ပြောင်းလဲလာပြီး သူမအတွက် အတော်ပင် စိတ်ပျက်စရာ ဖြစ်ခဲ့သောကြောင့် ကုမ္ပဏီက ထွက်ရန် စိတ်ကူးပင် ရှိနေခဲ့သည်။ ထို့ကြောင့် သူမ၏သူဌေးသည် ဒရက်ဖ်ကို ကူညီစောင့်ရှောက်ရန် သူမအား ကြယ်တာရာသို့ စေလွှတ်လိုက်သောအခါ ခမ်းနားသောထန် စီးပွားရေးလုပ်ငန်းစုနည်းတူ ထန်ရှုကိုပါ သတိထားခဲ့သည်။ သူမ အံ့လည်း အံ့သြရသလို ဝမ်းလည်း သာရသည်မှာ ဒရက်ဖ်ထံ လာရောက်လည်ပတ်သူမှာ ခမ်းနားသော ထန်စီးပွားရေးလုပ်ငန်းစု၏ပိုင်ရှင် တဖြစ်လဲ ထန်ရှုပင် ဖြစ်တော့သည်။

ထို့ကြောင့် သူမသည် ထန်ရှုအား ထပ်မံတွေ့ဖို့ ကြိုးစားရန်အတွက် ဤနေရာတွင် ဆက်နေခဲ့ခြင်း ဖြစ်ပေသည်။

"မင်္ဂလာပါ။ လူကြီးမင်းရဲ့ ဟင်းပွဲတွေ အကုန်စုံပါပြီ။" စားပွဲထိုးလှလှလေးတစ်ယောက်က နောက်ဆုံးဟင်းပွဲအား စားပွဲပေါ်တင်ရင်း အပြုံးဖြင့်  ပြောလိုက်သည်။

“စိတ်မရှိရင် ငါ နင့်ကို တစ်ခုလောက် မေးလို့ ရမလား။ ထန်ရှုကို တွေ့ချင်လို့ နင် ကူညီပေးနိုင်မလား။" ကျိရှီယန်က စားပွဲထိုးမိန်းကလေးအား ခေါင်းညိတ်ပြပြီး ရုတ်တရက် မေးလိုက်သည်။

“တောင်းပန်ပါတယ်။ ကျွန်မက သူဌေးကို ခေါ်ပိုင်ခွင့် မရှိပါဘူး။” စားပွဲထိုးမိန်းကလေးက တောင်းပန်သည့် အမူအရာဖြင့် ဆိုလိုက်သည်။

"နင့်မှာ အခွင့်မရှိရင် နင့်ရဲ့အထက်လူကြီးကိုရော ပြောပေးလို့ ရမလား။ ငါက ဒီက ဧည့်သည်ပါ။ ဧည့်သည်တွေရဲ့ တောင်းဆိုမှုကို နင် ဖြည့်ဆည်းပေးလို့ရမလား"

“ဒါ … ကျွန်မ ကြိုးစားကြည့်ပါမယ်။”

ဆယ်မိနစ်အကြာတွင် ထန်ရှုသည် စားသောက်ဆိုင်၏ စားသောက်ခန်းမထဲသို့ ဝင်လာခဲ့သည်။ သူသည် လှည့်ပတ်ကြည့်လိုက်ပြီးနောက် ခန်းမထောင့်ဆီသို့ လျှောက်သွားကာ ကျိရှီယန်၏အခြားတစ်ဖက်တွင် ဝင်ထိုင်လိုက်သည်။ မတ်တတ်ရပ်လိုက်သည့် ကျိရှီယန်ကို လက်ကာပြပြီး အပြုံးဖြင့် ပြောလိုက်သည်။

"မင်း ငါ့ကို ရှာနေတယ်ကြားလို့ ငါ့ဆီက တစ်ခုခု လိုအပ်တာများရှိလား။"

“အမှန်ပါပဲ။ ငါ နင့်ကို ပြောစရာကိစ္စ ရှိနေလို့ပါ မစ္စတာထန်။” ကျိရှီယန်က ပြုံးကာ ဆိုသည်။

“ဘာများလဲ။” ထန်ရှုက မေးလိုက်သည်။

“ငါ့ရဲ့စွမ်းဆောင်ရည်ကို နင် ဘယ်လိုမြင်လဲ မစ္စတာထန်။” သူမက မေးလာသည်။

ထန်ရှုက ကျိရှီယန်အား အကဲခတ်လိုက်ပြီး အပြုံးဖြင့် ခေါင်းညိတ်ကာ

"မင်းရဲ့အရင်ရာထူးနဲ့ဆိုရင် အလုပ်ကိစ္စတွေကို ကိုင်တွယ်ဖြေရှင်းတဲ့ မင်းရဲ့အရည်အချင်းပုံစံက ကောင်းပါတယ်။"

ကျိရှီယန်က တည့်တည့်မတ်မတ်ထိုင်ပြီး "နင် ငါ့ကို သုံးလို့ ရနိုင်တယ်လို့ထင်လား။"

"မင်းက အခွင့်ရှိရင် အလုပ်ပြောင်းချင်နေတာလား။" ထန်ရှုက အံ့သြစွာ ပြန်မေးလိုက်သည်။

“ငါ စိတ်ကူးရှိပေမယ့် နောက်အလုပ်ကို ခုထိ ရှာမတွေ့သေးဘူး။”  ကျိရှီယန်က ခေါင်းညိတ်ကာ ဖြေသည်။

ထန်ရှု တခဏ တိတ်ဆိတ်သွားပြီးမှ

“ငါ အကြောင်းရင်းကို အရင် သိချင်တယ်။”

“အမှန်အတိုင်းပြောရရင် ငါက လက်ရှိသူဌေးရဲ့ ယုံကြည်ရတဲ့လက်ထောက်တစ်ယောက်ဆိုတော့ ကုမ္ပဏီထဲမှာဆိုရင် အရေးကြီးတဲ့ အခန်းကဏ္ဍတွေနဲ့ လုပ်ငန်းတာဝန်တွေကို များသောအားဖြင့် လုပ်ပေးရတာလေ။” ကျိရှီယန်က တုံ့ဆိုင်းစွာ ပြောလာသည်။

“ဒါပေမယ့် အခုတလော သူဌေးက အမျိုးသမီးတစ်ယောက်ကို စွဲလန်းနေပြီး အဲ့ဒီမိန်းမက ငါ့ကို ပုဂ္ဂိုလ်ရေးအရ ရန်ငြိုးထားနေတယ်။ အိပ်ရာထက်က စကားတွေအကြောင်း နင်လည်း ကြားဖူးတယ်မဟုတ်လား။ အရိုးသားဆုံးပြောရရင် သူတို့၂ယောက်ရဲ့အဲ့ဒီအိပ်ရာထက်က စကားတွေက အတော် စွမ်းအားကြီးတယ်လို့ဆိုရမှာပဲ။ နောက်ဆုံးတော့ ငါ့ကို သူဌေးက အေးတိအေးစက် ဆက်ဆံလာပြီး နယ်ပယ်အစုံက အလုပ်အများကြီး လုပ်ခိုင်းတော့တာပဲ။ ဒီအခြေအနေတိုင်းသာ ဆက်သွားရင် ငါ အလုပ်ထွက်စာ မတင်ရလိုက်ရပဲနဲ့ လက်ရှိကုမ္ပဏီက ငါ့ကို ကန်ထုတ်တော့မယ်လို့ ငါ ခံစားမိနေပြီ။”

ထန်ရှု အခြေအနေကို ရုတ်ခြည်းပင် နားလည်သွားသဖြင့် ပြုံးကာ ပြောလိုက်သည်။

“ငါ မင်းကို အချိန်၂ပတ် ပေးမယ်။ မင်းရဲ့လက်ရှိအလုပ်ရှင်နဲ့ ရှင်းလင်းစရာတွေ ပြီးသွားရင် ကြယ်တာရာကို သွားပြီး ခန်းရှကို ရှာပါ။ မင်းအတွက် သင့်လျော်တဲ့ရာထူးကို သူ စီစဉ်ပေးလိမ့်မယ်လို့ ငါ ယုံတယ်။”

ကျိရှီယန်၏မျက်ဝန်းများ အရောင်လက်လာပြီး စိတ်လှုပ်ရှားစွာဖြင့်

"ခမ်းနားသောထန် စီးပွားရေးလုပ်ငန်းစုကို ဝင်ဖို့ ငါ ရွေးချယ်လိုက်တာ မှန်တယ်လို့ ယုံတယ်။ ဒီကုမ္ပဏီရဲ့ အနာဂတ်တိုးတက်မှုနဲ့ ဖွံ့ဖြိုးတိုးတက်မယ့် အလားအလာက ငါ တွေ့ဖူးသမျှထဲမှာ အတောက်ပဆုံးပဲ။ ဒီအခွင့်အရေးအတွက် ကြိုပြီး ကျေးဇူးတင်ပါရစေ သူဌေး။ ငါ ကြိုးစားပါ့မယ်လို့ နင့်ကို ကတိပေးပါတယ်။"

ထန်ရှုက သူ၏လက်ကို ဝှေ့ယမ်းလိုက်ပြီး

“ပြောရမယ်ဆိုရင် ငါတို့တွေ အတူတူ ရင်ဆိုင်တဲ့ အတွေ့အကြုံတွေ ရှိခဲ့ဖူးတာဆိုတော့ ထုံးတမ်းစဉ်လာလိုပြောတာတွေ အသာထားပါဦး။ ဘာပဲဖြစ်ဖြစ် မင်း ဒီမှာ ဆက်နေနေတာ ငါ့ကို ဒီအကြောင်း ပြောဖို့မလား။"

“ဟုတ်တယ်။” ကျိရှီယန်က ပြုံးပြီး ခေါင်းညိတ်သည်။

"ကျိရှီယန် … တချို့စကားတွေက ကြားလို့ရပြီး တချို့စကားတွေကျတော့ ကြားလို့မရတာတွေ ရှိတယ်။ တခါတလေမှာ ထုတ်ပြောလို့ရတဲ့ စကားတွေ ရှိပြီး ထုတ်ပြောလို့မရတဲ့စကားတွေဆိုတာလည်း ရှိတယ်။ မင်းက ထက်မြက်တဲ့ အမျိုးသမီးပါ။ ငါ ဘာဆိုလိုတာကို မင်း နားလည်လောက်မှာပါ။" ထန်ရှုက ပြောသည်။

ကျိရှီယန်၏မျက်နှာ တည်သွားကာ တုံ့ဆိုင်းနေပြီးမှ ထန်ရှု မည်သည့်အကြောင်းအရာကို ဆိုလိုမှန်း သူမ သိရှိသွားခဲ့သဖြင့် ခေါင်းညိတ်ပြပြီး

“ကြည့်ရတာ လွန်ခဲ့တဲ့ရက်အနည်းငယ်က မစ္စတာဒရက်ဖ်နဲ့ အဖော်လုပ်ပေးတဲ့ကိစ္စကို ပြောတာထင်တယ်။ ဒါပေမယ့် နင်တို့ ဘာတွေပြောခဲ့လဲဆိုတာ ငါမှ မမှတ်မိပဲ။”

ထန်ရှုက သူမကို လက်မ ထောင်ပြလိုက်ရင်း  “ငယ်ရွယ်တဲ့ လူတွေက ကတိတည်ကြပြီး သင်ကြားပေးခံရဖို့ ထိုက်တန်ပါပေတယ်။ ဟင်းတွေလည်း ရောက်ပြီဆိုတော့ ညစာအတူတူ စားရအောင်။ မင်း စိတ်မရှိဘူး မဟုတ်လား။"

"’ဒါက ငါ ဂုဏ်ယူရမှာပါ။" ကျိရှီယန်က ပြုံးကာ ဆိုသည်။

မူလအစက သာယာသော ပတ်ဝန်းကျင်လေထုဖြင့် အစားအသောက် စားခြင်းကို အဆုံးသတ်သင့်သည် ဖြစ်သော်လည်း ထန်ရှု အနည်းငယ်သာ စားရသေးချိန်တွင် သူ၏လက်ကိုင်ဖုန်းသည် ရုတ်တရက် မြည်လာခဲ့သည်။ ဖုန်းကို ထုတ်ကာ ခေါ်ဆိုသူနံပါတ်ကို မြင်လိုက်သည်နှင့် ဟန်ကျင်းဝူ ဖြစ်နေသောကြောင့် ထန်ရှုတစ်ယောက် ရုတ်တရက် ခေါင်းပင် ကိုက်လာရသည်။

"ဘာလိုသေးလို့လဲ ဆရာမဟန်။"

"ထန်ရှု ငါ့ကို ကယ်ပါဦး…" ဟန်ကျင်းဝူ၏ အော်ဟစ်သံသည် ဖုန်းထဲမှ ထွက်ပေါ်လာသည်။

ထန်ရှု ရုတ်တရက် မတ်တတ်ရပ်လိုက်မိပြီး မျက်နှာပျက်ပျက်ဖြင့်

"မင်း အခု ဘယ်မှာလဲ။ ဘာဖြစ်တာလဲ။"

"ငါ ဟိုက်ပင်းလမ်းပေါ်က ပိုင်မိုဈေးဝယ်စင်တာကြီးမှာ ရောက်နေတယ်။ ငါ ... သွားလိုက်တာနဲ့ လူတချို့က ငါ့ကို ဝိုင်းထားတယ်။" ဟန်ကျင်းဝူက ကမန်းကတန်း ပြောလာသည်။

ထန်ရှုသည် ကျိရှီယန်အား လက်ဟန်ခြေဟန်ပြပြီး ထမင်းစားခန်းမှ ခြေလှမ်းကြဲကြီးဖြင့် ထွက်လာကာ ကားရပ်နားရာသို့ အမြန်ပြေးသွားခဲ့သည်။ ထိုနေရာတွင် ထာဝရခန်းမ၏ကင်းလှည့်အဖွဲ့တစ်ဖွဲ့ကို တွေ့သောကြောင့် လူရှစ်ဦးကို တစ်ခါတည်း ခေါ်သွားလိုက်သည်။

“ငါ့ကို ဟိုက်ပင်းလမ်းပေါ်က ပိုင်မိုဈေးဝယ်စင်တာဆီ ခေါ်သွားပေး။”

“ဟုတ်ကဲ့ပါ။”

ထာဝရခန်းမ၏ကျွမ်းကျင်သူ(၈)ဦးက တပြိုင်နက်တည်း ဖြေလိုက်ကြသည်။

****

ပိုင်မိုဈေးဝယ်စင်တာကြီးအတွင်းတွင်…

ဟန်ကျင်းဝူ၏အမူအရာသည် တုန်လှုပ်ကာ ဆောက်တည်ရာမရဖြစ်နေသည်။ သူမသည် နံရံကို မှီရပ်နေပြီး အားကစားဝတ်စုံများဖြင့် သူမကို ဝိုင်းထားသော လူငယ်များ၏အရှေ့မှ ဆံပင်တိုတိုနှင့် လူရွယ်အား စိုက်ကြည့်နေသည်။ ထိုသူ၏အမည်မှာ ဟွမ်ရှီချင်းဖြစ်ပြီး သူမအား ရိုင်းစိုင်းသော အကြည့်တို့ဖြင့် ကြည့်ရင်း အေးစက်စက် ပြောလိုက်သည်။

“ခွေးမ … မင်းက ငါ့ညီလေးရဲ့လက်ကို ချိုးခဲ့တာမို့ မင်း ဒီနေ့ ငါတို့နဲ့အတူ လိုက်ခဲ့။ နို့မဟုတ်ရင် ဟွမ်သိုင်းသင်တန်းကျောင်းရဲ့မျက်နှာ ပျက်ရတော့မှာပေါ့။”

“ငါ မလိုက်ဘူး။” ဟန်ကျင်းဝူက သူမ၏လွယ်အိတ်ကို မထားရင်း ဒေါသတကြီး အော်ဟစ်လိုက်သည်။

လက်ရှိတွင် သူမ၏ ခွန်အားနှင့် အရှိန်သည် ယခင်ကထက် ဆယ်ဆ ပိုမို အားကောင်းလာသော်လည်း မည်သည့် သိုင်းပညာကိုမျှ မသိသေးပေ။ တစ်ယောက်ချင်းစီ ယှဉ်ပြိုင်ရမည်ဆိုပါက သူမ၏အရှေ့က မည်သူ့ကိုမဆို အနိုင်ယူနိုင်သော်လည်း လက်ရှိတွင် လူငယ်ဒါဇင် များစွာရှိကာ ထိုအရေအတွက်သည် သူမ လုံးဝ အနိုင်မယူနိုင်သော အရေအတွက်တစ်ခုဖြစ်သည်။

"မင်းက မလိုက်ဘူးပေါ့။" ဟွမ်ရှီချင်းက လှောင်ရယ် ရယ်လိုက်ရင်း

"ဟမ့် … မင်းမှာ ဒီလို ရွေးချယ်ပိုင်ခွင့် မရှိဘူး။"

“နင့်ညီလေးက တခြားမိန်းမတွေကို အနိုင်ကျင့် နှိပ်စက်တာလေ။ သူက ငါ့ကိုလည်း ရန်စလာလို့ သူ့ကို ရိုက်လိုက်တာ။ လက်ကျိုးသွားတဲ့အထိ ဖြစ်လိမ့်မယ်လို့  ဘယ်သူက သိမှာလဲ။ ငါ နင်တို့ကို သတိပေးလိုက်မယ်။ နင်တို့ ငါ့ကို အနိုင်ကျင့်ရဲရင် နင်တို့ကို ဆုံးမမယ့်လူ မကြာခင် ရောက်လာတော့မှာ ငါ သေချာပြောရဲတယ်။"

“မင်း ခုနက ဆက်လိုက်တဲ့ ဖုန်းခေါ်ဆိုမှုအပေါ် မှီခိုနေတယ်ပေါ့ … ဟမ့် … ဟာသပဲ။” ဟွမ်ရှီချင်း မထီမဲ့မြင့် ပြောလိုက်သည်။ “ကျင်းမန်ကျွန်းမှာ ငါ ဟွမ်ရှီချင်း သွားမရှုပ်နိုင်တဲ့လူက နည်းနည်းပဲ ရှိတယ်။ ဒါပေမယ့် မင်း ဒီကို ခေါ်လာမယ့် ဘယ်ကောင်ကိုမှ ငါ သောက်ဂရုမစိုက်ဘူး။ မင်းမှာ အစွမ်းအစ ရှိရင် အိုးရန်မိသားစုက တစ်ယောက်ယောက်ကို ခေါ်လိုက်လေ။”

…အိုးရန်မိသားစုဟုတ်လား…

ဟန်ကျင်းဝူ၏စိတ်ထဲတွင် အိုးရန်လူလူ၏မျက်နှာလေး ပေါ်လာသော်လည်း ထိုအတွေးအား သူမ ချက်ချင်း စွန့်လွှတ်လိုက်သည်။

လူလူသည် ကျင်းမန်ကျွန်းဇာတိ ဖြစ်ပြီး အိုးရန်မိသားစုဝင်တစ်ဦး ဖြစ်သော်ငြားလည်း သူမနှင့် ထိုမျှ မရင်းနှီးသောကြောင့် ကူညီချင်မှ ကူညီပေမည်။ သူမ၏ကံဆိုးမှုနှင့် ခါးသီးသော အတွေ့အကြုံကို ဘေးမှ တစေ့တစောင်း ကြည့်ရင်း လူလူ့အတွက် ဟာသတစ်ခုဖွယ်ပင် ဖြစ်နေပေလိမ့်မည်။

"ငါ နင်တို့ကို သတိပေးလိုက်မယ်။ ငါ အခု ခေါ်လိုက်တဲ့လူက အရမ်းစွမ်းအားကြီးတယ်နော်။ အစွမ်းရှိသူတွေတောင် သူ့ရှေ့ဆို မသောင်းကျန်းရဲဘူး။ နင်တို့ ဒုက္ခပေးရဲရင် သူက နင့်တို့ကို ကောင်းကောင်းကြီး ဆုံးမပေးတော့မှာ။ မယုံရင် သူ ဒီကို လာတာ စောင့်နေလိုက်။”

"သူ လာတာကို စောင့်ရမယ်ဟုတ်လား။" ဟွမ်ရှီချင်းက လှောင်ပြောင်လိုက်သည်။

“ဒီဖေဖေက အချိန်မဖြုန်းဘူး။ သူ့ကို ငါတို့ကျောင်းဆီ ဆွဲခေါ်သွားစမ်း။ ဒီတစ်ခါတော့ ဒီဖေဖေက ဒီကောင်မကို သင်ခန်းစာကောင်းကောင်း မပေးရရင် ငါ့ဒေါသတွေ ပြေမှာမဟုတ်ဘူး။”

နောက်လူငယ်တစ်ယောက်က သူ့အင်္ကျီလက်တွေကို ဆွဲတင်ကာ ဟန်ဆောင်အပြုံးဖြင့်

"အစ်ကိုချင်း … ဒီမိန်းမက အရမ်းမိုက်တယ်။ သူ့တင်ပါးလေးတွေကို ခပ်ဆတ်ဆတ်ရိုက်ရအောင် ငါ့ကို ပေးပါ။ ငါ သူမကို ဆုံးမပြီးတာနဲ့ အရမ်းကျိုးနွံသွားရစေမယ်လို့ မင်းကို ကတိပေးတယ်။ ပြီးရင် သူ့ကို မင်းဆီ တောင်းပန်ဖို့ ခေါ်လာလိုက်မယ်။”

"သူမက မင်းအတွက်ပဲ။" ဟွမ်ရှီချင်းက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

ထိုလူငယ်သည် စိတ်လှုပ်ရှားနေဟန်ဖြင့် ဟန်ကျင်းဝူဆီသို့ ချက်ချင်း လျှောက်လာကာ သူမ၏ပခုံးကို တန်းကိုင်လိုက်သည်။

"ထွက်သွား…"

ဟန်ကျင်းဝူက သူမ ကိုင်ထားသော လွယ်အိတ်အား သူ့ဆီသို့ လွှဲရမ်းလိုက်ပြီး သူမ၏ညာခြေထောက်အား လူငယ်၏မျက်နှာဆီသို့ လျင်မြန်စွာ ကန်လိုက်ကာ နောက်ဆုတ်သွားစေသည်။

…ဘုန်း...

လူငယ်၏ခန္ဓာကိုယ်သည် ငါးမီတာအကွာသို့ နောက်ပြန်လွင့်သွားပြီးနောက် နောက်ဆုံးတွင် မြေပြင်ပေါ်သို့ ပြုတ်ကျကာ တစ်ခါတည်း မေ့မျောသွားတော့သည်။

…ဘာ…

ကျန်လူငယ်များစွာသည် ထိုမြင်ကွင်းကို ကြည့်ပြီး အံသြကုန်သည်။ အလွန်နူးညံ့သိမ်မွေ့ပြီး နုနုနယ်နယ် ဟန်ကျင်းဝူသည် သူတို့၏အပေါင်းအဖော်အား လွင့်စဉ်သွားသည်အထိ ကန်ထုတ်နိုင်မည်ဟု သူတို့ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ကြပေ။ ဟန်ကျင်းဝူသည် ဟွမ်ရှီယန်၏လက်မောင်းကို ချိုးလိုက်နိုင်ခြင်းမှာ သူကိုယ်တိုင် ကံဆိုးစွာဖြင့် လဲကျခြင်းသွားကြောင့်ဟု ယခင်က သူတို့ ထင်ခဲ့ကြသည်။ သို့သော် ယခုတော့ သည်အမျိုးသမီးက တကယ့်ကို သန်မာနေဟန် ရှိသည်။

ဟွမ်ရှီချင်း၏မျက်လုံးများ မှေးသွားသည်။ ဟန်ကျင်းဝူ၏ကန်လိုက်သော အမြန်နှုန်းသည် သူ၏အမြန်ဆုံးနှုန်းထက် အနည်းငယ် ပိုမြန်နေခဲ့သဖြင့် သူ့အား တိတ်တဆိတ် သတိကြီးစေခဲ့သည်။ သို့သော် ဟန်ကျင်းဝူ၏မျက်နှာထက်မှ ထိတ်လန့်နေသော အမူအရာကို မြင်လိုက်ရသောအခါတွင် သူက လှောင်ပြောင်လိုက်ပြီး

" ရှောင်သောက် … ဒီခွေးမကို ငါ့အတွက် ဖမ်းပေးစမ်း။"

“အသေအချာပေါ့။”

ရှောင်သောက်ဟုခေါ်သော တောင့်တင်းပြီး ကြည့်ကောင်းသော လူငယ်သည် ဟန်ကျင်းဝူဆီသို့ ပြေးလာသည်။ သူသည် လျင်မြန်စွာဖြင့် ဟန်ကျင်းဝူ၏ပုခုံးပေါ်သို့ လွှဲကန်လိုက်ရာ သူမသည် နာကျင်မှုကို ပြင်းထန်စွာ ခံစားလိုက်ရပြီး မြေပြင်ပေါ်သို့ တန်းလဲကျသွားတော့သည်။

***

All Chapters