သိုင်းသင်တန်းကျောင်းသို့ အပြေးသွားခြင်း
Vol. 40 Ch. 554
လျင်မြန်သော အရှိန်နှင့် အစွမ်းထက်သော ခွန်အားကို ပိုင်ဆိုင်ထားသော်လည်း ထိုအမျိုးသမီးသည် အခြေခံသိုင်းပညာအဆင့်တင်မက မည်သည့် သိုင်းပညာကိုမျှ မတတ်သည်မှာ ထင်ရှားကြောင်း ထိုအချိန်တွင် ဟွမ်ရှီချင်း ပြောနိုင်ပေသည်။ သည်ရှာဖွေတွေ့ရှိမှုက သူ၏စိတ်နှလုံး တင်းကျပ်နေရာမှ ချက်ချင်း သက်သာရာရပြီး သရော်တော်တော်အမူအရာကိုပင် ဖြစ်စေသည်။
…ဖြန်း…
ထို့နောက် သူက ဟန်ကျင်းဝူကို ဆွဲကိုင်ကာ ပါးရိုက်လိုက်သည်။ ဟန်ကျင်းဝူ၏ပါးမို့မို့ထက်တွင် နီရဲနေသော လက်ဝါးရာ ပေါ်လာသောအခါ သူက ရှောင်သောက်ထံ ပစ်တွန်းလိုက်ပြီး
"ဒီခွေးမကို ငါတို့သိုင်းသင်တန်းကျောင်းကို ခေါ်သွားပြီး လမ်းမှာ သူ့ကို ဖုန်းဆက်ခွင့်ပေးလိုက်။ ဒီကျင်းမန်ကျွန်းမှာ ဘယ်သူက သူ့ကို ကယ်တင်နိုင်တဲ့ အစွမ်းအစရှိလဲဆိုတာ ငါ ကြည့်ဦးမယ်။”
“အိုခေ…” ရှောင်သောက် တောက်ပစွာ ပြုံးလိုက်သည်။ သူက ဟန်ကျင်းဝူ၏လက်ကို ဆွဲကိုင်ပြီး ကားထဲ ဆွဲထည့်လိုက်သည်။ ထို့နောက် ကားများစွာ လျင်မြန်စွာ ထွက်ခွာလာပြီး ကြောက်ရွံ့ထိတ်လန့်နေသော ဟန်ကျင်းဝူသည် ထန်ရှုဆီ ဖုန်းခေါ်ဆိုခဲ့သည်။
သူရဲကောင်းဂုဏ်ရည် သိုင်းသင်တန်းကျောင်း။ ၎င်းသည် ကျင်းမန်ကျွန်း၏အနောက်ဘက် ဆင်ခြေဖုံးအရပ်တွင် ရှိပြီး သိုသိပ်စွာ နေတတ်သည့် သိုင်းသင်တန်းကျောင်း ဖြစ်သော်လည်း ထိုကျောင်းအား သိုင်းပညာရှင်များက စီမံအုပ်ချုပ်ခဲ့သည်။ ကျောင်းအုပ်ကြီးသည် ထိုကျောင်းကို တစ်နှစ်ပတ်လုံး မစီမံသဖြင့် ဒုတိယကျောင်းအုပ် ကျန်းမန်ထျန်းက ကျောင်း၏ လည်ပတ်မှုတစ်ခုလုံးကို လုံး၀ ထိန်းချုပ်ထားရသည်။
ကျန်းမန်ထျန်းသည် သိုင်းဆရာကြီးတစ်ဦး ဖြစ်ပြီး သူ၏ ခွန်အားသည် အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ သိုင်းပညာကျွမ်းကျင်သူများက သူ့ကို အုပ်စုဖွဲ့ တိုက်ခိုက်ခဲ့လျှင်ပင် သူနှင့် နီးနီးကပ်ကပ် တိုက်ရန် ခက်ခဲပေလိမ့်မည်။ သူ၏အရည်အချင်းကို အားကိုးကာ လက်ဗလာသက်သက်ဖြင့် ကျင်းမန်ကျွန်းတွင် ခြေချခဲ့သည်။ နောက်ပိုင်းတွင် မည်သူမှ မသိလိုက်ခင်မှာပဲ သူသည် သူရဲကောင်းဂုဏ်ရည် သင်တန်းကျောင်း၏ ဒုတိယကျောင်းအုပ် ဖြစ်လာခဲ့သည်မှာ ဆယ်စုနှစ်နှစ်ခု ကြာခဲ့ပြီဖြစ်သည်။
လတ်တလောနှစ်များအတွင်း သူသည် ခန်းမထဲတွင် နေ့တိုင်းနီးပါး နေနေခဲ့သည်။ သူ၏သိုင်းပညာကို လေ့ကျင့်ခြင်းအပြင် သစ်ပင်ပန်းပင်များ စိုက်ပျိုးပြီး ဘဝအား ပျော်ရွှင်သာယာစွာ အချိန်တွေ ကုန်ဆုံးစေသည်။ သို့သော်လည်း ကျင်းမန်ကျွန်းရှိ အလွှာပေါင်းစုံမှ အကောင်ကြီးကြီးများသည် သူ၏ခွန်အားကြောင့် လေးစားနေကြဆဲပင်ဖြစ်သည်။ ထိုသူတို့သည် မကြာခဏ လာရောက်၍ သောက်စားကြပြီး မျက်နှာသာရမှုနှင့် အခြားအရာများစွာကို ဖလှယ်ကြသည်။ ဒါပေါ့ … အကြောင်းပြချက်တစ်စိတ်တစ်ပိုင်းက သူ့တွင် ကျင်းမန်ကျွန်းရှိ မြေအောက်စီးပွားရေးလုပ်ငန်း လုပ်ကိုင်သည့် မိသားစုများစွာနှင့် ပေါင်းစပ်နိုင်သည့် ချိတ်ဆက်မှုတွေ အများကြီးရှိသောကြောင့် ဖြစ်သည်။
ယခုအချိန်တွင် ကျန်းမန်ထျန်းသည် ဥယျာဉ်ခြံဝင်းအတွင်းရှိ ပန်းများနှင့် သစ်ပင်များကို ဖြတ်တောက်ကာ ညှိနေချိန်တွင် သန်မာထွားကြိုင်းသော အမျိုးသားနှစ်ဦးသည် ဂိတ်စောင့်များအဖြစ် စောင့်နေကြသည်။
"ဆရာသခင် ကျန်း …"
ပိန်ပိန်ပါးပါး လူငယ်တစ်ယောက်သည် ခြံဝင်းထဲသို့ လျှောက်လာပြီး ကျန်းမန်ထျန်း၏နံဘေးသို့ လျင်မြန်စွာ ရောက်လာသည်။
ကျန်းမန်ထျန်းက မျက်မှောင်ကြုပ်သွားပြီး စိတ်ဆိုးသောအမူအရာဖြင့်
“ရှောင်ဟူ … ငါ ဒီမှာ ချထားတဲ့ စည်းကမ်းတွေကို မေ့သွားပြီလား။ အရေးတကြီးကိစ္စ မရှိရင် ပန်းပင်နဲ့သစ်ပင်တွေကို ငါ ညှိနေတဲ့အခါတိုင်း အနှောက်အယှက် မပေးနဲ့ကွ။"
ပိန်ပိန်ပါးပါး လူငယ်သည် အားယူပြုံးလိုက်ပြီး “ဆရာသခင်ကျန်း … တကယ်ဆို ကျွန်တော်လည်း မနှောင့်ယှက်ချင်ပါဘူး။ ဒါပေမယ့် ဟွမ်ရှီချင်း အပြင်က ပြန်လာတော့ အမျိုးသမီးတစ်ယောက်ကို ခေါ်ဆောင်လာပြီး ထိန်းသိမ်းထားတယ်။ အခု သူက အရေးပါတဲ့ တစ်စုံတစ်ယောက် ရောက်လာတာကို စောင့်နေသလိုပဲ လေ့ကျင့်ရေးကွင်းမှာ တိုက်ပွဲပုံစံတစ်ခုကို ပြုလုပ်ထားတယ်။”
"မင်းပြောလိုက်တာ ဟွမ်ရှီချင်းလား။" ကျန်းမန်ထျန်းက မျက်ခုံးပင့်ကာ ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ "ငါတို့ရဲ့ သူရဲကောင်းဂုဏ်ရည်သိုင်းသင်တန်းကျောင်းကို သူတို့ ဟွမ်မိသားစု သိုင်းလေ့ကျင့်တဲ့ခန်းမအဖြစ် ပြောင်းလဲပစ်မယ်ဆိုပြီး တစ်ချိန်တုန်းက ခြိမ်းခြောက်ခဲ့တဲ့ ကောင်လား။ သူ အပြင်မှာ ပြဿနာ ရှာခဲ့တာလား။”
"အဲ့ဒါ သူ့ညီလေး ဟွမ်ရှီယန်ကြောင့်ပါပဲ။" ပိန်ပါးပါးလူငယ်က အစီရင်ခံသည်။
“သူ့လက်က ကျိုးသွားခဲ့တယ်။ အဲ့ဒါက သူတို့ခေါ်လာတဲ့ အမျိုးသမီးကြောင့် ဖြစ်တာလို့ သိရတယ်။”
"ဒီတလော ဟွမ်ညီအစ်ကိုတွေက ပိုပိုပြီး နိုင့်ထက်စီးနင်း ကြမ်းတမ်းလာကြတယ်။" ကျန်းမန်ထျန်းက ခေါင်းယမ်းကာ သက်ပြင်းချလိုက်သည်။ “အစတုန်းက သူက ငါ့ရဲ့သိုင်းပညာကို ကောင်းကောင်း လိုက်နိုင်တဲ့အတွက် ငါတို့ သိုင်းကျောင်းရဲ့ အပြင်ဘက် လုပ်ငန်းကိစ္စရပ်တွေကို ကိုင်တွယ်ရာမှာ သူ့ကို တာဝန်ပေးဖို့ စီစဉ်ထားခဲ့တယ်။ ဒီလောက် ရမ်းကားပြီး သောင်းကျန်းလာလိမ့်မယ်လို့ ငါ နည်းနည်းမှ မထင်ထားခဲ့မိဘူး။ ကြည့်ရတာ ဒီတလောနှစ်တွေထဲ ငါက ပျင်းရိလာပြီး သူ့ကို စည်းကမ်းတကျ မလုပ်ခဲ့မိပုံပဲ။"
"ကျွန်တော်တို့ ဘာလုပ်ကြမလဲ ဆရာသခင်ကျန်း။" ပိန်ပိန်ပါးပါးလူငယ်က မြန်မြန် မေးလိုက်သည်။ "ဟွမ်ရှီချင်းက တစ်စုံတစ်ယောက်ကို ကျွန်တော်တို့သိုင်းကျောင်းဆီ ဖမ်းခေါ်လာတဲ့အတွက် ဒါက ကျွန်တော်တို့သိုင်းကျောင်းရဲ့ ဆိုင်းဘုတ်ကိုသုံးပြီး တခြားသူတွေကို တိုက်ခိုက်တော့မယ်ဆိုတဲ့ သဘောပဲ။ ဒီကိစ္စက ကျွန်တော်တို့နဲ့ ဘာမှ ဆက်နွယ်မှုမရှိပေမယ့် တစ်ဖက်က ယုံမှာ မဟုတ်ဘူး။”
ကျန်းမန်ထျန်းက ခဏလောက် နှုတ်ဆိတ်နေခဲ့ပြီးနောက် "ငါ ပန်းပင်နဲ့သစ်ပင်တွေကို ရိတ်ပြီးအောင် စောင့်ပါ။ ပြီးတော့ ဒီကောင်စုတ်ကို ငါ သင်ပြမယ်။"
"နားလည်ပါပြီ။" ပိန်ပိန်ပါးပါး လူငယ်လေး၏ မျက်လုံးများ အရောင်လက်သွားပြီး နောက်ပြန်ဆုတ်ကာ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေလေသည်။
သူရဲကောင်းဂုဏ်ရည် သိုင်းသင်တန်းကျောင်းသည် ကြီးမားသော ဧရိယာတွင် ရှိပြီး သိုင်းသင်တန်းကျောင်း၏အရှေ့ဘက်ကွင်းသည် ပုံမှန်ဘောလုံးကွင်း၏အရွယ်အစားအတိုင်း ရှိပေသည်။ သည်အချိန်တွင်တော့ ဟန်ကျင်းဝူသည် ပါးစပ်ထဲတွင် အဝတ်များဆို့ခံထားရကာ တိုင်တစ်လုံးတွင် ကြိုးတုပ်ခံထားရသည်။ ဟွမ်ရှီချင်းသည် သူမ၏အရှေ့ ဆယ်မီတာအကွာရှိ ကုလားထိုင်ပေါ်တွင် ထိုင်နေရင်း အေးအေးဆေးဆေး လက်ဖက်ရည် သောက်နေသည်။ သူ၏အနောက်တွင် မျက်နှာထားတင်းတင်းဖြင့် လူငယ်လူရွယ်များစွာသည် ဟန်ကျင်းဝူကို လက်ပိုက်ပြီး စိုက်ကြည့်နေကြရင်း သူတို့၏မျက်လုံးများထဲတွင် ရန်လိုနေမှုက အထင်းသား ဖြစ်သည်။
၎င်းတို့နှင့် မီတာဒါဇင်နှင့်ချီကာ ဝေးကွာသောအရပ်တွင် သူရဲကောင်းဂုဏ်ရည်သိုင်းသင်တန်းကျောင်းမှ ဒါဇင်ပေါင်းများစွာသော နည်းပြဆရာများနှင့် သင်တန်းသားများက ထိုသူတို့အား စူးစမ်းလိုသော အမူအရာဖြင့် ဘေးမှ ကြည့်နေကြသော်လည်း မည်သည့်အကြောင်းကြောင့် ဖြစ်သည်ကို မည်သူမျှ လာမမေးကြပေ။ သူတို့သည် ဟွမ်ရှီချင်း၏ ထောင်လွှားသော အမူအရာအား အန္တရာယ်ကို စိုးရိမ်သောအကြည့်ဖြင့် ကြည့်နေကြသည်။
ဆယ်မိနစ်မပြည့်မီတွင် အနက်ရောင် ဆာ့ဖ်ကားလေးစီးသည် သူရဲကောင်းဂုဏ်ရည် သိုင်းသင်တန်းကျောင်း၏အရှေ့တံခါးဝသို့ အမြန်မောင်းဝင်လာခဲ့သည်။ ဂိတ်စောင့်အဘိုးကြီး၏ အော်ဟစ်သံနှင့်အတူ ကားလေးစီးသည် အရှိန်ပြင်းစွာဖြင့် ဝင်လာပြီး နှစ်ထပ်အဆောက်အဦးတန်းတစ်ခု၏ အရှေ့တွင် ရပ်လိုက်သည်။ ထို့နောက် ထောင်ထောင်မောင်းမောင်း အမျိုးသားနှစ်ဦးသည် ဆာ့ဖ်ကားပေါ်မှ ဆင်းလာကာ သင်တန်းသားတစ်ဦးထံသို့ ပြေးသွားခဲ့သည်။ သူတို့ထဲက တစ်ယောက်က ထိုသင်တန်းအား ဘာမပြော ညာမပြောဘဲ ပိတ်ရိုက်လိုက်ပြီး ထန်ရှု စီးလာသည့် ကား၏ပြတင်းပေါက်နားဆီ ဆွဲခေါ်သွားတော့သည်။
ပြတင်းပေါက်မှန်ကို ဖြည်းညှင်းစွာ ပွင့်လာကာ ထန်ရှု၏မျက်နှာ ပေါ်လာပြီး သင်တန်းသားကို စူးစိုက်ကြည့်လျက်
"မင်းတို့ သူရဲကောင်းဂုဏ်ရည် သိုင်းသင်တန်းကျောင်းရဲ့ လူတွေက မိန်းမတစ်ယောက်ကို ဖမ်းချုပ်ထားတယ်ဆို ဟုတ်လား။"
ထိုသင်တန်းသား၏မျက်နှာမှာ နီရဲနေသည်။ သူက ခေါင်းကို မော့ကာ ထန်ရှုကို စိုက်ကြည့်ရင်း ဒေါသတကြီး အော်ပြောလိုက်သည်။
“ဟုတ်တယ်။ ငါတို့သိုင်းကျောင်းရဲ့ဟွမ်ရှီချင်းက အဲ့ဒီအမျိုးသမီးကို ခေါ်လာတဲ့သူပဲ။
မင်းတို့ကောင်တွေက ဘယ်သူတွေလဲ။ ငါတို့သိုင်းကျောင်းထဲကို အပြေးအလွှားလာပြီး ဒီမှာ ပြသနာရှာရဲတယ်ပေါ့လေ။ အသက်နဲ့ခန္ဓာကိုယ် အိုးစားကွဲပြီး ပြန်ရမှာ မကြောက်ဘူးလား။"
"အိုး … ကြည့်ရတာ ငါ သူခိုးအသိုက်ကို ရောက်လာခဲ့တဲ့ပုံပဲ။ ငါ့ကို ပြောစမ်း … ဟွမ်ရှီချင်းဆိုတဲ့ကောင် ဘယ်မှာလဲ … ပြန်ပေးဆွဲခံရတဲ့ အမျိုးသမီးကရော ဘယ်မှာလဲ။” ထန်ရှု သက်ပြင်း ချကာ အေးစက်စက်အမူအရာဖြင့် မေးလိုက်သည်။
“ဘယ်ဘက်ကို သွားလိုက်ရင် သူတို့တွေ သိုင်းပညာ လေ့ကျင့်ရေးကွင်းမှာ ရှိတယ်။” သင်တန်းသားက အော်လိုက်သည်။
ထောင်ထောင်မောင်းမောင်း လူနှစ်ယောက်က ထိုသူအား လွှတ်ပေးလိုက်ပြီး ကားပေါ်သို့ ပြန်လာသည်။ ဆာ့ဖ်ကားလေးစီးသည် လေ့ကျင့်ရေးကွင်းကို တည့်တည့်မောင်းလာပြီး တစ်မိနစ်အတွင်းမှာပင် ထိုနေရာသို့ ရောက်သွားသည်။ လေ့ကျင့်ရေးကွင်းရှိ တိုင်တွင် ဟန်ကျင်းဝူသည် ချည်နှောင်ထားခံရပြီး ဟွမ်ရှီချင်းသည် လက်ရှိတွင် ကုလားထိုင်ပေါ် ထိုင်ကာ လက်ဖက်ရည် သောက်နေသည်ကို ထန်ရှု ရှင်းရှင်းလင်းလင်း မြင်နေရသည်။
ထိုအချိန်တွင် ဟွမ်ရှီချင်းသည် လက်ဖက်ရည်သောက်ရန်အတွက် သူ၏လက်ဖက်ရည်ခွက်ကို မရုံ ရှိသေးသည်။ အနက်ရောင်ဆာ့ဖ်ကားလေးစီး အပြင်းဝင်လာသည်ကို မြင်လိုက်ရချိန်တွင် သူ၏အမူအရာသည် ချက်ချင်း ပြောင်းလဲသွားသည်။ ကားလေးစီးသည် သူတို့ နှင့် ဆယ်မီတာအကွာတွင် ရပ်လိုက်ပြီး အနက်ရောင်ဝတ်စုံဝတ် လူရှစ်ယောက်သည် ကားပေါ်မှ ဆင်းလာသည်။ သို့သော် သူ၏မျက်လုံးအစုံကမူ ကားပေါ်က ယခုမှ ဆင်းလာသည့် ထန်ရှုကို စိုက်ကြည့်နေခဲ့သည်။
… ဒီလောက်လူလေးကို ကားလေးစီးနဲ့ လာတာလား။ အတော် ဟန်ထုတ်တာပဲ…
ဟွမ်ရှီချင်းက လက်ဖက်ရည်ခွက်ကို ပြန်ချလိုက်ပြီး ထန်ရှုတို့အဖွဲ့အား အထင်အမြင်သေးစွာ ကြည့်လိုက်သည်။ ထို့နောက် သူက ပုံမှန်အတိုင်း ခေါင်းပြန်ငုံ့ကာ ညာဘက်လက်သည်းလေးများအား ဆော့ကစားနေသည်။
အရှေ့က မြင်ကွင်းကို ကြည့်ရင်း ထန်ရှု တိတ်တဆိတ် သက်ပြင်းချမိသည်။ ဟန်ကျင်းဝူသည် အပြင်ထွက်လည်ရုံမျှသာ ရှိသေးသည် … ဤမျှ ကြီးမားသော ပြဿနာကို ဖြစ်စေလိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။ ကြည့်ရသည်မှာ ပြဿနာသည် ပေါ့သေးသေး ဟုတ်ဟန်မတူချေ။ သို့သော်လည်း ဟန်ကျင်းဝူသည် အခြားသူများအား မည်သည့်အခါမှ ပြဿနာ စရှာသောသူ မဟုတ်သည်ကို သူ ကောင်းစွာ သိထားသောကြောင့် သူမအား အပြစ်မတင်ခဲ့ပေ။
ဟန်ကျင်းဝူဆီသို့ ထန်ရှု လျှောက်သွားသောအချိန်တွင် သူမ၏ပါးပြင်ထက်မှ မျက်ရည်များကို တွေ့လိုက်ရသည်။ သူမကို ချည်နှောင်ထားသော ကြိုးများအား ထန်ရှု ညင်သာစွာ ဖြည်ပေးလိုက်ပြီး ပါးစပ်ထဲတွင် ဆို့ထားသော အဝတ်အစားတွေကို ဖယ်လိုက်ကာ
"မင်း အရိုက်ခံထားရတာလား။ နာနေလား။"
…အဟင့်…အဟင့်…
ကြိုးအားလုံး ဖြည်ပြီးသွားချိန်တွင် ဟန်ကျင်းဝူသည် ထန်ရှု၏ရင်ခွင်ထဲသို့ ချက်ချင်း ပြေးဝင်ကာ တင်းကြပ်စွာ ဖက်ထားရင်း နာကျင်ဝမ်းနည်းရသော ခံစားချက်တို့ဖြင့် တရှုံ့ရှုံ့ ငိုကြွေးတော့သည်။ သူမအတွက် အလုံခြုံဆုံးနေရာသည် ထန်ရှု၏ရင်ခွင် ဖြစ်နေသည့်အားပင်။
"ဝိုး … သူရဲကောင်းက မိန်းမလှလေးကို ကယ်တင်ခြင်းပေါ့ အဟက်။ မိန်းမလှလေးကတောင် သူမကိုယ်တိုင် ပေးအပ်လိုက်တာပဲ။ ဘယ်လောက်တောင် ရင်ထဲထိသွားတဲ့ မြင်ကွင်းပါလိမ့်ကွာ။"
ဟွမ်ရှီချင်း၏အနောက်တွင် ရပ်နေသော ရှောင်သောက်သည် ကျယ်လောင်သောဝီစီကို မှုတ်လိုက်ပြီး အပြုံးဖြင့် အော်လိုက်သည်။
ထန်ရှုက သူမကို ချက်ချင်း တွန်းမထုတ်ဘဲ ခဏလောက် ပွေ့ဖက်ခွင့် ပြုလိုက်သည်။ သူမ၏နောက်ကျောလေးကို ပုတ်ပေးပြီးနောက် သူမကို ညင်သာစွာ တွန်းဖယ်လိုက်ပြီး ကုလားထိုင်တစ်လုံးဆီသို့ ခေါ်သွားခဲ့သည်။ ဟွမ်ရှီချင်းက သူ့ကို မတားပါချေ။
"ငါ သူမကို အခု ခေါ်သွားရင် မင်း စိတ်မဆိုးဘူးမလား။" ထန်ရှုက မေးလိုက်သည်။ သူ၏အသံသည် တည်ငြိမ်အေးဆေးနေသော်လည်း အထဲတွင် အေးစက်သော အငွေ့အသက်များ ဖုံးလွှမ်းနေသည်။
ဟွမ်ရှီချင်းက ခေါင်းမော့လာပြီး သူ၏မျက်နှာထက်ရှိ မထီမဲ့မြင်ပြုသည့်အမူအရာက ပိုမိုသိပ်သည်းလာခဲ့သည်။ သူက ခြေချိတ်လိုက်ကာ စီးကရက်တစ်လိပ်ကို ထုတ်ပြီး မီးညှိဖွာရှိုက်လိုက်သည်။ ထို့နောက် အားရပါးရ ရယ်မောလိုက်ရင်း
"ငါ့ရဲ့ဟွမ်သိုင်းသင်တန်းကျောင်းဟာ မင်း ဝင်ချင်သလို ဝင်၊ ထွက်ချင်သလို ထွက်နိုင်တဲ့ နေရာတစ်ခုလို့ မင်း ထင်တာလား။”
…ဟွမ်သိုင်းပညာသင်တန်းကျောင်း…
ထန်ရှု၏မျက်ခုံးများ တွန့်သွားပြီး
"အပြင်က ဆိုင်းဘုတ်အရဆိုရင် ဒါက သူရဲကောင်းဂုဏ်ရည် သိုင်းသင်တန်းကျောင်း မဟုတ်လား။ ဘယ်လိုဖြစ်ပြီး ဟွမ်သိုင်းသင်တန်းကျောင်း ဖြစ်သွားရတာလဲ။"
“အခုကတော့ သူရဲကောင်းဂုဏ်ရည် သိုင်းသင်တန်းကျောင်းလို့ ခေါ်တာပေါ့။ ဒါပေမယ့် ဒုကျောင်းအုပ်ကြီးက ငါ့ကို အထင်ကြီးတယ်။ အနာဂတ်မှာ သူ အနားယူသွားပြီးရင် ငါ့စကားတွေက ဒီကျောင်းရဲ့အရာအားလုံးကို အဆုံးအဖြတ် ပေးမှာဆိုတော့ အတူတူပဲ မဟုတ်ဘူးလား။" ဟွမ်ရှီချင်းက ရယ်မောလိုက်ရင်း
“ကောင်စုတ်လေး … မင်းက တော်တော် ငယ်သေးပုံ ရပေမယ့် ငါတို့ သိုင်းသင်တန်းကျောင်းရဲ့ နာမည်နဲ့ ဂုဏ်သတင်းကို ကြားဖူးရမှာ မဟုတ်ဘူးလား။ ဒီကို လာပြီးကယ်တင်ဖို့ မင်းမှာ သတ္တိတွေရှိမယ်လို့ ငါ တကယ်ကို မမျှော်လင့်ထားဘူး။ မင်းကို မလေးစားဘူးဆိုရင် ငါ တကယ်ကို မမျှတရာကျတော့မှာပဲ။"
“လေးစားတာ မလေးစားတာတွေ ခေါက်ထားလိုက်စမ်းပါ။ မင်းလိုလူတစ်ယောက်နဲ့ ငါ အချိန်တွေ မဖြုန်းတီးချင်ဘူး။" ထန်ရှုက ပြောသည်။ “ငါက လူတစ်ယောက်ကို ကယ်ဖို့ ဒီကို လာခဲ့တာ။ ငါ သူ့ကို ကယ်တင်ပြီးပြီဆိုတော့ သွားဖို့ အချိန်ကျပြီ။ မင်း ငါ့ကို တားရဲရင် အဲ့ဒီဆိုင်းဘုတ်ကမ္ပည်းပြားနဲ့ ဒီသိုင်းကျောင်းကို ငါ ဖျက်ဆီးပစ်ရုံပဲ။"
ထိုအချိန်တွင် သူကိုယ်တိုင် လေ့ကျင့်ပေးခဲ့သော ကျောင်း၏နည်းပြဆရာအများအပြားကို ဦးဆောင်လာသည့် ကျန်းမန်ထျန်းသည် လူအုပ်ကြီးအနီးသို့ ရောက်လာသည်။ မူလက သူသည် ဟွမ်ရှီချင်းအား အပြစ်ဆိုရန် ရည်ရွယ်ခဲ့သော်လည်း ထန်ရှု၏စကားကိုကြားပြီးနောက် သူ၏မျက်ခုံးများ အနည်းငယ် တွန့်ချိုးသွားခဲ့ကာ အေးစက်စက် ပြောလိုက်သည်။
"ဘယ်လောက်တောင် လေကြီးလိုက်လေလဲ။ သူရဲကောင်းဂုဏ်ရည် သိုင်းသင်တန်းကျောင်းရဲ့ နာမည်ကမ္ပည်းပြားကို ဖျက်ဆီးပစ်မယ်လို့ မင်း ပြောလိုက်တာလား။"
"ဒုကျောင်းအုပ်…"
ဟွမ်ရှီချင်းသည် အလွန်မောက်မာသော်လည်း ကျန်းမန်ထျန်း၏အရှေ့တွင် ထိုသို့ မနေဝံ့ပေ။ သူရဲကောင်းဂုဏ်ရည် သိုင်းသင်တန်းကျောင်းတွင် သူ အကြောက်ရဆုံးသူမှာ ကျန်းမန်ထျန်းမှ လွဲ၍ အခြားသူ မရှိပါချေ။ သူသည် ကုလားထိုင်မှ အလျင်အမြန် ထကာ ကျန်းမန်ထျန်းအား တလေးတစား နေရာပေးလိုက်သည်။
ကျန်းမန်ထျန်းက သူ့အား အေးစက်စက်အကြည့်တို့ဖြင့် ကြည့်ကာ ကုလားထိုင်ပေါ် ဝင်ထိုင်ပြီးနောက် ထန်ရှုဘက် လှည့်ပြီး စကားပြန်ပြောသည်။
“တကယ်တော့ မင်းတို့လူငယ်တွေကြားက ကိစ္စတွေကို ငါ စိတ်မဝင်စားဘူး။ ဒါပေမယ့် မင်းတို့အားလုံး ငါ့ကျောင်းကို ရောက်လာပြီဆိုမှတော့ ငါက ကျောင်းရဲ့ကိုယ်စား ရှေ့ကို မထွက်လာဘဲ နေလို့မရတော့ဘူး။ ဘာတွေ မှားနေကြတာလဲ။ မင်းတို့ ဒီအငြင်းပွားမှုကို အတိအကျ ဘယ်လိုဖြေရှင်းချင်လဲ။”
ကျန်းမန်ထျန်းအနီးတွင် ရပ်နေသည့် ဟွမ်ရှီချင်းက "ဒုကျောင်းအုပ် … ဒီခွေးမကို လွှတ်ပေးလို့မရဘူး။ သူ့ကြောင့် ကျွန်တော့်ညီလေးရဲ့လက် ကျိုးသွားတယ်။ ကျွန်တော် ဒီကိစ္စကို လက်မလျှော့ဘူး။"
"အမှိုက်…" ကျန်းမန်ထျန်း ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။
ဟွမ်ရှီချင်း၏မျက်နှာ ပျက်သွားပြီး စိတ်ပျက်လက်ပျက်ဖြင့် သူ၏ပါးစပ်ကို ချက်ချင်း ပိတ်ထားသည်။
ထန်ရှုက ခေါင်းယမ်းလိုက်ပြီး ခံစားချက်ကင်းမဲ့စွာဖြင့် "ခင်ဗျားက ဒီကျောင်းရဲ့ဒုကျောင်းအုပ်လို့ ကျွန်တော် ထင်တယ် ဟုတ်တယ်မလား။ ခင်ဗျားရဲ့ခွန်အားက တကယ်ကို မှတ်သားစရာ ကောင်းပြီး ထိပ်တန်းသိုင်းပညာရှင်တစ်ယောက်အဖြစ် မှတ်ယူနိုင်ပါတယ်။ ခင်ဗျားရဲ့လူတွေက သွားခွင့်မပေးမှတော့ ကျွန်တော်လည်း မသွားချင်တော့ဘူး။ သူနဲ့ သူ့အနောက်မှာ ရပ်နေတဲ့ လူတွေကို ခင်ဗျားရဲ့သိုင်းသင်တန်းကျောင်းကနေ နှင်ထုတ်ဖို့ အခွင့်အရေး ခင်ဗျားကို ပေးမယ်။ ပြီးရင် ဒီကိစ္စက ဆက်မရှိတော့ဘူး။ နို့မဟုတ်ရင်…”
"နို့မဟုတ်ရင် ဘာဖြစ်မှာတုန်း … ဟမ့်…" ကျန်းမန်ထျန်းက သရော်သံဖြင့် ပြောလိုက်သည်။
***