တုန်လှုပ်ချောက်ချားရမှု…
Vol. 40 Ch. 555
ထန်ရှုက အေးစက်စက်အမူအရာဖြင့်
"မဟုတ်ရင် ဒီနေ့ ဒီသိုင်းသင်တန်းကျောင်းကနေ ခင်ဗျားတို့တွေ တစ်ယောက်မှ ခြေထောက်တွေနဲ့ ထွက်သွားနိုင်မယ်မထင်နဲ့။"
…ဖြောင်း…ဖြောင်း…ဖြောင်း…
ကျန်းမင်ထျန်းက လက်ခုပ်တီးပြီး ပြုံးလိုက်သော်လည်း သူ၏မျက်လုံးများထဲတွင် မထီလေးစား အရိပ်အယောင်များ ပေါ်လာခဲ့သည်။ အနီးနားတွင် သိုင်းသင်တန်းကျောင်း၏နည်းပြဆရာများနှင့် သင်တန်းသား ဒါဇင်ပေါင်းများစွာ စုဝေးနေကြရာ ယခုအခါ လူပေါင်း ၅၀ ထက်မနည်း ရှိနေပြီဖြစ်သည်။ ထိုသူများသည်လည်း ထန်ရှုကို မထီမဲ့မြင်ပြုကာ ကဲ့ရဲ့နေကြသည်။
"ဒီကောင်က ငနှောင့်လား ဘာလား။ အခု သူ ဘယ်နေရာကို ရောက်နေလဲဆိုတာ မသိဘူးလား။"
"သောက်ရူးပဲ။ သူက ငါတို့သိုင်းကျောင်းကို လာပြီး သောင်းကျန်းရဲသေးတာလား။ အဲ့ဒီကောင် သေချင်နေပြီလား။”
“လွန်ခဲ့တဲ့ ခုနစ်နှစ် ရှစ်နှစ်လောက်က ငမိုက်သားတချို့ ငါတို့သိုင်းကျောင်းမှာ ပြဿနာရှာဖူးတယ်။ နောက်ဆုံးတော့ သူတို့ခြေထောက်တွေ အချိုးခံရပြီး ခွေးသေတွေလိုပဲ ဒီနေရာကနေ ကန်ထုတ်ခံလိုက်ရတယ်။ အဲ့ဒီနောက်တော့ အဲ့ဒီကောင်တွေရဲ့ မိသားစုတွေဟာ အရှက်တွေကွဲပြီး ကျင်းမန်ကျွန်းမှာ ဆက်မနေနိုင်ကြတော့ဘူး။”
“အဲ့ဒီကောင်က မိုက်ရူးရဲပဲ။ သက်တော်စောင့် ရှစ်ယောက်ကို ခေါ်လာတာနဲ့ပဲ အောင်ပွဲခံနိုင်မယ်လို့ ထင်နေတာလား။ ဟမ့် … ကြည့်ရတာ 'သေတယ်' ဆိုတဲ့စကားကို ဘယ်လိုရေးရမှန်း ဒီကောင် မသိသေးဘူးပဲ။"
“…”
သိုင်းသမားဂုဏ်ရည်သိုင်းသင်တန်းကျောင်း၏ နည်းပြများနှင့် သင်တန်းသားများ ပြောဆိုနေကြသည်။ သူတို့သည် တိုက်ပွဲအတွက် လက်ယားနေပြီဖြစ်ပြီး ထန်ရှုနှင့် သူ၏လူများကို ပြင်းပြင်းထန်ထန် သင်ခန်းစာပေးရန် ဒုကျောင်းအုပ်၏ အမိန့်ကို စောင့်ဆိုင်းနေခဲ့သည်။
ဟန်ကျင်းဝူသည် ထန်ရှု၏အင်္ကျီစကို ဆွဲလိုက်ပြီး စိတ်ပူကာ ဂနာမငြိမ်သောဟန်ဖြင့် ပြောလာသည်။
"ထန်ရှု … ထွက်သွားရအောင်။ ဒီနေရာ သိုင်းပညာသင်တန်းကျောင်းတစ်ကျောင်း ဖြစ်သလို သူတို့တွေကလည်း အရမ်းအားကောင်းပုံပဲ။”
ထန်ရှု ခေါင်းခါလိုက်သည်။ ကျန်းမန်ထျန်း၏အမူအရာမှ အထင်အမြင်သေးမှုကို သတိပြုမိသောကြောင့် သူက မျက်နှာသေဖြင့်
"ကျွန်တော် ခင်ဗျားကို အခွင့်အရေးတစ်ခု ပေးပြီးပြီ။ ခင်ဗျား မယူတဲ့အတွက် ရက်စက်ပြီး အညှာအတာ မရှိရင် ကျွန်တော့်ကို အပြစ်မတင်နဲ့။ အားလုံး … လှုပ်ရှားတော့ … သူတို့တွေရဲ့ခြေထောက်တွေကို ချိုးပစ်လိုက်။”
ထာဝရခန်းမမှ ကျွမ်းကျင်သူရှစ်ဦးတွင် တစ်ဦးစီသည် သိုင်းဆရာကြီးအဆင့်ထက် သာလွန်သော ခွန်အားကို ပိုင်ဆိုင်ထားကြသည်။ ထန်ရှု အမိန့်ပေးလိုက်သည်နှင့် ထိုလူရှစ်ယောက်က ကျားများသဖွယ် ထိုလူအုပ်ဆီ ခုန်အုပ်သွားကြသည်။ မြန်လည်း မြန်၊ သန်လည်း သန်ကြသည့်အားလျော်စွာ သူရဲကောင်းဂုဏ်ရည် သိုင်းသင်တန်းကျောင်းနှင့် ထိပ်တိုက်တွေ့ခဲ့ပြီး ထို၈ယောက်၏ပြင်းထန်သော တိုက်ကွက်များကြောင့် လူဆယ်ဦးကို လှဲသိပ်ပြီးဖြစ်သည်။
"…ဘာ…"
ထန်ရှု ခေါ်ဆောင်လာသောလူများသည် အမိန့်ရသည်နှင့် ချက်ချင်း လုပ်ဆောင်လိမ့်မည်ဟု ကျန်းမန်ထျန်း မတွေးခဲ့မိပေ။ သူ၏စိတ်ကူးထက် ကျော်လွန်နေသည်မှာ ထိုသူတို့ ပြသသော ခွန်အားသည် လွန်စွာ စွမ်းအားကြီးလှသည်။ သည်လူရှစ်ယောက်ကို သူသာ တပြိုင်နက် ရင်ဆိုင်ရပါက အတော်ပင် ခက်ခဲပင်ပန်းရပေလိမ့်မည်။
"ရပ်…" ကျန်းမန်ထျန်း၏ပါးစပ်မှ ကျယ်လောင်သော အော်သံတစ်ခု ထွက်ပေါ်လာသည်။
ထာဝရခန်းမ၏ကျွမ်းကျင်ပညာရှင်များသည် ထန်ရှု၏အမိန့်ကိုသာ နာခံသောကြောင့် သူတို့ လှုပ်ရှားမှုများကို လုံးဝမရပ်တန့်ခဲ့ပေ။ ၎င်းတို့၏ အလင်းတန်းသဖွယ် မြန်ဆန်သော လှုပ်ရှားမှုများနှင့် ပြင်းထန်သော တိုက်ကွက်များနှင့်အတူ လူရှစ်ဦးသည် ပတ်ဝန်းကျင်ရှိ လူစုလူဝေးကို ကစင့်ကလျား လူစုကွဲသွားစေပြီး ၎င်းတို့၏ ပြိုင်ဘက်များကို လူစုခွဲကာ အဆက်မပြတ် လှဲသိပ်လေတော့သည်။
ကျန်းမန်ထျန်း၏အနီးတွင် ရပ်နေသော ဟွမ်ရှီချင်းသည် ချက်ချင်း မလှုပ်ရှားသေးသော်လည်း ထိုသိုင်းပညာရှင်ရှစ်ဦးမှ သူ၏သိုင်းပညာသင်ဖက် ညီအစ်ကိုများကို ဦးစိုက်ဂျွမ်းပြန်ဖြစ်အောင် သမနေသည်ကို ကြည့်မိသည်။
နက်ရှိုင်းသော သိုင်းပညာအခြေခံအုတ်မြစ်ကို ပိုင်ဆိုင်ထားကြသည့် သိုင်းနည်းပြဆရာများ ဒါဇင်နှင့်ချီကာ မှောက်ကုန်နေသည်ကို တွေ့ရသောအခါ ဟွမ်ချီရှင်း၏နှလုံးခုန်သံသည် အကြိမ်အနည်းငယ် တဒိုင်းဒိုင်း ခုန်လာသည်။
…ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ။ ဒီလူရှစ်ယောက်ရဲ့ ခွန်အားက ဘယ်လိုနည်းနဲ့ကြောင့် ဒီလောက်တောင် သန်မာနိုင်တာလဲ။ တစ်ဦးစီရဲ့ တိုက်ခိုက်ရေးစွမ်းရည်က သူ့ထက် အသာချည်းပဲ။
တစ်ခုသိရမည်မှာ သူသည် သိုင်းပညာရှင်အဆင့်တွင် ပြီးပြည့်စုံအောင်မြင်ခဲ့ပြီး သိုင်းဆရာကြီးအဆင့်သို့ ရောက်ရန် ခြေတစ်လှမ်းမျှသာ လိုတော့ပေသည်။ ထိုအချိန်ရောက်ပါက သူသည် ဒုကျောင်းအုပ်ဆရာကြီး ကျန်းမင်ထျန်းနှင့် တန်းတူညီမျှ ခွန်အား ရှိလိမ့်မည်ဖြစ်သည်။
…ဖြစ်နိုင်တာက... ဒီလူရှစ်ယောက်လုံး သိုင်းဆရာကြီးအဆင့်တွေလား…
ကြည့်ရသည်မှာ သူသည် ပြသနာအကြီးကြီး တစ်ခုကို ရှာလိုက်မိဟန်ရသည်ဟု ထိတ်လန့်စရာကောင်းသော အရိပ်အခြည်ကို ဟွမ်ရှီချင်း ရုတ်တရက် နားလည်သွားခဲ့ပြီဖြစ်သည်။
လေးလံဖိစီးမှုများနှင့် အချိန်များ ကုန်လွန်ခဲ့ပြီဖြစ်သည်။
နှစ်မိနစ်နှင့် ငါးစက္ကန့်…။ ကျန်းမန်ထျန်းနှင့် ဟွမ်ရှီချင်းမှ လွဲ၍ မတ်တတ်ရပ်ကာ ကျန်နေသောလူများမှာ ကျန်းမန်ထျန်း ခေါ်ဆောင်လာသူများ ဖြစ်သည်။
"လူငယ်လေး … မင်းလူတွေကို ရပ်ခိုင်းလိုက်။"
ထာဝရခန်းမ၏ကျွမ်းကျင်သူများ ထပ်မံစုရုံးလာပြီး ၎င်းတို့ထံ ရောက်ရှိလာတော့မည်ကို တွေ့သောအခါ ကျန်းမန်ထျန်းက ချက်ချင်း အော်လိုက်သည်။
ထန်ရှုက သူ့လက်ကို မြှောက်လိုက်ပြီး ခနိုးခနဲ့ရယ်သံဖြင့်
"ဘာမှားလို့လဲ။ ခင်ဗျား နောင်တရပြီး ညှာတာဖို့ တောင်းနေတာလား။”
"နောင်တဟုတ်လား … ညှာတာဖို့ တောင်းနေတာ ဟုတ်လား။ ဟမ့်…" ကျန်းမန်ထျန်းက အေးစက်စက် နှာမှုတ်သံတစ်ချက် ပြုလိုက်ပြီး
"ငါ ကျန်းမန်ထျန်းကို တစ်စုံတစ်ယောက်က အဲ့ဒီလို ပြောရဲတဲ့စကား မကြားရတာ ဆယ်စုနှစ်နှစ်ခုနီးပါးရှိပြီ။ လူငယ်လေး … မင်း ခေါ်လာတဲ့ လူတွေဟာ ငါ့လောက် အများကြီး မသန်မာဘူး။ ဒါပေမယ့် မင်း ဒီကိစ္စကို ဆက်လုပ်ချင်နေသေးတာ သေချာလား။"
"ကျွန်တော် အရမ်း သေချာတယ်။" ထန်ရှုက ပြောသည်။
ကျန်းမန်ထျန်းက သူ၏လက်ကို မြှောက်လိုက်ပြီး "လူငယ်လေး … မင်း ရှင်းရှင်းလင်းလင်း စဉ်းစားကြည့်စမ်းပါ။ မင့်လူတွေက အလွန်အားကောင်းတယ်ဆိုပေမယ့် လက်နှစ်ဖက်က လက်လေးဖက်ကို တိုက်ဖို့ အလွန်ခက်ခဲတယ်ဆိုတာ မင်း နားလည်သင့်တယ်။ ဒီမှာရှိနေတဲ့ လူအရေအတွက်က ငါတို့ကျောင်းတစ်ခုလုံးရဲ့ ဆယ်ပုံတစ်ပုံပဲ ရှိတယ်။ မင်းရဲ့လူတွေနဲ့ တိုက်ဖို့ အားလုံးကို ငါ ခေါ်လိုက်ရင် မင်း အလဲထိုးနိုင်မှာ သေချာလား။ သူတို့တွေ အဝိုင်းခံလိုက်ရတာနဲ့ မင်းနဲ့ မင့်အမျိုးသမီးက လွတ်မြောက်နိုင်မယ်လို့ မင်း ထင်လား။"
"ခင်ဗျား ကျွန်တော့်ကို ခြိမ်းခြောက်နေတာလား။" ထန်ရှု ဟားတိုက်ကာ ရယ်လိုက်သည်။
“ကျွန်တော်က တစ်စုံတစ်ရာကို ကြောက်ကောင်း ကြောက်နေနိုင်ပေမယ့် တခြားလူတွေကိုတော့ တစ်ခါမှ မကြောက်ဖူးဘူး။ မင်းတို့အားလုံး ဒီလူကလွဲပြီး ကျန်တာကို ရှင်းလိုက်။”
ထာဝရခန်းမ၏ကျွမ်းကျင်သူရှစ်ဦးသည် တစ်ဖန်ပြန်လည် လှုပ်ရှားတိုက်ခိုက်ခဲ့သည်။ ဤတစ်ကြိမ်တွင် သူသည် ရန်သူအတွက် ပြိုင်ဖက် မဟုတ်ကြောင်း ဟွမ်ရှီချင်း အပြည့်အဝ သိရှိခဲ့သော်လည်း ၎င်းကို ရင်ဆိုင်တွန်းလှန်နေဆဲ ဖြစ်သည်။ သို့သော် လျှပ်စီးလက်သည့်အလား လက်သီးတစ်ချက်သည် သူ၏မျက်နှာကို ထိုးကြိတ်လိုက်ပြီး သံတုံးသဖွယ်မာကျောသော ခြေထောက်တစ်ဖက်က သူ၏ခါးကို ကန်ထုတ်လိုက်သည်။ ဟွမ်ရှီချင်းတစ်ယောက် ငယ်သံပါအောင် အော်ဟစ်ရင်း ခုနစ်မီတာအကွာသို့ လွင့်စဉ်သွားခဲ့ရပြီး မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျသွားခဲ့သည်။
…ခရက်...
ထောင်ထောင်မောင်းမောင်းလူရှစ်ဦးသည် လူတစ်ဒါဇင်ကျော်အား လှဲသိပ်လိုက်ပြီးနောက် ထန်ရှု၏အမိန့်အတိုင်း သူတို့သည် ၎င်းတို့၏ပေါင်ရိုးများကို နင်းချေခဲ့သည်။ သည်လူတွေတင်သာမက အစောပိုင်းကမှ အနိုင်ပိုင်းထားခဲ့သည့် လူများ၏ပေါင်ရိုးကိုလည်း ချိုးပစ်ကြသည်။
"တော်လောက်ပြီ။"
ကျန်းမန်ထျန်းသည် လူရှစ်ယောက်၏ လုပ်ရပ်ကို မြင်သဖြင့် ကုလားထိုင်မှ ရုတ်တရက်ထလိုက်သည်။
ထန်ရှုအား တည့်တည့်စိုက်ကြည့်နေသော မျက်လုံးများသည် ဒေါသမီးများ တောက်လောင်နေဟန်ရပြီး အော်လိုက်ခြင်းဖြစ်သည်။။
ထန်ရှုက သူ၏လက်များကို လွှဲယမ်းနေရင်း ရယ်ရယ်မောမောဖြင့်
"အား … ကျွန်တော် နောက်ဆုံးအကြိမ် လှုပ်ရှားခဲ့တာ နည်းနည်းတောင် ကြာသွားပြီပဲ။ တကယ်တော့ ကျွန်တော်လည်း လေ့ကျင့်ချင်ပေမယ့် မင်းတို့တွေက အားနည်းလွန်းတော့ ကျွန်တော် လှုပ်ရှားဖို့ လုံးဝ မထိုက်တန်ဘူး။ မင်းတို့အားလုံးထဲက အသန်မာဆုံးသူကို ဘယ်လိုခေါ်လို့ ရမလဲ။"
“ကောင်စုတ်လေး … ဒီနေ့ ဖြစ်ပျက်ခဲ့တာက ငါတို့ကြားက ပြန်မပြင်ဆင်နိုင်တော့ဘူး။ ဒီနေ့ မင်း ထွက်သွားနိုင်မယ်မထင်နဲ့။” ကျန်းမန်ထျန်းက အေးစက်စွာ အော်လိုက်သည်။
"ဒီမှာရှိတဲ့ အသန်မာဆုံးလူက အပြင်ထွက်ဖို့ မလိုဘူး၊ ငါကိုယ်တိုင်က မင်းတို့အားလုံးကို ရှင်းပစ်ဖို့ လုံလောက်တယ်။"
“ခင်ဗျား သိပါတယ်။ တစ်ခါတလေ ကိုယ့်ကိုယ်ကို ယုံကြည်မှုက တကယ်ကောင်းတဲ့ အရာပါ၊ ဒါပေမယ့် ကိုယ့်ရဲ့ ခွန်အားကို လွန်ကဲစွာ တွက်ဆတာက ဆိုးရွားတဲ့ အကျိုးဆက်တွေကို ဖြစ်ပေါ်စေတယ်။ ဟူးး..."ထန်ရှုက ခေါင်းခါပြီး သက်ပြင်းချလိုက်သည်။
"မင်းတို့ ရှစ်ယောက်ထဲက ဘယ်သူက သူ့ကို သင်ပေးချင်လဲ။ အနိုင်ရရင် ငါ ဆုချမယ်။"
"ငါ့ကို လုပ်ခွင့်ပေးပါ။" သန်မာသောလူတစ်ယောက် ရှေ့သို့ လှမ်းလာပြီး ပြောလိုက်သည်။
ထန်ရှုက သူ၏လက်ကို ဝှေ့ယမ်းလိုက်ပြီး "မင်း လုပ်ချင်တယ်ဆိုရင် ကောင်းကောင်းလုပ်ခဲ့။ ဒါပေမယ့် မရှုံးအောင်သတိထားပါ။ မဟုတ်ရင် ငါ မင်းကို အပြင်ထွက်ပြီး စီးပွားရေးပဲ လုပ်ခိုင်းမယ်။"
"နားလည်ပါပြီ။" ထိုသူ၏မျက်နှာအမူအရာသည် ပြောင်းလဲသွားပြီး တည်ကြည်ရင့်ကျက်သွားသည်။ သူ့ကိုယ်သူ ကျင့်ကြံရန် အချိန်နည်းတာကြောင့် လုပ်ငန်းကို စီမံခန့်ခွဲဖို့ ပြင်ပကို မထွက်သွားချင်ပေ။
ထိုအချိန်တွင် နေရာအနှံ့အပြား နာကျင်စွာ လူးလှိမ့်နေသော သူရဲကောင်းဂုဏ်ရည်မှ နည်းပြဆရာများနှင့် သင်တန်းသားများသည် ကျင်းမန်ထျန်းနှင့် ထာဝရခန်းမမှလူကို ကြည့်လိုက်ပြီး အများစုက ဒေါသတကြီး အော်ဟစ်တောင်းဆိုနေကြသည်။
"ဒုကျောင်းအုပ် … ငါတို့အတွက် လက်စားချေပေးပြီး အားလုံးကို သတ်ပစ်ပါ။"
“ဒီငိုးမသားတွေကြောင့် ငါ့ခြေထောက်လေး သွားပါပြီ။ ဒုကျောင်းအုပ် … ဆရာသခင်က သိုင်းဆရာကြီးအဆင့်ပါ။ သူတို့ကို အဆတစ်ရာမက ခံစားရအောင် လုပ်ပေးရမယ်နော်။"
"ဒုကျောင်းအုပ်သာ လှုပ်ရှားလိုက်ရင် ဒီလူတွေ သေမှာ အသေအချာပဲ။"
"ဆရာသခင် … သူတို့အားလုံးကိုသတ်ပြီး ကျွန်တော်တို့ရဲ့ သူရဲကောင်းဂုဏ်ရည် သိုင်းသင်တန်းကျောင်းကို စော်ကားလို့မရဘူးဆိုတာကို အကြောင်းပြလိုက်စမ်းပါ ။"
“…”
ကျန်းမန်ထျန်းကို စိုက်ကြည့်နေကြသော သူတို့၏အမူအရာနှင့် မျက်လုံးများသည် စိတ်အားထက်သန်များ အပြည့်ရှိပြီး ထန်ရှုနှင့် သူ၏လူများကိုမူ အမုန်းတရားများ ပြည့်နှက်နေသော မျက်လုံးများဖြင့် စိုက်ကြည့်ကြသည်။ လတ်တလောနှစ်များအတွင်း ၎င်းတို့၏ ဒုကျောင်းအုပ်သည် တိုက်ခိုက်သည်ကို တွေ့ရခဲသော်လည်း ဒုကျောင်းအုပ် မည်မျှ အားကောင်းသည်ကို သူတို့ ကောင်းစွာ သိပေသည်။ သူသည် စွမ်းအားကြီးသော သိုင်းဆရာကြီးတစ်ဦး ဖြစ်ပြီး သူ လှုပ်ရှားလိုက်သည်နှင့် ထန်ရှုတို့အားလုံးကို ရှင်းပစ်နိုင်မည်ဖြစ်သည်။
ကျန်းမန်ထျန်းသည် ခပ်တိုးတိုး ကြုံးဝါးလိုက်ပြီး ထာဝရခန်းမကလူဆီသို့ ရုတ်တရက် ရွေ့လျားလိုက်သည်။ သူ၏ခြေလှမ်းများသည် လွန်စွာ မြဲမြံတည်ငြိမ်သည့်အပြင် အလွန် လျင်မြန်သည်။ ထာဝရခန်းမကလူ၏ရှေ့တွင် ပေါ်လာပြီးနောက် သူသည် တုံ့ဆိုင်းမနေဘဲ ထိုလူ၏မျက်နှာဆီသို့ လက်သီးအတွဲလိုက် ထိုးခွင်းလိုက်သည်။
…ဟမ့်…
ထာဝရခန်းမလူက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး ခြေကန်ချက်တစ်ခုကို အလွန်လျင်မြန်စွာ လုပ်လိုက်သည်။ ထိုခြေကန်ချက်သည် ကျန်းမန်ထျန်း၏လက်မောင်းကို ထိသွားပြီး အခြားခြေတစ်ဖက်ဖြင့် ကျန်းမန်ထျန်း၏ရင်ဘတ်ကို ကန်ကျောက်ခဲ့သည်။
အကြီးအကျယ် ဖျက်စီးခြင်း။ တစ်ဖက်သတ် တိုက်ခိုက်ခြင်း။
အရှိန်နှင့်ခွန်အားနှစ်ခုစလုံးအရ ကျန်းမန်ထျန်းသည် ထိုလူ၏တိုက်ခိုက်မှုကို မမြင်နိုင်ခဲ့သောကြောင့် ထိုခြေကန်ချက်များအား တိမ်းရှောင်နိုင်ရန်ဝေးစွ တားဆီးနိုင်ခြင်းပင် မရှိပေ။ ထိုခြေကန်ချက်များအား တားဆီးရန် လက်သီးတွဲများအား မိုးပေါက်များသဖွယ် တရစပ် စေလွှတ်ခဲ့သော်လည်း ထိုနှစ်ခု တွေ့ဆုံရာမှ ဖြစ်ပေါ်လာသော ပြင်းထန်သည့် နာကျင်မှုသည် ကျန်းမန်ထျန်းအား အသက်ရှူရန်အတွက်ပင် ခက်ခဲလာစေသည်။
…ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ…
ကျန်းမန်ထျန်း၏အမူအရာသည် နာကျင်မှုနှင့် စိတ်ပျက်မှုအပြည့် ဖြစ်သည်။ သူ လွှတ်လိုက်သော ခွန်အားသည် သူ၏ အစစ်အမှန် ခွန်အားဖြစ်သော်လည်း သူ၏အရှေ့မှလူသည် ခွန်အားအပြည့်အ၀ မထုတ်လွှတ်ထားလိမ့်မည်ဟု သူ ဘယ်သောအခါမှ ထင်မထားခဲ့မိချေ။
…ဒီလူ … လူမှ ဟုတ်သေးရဲ့လား။
သူသည် သိုင်းဆရာကြီးအဆင့်တွင် ရှိနေပြီဖြစ်ပြီး တစ်နိုင်ငံလုံးတွင် သူနှင့်တန်းတူဖြစ်နိုင်သော လူသည် လက်တစ်ဆုပ်စာမျှသာ ရှိသည်။
ဒီလို... ကြောက်စရာကောင်းတဲ့ မွန်းစတားတွေ ဘယ်ကရောက်လာတာလဲ။ သူတို့သည် မိမိတို့ကျောင်းအုပ်ဆရာကြီးကဲ့သို့ ‘တည်ရှိခြင်း’ နှင့် လူစားမျိုးတွေများလား။
…ဘန်း…
ခြေကန်ချက်တစ်ချက်က အတွေးများနေသော ကျန်းမန်ထျန်း၏မျက်နှာကို တိုက်ရိုက် ထိသွားကာ သူ၏အမြင်အာရုံကို အမှောင်ကျစေလျက် ဆယ်မီတာအကွာသို့ လွင့်ထွက်သွားရပြီး အစောပိုင်းက ဟန်ကျင်းဝူကို ချည်နှောင်ထားခဲ့သော သံတိုင်အား ထိမှန်ကာ ရပ်တန့်သွားတော့သည်။
"သူဌေး … အလုပ်ပြီးပါပြီ။"
ထန်ရှုက ကျေနပ်စွာ ခေါင်းညိတ်ပြီး ပြောသည်။
"ငါတို့ပြန်သွားရင် မင်းက အဆီအနှစ် စုဆောင်းခြင်းဆေးလုံး နှစ်လုံးရမယ်။ ကျန်တဲ့လူတိုင်းက ဆေးလုံးတစ်လုံးစီ ရလိမ့်မယ်။"
"ကျေးဇူးတင်ပါတယ် သူဌေး။" ထာဝရခန်းမအဖွဲ့ဝင်လူရှစ်ဦးသည် လက်သီးစုကာ အံ့သြကျေနပ်စွာ ပြောဆိုလိုက်ကြသည်။
ကြမ်းပြင်ထက်တွင် နာနာကျင်ကျင် ထိုင်နေကြသော သင်တန်းနည်းပြများနှင့် သင်တန်းသားများသည် သံတိုင်အောက်၌ လဲလျောင်းနေရသော ကျန်းမန်ထျန်းအား အံ့သြထိတ်လန့်စွာ စိုက်ကြည့်ရင်း ကြက်သေသေနေကြသည်။
…ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။
သူတို့၏ရင်ထဲတွင် ဒုကျောင်းအုပ်ဆရာကြီးသည် စစ်နတ်ဘုရားနှင့်ဆင်တူသော သိုင်းဆရာကြီးအဆင့် ဖြစ်သည်။
ဒီလိုလူမျိုးက ဘယ်လိုမှ တုံ့ပြန်မတိုက်နိုင်ဘဲ တခြားတစ်ယောက်ရဲ့ အလဲထိုးမှုကိုတောင် ခံလိုက်ရသတဲ့လား။ ဒါ…ဒါကြီးက…လုံး၀ ယုတ္တိမတန်ဘူးလေ..။ အဲ့ဒီလူက သိုင်းဆရာကြီးအဆင့်ထက်တောင် ပိုပြီး စွမ်းအားကြီးနေတာလား…
တခဏချင်းမှာပင် သူတို့၏နှလုံးသားများဆီက ကြောက်ရွံ့မှုများသည် ဒီရေလှိုင်းလုံးကြီးသဖွယ် တလိမ့်လိမ့်တက်လာပြီး ခန္ဓာကိုယ်အနှံ့ အေးစိမ့်မှုများ ပျံ့သွားစေကာ ခြေလက်များပင် အေးစက်လာခဲ့သည်။
ထန်ရှုသည် ကျန်းမန်ထျန်း၏နံဘေးသို့ ဖြည်းညှင်းစွာ လျှောက်သွားပြီး သူ၏အင်္ကျီကော်လာကို ကိုင်ကာ ခနဲ့လိုက်သည်။
"ခင်ဗျား အရင်က ဒီလို မောက်မာပြီး အနိုင်ကျင့်တဲ့ လုပ်ရပ်မျိုး လုပ်ဖူးတယ်မဟုတ်လား။ သိုင်းဆရာကြီးအဆင့်ကို ရောက်ပြီးတာနဲ့ တစ်ကမ္ဘာလုံးမှာ ပြိုင်ဖက်မရှိလို့ တွေးတာလား။ ကျွန်တော့်အတွက်ကတော့ ခင်ဗျားက အသေးအမွှားကိစ္စတွေကို တခြားသူတွေကိုယ်စား ကိုင်တွယ်ဖြေရှင်းပေးနေတဲ့ အရေးမပါတဲ့ လူပျက်တစ်ယောက်ပဲ။"
ထိုသို့ပြောပြီးနောက် သူသည် ကျန်းမန်ထျန်းကို ပစ်ချလိုက်ပြီး ထပ်ပြောလိုက်သည်။
"ခင်ဗျားတို့ဆီက အသန်မာဆုံးလူကို ခေါ်လိုက်။ သူသာ ကျွန်တော်နဲ့ ယှဉ်နိုင်တဲ့ အရည်အချင်းရှိရင် ခင်ဗျားတို့ကို လွှတ်ပေးပြီး ခင်ဗျားတို့ရဲ့ သိုင်းကျောင်းကမ္ပည်းနာမည်ပြားကို ဒီတစ်ကြိမ် သိမ်းထားနိုင်လိမ့်မယ်။"
…အဟွတ်…အဟွတ်…
ကျင်းမန်ထျန်း ပါးစပ်အပြည့် သွေးတစ်လုပ် အန်လိုက်ရပြီး သူ၏မျက်နှာသည် ဖြူဖျော့သွားခဲ့သည်။ အိတ်ကပ်ထဲမှ လက်ကိုင်ဖုန်းကို ထုတ်ယူခဲ့သော်လည်း တိုက်ခိုက်မှုကြောင့် ဖုန်းသည် ကွဲသွားခဲ့ပြီဖြစ်ပြီး အသုံးမပြုနိုင်တော့ပေ။
…ဝှစ်…
ခပ်ဝေးဝေးဆီမှ မှုန်ဝါးဝါး အရိပ်သဏ္ဌာန်တစ်ခု ချဉ်းကပ်လာသည်။
***