← Chapters

မတွေးတတ်လောက်အောင်

Vol. 40 Ch. 556

မတွေးတတ်လောက်အောင်

Vol. 40 Ch. 556

ထိုအရိပ်ပုံသဏ္ဍာန်သည် အလွန်လျင်မြန်လွန်းသဖြင့် သာမန်မျက်စိဖြင့် မမြင်နိုင်လောက်အောင် လျင်မြန်ပြီး စက္ကန့်ပိုင်းအတွင်း မီတာ ၁၀၀-၂၀၀ အကွာအဝေးကို ဖြတ်ကျော်သွားကာ ထန်ရှု၏အရှေ့တွင် ပေါ်လာသည်။

“သူ့ကို ဖုန်းခေါ်ခိုင်းဖို့ မလိုဘူး။ ညီငယ်လေးက ငါ့ကို တွေ့ချင်နေတယ်ဆိုမှတော့ မင်းရဲ့ဆန္ဒကို ငါ ဖြည့်ဆည်းပေးရမှာ သဘာဝပဲလေ။”

အင်မော်တယ်တစ်ယောက်၏ အပြုအမူနှင့်တူသော ပညာရှိဆန်ဆန်အဖိုးအိုက ပြုံးလိုက်သည်။ သူသည် လျော့ရဲသော ဆံပင်ရှည် ရှိကာ ခြေဗလာနှင့်ဖြစ်ပြီး သိုင်းသင်တန်းကျောင်းမှ အဖွဲ့ဝင် ၅၀ကျော်အား ဂရုမထားဟန် ရှိသည်။

တခဏမျှ အကဲခတ်ပြီးနောက် ထန်ရှုသည် သူ၏နံဘေးမှ ဖြတ်သွားကာ အစောပိုင်းက ကျန်းမန်ထျန်း အသုံးပြုခဲ့သော ကုလားထိုင်ပေါ်တွင် ခြေချိတ်ထိုင်လိုက်သည်။ ထို့နောက် အပြုံးဖြင့်

“ကျွန်တော် ခင်ဗျားကို တစ်ခါမှ မတွေ့ဖူးဘူး။ ဒါပေမယ့် ခင်ဗျားက တာအိုဆရာတစ်ယောက်ဖြစ်လို့ ခွန်အားကတော့ သိသိသာသာကို မှတ်သားလောက်စရာပါပဲ။ ခင်ဗျား အခုပြလိုက်တဲ့ အမြန်နှုန်းက ခွန်အားအပြည့်ရဲ့ တစ်စိတ်တပိုင်းပဲ ရှိတယ် မဟုတ်လား။”

“၂၀%..." ခြေဗလာနှင့်အဘိုးအိုက သူ၏လက်ချောင်းနှစ်ချောင်းကို ဆန့်ထုတ်ရင်း အပြုံးဖြင့် ဖြေသည်။

ထန်ရှုက လက်ခုပ်လက်ဝါးတီးကာ အပြုံးဖြင့်

“ဒါက တကယ်ကို မိုက်တယ်။ ခွန်အားအပြည့်ရဲ့ ၂၀%က အဲဒီလို စွမ်းဆောင်နိုင်တယ်။ ကြည့်ရတာ ခင်ဗျားရဲ့ ကျင့်ကြံမှုက မနိမ့်ဘူးပဲ။ ဒါပေမယ့် ဒီကျောင်းဝင်းတစ်ခုလုံးမှာ ခင်းကျင်းထားတဲ့ အစီအရင်ကို ရုတ်သိမ်းလိုက်မယ်ဆိုရင် အဲ့ဒီအရှိန်ကို ဘယ်လောက်မြန်မြန် ထိန်းထားနိုင်မလဲဆိုတာ ခင်ဗျား ကျွန်တော့်ကို ပြောနိုင်မလား။"

ခြေဗလာနှင့်အဘိုးအို၏မျက်နှာသည် နောက်ဆုံးတော့ ပြောင်းလဲသွားသည်။ သူ၏မျက်နှာထက်ရှိ အပြုံးသည် မှိန်ဖျော့သွားပြီး မျက်လုံးများထဲတွင် အလင်းတစ်ချက် လက်လာသည်။ သူက ထန်ရှုအား အလေးထားသော အမူအရာဖြင့် အကဲခတ်ပြီး

"ဒီညီငယ်လေးရဲ့နာမည် မေးလို့ရမလား။"

"ကျွန်တော်က ထန်ရှုပါ။" ထန်ရှုက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

“မင်းအကြောင်း ငါ မကြားဖူးဘူး။" ခြေဗလာနှင့် အဘိုးအိုက ခေါင်းခါသည်။

“ဒါပေမယ့် ဒီနေရာမှာ ငါ ခင်းကျင်းထားတဲ့ အစီအရင်ကို မင်း တွေ့နိုင်တာကို တွေးကြည့်ရင် ငါနဲ့တန်းတူရှိတဲ့ အတိုင်းအတာအထိ မင်းကိုယ်တိုင်ကိုယ်က အတော်လေး အရည်အချင်း ရှိတယ်လို့ ဆိုရမယ်။ ဟိုင်ချင်းပြည်နယ်မှ လူတစ်ယောက် ငါ့ဆီ လာလည်တုန်းကဆို ဒီနေရာက နက်နဲတဲ့ သဘောတရားတွေကို မတွေ့နိုင်ခဲ့ဘူး။”

…ဟိုင်ချင်းပြည်နယ်…မြောင်ဝမ်တန်များလား…

"ခင်ဗျား မြောင်ဝမ်တန်ကို သိတာလား။" ထန်ရှုက ထူးဆန်းသောလေသံဖြင့် မေးလိုက်သည်။

ခြေဗလာနှင့်အဘိုးအိုက ခေါင်းညိတ်ပြီး ပြုံးပြုံးရွှင်ရွှင် ပြောလိုက်သည်။

“အဲ့ဒီလူက ကောင်းမွန်တဲ့ အရည်အချင်း ရှိသလို အရမ်းကောင်းတဲ့ အခွင့်အရေးကိုလည်း ရခဲ့တယ်။ သူ့ရဲ့ ကျင့်ကြံမှုကိုတောင် အောင်မြင်အောင် စွမ်းဆောင်နိုင်ခဲ့တယ်... တိုတိုပြောရရင် ပါရမီရှင်တစ်ယောက်လို့ သတ်မှတ်နိုင်ပါတယ်။ ဒါပေမယ့် အခု မင်းက သူ့ကို လွယ်လွယ်နဲ့ ကျော်တက်သွားပြီ။ ဟုတ်သားပဲ … ငါ့ရဲ့ခန့်မှန်းချက်က မမှားရင် မင်းက ထာဝရခန်းမက တစ်ယောက်ယောက် ဖြစ်လိမ့်မယ် ဟုတ်တယ်မလား။"

“ခင်ဗျား ဘယ်လို သိလဲ။” ထန်ရှု မေးလိုက်သည်။

"ထာဝရခန်းမကလွဲပြီး ကျွမ်းကျင်သူရှစ်ယောက်ကို တစ်ချိန်တည်း ခေါ်ယူထားနိုင်တာ တရုတ်နိုင်ငံမှာ အာမာကျား သုံပေဟူတစ်ယောက်ပဲ ရှိတယ်။ ဒါပေမယ့် သုံပေဟူက အလင်းထဲကို ထွက်မလာဘဲ ပုန်းအောင်းနေတာက များပြီး လွန်ခဲ့သည့် ဆယ်စုနှစ်အနည်းငယ်အတွင်း သူ လူလုံးနည်းနည်းပဲ ထွက်ပြတယ်။ နောက်ပြီး သူက ကျင်းမန်ကျွန်းဆီ ခြေမချချင်ဘူး။ ဒါဆို ဒီနေရာမှာ ဌာနချုပ်ရှိတဲ့ ထာဝရခန်းမက လာတာလို့ ငါ ခန့်မှန်းလို့ရပြီပေါ့။

…ဝရော…

အဝေးဆီက တရကြမ်းမောင်းလာသော ကားသံများ ကြားနေရသည်။ အော်ဒီဆလွန်းကားနှစ်စီးက တိုက်ရိုက်မောင်းချလာပြီး လူအုပ်ရှေ့တွင် ရပ်သွားတော့သည်။ ခြေဗလာအဘိုးအိုအား သုံပေဟူအကြောင်း မေးမည်ဟူသော ထန်ရှု၏မူလ ရည်ရွယ်ချက်လေးသည် တစ်ဖက်လူများ ရုတ်တရက် ရောက်လာခြင်းကြောင့် နှောက်ယှက်ခံလိုက်ရပြီး ထန်ရှုတစ်ယောက် မျက်ခုံးတွန့်ချိုးသွားရသည်။

ကားတံခါးပွင့်လာပြီး အနက်ရောင်ဝတ်စုံဝတ် လူထွားကြီးလေးယောက် ဆင်းလာကာ ကားရှေ့တွင် လျင်မြန်စွာ မတ်တပ်ရပ်လိုက်ကြသည်။ နောက်ခန်းမှ လူရွယ်တစ်ဦး ထွက်လာကာ လူလတ်ပိုင်းတစ်ဦးကို တလေးတစား ခရီးဦးကြိုလိုက်သည်။

"ဒီမှာ ဘာတွေဖြစ်နေတာလဲ။ လူတချို့က တကယ်ပဲ သူရဲကောင်းဂုဏ်ရည် သိုင်းသင်တန်းကျောင်းမှာ ပြဿနာရှာဝံ့တာလား။"

အိုးရန်ဝမ်ကျန်း ကားပေါ်မှ ဆင်းပြီးနောက် အနီးနားရှိ သင်တန်းကျောင်းမှ ဒဏ်ရာရရှိသူများကို လှမ်းကြည့်လိုက်သည်။ အထူးသဖြင့် မြေပြင်ပေါ်မှာ ထိုင်နေပြီး အညိုအမဲစွဲအောင်ထိ ထိခိုက်သွားသော ကျန်းမန်ထျန်း၏ဆိုးရွားသောပုံစံကို မြင်ရသည့်အခိုက်တွင် အိုးရန်ဝမ်ကျန်းတစ်ယောက် ထိတ်လန့်တုန်လှုပ်သွားရသည်။ ထိုသူ၏ဖြူဖျော့ကာ သွေးထွက်သံယိုဖြစ်နေသောသွင်ပြင်သည် သူ့အား သာ၍ ခြောက်ခြားမှုကို ဖြစ်စေသည်။ ကျန်းမန်ထျန်းဆီ သူ အလည်လာခဲ့သော်လည်း ထိုကဲ့သို့မြင်ကွင်းမျိုး ကြုံရလိမ့်မယ်လို့ ဘယ်တုန်းကမှ သူ မထင်ထားခဲ့မိပေ။

ထိုအချိန်တွင် ထန်ရှုသည် အိုးရန်ဝမ်ကျန်းအား မှတ်မိသွားပြီဖြစ်သည်။ ပရဟိတပွဲတွင် ထိုသူအား တွေ့ခဲ့သော်လည်း လူချင်းစကားပြောရန် အချိန်မရှိခဲ့ပေ။

ခြေဗလာ အဘိုးအိုက အိုးရန်ဝမ်ကျန်းကို တစ်ချက်ကြည့်ပြီးမှ လျစ်လျူရှုလိုက်ပြီး ထန်ရှုကို ကြည့်ကာ

"ဒီညီငယ်လေးက ဒီအဘိုးကြီးကို မျက်နှာသာပေးပြီး ဒီနေ့ဒီကိစ္စကို နိဂုံးချုပ်ပေးနိုင်မလား။"

"ကျွန်တော်က ခင်ဗျားရဲ့လုပ်ဖော်ကိုင်ဖက်တစ်ဦးဆီ အခွင့်ကောင်း ပေးပြီးသွားပြီ။ ဆိုတော့ ကျွန်တော်တို့တွေ စိတ်ကူးအမြင်နဲ့ သဘောတရားတွေ ဖလှယ်မှ သဘာဝကျပေတော့မပေါ့။" ထန်ရှုက ခေါင်းယမ်းလိုက်ရင်း

“တရုတ်နိုင်ငံဟာ မရေတွက်နိုင်လောက်အောင် အရည်အချင်းရှိတဲ့ လူတွေ ပုန်းအောင်းနေသော နိုင်ငံကြီးလို့ ကျွန်တော် ကြားဖူးပြီး သန်မာတဲ့သူတွေက တိမ်တိုက်တွေလိုပဲတဲ့။ ဒီတစ်ခေါက် ကံဆုံလို့ တွေ့တဲ့အချိန် ဒီအခွင့်အရေးကို ဖြုန်းတီးမိရင် တကယ်ကို နှမြောစရာကောင်းတယ်။"

“မင်း နောက်ထပ်ဆယ်စုနှစ် အနည်းငယ် ကြာအောင် ကျင့်ကြံခဲ့မယ်ဆိုရင် မင်းနဲ့သဘောတရားတွေ ဖလှယ်ဖို့ စိတ်ဝင်စားနိုင်တယ်။ ဒါပေမယ့် မင်းက အရမ်း ငယ်သေးတယ် ညီငယ်လေး။ မေ့လိုက်ပါ … ငါ ဒီအခွင့်အရေးကို လက်လွှတ်လိုက်မယ်။"

ခြေဗလာအဘိုးအိုအား ထန်ရှု တစ်ချက် ကြည့်လိုက်ပြီးနောက် ကုလားထိုင်မှ ထလာကာ အိုးရန်ဝမ်ကျန်း၏အရှေ့တွင် လက်သီးစုကာ နှုတ်ဆက်လိုက်သည်။

"ဒီမှာ မင်း လိုအပ်တာ တစ်ခုခု ရှိလို့လား အကြီးအကဲ အိုးရန်။"

အိုးရန်ဝမ်ကျန်းသည် ထန်ရှုနှင့် အနည်းငယ် ရင်းနှီးသည်ဟု ခံစားမိသော်လည်း မည်သည့်နေရာတွင် မြင်ဖူးသည်ကို မမှတ်မိချေ။ ခဏလောက် တုံ့ဆိုင်းသွားပြီးနောက် သူက အပြုံးဖြင့်

"ငါ ဒီတစ်ခေါက် လာတာက ဒုကျောင်းအုပ်ကျန်းဆီ လာလည်ဖို့ပါ။ ဒါပေမယ့် ဒီလို မမျှော်လင့်ထားတဲ့ မြင်ကွင်းမျိုး ကြုံရလိမ့်မယ်လို့ မထင်ထားမိဘူး။ ဒါနဲ့ ဒီညီငယ်လေးက…”

ထန်ရှုက သူ၏လက်ကို ဝှေ့ယမ်းပြီး

“ကျေးဇူးပြုပြီး ဒီလိုမပြောပါနဲ့။ အိုးရန်လူလူနဲ့ အိုးရန်လဲ့တို့သာ ကျွန်တော့်ထက် ငယ်တဲ့ မျိုးဆက်တစ်ခု ဖြစ်မှန်း သိလိုက်ကြရင် နားညည်းအောင် ဗျစ်တောက်တောက် ပြောဆိုနေကြတော့မှာပဲ။ ကျွန်တော့်နာမည်က ထန်ရှု။ မိသားစုအကြီးအကဲအိုးရန်က ကျွန်တော့်အကြောင်း ကြားဖူးမှာပါ။"

…ထန်ရှုလား…

အိုးရန်ဝမ်ကျန်း တခဏလောက် တွေဝစွော ကြည့်နေရင်း

"မင်းက အဲ့ဒီထန်ရှုလား။ မင်းက တကယ်ကို ထူးချွန်ထက်မြက်ပြီး ခန့်ညားတဲ့ လူငယ်လေးပဲ။ ငါ့သမီးရဲ့ အမြင်က သိပ်ကောင်းတယ်။”

…အဟွတ်…အဟွတ်…

အိုးရန်ဝမ်ကျန်း၏စကားနောက်ကွယ်မှ အဓိပ္ပာယ်အား ထန်ရှု နားလည်သည်။ ချောင်းနှစ်ကြိမ်ဆိုးပြီးနောက် သူသည် မချိပြုံး ပြုံးကာ ပြောလိုက်သည်။

"အကြီးအကဲအိုးရန် … လူလူနဲ့ကျွန်တော်က သူငယ်ချင်းကောင်းတွေပါ။ ဦးလေး နားလည်မှုမလွဲဖို့ ကျွန်တော် မျှော်လင့်ပါတယ်။"

"ဒါက မင်းတို့နှစ်ယောက်ကြားက ဆက်ဆံရေးတစ်ခု ဖြစ်တာမို့ မင်းကိုယ်တိုင် ဖြေရှင်းမှ ရမယ်။" အိုးရန်ဝမ်ကျန်းက သူ၏လက်ကို ဝှေ့ယမ်းပြီး ပြုံးလိုက်သည်။

"ဒါပေမယ့် မင်း ဘာလို့ ဒီကို ရောက်နေတာလဲ။ မင်းတို့တွေ ဘာဖြစ်…"

ထန် ရှုက ဟန်ကျင်းဝူကို ညွှန်ပြရင်း

“ဒီသူရဲကောင်းဂုဏ်ရည် သင်တန်းကျောင်းက လူတွေက အတော် အထိန်းအကွပ်မရှိကြဘူး။ သူတို့က နေ့ခင်းကြောင်တောင် ကျွန်တော့်ဆရာမကို ဖမ်းပြီး ဒီမှာ ချည်နှောင်ဖို့ သတ္တိရှိကြတယ်။ ဆရာမကို ပြန်ခေါ်ဖို့ ကျွန်တော်တို့ လာတဲ့အခါ သူတို့က ကျွန်တော်တို့ကို ဒီမှာ အတင်းအကျပ်နေခိုင်းပြီး တန်ဖိုးပမာဏများများ ပေးရမယ်လို့ ပြောတဲ့အတွက်ကြောင့် အခုလို အဆင်မပြေတဲ့ မြင်ကွင်းမျိုး ဖြစ်လာရတော့တာပါ။”

ဒါကို ကြားလိုက်သည်နှင့် အိုးရန်ဝမ်ကျန်းက ကျန်းမန်ထျန်းကို ထူးဆန်းသည့်အကြည့်တစ်ချက် ချက်ချင်း ကြည့်မိသွားသည်။

ခြေဗလာ အဘိုးကြီး ကိုယ်တိုင်လည်း ဘာဖြစ်ခဲ့မှန်း သူကိုယ်တိုင်ပင် သေချာမသိပေရာ ထန်ရှု၏ ရှင်းပြချက်ကို ကြားလိုက်ရချိန်တွင် မျက်နှာ ပျက်သွားရသည်။ မတ်မတ်မရပ်နိုင်သောကြောင့် မြေပြင်ပေါ်တွင်ထိုင်နေသော ကျန်းမန်ထျန်းအား စိုက်ကြည့်လိုက်ပြီး အေးစက်စက် အသံဖြင့်

"ကျန်းမန်ထျန်း … သိုင်းကျောင်းကို စီမံခန့်ခွဲဖို့ မင်းကို ငါ တာဝန်ပေးခဲ့တာလေ။ မင်းရဲ့သတ္တိက မထင်မှတ်ဘဲ မိန်းမတွေကို ပြန်ပေးဆွဲရဲတဲ့အထိ ကြီးကြီးမားမား ကြီးထွားလာလိမ့်မယ်လို့ ငါဘယ်တုန်းကမှ မတွေးခဲ့ဖူးဘူး။”

ကျန်းမန်ထျန်းက ခါးခါးသီးသီး အမူအရာဖြင့် "ကျောင်းအုပ်ကြီး … ဒါက ငါနဲ့ဘာမှမဆိုင်ဘူး။ ဒါက ဟွမ်ရှီချင်း လုပ်ခဲ့တာပါ။ ငါလည်း ဒီကိစ္စကို နောက်မှ သိလာရတာ။ ငါ ဒီကိုလာတုန်းကတော့ ဒီ…ဒီလူငယ်က ငါတို့သိုင်းကျောင်းရဲ့နာမည်ကမ္ပည်းပြားကို ဖျက်ဆီးချင်တယ်လို့ ပြောခဲ့တယ်။ ဒါကြောင့် ငါ…ငါက…"

"ဟွမ်ရှီချင်းက ဘယ်သူလဲ။"

လျှပ်တပြက်အတွင်း မျက်လုံးဒါဇင်ပေါင်းများစွာက ဖြူဖျော့နေသော ဟွမ်ရှီချင်းဆီသို့ အကြည့်ရောက်သွားကြသည်။

ခြေဗလာအဘိုးအို၏ မျက်လုံးအိမ်များအတွင်း၌ အေးစက်သော အရိပ်တစ်ခု လက်သွားကာ သူ၏လက်ချောင်းဆီမှ ချီစီးကြောင်းတစ်ခု ချက်ချင်း ထွက်ပေါ်လာပြီး ဟွမ်ရှီချင်း၏နဖူးကို ထိုးဖောက်စေလျက် တန်းသတ်ပစ်လိုက်သည်။

… ရှူး…

အနီးနားရှိ လူအများစု၏အမူအရာများသည် အကြီးအကျယ် ပြောင်းလဲသွားပြီး လေအေးတစ်ချက် ရှူမိလိုက်ကြသည်။ အမြဲတမ်း အပြင်ထွက်နေသော ကျောင်းအုပ်ကြီးသည် ဟွမ်ရှီချင်းအား သနားညှာတာမှု မရှိဘဲ တစ်ခါတည်း သတ်ပစ်လိမ့်မည်ဟု မထင်ထားခဲ့မိကြပေ။

ဒါပေါ့ … အားလုံးအတွက် ကြောက်စိတ်အဝင်ရဆုံး မြင်ကွင်းမှာ ကျောင်းအုပ်ဆရာကြီးသည် ဒါဇင်ချီသော အကွာအဝေးမှ လျှပ်တပြက်အတွင်း ဟွမ်ရှီချင်းအား သတ်ပစ်လိုက်ခြင်းပင် ဖြစ်တော့သည်။

…ဒီလိုနည်းလမ်းကြီးက တကယ်ကို ကြောက်စရာ ကောင်းလွန်းတယ်…

ထန်ရှုသည် ခြေဗလာအဘိုးအို၏လုပ်ရပ်ကို မြင်လိုက်ရသောအခါ တိတ်တဆိတ်သာ သက်ပြင်းချနိုင်ခဲ့သည်။ သည်အချိန်မှာ အခုကိစ္စအား သူ အလွတ်မပေးချင်သော်လည်း ခြေဗလာအဘိုးအိုက တရားခံ၏အသက်ကို သတ်ပြီး သည်ကိစ္စကို ဖြေရှင်းရန် ရည်ရွယ်ခဲ့သည်။ ရန်လိုသည့် ရပ်တည်ချက်ဖြင့် အတင်းအကြပ်လုပ်မည်ဆိုပါလျှင်ပင် သူ့တွင် ခိုင်လုံသော အကြောင်းပြချက် ရှိတော့မည်မဟုတ်ပေ။ တခဏလောက် နှုတ်ဆိတ်နေပြီးမှ

"ဟွမ်ရှီချင်း ဆုံးသွားပြီဆိုတော့ ဒီကိစ္စက ဒီမှာပဲ အဆုံးသတ်ပြီ။ ဒါပေမယ့် ခင်ဗျား ဆန္ဒရှိမယ်ဆိုရင် သဘောတရားတွေကို နှိုင်းယှဉ်ဖို့ ကျွန်တော် အဖော်လုပ်ပေးနိုင်ပါတယ်။"

ထိုစကားကို ပြောပြီးနောက် သူသည် မြေပြင်ပေါ်သို့ ခြေဆောင့်နင်းလိုက်သည်။ သူ၏ကြယ်စွမ်းအားသည် သူ့ဖိနပ်အောက်ခြေပြားမှတဆင့် ပေါက်ကွဲထွက်ကာ မြေကြီးထဲသို့ လျှပ်တပြက်အတွင်း ထိုးဖောက်ဝင်ရောက်သွားသည်။

…ဘုန်း…

လူတိုင်း၏နားထဲတွင် စူးရှသော မိုးခြိမ်းသံတစ်ခုအား ကြားလိုက်ရသည်။

"ဟင် … အရမ်းထူးဆန်းတယ်။ နေရောင်တောက်ပနေတာကို ဒီမိုးခြိမ်းသံက ဘယ်က ထွက်လာတာလဲ။"

လူတိုင်းသည် မသိစိတ်ဖြင့် ကောင်းကင်ကို စိုက်ကြည့်နေကြသည်။

ခြေဗလာအဘိုးအိုက ခေါင်းမော့လာပြီး သူ၏ မျက်နှာအမူအရာ ချက်ချင်း ပြောင်းသွားသည်။ သူ၏လက်မောင်းမှ ကျောက်စိမ်းတံဆိပ်တစ်ခုကို အမြန် ဆွဲထုတ်လိုက်သည်။ သူ၏အကြည့်အောက်တွင် ထိုအရာသည် အက်ကွဲသွားပြီး နောက်ဆုံးတွင် အစိတ်စိတ် အပိုင်းပိုင်း ဖြစ်သွားသည်။

“မင်း…”

သူ ရုတ်ခြည်းပင် ထန်ရှုအား မယုံကြည်နိုင်သော မျက်လုံးများဖြင့် စိုက်ကြည့်မိသည်။

“ဆိုရိုးစကားတစ်ခွန်း ရှိတယ် … ခင်ဗျားလည်း ကြားဖူးလောက်မှာပါ။ စာအုပ်တစ်အုပ်ကို အဖုံးနဲ့ အကဲဖြတ်လို့မရသလို ပင်လယ်ကို ရေစည်ပိုင်းနဲ့ တိုင်းတာလို့ မရဘူးတဲ့။ တူညီတဲ့လမ်းပေါ် မှာ ရှိသူတစ်ယောက်အနေနဲ့ အမြင်မှာ သိသာထင်ရှားတဲ့ သွင်ပြင်တွေက ခင်ဗျားကို စိတ်ရှုပ်ထွေးအောင်၊ အမြင်ကွယ်လောက်အောင် မလုပ်ဘူးလို့ ကျွန်တော် မျှော်လင့်တယ်။”

… အမြင်မှာ သိသာထင်ရှားတဲ့ သွင်ပြင်တွေ…

ခြေဗလာအဘိုးအို၏စိတ်နှလုံးသား တုန်ရီသွားရသည်။ နှစ်ပေါင်းများစွာကြာအောင် စိတ်ရှုပ်ထွေးစေခဲ့သော ပြဿနာသည် ချက်ခြင်းပင် အဖြေတွေ့သွားသောအခါ  ဉာဏ်အလင်းသည် သူ၏စိတ်ထဲတွင် ရုတ်တရက် ထွက်ပေါ်လာသည်။

"ငါ လက်ခံတယ်။"

တစ်ချိန်တည်းမှာပင် ခြေဗလာအဘိုးအိုသည် လက်သီးစုကာ စကားပြောလိုက်ရာ သူ့ထံမှ အော်ရာတစ်ခု ထွက်ပေါ်လာခဲ့သည်။ ပတ်ဝန်းကျင်ရှိ လူတိုင်းသည် ပြင်းထန်သော ဖိအားဒဏ်ကို ခံစားရပြီး ခြေလှမ်းများစွာ နောက်ဆုတ်သွားခဲ့ကာ မြေပြင်ပေါ်ရှိသူများသည် အဝေးဆီသို့ ခက်ခက်ခဲခဲ  ရုန်းကန်သွားနေရသည်။

ထန်ရှုသည် ဟန်ကျင်းဝူနှင့် အိုးရန်ဝမ်ကျန်းတို့အား ဖိအားအရှိန်အဝါမှ ကာကွယ်ရန် လက်ကို ဝှေ့ယမ်းလိုက်သည်။ သူသည် စူးစမ်းလိုသော အမူအရာဖြင့် ခြေဗလာအဘိုးအိုကို ဂရုတစိုက် အကဲခတ်ကြည့်မိသည်။ ခြေဗလာအဘိုးအိုသည် သူ့ထံမှ စကားအနည်းငယ်ကြောင့် ရုတ်တရက် ဉာဏ်အလင်းရသွားပြီး သူ၏စိတ်အခြေအနေသည် ခုန်ပျံကျော်လွှားကာ တိုးတက်သွားလိမ့်မည်ဟု သူ မမျှော်လင့်ထားမိပေ။

မိနစ်အနည်းငယ်ကြာပြီးနောက် ခြေဗလာအဘိုးအိုသည် တင်ပျဉ်ခွေထိုင်လျက် မျက်လုံးအစုံကို မှိတ်ကာ ကျင့်ကြံခြင်းတွင် နစ်မြုပ်နေခဲ့သည်။

ထန်ရှု စိတ်ထဲမှ သက်ပြင်းချလိုက်သည်။ သူ ပျော်ရွှင်မိသော်လည်း ယနေ့တွင် ဤအဘိုးအိုနှင့် သဘောတရားများကို နှိုင်းယှဉ်ကြည့်ရန် မဖြစ်နိုင်တော့ပေ။ အဘယ်ကြောင့်ဆိုသော် ဤအဘိုးအို၏ လေ့ကျင့်မှုမြင့်မားလေ သူ၏အစစ်အမှန် ခွန်အားကို ရှာဖွေရန် ပို၍ အားစိုက်ရလေ ဖြစ်သည်။

"အကြီးအကဲအိုးရန် … ကျွန်တော် တခြားကိစ္စလေးတွေ ရှိလို့ အရင်ပြန်လိုက်တော့မယ်။"

ထန်ရှုက အိုးရန်ဝမ်ကျန်းကို နှုတ်ဆက်လိုက်သည်။ ထို့နောက် သူက ဟန်ကျင်းဝူ၏လက်ကလေးကို ကိုင်လျက် အနက်ရောင်ဆာ့ဖ်ကားလေးစီးဆီသို့ လှည့်ထွက်သွားလိုက်သည်။

အိုးရန်ဝမ်ကျန်းက ကျယ်လောင်သော အသံဖြင့်

"ထန်ရှု … မင်း မနက်ဖြန် အားလား။ ငါ့ရဲ့ အိုးရန်စံအိမ်ကို အလည်လာရင်ရော ဘယ်လိုလဲ။”

"ကောင်းပါပြီ။" ထန်ရှုက ဖြေလိုက်သည်။

ကားပေါ်ရောက်သည့်အခါ ကားလေးစီးသည် ဝေါကနဲ မောင်းထွက်သွားသည်။ သူရဲကောင်းဂုဏ်ရည် သိုင်းသင်တန်းကျောင်းမှ ထွက်ခွာပြီးနောက် ထန်ရှုသည် ခေါင်းလှည့်၍ နောက်သို့ တစ်ချက် လှမ်းကြည့်ကာ "ငါ မှတ်ထားတာ မမှားရင် ဟွမ်ရှီချင်းမှာ လက်ကျိုးသွားတဲ့ ညီငယ်တစ်ယောက် ရှိတယ်မလား။ အနာဂတ်မှာ ပြဿနာတွေ ထပ်မရှည်ချင်တော့ဘူး။ ဘာလုပ်ရမယ်ဆိုတာ နားလည်တယ်မလား။"

“ငါ ဂရုစိုက်လိုက်ပါ့မယ် သူဌေး။” ရှေ့ခရီးသည်ထိုင်ခုံမှ သန်မာသောလူက လေးလေးစားစားပြောလိုက်သည်။

ဟန်ကျင်းဝူ၏မျက်နှာ အနည်းငယ် ပျက်သွားသည်။ သူမသည် ထန်ရှု၏လက်ကို ဆုပ်ကိုင်လိုက်ပြီး အလျင်စလို ပြောလိုက်သည်။

"ထန်ရှု ... နင် … နင် … ဟွမ်ရှီယန်ကိုသတ်မှာလား။"

"ဟွမ်ရှီချင်းက ဆုံးသွားပြီ။ ဟွမ်ရှီယန်က ဒီရန်ငြိုးကို ဘယ်သူ့ဆီက တောင်းမယ်လို့ ထင်လဲ။” ထန်ရှုက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

"ဟွမ်ရှီချင်းက သူ့ညီလေးအတွက် မင်းကို သတ္တိရှိရှိ ဖမ်းထားတယ်။ ဟွမ်ရှီယန်ကလည်း သူ့အကိုအတွက် လက်စားချေမှာ ကျိန်းသေပဲ။ အနာဂတ်မှာ မင်းကို သတ်ဖို့ သေချာပေါက် လာလိမ့်မယ်။ ကျွန်တော်လည်း ပါလိမ့်မယ်လို့ ထင်တယ်။ နောင်မှာ ဒီလိုဒုက္ခမျိုး ကြုံလာမယ်ဆိုတာ သိထားပြီးပြီဆိုမှတော့ ပြဿနာရဲ့ အရင်းခံကို အခုကတည်းက မရှင်းလို့ဖြစ်မလား။”

***

All Chapters