ပင်လယ်ပြင်တွင် အစွမ်းပြခြင်း
Vol. 40 Ch. 558
နွေးထွေးသော နေရောင်ခြည်သည် ကမ္ဘာမြေထက်တွင် တောက်ပစွာ ဖြာကျနေပြီး ညင်သာစွာ တိုက်ခတ်နေသော ပင်လယ်လေနုအေးတို့သည် အေးမြသော ခံစားချက်ကို သယ်ဆောင်လာခဲ့သည်။
ထာဝရခန်းမ၏ကားရပ်နားရန်နေရာ မရောက်မီတွင် ကျွမ်းကျင်ပညာရှင် စုစုပေါင်းအယောက် ၅၀သည် ကားပါကင်၏ဘေးအစွန်းတွင် စနစ်တကျ ရပ်နေခဲ့သည်။ သူတို့သည် ထန်ရှု၏ညွှန်ကြားချက်အား တိတ်ဆိတ်စွာ စောင့်ဆိုင်းနေကြသကဲ့သို့ ဂူရှောင်ရွှဲ့သည်လည်း ထုံးစံအတိုင်း အဖြူရောင်ဝတ်စုံ ဝတ်ဆင်လျက် ကျိချွိမိန်၏အနားတွင် ရပ်နေသည်။ သို့သော် သူမ၏ မျက်လုံးများတွင် နောင်တရခြင်းနှင့် စိတ်အလိုမကျခြင်းအရိပ်အယောင် အနည်းငယ် ရှိနေသည်။
" ရှောင်ရွှဲ့ … အကြီးအကဲကျိက ဒီတစ်ခေါက် ငါနဲ့လိုက်မယ်။ အလင်းနဲ့အမှောင်လည်း ခရီးထွက်သွားပြီဆိုတော့ မင်းတစ်ယောက်တော့ ဒီမှာ ရှိဖို့လိုတယ်။ နားခိုရာ မြှုပ်နှံကျွန်းက ခြိမ်းခြောက်မှုကို ဖြေရှင်းမပြီးမချင်း ဒီမှာ စောင့်နေပါဦး။ ပြီးရင်တော့ အဲ့ဒီနေရာမှာ သားရဲရိုင်းတွေကို မွေးမြူပျိုးထောင်တဲ့ကိစ္စ မင်းဆီ လွှဲလိုက်မယ်။
ထန်ရှုက ခပ်ဖွဖွပြုံးကာ ပြောလိုက်သည်။
"စိတ်ချပါ။ ဆရာသခင်ရဲ့ လုံခြုံမှုကို ငါ ကာကွယ်ထားပါ့မယ်။” ဂူရှောင်ရွှဲ့က ခေါင်းညိတ်သည်။
ထန်ရှု ခေါင်းညိတ်လိုက်ပြီး ခြေဗလာအဘိုးအို ရောက်လာသည်ကို အကြည့်ရောက်သွားသည်။
အဘိုးအိုသည် သက်တောင့်သက်သာ လမ်းလျှောက်နေပုံရသော်လည်း သူ၏အမြန်နှုန်းမှာ သာမန်လူများ အားကုန်ပြေးသည်ထက် မြန်လေသည်။ ဆယ်စက္ကန့်အတွင်းမှာပင် ခြေဗလာအဘိုးအိုက ပြုံးရယ်နေကြသော သူတို့အဖွဲ့၏အရှေ့တွင် ပေါ်လာခဲ့သည်။
"တာအိုထန် … ကျေးဇူးအများကြီးတင်ပါတယ်။" ခြေဗလာ အဖိုးအိုက လက်သီးစုပြီး ထန်ရှုအား ဦးညွှတ်လိုက်သည်။
ထန်ရှုက ခပ်ဖျော့ဖျော့ပြုံးကာ သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။ ချီစီးကြောင်းနှစ်ခုသည် ခြေထောက်ဗလာ အဘိုးအို၏လက်ကို ချက်ချင်း ရစ်ပတ်ကာ မလိုက်သည်။ သူ၏ခါး မတ်သွားသည်နှင့် ထန်ရှုက ပေါ့ပေါ့ပါးပါး ပြုံးပြီး
“ ဒီလောက် ယဉ်ကျေးနေစရာ မလိုပါဘူးဗျာ။ ကျွန်တော် စီနီယာကို ဘယ်လိုခေါ်ရမလဲ။"
"တာအိုထန်က ငါ့ကို တာအိုရှို့ယန်လို့ ခေါ်နိုင်ပါတယ်။" ဟု ခြေဗလာဖြင့် အဘိုးအိုက ပြုံးလျက် ပြောသည်။
ထန်ရှုက ခေါင်းညိတ်လိုက်ပြီး
"တာအိုရှို့ယန် … ဒီကို လာလည်တာ ကျွန်တော့်ရဲ့ စိန်ခေါ်မှုကို လက်ခံဖို့ အဆင်သင့် ဖြစ်သွားတာကြောင့်လား။"
ခြေဗလာအဘိုးအိုက ခေါင်းခါပြီး အပြုံးဖြင့် “တန်းတူညီမျှတဲ့လူတစ်ယောက်ကို ယှဉ်ပြိုင်ခွင့်ရမယ်ဆိုရင် တကယ့်ကို ပျော်စရာကောင်းမှန်း ငါ သိပေမယ့် ငါရဲ့ ကျင့်ကြံမှုက သိသိသာသာ တိုးတက်လာတာမို့ ငါ စိုးရိမ်တာ တာအိုထန်က….”
…ဟမ့်...
ထန်ရှု၏နောက်တွင် ရပ်နေသော ကျိချွိမိန်သည် အေးစက်စက် နှာခေါင်းရှုံ့သံတစ်ချက်ပြုလိုက်ရာ ကြောက်မက်ဖွယ်ကောင်းသော အော်ရာတစ်ခုသည် တာအိုရှို့ယန်အား အချိန်တိုအတွင်း ဖုံးအုပ်သွားခဲ့သည်။
"ဘာကြီးလဲ။"
တာအိုရှို့ယန်၏ခန္ဓာကိုယ်သည် တောင့်တင်းသွားပြီး ထိတ်လန့်တုန်လှုပ်သွားသော အမူအရာ ပေါ်လာသည်။ သူ၏အကြည့်များသည် ကျိချွိမိန်ဆီသို့ ရောက်သွားချိန်တွင် သူ၏ရင်ထဲမှ ကြောက်လန့်မှုများ ချက်ချင်း တိုးသွားသည်။ ကြောက်မက်ဖွယ် ကောင်းသော အော်ရာက သူ့အား လွှမ်းခြုံသွားသဖြင့် သူ့တစ်ကိုယ်လုံး အေးစက်သွားသည့်နှယ် ခံစားလိုက်ရသည်။
အဆင့်ကြီးတစ်ခုကို ချိုးဖြတ်ဝင်ရောက်ပြီးနောက် သူ၏လက်ရှိနယ်ပယ်သည် ယခင်ကနှင့် လုံးဝမတူသည်ကို တွေ့လိုက်ရသဖြင့် ရှို့ယန်၏စိတ်နှလုံးသည် ယုံကြည်မှုအပြည့် ရှိနေခဲ့သည်။ သုံပေဟူနှင့် တွေ့ခဲ့ရင်တောင် အနည်းဆုံးတော့ တန်းတူ ဖြစ်လိမ့်မည်ဟု သူ ယုံကြည်ထားသည်။
သို့သော် သူ၏အရှေ့တွင် ရှိနေခဲ့သော အမျိုးသမီးကြီးက ကမ္ဘာပေါ်မှာ ဘယ်သူများ ဖြစ်နိုင်လေမလဲ။
သူမဆီက ထွက်လာသော ဖိအားအရိပ်အယောင်ကြောင့် သူမသာ ဆန္ဒရှိပါက သူ့ကို သတ်ပစ်နိုင်သည်ဟု တာအိုရှို့ယန် ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသည်။ ၎င်းက သူ့အား ရေတစ်စက်အဖြစ် ခံစားသွားရစေပြီး သူ၏အရှေ့က အမျိုးသမီးကြီးသည် ကျယ်ပြန့်သော သမုဒ္ဒရာကြီးတစ်ခုဖြစ်သည်ဟု ခံစားမိလာစေသည်။
"ရှို့ယန်က စီနီယာကို အရိုအသေ ပေးပါတယ်။" ကြောက်ရွံ့ထိတ်လန့်သောကြောင့် သူ၏နဖူးထက်မှ ပုတီးစေ့အရွယ်ခန့် ချွေးသီးများ ထွက်လာသည်။
ထန်ရှု၏မျက်ခုံးများ အနည်းငယ် တွန့်သွားပြီး သူက စိတ်ကသိကအောက် ဖြစ်သွားဟန်ဖြင့် ကျိချွိမိန်အား လှည့်ကြည့်လိုက်ပြီး
"ကောင်းပြီ။ အကြီးအကဲကျိ သူ့ကို ဒီလို ခြောက်ဖို့ မလိုဘူး။ သူ့အတွက် ဒီလိုမျိုး တွေးနေတာက ပုံမှန်ပါပဲ။ နောက်ပြီး လူတော်တော်များများက ပုံပန်းသွင်ပြင်နဲ့ တခြားသူတွေကို စအကဲဖြတ်မိတတ်ကြတယ်။”
“အင်း။” ကျိချွိမိန်က ကမန်းကတန်း ခေါင်းညိတ်သည်။ ထန်ရှု၏လက်ရှိ ကျင့်ကြံမှုအဆင့်နှင့် သူမ၏အဆင့်ကြားကွာဟချက်သည် တွင်းနက်တစ်ခုလို ဖြစ်နေသော်လည်း ထန်ရှုသည် တစ်ချိန်က ကမ္ဘာများစွာ၏မျိုးနွယ်စုပေါင်းစုံတို့၏အထက်တွင် ဂုဏ်ယူဝံ့ကြွားစွာ ရပ်တည်ခဲ့နိုင်သော ပုံရိပ်ကြီး ဖြစ်သည်။ ထိုပုံရိပ်သဏ္ဍာန်အား သူမ၏စိတ်ဝိညာဉ်အတွင်း၌ နက်ရှိုင်းစွာ ထွင်းထုထားသည်မှာ ကြာခဲ့ပြီဖြစ်သောကြောင့် သူမသည် ထန်ရှုအား တစ်ချိန်တည်းတွင် လေးစားကြောက်ရွံ့နေခဲ့သည်။
တာအိုရှို့ယန် အံ့အားသင့်သွားရသည်။ ရိုသေလေးစားသောအမူအရာ ရှိနေသည့် ကျိချွိမိန်ကိုတစ်လှည့်၊ စိတ်ကသိကအောက်ဖြစ်နေဟန်ရှိသော ထန်ရှုကိုတစ်လှည့် ကြည့်မိရင်း သူ၏နှုတ်ခမ်းများ အကြိမ်ပေါင်းများစွာ လှုပ်နေသော်လည်း မည်သို့ပြန်ပြောရမှန်းမသိ ဖြစ်နေသည်။ ထိုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားရှင်သည် ထန်ရှုအား လွန်စွာနှိမ့်ချပြီး လေးစားမှုရှိသည်ကို သူ မယုံနိုင်လောက်အောင်ပင်။ သူ၏ပုံပန်းသွင်ပြင်အရ တကယ်ပဲ အကဲဖြတ်ခဲ့မိတာလား။ သူ၏ကျင့်ကြံမှုအဆင့်က သည်ကြောက်စရာကောင်းသော ပညာရှင်ထက် အများကြီး သန်မာနေတာများလား။
ထန်ရှုက တာအိုရှို့ယန်ကို ကြည့်ပြီး
"ကျွန်တော့်စိန်ခေါ်မှုကို လက်မခံချင်ဘူးဆိုမှတော့ ကျွန်တော် အတင်းအကျပ် မလုပ်ပါဘူး။ တာအိုရှို့ယန်က ကျေးဇူးစကား ဆိုပြီးပြီဆိုတော့ တခြားကိစ္စမရှိရင် ပြန်သွားလို့ရပါတယ်။"
" တာအိုထန် … ငါ မင်းနဲ့ ဆွေးနွေးဖို့ လိုအပ်နေတဲ့ ကိစ္စတစ်ချို့ ရှိလို့ ဒီကို လာခဲ့တာပါ။" တာအိုရှို့ယန်က အလျင်အမြန် ပြောလိုက်သည်။
"ကျေးဇူးပြုပြီး ပြောပါဗျ။" ထန်ရှုက လက်ကို ဝှေ့ယမ်းပြီး ပြန်ဖြေသည်။
"မင်းရဲ့ လမ်းညွှန်ချက်တွေကြောင့် ငါ့ရဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေကို ဖြတ်ကျော်နိုင်ခဲ့ပြီး ငါ့ရဲ့ ကျင့်ကြံမှုလည်း ခုန်ပျံကျော်လွှားတိုးတက်သွားခဲ့တယ်။ ဒါကြောင့် ငါက အာမာကျား သုံပေဟူကို စိန်ခေါ်ဖို့အတွက် အရှေ့မြောက်ပိုင်းဒေသကို သွားဖို့ စီစဉ်နေတယ်။ တကယ်လို့ ... တာအိုထန် အချိန်ရှိရင် ငါနဲ့အတူ လိုက်ချင်ပါသလား။"
"အာ… ကျွန်တော် အရင်က ဒီအကြောင်းကို မေးဖို့ အချိန်မရလိုက်ဘူး။" ထန်ရှု အံ့သြသွားရင်း "ခင်ဗျားပြောနေတဲ့ ဒီသုံပေဟူက ဘယ်သူလဲ။ သူက အတော် အစွမ်းထက်တဲ့ ကျင့်ကြံသူလား။”
“ဟုတ်တယ်။ သူက အလွန်ကြောက်စရာကောင်းတဲ့ ကျင့်ကြံမှုအဆင့်ရှိတဲ့ ကျင့်ကြံသူတစ်ယောက်ပဲ။ သူ့ရဲ့ ကျင့်ကြံမှုအဆင့်က လွန်ခဲ့တဲ့ ဆယ်စုနှစ်အနည်းငယ်က ငါနဲ့ တူညီလုနီးပါးပါ။ ဒါပေမယ့် သူက အဆင့်ချိုးဖြတ်ရာမှာ အောင်မြင်မှုတွေ ရရှိခဲ့တယ်ဆိုတဲ့ ကောလဟာလတွေ ရှိနေတာမို့ ငါတို့ရဲ့ ခွန်အားတွေ ဘယ်လောက်အထိ တိုးလာတယ်ဆိုတာကို တိုင်းတာနှိုင်းယှဉ်ဖို့ သူ့ဆီ သွားလည်ချင်တာ။”
"ဘယ်အချိန် သွားမှာလဲ။" ထန်ရှု တခဏလောက် စဉ်းစားပြီးမှ မေးလိုက်သည်။
"မင်းရဲ့ကိစ္စတွေကို အရင်လုပ်ပါ။ ငါက အချိန်မရွေး သွားလို့ရတယ်။" တာအိုရှို့ယန်က ပြောလိုက်သည်။
ထန်ရှို့က ခဏလောက်စဉ်းစားပြီး
"ပင်လယ်ထဲမှာ ကျွန်တော် လုပ်စရာတစ်ခု ရှိနေတယ်။ အချိန်ရရင် ကျွန်တော်နဲ့လိုက်ခဲ့လို့ရတယ်။ ဒီကိစ္စပြီးရင် ချက်ချင်းသွားလိုက်ရုံပဲ။”
"ကောင်းပါပြီ။" တာအိုရှို့ယန်က တန်းသဘောတူသည်။
ထန်ရှု ပင်လယ်ပြင်တွင် မည်သည့်ကိစ္စ လုပ်မည်ကို သူ မသိသည့်တိုင် ကျင့်ကြံသူပညာရှင်များနှင့် ကြောက်စရာကောင်းသည့် ကျိချွိမိန်တို့ ပါလာသောကြောင့် ထိုအရာသည် အရေးကြီးသော ရည်ရွယ်ချက်တစ်ခု ရှိသည့် အရာတစ်ခုဆိုတာ သေချာသည်။
"ကားပေါ်တက်ကြတော့။" ထန်ရှုသည် သူ၏လက်ကို ဝှေ့ယမ်းကာ အနီးတွင် ရပ်ထားသော ကားထဲသို့ အမြန်ဝင်လိုက်သည်။
အလားတူ အနက်ရောင်ကား အစီးနှစ်ဆယ်သည် ထာဝရခန်းမမှ ဖြည်းညှင်းစွာ ထွက်ခွာပြီး ဆိပ်ကမ်းဆီသို့ မောင်းသွားခဲ့သည်။ ထို့နောက် ၎င်းတို့သည် ကြိုတင်ပြင်ဆင်ထားသည့် သင်္ဘောပေါ်သို့ တက်ကာ ယောက်သွားကျွန်းနှင့် နားခိုရာမြှုပ်နှံကျွန်းဆီသို့ ခုတ်မောင်းရွက်လွှင့်လာခဲ့ကြသည်။
နေဝင်ရီတရောအချိန်တွင် နားခိုရာမြှုပ်နှံကျွန်း၏ မြောက်ဘက်ခြမ်းတွင် ကျောက်ချရပ်နားထားပြီဖြစ်သည်။ ထန်ရှု၏အမိန့်ဖြင့် သင်္ဘောပေါ်တွင် လူနှစ်ဦး အစောင့်ထားခဲ့ပြီး ကျန်သောလူများမှာ ကျွန်းပေါ်သို့ ဆင်းလာကြသည်။
“လူဆယ်ယောက်တစ်ဖွဲ့ဖွဲ့ပြီး ငါးယောက်တစ်ဖွဲ့ အဖွဲ့ပြန်ခွဲမယ်။ ဒီကျွန်းပေါ်က သားရဲရိုင်းတွေကို တတ်နိုင်သမျှ ဖမ်းယူပြီး ကျွန်းအလယ်ကို ချက်ချင်း ပို့ပေးပါ။ ငါ မင်းတို့အားလုံးကို အဲ့ဒီမှာစောင့်နေမယ်။"
ထန်ရှု စကားပြောပြီးနောက် ကျိချွိမိန်၊ တာအိုရှို့ယန်၊ ထာဝရခန်းမမှ ကျွမ်းကျင်သူရှစ်ဦးတို့နှင့်အတူ နားခိုရာမြှုပ်နှံကျွန်း၏အလယ်ဗဟိုသို့ အပြေးသွားလိုက်သည်။ ထိုကျွမ်းကျင်သူရှစ်ဦးသည် ဖုန်းရွှေခင်းကျင်းရန်အတွက် ပြင်ဆင်ထားသည့် လိုအပ်သောပစ္စည်းများကို သယ်ဆောင်လာသည်။ သူတို့သည် ကျွန်း၏ဗဟိုသို့ရောက်ပြီးနောက် ထန်ရှုသည် ကျိချွိမိန်ကို ကြည့်လိုက်ပြီး
"ဘယ်သူက အစီအရင် ခင်းမလဲ … အကြီးအကဲကျိလား ဒါမှမဟုတ် ငါလား။"
“အရှင်သခင်က ဒီနေရာမှာ ဘယ်လိုအစီအရင်မျိုး ခင်းကျင်းလိုတာလဲ။” ကျိချွိမိန်က တလေးတစား ပြန်မေးသည်။
"ဖုံးကွယ်ခြင်းအစီအရင်၊ စိတ်ဝိညာဉ် စုစည်းခြင်းအစီအရင်နဲ့ သတ်ဖြတ်ခြင်း ဓားတစ်သောင်းအစီအရင်။ စိတ်ဝိညာဉ်စုစည်းခြင်း အစီအရင်ကို အလွှာ ၃၆လွှာ ထပ်ပြီးပါဝင်တဲ့၊ အပြန်အလှန်ချိတ်ဆက်ထားတဲ့ အလွှာနည်းလမ်းနဲ့ စီစဉ်ရမယ်။ ဒီကျွန်းရဲ့ စိတ်ဝိညာဉ်စွမ်းအား စုဝေးလာတာကို ထိန်းသိမ်းဖို့ ရာချီတဲ့ ကီလိုမီတာ အကွာနယ်မြေအတွင်း ကောင်းကင်နဲ့ မြေကြီး စိတ်ဝိညာဉ်ချီကို ဆွဲထုတ်နိုင်ဖို့လိုတယ်။"
“အရှင်သခင်အတွက် ဒီအလုပ်လေးက သေးနုပ်လွန်းပါတယ်။ ဒီလိုအသေးအဖွဲကိစ္စကို ဒီငယ်သားကို ကိုင်တွယ်ခွင့်ပြုပါ။" ကျိချွိမိန်က ပြောလိုက်သည်။
"ဒါဆိုလည်း အကြီးအကဲကျိ စလုပ်တော့။ အစီအရင်တွေကို စနစ်တကျ စီစဉ်ထားလိုက်ရင် ဒီကျွန်းပေါ်က သားရဲရိုင်းတွေအားလုံးကို ထိန်းကျောင်းနိုင်လိမ့်မယ်။" ထန်ရှုက ခေါင်းညိတ်သည်။
"နားလည်ပြီ။"
ကျိချွိမိန် လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် လူရှစ်ယောက် သယ်ဆောင်လာသော အစီအရင်အတွက် လိုအပ်သည့် ပစ္စည်းများထည့်ထားသည့်အိတ်အားလုံး လွင့်မျောလာသည်။ ထို့နောက် သူမသည် ကောင်းကင်ယံထက်တွင် ပျံသန်းကာ ကျွန်းအထက် မီတာ၁၀၀အကွာ လေထဲတွင် ရပ်လိုက်သည်။
တာအိုရှို့ယွမ်၏အမူအရာမှာ လွန်စွာ ပြောင်းလဲသွားပြီး သူ၏မျက်လုံးများသည် ပြူးသည်ထက်ပြူးလာသည်။ ခဏတာ တိတ်ဆိတ်သွားပြီးနောက် သူလည်း အလားတူ ပျံတက်သွားပြီး ကျိချွိမိန်နှင့် အတန်ငယ် အလှမ်းဝေးသော လေထဲတွင် ရပ်ကာ သူမ ခင်းကျင်းအသုံးပြုမည့် နည်းလမ်းကို ကြည့်ရန် ပြင်ဆင်နေသည်။ အမှန်အားဖြင့် သူသည်လည်း နေရာထိုင်ခင်းနှင့် ပတ်သက်သည့် အစီအရင်များကို ခင်းကျင်းနိုင်သည်။ ဥပမာအားဖြင့် ဟိုးယခင်က သူ၏သိုင်းသင်တန်းကျောင်း၏မြေအောက်ထဲတွင် သူကိုယ်တိုင် ခင်းကျင်းထားသည့် အစီအရင် ရှိသည်။ အဆိုပါအစီအရင်၏စွမ်းအားသည် အလွန်သေးငယ်ပြီး သူ၏အရှိန်ကိုသာ အရှိန်မြှင့်တင်နိုင်ပေသည်။ မည်သို့ပင်ဆိုစေကာမူ အားနည်းသော်လည်း ဝိညာဉ်စွမ်းအင်ကို စုဆောင်းနိုင်သေးသည်။ သို့သော် ဒါက သူလုပ်နိုင်သည့် အကန့်အသတ်သို့ ရောက်နေပြီ ဖြစ်သည်။
ထန်ရှု ပြောသွားသည့်အစီအရင်သုံးမျိုးထဲတွင် စိတ်ဝိညာဉ်စုစည်းခြင်း အစီအရင်တစ်ခုမှလွဲ၍ ကျန်နှစ်ခုကို သူ တစ်ခါမျှ မကြားဖူးပေ။
ကျိချွိမိန်သည် တာအိုရှို့ယန်ကို မြင်သော်လည်း အာရုံမစိုက်ပေ။ သူမသည် အင်မော်တယ်တစ်ယောက် ဖြစ်သည်။ သူမသည် အင်မော်တယ်ကမ္ဘာတွင် အလွန်သာမန် ဖြစ်ပြီး သူမ၏လက်ရှိစွမ်းအားသည် ကျဆင်းသွားသော်လည်း တာအိုရှို့ယန်၏ မနက်ရှိုင်းသော စွမ်းရည်များအား သူမသည် မျက်လုံးထဲတွင် မထည့်ထားပေ။
နားခိုရာ မြှုပ်နှံကျွန်းအား ကြည့်ရှုလေ့လာပြီးနောက် ကျိချွိမိန်သည် သူမ၏လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်သည်နှင့် အိတ်များအတွင်းမှ ပစ္စည်းများသည် ပတ်ပတ်လည်သို့ ပျံသန်းသွားပြီး ကျွန်း၏မြေကြီးထဲသို့ စိမ့်ဝင်သွားခဲ့သည်။ တစ်ချိန်တည်းမှာပင် သူမ၏ အခြားလက်တစ်ဖက်သည် ရှေးဟောင်းသင်္ကေတများကို အဆက်မပြတ် ပြုလုပ်နေခဲ့သည်။
"အစီအရင် … စတင်။"
သူမ၏ရှေးဦးလုပ်ဆောင်ချက် ပြီးသွားသည့်နောက် သုံးမိနစ်ထက်မပိုဘဲ ကျိချွိမိန်က သူမ၏ လက်များကို မြှောက်ကာ ကျယ်လောင်စွာ အော်လိုက်သည်။
မြေအောက်၏နက်ရှိုင်းသော အတွင်းပိုင်းမှနေ၍ ထူးခြားသောအော်ရာသည် အတက်အကျများစွာဖြင့် ပြောင်းလဲလာပြီး နားခိုရာမြှုပ်နှံကျွန်းဆီမှ အထက်သို့ မြင့်တက်လာခဲ့သည်။
ခပ်လှမ်းလှမ်းမှ ကြည့်နေသော တာအိုရှို့ယန်သည် ကျွန်းပေါ်တွင် ဖြစ်ပေါ်နေသော အပြောင်းအလဲများကို မြင်လိုက်ရသဖြင့် ထိတ်လန့်သွားကာ သက်ပြင်း ရှိုက်လိုက်မိသည်။ နားခိုရာမြှုပ်နှံကျွန်းတစ်ခုလုံး ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရချိန်တွင် သူ ကျောက်ရုပ်ဖြစ်သွားတော့သည်။ သူ့အတွက် ထိတ်လန့်စရာ အကောင်းဆုံးမှာ ပတ်ဝန်းကျင်ရှိ ကမ္ဘာ့စွမ်းအားများသည် နားခိုရာမြှုပ်နှံကျွန်းဆီသို့ စီးဆင်းသွားသည့် ဒီရေလှိုင်းနှင့်အလား တူသည်။ သူသည် စိတ်ဝိညာဉ်စွမ်းအားကို စုပ်ယူရန် ကြိုးစားစဉ် အချည်းနှီးဖြစ်ခဲ့ရပြီး ကောင်းကင်နှင့်မြေကြီး စိတ်ဝိညာဉ်ချီအား သူ၏ခန္ဓာကိုယ်ထဲသို့ပင် ဆုပ်ယူနိုင်ခြင်း မရှိသည်ကို တွေ့ရှိရသည်။
"ဒါ...ဘယ်လို ဖြစ်နိုင်မှာလဲ။"
ကျိချွိမိန်သည် လျှပ်တပြက်အတွင်း တာအိုရှို့ယန်၏ဘေးတွင် ပေါ်လာသည်။ သူမ၏ပိန်ပါးသော လက်ဖဝါးက သူ၏ပခုံးကို ဆုပ်ကိုင်လိုက်ကာ နောက်အခိုက်အတန့်တွင် ထန်ရှု၏အရှေ့တွင် ပေါ်လာသည်။
"အစီအရင်တွေ ခင်းကျင်းပြီးပါပြီ အရှင်သခင်။" တာအိုရှို့ယွန်ကို လွှတ်ပေးပြီးနောက် ကျိချွိမိန်က ပြောလိုက်သည်။
“ကောင်းပြီ။” ထန် ရှုက ခေါင်းညိတ်ကာ ချီးကျူးလိုက်သည်။
"အကြီးအကဲကျိ လုပ်တဲ့အစီအရင်က ငါကိုယ်တိုင် လုပ်တာထက် အများကြီး ပိုသက်တောင့်သက်သာ ရှိပြီး ပိုမြန်တာပဲ။ ဒါနဲ့ အကြီးအကဲကျိ … သူတို့နဲ့အတူ ကျွန်းရဲ့တောင်ဘက်ခြမ်းကို လိုက်သွားပါဦး။ အဲ့ဒီမှာ သားရဲရိုင်းတွေ အများကြီးရှိတယ်။ ဖမ်းပြီး အားလုံးကို ဒီကို ခေါ်လာခဲ့ဖို့လိုတယ်။”
"နားလည်ပါပြီ။" ထို့နောက် ကျိချွိမိန်သည် ထာဝရခန်းမက လူရှစ်ဦးကို ခေါ်ဆောင်ကာ ထွက်ခွာသွားခဲ့သည်။
ထို့နောက် ထန်ရှုသည် အံ့အားသင့်နေသော တာအိုရှို့ယန်ကို ကြည့်ကာ ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
"ဒီလိုအသေးအဖွဲကိစ္စလေးအတွက် ထိတ်လန့်တုန်လှုပ်နေတဲ့ မျက်နှာကို မပြပါနဲ့ ဟုတ်ပြီလား။ ခင်ဗျားရဲ့ စွမ်းရည်က မနက်ရှိုင်းသေးတော့ မလုပ်နိုင်တာတွေ အများကြီး ရှိသေးတယ်။ ဒါပေမယ့် စိတ်မပူပါနဲ့။ ဆက်ပြီး ကောင်းကောင်း ကျင့်ကြရင် နောင်အနာဂတ်မှာ ခင်ဗျားရဲ့ကျင့်ကြံမှုကို မြှင့်တင်ပြီးရင် အဲဒါကို လုပ်နိုင်မှာပါ။”
"တာအိုထန် … မင်းရဲ့ လက်အောက်ငယ်သားက ဘယ်သူလဲ။" တာအိုရှို့ယန်၏နှုတ်ခမ်းများ တလှုပ်လှုပ် ဖြစ်လာကာ ခါးသီးသောအသံဖြင့် မေးလိုက်သည်။ “သူမက သိပ်ကြောက်ဖို့ကောင်းတယ်။ သူမသာ ဆန္ဒရှိရင် အပြင်းထန်ဆုံး တိုက်ခိုက်မှုနဲ့ တရုတ်နိုင်ငံရဲ့ နယ်မြေအများစုကို ဖျက်ဆီးပစ်နိုင်တယ်လို့ ငါ အခိုင်အမာ ယုံတယ်။”
***