← Chapters

ရေတွင်းအောက်က ဖားအလား

Vol. 40 Ch. 559

ရေတွင်းအောက်က ဖားအလား

Vol. 40 Ch. 559

“တရုတ်နိုင်ငံရဲ့နေရာအများစုကို ဖျက်ဆီးတာလား။ ဟမ့်…” ထန်ရှုက လှောင်ရယ်ရယ်လိုက်သည်။ "ခင်ဗျားရဲ့အမြင်က ရေတွင်းအောက်ခြေကနေ ကောင်းကင်ကို မြင်နေသလိုမျိုးပဲ။ သူမမှာ ရှိသမျှ အရာအားလုံးနဲ့ တိုက်ခိုက်လိုက်ရင် တစ်ကမ္ဘာလုံး ပေါက်ကွဲသွားမှာဗျ။ ခင်ဗျားရဲ့အမြင်က သိပ်ကျဉ်းလွန်းတယ်။ ဘာလို့ဆိုတော့ ခင်ဗျားက ဒီနေရာမှာ သောင်တင်နေတာက ကြာနေပြီဆိုတော့ အစစ်အမှန်စွမ်းအားရှင်တွေလို့ ခေါ်နိုင်တဲ့သူတွေရဲ့ ခွန်အားကို တစ်ခါမှာ တွေ့ဖူးမှာမဟုတ်ဘူး။ ထားလိုက်တော့…ကျွန်တော် ပြောပြရင်တောင် လက်ရှိခင်ဗျားက ဘာမှ နားလည်မှာ မဟုတ်ဘူး။ နောက်ဆို လုံ့လစိုက်ပြီး ကျင့်ကြံပါ။ ခင်ဗျားရဲ့ အရည်အချင်းက ကောင်းတော့ အခွင့်အရေးတစ်ခု ထပ်ရလာရင် အနာဂတ်မှာ နောက်ထပ်ခြေလှမ်းကို လှမ်းနိုင်လိမ့်မယ်။"

"ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ။" တာအိုရှို့ယန်က စူးစူးဝါးဝါး အော်လိုက်သည်။

"တစ်ချက်တည်းနဲ့ ကမ္ဘာမြေကြီးကို ဖျက်ဆီးပစ်နိုင်တဲ့ တည်ရှိမှုဆိုရင် အနည်းဆုံးတော့ ကောင်းကင်ဘုံကို ပျံတက်ပြီး အင်မော်တယ်တစ်ယောက် ဖြစ်လာရမယ်။ ကမ္ဘာရဲ့စိတ်ဝိညာဉ်သွေးကြောတွေက ခန်းခြောက်ကုန်ပြီဆိုတော့ ဒီနေရာက စိတ်ဝိညာဉ်စွမ်းအင်တွေက မသိပ်သည်းတော့ဘူး။ အင်မော်တယ် ဖြစ်လာဖို့ မပြောနဲ့ အခြေတည် ဝိညာဉ်အဆင့်ကို ရောက်နိုင်တဲ့ ကျွမ်းကျင်သူတောင် မရှိနေဘူး မဟုတ်လား။”

“ဒါဆိုရင် သူမရဲ့ ကျင့်ကြံမှုအဆင့်က ဘယ်လောက်လို့ ခင်ဗျား ထင်လဲ။” ထန်ရှု ပေါ့ပေါ့ပါးပါး မေးလိုက်သည်။

တာအိုရှို့ယန်က

"အခြေတည်ဝိညာဉ်အဆင့်ကို ကျော်ပြီလား။

စိတ်ဝိညာဉ် ဖွဲ့စည်းခြင်းအဆင့်လား။"

…စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ဟုတ်လား…

ထန်ရှု၏မျက်လုံးများတွင် လှောင်ပြောင်လိုသော  အရိပ်အယောင် အနည်းငယ် ပေါ်လာသည်။ မြောင်ဝမ်တန်နှင့် ရှောင်မင်ကျန်းတို့ထံမှ ကမ္ဘာမြေပေါ်ရှိ ကျင့်ကြံသူများ၏ ကျင့်ကြံမှုအဆင့်များကို ချီသန့်စင်ခြင်း၊ အခြေခံအုတ်မြစ် တည်ဆောက်ခြင်း၊ ရွှေအမြုတေ၊ အခြေတည်စိတ်ဝိညာဉ်၊ စိတ်ဝိညာဉ်ဖွဲ့စည်းခြင်း၊ ကိုယ်ခန္ဓာပေါင်းစည်းခြင်း၊ ကြီးမြတ်သော တက်လှမ်းခြင်း နှင့် အတိဒုက္ခဖြတ်ကျော်ခြင်းစသည့် အဆင့်များခွဲခြားထားသည်ဟု သူ သိခဲ့ရသည်။ အဆင့်တစ်ခုစီတိုင်းတွင် စဦးအဆင့်၊ အလယ်ပိုင်းအဆင့်၊ နှောင်းပိုင်းအဆင့်နှင့် အထွတ်အထိပ်အဆင့်ဟူ၍ အဆင့်လေးဆင့် ခွဲခြားထားသည်။

လက်ရှိတွင် ထာဝရခန်းမမှ ကျွမ်းကျင်သူအားလုံးသည် အစစ်အမှန်ချီသန့်စင်ခြင်း၏အခြေခံအဆင့်တွင် ရှိကြပြီး ၎င်းတို့ထဲတွင် အသန်မာဆုံးသူမှာ ချီသန့်စင်ခြင်းအဆင့်၏အထွတ်အထိပ်အဆင့်သာ ဖြစ်သည်။ မြောင်ဝမ်တန်နှင့် ရှောင်မင်ကျန်းတို့သည် အခြေခံအုတ်မြစ်တည်ဆောက်ခြင်း၏ အထွတ်အထိပ်အဆင့်တွင် ခန့်မှန်းခြေအားဖြင့် ရှိနေကြသည်။ အခြားတစ်ဖက်တွင် ဂူရှောင်ရွှဲ့၊ အလင်းနှင့် အမှောင်တို့သည် ရွှေအမြုတေအဆင့်ကို ချိုးဖြတ်ခဲ့ပြီဖြစ်ပြီး ဂူရှောင်ရွှဲ့သည် လွန်ခဲ့သော ရက်အနည်းငယ်ကမှ ရွှေအမြုတေအဆင့်သို့ ချိုးဖြတ်လာရုံရှိသေးသည်။

သို့သော်လည်း ကမ္ဘာပေါ်ရှိ ကျင့်ကြံသူများကြားတွင် တာအိုရှို့ယန်သည် အလွန်ကြောက်မက်ဖွယ် ကောင်းသော တည်ရှိမှု ဖြစ်သည်ဟူသော အချက်ကိုလည်း ထန်ရှု မငြင်းနိုင်ပေ။ ယခု ထိုသူသည် ရွှေအမြုတေအဆင့်၏အလယ်ပိုင်းအဆင့်သို့ ရောက်ရှိနေပြီဖြစ်ပြီး အလင်းနှင့် အမှောင်ကသာ သူ၏ပြိုင်ဖက် ဖြစ်နိုင်ပေသည်။

"သွားကြရအောင်။ ခင်ဗျား ဒီကို အဖော်လိုက်ပေးတယ်ဆိုမှာတော့ ဒီကျွန်းပေါ်က သားရဲရိုင်းတွေကို ကူညီဆုံးမပေးပါဦး။ နောင်ကျရင် ဒီကျွန်းမှာ ဒီသားရဲတွေကို မွေးမြူမယ်ဆိုတော့ သူတို့ရဲ့ သားရိုင်းသဘာဝကို လုံးလုံးလျားလျား မထိန်းနိုင်ရင် မွေးမြူပျိုးထောင်ရတာ တော်တော်ကို ဒုက္ခများလိမ့်မယ်။”

"မင်းက ဒီကျွန်းမှာ သားရဲရိုင်းတွေကို မွေးမြူချင်တာလား။" တာအိုရှို့ယန် အံအားသင့်စွာ မေးလိုက်သည်။

“ဟုတ်တယ်။ ဒီသားရဲတွေက ကျင့်ကြံရာမှာ အသုံးပြုဖို့ ကောင်းတဲ့ ပစ္စည်းတွေနဲ့ အရင်းအမြစ်တွေပဲ။ သူတို့ထဲက တချို့ကို လေ့ကျင့်ပြီး ဉာဏ်အလင်းပေးနိုင်ရင် အနာဂတ်မှာ ကောင်းမွန်တဲ့ ယာဉ်တွေ၊ ခံတပ်တွေ ဖြစ်လာနိုင်မယ်။”

…အဟွတ်…အဟွတ်…

တာအို၏ခိုင်မာသော နှလုံးသားနှင့် စိတ်ပိုင်းဆိုင်ရာ အခြေအနေရှိသော်လည်း တာအိုရှို့ယန်တစ်ယောက် ထန်ရှု၏စကားကြားပြီးနောက် ရင်ဆို့နေဆဲဖြစ်သည်။

…သားရဲရိုင်းတွေကို ဉာဏ်အလင်းပေး၍ လေ့ကျင့်ရန်… ထိုအကောင်ကြီးများကို ယဉ်ပါးရန် မည်မျှ ကြီးမားသော စွမ်းရည်ရှိရမည်နည်း။ ပြီးတော့ … သူတို့ထဲက တချို့ကိုတောင် … ယာဉ်တွေ၊ ခံတပ်တွေအဖြစ် လုပ်ထားဦးမတဲ့လား…

ရုတ်တရက်ပင် သူ၏ နှစ်ပေါင်း ၁၀၀ ကျော် သက်တမ်းသည် အလွန်အတိုချုပ်ဆန်ပြီး ကျဉ်းမြောင်းသော အမြင်အာရုံ ရှိသည်ဟု ရှို့ယန် ရုတ်ချည်းပင် အသိဝင်လာသည်။ ထန်ရှု၏လုပ်ရပ်များအပြင် သည်ကြောက်စရာကောင်းသော အစစ်အမှန် စွမ်းအားရှင် ကျိချွိမိန်လုပ်ခဲ့သည်များက သူ၏အသိဉာဏ်ထက် ကျော်လွန်ပြီး သူတွေးရဲနိုင်သည့် အကန့်အသတ်များကို ကျော်လွန်ခဲ့တော့သည်။ ထန်ရှုနှင့် အဆက်အသွယ်ရပြီး အချိန်တိုလေးအတွင်းမှာပင် အသစ်အဆန်းများနှင့် လျှို့ဝှက်ဆန်းကြယ်မှုများ ပြည့်နှက်နေသော ခမ်းနားထည်ဝါသော နယ်မြေသစ်တစ်ခုသို့ သူကိုယ်တိုင် ဝင်ရောက်လာခဲ့သည်ဟု ခံစားခဲ့ရသည်။

"တာအိုထန် … ဒါဆို မင်းရဲ့ ကျင့်ကြံမှုအဆင့်က... " တာအိုရှို့ယန် မအောင့်အည်းနိုင်စွာ မေးလိုက်မိသည်။

“ရိုးရိုးသားသားပြောရရင် အခုလက်ရှိ ဘယ်လောက်ထိ သန်မာနေလဲ ကျွန်တော် မသိဘူး။” ထန်ရှုက ရယ်မောလိုက်ရင်း

“ဒါ ခင်ဗျားနဲ့ ယှဉ်ပြိုင်ချင်ရတဲ့ အကြောင်းရင်းပဲလေ။ ခင်ဗျားကို အနိုင်ယူနိုင်ရင် ကျွန်တော့်ရဲ့ခွန်အားက ရွှေအမြုတေအဆင့်ရှိတဲ့ ကျွမ်းကျင်သူတစ်ယောက်နဲ့ ယှဉ်နိုင်တယ်ဆိုတာ ဆိုလိုတာပဲ။”

တာအိုရှို့ယန်သည် ကြောင်အအစိုက်ကြည့်လာရင်း ထိတ်လန့်စွာ မေးလာသည်။

"ငါ့ရဲ့ကျင့်ကြံမှုအဆင့်ကို မင်း မြင်နိုင်တာလား။"

ထန်ရှုသည် သူ့အား တစ်ချက်ကြည့်လိုက်ရင်း ခပ်လှမ်းလှမ်းဆီသို့ လျှပ်တပြက်အတွင်း သွားလိုက်သည်။ ကျွန်းပေါ်တွင် အလယ်အလတ်အဆင့် သားရဲရိုင်းနှစ်ကောင် လှည့်ပတ်သွားလာနေသည်။ ဖုန်းရွှေအစီအရင်ကို စီစဉ်ပြီးသွားသောအခါ ကျွန်းသည် ယခင်နှင့်မတူတော့ကြောင်း ၎င်းတို့တွေ အာရုံခံသတိပြုမိကြသည်။ ထိုမသိသော အခြေအနေကို အဖြေရှာရန်ကြိုးစားနေစဉ် ရုတ်တရက် သူတို့ဆီသို့ ပြေးလာနေသော ပုံရိပ်တစ်ခုကို တွေ့လိုက်တော့သည်။

သားရဲရိုင်းနှစ်ကောင်သည် ချက်ချင်းဆိုသလိုပင် နေရာယူကာ ကြောက်မက်ဖွယ်ကောင်းသော ရန်သူကို ရင်ဆိုင်နေရသည့်အလား ထန်ရှုကို စိုက်ကြည့်နေသည်။

ထန်ရှု၏အရှိန်သည် အလွန်မြန်သည်။ ချီစီးကြောင်း၂ခု လည်ပတ်ထွက်လာပြီး သူ၏လက်သီးများသည် သားရဲရိုင်းတစ်ကောင်၏ဦးခေါင်းအား ထိုးနှက်သွားသည်။ ပြောရန်မလိုအောင်ပင် သူ၏လက်သီးချက်များတွင် ခွန်အားအပြည့်ထည့်ကာ ထိုးနှက်လိုက်သည့်တိုင် ထိုသတ္တဝါသည် ခြေလှမ်းအနည်းငယ်သာ နောက်ဆုတ်သွားကာ ဦးခေါင်းကို မြှောက်လိုက်ပြီး နာကျင်စွာ အော်ဟစ်လိုက်သည်။

…ဂရား…

အခြားသားရဲရိုင်းသည် ခြေစုံရပ်၍ မီးလုံးတစ်ခု ဖန်တီးထားသည်။ ထိုအခိုက်တွင် မီးလုံးကြီး မြင့်တက်လာပြီး သားရဲသည် လေထဲသို့ ခုန်တက်ကာ ထန်ရှုဆီသို့ ဦးတည်လာတော့သည်။ ၎င်း၏ ဆယ်စင်တီမီတာအရှည် ရှိပြီး မီးတောက်များ ဖုံးလွှမ်းထားသည့် ချွန်ထက်သည့် ခြေသည်းလက်သည်းများကို ဆန့်ထုတ်ကာ ထန်ရှုကို ဖမ်းပြီးသတ်ရန် ကြိုးစားလာသည်။

"ကောင်းလိုက်တဲ့ပစ္စည်း။" ထန်ရှု၏မျက်လုံးများ တောက်ပလာပြီး ထက်မြိသော ဓားမြှောင်တစ်ချောင်းသည် သူ၏လက်ထဲတွင် ချက်ချင်း ပေါ်လာသည်။ သူ၏ပုံသဏ္ဍာန်သည် ရိပ်ကနဲ ရွေ့လျားသွားပြီး ထက်မြိသောဓားမြှောင်သည် သားရဲရိုင်း၏ ချွန်ထက်သော ခြေသည်းလေးချောင်းကို ဖြတ်တောက်လိုက်ပြီးနောက် ၎င်းတို့သည် သူ၏ သိုလှောင်လက်စွပ်ထဲသို့ လျင်မြန်စွာ ဝင်ရောက်သွားကြသည်။

…ဝူး…ဝူး…

ထန်ရှုနှင့် ထိပ်တိုက်တွေ့လိုက်သော သားရဲနှစ်ကောင်သည် ထိတ်လန့်ကြောက်ရွံ့ဟန်ရသည်။ သူတို့သည် အနည်းငယ်မျှ မဆိုင်းမတွ လှည့်ကာ ထွက်ပြေးသွားကြသည်။

"ထွက်ပြေးနေတာလား…ဟမ့်။"

ထန်ရှု တစ်ချက် လှောင်ပြောင်လိုက်သည်။ သူ၏အရှိန်ကို ပိုမြန်အောင် တင်လိုက်ပြီး သားရဲရိုင်းနှစ်ကောင်အား လမ်းပိတ်လိုက်ကာ ပြင်းထန်သော လက်သီးမုန်တိုင်းဖြင့် သားရဲရိုင်းနှစ်ကောင်အား ဆက်တိုက် တိုက်ခိုက်သည်။

တာအိုရှို့ယန် ရောက်လာသောအခါ ထန်ရှုသည် သားရဲရိုင်းများကို ပြင်းထန်စွာ ရိုက်နှက်နေသည့် မြင်ကွင်းကို မြင်လိုက်ရသည်။ ထန်ရှု၏ ကြမ်းတမ်းရက်စက်သော လုပ်ရပ်ကို မြင်သောအခါ သူ၏နှုတ်ခမ်းများ အကြိမ်အနည်းငယ် လှုပ်သွားသည်။ တစ်ခုသိရမည်မှာ တာအိုလမ်းကြောင်းကို လျှောက်လှမ်းပြီး ကျင့်ကြံသူ ဖြစ်လာသူအနေဖြင့် လက်သီးများဖြင့် တိုက်ခိုက်သည်မှာ အချိန်အတော်ယူသဖြင့် ရိုးရှင်းသော မန္တာန်အနည်းငယ်သည် ပြဿနာအားလုံးကို ဖြေရှင်းရန် လုံလောက်နေပြီဖြစ်ပေသည်။

…သူ တကယ်ရော ကျင့်ကြံသူတစ်ယောက် ဟုတ်ရဲ့လား…

ထိုအတွေးဝင်လာသောအခါ ခါးသီးသော အပြုံးကို ပြုံးကာ ခေါင်းယမ်းလိုက်သည်။ ထို့နောက် သူက ထန်ရှုကို ကြည့်ပြီး

"တာအိုထန် … သူတို့ကို ဖျက်ဆီးဖို့ မန္တာန် သုံးရင် လုံလောက်ပြီ မဟုတ်ဘူးလား။ ငါတို့ရဲ့ ခန္ဓာကိုယ်က တကယ်ကို မှတ်ကျောက်တင်ရအောင် ကောင်းတယ်ဆိုပေမယ့် သူတို့ကို ကန်ကျောက်ထိုးကြိတ်ရတာ ငါတို့ရဲ့ ခွန်အားကို ဖြုန်းတီးရာကျလွန်းတယ်။”

ရာနှင့်ချီသော ပြင်းထန်သော ကန်ချက်များနှင့် ထိုးချက်များကို အသက်တစ်ရှိုက်စာအတွင်း ထုတ်လွှတ်လိုက်ပြီးနောက် ထန်ရှုသည် သူ၏ အပြုအမူကို ရပ်လိုက်ပြီး တာအိုရှို့ယန်ကို လှည့်ကြည့်ကာ

"ခင်ဗျားမှာ ကြောက်စရာကောင်းလောက်တဲ့ ကျင့်ကြံမှု ရှိရင် မန္တာန်တွေကို အသုံးပြုတာက တကယ့်ကို ပုံမှန်ပါပဲ။ ကျွန်တော်တို့တတွေ သဘောတရားတွေချည်း နှိုင်းယှဉ်မယ်ဆိုရင် ကျွန်တော်က ခင်ဗျားထက် သာလွန်မှာ မဟုတ်ဘူး။ ဒါပေမယ့် ကျွန်တော်တို့တွေက သေရမယ့်ရန်သူတွေ ဖြစ်ခဲ့ပြီး သေခြင်းရှင်ခြင်းတိုက်ပွဲသာ တိုက်ခဲ့ရမယ်ဆိုရင် ခင်ဗျားကို သတ်နိုင်ဖို့ ၈၀%သေချာပါတယ်။"

ထိုစကား ပြောပြီးသည်နှင့် သူ တစ်ချက်စဉ်းစားလိုက်ပြီး “ကျွန်တော်တို့ ပြန်သွားပြီးရင် ခင်ဗျားကို လက်ဆောင်တစ်ခု ပေးမယ်။”

ထန်ရှု၏စကားကို မယုံနိုင်သော်လည်း တာအိုရှို့ယန်က စိတ်ရှုပ်ထွေးသော အမူအရာဖြင့် မေးလိုက်သေးသည်။

“ဘာလက်ဆောင်လဲ။”

"ကျင်းမန်ကျွန်းက အကောင်းဆုံး အားကစားရုံရဲ့ အဖွဲ့ဝင်ကတ်တစ်ခု" ထန်ရှုက တည်ငြိမ်စွာ ပြောသည်။

…အားကစား လေ့ကျင့်ရေးစင်တာအတွက် အသင်းဝင်ကတ် ဟုတ်လား။

တာအိုရှို့ယန် ရယ်ရမလို ငိုရမလို ဖြစ်သွားရသည်။

"တာအိုထန် ငါ့ကို နောက်နေတာလား။ ငါ့ခွန်အားအကြောင်းကို စဉ်းစားရင် ကမ္ဘာပေါ်မှာ ငါ့အတွက် သင့်တော်တဲ့ အားကစားလေ့ကျင့်ရေးစင်တာ မရှိလောက်ပါဘူး။ ထိုးထွင်းဉာဏ်နဲ့ အတွေ့အကြုံက အတော် တိမ်နေသလိုပဲနော်။”

ထန်ရှုက ပေါ့ပေါ့ပါးပါး ပြောသည်။ “ကျင့်ကြံသူတစ်ယောက်အနေနဲ့ ခင်ဗျားကိုယ်ခင်ဗျား အလွန်မြင့်မားတဲ့ ကျင့်ကြံမှုအဆင့်နဲ့ ကြံ့ခိုင်တဲ့ စိတ်အခြေအနေရှိတာ လုံလောက်တယ်လို့ ထင်နေတယ်ပေါ့။ ဒါဆို ခင်ဗျား လုံးဝ မှားသွားပြီ။ တာအိုကျင့်ကြံသူတွေက အမှန်တကယ် အစွမ်းထက်တယ်ဆိုပေမယ့်လည်း ကမ္ဘာပေါ်မှာ အခြားကျင့်ကြံမှုစနစ်တစ်မျိုးဖြစ်တဲ့ ခန္ဓာကိုယ်ကျင့်ကြံမှုစနစ် ရှိသေးတယ်။ ခန္ဓာကိုယ်ဆိုတာ လူတိုင်းလူတိုင်းအတွက် အခြေခံအုတ်မြစ်ပဲ။ ခန္ဓာကိုယ်က လုံလောက်အောင် မသန်မာဘူးဆိုရင် နောင်တစ်ချိန် အတိဒုက္ခကို ဖြတ်ကျော်တဲ့အခါ အဲ့ဒီလူတွေက သနားစရာကောင်းတဲ့ အခြေအနေမှာ ရှိနေလိမ့်မယ်။”

လူတစ်ယောက်သည် မြင့်မားသော ကျင့်ကြံမှုအဆင့်နှင့် အားကောင်းသည့် စိတ်ပိုင်းဆိုင်ရာ စွမ်းအားကို ပိုင်ဆိုင်ထားသရွေ့ ကြောက်မက်ဖွယ် ကောင်းသော အစစ်အမှန် စွမ်းအားရှင်တစ်ဦးအဖြစ် ခေါ်ဆိုနိုင်သည်ဟု အတိတ်တစ်ချိန်က ထန်ရှုသည် ယုံကြည်ခဲ့သည်။ နောက်ပိုင်းတွင် မရေမတွက်နိုင်သော ခက်ခဲမှုများနှင့် အတိဒုက္ခများကို ကြုံတွေ့ခဲ့ရပြီးနောက် အထပ်မြင့် အဆောက်အအုံတိုင်းသည် ၎င်း၏အုတ်မြစ်ကို ဦးစွာ စတင်တည်ဆောက်ခဲ့သကဲ့သို့  ခန္ဓာကိုယ်သည် လူတစ်ယောက်၏အခြေခံအုတ်မြစ် ဖြစ်သည်ကို သိနားလည်ခဲ့သည်။ ထိုအခြေခံအုတ်မြစ်သည် လုံလောက်စွာ ပြင်ဆင်ထားခြင်း သို့မဟုတ် လုံလောက်စွာ ခိုင်ခံ့ခြင်း မရှိပါက မြင့်မားသော ကျင့်ကြံမှုအဆင့်ကို ပိုင်ဆိုင်ထားသော်လည်း စစ်မှန်သော စွမ်းအားရှင်တစ်ဦးကို သူ တွေ့ကြုံရသောအခါတွင် အလွန်ဆိုးရွားစွာ အဆုံးသတ်ရပေလိမ့်မည်။

ခန္ဓာကိုယ်ကျင့်ကြံသူများအတွက် ၎င်းတို့၏ ခန္ဓာကိုယ်ကြံခိုင်မှုစနစ်ကို ကျင့်ကြံပြီး ၎င်းတို့အား ထောက်ပံ့ရန်အတွက် ကျင့်ကြံထားသော ဝိညာဉ်စွမ်းအားကို အသုံးပြုပြီးနောက် နောက်ဆုံးတွင် တာအိုခရီးသို့ ဝင်ရောက်ကြမည်ဖြစ်သည်။ ထိုသူတို့သည် ခန္ဓာကိုယ်ကျင့်ကြံမှုတွင် ပြီးပြည့်စုံခြင်းသို့ ရောက်ရှိသောအခါ ၎င်းတို့ထံတွင် အင်မော်တယ်ခန္ဓာကိုယ်များ ရှိလာသောအခါတွင် ဗလာသက်သက်လက်များကိုသာ အားကိုးပြီး ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများဖြင့် ဖိနှိပ်နိုင်ပေမည်။ ခန္ဓာကိုယ်ကျင့်ကြံသူများ၏ ခန္ဓာကိုယ်မာကျောမှုသည် အင်မော်တယ်ပစ္စည်းများ၏ မာကျောမှုနှင့်ပင် နှိုင်းယှဉ်နိုင်သည်။

တာအိုရှို့ယန် တိတ်ဆိတ်သွားသည်။ ထန်ရှု၏စကားများတွင် အကြောင်းအရာများစွာကို သူ လက်သင့်မခံနိုင်သောကြောင့် ထန်ရှု၏စကားသည် ယုံသင့်သည်လားဆိုသည်ကို သူ မသိပေ။ ထန်ရှု၏စကားများသည် အနည်းငယ်ချဲ့ကားသည်ဟုပင် သူ ခံစားနေရသည်။

…အတိဒုက္ခတွေကို ဖြတ်ကျော်တဲ့အခါ ဘာတွေ ဖြစ်ပျက်တယ်ဆိုတာကို သူ သိတယ်လို့တော့ ငါ့ကို မပြောကြနဲ့နော်…

ထိုအတွေးက တာအို ရှို့ယန်၏စိတ်ထဲ ဝင်လာသော်လည်း သူ ချက်ချင်းပင် အနောက်သို့ ပို့လိုက်ရသည်။ လက်ရှိအချိန်တွင် ထန်ရှုနှင့် သူ၏ဆက်ဆံရေးသည် သာမန်မိတ်ဆွေတစ်ခုအဖြစ်သာ မှတ်ယူနိုင်သည်ကို သူ အပြည့်အဝ သိရှိခဲ့သည်။ ထန်ရှု၏လျှို့ဝှက်ချက်တွေကို အမှန်အတိုင်း သူ့ကို ပြောပြဖို့ဆိုသည်မှာ အတော်ပင် ဝေးကွာနေသေးသည်ဟု ဆိုရပေမည်။ သို့သော်လည်း သူသည် ထန်ရှုနှင့် ကောင်းမွန်သော ဆက်ဆံရေးရှိရန် ခိုင်မာစွာ ဆုံးဖြတ်ထားသောကြောင့် အနာဂတ်တွင် များစွာအကျိုးဖြစ်ထွန်းစေမည့် အရာတစ်ခုကို သူ ရရှိနိုင်ပေလိမ့်မည်။

ထန်ရှုသည် သားရဲကြီးနှစ်ကောင်ကို ဆိုးဆိုးရွားရွား ထိုးကြိတ်ပြီးနောက် သူသည် တစ်ဖန် ကန်ကျောက်ပြီး ၎င်းတို့ နောက်တစ်ကြိမ် တွားသွားနိုင်ခြင်း မရှိတော့သည်ကို မြင်တော့မှသာ ရပ်တန့်လိုက်သည်။ ထန်ရှုသည် ကျေနပ်သောအမူအရာဖြင့် ခေါင်းလှည့်လာပြီး တာအိုရှို့ယန်အား

"ကောင်းပြီ။ ကျွန်တော်ပြောတာကို နားလည်ဖို့ မျက်စိစုံမှိတ်ပြီး မကြိုးစားပါနဲ့။ ဒီကျွန်းပေါ်မှာ သားရဲကြီးတွေများစွာရှိပြီး အရေအတွက်က ရာချီနိုင်တယ်။ သူတို့ကို ကူညီဆုံးမပေးပါဦး။”

"ကောင်းပြီ။ ဒါဆို ငါတို့ ဒီမှာပဲ လူခွဲလိုက်ရအောင်။" တာအိုရှို့ယန်က ခေါင်းညိတ်ပြီး ပြောလိုက်သည်။

တစ်နေ့တာလုံး နားခိုရာမြှုပ်နှံကျွန်းရှိ သားရဲရိုင်း ၁၄၆ကောင်သည် ဆိုးဆိုးရွားရွား ရိုက်နှက်ခံရပြီး အော်ဟစ် ယိမ်းယိုင်ကာ တစ်ကောင်ပြီးတစ်ကောင် ဆက်တိုက်ဆိုသလို ဆိုးရွားစွာ အဆုံးသတ်သွားခဲ့သည်။

ထို့အပြင် နားခိုရာမြှုပ်နှံကျွန်း၏ တောင်ဘက်ကမ်းသို့ ပြေးသွားသော ကျိချွိမိန်သည် ထိုနေရာတွင် သားရဲရိုင်းတစ်ထောင်ကျော်ကို ဖမ်းဆီးခဲ့ပြီး ၎င်းတို့အား အဆက်မပြတ် ပြင်းပြင်းထန်ထန် ရိုက်နှက်ခဲ့သည်။ မူလက ရက်စက်ကြမ်းကြုတ်သော သားရဲရိုင်းများသည် တစ်နေ့တာ အချိန်ကုန်ဆုံးပြီးနောက် ချစ်စရာကောင်းသော သိုးများသဖွယ် အလွန်အမင်း ပျော့ပြောင်းလာခဲ့သည်။

ညဘက်တွင် ကျိချွိမိန်သည် သေခါနီးဖြစ်နေသော သားရဲများကို စောင့်ကြည့်နေသည့် ထန်ရှု၏ဘေးတွင် ရပ်လိုက်ပြီး လေးစားစွာ စကားဆိုလာခဲ့သည်။

“ပတ်ဝန်းကျင်ကို စစ်ဆေးဖို့ ငါ့ရဲ့စိတ်ဝိညာဉ်အာရုံကို သုံးလိုက်တော့ ပင်လယ်ရေနက် ကီလိုမီတာ ၂၀၀ ပတ်လည်အတွင်း သားရဲရိုင်းအရေအတွက်က ၃၆၀၀ ကျော်ခန့် ရှိတယ်။ ဒါပေမယ့် ငါ့ရဲ့စိတ်ဝိညာဉ်အာရုံက အားနည်းနေတဲ့ အခြေအနေ ရှိနေသေးတယ်ဆိုတော့ ပင်လယ်ရေနက်ပိုင်းအတွင်း မီတာ ၂၀၀ ကျော်ထက် ပိုပြီး မစူးစမ်း၊ မလေ့လာနိုင်တော့ဘူးလေ။ ဒါကြောင့် အဲ့ဒီအတိုင်းအတာထက် ကျော်လွန်သွားရင် အကောင်ဘယ်လောက် ရှိမှန်း မသိနိုင်တော့တာမို့ အရှင်သခင် ငါ့ကို ပြောခဲ့တဲ့ ဒီကြောက်စရာကောင်းတဲ့ အကောင်ကြီးကိုလည်း ရှာမတွေ့ခဲ့ဘူး။"

ထန်ရှုက တခဏလောက် နှုတ်ဆိတ်နေပြီး ဖြည်းညှင်းစွာ ပြဖြေသည်။

"အဲ့ဒီအကောင်၃၆၀၀ကို ဖမ်းပြီး နားခိုရာမြှုပ်နှံကျွန်းကို အရင်သွားကြတာပေါ့။ ပြီးရင် အဲ့ဒီနေရာကို ငါတို့ ခရီးထွက်မယ်။ ဒီခြိမ်းခြောက်မှုကို မဖယ်ရှားဘူးဆိုရင် အနာဂတ်မှာ ဒုက္ခဖြစ်လာမှာကိုစိုးတယ်။”

ကျိချွိမိန် တိတ်ဆိတ်စွာ ခေါင်းညိတ်သည်။

နောက်လေးရက်အတွင်း ထန်ရှုနှင့် ထာဝရခန်းမမှ ကျွမ်းကျင်သူများအပြင် ကျိချွိမိန်နှင့် တာအိုရှို့ယန်တို့သည် အဖွဲ့တစ်ခု ဖွဲ့စည်းပြီး ပင်လယ်ရေနက်မှ သားရဲကောင်ကြီး ၃၆၀၀ကျော်ကို ဖမ်းမိရန် အားထုတ်ကြိုးပမ်းခဲ့ကြပြီး နားခိုရာမြှုပ်နှံကျွန်းပေါ်သို့ တစ်ကောင်ပြီးတစ်ကောင် လာပစ်ထားကြသည်။

သူတို့အားလုံး ပြီးစီးသွားသောအခါ ပင်လယ်ဘက်သို့ သွားကြသည်။ ကျိချွိမိန်သည် သူမ၏ကြောက်မက်ဖွယ် ကောင်းသော ခွန်အားနှင့်အတူ ထန်ရှုအား ကာကွယ်ရန် သူမ၏အင်မော်တယ်အားကို ထုတ်လွှတ်ခဲ့ပြီး ၎င်းတို့နှစ်ဦးသည် ပင်လယ်ကြမ်းပြင်ဆီသို့ ဆက်လက် ရေငုပ်သွားခဲ့သည်။

"ဒီမှာ တစ်ခုခုလွဲနေပြီ အရှင်သခင်။"

ကျိချွိမိန်သည် အလွန်တည်ငြိမ်သောသူ ဖြစ်သည်။ သူမ၏ ခွန်အားကို ပိုင်ဆိုင်ထားဆဲဖြစ်သောကြောင့် ကမ္ဘာပေါ်တွင် သူမ၏အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်သည့်အရာ ရှိလိမ့်မည်ဟု မယုံကြည်ပေ။ ပင်လယ်အောက် မီတာ ၂၀၀ကျော် ရေငုပ်လာပြီးနောက် ထိုနေရာတွင် မူမမှန်မှုအချို့ရှိကြောင်း သူမ ပြင်းပြင်းထန်ထန် ခံစားသိရှိခဲ့ရသည်။

***

All Chapters