← Chapters

ငိုကြွေးနေသော နတ်သားရဲ

Vol. 40 Ch. 560

ငိုကြွေးနေသော နတ်သားရဲ

Vol. 40 Ch. 560

ပင်လယ်ကြမ်းပြင်တွင် သူ၏အမြင်အာရုံသည် အလွန် အကန့်အသတ် ရှိသောကြောင့် ထန်ရှုသည် သူ၏အရှေ့ မီတာဆယ်ဂဏန်းမျှအကွာအဝေးကိုသာ ရှင်းရှင်းလင်းလင်း မြင်နိုင်သော်လည်း ကျိချွိမိန်၏သတိပေးချက်ကြောင့် အခြေအနေ၏ ထူးခြားမှုကို သူ သတိပြုမိခဲ့သည်။

ပင်လယ်ကြမ်းပြင်သည် အလွန်တိတ်ဆိတ်ပြီး ငြိမ်သက်နေခဲ့သည်။

သူတို့ ရေအောက်ရောက်လေလေ ပိုပြီး တိတ်ဆိတ်နေလေ ဖြစ်တော့သည်။ အစောပိုင်းတွင် ငါးအနည်းငယ် ကူးခတ်နေသည်ကို တခါတရံ တွေ့ရသေးသည်။ သို့သော် သူတို့ ရေအောက် ပိုရောက်လာလေလေ ငါးအရေအတွက် ပိုမိုနည်းပါးလာသည်ကို သူတို့ တွေ့ရလေလေဖြစ်သည်။ သို့သော် ယခုချိန်တွင် သူတို့၏ မြင်ကွင်းထဲတွင် ပင်လယ်သက်ရှိများ လည်ပတ်သွားလာနေတာမျိုး လုံးဝမရှိပါချေ။ ထိုသို့သော မူမမှန်မှုသည် အလွန်ထူးခြားသော မွန်းစတားတစ်ကောင်ကြောင့် ဖြစ်ရပေမည်။

"ချွိမိန် … ဒါကို မင်းရဲ့ စိတ်ဝိညာဉ်အာရုံကို သုံးပြီး စုံစမ်းကြည့်ပါ။" ထန်ရှုသည် ပတ်ဝန်းကျင်ကို လှည့်ကြည့်ပြီးနောက် လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။

ကျိချွိမိန်က အားတင်းထားရသော အပြုံးဖြင့် ခေါင်းခါလိုက်ရင်း

"ပတ်ဝန်းကျင်ကို လေ့လာဖို့ ငါ့ရဲ့စိတ်ဝိညာဉ်အာရုံကို အသုံးပြုခဲ့တယ် အရှင်သခင် … အဲ့ဒီအချိန်တုန်းက ပြဿနာကြီးတစ်ခုကို တွေ့ခဲ့တယ်။ ဒီနေရာက တစ်စုံတစ်ခုက ငါ့ကို ပြင်းပြင်းထန်ထန် ဖိနှိပ်ထားတယ်။ အဲ့ဒီနေရာကနေ ငါတို့နဲ့ ကီလိုမီတာ ၂၀လောက်ဝေးတဲ့ ဦးတည်ရာတစ်ခုမှာ ထူးခြားတဲ့စွမ်းအား အတက်အကျ ဖြစ်နေတာတောင် ရှိသေးတယ်။”

ထန်ရှု၏အမူအရာ ပြောင်းသွားပြီး

"အဲ့ဒီဦးတည်ရာနေရာက ငါ ထင်တာ မမှားရင် နားခိုရာမြှုပ်နှံကျွန်းကို ဦးတည်နေတာပဲ ဖြစ်မယ်။"

“ဟုတ်တယ်။ အဲ့ဒါက နားခိုရာမြှုပ်နှံကျွန်းကို ဦးတည်နေတာပဲ။” ကျိချွိမိန်က ခေါင်းညိတ်ပြသည်။ “နောက်ပြီး ဒီနားခိုရာ မြှုပ်နှံကျွန်းက အရမ်း ထူးဆန်းတယ်။ အောက်ခြေမှာ မီးခိုးရောင် ထုံးကျောက်လွှာတွေ မရှိပေမယ့် ပင်လယ်ရေနက် ရှိနေတယ်။”

ထန်ရှု တွေဝသွေားပြီး မယုံနိုင်ဟန်အမူအရာဖြင့် "မင်းဆိုလိုတာက...နားခိုရာမြှုပ်နှံကျွန်းက ပင်လယ်မျက်နှာပြင်ပေါ်မှာ မျောနေတာလား။"

“ဟုတ်တယ်။ အဲ့ဒီကျွန်းကို ပင်လယ်မျက်နှာပြင်မှာ မျောမသွားအောင် ဆိုင်းငံ့ထားတာ။” ကျိချွိမိန်က ဆိုသည်။

ထန်ရှု၏နှလုံးခုန်သံများ ဆူညံသွားရသည်။ မရေမတွက်နိုင်သော အတွေးများသည် သူ၏စိတ်ထဲတွင် အဆက်မပြတ် ပေါ်လာသည်။ နားခိုရာ မြှုပ်နှံကျွန်း၏အောက်တွင် ပြိုင်ဖက်ကင်းလှသော အစီအရင်တစ်ခု ရှိနေပြီဟု သူ ခန့်မှန်းမိနိုင်သည်။ ထိုအစီအရင်သည် နားခိုရာမြှုပ်နှံကျွန်းကို ထိန်းပေးထားနိုင်ရုံသာမက အင်မော်တယ်တစ်ယောက်၏စိတ်ဝိညာဉ်အာရုံ ဖြန့်ကျက်ခြင်းမှလည်း ခွဲထုတ်ပေးနိုင်သောကြောင့် အဆိုပါ အစီအရင်အား အလွန်စွမ်းအားကြီးသော ပုံရိပ်တစ်ခုမှ ခင်းကျင်းထားခြင်းဖြစ်ပေလိမ့်မည်။

"အဲ့ဒီကို တစ်ချက်သွားကြည့်ရအောင်။"

နောက်ဆုံးတွင် ထန်ရှုက ဆုံးဖြတ်ချက်တစ်ခု ချပြီး စိတ်လေးလံစွာ ပြောလိုက်ရသည်။ ကျိချွိမိန်သာ ဒီနေရာမှာ ရှိပါက ဒီကမ္ဘာပေါ်တွင် သူမကို အန္တရာယ်ပေးနိုင်သော အရာတစ်ခု ရှိလိမ့်မည်ဟု သူ မယုံကြည်ချေ။

ဒါဇင်အနည်းငယ်မျှသော အသက်ရှုရှိုက်ချိန်အတွင်း ကျိချွိမိန်သည် ထန်ရှုအား နားခိုရာမြှုပ်နှံကျွန်း၏ အောက်ဘက်သို့ ခေါ်ဆောင်လာခဲ့ပြီးဖြစ်သည်။ သူတို့မျက်စိရှေ့တွင် ကန့်လန့်ကာတစ်ခုအလား ရွှေနီရောင် အလင်းတန်းများ ထုတ်လွှတ်ဖြာကျနေသည့် စွမ်းအားအလွှာတစ်ခု ရှိပြီး ၎င်းအပေါ်တွင် ရိုးရှင်းပြီး ရှေးကျသော သက္ကတ စာကြောင်းတစ်ကြောင်း ရှိနေပေရာ အလင်းစမ်းချောင်းထဲတွင် အဆက်မပြတ် ကူးခတ်နေသော စိတ်ဝိညာဉ်ငါးတစ်ကောင် ရှိနေသည့်အလားပင်။

"ချွိမိန် … မင်း ဒီအစီအရင်ကို ဖျက်လို့ရမလား"

အချိန်အတော်ကြာအောင် လေ့လာပြီးသည်ထိ ထိုအလင်းစွမ်းအားကန့်လန့်ကာ၏ လျှို့ဝှက်ချက်ကို အဖြေရှာမရသေးသော ထန်ရှုသည် ချက်ချင်းပင် ကျိချွိမိန်ဘက်သို့ လှည့်ကာမေးလိုက်သည်။

ကျိချွိမိန်သည် မျက်မှောင်တင်းတင်းကြုတ်ကာ ခေါင်းညိတ်လိုက်ပြီးမှ ခေါင်းပြန်ယမ်းလိုက်ကာ ကူကယ်ရာမဲ့စွာ ပြောလာသည်။

"အရှင်သခင် … ငါ ဒီအစီအရင်ကို ချိုးဖျက်နိုင်ပေမယ့် အဲဒါနဲ့ ပတ်သက်ပြီး ကြီးမားတဲ့ ပြဿနာတစ်ခုရှိတယ်။ ဒီအစီအရင်ကို ငါ အတင်းအကြပ် ချိုးဖျက်လိုက်ရင် ကြီးကျယ်ခမ်းနားတဲ့ ဖုန်းရွှေအစီအရင်ကြီးတစ်ခုလုံး ပျက်စီးသွားပြီး အထက်က နားခိုမြှုပ်နှံရာကျွန်းပါ နစ်မြုပ်သွားတော့မှာမို့ ငါတို့ အရင်က လုပ်ခဲ့သမျှ အရာအားလုံး အချည်းနှီး ဖြစ်သွားလိမ့်မယ်။"

ထန်ရှု၏အမူအရာ ပျက်သွားသည်။ သူသည် ကူကယ်ရာမဲ့စွာဖြင့် မည်သို့လုပ်ရမည်မသိ ဖြစ်နေစဉ် အထူးစွမ်းအားလှိုင်းတစ်ခုသည် ရုတ်တရက် အတက်အကျ ပြောင်းလဲလာပြီး သူ၏လက်ချောင်းများ အနည်းငယ်ထုံကျင်သွားကာ 'ပြင်းပြစွာ လိုချင်သည့်စိတ်ဆန္ဒ' ဟူသည့် စိတ်ခံစားချက်အား သိလာသယောင် ဖြစ်လာသည်။

"အဲ့ဒါ ဘာများလဲ။"

ထန်ရှုက သူ၏သိုလှောင်လက်စွပ်ကို တန်းဖွင့်လိုက်သည်။ လျှပ်တစ်ပြက်အတွင်း သံချေးတက်နေသော ရှေးဟောင်းကြေးမီးအိမ်သည် လက်စွပ်အတွင်းမှ သူ့အလိုလို လွင့်မျောလာသည်။ ထိုမီးအိမ် အပြင်သို့ ထွက်လာခါနီးတွင် ပင်လယ်ကြမ်းပြင်ပတ်ပတ်လည်မှ တောက်ပသော ရွှေရောင်အလင်းတန်းအလွှာအားလုံးသည် ကီလိုမီတာ ရာနှင့်ချီသော နယ်မြေအတွင်း ထွန်းလင်းတောက်ပစေသည်။

ထိုအခိုက်အတန့်တွင် ရှေးဟောင်းကြေးမီးအိမ်သည် လျှပ်တပြက်အတွင်း မီးတောက်ငယ်တစ်ခုအား သူ့ဘာသာ ရုတ်ချည်း ထွန်းညှိလာသည်။ မီးတောက်အတွင်း၌ ရောင်ခြည်ကွန့်မြူးနေသော ဗုဒ္ဓဓာတ်တော်သည် အနည်းငယ်ပိုကြီးလာပြီး ထန်ရှုနှင့် ကျိချွိမိန်တို့၏အရှေ့တွင် ငြိမ်သက်စွာ ရပ်နေသည်။

"အဲ့ဒါ ဘာလဲ အရှင်သခင်။" ကျိချွိမိန် အံ့သြစွာ မေးလိုက်သည်။

ထန်ရှုလည်း ငိုရမလိုဖြစ်စွာ ခေါင်းယမ်းလိုက်သည်။ ရှေးဟောင်းကြေးမီးအိမ်ကို သူ ရရှိထားသော်လည်း ၎င်းအား နက်နက်နဲနဲ သေချာစွာ သူ မလေ့လာရသေးပေ။ ၎င်းသည် ပတ်ဝန်းကျင်ရှိ ကောင်းကင်နှင့် မြေကြီးစိတ်ဝိညာဉ်စွမ်းအားကို ကြွယ်ဝစေပြီး စိတ်ဝိညာဉ်နှင့် စိတ်အခြေအနေကိုလည်း ငြိမ်းအေးသောကြောင့် ကျင့်ကြံနေစဉ်အတွင်းသာ မီးအိမ်ကို မီးညှိလေ့ရှိသည်။

…ဘိဇ်…ဘိဇ်…

ရောင်ခြည်ကွန့်မြူးနေသော ဗုဒ္ဓဓာတ်တော်မှ လျှို့ဝှက်ဆန်းကြယ်သော အော်ရာတစ်ခုသည် ပြိုးပြိုးပြက်ပြက်တောက်ပသော ရွှေရောင်အလင်းတန်းတစ်ခုအဖြစ် ထွက်ပေါ်လာပြီး စွမ်းအားကန့်လန့်ကာထဲသို့ တည့်တည့်မတ်မတ် ဝင်သွားလေရာ ရုတ်တရက် လူလေးယောက် အမြင့်ရှိပြီး နှစ်မီတာအကျယ်ရှိသော မုခ်ဝတစ်ခု သူတို့အရှေ့တွင် ပေါ်လာသည်။

"အထဲဝင်ရအောင်။" ထန်ရှုသည် ကျိချွိမိန်နှင့် အကြည့်ချင်းဖလှယ်ကာ ခဏကြာမျှ တုံ့ဆိုင်းသွားပြီးနောက် အံတင်းတင်းကြိတ်ကာ ပြောလိုက်ရသည်။

…ဝှစ်…ဝှစ်…

သူတို့နှစ်ဦးသည် ထိုမုခ်ဝထဲသို့ ဝင်သွားပြီး ၎င်းတို့ရှေ့တွင် ပေါ်လာသည့် မြင်ကွင်းကြောင့် ချက်ချင်းပင် အံ့သြထိတ်လန့်သွားကာ ကြက်သေသေသွားကြသည်။ အတွင်းတွင် ပင်လယ်ရေတစ်စက်မျှ မရှိဘဲ အစွန်းတစ်ဖက်ကို လှမ်းမမြင်နိုင်သော နေရာကြီးတစ်ခု ဖြစ်နေသည်။ ကျယ်ပြောလှသော နေရာအတွင်းတွင်  ကောင်းကင်ပြာနှင့်ဖြူလွလွတိမ်များနှင့်အတူ အနက်ရောင် မြေဆီလွှာသည် နိမ့်တုံမြင့်တုံ ဖြစ်ကာ ရှုမဆုံးသည့်မြေပြင်ကြီး ရှိနေသည်။ သို့သော်လည်း ကြီးမားကျယ်ပြန့်သော တောင်ပေါ်တွင် မည်သည့်အပင်မှ မတွေ့မြင်နိုင်ဘဲ မရေမတွက်နိုင်သော အုတ်ဂူများနှင့် ရှေးခေတ်သင်္ချိုင်းဂူများက သူတို့၏ ဦးရေပြားထုံကျင်သွားစေသည်အထိ များပြားစွာ ရှိနေခဲ့သည်။

“ငါတို့ရှေ့မှာ ရှိတဲ့ သင်္ချိုင်းဂူတွေက အနည်းဆုံး သိန်းနဲ့ချီ ရှိတယ်။ ဒီနေရာက အတိအကျ ဘာများလဲ။" ထန်ရှုက သူ့ဘာသူ တီးတိုးရေရွတ်မိသည်။

"အရှင်သခင် … ဒါက ကမ္ဘာမြေပေါ်မှာ နေရာလွတ်တစ်ခုပဲ ရှိသေးတယ်၊ ဒါပေမယ့် ဒီကမ္ဘာငယ်လေးက ကမ္ဘာရဲ့နေရာလွတ် အတားအဆီးတွေနဲ့ ဒွန်တွဲနေတယ်။"

ကျိချွိမိန်က ပြောလိုက်သည်။ “ဒီရှေးဟောင်းသင်္ချိုင်းများမှ ထွက်လာတဲ့အော်ရာက ဟိုးရှေးရှေးတုန်းက ဝေးကွာသောအတိတ်မှ ရောက်လာသလို ခံစားရတယ်။ အုတ်ဂူတွေမှာ ရေးထိုးထားတဲ့ စာလုံးများကို တစ်ချက်ကြည့်လိုက်ရင် စာလုံးအားလုံးက ဗုဒ္ဓသက္ကတတွေချည်းပဲ။ တစ်နည်းပြောရလို့ရှိရင် ဒီနေရာမှာ မြှုပ်နှံထားတဲ့သူတွေက ဗုဒ္ဓရဲ့တပည့်တွေ ဖြစ်တယ်။”

…ဗုဒ္ဓဘာသာ သင်္ချိုင်းမြေ…

ရုတ်တရက်ဆိုသလို ထန်ရှုသည် ကြယ်တာရာမြို့၏ တောင်နံရံရွာလေးမှ သူ ရရှိခဲ့သောအမွေအနှစ်တွင် ဗုဒ္ဓဘာသာသင်္ချိုင်းမြေနှင့်ပတ်သက်သည့် အကြောင်းအရာတစ်ခုကို ဖော်ပြထားသည်ကို သတိရသွားသည်။ ၎င်းနှင့်ပတ်သက်ပြီး မှတ်တမ်းတင်ထားသည့် အကြောင်းအရာမှာ အလွန် နည်းပါးပြီး များပြားလှသော ကမ္ဘာများကြားတွင် ဗုဒ္ဓဘာသာ၏မူလအစဖြစ်ခဲ့ကာ တိုးတက်ဖွံ့ဖြိုးခဲ့သော ဗုဒ္ဓဘာသာကမ္ဘာတစ်ခု တစ်ချိန်က ရှိခဲ့ကြောင်း မှတ်တမ်းတင်ထားသည်။

ထို့ပြင် သန့်ရှင်းစင်ကြယ်သောရဟန်း အမိတ္တဘသည် အတိတ်က ဘုရားလောင်းအဆင့်ထိ ရောက်ရှိခဲ့ပြီး တစ်ချိန်က နတ်ဘုရားဘုံတွင် အလွန်ကျော်ကြားသော ပုဂ္ဂိုလ်ဖြစ်ခဲ့သည်။ ကံမကောင်း အကြောင်းမလှစွာဖြင့် အမိတ္တဘရဟန်းသည် နတ်ဘုရားဘုံတွင် တန်ခိုးအာဏာအကြီးဆုံးဖြစ်သူ အနန္တတန်ခိုးရှင်အား တိုက်ခိုက်မိခဲ့သဖြင့် ထိုဘေးဆိုးသည် နှစ်သန်းပေါင်းများစွာ နောက်မှ လိုက်ပါနေခဲ့ပြီး နောက်ဆုံးတွင် မလွတ်မြောက်နိုင်ခဲ့ပေ။ ဗုဒ္ဓဘာသာကမ္ဘာသည်ပင် သူနှင့်ဆက်စပ်နေသဖြင့် အကျိုးဆက်အနေဖြင့် အတူဖယ်ရှားခံရကာ မရေမတွက်နိုင်သော ဗုဒ္ဓတပည့်များသည်လည်း သုတ်သင်ခံခဲ့ရလေသည်။

နောက်ပိုင်းတွင် အခြားကမ္ဘာမှ ဗုဒ္ဓတပည့်တစ်ဦးသည် ပျက်စီးနေသော ဗုဒ္ဓဘာသာကမ္ဘာကို တွေ့ရှိပြီး နောက်ဆုံးတွင် ထူးခြားနေရာတစ်ခုကို ဖန်တီးကာ တုနှိုင်းမယှဉ်နိုင်သော ဗုဒ္ဓသင်္ချိုင်းမြေကို တည်ဆောက်ခဲ့သည်။ ကံမကောင်းစွာပင် ထိုအကြောင်းအား အနန္တတန်ခိုးရှင်မှ သိသွားခဲ့သည်။ သို့သော် နှစ်သောင်းနှင့်ချီကာ အလိုက်ခံရပြီးနောက် ထိုဗုဒ္ဓတပည့်သည် လွတ်မြောက်နိုင်ခဲ့သည်။ ထိုအချိန်မှစ၍ များပြားလှသော ကမ္ဘာများတွင် သူသည် အငွေ့ပျံသွားသကဲ့သို့ သူ့အကြောင်းအား ဘာသတင်းမှ မကြားရတော့ချေ။

“အဲ့ဒီဗုဒ္ဓတပည့်က ကမ္ဘာမြေကို ရောက်လာပြီး သူ ဖန်ဆင်းထားတဲ့ အထူးကမ္ဘာကိုတောင် ဒီနေရာမှာ ထားခဲ့မယ်လို့ ငါ ဘယ်တုန်းကမှ မထင်ခဲ့မိဘူး။ ဗုဒ္ဓဘာသာက ကောင်းမှုကုသိုလ်ပြုလုပ်ခြင်းနဲ့ သနားကြင်နာခြင်းကို အလေးပေးတယ်။ ဗုဒ္ဓအဆုံးအမကို ခေတ်မီလူ့အဖွဲ့အစည်းမှာ လက်ဆင့်ကမ်းပြီး ဆက်လက်သင်ကြားခဲ့မယ်ဆိုရင် အဲ့ဒါက အလွန်အပြုသဘောဆောင်တဲ့ စွမ်းအားတစ်ခု ဖြစ်လာမှာ သေချာတယ်။”

ကျိချွိမိန်အား အစီအရင်ကို ဖျက်ဆီးရန် ယခင်က အမိန့်မပေးခဲ့မိခြင်းကြောင့် ကံကောင်းသွားခဲ့သည်ဟု ထန်ရှု ရုတ်တရက် ခံစားလိုက်ရသည်။ နို့မဟုတ်ပါက သည်ကမ္ဘာငယ်လေး ပြိုကျသွားပြီး ယခုကဲ့သို့ ကြီးကျယ်ခမ်းနားတဲ့ ရှေးဟောင်းသင်္ချိုင်းမြေဟာ ပျောက်ကွယ်သွားပြီး ဘာမှမရှိတော့သည့်အလား ဖြစ်သွားပါလိမ့်မည်။

…ဝါး…

ဟိုးအဝေးက မိုးကုတ်စက်ဝိုင်းဆီကနေ ဝမ်းနည်းပူဆွေးပြီး ခါးခါးသီးသီး အော်ဟစ်သံတစ်ခု ပေါ်ထွက်လာသည်။ ၎င်းသည် ရှိုက်ကြီးတငင် အော်ဟစ်ရုံမျှဖြင့် ထန်ရှု၏ နားစည်များ ကွဲလုမတတ် ဖြစ်နေသောကြောင့် သူ၏မျက်နှာအမူအရာ အနည်းငယ် ပျက်သွားသည်။

ကျိချွိမိန်က သူ၏အင်္ကျီလက်အား ခါယမ်းကာ ထန်ရှုအား အကာအကွယ် ပေးလိုက်ပြီးနောက်

“ဒီမှာ သက်ရှိအရာတစ်ခုရှိနေတယ် သခင်။ ငါတို့သွားကြည့်ကြမလား။"

ထန်ရှုက အသာ ခေါင်းညိတ်ပြီး

"သတိထားပါ။"

"နားလည်ပါပြီ။"

ကျိချွိမိန်က ပြန်ပြောပြီးနောက် ထန်ရှုကို သယ်ဆောင်ကာ ထိုနေရာသို့ သွားလိုက်သည်။ သူမ၏သာလွန်သောအရှိန်ဖြင့် ကီလိုမီတာ တစ်သန်းကျော်အကွာအဝေးကို ဖြတ်ကျော်ပြီး နှစ်မိနစ်အတွင်း သန်းရာနှင့်ချီသော ဗုဒ္ဓသင်္ချိုင်းများကို ဖြတ်ကျော်သွားသည်။ သူတို့၏အရှေ့တွင် မြင့်မားကာ ငွားငွားစွင့်စွင့် တောင်တန်းတစ်ခု ပေါ်လာချိန်တွင် ကျိချွိမိန် ရုတ်တရက် ရပ်တန့်သွားသည်။

“အရှင်သခင်…”

ထန်ရှုသည် ဘေးပတ်ပတ်လည်ကို ကြည့်လိုက်ရာတွင် မြင့်မားပြီး ဦးခေါင်းအဖြူ၊ ရွှေရောင်အတောင်များ ပါရှိသော ခွန်ပန်တစ်ကောင်အား ဝင့်ကြွားစွာ ဦးခေါင်းကို မြှောက်လျက် ရပ်နေသည်ကို တွေ့လိုက်ရသည်။

“ကလေး … လူသားအမျိုးအနွယ်ရဲ့ကလေးနှစ်ယောက် လာတာလား။ အယ် … တစ်ယောက်က... မာယာမျိုးနွယ်ရဲ့ ကလေးတစ်ယောက်လား။ စိတ်ဝင်စားစရာ … စိတ်ဝင်စားစရာပဲ။"

ရွှေရောင်တောင်ပံများနှင့် ခွန်ပန်သည် ဦးခေါင်းကို ဖြည်းညှင်းစွာ ငုံ့လိုက်သည်။ အဝေးမှလာနေသော ထန် ရှုနှင့် ကျိချွိမိန်အား တွေ့လိုက်ရသောအခါ သူ၏နှုတ်မှ ပြတ်တောင်းပြတ်တောင်းစကားသံ ထွက်လာသည်။

ထန်ရှုက လေးနက်သောအသံဖြင့် အော်လိုက်ပြီး

"ခင်ဗျားက ကျွန်တော်တို့ရဲ့ မူလအစကို သိတာလား။ ခင်ဗျားက ဘယ်အရာများလဲ။"

"ငါက ဘယ်အရာလဲ။"

ရွှေတောင်ပံနှင့် ခွန်ပန်သည် သူ၏ခေါင်းကို ပိုငုံ့လိုက်သည်။ သို့သော် အချိန်အတော်ကြာပြီးနောက် သူသည် တုန်လှုပ်နေသောအသံဖြင့် ထပ်ပြောလာသည်။ "ငါက နတ်ဘုရားနယ်ပယ်က ရွှေရောင်ခွန်ပန် … ငါက အရာဝတ္ထု မဟုတ်ဘူး။ အမှန်တကယ်ကို သူ့မှာ ရွှေရောင်ဗုဒ္ဓဓာတ်တော် ရှိနေတာပဲ။ နှမြောစရာ…နှမြောစရာပဲ…သူ့ခွန်အားက အားနည်းလွန်းပြီး သနားစရာကောင်းတယ်။ နို့မဟုတ်ရင်

ငါ ဒီနေရာကနေ ထွက်ခွာပြီး နတ်ဘုရားနယ်မြေဆီ ပြန်သွားဖို့ မျှော်လင့်ချက် ရှိတယ်။”

ထန်ရှုက တခဏ နှုတ်ဆိတ်နေပြီးမှ ထပ်ပြောလိုက်သည်။

"ရွှေရောင်ခွန်ပန်အကြောင်း ငါသိတယ်။ နတ်ဘုရားနယ်မြေက အလွန်အစွမ်းထက်တဲ့ နတ်သားရဲတစ်ကောင်ပဲ။ ငါထန်ရှုက မင်းလို ဒဏ္ဍာရီလာ နတ်သားရဲနဲ့ တွေ့လိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့မိဘူး။ မင်း ဒီမှာ ဘယ်လို ပိတ်လှောင်ထားခံရတယ်ဆိုတာ ပြောပြနိုင်မလား။"

ရွှေရောင်ခွန်ပန်သည် ခေါင်းကို ခါယမ်းကာ ညည်းတွားလိုက်သည်။

“ထူးဆန်းလိုက်တာ။ ငါ အဲ့ဒါကို တွေးလို့မရဘူး။ ငါ့မှတ်ဉာဏ်အပိုင်းက အဖျက်ခံလိုက်ရပြီထင်တယ်။ ဘယ်သူက ဒါကို လုပ်နိုင်ခဲ့တာလဲ။"

ထန်ရှုက မျက်မှောင်ကြုတ်ကာ စိုက်ကြည့်ရင်း

“မင်း အဲ့ဒါကို မမှတ်မိတော့ရင် မေ့လိုက်ပါ။ ဒါပေမယ့် ဒီဗုဒ္ဓသင်္ချိုင်းမြေအကြောင်း မင်း သိတယ် ဟုတ်လား။”

ရွှေရောင်ခွန်ပန်၏ကြီးမားသော မျက်လုံးများသည် ပုတ်ခတ် ပုတ်ခတ်ဖြစ်လာပြီး ရုတ်တရက် ပြောလိုက်သည်။

" တစ်ခုခုတော့ မှတ်မိလာသလိုပဲ။ ရဟန်းကို လိုက်ဖမ်းဖို့ ငါ့ရဲ့အရှင်သခင်နဲ့ လိုက်လာခဲ့တာ။ ငါ့ကို ဖမ်းပြီး ဒီမှာ ချည်နှောင်ထားတယ် … အရှင်သခင် … ငါ့သခင် … ငါ့သခင် … မရှိတော့ဘူးလား။ မဟုတ်ဘူး … အဲ့ဒါမဖြစ်နိုင်ဘူး…ဝူး…ဝူး…"

စကားပြောပြီးနောက် ငိုကြွေးလိုက်သဖြင့် သူ၏မျက်လုံးများဆီက ရွှေရောင်အရည်တစ်စက် ထွက်လာသည်။

ထန်ရှု အံ့အားသင့်ကာ ကြက်သေ သေသွားသည်။

…ရွှေရောင်ခွန်ပန်လို နတ်သားရဲတစ်ကောင်က အမှန်တကယ် ငိုနိုင်မယ်လို့ သူ မမျှော်လင့်ထားဘူး... ဒါ...ဒါက ဘယ်လိုဟာသမျိုးလဲ။

အချိန်အတော်ကြာအောင် ထန်ရှုသည် ရယ်ရခက် ငိုရခက် ဖြစ်နေပြီးမှ

“အိုခေ … အိုခေ … ငါတို့ အရေးအကြီးဆုံးအချက်ကို ဆွေးနွေးကြရအောင်။ အနာဂတ်မှာ မင်းကို ငါ ကယ်ပေးနိုင်ရင် မင်း ငါ့ကို ဘယ်လိုအကျိုးကျေးဇူးတွေ ပေးနိုင်မလဲ။"

ရွှေရောင်ခွန်ပန်သည် အနည်းငယ် တွေးတောရင်း အငိုရပ်သွားပြီး

“မင်းကို ရွှေရောင်ခန္ဓာကိုယ်ဖြစ်အောင် ငါ ကူညီရင်ရော။ ဘယ်လိုပဲဖြစ်ဖြစ် ရဟန်းက ဘယ်လိုနုနယ်အားနည်းနိုင်မှာလဲ ... ဒါပေမယ့် ငါ အဲ့ဒါကို စဉ်းစားပါရစေဦး။"

ထန်ရှု မျက်လုံးလေး ကလယ်ကလယ် ဖြစ်သွားရသည်။

…ဗုဒ္ဓရွှေရောင်ခန္ဓာကိုယ်လား။ ဒါကြီးက ဘယ်လိုဟာသကြီးတုန်း…

သူ၏ကျင့်ကြံနည်းစနစ်ဖြစ်သော ကောင်းကင်စကြာဝဠာပညာရပ်ကျင့်စဉ်သည် နတ်ဘုရားများနှင့် နတ်ဆိုးများ၏ အထွတ်အထိပ် ကျင့်ကြံနည်းစနစ်တစ်ခုဖြစ်ပြီး ခန္ဓာကိုယ်အား အထွတ်အထိပ်နတ်ဆိုး ခန္ဓာကိုယ် ဖြစ်အောင် ပုံသွင်းသော နည်းစနစ်ဖြစ်သည်။

…သူ၏ခန္ဓာကိုယ်ကို ဗုဒ္ဓရွှေရောင်ခန္ဓာကိုယ်အဖြစ် ထားမယ်ဆိုရင် နောင်အနာဂတ်မှာ သူ ဘယ်လိုကျင့်ကြံရပါမလဲ…

သို့သော် ရွှေရောင်ခွန်ပန်သည် ထန်ရှု၏စိတ်အား ထွင်းဖောက်မြင်နိုင်သကဲ့သို့ ထူးထူးဆန်းဆန်း အပြုံးဖြင့် ပြောလိုက်သည်။

"စိတ်ဝင်စားစရာပဲ … တကယ်ကို စိတ်ဝင်စားစရာပဲ။ ကောင်းကင်စကြာဝဠာပညာရပ်ကျင့်စဉ် ဟုတ်လား။ မင်းက အဲ့ဒီကျင့်စဉ်ကို ကျင့်ကြံနေတယ်ပေါ့။ ဒီကျင့်စဉ်က ရဟန်းအမိတ္တဘ ငါ့အရှင်ထံမှ ခိုးယူသွားတဲ့ ကျင့်ကြံနည်းစနစ် မဟုတ်ဘူးလား။ ဟားဟားဟား… စိတ်ဝင်စားစရာပဲ။”

ထန်ရှု ကြက်သေသေသွားကာ အံ့အားသင့်စွာ စိုက်ကြည့်ရင်း

“မင်း အများကြီး သိတာလား။ ဒါပေမယ့် ရဟန်းအမိတ္တဘက ကောင်းကင်စကြာဝဠာပညာရပ်ကို ဘာအတွက် လိုအပ်တာလဲ။”

"ဗုဒ္ဓနဲ့ နတ်ဆိုးဆိုတာက တောင်ဝင်ရိုးစွန်းနဲ့ မြောက်ဝင်ရိုးစွန်းတွေလိုပဲဆိုပေမယ့် ကျင့်ကြံခြင်းဆိုတာက လည်ပတ်နေတဲ့ဘီးတစ်ခုလိုပဲ။"

ရွှေရောင်ခွန်ပန်က ထန်ရှုအား အရူးတစ်ယောက်ပမာ ကြည့်နေရင်း

“ဆက်စပ်ဆီလျော်ဖြစ်မှုက အဲ့ဒါကို ပြီးပြည့်စုံစေခဲ့တာ။ အကြောင်းကတော့ သူတို့တွေက အချင်းချင်း ပိုင်းဖြတ်ပြီး ကွဲထွက်သွားကြတယ်။ နတ်ဆိုးတွေနဲ့ သဟဇာတ မဖြစ်နိုင်တာက  ဗုဒ္ဓပဲ ရှိတာမို့ အဲ့ဒါကြောင့် ရဟန်းအမိတ္တဘက အထွတ်အထိပ်နတ်ဘုရားအဆင့်ကို ရောက်ဖို့ နောက်ဆုံးခြေတစ်လှမ်းကို မချနိုင်ခဲ့ဘူး။ အာ အထွတ်အထိပ်နတ်ဘုရား … အဲ့ဒါက ငါ့သခင်ရဲ့ နယ်မြေ … နတ်ဘုရားနယ်မြေရဲ့ အထွတ်အထိပ်မှာ ရှိနေတဲ့ တည်ရှိမှုတစ်ခုပဲ။”

***

All Chapters