အပိုင်း (၁၅၀)
Vol. 10 Ch. 150
မြွေလူသား မျိုးနွယ်စုမှအမျိုးသမီးက လီလျိုရှင်းအား ကြယ်ရှစ်ပွင့် ဘုရင်နယ်ပယ်စွမ်းအားဖြင့် တိုက်ခိုက်လိုက်သည်။ တိုက်ခိုက်မှုကသူ့အား ထိတော့မည့်အချိန်တွင် လီလျိုရှင်းက မဆိုင်းမတွျအော်ပြောလိုက်လေသည်။
“နေပါအုံး ငါမှာ ပြောစရာ အချို့ရှိနေသေးတယ်”
“ဟူး”
ညကောင်းကင်ယံတွင် အောက်သို့လွှမ်းယမ်း ရိုက်ချလိုက်သော ခရမ်းရောင် မြွေမြှီးရိပ်ကြီးက ဟင်းလင်းပြင်ထဲတွင် ရုတ်တရက် ရပ်တန့်သွားသည်။ ထိုအချင်းအရာက လီလျိုရှင်းအား ချွေးအေးများပင် ကျလာစေ၏။
“နင့်မှာ တစ်ခြားဘာပြောစရာရှိသေးလို့လဲ”
အမျိုးသမီးက အေးစက်စွာမေးလိုက်သည်။
“ငါ….ငါ”
လီလျိုရှင်းက အထစ်ထစ် အငေါ့ငေါ့ဖြင့် တစ်စုံတစ်ခုအားပြောဖို့ကြိုးစားနေသည့်ပုံပေါ်သည်။
“မြန်မြန်ပြောစမ်း”
မြွေလူသားမျိုးနွယ် အမျိုးသမီးက အေးစက်စွာ အော်ပြောလိုက်သည်။
“ဒါက ….ငါမှားခဲ့တယ်ဆိုတာကို ငါတကယ်သိပါတယ်..ကျေးဇူးပြုပြီး ငါ့ကိုသွားခွင့်ပေးပါ ..မင်းအားလန်ကို သတ်လိုက်တာက ငါ့ကို အပြစ်ပေးလိုက်သလိုပါပဲ”
လီလျိုရှင်းက အားနည်းပြီး နာကျင်မှုအပြည့်ပုံစံဖြင့်ပြောလိုက်သည်။
“အဲ့အပြာရောင်ပုံရိပ်က တကယ်ပဲ သူမဟုတ်တာများ ဖြစ်နေနိုင်မလား”
ရှစ်ဖုန့်က လီလျိုရှင်းကို ကြည့်ရင်းတီးတိုရေရွတ်လိုက်သည်။ ထို့နောက်သူက ငရဲဝံပုလွေ အပေါ်မှ ခုန်ဆင်းလိုက်ပြီး မြွေလူသားမျိုးနွယ်စုမှ အမျိုးသမီးများကို ပြောလိုက်သည်။
“ကောင်းပြီ ….အလှလေးတို့ သူတကယ်ကို နောင်တရနေပြီလို့ ကျုပ်ထင်ပါတယ် ..ကျေးဇူးပြုပြီး သူ့ကိုသွားခွင့် ပေးလိုက်ကြပါ”
“စက်ဆုပ်ဖို့ကောင်းပြီးတော့ ကလိန်ကကျစ်များတဲ့ လူသား …နင်ပြောတော့ ဝင်မစွတ်ဖတ်ဖူးဆို ..အခုကျတော့ နင်က ဝင်စွတ်ဖတ်တော့မယ်ဆိုတဲ့သဘောလား”
မြွေလူသား အမျိုးသမီးတစ်ယောက်က အေးစက်စွာ အော်ပြောလိုက်သည်။
“နင့်အတွက် ဘာက ကောင်းမွန်လဲဆိုတာကို သိတယ်ဆိုရင် ..ဖြစ်နိုင်သမျှ မြန်မြန်လေး နင်ထွက်သွားလိုက်တာ ကောင်းမယ် ..မဟုတ်ရင် နင်လည်းပဲ အသင်္ချေ မြွေဂူထဲကို အပို့ခံရလိမ့်မယ်”
“ညီကို ရှစ် ကျေးဇူးပြုပြီးတော့ ငါတို့ကို မထားခဲ့ပါနဲ့..ငါတို့က သစ္စာရှိကြတဲ့သူတွေပါ “
လီလျိုရှင်းက ရှစ်ဖုန့်ကို တောင်းပန်သည်။
“တကယ်တော့ သူက မင်းတို့ရဲ့ လှပတဲ့ ပုံရိပ်လေးတွေကို မြင်တွေ့ခဲ့တယ်ဆိုရုံလေးပါ ..အဲ့တာကလည်းဘာလို့ဆိုရင် သူအဲ့လိုလုပ်ရလောက်အောင်ကို မင်းတို့က စွဲဆောင်မှုအပြည့် ရှိတဲ့သူတွေဖြစ်နေတာကိုး”
ရှစ်ဖုန့်က ပြောလိုက်သည်။
“အမကြီး သူပြောတာက အဓိပ္ပါယ်ရှိတဲ့ ပုံပဲနော်”
ငတုံးမလေးဟု ကြိမ်းမောင်းခံရသော အငယ်ဆုံးမြွေလူသားမလေးက ပြောလိုက်သည်။
“ငတုံးမလေး ဒီလူသားတွေက ဘယ်လောက်တောင် ကောက်ကျစ်ယုတ်မာတတ်လဲဆိုတာကို နင်ကသိမှာမို့လား …သူတို့မှာ ရွှန်းရွှန်းဝေနေအောင် ပြောတတ်ဆိုတတ်တဲ့ လျှာတစ်ခုရှိတယ်”
မြွေလူသားအမျိုးသမီးတစ်ယောက်က ရှစ်ဖုန့်ကိုအေးစက်စွာစိုက်ကြည့်လိုက်သည်။
“လူသား နင်ပြန်မဆုတ်ဖူးဆိုရင်တော့ ငါနင့်ကိုပါ ရိုက်နှက်ရလိမ့်မယ်”
“ဟူး ”
ရှစ်ဖုန့်က သူ့ခေါင်းကိုခါယမ်း၍ သက်ပြင်းချလိုက်သည်။
“ညီမတို့ တိုက်ခိုက်ကြ”
မြွေလူသား အမျိုးသမီးက ပြောလိုက်သည်။ ထို့နောက်တွင် လီလျိုရှင်းနှင့်ရှစ်ဖုန့်တို့အပေါ်ရှိ ခရမ်းရောင်မြွေမြီးကြီးက အောက်သို့ အရင်ဆုံးရိုက်နှက်ချလိုက်သည်။
ရှစ်ဖုန့်က ခေါင်းမော့လိုက်ပြီး တိုက်စားခြင်းတတိယမျက်လုံးက သူနဖူးထက်တွင် ပွင့်ဟထွက်ပေါ်လာသည်။ ဓားတစ်ချောင်းပုံစံ မီးခိုးရောင်မြူခိုးများက ပစ်လွှတ်သလိုထွက်လာပြီး ခရမ်းရောင်မြွေမြီးကြီးဖြင့် တွေ့ဆုံလိုက်သည်။ ထို့နောက်ချက်ခြင်း မီးခိုးရောင်ဓားချီနှင့် ခရမ်းရောင်မြွေမြီးတို့ အပြင်းအထန် ထိပ်တိုက်တွေ့မိကြသည်။ မြွေမြီးရိပ်ကြီးမှာ ချက်ချင်းဆိုသလို ဘာမှမကျန်တော့သည်အထိ တိုက်စားခံလိုက်ရ၏။
ထို့နောက်တွင် တိုက်စားခြင်းမျက်လုံးထံမှ နောက်ထပ် မီးခိုးရောင်ဓားချီမြူ အလင်းတန်းသုံးခုပစ်လွှတ်သလိုထွက်လာသည်။ အစောပိုင်းကလေထဲတွင် ဖြစ်ပေါ်နေသော ကျန်ရစ်နေသည့် မြွေမြီးသုံးခုမှာလည်း ဘာမှကျန်ရစ်ခြင်း မရှိတော့သည်အထိ တိုက်စားခံလိုက်ရသည်။
သူတို့၏ တိုက်ခိုက်မှုများကျိုးပြတ်သွားသောအခါတွင် ညီမလေးယောက်မှာ ဒယိမ်းဒယိုင်ဖြင့်နောက်သို့ဆုတ်ခွာလိုက်ကြရသည်။
“နင်…ဘယ်လိုတောင်ထူးဆန်းတဲ့ သိုင်းပညာရပ်အမျိုးအစားလဲ”
အမကြီးဟုအခေါ်ခံရသာ မြွေလူသားအမျိုးသမီးက ရှစ်ဖုန့်ကို ပြောလိုက်သည်။ သူ၏ ကြယ်ရှစ်ပွင့် ဘုရင်နယ်ပယ်တိုက်ခိုက်မှုမှာ အလွယ်တကူ ကျိုးပြတ်သွားခဲ့သည်။
“ဟားဟားဟား …ညီကိုရှစ်က တကယ့်ကို လူတွေကြားထဲက နဂါးတစ်ကောင်ပါပဲ…ငါတို့တွေခဏလောက်
လေး မတွေ့လိုက်ရတာပဲရှိသေးတယ် မင်းရဲ့သိုင်းပညာရပ်က နောက်ထပ် အဆင့်တစ်ခုကို တိုးတက်သွားခဲ့ပြန်ပြီ…မြွေလူသား မျိုးနွယ်က ဒီအမျိုးသမီးတွေကို မြန်မြန်လေးဖမ်းလိုက် ….ပီးရင် ပျော်စရာလေးတွေစကြတာပေါ့”
မြွေလူသားမျိုးနွယ် အမျိုးသမီးလေးယောက် ဆုတ်ခွာသွားအောင် ရှစ်ဖုန့်က အလွယ်တကူဖိအားပေးနိုင်သည်ကို မြင်လိုက်ရသောအခါတွင် လီလျိုရှင်းမှာ စိတ်အားတက်ကြွသောသူတစ်ယောက် တစ်ဖန်ပြန်ဖြစ်လာသည်။
သူ့မျက်နှာထက်တွင် ယုတ်မာပြုံးတစ်ခုရှိနေပြီး ထိုအပြုံးနှင့်အတူ မျက်စိကိုမှေးကာ မြွေလူသားအမျိုးသမီးတို့အား တစ်ယောက်ချင်းစီကြည့်လိုက်သည်။ ထို့နောက်တွင် မြွေလူသားအမျိုးသမီးတို့ထဲမှ အနည်းငယ်ပိုအသက်ကြီးသောသူထံတွွင် သူ့မျက်လုံးတို့ကိုရပ်တန့်လိုက်သည်။
“ငှီး..ငှီး..ငှီး ..ငါ့ဒီအလှလေးကိုသဘောကျနေတုံးပဲကွာ..သူက မက်မွန်သီးမှည့်တစ်လုံးလိုမျိုး ရင့်ကျတ်ဝေဆာဆုံးသူတစ်ယောက်ပဲ”
“အား..မဟုတ်ဖူး ..ရှင်ဒီလိုလုပ်လို့မရဘူး”
လီလျိုရှင်း၏ စကားတို့အားကြားလိုက်ရသောအခါတွင် အငယ်ဆုံး မြွေလူသားအမျိုးသမီးလေးက အလန့်တကြား အော်ဟစ်လိုက်သည်။ ရုတ်တရက် သူမကိုယ်က အပေါ်သို့ခုန်တက်သလိုမြောက်တက်သွားပြီး ပြင်းထန်သော ခရမ်းရောင်အလင်းများက သူမ၏ကိုယ်မှ ပေါက်ကွဲထွက်လာသည်။
ခရမ်းရောင်အလင်း လျှင်မြန်စွာ အရောင်မှိန်သွားသော အခါတွင် ငယ်ရွယ်သော မြွေလူသား အမျိုးသမီးသည်လည်းပျောက်ကွယ်သွားသည်။ လေထဲတွင် ခရမ်းရောင်အလင်းတို့ ထုတ်လွှတ်နေသော ခရမ်းရောင်မြွေကြီး တစ်ကောင်ပေါ်လာခဲ့သည်။ ၎င်း၏ ကိုယ်အား ထူထဲသော ခရမ်းရောင် အကြေးခွံများဖြင့် ဖုံးထားပြီး ချွန်မြသော ခရမ်းရောင်ဦးချိုတစ်ခုလည်း ခေါင်းပေါ်တွင်ရှိနေသည်။ ၎င်းက ရှစ်ဖုန့်ထံသို့ တိုက်ရိုက်ထိုးဆင်းလာပြီး ဧရာမမြွေပါးစပ်ကြီးထံမှ နှစ်လိုဖွယ်ကောင်းသော မိန်းကလေးတစ်ယောက်အသံထွက်ပေါ်
လာသည်။
“အမကြီး..ဒုတိယအမနဲ့ တတိယ အမတော်တို့ ပြေးကြတော့ ညီမလေး မထိန်းချုပ်နိုင်တော့ဘူးလို့ ခံစားနေရတယ်”
“စုတ္ထညီမလေး”
နတ်ဆရာက ညီမလေးကို ဆီးလ်ကို ဖြည်ပြီးတော့ အဲ့အစွမ်းတွေကို အခုသုံးလို့မရသေးဘူးလို့ပြောထားတယ်လေ..ညီမလေးပြန်ပြီးတော့ပုံပြောင်းမှရမယ်”
အကြီးဆုံး မြွေလူသား အမျိုးသမီးက စိုးရိမ်တကြီးဖြင့် အော်ပြောလိုက်သည်။
“ဒီစွမ်းအားက”
သူ့ထံသို့ထိုးဆင်းလာနေသော ခရမ်းရောင်မြွေကြီးကိုကြည့်ရင်း ရှစ်ဖုန့်၏ မျက်နှာမှာ လေးနက်လာသည်။
ထိုအရာအားမြင်လိုက်ရသောအခါတွင် လီလျိုရှင်း၏ မျက်လုံးတို့ပြူးကျယ်သွားရပြီး နောက်သို့ လျှင်မြန်စွာပြေးသွားကာ တိုက်ပွဲအတွင်း ရှစ်ဖုန့်ကိုသာ ထားရစ်ခဲ့သည်။ ခရမ်းရောင်မြွေကြီးထံမှ မွန်းကျပ်ပြီး ပြိုင်ဘက်ကင်းသော စွမ်းအားမျိုးကိုသူခံစားရသည်။
“ဟစ်”
ထို့နောက်တွင် ခရမ်းရောင်မြွေကြီးက ၎င်း၏ လျှာကို လှစ်ကနဲ ထုတ်လိုက်သွင်းလိုက်လုပ်နေပြီး လူသားကဲ့သို့သော အမူအယာများက ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။ ၎င်းမှာ တကယ့်မြွေတစ်ကောင်ကဲ့သို့ပင်ဖြစ်သည်။
၎င်း၏ နောက်ရှိကြီးမားသောမြွေမြီးကြီးအား မြွေလူသား အမျိုးသမီး သုံးယောက်ထံသို့ ပြင်းထန်စွာ လွှဲယမ်းလိုက်သည်။
ကြီးမားသော ခရမ်းရောင်မြွေခေါင်းကြီးကိုက ရှစ်ဖုန့်ထံသို့ပြင်းထန်စွာ ရိုက်ချလိုက်၏။ ဤကြမ်းကြုတ်သောမြွေကြီးမှာ အစောပိုင်းက တော်တော်လေးကိုချစ်ဖို့ကောင်းပြီး အပြစ်ကင်းစင်သော အမျိုးသမီးငယ်လေးက ပုံစံပြောင်းလဲထားခြင်းဖြစ်သည်ဟု မည်သူကမျှ ထင်မိလိမ့်မည်မဟုတ်ပေ။
ရှစ်ဖုန့်က သူ၏ ညာခြေဖြင့် သဲပြင်ကိုကန်လိုက်ပြီး ခန္ဓာကိုယ်ကို လျှင်မြန်စွာနောက်ဆုတ်၍ မြွေခေါင်းကြီး၏ ကြမ်းကြုတ်ပြင်းထန်သောသက်ရောက်မှုတို့ကို ရှောင်တိမ်းလိုက်သည်။
“ဝုန်း”
ကြီးမားသော မြွေဦးခေါင်းကြီးက ကန္တာရပြင်ပေါ်ကို ပြင်းထန်စွာရိုက်ချလိုက်ပြီး ပေါက်ကွဲမှုတစ်ခုဖြစ်သွားသကဲ့သို့ ဖြစ်ပေါ်သွားစေသည်။ ရုတ်တရက် လေထုထဲတွင် ဖုန်မှုန့်သဲမှုန့်များဖြင့်ပြည့်နှက်သွားသည်။
ခရမ်းရောင်မြွေမြီးကြီးက လွှဲယမ်းနေဆဲဖြစ်ပြီး မြွေလူသားအမျိုးသမီး သုံးယောက်ကလည်း တိုက်ခိုက်မှုကိုရှောင်တိမ်းရန် အဆက်မပြတ်ဆုတ်ခွာလိုက်ရသည်။
မြွေလူသားအမျိုးသမီးတစ်ယောက်၏ လှပသောမျက်နှာလေးထက်တွင် စိုးရိမ်မှုတို့ရှိနေပြီး သူမကပြောလိုက်သည်။
“အမကြီး ညီမတို့တွေ ဘာလုပ်ကြမလဲ…စတုတ္ထညီမလေးက ဆီးလ်ရဲ့စွမ်းအားတွေကို သုံးလိုက်တဲ့အချိန်ကြရင် စိတ်လွတ်သွားတတ်တယ်”
“အရင်ဆုံးရှောင်တိမ်းရအောင် …စတုတ္ထညီမလေးရဲ့ စွမ်းအင်တွေ ကုန်သွားတဲ့အချိန်ကြရင် ပြန်ပြောင်းသွားလိမ့်မယ် “
လှပသော အကြီးဆုံး မြွေလူသား အမျိုးသမီးက ပြောလိုက်သည်။
“ဒါပေမဲ့ အဲ့ဒီလူက”
မြွေလူသားအမျိုးသမီးက အနက်ရောင်ဝတ်ရုံထဲမှ ရှစ်ဖုန့်ကိုကြည့်ရင်းပြောလိုက်သည်။
“သူက တို့တွေရဲ့ စွမ်းအားအပြည့်တိုက်ခိုက်မှုကို ချိုးဖြတ်နိုင်ပြီးတော့ ငါတို့တွေဟာ သူ့ကို မယှဉ်နိုင်ဘူး ..အဲ့အချိန်ကျလာရင်….”
သူမက ထိုသူတောင်းစား လီလျိုရှင်းအစောပိုင်းက ပြောခဲ့သည်များကို သတိရသွားသည်။
“ဘာတွေပဲဖြစ်နေပါစေ ငါတို့တေွ စတုတ္ထညီမလေးကို နောက်မှာထားခဲ့ပြီးတော့ ထွက်ပြေးလို့မရဘူး”
အကြီးဆုံးမြွေလူသား အမျိုးသမီဖြစ်သူကပြောလိုက်သည်။
“အင်း”
တစ်ခြားမြွေလူသား အမျိုးသမီးနှစ်ယောက်ကလည်း ယတိပြတ်ခေါင်းညိမ့်လိုက်ကြသည်။ ညီမအရင်းအချာစိတ်ဓာတ်က တကယ့်ကို လေးနက်လှသည်။
ရှစ်ဖုန့်မှာ သိပ်မဝေးလှသော သဲထဲရှိ ချွန်မြသော ဦးချိုတစ်ချောင်းနှင့် ခရမ်းရောင်မြွေကြီးကိုကြည့်လိုက်သည်။
သူယခင်ကမြွေလူသားများကိုကြုံတွေ့ဖူးသော်လည်း ၎င်းတို့မှာ မြွေအဖြစ်သို့လုံးလုံးလျားလျားပြောင်းလဲနိုင် ပြီး ထိုသို့ ပြောင်းလဲပြီးသည့်နောက်တွင် ၎င်းတို့၏ခွန်အားက ကြယ်ခြောက်ပွင့်အင်ပါယာနယ်ပယ်သို့ ရောက်ရှိနိုင်သည်ဟူ၍တော့ မကြားခဲ့ဖူးပေ။ အကယ်၍ ဤသဲကန္တာရ အတွင်းရှိ မြွေလူသားအားလုံးတွင်သာ ထိုကဲ့သို့စွမ်းရည်မျိုးရှိနေခဲ့လျှင် မည်မျှတောင် ၎င်းတို့အနေဖြင့် စွမ်းအားကြီးနေမည်နည်း။ အကယ်၍ အင်ပါယာနယ်ပယ်အဆင့်ရှိသော မျိုးနွယ်စုများသာ ယွင်လိုင်အင်ပါယာသို့ကျူးကျော်ဝင်ရောက်လာခဲ့လျှင် မည်သူကမျှ တားဆီးနိုင်စွမ်းရှိလိမ့်မည်မဟုတ်ပေ။
သို့သော် ယင်းက မဖြစ်နိုင်သည်မှာ ထင်ရှားသည်။
ထို့နောက်တွင် သဲများ၊ ဖုန်မှုန့်များကို မွှေ့နှောက်က သူ့ထံသို့လျှင်မြန်စွာ ကူးခတ်လာနေသော ခရမ်းရောင်မြွေကြီးကို ရှစ်ဖုန့်တွေ့လိုက်ရသည်။
“သောက်လခွီးလိုမှပဲ….အဲ့တာကြီးက ငါ့ပစ်မှတ်ထားနေတာပဲဟ..ဘာလို့ အဲ့သူတောင်းစား လီလျိုရှင်းကိုကြ ပစ်မှတ်မထားရတာတုံး”
ရှစ်ဖုန့်က သူ့ဟာသူထက်တွန့်တက်လိုက်ပြီးနောက် အော်ပြောလိုက်သည်။
“ငရဲဝံပုလွေ”
ယခုအချိန်တွင် ကောင်းကင်ကသာ အလုံခြုံးဆုံးနေရာဖြစ်နိုင်လောက်သည်။
“ဝေါင်း”
ငရဲဝံပုလွေက ကျယ်လောင်စွာ ဟိန်းဟောက်ကာ ရှစ်ဖုန့်ထံသို့တစ်ဟုန်ထိုးဦးတည်လာသည်။ သို့သော် ထိုအချိန်တွင် ခရမ်းရောင်မြွေကြီးက ၎င်း၏ အမြီးကို ယိမ်းထိုးလှုပ်ယမ်းလိုက်ပြီး ညကောင်းကင်ယံသို့ သိမ်းကြုံးရိုက်လိုက်သည်။ ရှစ်ဖုန့်နားသို့ရောက်ခါနီးဖြစ်သောငရဲဝံပုလွေမှာ ခရမ်းရောင်မြွေမြီးကြီးကြောင့် အဝေးသို့လွင့်ထွက်သွားခဲ့သည်။
“အာဝူး..”
၎င်းကနောက်သို့လွင့်ထွက်သွားရင်း နာကျင်စွာ ဟစ်အော်သောအသံက ပဲ့တင်ထွက်ပေါ်လာသည်။
ဆက်ရန်….
ဘာသာပြန်သူ-ARISE