အတော်ထိုးလို့ကောင်းတဲ့လက်သီးထိုးအိတ်
Vol. 12 Ch. 162
အခန်း (၁၆၂) အတော်ထိုးလို့ကောင်းတဲ့လက်သီးထိုးအိတ်
ရန်ကျောက်ကဲက လျိုရှန်းဖုန်း၏ခါးကို တံတောင်ဖြင့် ထောင်းချလိုက်သည်။
ကြီးမားသည့်ဖိအားကြီးက လျိုရှန်းဖုန်း၏နတ်တောင်ခန္ဓာကို ချိုးဖျက်နိုင်ခြင်းမရှိသော်လည်း သူ့ခန္ဓာကိုယ်ကို အနည်းငယ်ကွေးသွားစေသည်။
ရန်ကျောက်ကဲက ရပ်တန့်မနေဘဲ နောက်တစ်ချက် ထပ်မံထိုးနှက်လိုက်သည်။
ရန်ကျောက်ကဲ၏ စွမ်းအင်ဗဟိုချက်ချီပင်လယ်အတွင်းမှ ပရမ်းပတာချီစွမ်းအားများက တုန်လှုပ်သွားပြီး ခန္ဓာကိုယ်အတွင်းသို့ ရေခဲနှင့်မီးကြယ်တာရာချီစွမ်းအားများ ထုတ်လွှတ်ပေးလိုက်သည်။ ရန်ကျောက်ကဲ၏ ခန္ဓာကိုယ်တစ်ခုလုံး မီးတောက်အလား ပူလောင်လာသည်။
သူက လေမီးကပ်ဘေးသိုင်းပညာကို မျောက်ဝံမိစ္ဆာလက်သီးသိုင်းနှင့် ပေါင်းစပ်ထုတ်ဖော်လိုက်ရာ များပြားလှစွာသော မီးနဂါးများ ကောင်းကင်ထက်သို့ ပျံသန်းသွားပြီး လက်သီးချက်က လျိုရှန်းဖုန်း၏ ဦးခေါင်းတည့်တည့်သို့ ဝင်ရောက်သွား၏။
သူ၏ ကိုယ်နေဟန်ထား မပြောင်းလဲခင် လျိုရှန်းဖုန်း၏မျက်နှာက တည်ငြိမ်နေပြီး သူ့မျက်နှာထက်မှ အနက်ရောင်အလင်းတန်းများ ပေါက်ကွဲထွက်လာသည်။
ရှန်ထျန်းနှောင်းပိုင်းအဆင့် သိုင်းပညာရှင်တစ်ယောက်နေဖြင့် သူ့ခန္ဓာကိုယ်တစ်ခုလုံးမှ ကြယ်တာရာချီစွမ်းအားများသာမက ပုံရိပ်ယောင်မိုးမြေမှ ကြယ်တာရွာချီစွမ်းအားများကိုပါ သူဆန္ဓရှိသလို စီးဆင်းလှုပ်ရှားစေနိုင်သည်။
ခံစစ်က မြင့်မားသောတောင်တန်းကြီးများအလားဖြစ်ပြီး တိုက်စစ်ကတော့ တုန်လှုပ်ဖွယ်ရာမိုးကြိုးအလား ထင်မှတ်ရသည်။
ထိုအတွေးက သူ့ခေါင်းထဲဖျတ်ခနဲလင်းလက်သွားချိန် သူ့ခန္ဓာကိုယ်တစ်ခုလုံးမှစွမ်းအားများ ချိတ်ဆက်သွားသည်။
ရန်ကျောက်ကဲ၏ လက်သီးချက်က အလွန်အမင်း ပြင်းထန်သည်။ လျိုရှန်းဖုန်းမှာ ထိတ်လန့်တုန်လှုပ်သွားပြီး သူ့ခေါင်းတစ်ခုလုံးပေါက်ထွက်သွားသည့်မြင်ကွင်းကို တွေ့မြင်ရသကဲ့သို့ ခံစားလိုက်ရ၏။
သူ၏ နတ်တောင်ခန္ဓာစွမ်းအားကို တတ်နိုင်သမျှ အမြင့်ဆုံးအဆင့် မြှင့်တင်လိုက်ပြီး ရန်ကျောက်ကဲလက်သီးချက်ကိုခုခံကာ သူ၏ဦးခေါင်းကို ကာကွယ်ရန် အာရုံစိုက်လိုက်သည်။
သို့သော် လေထုထဲတွင် တောင်မြင့်ကြီးတစ်ခုကိုပင် ပြားပြားဝပ်သွားသည့် ကြီးမားသောလှိုင်းလုံးကြီးတစ်ခု ထွက်ပေါ်လာသည်။
ရန်ကျောက်ကဲ၏ လက်သီးချက်ကြောင့် လျိုရှန်းဖုန်း၏ ကြီးမားသောခန္ဓာကိုယ်ကြီးမှာ နောက်သို့ လွင့်စင်ထွက်သွားပြီး မိုးပေါ်မြောက်တက်သွားကာ မြေပြင်ထက်သို့ အရှိန်ပြင်းပြင်းဖြင့် ပြန်ပြုတ်ကျလာသည်။
အရှိန်အဟုန် ပြင်းထန်လွန်းလေရာ မီတာပေါင်းရာနှင့်ချီသော ပတ်ဝန်းကျင်မြေပြင်တစ်ခုလုံး အစိတ်အစိတ်အမွှာမွှာကွဲအက်သွားပြီး ကြီးမားသောမီးတောင်ထိပ်ဝကြီးပမာ ချိုင့်ဝင်သွားကာ ထောင်နှင့်သောင်းနှင့်ချီသည့် ဝါးပင်များ အမှု့န်ဖြစ်သွားကြသည်။
လျိုရှန်းဖုန်းက ဒေါသတကြီးဖြင့် ပြင်းထန်စွာအော်ဟစ်လိုက်ပြီး သူ့ခန္ဓာကိုယ်ကို နောက်သို့လှန်ချကာ ပြန်ထရန် ကြိုးစားသည်။
“နတ်တောင်ခန္ဓာတဲ့လား ၊ ဘယ်လောက်ခံနိုင်ရည်ရှိလဲ စမ်းကြည့်ရအောင်”
စကားသံနှင့်အတူ ရန်ကျောက်ကဲက သူ့အနားသို့ လှစ်ခနဲ ရောက်ရှိလာသည်။ လျိုရှန်းဖုန်း ပြန်ထလာရန် အခွင့်အရေးမပေးဘဲ ခြေထောက်တစ်ဖက်ကို လက်ဖြင့်ဖမ်းဆွဲလိုက်၏။
လျိုရှန်းဖုန်းက သူ၏ အခြားခြေထောက်တစ်ဖက်ကို အသုံးပြုပြီး အဝေးသို့သွားရောက်ရန် ရုန်းကန်ရင်း ထိတ်လန့်တခြားဖြင့် ဘေးတိုက်ရွေ့လျားလိုက်သည်။
တစ်ချိန်တည်းပင် သူ၏ခန္ဓာကိုယ်မှ အဝါရောင်နှင့်အနီရောင်ပေါင်းစပ်ထားသည့် အလင်းတန်းတစ်ခု တောက်ပသွားပြီး ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးလွှမ်းသွားကာ သံချပ်ကာတစ်ခု ဖြစ်တည်လာသည်။ ထိုသံချပ်ကာအင်္ကျီက အဆင့်နိမ့်မှော်ဝင်ပစ္စည်းတစ်ခု ဖြစ်၏။
ရန်ကျောက်ကဲ၏လက်ထဲတွင် အစိမ်းရောင်အလင်းတန်းတစ်ခု တောက်ပသွားပြီး ကျောက်စိမ်းနဂါးဓားကို လျိုကျန်းဖုန်း၏ သံချပ်ကာထဲသို့ ထိုးစိုက်ချလိုက်သည်။
ကျောက်စိမ်းနဂါးဓားကို လွှတ်လိုက်ပြီးနောက် ရန်ကျောက်ကဲက ခရမ်းရွှေရောင်မိုးကြိုးဓားကိုထုတ်ယူကာ သံချပ်ကာအတွင်းသို့ ထိုးစိုက်လိုက်ပြန်သည်။
လျိုရှန်းဖုန်းက မျက်လုံးများကျဉ်းမြောင်းကာ ရန်ကျောက်ကဲကို ကြည့်လိုက်ချိန် သူက ပျံသန်းမိုးကြိုးတစ်ဖက်သွားဓားကို ထုတ်ယူကာ ထိုးစိုက်ချလိုက်ပြန်သည်။
ရန်ကျောက်ကဲက လက်ထဲရှိသမျှ မှော်ဝင်ဓားအားလုံးကို အသုံးပြုပြီး လျိုရှန်းဖုန်း၏ သံချပ်ကာအင်္ကျီအတွင်းထိုးစိုက်လိုက်ရာ ထိုသံချပ်ကာမှာ ခံနိုင်ရည် မရှိတော့ပေ။
“စိတ်ပျက်မသွားနဲ့... ၊ ငါ ဒီလိုပုံစံနဲ့တိုက်ခိုက်တယ်ဆိုတာ ခပ်ရှားရှားပဲ”
ရန်ကျောက်ကဲ ပြုံးလိုက်သည်။ သူ့အပြုံးက လျိုရှန်းဖုန်း စောစောကပြုံးသည့်အပြုံးထက်ပိုပြီး သွေးဆာလျှက် ရှိသည်။
“ထစမ်း...”
လက်တစ်ဖက်က လျိုရှန်းဖုန်း၏ ခြေကျင်းဝတ်ကိုဆုပ်ကိုင်ထားရင်း ကျန်လက်တစ်ဖက်က လက်မောင်းတစ်ဖက်ကို ဆွဲမကာ လျိုရှန်းဖုန်းခန္ဓာကိုယ်ကို တည့်မတ်စေလိုက်သည်။
ထို့နောက် ရန်ကျောက်ကဲက လျိုရှန်းဖုန်း၏ ကြီးမားလှသောခန္ဓာကိုယ်ကြီးကို လေပေါ်သို့မြှောက်လိုက်၏။
“ဘာလို့လဲဆိုတော့... တခြားသူတွေက ငါနဲ့ရင်ဆိုင်တဲ့အခါ မင်းလောက်မတိုက်ခိုက်နိုင်လို့ပဲ”
ရန်ကျောက်ကဲအသံက ဒေါသထွက်နေသည့် နဂါးတစ်ကောင်ပမာဖြစ်သည်။ ခဏနားလိုက်ပြီး သူက လျိုရှန်းဖုန်းကို မြေပြင်ထက်သို့ ကိုင်ပေါက်လိုက်သည်။
လျိုရှန်းဖုန်း မြေပြင်ထက်ကျသွားသည်နှင့် တောင်စောင်းတစ်ခုထက်မှ ဧရာမကျောက်တုံးကြီးတစ်တုံးပြုတ်ကျသည့်အလား သံတုံးချင်းရိုက်ခတ်သံများ ထွက်ပေါ်လာသည်။
အစကတည်းက မီးတောင်ပေါက်ဝကြီးပမာဖြစ်နေသော မြေပြင်သည် အတွင်းပိုင်းသို့ ဆက်လက်ပြိုကျသွားပြီး ပတ်ဝန်းကျင်မြေပြင်တစ်ခုလုံး အဆက်မပြတ် အက်ကွဲကြောင်းများ ဖြစ်ပေါ်လာသည်။
သူတို့ရောက်ရှိနေသည့် ကျွန်းငယ်လေးသည်ပင် တသိမ့်သိမ့်တုန်လှုပ်လျှက် ရှိ၏။
ရန်ကျောက်ကဲက ရပ်တန့်မနေဘဲ လျိုရှန်းဖုန်း၏ ဝမ်းဗိုက်ကို ဆက်တိုက် ကန်ကျောက်ပစ်လိုက်သည်။
မြေပြင်ထက်ကိုင်ပေါက်ခံလိုက်ရပြီး ကုန်းရုန်းထရန်ကြိုးစားနေသည့် လျိုရှန်းဖုန်းမှာ ခြေကန်ချက်ကြောင့် ဘေးဘက်သို့ လိမ့်ထွက်သွားသည်။
လေထုထဲတွင် ဆူညံသံများပဲ့တင်ထပ်သွားပြီး လျိုရှန်းဖုန်း၏ ခန္ဓာကိုယ်ကို ဖုံးလွှမ်းထားသည့် အနက်ရောင်အလင်းတန်းများ ပျောက်ကွယ်သွားသည်။
“ဝေါ့...”
လျိုရှန်းဖုန်း၏မျက်နှာက နှင်းကဲ့သို့ ဖြူဖျော့နေပြီး အထိန်းအကွပ်မဲ့စွာ သွေးများအန်ထုတ်လိုက်၏။
သူ၏ နတ်တောင်ခန္ဓာသိုင်းပညာမှာ ရန်ကျောက်ကဲ၏ တိုက်ခိုက်မှုကြောင့် ပျက်စီးသွားပြီ ဖြစ်သည်။
ရန်ကျောက်ကဲက ခေါင်းတစ်ချက်စောင်းလိုက်ပြီး လျိုရှန်းဖုန်း၏လက်ကောက်ဝတ်ကို ဆွဲခါကာ လက်သီးဖြင့် နောက်တစ်ချက် ထိုးနှက်လိုက်သည်။
“မင်းက အတော်ထိုးလို့ကောင်းတဲ့ လက်သီးထိုးအိတ်ပဲ ၊ ဒီလို ပျော်ရွှင်ရတဲ့ခံစားချက်မျိုးပေးတဲ့အတွက် မင်းကို ကျေးဇူးတင်ပါတယ်ကွာ”
လျိုရှန်းဖုန်းက လည်ချောင်းဝသို့တက်လာသည့် သွေးများကို ကြိတ်မှိတ်မျိုချလိုက်သည်။
“ငါ့ရဲ့ နတ်တောင်ခန္ဓာနဲ့ မဟာအန္တရယ်လက်ဝါးသိုင်း အပြည့်အဝ မပေါင်းစပ်နိုင်သေးလို့ပေါ့ကွာ ၊ မဟုတ်လို့ကတော့ မင်း ငါ့ရဲ့ခံစစ်ကို ချိုးဖျက်နိုင်မှာ မဟုတ်ဘူး”
ထိုစကားကြားတော့ ရန်ကျောက်ကဲက အေးစက်စွာရယ်မောလိုက်သည်။
“ဘာလဲ... မင်းဟာမင်း သိုင်းစွမ်းမလုံလောက်တာကို ငါ့ကိုအပြစ်လာတင်နေတာလား”
ပြောရင်း ယန်ကျောက်ကဲက သူ့လက်ဆစ်များကို တစ်ဖျောက်ဖျောက် ချိုးလိုက်သည်။
“စောစောက ပြောတာ ဘာတဲ့... ၊ မင်း ငါ့ကို သတ်ချင်နေတယ်ဆိုလား”
သူက လမ်းလျှောက်လာရင်း လျိုရှန်းဖုန်းရှေ့သို့ ရောက်ရှိလာသည်။
လျိုရှန်းဖုန်းက ရန်ကျောက်ကဲကိုကြည့်ပြီး ဒေါသတကြီးဖြင့် ကျယ်လောင်စွာ အော်ဟစ်လိုက်ရင်း လက်သီးဖြင့် ထိုးစိုက်ချလိုက်သည်။
ရန်ကျောက်ကဲ ခန္ဓာကိုယ်မှ သိုင်းစွမ်းအား အထွတ်ထိပ်အဆင့်သို့ ရောက်ရှိသွားပြီး လျိုရှန်းဖုန်း၏ သံမဏိပမာ မာကျောသည့်လက်သီးချက်ကို ရှောင်တိမ်းကာ ခြေထောက်ဖြင့် ကန်ထုတ်လိုက်သည်။
နဂါးဟိန်းသံနှင့် ကျားဟိန်းသံများ လေထဲတွင် ဆက်တိုက်ထွက်ပေါ်လာ၏။
ရန်ကျောက်ကဲ၏ ခြေကန်ချက်ထွက်ပေါ်လာသည်နှင့် ကျယ်လောင်သည့်ပေါက်ကွဲသံများ ပဲ့တင်ထပ်ထွက်ပေါ်လာသည်။ ကောင်းကင်မိုးကြိုးအမျက်ဒေါသပမာ ကြီးမားရှေးကျသောနတ်ဘုရားစွမ်းအားများကမ္ဘာမြေပေါ်သို့ ဆင်းသက်လာသည့်အလား ထင်မှတ်ရသည်။
လျိုရှန်းဖုန်း မျက်နှာပျက်သွားပြီး ချက်ချင်းပင် ကိုယ်နေဟန်ကို ပြောင်းလဲလိုက်သည်။ ထို့နောက် ကြယ်တာရာချီစွမ်းအားများကို စုစည်းလိုက်ပြီး အတားအဆီးတစ်ခု ဖန်ဆင်းလိုက်၏။
အဆုံးမဲ့တောင်တန်း၏ ကိုယ်ပိုင်သိုင်းပညာဖြစ်သော မဟာအန္တရယ်လက်ဝါးသိုင်း ဖြစ်သည်။
သို့ပေသိ လျိုရှန်းဖုန်းမှာ အပြင်ပန်းတွင် သန်မာသယောင်ထင်မှတ်ရသည့်တိုင် အတွင်းအားများလျော့နည်းနေပြီ ဖြစ်လေရာ လက်ဝါးသိုင်းကို အပြည့်အဝ ထုတ်ဖော်နိုင်ခြင်း မရှိတော့ပေ။
ရန်ကျောက်ကဲက အမူအရာမပြောင်းလဲဘဲ လျိုရှန်းဖုန်း၏ ဒူးခေါင်းကို ပြင်းပြင်းထန်ထန် ကန်ပစ်လိုက်သည်။
တစ်ချိန်တည်းမှာပင် သံမဏိပမာ မာကျောသည့် လက်သီးချက်တစ်ချက်ဖြင့် ထိုးစိုက်ချလိုက်ရာ မိုးမြေတစ်ခွင် မိုးခြိမ်းသံများ ကျယ်လောင်ပေါက်ကွဲ ထွက်လာသည်။
ရန်ကျောက်ကဲက ဆန့်ကျင်ဘက်စွမ်းအားနှစ်ခုကို အထက်အောက်ချိတ်ဆက်ပြီးအသုံးပြုခြင်းဖြစ်ရာ လျိုရှန်းဖုန်း ဒဏ်ရာအပြင်းအထန် ရသွားသည်။ ရန်ကျောက်ကဲ၏ တိုက်ခိုက်မှုကို မဟာအန္တရယ်လက်ဝါးသိုင်းဖြင့်ပင် တောင့်ခံမထားနိုင်တော့ပေ။
လက်သီးချက်ထိမှန်ခံလိုက်ရသည်နှင့် သူ့ခန္ဓာကိုယ်တစ်ခုလုံး တွန့်လိမ်သွားပြီး အရှိန်မထိန်းနိုင်တော့ဘဲ မြေပြင်ထက် လဲကျသွားသည်။
ရန်ကျောက်ကဲ၏ ပြင်းထန်သော တိုက်ခိုက်မှုများကို ဆက်တိုက်ခံရပြီးနောက် လျိုရှန်းဖုန်းမှာ ခံနိုင်ရည်အားများ ကုန်ဆုံးသွားပြီ ဖြစ်၏။ မြေပြင်ပေါ်လဲကျနေရာမှ ကုန်းရုန်းထရန် ကြိုးစားသော်လည်း မထနိုင်တော့ဘဲ ပါးစပ်ထဲမှ သွေးများအန်ကျလာသည်။ မည်သည့်နည်းနှင့်မှ ပြန်လည်ရပ်တည်ရန် မတတ်နိုင်တော့ပေ။
ဧရာမပန်ဒါကြီးက ပါးစပ်ကိုဟလိုက်ပြီး အော်သံတစ်သံ ကြိမ်ဖန်များစွာ ပြုလုပ်လိုက်သည်။ သူ့အသံက တိုးလျသော်လည်း ပျော်ရွှင်မှုကို ဖုံးကွယ်ထားနိုင်ခြင်း မရှိပေ။
ပန်ဒါကြီးက ရန်ကျောက်ကဲကို အားပေးနေသည့်အလား ဖြစ်သည်။
ဘေးနားသို့ ကျန်းယောင်တွဲခေါ်ထားသည့် လူရွယ်သိုင်းသမားမှာလည်း တိုက်ပွဲအရှိန်အဟုန်ကြောင့် သတိပြန်ရလာခဲ့သည်။ သူက မြင်ကွင်းကိုတေါ့သည့်အခါ ပျော်ရွှင်စွာ ရယ်မောလိုက်သည်။ ဒဏ်ရာပြင်းထန်လွန်းသောကြောင့် စကားမပြောနိုင်သည့်တိုင် အလွန်အမင်းစိတ်လှုပ်ရှားနေသည်မှာ ထင်ရှားသည်။
ကျန်းယောင်ကတော့ ပြူးကျယ်ဝိုင်းစက်သည့် မျက်ဝန်းများဖြင့် တိုက်ပွဲကိုကြည့်နေပြီး စကားမပြောနိုင် ဖြစ်နေသည်။
“သူက ရှန်ထျန်းကနဦးအဆင့် ကျိဟန်ရူကို အပြင်ပိုင်းကြယ်တာရာချီ နှောင်းပိုင်းအဆင့်နဲ့ အနိုင်ယူခဲ့တယ်ဆိုတာကို မအံ့သြတော့ပါဘူး”
ကျန်းယောင် တွေးလိုက်သည်။
သူမက တိုက်ပွဲအတွေ့အကြုံနည်းပါးသော်လည်း လှိုင်းနက်ဂေဟာ၏ ပင်မတိုက်ရိုက်တပည့်တစ်ယောက် ဖြစ်လေရာ ခံယူချက်နှင့် အသိပညာ အားနည်းခြင်း မရှိပေ။
အဆုံးမဲ့တောင်တန်း၏ နတ်တောင်ခန္ဓာနှင့် မဟာအန္တရယ်လက်ဝါးသိုင်းကို တတ်မြောက်ထားသည့် ပါရမီရှင်တစ်ယောက်ကို ချိုးဖျက်နိုင်သည်ဆိုခြင်းမှာ အရင်က တစ်ခါမှမဖြစ်ဖူးသော ကိစ္စမဟုတ်သလို ထူးခြားသည်လည်း မဆိုနိုင်ပေ။
လျိုရှန်းဖုန်း နောက်ပိုင်းတွင်ထုတ်ဖော်အသုံးပြုသည့် မဟာအန္တရယ်လက်ဝါးသိုင်းကို ရန်ကျောက်ကဲက ဆောင်းဦးရွက်ကြွေများကို ဖယ်ရှားသလို အနိုင်ယူလိုက်သည်မှာလည်း လက်ခံရန် မခက်ခဲပေ။ အဘယ်ကြောင့်ဆိုသော် ထိုလက်ဝါးသိုင်းထုတ်ဖော်အသုံးပြုချိန်တွင် လျိုရှန်းဖုန်း ဒဏ်ရာရထားပြီ ဖြစ်သောကြောင့်ပင်။
သို့သော် ရှန်ထျန်းကနဦးအဆင့် သိုင်းပညာရှင် ရန်ကျောက်ကဲက ရှန်ထျန်းနှောင်းပိုင်းအဆင့်ရှိသော လျိုရှန်းဖုန်း၏ နတ်တောင်ခန္ဓာသိုင်းပညာကို ချိုးဖျက်လိုက်နိုင်ခြင်းက လောကကြီးတစ်ခုလုံး သေချာပေါက် တုန်လှုပ်သွားစေမည် ဖြစ်သည်။
ရှန်ထျန်း နှောင်းပိုင်းအဆင့် သိုင်းပညာရှင် လျိုရှန်းဖုန်းသည် ရန်ကျောက်ကဲလက်တွင် ရှုံးနိမ့်ခဲ့သည်။
ကျန်းယောင်သိသလောက် သူမ၏ ဂိုဏ်းတူအစ်မ ရှဲ့ယိုချန်သည်ပင် လျိုရှန်ဖုန်းနှင့် ထိပ်တိုက်ရင်ဆိုင်ရပါက သရေကျရန် ဖြစ်နိုင်ခြေများသည်။
အဓိပ္ပါယ်ကတော့ ရန်ကျောက်ကဲသည် ရှန်ထျန်းကနဦးအဆင့်ပင်ရှိလင့်ကစား ရှဲ့ယိုချန်ထက်ပင် စွမ်းအားမြင့်မားသည်ဆိုသည့်အချက်ပင်။
“အံ့သြစရာပဲ...”
မျက်နှာဝိုင်းလေးဖြင့် မိန်းမပျိုသည် သတိလက်လွတ်ဖြင့် ခပ်တိုးတိုးရေရွတ်မိလေတော့၏။