စွမ်းအားမဲ့ ထန်မိသားစု
Vol. 41 Ch. 562
ပေကျင်း … ထန်မိသားစု၏ဘိုးဘွားစံအိမ်…
ထန်ကောရှန့်သည် သူနှင့် မျက်နှာချင်းဆိုင်တွင် ထိုင်နေသည့် သန်မာပြီး စိတ်ဓာတ်ကြံ့ခိုင်သော မီးခိုးရောင်ဝတ်စုံနှင့်အဘိုးအိုကို မှုန်မှိုင်းသောအမူအရာဖြင့် ကြည့်နေသည်။ ထန်ကောရှန့်၏ဘဝတစ်လျှောက်လုံးသည် စစ်မှုထမ်းတစ်ဦးဖြစ်ပြီး မရေမတွက်နိုင်လောက်အောင် ပြင်းထန်သည့် မုန်တိုင်းများကို ဖြတ်သန်းခဲ့ဖူးသည်။ သူ ကြောက်ရွံ့ရသောလူသည် လူနည်းစုသာ ရှိပြီး သူ့အရှေ့တွင် ထိုင်နေသောလူလည်း အပါအဝင် ဖြစ်ပေသည်။
"ငါ အကြောင်းပြချက် တစ်ခုလောက် သိချင်တယ် သုံပေဟူ။"
အချိန်အတန်ကြာသည်ထိ တိတ်ဆိတ်နေပြီးမှ နောက်ဆုံးတွင် ထန်ကောရှန့်သည် ခက်ခက်ခဲခဲ စကားဆိုလိုက်ရသည်။
“တစ်ခြားတစ်ယောက်သာ ဒီလို မေးရဲရင် သူရော သူ့မိသားစုတစ်ခုလုံးပါ လူသေဖြစ်ပြီး အရှင်း ပျောက်ကွယ်သွားလိမ့်မယ်။” သုံပေဟူသည် အေးဆေးတည်ငြိမ်သော အမူအရာဖြင့် ခံစားချက်မဲ့စွာ ပြောလိုက်သည်။
"ဒါပေမယ့် ထန်ကောရှန့် … မင်းက ငါနဲ့ ဆက်ဆံရေးတချို့ရှိသလို အရင်တုန်းက မင်းရဲ့အောင်မြင်မှုတွေကိုလည်း ငါ လေးစားတယ်။ ဒါကြောင့် မင်းကို ငါ အကြောင်းပြချက် ပေးမယ်။ ယောင်မိသားစုကို ငါ ကျေးဇူးကြွေး တင်နေတယ်။ ယောင်ချင်းဇွင်က အဲ့ဒါကို ကိုင်ထားပြီး အခု အသုံးပြုလာတယ်။ မင်းမိသားစုဆီ ငါ လာရတဲ့ အကြောင်းရင်းက သူတို့ကို အဲ့ဒီကျေးဇူးကြွေး ပြန်ဆပ်ပေးဖို့ပဲ။”
လက်သီးများကို တင်းတင်းဆုပ်ထားသော ထန်ကောရှန့်၏မျက်လုံးများထဲတွင် ဒေါသရိပ်များ ရှိနေပေသည်။ ထန်ကောရှန့် အချိန်အတန်ကြာသည်ထိ ငြိမ်သက်နေပြီးမှ ဖြည်းညင်းစွာ ပြောခဲ့သည်။
“ငါ့ကို တစ်ပတ်လောက် အချိန်ပေးပါ။ ခုနစ်ရက်ကြာရင် ငါ့ဆုံးဖြတ်ချက်ကို ပြောပေးမယ်။"
“စွန့်လွှတ်ရင် မင်း အသက်ရှင်မယ်။ ဆက်နေရင် မင်း သေလိမ့်မယ်။" အာမာကျားက ခေါင်းညိတ်ပြီး “ငါ ပြောစရာရှိတာတွေ ပြောပြီးပြီ။ ကျန်တာအားလုံးက မင်း ဆုံးဖြတ်ရမယ့်အရာပဲ။ မင်းက ထိုက်တန်တဲ့ ဘဝတစ်ခု ရထားပြီး သေဖို့ ခြေတစ်လှမ်းလောက်ပဲ လိုတော့တဲ့ သာမန်လူတစ်ယောက်ဆိုပေမယ့်ကွာ… မင်းရဲ့ မျိုးနွယ်စုအတွက် စဉ်းစားပေါ့။ အသက်ရှင်တာထက် အဖိုးတန်တဲ့အရာ မရှိပါဘူး။"
ထိုစကားကို ပြောပြီးနောက် သူသည် ဖြည်းဖြည်းချင်း ထရပ်လိုက်ပြီး ခြေဖဝါးကို ရွှေ့လိုက်သည်နှင့် အခန်းတွင်းမှ ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။
ထန်ကောရှန့်၏တောင့်တင်းနေသော ခန္ဓာကိုယ်သည် သုံပေဟူ ပျောက်ကွယ်သွားချိန်တွင် ချက်ချင်းပင် ပြေလျော့သွားခဲ့သည်။ သူ၏နောက်ကျောတွင် ချွေးများ စိုရွှဲနေပြီး မောဟိုက်နွမ်းနယ်နေသလို ခံစားခဲ့ရသည်။ ထန်ရှု၏ကုသပေးမှုကြောင့် သူ၏ကျန်းမာရေး ပြန်ကောင်းလာလို့သာ … မဟုတ်ရင် သည်နေ့ သည်လူကြောင့် သူ အသက်ထွက်သွားနိုင်ပေသည်။
…ထပ်…ထပ်...ထပ်…
တံခါးဆီသို့ ချဉ်းကပ်လာသော ခြေသံများ ကြားရပြီး ထန်ကောရှို့၊ ထန်ယွင်ဖန်းနှင့် ထန်မင်းတို့သည် အထဲသို့ ပြေးဝင်လာကြသည်။ ဖြူဖျော့ကာ ချွေးများဖြင့် အေးစက်နေသော ထန်ကောရှန့်ကို တွေ့သောအခါ ထန်ယွင်ဖန်းက ကမန်းကတန်း မေးလိုက်သည်၊
"အာမာကျားက ဘာတဲ့လဲ အဖေ။ သူ စိတ်ပြောင်းသွားပြီလား။"
"ဟင့်အင်း … သူ စိတ်မပြောင်းဘူး။" ထန်ကောရှန့်က ခါးခါးသီးသီး ခေါင်းယမ်းသည်။
“ငါ သူ့ကို ခုနစ်ရက်လောက် အချိန်ပေးဖို့ တောင်းထားတယ်။ ပြီးမှ သူ့ကို အဖြေပေးမယ်။”
ထန်ကောရှို့က နံရံကို လက်သီးဖြင့် ထိုးလိုက်ပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။
"ကျင့်ကြံသူတစ်ယောက်က သာမန်လူတွေကိစ္စမှာ ပါဝင်ပြီး ငါတို့လို မိသားစုကြီးကို ဒုက္ခပေးဖို့တောင် လုပ်ရဲနေတယ်ပေါ့။ အဲ့ဒီအဘိုးကြီးယောင် ရူးသွားပြီလား။ တကယ်လို့သာ သုံပေဟူကို အသုံးပြုတဲ့ကိစ္စ ပေါ်သွားရင် နိုင်ငံတွင်းက မိသားစုကြီးတွေအားလုံး ဒေါသတကြီးနဲ့ သူ့မိသားစုကို သတိထားလာကြမှာပဲ။ တိတ်တဆိတ် စည်းလုံးပြီး သူတို့ကို ဖယ်ထုတ်ဖို့ အခွင့်အရေးတောင် ရှာကြလိမ့်မယ်။”
"သူတို့တွေ သတ္တိရော ရှိမှာလား။" ထန်ကောရှန့်က တုံ့ဆိုင်းစွာဖြင့် ပြောသည်။
ထန်ကောရှို့ အသက်ရှု ရပ်သွားပြီး သူ၏မျက်နှာပေါ်တွင် အခံရခက်နေသည့် အကြည့်တစ်ခု ပေါ်လာသည်။
…ဒါ အမှန်ပဲ။ သူတို့မှာ ဒီလိုလုပ်ဖို့ သတ္တိရောရှိမှာလား…
တရုတ်နိုင်ငံရှိ ထိပ်တန်းပုဂ္ဂိုလ်ကြီးများနှင့် မိသားစုကြီးများသည် အာမာကျား သုံပေဟူ မည်သူ ဖြစ်သည်ကို ကောင်းစွာ သိကြသည်။ နှစ်များစွာ ကြာခဲ့ပြီ … မည်သူက သူ့အား ပြစ်မှားဝံ့ပါသနည်း။ နောက်ပိုင်းတွင် အာဏာရလာခဲ့သည့် အင်အားအရှိဆုံး အင်အားစုတွေတောင်မှ အရှေ့မြောက်ပိုင်းဒေသကို အလည်အပတ်သွားခဲ့ကြသည်မဟုတ်တုံလော။
"အဖေ … ကျွန်တော် ရှုအာနဲ့ အဆက်အသွယ် မရသေးဘူး။" ထိုအချိန်တွင် ထန်ယွင်သဲ့သည် အခန်းတွင်း ပြေးဝင်လာပြီး စိုးရိမ်ပူပန်နေသော မျက်နှာဖြင့် ပြောလိုက်သည်။
"မင်း သူနဲ့ အဆက်အသွယ် မရရင်လည်း သူ့ကို မဆက်သွယ်ပါနဲ့တော့။" ထန်ကောရှန့်က လက်ကို ဝှေ့ယမ်းလိုက်သည်။
"ရှုအာက အရမ်းတော်တယ်၊ ထူးချွန်တယ်၊ အစွမ်းထက်တယ်ဆိုပေမယ့် သူက ငယ်သေးတယ်လေ။ ထားလိုက်ပါ။ အခု မိသားစုရဲ့ပင်မအဖွဲ့ဝင်တိုင်းကို ဖုန်းဆက်ပြီး နောက်နှစ်ရက်အကြာတွင် မိသားစုတွေ့ဆုံပွဲတစ်ခု ပြုလုပ်မယ်လို့ အကြောင်းကြားပါ။ အာမာကျားက ငါတို့ကို တရုတ်ပြည်ကနေ နိုင်ငံခြားကို ထွက်သွားစေချင်၊ အဲ့ဒီမှာ ခေါင်းချစေချင်တယ်။ လူတိုင်းကိုမေးပါ - ငါတို့ လိုက်နာမှာလား မလိုက်နာဘူးလား။"
အခြားလေးယောက်က တစ်ယောက်နှင့် တစ်ယောက် မယုံကြည်နိုင်ဟန်အကြည့်ချင်း ဖလှယ်ကြပြီး စိတ်ဓာတ်ကျနေသော အမူအရာများ ဖြစ်နေကြသည်။
****
ကျင်းမန်ကျွန်း…
ရိုးရှင်းသော ဝတ်စုံကို ဝတ်ဆင်ထားသော ထန်ယွင်ချင်းသည် သက်တော်စောင့်နှစ်ဦးနှင့်အတူ ထာဝရခန်းမသို့ ရောက်လာသည်။ သီးသန့်အခန်းတစ်ခန်းကို မှာယူပြီးနောက် ထန်ယွင်ချင်းက သူ့အနောက်က လိုက်လာသော ဧည့်ကြိုအား စကားစလိုက်သည်။
"ထာဝရခန်းမရဲ့သူဌေးကို ငါ တွေ့ချင်ပါတယ်။ သူ့ကို အကြောင်းကြားပေးဖို့ ငါ မင်းကို အကူအညီတောင်းရတော့မှာပဲ။"
ဧည့်ကြိုမိန်းမလှလေးသည် တောင်းပန်သည့် အမူအရာဖြင့် ပြန်ပြောလာသည်။
“တောင်းပန်ပါတယ်လူကြီးမင်း။ ကျွန်မတို့ရဲ့သူဌေးကို တိုက်ရိုက် ဆက်သွယ်ခွင့် မရှိလို့ပါ။ လူကြီးမင်း ပြောစရာရှိရင် မန်နေဂျာကို ပြောပြလို့ရပါတယ်ရှင့်။”
"ဒါဆို ပေကျင်းမြို့ ထန်မိသားစုထဲက တစ်ယောက် ဒီမှာ ရှိနေတယ်လို့ သူ့ကို ပြောပေးပါ။" ထန်ယွင်ချင်းက ခေါင်းညိတ်ကာ မှာလိုက်သည်။
ဧည့်ကြိုမိန်းကလေးက ခေါင်းညိတ်ပြီး
“ခဏလောက် စောင့်ပေးပါရှင်။ ကျွန်မ အရင်ထွက်သွားလိုက်ပါမယ်။"
မိနစ်အနည်းငယ်ကြာပြီးနောက်…
ဂူရှောင်ရွှဲ့သည် ပင်လယ်ကမ်းခြေတွင် တစ်ယောက်တည်း တင်ပျဉ်ခွေထိုင်နေစဉ် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် သူမထံ အမြန်ချဉ်းကပ်လာခဲ့သည်။ သူမ၏အနောက်သို့ ရောက်လာသောအခါတွင် သူက ချက်ချင်းပင် လေးစားသောအမူအရာဖြင့်
"သူဌေးလေး … လူတစ်ယောက်က သူဌေးလေးကို တွေ့ချင်နေတယ်။"
"အဲ့ဒီလူက ဘယ်သူလဲ။" ဂူရှောင်ရွှဲ့ မေးလိုက်သည်။
“ပေကျင်းရဲ့ ထန်မိသားစုက တစ်စုံတစ်ယောက်လို့ ပြောပါတယ်။” လူလတ်ပိုင်းအရွယ် အမျိုးသားက လေးစားစွာ ဖြေသည်။
ဂူရှောင်ရွှဲ့၏မျက်ခုံးလေးများ တွန့်သွားသည်။ သူမက ချက်ချင်း ခေါင်းညိတ်ပြပြီး
“သိပြီ။ လမ်းပြပါ။”
သိပ်မကြာမီ သီးသန့်အခန်းအတွင်းသို့ သူမ ရောက်လာစဉ် ထန်ယွင်ချင်းက ချက်ချင်း ထရပ်လိုက်ပြီး
"မတွေ့တာ ကြာပြီနော် မစ္စဂူ။"
"ကျွန်မမှတ်ဉာဏ်က မမှားဘူးဆိုရင် ဦးလေးယွင်ချင်း မဟုတ်လား။" ဂူရှောင်ရွှဲ့က ခပ်ဖွဖွပြုံးကာ စကားဆိုလိုက်သည်။
"ကျွန်မတို့ရဲ့ သူဌေးကို တွေ့ဖို့ လာတာလား။ ဒါမှမဟုတ်…”
"ထန်ရှုကို တွေ့ချင်တာပါ။ ငါ သူ့ကို အကြိမ်ပေါင်းများစွာ ဖုန်းခေါ်ခဲ့ပေမယ့် သူနဲ့ အဆက်အသွယ် မရခဲ့ဘူး။” ထန်ယွင်ချင်းက ချက်ချင်း ဖြေသည်။
"သူ လောလောဆယ် ကျင်းမန်ကျွန်းမှာ ရှိနေတာကို သိလိုက်ရလို့ ဒီကို ချက်ချင်း လိုက်လာာ။ မစ္စဂူ … အရမ်း အရေးကြီးတဲ့ ကိစ္စတစ်ခုကြောင့် သူ့ကို ရှာနေပါတယ်လို့ မင်း ပြောပေးနိုင်မလား။"
"အရမ်းအရေးကြီးတဲ့ ကိစ္စလား။ ထန်မိသားစုမှာ ဘာ အရေးတကြီးကိစ္စ ဖြစ်လို့လဲ။" ဂူရှောင်ရွှဲ့က အံ့အားသင့်သွားသည်။
"သူဌေးက ပင်လယ်ဘက်ကို သွားနေတာမို့ လောလောဆယ်တော့ သူ့ကို ဆက်သွယ်လို့ မရလောက်ဘူး။"
"ငါတို့မှာ အရေးတကြီးကိစ္စ ဖြစ်နေလို့ ဒီကိစ္စကို ကောင်းကောင်း မကိုင်တွယ်နိုင်ရင် ငါတို့ထန်မိသားစု အဆုံးသတ်သွားမှာကို ငါ ကြောက်တယ်။" ထန်ယွင်ချင်းက အားတင်းပြုံးလိုက်ရင်း
"မစ္စဂူ … မင်းက ငါ့တူလေး အရမ်းယုံကြည်ရတဲ့ လူတစ်ယောက်မို့ ငါ မင်းကို မဖုံးကွယ်ထားပါဘူး။ သုံပေဟူ - အာမာကျားလို့ ခေါ်တဲ့ လူတစ်ယောက်အကြောင်း ကြားဖူးတယ် မဟုတ်လား။"
"ဟုတ်ကဲ့ … သူ့အကြောင်းကြားဖူးတယ်။ အလွန် အစွမ်းထက်တဲ့လူ။” ဂူရှောင်ရွှဲ့ ခေါင်းညိတ်လိုက်သည်။
“ဟုတ်တယ်။ သူက အရမ်းသန်မာတယ်။ ပြီးတော့ တရုတ်ပြည်တစ်ခုလုံးမှာ သူ့ထက် ပိုအစွမ်းထက်တဲ့သူ မရှိနိုင်တော့ဘူး။” ထန်ယွင်ချင်း ခေါင်းညိတ်လိုက်သည်။
“ငါတို့ မသိလိုက်ဘဲ ယောင်မိသားစုက သူ့ကို မွေးရပ်မြေကနေ ဖိတ်ခေါ်နိုင်ခဲ့တယ်။ သုံပေဟူက ထန်မိသားစုကို တရုတ်နိုင်ငံကနေ ထွက်ခွာပြီး နိုင်ငံခြားကို သွားဖို့ ရွေးချယ်ခွင့်ပေးထားတယ်။ နို့မဟုတ်ရင် သူက ငါတို့ကို ဆုံးမပြီး မိသားစုတစ်ခုလုံးကို သုတ်သင်ပစ်မယ်လို့ ပြောတယ်။”
"ဟမ့် … သုံပေဟူကများ…" ဂူရှောင်ရွှဲ့၏ အမူအရာ ပြောင်းလဲသွားပြီး သူမ၏မျက်လုံးများတွင် အေးစက်သော အလင်းရောင်တစ်ခု လင်းလက်လာသည်။ သူမက အေးစက်စက်လေသံဖြင့် ရေရွတ်လိုက်သည်။
“ဘယ်လောက်တောင် သတ္တိကောင်းလိုက်လဲ။ တစ်ချိန်တုန်းက ကျွန်မရဲ့ဆရာသခင်ကသာ သူ အဆင့်ချိုးဖြတ်ရာမှာ ရည်ရွယ်ချက်ရှိရှိ အကူအညီမပေးခဲ့ရင် သူ ဒီနေ့လို အခြေအနေထိ ဖြစ်လာပြီး နာမည်ကျော်ကြားပါဦးမလား။ ဆယ်စုနှစ်များစွာကြာပြီးတော့ သူဌေးရဲ့မိသားစုကို မျက်စိကျရဲလိမ့်မယ်လို့ မထင်ခဲ့မိဘူး။ ဦးလေးယွင်ချင်း … ကျေးဇူးပြုပြီး စိတ်အေးအေးထားပြီး စိုးရိမ်မှုတွေကို ဖြေလျော့ပါ။ အာမာကျား အတော် သန်မာတယ်ဆိုပေမယ့် ထန်မိသားစုကိုတော့ ဘယ်သောအခါမှ သူ မလှုပ်ခါနိုင်ပါဘူး။
ထန်ယွင်ချင်းသည် ချက်ချင်းပင် မချိပြုံး ပြုံးပြကာ “မစ္စဂူ … ငါ မင်းကို မယုံတာ မဟုတ်ပါဘူး။ ဒါပေမယ့် သုံပေဟူက သာမန်လူ မဟုတ်ဘူး။ သူက ကျင့်ကြံသူပါ။ ကျင့်ကြံသူတစ်ယောက် ဖြစ်တယ်ဆိုတာ ဘာကို ဆိုလိုလဲဆိုတာ သိတယ်မလား။ အဲ့ဒါက ကောင်းကင်ဘုံ အင်မော်တယ်တစ်ယောက်ရဲ့ တည်ရှိမှုတစ်ခုပဲ။ အဲ့ဒီလိုဆိုတော့…”
“အဲ့ဒီလိုဆိုတော့တွေ မရှိပါဘူး။ ဦးလေး … ပေကျင်းကို ပြန်ရင် လူတချို့ ထည့်ပေးလိုက်မယ်။" ဂူရှောင်ရွှဲ့က သူမ၏လက်ကို ဝှေ့ယမ်းကာ ပြောလိုက်သည်။
"သုံပေဟူက ထန်မိသားစုရဲ့ ဘိုးဘွားစံအိမ်ကို တိုက်ခိုက်ရဲရင် အကူအညီရအောင် ကျွန်မ ထည့်ပေးလိုက်တဲ့လူတွေက အနည်းဆုံးတော့ ခုခံနိုင်မှာပါ။ နောက်ပြီး သူဌေးကို ရှာဖို့အတွက် ယောက်သွားကျွန်းကို လူတစ်ယောက် ချက်ချင်း လွှတ်လိုက်ပါမယ်။ သူဌေးသာ သိရင် ဒီသေးနုပ်တဲ့ အာမာကျား မပြောနဲ့ အာမာကျား ၁၀၀ရှိရင်တောင် သူတို့တွေ သေရုံကလွဲပြီး ဘာမှ လုပ်လို့ မရဘူး။"
ထန်ယွင်ချင်း အံ့အားသင့်သွားသည်။ ဂူရှောင်ရွှဲ့သည် ဤမျှ မောက်မာလွန်းသော စကားကို အမှန်တကယ် ထုတ်ပြောနိုင်မည်ဟု မထင်ခဲ့ပေ။ သူက စူးစမ်းလိုစိတ်ဖြင့် ချီတုံချတုံဖြစ်ကာ မေးလိုက်သည်။ “မစ္စဂူ … မင်းက ကျင့်ကြံသူတွေအကြောင်း မသိလို့များလား။"
ဂူရှောင်ရွှဲ့က တခဏလောက် စဉ်းစားလိုက်ပြီးနောက် သူမ၏လက်ကို ဝှေ့ယမ်းလိုက်ရာ အခန်းအတွင်းရှိ အသေမတပ်ဆင်ထားသော အရာဝတ္ထုများအားလုံး လွင့်ပျံလာသည်။ ထို့နောက် သူမ၏လက်ကလေးအား အသာ လှုပ်ခါလိုက်ခြင်းဖြင့် ထိုအရာဝတ္ထုအားလုံးသည် ထူးခြားသော ပုံစံဖြင့် စတင်လှည့်ပတ်လာခဲ့သည်။
“ဘုရားရေ … ဒါက…”
ထန်ယွင်ချင်း အံ့အားသင့်သွားကာ ပြူးကျယ်နေသော မျက်လုံးများဖြင့် စိုက်ကြည့်ရင်း အိပ်မက်မက်နေသကဲ့သို့ ထင်နေမိသည်။ သည်စွမ်းဆောင်မှုက သူ၏အသိဉာဏ်ထက် ကျော်လွန်သွားခဲ့ပြီဖြစ်သည်။
"ဒီနေရာမှာ ရှိတဲ့ ကျွန်မတို့အားလုံး ကျင့်ကြံသူတွေဆိုတာ သူဌေးက ပြောထားလား မပြောထားလား မသိပေမယ့် သေချာတာတစ်ခုက ကျွန်မတို့ရဲ့ထာဝရခန်းမက သုံပေဟူကို ဖယ်ရှားနိုင်ပါတယ်။ ဒါပေမယ့် ဦးလေးဆီက ရှောင်ရွှဲ့ တောင်းဆိုချင်တာတစ်ခု ရှိတယ်။"
အရာဝတ္ထုအားလုံး မူလနေရာသို့ ပြန်လည်ရောက်သွားသည်ကို ကြည့်ပြီးနောက် ထန်ယွင်ချင်းက စိတ်လှုပ်ရှားစွာ မေးလိုက်သည်။
"အဲ့ဒါ ဘာလဲ။ ပြောပါ … အဲ့ဒါက ငါ့လုပ်နိုင်စွမ်းထဲ ရှိနေသရွေ့ ငါ နောက်ဆုတ်မှာ မဟုတ်ဘူး။”
"ဦးလေး ယွင်ချင်း … ရှောင်ရွှဲ့ ခုနက ပြောလိုက်တာကို လျှို့ဝှက်ထားပေးစေချင်တယ်။ ဦးလေးဆီကနေ တခြားလူကို မသိသွားစေချင်ဘူး။ ကျွန်မတို့ရဲ့ပုံရိပ်က အလွန်ထူးခြားနေတာမို့ပါ။ ပြီးတော့ သူဌေးရဲ့ ခွင့်ပြုချက်မရှိဘဲ ဦးလေးကို ဒီကိစ္စ တိုက်ရိုက် ပြောလိုက်မိတယ်။"
"ဒါကို ငါ့ဦးလေးကိုတောင် မသိစေရဘူးလား။" ထန်ယွင်ချင်းက အမြန်မေးလိုက်သည်။
"သူက ထန်မိသားစုရဲ့ မိသားစုခေါင်းဆောင်ဆိုတော့ အကြီးမားဆုံး ဖိအားကို ခံရမှာကို ငါ စိုးရိမ်နေတယ်။"
"မဟုတ်ဘူး … အကြီးအကဲထန်က ထူးခြားတဲ့ ဂုဏ်သိက္ခာရှိတဲ့သူတစ်ယောက်ပါ။" ဂူရှောင်ရွှဲ့က ခေါင်းခါသည်။
“ဖိအားတွေကြောင့် ဘယ်တော့မှ ပြိုကျမှာ မဟုတ်ပါဘူး။ နောက်ပြီး ဒီအချိန်က ထန်မိသားစုတွေ တစ်စိတ်တစ်ဝမ်းတည်း စည်းလုံးညီညွတ်ဖို့ အကောင်းဆုံးအချိန်လို့ ကျွန်မ ထင်တယ်။"
ထန်ယွင်ချင်းသည် ခဏမျှ တိတ်ဆိတ်သွားကာ ခေါင်းညိတ်ပြပြီး
“ငါ နားလည်ပါတယ်။ ငါ ဘယ်တော့မှ ဘယ်သူ့ကိုမှ မပြောဘူးဆိုတာ မင်း စိတ်ချထားနိုင်တယ် မစ္စဂူ။"
နာရီဝက်ကြာပြီးနောက် ထန်ယွင်ချင်းသည် သူ၏ကိုယ်ရံတော်နှစ်ဦး၊ ထာဝရခန်းမ၏ကျွမ်းကျင်သူ အယောက် ၃၀တို့နှင့်အတူ ထွက်ခွာသွားခဲ့သည်။
တစ်ချိန်တည်းမှာပင် ဂူရှောင်ရွှဲ့သည် ထန်ရှုကို ရှာဖွေရန် ယောက်သွားကျွန်းသို့ လူများကို ချက်ချင်း စေလွှတ်ခဲ့သည်။
****
ကျင်းမန်ကျွန်း၏ဆိပ်ကမ်းတွင်…
ထန်ရှုသည် သင်္ဘောပေါ်မှ ဆင်းခါနီးတွင် မျက်နှာသိများစွာပါရှိသည့် ထာဝရခန်းမ၏ ကျွမ်းကျင်ပညာရှင်များသည် အခြားခရီးသည်တင် သင်္ဘောဆီသို့ လမ်းလျှောက်လာနေသည်ကို သူ တွေ့လိုက်ရသည်။ သူ၏အမူအရာ အနည်းငယ် ပြောင်းလဲသွားပြီး လူတစ်ယောက်ကို အခေါ်လွှတ်လိုက်သည်။
"ငါတို့ သူဌေးကို ရှာဖို့ ယောက်သွားကျွန်းကို သွားမလို့ လုပ်နေတာ" အခေါ်ခံလာရသည့်သူက လေးလေးစားစား ပြောဆိုသည်။
"ငါ့ကို ရှာဖို့လား။ ဘာလို့တဲ့လဲ။" ထန်ရှု စိတ်ရှုပ်ထွေးစွာ မေးလိုက်သည်။
"ဒါက သူဌေးလေးရဲ့ အမိန့်ပဲ။ အရမ်းအရေးတကြီး ကိစ္စတစ်ခုကြောင့် ရှာခိုင်းခဲ့တာပါ။"
"အရမ်းအရေးကြီးတဲ့ကိစ္စ ဟုတ်လား။"
ထန်ရှု၏အမူအရာ ပျက်သွားသည်။
ထာဝရခန်းမသို့ အပြေးအလွှား ရောက်လာသည့်ချိန်တွင် ကားပါကင်အစွန်း၌ ဂူရှောင်ရွှဲ့ ရပ်နေသည်ကို သူ မြင်လိုက်သည်။ သေချာသည်ကတော့ သူ ပြန်ရောက်လာသည့်သတင်းကို သူမ ကြိုတင်ရရှိခဲ့သည်မှာ ထင်ရှားသည်။
"ရှောင်ရွှဲ့ … အရမ်းအရေးတကြီး ကိစ္စရှိနေတယ်ဆို။ ဘာများလဲ။"
ဂူရှောင်ရွှဲ့က တခြားလူတွေကို ထွက်သွားရန် အချက်ပြလိုက်ပြီးနောက် သူမက
"သူဌေး … ငါ ဦးလေးယွင်ချင်းနဲ့ လွန်ခဲ့တဲ့ နှစ်နာရီက တွေ့ခဲ့တယ်။"
ထန်ရှု၏အမူအရာ တုန်လှုပ်သွားပြီး
"မင်း ငါ့ကို ထန်မိသားစုနဲ့ ပတ်သက်တာ ပြောမှာလား။"
“ဟုတ်တယ်။ အရှေ့မြောက်ဒေသက အာမာကျားက ပေကျင်းကို ရောက်လာပြီး ထန်မိသားစုကို တရုတ်နိုင်ငံက ထွက်သွားစေချင်တယ်လို့ ဦးလေး ယွင်ချင်းက ပြောသွားတယ်။”
***