တစ်စုံတစ်ယောက် အားနည်းနေချိန်တွင် ရက်စက်ကြသည်
Vol. 41 Ch. 563
သူ၏ခွန်အားကြီးမားလာမှုနှင့်အတူ ထန်ရှုသည် ယခုအခါ ယုံကြည်မှုအပြည့်ရှိလာသည်။ သည့်မတိုင်မီက သူသည် တာအို ရှို့ယန်ကို စိန်ခေါ်ကာ သူ၏ခွန်အားကို တိုင်းတာလိုခဲ့သည်။ သို့သော် ယခုတော့ သူ့တွင် ထိုအကြံအစည် မရှိတော့ပြီ။ အဘယ်ကြောင့်ဆိုသော် သူ၏ရုပ်ခွန်အားဖြင့်ပင် တာအိုရှို့ယန်သည် သူ့အား မည်သို့မှ ထိခိုက်စေနိုင်တော့မည်မဟုတ်ပေ။
အာမာကျား သုံပေဟူအကြောင်းအား ထန်ရှုသည် တာအိုရှို့ယန်ထံမှ ကြားဖူးထားသည်။ သို့သော် သည်လူက သူ၏ဓားကို ထန်မိသားစုအား အမှန်တကယ် ညွှန်လာလိမ့်မည်ဟုတော့ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့မိပေ။
"သူက ဘာလို့ ဒီလိုလုပ်တာတဲ့လဲ။"
သူ့လက်ထဲတွင် အစီအစဉ်များ၊ ဝှက်ဖဲများ ပြင်ဆင်ပြီးဖြစ်သော်လည်း အကြောင်းပြချက်ကို သူ မေးလိုက်သေးသည်။
“အဲ့ဒါတော့ ပြောမသွားဘူး ဆရာအဘိုး။” ဂူရှောင်ရွှဲ့က လေသံတိုးတိမ်စွာဖြင့် ပြန်ပြောသည်။ "ထန်မိသားစုက အကြီးအကဲဆီ ဘာလို့ ဖုန်းဆက်ပြီး ဒီအကြောင်း မမေးကြည့်တာလဲ။"
ထန်ရှု ရုတ်ခြည်းပင် သတိရသွားပြီး သူ၏ဖုန်းကို ထုတ်လိုက်ရာ ဖုန်းဘက်ထရီ အားကုန်နေသည်ကို တွေ့လိုက်သည်။ သူက အားသွင်းကြိုးကို ရှာလိုက်ပြီး မိနစ်အနည်းငယ်ကြာသည်ထိ ဖုန်းကို အားသွင်းထားလိုက်ပြီးမှ ဖွင့်လိုက်သည်။ သူ၏ဖုန်းတွင် စာတိုအကြောင်းကြားချက်များနှင့် ဖုန်းခေါ်ဆိုမှုများစွာ ပြနေပြီး အများစုမှာ ထန်မိသားစုဝင်များမှ ပေးပို့ထားခြင်းဖြစ်သည်။
ပေကျင်း … ထန်မိသားစု၏ဘိုးဘွားစံအိမ်…
ထန်ကောရှန့်သည် ဆေးလိပ်သောက်နေသည်။ ဇရာအရေးအကြောင်းတို့ပြည့်နေသော သူ၏မျက်နှာသည် ယခုအခါ စိုးရိမ်ပူပန်သောကတို့ ထင်ဟပ်လျက် ရှိသည်။ ထင်ရှားခဲ့သော ထန်မိသားစုသည် တရုတ်နိုင်ငံ၌ ခေါင်းချခြင်းကို သည်အချိန်တွင် ငြင်းပယ်ခံခဲ့ရချေပြီ။ ထန်မိသားစုအား တရုတ်နိုင်ငံမှ ထွက်ခွာရကာ နိုင်ငံရပ်ခြားသို့ သွားနေရခြင်းအား သူ့အနေဖြင့် မလိုလား မနှစ်သက်ပါချေ။ သို့သော် သုံပေဟူ၏ကျော်ကြားသော ခွန်အားနှင့် သဘာဝလွန် နည်းလမ်းများသည် သူ့နှလုံးသားအား တောင်ကြီးတစ်လုံးအလား ဖိနှိပ်မွန်းကြပ်နေစေသည်။
…ယောင်မိသားစု … မင်းတို့ လက်ထဲမှာ ဒီလို ဝှက်ဖဲတစ်ချပ် ရှိတယ်ဆိုတာ ငါ စောစောကြိုသိခဲ့ရင် ထန်မိသားစုရဲ့ အနာဂတ်တစ်ခုလုံးကိုပါ ပုံအောပြီး မင်းတို့ကို အရင်ကတည်းက အပြုတ်နှံခဲ့မှာကွ။ ထန်မိသားစု ပြိုလဲခဲ့ရင်တောင် အနည်းဆုံး မင်းတို့ကို ငါတို့နဲ့အတူ မြှုပ်နှံထားလို့ရတာပေါ့။…
ထန်ကောရှန့် စိတ်ထိခိုက်စွာဖြင့် တွေးနေမိသည်။
…ဖုန်းမြည်သံ…
သူ၏လက်ကိုင်ဖုန်းက အသံမြည်နေသော်လည်း ဖြေဆိုရန် ခွန်အားမရှိသလိုပင် ထန်ကောရှန့် ခံစားနေရသည်။ ဖုန်းမြည်သံ ခြောက်ကြိမ်တိုင်တိုင် မြည်လာချိန်မှသာ သူ၏ဖုန်းအား ဖြည်းညင်းစွာ ကောက်ယူလိုက်သည်။ ဖုန်းမျက်နှာပြင်ပေါ်တွင် ခေါ်ဆိုသူ၏အမည်ကို မြင်သောအခါ တွေဝသွေားပြီး သူ၏မျက်လုံးထဲတွင် အလင်းတန်းတစ်ခု ချက်ချင်း လင်းလက်သွားသည်။
ထန်ကောရှန့်က ဖုန်းကိုင်လိုက်ပြီးနောက် ဖြည်းညှင်းစွာ ပြောလိုက်သည်။
"မင်း သတင်းကြားပြီးပြီလား ရှုအာ…"
“ကြားပြီးပြီ အဘိုး။ ဒါပေမယ့် ကျွန်တော် မရှင်းတာတွေတော့ ရှိတယ်။ ပြောပါဦး … အခြေအနေက ဘယ်လိုလဲ။ အရှေ့မြောက်က မြွေပွေးအိုကြီးက ကျွန်တော်တို့မိသားစုကို ရုတ်တရက် ဘာလို့ ရှင်းထုတ်ချင်ရတာလဲ။"
ထန်ရှု၏ အေးဆေးတည်ငြိမ်သော အသံသည် ဖုန်းထဲမှ ထွက်ပေါ်လာသည်။
"ဘာအကြောင်းကြောင့် ဖြစ်ရမှာလဲ။ ငါတို့မိသားစုက သူနဲ့ ရန်ငြိုးမရှိပေမဲ့ ယောင်မိသားစုနဲ့တော့…" ထန်ကောရှန့်က ခါးသီးသော လေသံဖြင့် ပြောသည်။ "မေ့လိုက်ပါ ရှုအာ။ ကိုယ့်ကိုကိုယ် ဂရုစိုက်ပြီး မိသားစုအရေးကို စိတ်မပူပါနဲ့။ တကယ်လို့ ငါတို့ထန်မိသားစု အဆုံးသတ်သွားရင် မင်းက နိုင်ငံခြားသွားဖို့ အဆင်သင့် ဖြစ်နေရမယ်။”
"တစ်ခြားတစ်ယောက်ရဲ့ ရည်မှန်းချက်တွေ တိုးလာနေတာက အဘိုးရဲ့ စိုးရိမ်ထိတ်လန့်တဲ့ အပြုအမူကို ဖြစ်စေနိုင်တယ်။ အဘိုး … ဒါက အဘိုးနဲ့ မတူဘူးနော်။" ထန်ရှုက ရယ်မောလိုက်ရင်း “အခြားသူတွေက သူ့ကို အာမာကျားလို့ မြင်နိုင်ပေမယ့် သူက ကျွန်တော့်မျက်လုံးထဲမှာ ပိုးစိမ်းကောင်လေး တစ်ကောင်ကလွဲလို့ ဘာမှ မဟုတ်ဘူး။ လတ်တလော အဘိုးကို မပြောရသေးတာတွေ ရှိသေးတယ်။ ဒါပေမယ့် ဒီအချိန်မှာ ကျွန်တော် သိမ်းထားဖို့ မလိုတော့ဘူးလို့ ထင်ပါတယ်။ သူက ကျင့်ကြံသူဖြစ်စေ ၊မဖြစ်စေ သူ့ကို သေစေဖို့က ကျွန်တော့်အတွက် လွယ်လွယ်လေးပဲ။”
"အဓိပ္ပာယ် မရှိတာ မပြောနဲ့ ရှုအာ။" ထန်ကောရှန့်၏အမူအရာ ပြောင်းသွားပြီး စိတ်လေးလံစွာဖြင့်
"ကျင့်ကြံသူတွေဆိုတာ ငါတို့နိုင်ငံမှာ အလွန် ကြောက်ဖို့ကောင်းတဲ့ တည်ရှိမှုတစ်ခုပဲ။ အရေအတွက် နည်းလွန်းပြီး ရှားပါးတဲ့ ဖီးနစ်အမွှေးတွေလို ဆိုနိုင်ပေမယ့်လည်း တစ်ယောက်ချင်းစီက သဘာဝလွန် အစွမ်းသတ္တိတွေ ရှိကြတယ်။ အဲ့ဒီအရာတွေက ငါတို့လို သာမန်လူတွေ ဆန့်ကျင်နိုင်တဲ့ အရာမဟုတ်ဘူး။ မင်းက ကျင့်ကြံနည်းစနစ်ကို နည်းနည်း လေ့ကျင့်ထားခဲ့တာကို ငါ သိပေမယ့်လည်း …”
"အဘိုး မသိသေးတာ ရှိသေးတယ်။ ကျွန်တော်လည်း ကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး ကျွန်တော့်ရဲ့ခွန်အားက ဒီအာမာကျားထက် မနည်းပါဘူး။” ထန်ရှုက သူ၏စကားကို ကြားဖြတ်ပြီး အလေးအနက်ထားသော လေသံဖြင့် ပြောလိုက်သည်။
“နောက်ပြီး ထာဝရခန်းမ ပင်မအဖွဲ့ဝင်အားလုံးနီးပါးက ကျင့်ကြံသူတွေချည်းပဲ။ အကယ်၍ ဒီပညာရှင်အချို့သာ လှုပ်ရှားမယ်ဆိုရင် အာမာကျားတစ်ယောက် မပြောနဲ့ … သူ့လို ၁၀ယောက်ရှိရင်တောင် ကျွန်တော့်မျက်စိထဲ ဘောင်မဝင်ဘူး။ ကျွန်တော် ပေကျင်းကို မကြာခင် လာတော့မှာမို့ ကျွန်တော့်ကို ဒီကိစ္စအကြောင်း အရင်ပြောပြပြီး ဒီပြသနာကို ဖြေရှင်းဖို့ အခွင့်အာဏာ အပြည့် ပေးပါ အဘိုး။”
"မင်း ဘာပြောလိုက်တယ်။" ထန်ကောရှန့်သည် အထိတ်တလန့်ဖြင့် ကျယ်လောင်စွာ အော်လိုက်မိသည်။ “ရှုအာက ကျင့်ကြံသူဖြစ်ပြီး ထာဝရခန်းမရဲ့ ပင်မအဖွဲ့ဝင်တွေကလည်း ကျင့်ကြံသူတွေပဲဟုတ်လား။ ဒါက ဘယ်လို ဖြစ်နိုင်ပါ့မလဲ။ ကမ္ဘာပေါ်မှာ ကျင့်ကြံသူက ဘယ်လောက်များများ ရှိနိုင်ပါ့မလဲ။”
“အဘိုး … ကျွန်တော့်စိတ်နေသဘောထားကို သိသင့်တယ်။" ထန်ရှုက တည်ငြိမ်စွာ ပြောသည်။ “ကျွန်တော်က မပိုင်ရင် ခြင်တောင် မရိုက်ဘူး။ ဒီကိစ္စမှာ လုပ်ပိုင်ခွင့်အာဏာ အပြည့်အဝ ယူရဲတဲ့အတွက် ပြီးမြောက်အောင်မြင်ဖို့ အာမခံချက်လည်း အပြည့်ရှိတယ်ဆိုတာပဲ။ နောက်ပြီး ကျွန်တော် အဓိပ္ပာယ်မရှိတာကို ဘယ်တော့မှ မပြောသလို ထန်မိသားစုတစ်ခုလုံးရဲ့ ဘေးကင်းလုံခြုံရေးနဲ့ ပတ်သက်တဲ့ အရာကိုလည်း ကျွန်တော် လောင်းကြေး မထပ်ဘူး။"
ထန်ကောရှန့်သည် အချိန်အတန်ကြာသည်ထိ စကားမပြောနိုင်သော်လည်း သူ၏အိုမင်းသော မျက်နှာထက်တွင် ပျော်ရွှင်မှုနှင့် စိတ်လှုပ်ရှားမှုများကို မြင်တွေ့နိုင်ပေသည်။ ယောင်မိသားစုနှင့် သုံပေဟူတို့၏ ဆက်ဆံရေးကို သိရပြီးနောက် ထန်ရှုသည် ချက်ချင်းပင် ဖုန်းချသွားသည်။
****
ကျင်းမန်ကျွန်း၏ထာဝရခန်းမတွင်…
ထန်ရှု ရေမိုးချိုးအဝတ်အစားလဲပြီးရုံ ရှိသေးချိန်တွင် တာအိုရှို့ယန်က သူ့နေရာသို့ အမြန်ရောက်လာသည်။ ထိုသူ့အတွက် နေရာထိုင်ခင်းပြင်ဆင်ပေးရန် တစ်စုံတစ်ဦးကို ထန်ရှု စေလွှတ်ထားပြီးဖြစ်သော်လည်း ရှို့ယန်သည် အရှေ့မြောက်ဒေသသို့ သွားမည့်ကိစ္စကို စဉ်းစားနေဆဲဖြစ်သောကြောင့် သူတို့ ထွက်ခွာမည့် အချိန်ကို ဆွေးနွေးရန်အတွက် ထန်ရှုကို လာရှာခြင်းဖြစ်သည်။
"တာအိုထန် … ငါနဲ့ သုံပေဟူကြားမှာ ဘယ်သူက ပိုအားကောင်းလဲ ငါ သိချင်နေပြီ။ ငါတို့ ဘယ်ချိန် သွားကြမလဲ။”
"အခုချက်ချင်း။" ထန်ရှုက ရှင်းရှင်းလင်းလင်း ပြန်ဖြေသည်။
တာအိုရှို့ယန်၏မျက်လုံးများ အရောင်လက်လာပြီး ပြုံးပြုံးရွှင်ရွှင်ဖြင့်
"မင်းက တကယ်ကို ပြောတဲ့အတိုင်း လုပ်တဲ့ တာအိုထန်ပဲ။ ဒါဆို ငါတို့ အခု သွားရအောင်။"
"မဟုတ်ဘူး။ ကျွန်တော် အခုချက်ချင်းလို့ ပြောခဲ့တာက ... ကျွန်တော် ပေကျင်းကို အခုချက်ချင်း ထွက်ရမယ်။ အဲ့ဒီကနေ ဘယ်ကို သွားမလဲဆိုတာက ခင်ဗျား ဆုံးဖြတ်ရမယ့်အရာပဲ။ ထူးခြားတဲ့ အကြောင်းပြချက်တစ်ခု ရှိနေတဲ့အတွက် ခင်ဗျား နားလည်လိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။"
"ဘာ ထူးခြားချက် ဖြစ်လို့လဲ။" တာအိုရှို့ယန်က အမူအရာ ပြောင်းလဲသွားကာ မေးလာသည်။
"တရုတ်ပြည်ရဲ့ မိသားစုကြီးတွေရဲ့အမြင်မှာ သုံပေဟူက ကြောက်စရာကောင်းတဲ့ ပုံရိပ် ဘယ်လို ဖြစ်လာတာလဲလို့ ကျွန်တော် သိချင်နေတယ်။ ဒီအာမာကျားက ပေကျင်းကိုသွားပြီး ကျွန်တော့်ရဲ့ ထန်မိသားစုကို ဆုံးမဖို့ ကြိုးစားနေတယ်လေ။ ဒါကြောင့် သူ့ကို သေလူလို့ သတ်မှတ်လိုက်ပြီ။ အဲ့ဒီလို သေလူတစ်ယောက်နဲ့ သဘောတရားတွေကို တကယ် နှိုင်းယှဉ်ချင်သလား။”
တာအိုရှို့ယန် တုန်ရီသွားရသည်။ သူသည် ကျိချွိမိန်၏ ကြောက်မက်ဖွယ် ခွန်အားနှင့် သူ မသိနိုင်သေးသော ထန်ရှု၏ ကျင့်ကြံမှုအဆင့် အတိမ်အနက်ကို ပြန်အမှတ်ရမိသည်။ သူက ခဏလောက် တုံ့ဆိုင်းနေပြီးမှ အပြုံးဖြင့်
"တာအိုထန် မင်း မှားများနေသလား။ သုံပေဟူက အစွမ်းထက်ပုဂ္ဂိုလ် ဖြစ်ပေမယ့် သူ့ကိုယ်သူ ဒုက္ခရောက်အောင် ဘယ်တော့မှ စမလုပ်ဘူး။ မင်းရဲ့... ထန်မိသားစုကို သူ ဘယ်လို ဆုံးမနိုင်မှာလဲ။"
“နိုင်ငံရေးနယ်ပယ်မှာဆိုရင် ကျွန်တော့်မိသားစုက တရုတ်နိုင်ငံ ထိပ်တန်းမိသားစုတွေထဲ ပါဝင်တာမို့ ကျွန်တော်တို့မှာ နိုင်ငံရေးရန်သူတွေလည်း ရှိနေတာ သဘာဝပဲ။” ထန်ရှုက ရှင်းပြသည်။
“ကျွန်တော်တို့ရဲ့ ဒီနိုင်ငံရေးနယ်ပယ်ရန်သူက ပေကျင်း-ယောင်မိသားစုပဲ။ ယောင်မိသားစုရဲ့ အကြီးအကဲက အရင်တုန်းက အာမာကျားရဲ့ အသက်ကို ကယ်တင်ခဲ့ဖူးတယ်... ဒါကို သိသွားရင် ထပ်ရှင်းပြစရာ မလိုတော့ဘူး မဟုတ်လား။"
တာအိုရှို့ယန် တခဏ ငြိမ်သက်သွားပြီးမှ ခေါင်းယမ်းရင်း
"ဒါဆို ငါ မင်းနဲ့အတူ ပေကျင်းကို လိုက်ခဲ့မယ်။ သူနဲ့ငါက ပြိုင်ဘက်ဖြစ်ခဲ့တာ နှစ်ပေါင်း ၁၀၀နီးပါး ရှိနေပြီ။ သူထွက်သွားချင်နေပြီဆိုတော့ သူ့ခရီးမှာ သူနဲ့တွေ့ဖို့ ငါ ကိုယ်တိုင်ကိုယ်ကျ ရှိနေချင်တယ်။"
ထန်ရှုက ခေါင်းညိတ်ပြီး
"ဒီလိုလည်း အဆင်ပြေပါတယ်။"
****
ပေကျင်း…
ပိုင်ယွင်ဈေးဝယ်စင်တာကြီး၏စတုတ္ထထပ်ရှိ အဆင့်မြင့် အဝတ်အစားဆိုင်ခန်းအတွင်း ထန်ထန်သည် သူမ၏ အတန်းဖော်နှင့်အတူ အပျင်းပြေ လျှောက်ကြည့်နေသည်။ လွန်ခဲ့သည့် ရက်အနည်းငယ်က မိသားစုအတွင်း တစ်ခုခု ဖြစ်နေသည့်အငွေ့အသက် ရှိနေခဲ့သည်။ သူမသည် အဖြစ်အပျက်ကို သိလိုလှသော်လည်း မည်သူမျှ သူမအား ပြောပြလိုစိတ် မရှိသောကြောင့် စိတ်ဓာတ်ကျစေသည်။
သူမအတွက် စိတ်အနှောက်အယှက်အဖြစ်ဆုံး အရာသည် ထိုကိစ္စတင် မကဘဲ ဒီမနက်ခင်းတွင် ဖြစ်ပျက်ခဲ့သောအရာပါ ပါဝင်သည်။ တစ်စုံတစ်ယောက်က သူမအား အမှတ်တမဲ့ ဝင်တိုက်ပြီး ထိုသူ၏ပါးစပ်မှ မထင်မှတ်စွာဖြင့် သူမအား အယုတ္တ အနတ္တ ဆဲဆိုကျိန်ဆဲသံများ ထွက်လာသည်။ သူမ ဒဏ်ရာမရရှိခဲ့သော်လည်း တစ်ဖက်နှင့်တစ်ဖက် နေ့တစ်ဝက်နီးပါး ငြင်းခုံလိုက်ရပြီး သူမအား တနုံ့နုံ့ ဒေါသထွက်နေစေခဲ့သည်။
“ယန်ယန် … ပြီးပြီလား။”
ထန်ထန်သည် အနည်းငယ် နာကျင်နေသေးသော သူမ၏ညာလက်ကလေးကို အသာထိလိုက်ရင်း တိုးညှင်းသောအသံဖြင့် မေးလိုက်သည်။
"ထန်ထန် … နင် ဒီနေ့ ဘာတွေဖြစ်နေတာလဲ" ကွမ်းယန်ယန်က ရယ်ရယ်မောမော ပြောလိုက်သည်။ "ဒီရက်ပိုင်း နင့်စိတ်အခြေအနေ မကောင်းမှန်း ငါ သိတယ်။ ဒါကြောင့် နင် စိတ်ပြေလက်ပျောက် ဖြစ်အောင် အပြင် ခေါ်လာခဲ့ပေမယ့် အဆင်မပြေသေးဘူးမလား။ ဘာတွေဖြစ်နေလဲ ကောင်မလေး။ နင့်မှာ တစ်ခုခုဖြစ်နေရင် ငါ့ကို ပြောပြလေ။ ငါ သေချာပေါက် နင့်ကို ကူညီမှာပေါ့။”
ထန်ထန် ခေါင်းယမ်းလိုက်သည်။ သူမ စကားပြန်ပြောတော့မည့်ဆဲဆဲတွင် အိမ်မွေးခွေးလေးတစ်ကောင်ကို ပွေ့ဖက်နေသည့် မိန်းကလေးတစ်ဦးကို အဝေးမှ ရုတ်တရက် တွေ့လိုက်ရသည်။ ထိုမိန်းကလေးသည် နာမည်ကြီး အမှတ်တံဆိပ်များကိုသာ ခေါင်းမှ ခြေဖျားအထိ ဝတ်စားဆင်ယင်ထားပြီး လူရွယ်နှစ်ဦးသည် သူမ၏အနောက်မှ လိုက်ပါလာသည်။ ထိုလူရွယ်နှစ်ယောက်ကို သူမ သိသည်။ ထိုသူတို့သည် ယောင်မိသားစုဝင်များ ဖြစ်ပြီး ပေကျင်းတွင် လွန်စွာ ကျော်ကြားသော အပျော်အပါးလိုက်စားသူများ ဖြစ်ကြသည်။
…သူတို့ ဘယ်လို ဒီမှာ အတူရှိနေနိုင်ကြတာလဲ…
ထန်ထန်၏မျက်ခုံးလေးများ အနည်းငယ် တွန့်ချိုးသွားရသည်။ မည်သည့်ပြသနာမှ မဖြစ်စေရန်အတွက် သူမက ကွမ်းယန်ယန်၏လက်ကို ဆွဲကာ
"ငါ အဆင်ပြေပါတယ်။ သွားရအောင်။"
"အိုး … ဒါက ငါ့ကို ဒီနေ့မနက် လာတိုက်သွားတဲ့ ကောင်မ မဟုတ်ဘူးလား။ မနက်တုန်းက ငါတစ်ယောက်တည်းဆိုတော့ နင် ငါ့ကို အနိုင်ကျင့်သွားတယ်။ ဒါဆို အခုရော ဘယ်လိုလဲ။ ငါ့ဝမ်းကွဲနှစ်ယောက်နဲ့ ငါ ဒီမှာ ဈေးဝယ်နေတာ နင် ငါ့ကို အနိုင်ကျင့်ချင်သေးလား။" ထိုမိန်းကလေးက ထွက်သွားဟန်ပြင်နေသည့် မိန်းကလေးနှစ်ယောက်၏အရှေ့သို့ အမြန်ရောက်လာပြီး မေးငေါ့ကာ လှမ်းပြောလိုက်သည်။
သူမ၏အနောက်တွင် ရပ်နေသော ယောင်ရှင်းလဲ့နှင့် ယောင်ရှင်းထောင်တို့သည် မျက်နှာများ သုန်မှုန်လာကြပြီး ယောင်ရှင်းလဲ့သည် ရုတ်ခြည်းပင် ထန်ထန်၏ဘေးသို့ ရောက်လာသည်။ ထို့နောက် သူမ၏မျက်နှာကို စိုက်ကြည့်ကာ လေသံမာမာဖြင့် "ဆိုတော့ ဒီမနက် ငါ့ဝမ်းကွဲကို အနိုင်ကျင့်တာ မင်းပေါ့ ဟုတ်လား။ ထန်ထန် … ငါ မင်းကို ဆုံးမချင်နေတာ ကြာပြီ။ မင်းက စပြီး ငါတို့ကို ပြသနာလုပ်လိမ့်မယ်လို့ မမျှော်လင့်ထားဘူး။ ဟမ့် … ငါ့နောက်ကို လိုက်ခဲ့စမ်း။ မင်းတို့ထန်မိသားစုမှာ ငါတို့ယောင်မိသားစုရဲ့ ဖင်ကို နမ်းဖို့တောင် အရည်အချင်းမရှိဘူးဆိုတာကို ဒီနေ့ မင်းသိအောင် ငါ လုပ်ပြမယ်။"
ထိုသို့ ပြောပြီးနောက် သူက ထန်ထန်၏လက်မောင်းကို လှမ်းဆွဲလိုက်သည်။
ထန်ထန်က ဒေါသတကြီး သူ၏လက်ကို ဖယ်လိုက်သည်။ သို့သော် သူမ၏လက်ကို လွတ်အောင် မရုန်းနိုင်သဖြင့် ဒေါသတကြီး အော်ပြောလိုက်သည်။ "ယောင်ရှင်းလဲ့ … နင်က အမှိုက်ကောင်ပဲဆိုတာ ငါ သိတယ်။ မိန်းကလေးတွေကို အနိုင်ကျင့်တာကလွဲလို့ နင့်မှာ တခြားအရည်အချင်း ရှိလား။ ငါ့ကို လွှတ်စမ်း။ ဒါမှမဟုတ်ရင် ငါ့အစ်ကိုကြီးကို ခေါ်လိုက်မယ်။"
ယောင်ရှင်းလဲ့၏နှလုံးခုန်သံ မြန်သွားသည်။ ထန်ထန်၏အစ်ကိုကြီး ဖြစ်သော ထန်ဝကေို သူ သိသည်။ သူတို့နှစ်ဦးလုံးသည် ပေကျင်းတွင် နေထိုင်ခဲ့ကြရာ ထန်ဝေ၏သနားညှာတာမှုကင်းသော စိတ်သဘောထားကိုလည်း ရှင်းလင်းပြတ်သားစွာ သူ သိထားသည်။ ပုံမှန်အချိန်တွေဆိုပါက သူ ဒုက္ခရောက်မည်မှာ အသေအချာပင်။ သို့သော် ဤအချိန်မှာမူ သူသည် သူ၏ဝမ်းကွဲ ယောင်ရှင်းဟွာ၏ အစီအစဉ်ကို လုပ်ဆောင်ပေးနေသောကြောင့် ကွဲပြားခြားနားပေသည်။ ထို့ကြောင့် ထန်ဝကေို သူ ကြောက်ရွံ့ခြင်း မရှိတော့ပေ။
"ငါတို့ မပြီးသေးဘူး ထန်ထန်။ မင်းရဲ့အစ်ကိုကြီးဆီ ဖုန်းဆက်လိုက်။ ငါ ဒီနေ့ အဲ့ဒီကောင်ကို မရိုက်နိုင်ရင် ငါ့ရဲ့မျိုးရိုးနာမည်ကို ထန်ဆိုပြီး ပြောင်းလိုက်မယ်။”
ထန်ထန်သည် ယောင်ရှင်းလဲ့၏လက်မှ အလွတ်ရုန်းပြီး ထန်ဝဆေီကို အမြန်ဖုန်းဆက်ကာ ဖြစ်ပျက်သည့် အကြောင်းစုံကို ရှင်းပြလိုက်သည်။
"င့ါကို အဲ့ဒီမှာ စောင့်နေ။"
ဤသည်မှာ ထန်ဝေ၏တုံ့ပြန်သံ ဖြစ်သည်။
နာရီဝက်အကြာတွင် ထန်ဝသေည် မကြာသေးမီက အသစ်ခန့်ထားသော လူလေးဦးနှင့်အတူ ရောက်လာသည်။ ထိုကိစ္စနှင့်ပတ်သက်ပြီး ခြုံငုံမစဉ်းစားတော့ဘဲ ထို၄ယောက်အား ယောင်ရှင်းလဲ့နှင့် ယောင်ရှင်းထောင်ကို ရိုက်ရန် အမိန့်ထုတ်လိုက်သည်။ သို့သော် လူငယ်လေးဦး လှုပ်ရှားခါနီးတွင် အနီးပတ်ဝန်းကျင်တွင် မိုက်တိမိုက်ကန်းကောင်များ ရုတ်တရက်ပေါ်လာသည်။ ထိုအထဲမှ အယောက်၂၀ခန့်က ထန်ဝေခေါ်ဆောင်လာသော လူငယ်လေးဦးအား ဘာမပြောညာမပြောဖြင့် လက်ထဲတွင် ကိုင်ဆောင်ထားသည့် တုတ်များနှင့် ဝင်ရိုက်ကြတော့သည်။
"ငိုးမသား…"
ယောင်ရှင်းလဲ့နှင့် ယောင်ရှင်းထောင်တို့ ကြိုတင်ပြင်ဆင်ထားသော သည်တစ်ကြိမ်၏အခြေအနေအား သိရှိရန် ထန်ဝတေစ်ယောက် နောက်ကျသွားပြီဖြစ်သည်။
ယောင်ရှင်းလဲ့က ဝင့်ကြွားသော အမူအရာဖြင့်
“သူတို့ကို ဖမ်းပြီး ငါ့ဆီ ခေါ်ခဲ့။ ညီအစ်ကိုရှင်းဟွာအတွက် သူတို့ကို ဆုံးမဖို့ အနက်ရောင်စံအိမ်ငယ်ဆီ ပို့လိုက်မယ်။”
***