နောက်ဆုံး အသက်ရှင်ကျန်သော မိန်းမစိုး
Vol. 41 Ch. 564
ပိုင်ယွင်ဈေးဝယ်စင်တာကြီးသည် ပေကျင်းတွင် အဆင်မြင့်နေရာတစ်ခုဖြစ်ပြီး ပုံမှန်အားဖြင့် လုံခြုံရေးများသည် ကောင်းသည်ဟုဆိုနိုင်သည်။ သို့သော် ယောင်ရှင်းလဲ့သည် သူ၏ပုံရိပ်ဖြင့် ထိုစင်တာ၏လုံခြုံရေးများအား အကျိုးကျေးဇူးများ ရမည်ဟု ကတိပေးကာ ကြိုတင်လက်ဦးမှု ယူထားခဲ့သည်။ ထို့ကြောင့် ထန်ဝနှေင့် ထန်ထန်ကို ဖမ်းသွားသောအခါ ထိုလုံခြုံရေးများသည် မတားဆီးကြချေ။
မည်သို့ပင်ဆိုကာမူ ပေကျင်းရှိ ထင်ရှားသော မိသားစုတစ်ခုမှ ဂျူနီယာတစ်ယောက်သည် ထိုအငြင်းအခုံအား မြင်သွားခဲ့သည်။ သူသည် ယောင်ရှင်းလဲ့နှင့်ထန်ဝတေို့ကဲ့သို့ မျိုးဆက်သစ် သခင်လေးများအုပ်စုမှ ဖြစ်သောကြောင့် နှစ်ဖက်လုံးကို သိပေသည်။ ထို့ကြောင့် ထန်ဝနှေင့် ထန်ထန်တို့အား ယောင်ရှင်းလဲ့မှ ဖမ်းခေါ်သွားသည့်သတင်းသည် ထန်ကောရှန့်ဆီ အချိန်မဆိုင်းဘဲ ရောက်သွားပေတော့သည်။
“သူတို့ကို ရှာပြီး ကယ်ကြ။”
သုန်မှုန်သော အမူအရာဖြင့် ထန်ကောရှန့်သည် ထန်မိသားစု၏ဆက်သွယ်ရေးကွန်ရက်အားလုံးနှင့် ပေကျင်းရှိ အဆက်အသွယ်များအားလုံးအား အကြောင်းကြားလိုက်သည်။ အခြားတစ်ဖက်တွင် ယောင်တို့သည် သူတို့၏နေရာအား မဖုံးကွယ်ထားသောကြောင့် ထန်ဝနှေင့် ထန်ထန်တို့ အဖမ်းခံထားရသော နေရာအား ထန်ကောရှန့်သည် ရှာတွေ့သွားလေသည်။
တစ်ချိန်တည်းမှာပင် ထန်ရှုသည် တာအိုရှို့ယန်နှင့်အတူ ပေကျင်းလေဆိပ်သို့ ရောက်လာခဲ့သည့်အပြင် နိုင်ငံခြားမှတာဝန်အား အောင်မြင်စွာ ဆောင်ရွက်ပြီးစီးကာ ကျင်းမန်ကျွန်းရုံးချုပ်သို့ ပြန်လာသော အလင်းနှင့်အမှောင် မောင်နှမ နှစ်ယောက်လည်း အတူလိုက်ပါလာသည်။ ထန်ရှုသည် ဖုန်းကို ချလိုက်ပြီး သူ၏မျက်ဝန်းများထဲတွင် ရက်စက်သော အရိပ်တစ်ခု ဖျတ်ကနဲ လက်သွားခဲ့သည်။ ကျင်းမန်ကျွန်းတွင် ရှိစဉ်က ယောင်ရှင်းဟွာအား စမုံမတုံးခဲ့မိသည်ကို သူ နောင်တရသွားမိပေသည်။
"အနက်ရောင်စံအိမ်ငယ် … ဟာဟ"
ထန်ရှုက လှောင်ရယ် ရယ်သည်။ သူ ချက်ချင်း တက္ကစီတစ်စီးကို တားလိုက်ပြီး လေးယောက်သား ထန်ကောရှန့် ပေးလိုက်သည့် လိပ်စာဆီသို့ ချီတက်သွားကြသည်။
ပေကျင်း ချောင်းထုန်ခရိုင် ကျားပေါင်လဲ့ကစားကွင်း…
ယောင်ရှင်းဟွာသည် ကစားကွင်းထဲရှိ ကျယ်ဝန်းပြီး လစ်လပ်နေသော သရဲအိမ်၏အတွင်းကျဆုံးနေရာတွင် စီးကရက်ခဲကာ ထိုင်နေသည်။ မှိန်ဖျော့ဖျော့မီးရောင်၊ တလူလူလွင့်နေသော မီးခိုးငွေ့များနှင့် မှုန်မှိုင်းနေသော ပတ်ဝန်းကျင်လေထုသည် သရဲအိမ်ကြီးတစ်ခုလုံးအား ခြောက်ခြားစရာအငွေ့အသက်များ ပြည့်နေစေပြီး အတွင်းဘက်ရှိလူတိုင်းကို ရင်ဖိုစရာ ဖြစ်စေသည်။ ယောင်ရှင်းလဲ့နှင့် ယောင်ရှင်းထောင်တို့သည် ယောင်ရှင်းဟွာ၏အနောက်ဘက်တွင် တစ်ဖက်တစ်ချက်စီ ရပ်နေကြပြီး ထန်ဝေ၊ ထန်ထန် မောင်နှမတို့နှင့်အတူ ကံဆိုးကာ အဖမ်းခံရသည့်အထဲ ပါလာသော ကွမ်းယန်ယန်တို့အား ပြုံးစိစိ မျက်နှာထားဖြင့် လက်ပိုက်ကြည့်နေကြသည်။
"ဘာတွေ မှားလို့လဲ။ သခင်လေးထန် ... ကြောက်နေတာလား။"
ခြေတစ်ဖက်ချိတ်ထိုင်နေသော ယောင်ရှင်းဟွာသည် စီးကရက်မှ ပြာများကို တောက်လိုက်ပြီး လှောင်ပြောင်လိုက်သည်။
ထန်ဝေ၏အမူအရာသည် လွန်စွာ တည်ငြိမ်နေသည်။ သူသည် ယောင်ရှင်းဟွာ၏ကျေနပ်နေသော အမူအရာကို ကြည့်ကာ
“မင်းကို ပြောဖို့ မေ့နေတာ တစ်ခုရှိတယ်။ မင်းအဘိုးကို ငါ ကြောက်ကောင်း ကြောက်နိုင်ပေမယ့် မင်းရဲ့ယောင်မိသားစုကို ငါ ဘယ်တော့မှ မကြောက်ဘူး။ ယောင်ရှင်းဟွာ … မင်းကို ယောင်တွေရဲ့ အထူးချွန်ဆုံး ဂျူနီယာလို့ ငါ ထင်ခဲ့မိတယ်။ ဒါပေမယ့် မင်း ဒီလှည့်ကွက်လေးတွေလောက်ပဲ လုပ်နိုင်လိမ့်မယ်လို့ ငါ မမျှော်လင့်ထားဘူး။ ငါ မင်းကို အများကြီး ပိုတွက်ထားမိပုံရတယ်။"
"ထန်ဝေ … မင်းက နှုတ်သီးကောင်း လျှာပါး ပြောရတာ ပျော်စရာကောင်းနေတယ်ပေါ့။" ယောင်ရှင်းဟွာက သရော်လိုက်သည်။
"တကယ်တော့ ငါ မင်းကို ဂရုစိုက်ချင်နေတာ ကြာပြီ။ ဒါပေမယ့် ကိစ္စအမျိုးမျိုးကြောင့် နှောင့်နှေးခဲ့ရတာ စိတ်မကောင်းစရာပဲ။ မင်းတို့ထန်မိသားစုက နေဝင်ချိန်တန်နေပြီ။ မင်းတို့အားလုံး တရုတ်ပြည်က နှင်ထုတ်ခံရဖို့ သိပ်မကြာတော့ဘူး။ နောက်ဆို မင်းက ထန်မိသားစုရဲ့ ကြီးကျယ်ခမ်းနားတဲ့ သခင်လေး မဟုတ်တော့ပေမယ့် ခွေးလေခွေးလွင့်တစ်ကောင်တော့ ဖြစ်လာလိမ့်မယ်။”
"ယောင်ရှင်းဟွာ … မင်း နှောင့်နှေးခဲ့ရတာက ငါ့ညီ ထန်ရှုရဲ့ အနိုင်ကျင့်တာကို ခံခဲ့ရတဲ့ ကိစ္စရပ်တွေကြောင့်ဆိုတာ ငါသိပါတယ်။ ဒါတောင် ဒီလို ရှက်စရာကောင်းတဲ့အရာကို မင်းက ပြောချင်သေးတာလား။ ငါတော့ မင်းအစား အရမ်းရှက်တယ်။"
မှုန်ကုပ်သော မျက်နှာဖြင့် ထန်ဝကေ လှောင်ပြောင်လိုက်သည်။
"ငါတို့ထန်မိသားစုက အနာဂတ်မှာ ဘယ်လို ဖြစ်မလဲဆိုတာ မင်း တကယ် ခန့်မှန်းနိုင်မယ်လို့ ထင်လား။"
…ထန်ရှု…
ယောင်ရှင်းဟွာသည် စက်ဆုပ်နေဟန်ဖြင့် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားသည်။ သည်နာမည်က သူ အမုန်းဆုံးနာမည် … အထူးသဖြင့် သည်နာမည်ပိုင်ရှင်ကိုပင်။ ထိုသူအား အစိတ်စိတ်အပိုင်းပိုင်း ဖြတ်ကာ အရွတ်တွေကို ဆွဲထုတ်ဖို့ပင် သူ ဆန္ဒရှိပေသည်။
ယောင်ရှင်းဟွာက ထန်ဝအေား အေးစက်စက် အကြည့်ဖြင့် ကြည့်လိုက်ပြီး
"ထန်ဝေ … မင်းရဲ့လေသံက အတော် နားဝင်မချိုတာပဲ။ ဒါပေမယ့် မင်းရဲ့အရိုးတွေက ကောင်းကောင်း မာရဲ့လားတော့ ငါမသိဘူး … ဒါပေမယ့် မင်း စိတ်ချပါ။ ငါ့ရဲ့ဒီညီငယ်နှစ်ယောက်က မင့်ညီမကို မျက်စိကျနေတာ ကြာပြီ။ မင့်ညီမလေးရဲ့အရိုးတွေ မာလား … မမာဘူးလားဆိုတာ မင်း သေချာပေါက် မကြိုးစားချင်ဘူးလား။”
“ဟီးဟီးဟီး…”
ယောင်ရှင်းလဲ့နှင့် ယောင်ရှင်းထောင်တို့သည် သူတို့၏ မေးစေ့များကို ပွတ်သပ်ကာ ထန်ထန့်ကို ကြည့်ခြင်းဖြင့် ရမ္မက်ဇောကြွသည့်အမူအရာများကို တမင်တကာ ထုတ်ဖော်ပြသခဲ့ကြသည်။
ထန်ထန်ကမူ ကြောက်ရွံ့ဟန် နည်းနည်းမျှ မပြဘဲ သူမ၏ရင်ဘတ်သေးသေးလေးကိုပင် ချီကာ “နင့်ရဲ့ဒီခွေးနှစ်ကောင်က ဘာမှ အသုံးမကျတဲ့ အမှိုက်တွေပါ ယောင်ရှင်းဟွာ။ နင် မသိဘူးလို့တော့ ငါ့ကို မပြောဘူးမလား ဟာဟ။ ဒီခွေးတွေက ငါ့အပေါ် လက်ညိုးတစ်ချောင်း တင်ရဲရင် တင်ကြည့်လေ … ငါတို့မိသားစုအကုန်လုံးက ပုံအောပြီး မလုပ်ဘူးမထင်နဲ့။ နင့်မိသားစုက အရမ်းသန်မာကောင်း သန်မာနိုင်ပေမယ့် ထန်မိသားစုမှာ ဘာဝှက်ဖဲအမျိုးအစား သိမ်းထားလဲဆိုတာ ယောင်မိသားစုက သိရဲ့လား။ အချိန်ရောက်လာရင် ဟွန့် ...."
ထန်ဝသေည် တွေကနဲ ဖြစ်သွားပြီး သူ့ညီမ၏ မမျှော်လင့်ထားသော ခပ်တင်းတင်းရပ်တည်နေမှုအား ကြည့်မိသော်လည်း ယောင်ရှင်းဟွာ၏ အကြံအစည်အား ဟန့်တားလိုသည့် ညီမဖြစ်သူ၏ရည်ရွယ်ချက်အား ဖျတ်ခနဲ မြင်လိုက်ရသည်။ သူက ချက်ချင်းပင် ဇာတ်ညွှန်းအတိုင်း လိုက်နာပြီး သူမအား တမင်တကာ အော်ဟစ်လိုက်သည်။
"ထန်ထန် … ပါးစပ်ပိတ်ထား။"
ထန်ထန်၏မျက်လုံးများ အရောင်တောက်သွားသည်။ သူမ၏အစ်ကိုကြီးသည် သူမ ဘာတွေ လုပ်နေသည်ကို သိနေသည်။ ထို့ကြောင့် ထန်ထန်သည် မကျေမနပ်ဖြစ်သွားသော အမူအရာကို တမင်တကာ ထုတ်ပြပြီး သူမ၏မျက်နှာအား ဘေးသို့ လွှဲလိုက်သည်။
ယောင်ရှင်းဟွာ၏နှလုံးသားလေး အနည်းငယ် လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားရသည်။ ပေကျင်းရှိ မိသားစုကြီးတစ်ခု၏မျိုးဆက်သစ်တစ်ဦးအနေဖြင့် မိသားစုကြီးတစ်ခုစီတွင် ဝှက်ဖဲများ ကိုယ်စီရှိကြောင်း သူ သိထားသည်။ သူ့အဖိုးကလည်း ထန်မိသားစုသည် အပေါ်ယံမြင်နေသလို အားမနည်းဘူးဟု လွန်ခဲ့တဲ့ ရက်အနည်းငယ်က ပြောခဲ့ဖူးသည်။ သူတို့ အင်္ကျီလက်တွေကြားမှာ ကတ်တချို့ ရှိမှာ သေချာပေါက်ပင်။ ထို့ကြောင့် သူ့အဘိုးက အာမာကျားအား ပေကျင်းသို့ ကိုယ်တိုင် ဖိတ်ခေါ်ခဲ့သည်။
ဖြစ်နိုင်တာက…
ထန်မိသားစုသည် အာမာကျားကို လုံးဝ ကြောက်မနေသည်ကို တွေးကြည့်ပါက သူတို့တွင် မည်သည့်ဝှက်ဖဲ ရှိနေပါသနည်း။
သူသည် ကျင့်ကြံသူများနှင့် ပတ်သက်သည့် ကိစ္စများကို များများစားစား မသိသော်လည်း ထန်ထန်၏စကားနှင့် ထန်ဝေ၏တုံ့ပြန်မှုကြောင့် စိတ်ထဲတွင် ကြိတ်ကာ သတိရှိစေပြီး သူ၏ယခင်အစီအစဉ်အချို့ကို ပြောင်းလဲရန် ဆုံးဖြတ်ခဲ့သည်။ သို့သော်လည်း သူသည် သူ၏ဝမ်းကွဲနှစ်ယောက်အား ထန်ထန်ကို မုဒိမ်းကျင့်ရန် အမှန်တကယ် မကြံစည်ထားခဲ့ပေ။ သူ ခြိမ်းခြောက်သည့်အတိုင်း ထန်ထန့်ကို အနိုင်ယူရန် လုံးဝ အစီအစဉ် မရှိချေ။ သူ၏ရည်ရွယ်ချက်မှာ အလွန် ရိုးရှင်းသည်။ သူက ထန်ဝကေို အရှက်ခွဲပြီး ထန်မိသားစုကို အနိုင်ကျင့်ချင်သည်။ ထန်ဝကေ အလျှော့ပေးပြီး ဦးညွှတ်နေသရွေ့ ထန်မိသားစု၏ မျက်နှာကို ဖြတ်ရိုက်လိုက်ခြင်းနှင့် အတူတူပင်။
"တစ်ယောက်ယောက်က ဒီကိုလာပြီး ထန်ဝကေို သင်းကွပ်စမ်း။ ဂုဏ်သိက္ခာရှိတဲ့ ထန်မိသားစုရဲ့ သခင်လေးက ကမ္ဘာပေါ်မှာ နောက်ဆုံး အသက်ရှင်ကျန်တဲ့ မိန်းမစိုး ဖြစ်လာမယ်ဆိုရင် အနာဂတ်မှာ ဘယ်လို စိတ်ဝင်စားစရာကောင်းတာတွေ ဖြစ်လာမလဲဆိုတာ ငါ တကယ် သိချင်စမ်းမိတယ်။" ယောင်ရှင်းဟွာက လက်ခုပ်တီးကာ ကျယ်လောင်စွာ အော်လိုက်သည်။
ချက်ချင်းပင် ကိရိယာတန်ဆာပလာများကို ပြင်ဆင်ထားပြီးဖြစ်သော မျက်နှာထားတင်းတင်းနှင့် လူလေးယောက်သည် ထန်ဝေ၏အရှေ့သို့ ရောက်လာသည်။ နှစ်ယောက်က ချုပ်နှောင်ထားသော ထန်ဝကေို ကိုင်ပြီး ခုံတန်းရှည်ပေါ်တွင် ဖိထားသည်။
“ကမ္ဘာပေါ်မှာ နောက်ဆုံးအသက်ရှင်ကျန်နေတဲ့ မိန်းမစိုးတဲ့လား။ အဲ့ဒါက တကယ်ကို စိတ်ဝင်စားဖို့ကောင်းတဲ့ စိတ်ကူးပဲ။”
အဝေးမှ ထူးဆန်းသော အသံတစ်ခု ထွက်ပေါ်လာသည်။ ထိုအသံပျောက်ကွယ်သွားသည့်ခဏ ဝေ၀ဝေါးဝါး အရိပ်တစ်ခုသည် ထန်ဝေ၏အနီးတွင် ရုတ်တရက် ပေါ်လာသည်။ ချီအလင်းတန်းလေးခု ထွက်ပေါ်လာပြီး ထန်ဝေ၏အနီးတွင် ရှိနေသော ခပ်တောင့်တောင့် လူလေးယောက်သည် နေရာတွင် ရပ်နေရင်းပင် ၎င်းတို့၏ခန္ဓာကိုယ်များ အေးခဲသွားသည်ကို ချက်ချင်း ခံစားလိုက်ရသည်။
ယောင်ရှင်းဟွာက ကုလားထိုင်ပေါ်ကနေ ရုတ်ခြည်းပင် ထလာပြီး ထိတ်လန့်တကြား ကြည့်မိသည်။ သူ့အား ထိတ်လန့်စေသည့်အရာမှာ ထန်ရှု ရောက်ရှိလာခြင်းကြောင့် မဟုတ်ဘဲ သူ၏မျက်စိရှေ့တွင်ပင် ထန်ရှု၏ ပုံရိပ်သည် ထန်ဝေ၏ညာဘက်ဘေးတွင် မယုံကြည်နိုင်လောက်စရာ ရုတ်တရက် ပေါ်လာခြင်းကြောင့် ဖြစ်သည်။ ထိုကြောက်မက်ဖွယ်အမြန်နှုန်းသည် သူ၏တစ်သက်တာတွင် တစ်ခါမျှ မမြင်ဖူးသော အရာတစ်ခုဖြစ်သည်။
ယောင်ရှင်းလဲ့ မျက်မှောင်ကြုပ်သွားကာ ရှေ့တိုးလာရင်း
အော်ဟစ်လိုက်သည်။
“မင်းတို့က ဘယ်သူ့ခွေးတွေလဲ။”
… ရွှစ်...
လခြမ်းပုံဓားတစ်လက်သည် အလွန်လျင်မြန်သော အရှိန်ဖြင့် လှည့်ပတ်လာကာ ယောင်ရှင်းလဲ့၏ လည်ပင်းအား တိုက်ရိုက် ခုတ်ပိုင်းသွားသည်။ တစ်စက္ကန့်မပြည့်မီအတွင်း ယောင်ရှင်းလဲ့သည် သူ၏အမြင်အာရုံမှာ အဆက်မပြတ် ရွေ့လျားနေပြီး ကောင်းကင်နှင့်မြေကြီးသည် ချာချာလည်နေသကဲ့သို့ ခံစားလိုက်ရသည်။ သူ နောက်ဆုံးမြင်လိုက်ရသည်မှာ အခန်း၏မျက်နှာကျက်၊ ဦးခေါင်းမဲ့ ခန္ဓာကိုယ်နှင့် လည်ပင်းမှ ပန်းထွက်နေသော သွေးများပင်...
မျက်နှာဖုံးစွပ်ထားသော အဖြူရောင် အလင်းတန်းတစ်ခုသည် ထန်ရှု၏ဘေးတွင် တိတ်တဆိတ် ပေါ်လာပြီး သွေးစွန်းနေသော လခြမ်းဓားသည် ပျောက်ကွယ်ကာ ထိုသူ၏လက်ထဲသို့ ပြန်ဝင်သွားတော့သည်။
…ဘန်း…ဘန်း…ဘန်း…
လူများစွာ ကြမ်းပြင်ပေါ်သို့ ပြိုလဲကျသော အသံများသည် ဘေးနှစ်ဖက်စလုံးတွင် ကြားနေရဆဲဖြစ်သည်။ ယောင်ရှင်းဟွာ၏လူ ၂၀ကျော်သည် ၎င်းတို့၏ လည်ချောင်းများကို အသည်းအသန် အုပ်ကိုင်ပြီးနောက် အကြောများ အဆက်မပြတ်ဆွဲကာ ကြမ်းပြင်ပေါ်သို့ လဲကျသွားပြီး ၎င်းတို့၏ လှုပ်ရှားမှုများ တဖြေးဖြေး ရပ်တန့်သွားခဲ့သည်။
ယောင်ရှင်းဟွာ၏မျက်နှာသည် ဖြူဖတ်ဖြူလျော် ဖြစ်နေသည်။ ကျင်းမန်ကျွန်းတွင် ပရဟိတပွဲ တက်ရောက်ခဲ့သောညအား သူ ပြန်သတိရသွားခဲ့သည်။ ထိုညတွင် သူ ဘာမှ မသိလိုက်ရပါဘဲ သတိလစ်သွားခဲ့သည်။ ပါးနပ်ချက်ချာသောသူပီပီ သူ့ကို သတိလစ်သွားစေသောလူမှာ ထန်ရှုဖြစ်သည်ဟု သူ ပြောနိုင်သည်။ ယခုဆိုလျှင် ကြောက်ခမန်းလိလိ ခွန်အားကို ပြသခဲ့သော ထန်ရှုနှင့် သူခေါ်ဆောင်လာသော အဖြူရောင်မျက်နှာဖုံး တပ်ထားသည့်လူကြောင့် ယောင်ရှင်းဟွာတစ်ယောက် အန္တရာယ်ဟူသောစကားလုံးအား ခံစားမိနေပြီဖြစ်သည်။
သို့သော် သူ့အား အထိတ်လန့်ဆုံးအရာမှာ သူ၏လူအယောက် ၂၀သည် တိတ်တိတ်ဆိတ်ဆိတ် အသတ်ခံလိုက်ရခြင်းပင်ဖြစ်သည်။ မည်သူလုပ်သွားမှန်းပင် သူ မသိလိုက်ရပါချေ။
“ထန်ရှု …”
ယောင်ရှင်းဟွာ၏ပါးစပ်မှ ဒေါသတကြီး အော်လိုက်သံ ထွက်လာသည်။
ထန်ရှု၏နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု တွဲခိုလာသည်။ သူသည် ထန်ဝေ့ကို ချည်ထားသောကြိုးအား ခွန်အားဖြင့် ဖြတ်ပေးလိုက်ပြီးနောက် ထန်ထန်၏အရှေ့သို့ လျှောက်သွားကာ ပေါ့ပေါ့ပါးပါး ရယ်မောလိုက်ရင်း
“ကြောက်သွားလား။”
ထန်ထန်၏မျက်လုံးများ အရောင်တလက်လက် ဖြစ်နေသည်။ သူမ၏သည်အစ်ကိုကြီးကို သဘောကျလှပြီး သူ့အကြောင်းများကိုလည်း အများကြီး ကြားခဲ့ရသည်။ သူမ၏မျက်လုံးများသည် စိတ်အားထက်သန်မှုနှင့် လိမ္မာပါးနပ်မှုတို့ ပြည့်နှက်နေကာ မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်ဖြင့် ရယ်မောရင်း
“အရင်က ငါ ကြောက်တယ် အစ်ကိုကြီးရှု။ ဒါပေမယ့် ဒီကို အစ်ကိုကြီး ရောက်လာပြီဆိုတော့ မကြောက်တော့ဘူး။"
ထန်ရှုက ပြုံးပြီး သူမကို ချည်နှောင်ထားသည့် ကြိုးကို ဖြည်ပေးလိုက်သလို ကွမ်းယန်ယန်ကိုလည်း ကြိုးဖြည်ပေးလိုက်သည်။ ထို့နောက် သူက အပြုံးဖြင့် "လူတစ်ယောက် ခုလေးတင် ပြောသွားတဲ့ စကားကို မင်းတို့ ကြားလိုက်တယ်မလား။ ကမ္ဘာပေါ် မှာ နောက်ဆုံး အသက်ရှင်ကျန်နေတဲ့ မိန်းမစိုးက အလွန် စိတ်ဝင်စားဖို့ ကောင်းတယ်ဆိုပြီး သူ ထင်နေရှာတယ်။ ဒါကြောင့် ဒီသတင်းကို ကောင်းကောင်း ဖြန့်ပေးဖို့ မင်းတို့ကို ငါ တောင်းဆိုလိုက်ပါရစေဦး … ယောင်မိသားစုရဲ့သခင်လေး ယောင်ရှင်းဟွာက ကမ္ဘာပေါ်မှာ နောက်ဆုံးအသက်ရှင်ကျန်နေတဲ့ မိန်းမစိုးလေး ဖြစ်လာခဲ့ပြီဆိုတဲ့အကြောင်း။"
“အစ်ကို…”
ယောင်ရှင်းထောင်၏မျက်နှာသည် သိသိသာသာ ပျက်သွားပြီး ဖြူဖတ်ဖြူလျော် ဖြစ်လာသည်။ သို့သော် စကားမဆုံးသေးခင် သူ၏ခေါင်းသည် ပြတ်သွားခဲ့ပြီဖြစ်သည်။ ကံကောင်းထောက်မသဖြင့် သရဲအိမ်သည် အတန်ငယ် မှောင်မိုက်နေပြီး ယောင်ရှင်းလဲ့နှင့် ယောင်ရှင်းထောင်တို့သည် ထန်ထန်၊ ကွမ်းယန်ယန်တို့နှင့် အတော်အတန် ဝေးကွာသောကြောင့် သူတို့၏အသွင်အပြင်ကို ရှင်းလင်းစွာ မမြင်နိုင်ပေ။ နို့မဟုတ်ပါက ထိုမိန်းကလေးနှစ်ယောက် ကြောက်လန့်သွားမှာ သေချာသည်။
ထန်ဝသေည် ထိုင်ခုံမှ တွားသွားထလာကာ ဆန်းကြယ်သောပညာရပ်ကြောင့် အကြောသေသွားသည့် လူလေးယောက်အား ခပ်ပြင်းပြင်း လက်သီးချက်များ ကျွေးလိုက်သည်။ ထို့နောက် ထန်ရှုအနားသို့ ရောက်လာပြီး
"ထန်ရှု … ဒီခွေးသူတောင်းစား ယောင်ရှင်းဟွာကို သတ်ပစ်လိုက်။"
"ကျွန်တော် လုပ်ပါ့မယ်။ ဒါပေမယ့် အခုတော့ မဟုတ်သေးဘူး။" ထန်ရှုက ရယ်မောလိုက်ပြီး “အကိုကြီးဝေ … သူတို့ကို အိမ်အရင်ခေါ်သွား။ ဒီကိစ္စပြီးရင် အစ်ကို့ကို ကျွန်တော် ပြန်လာရှာမယ်။"
"မင်းကို ကူညီပေးဖို့ ငါ ဒီမှာ နေခဲ့မယ်။" ထန်ဝကေ အမြန် ပြောသည်။
"မနေခဲ့နဲ့ … မင်းရဲ့အကူအညီ လိုမှာမဟုတ်ဘူး။" ထန်ရှုက ခေါင်းယမ်းကာ အပြုံးဖြင့်
"ကျွန်တော် ဒီပြဿနာကို လွယ်လွယ်လေး ဖြေရှင်းနိုင်ပါတယ်။"
ထန်ဝေ ချီတုံချတုံဖြင့် တိတ်တဆိတ် ခေါင်းညိတ်ပြပြီး
"ဒါဆို မင်းကို အဘိုးရဲ့ စံအိမ်မှာ ငါတို့စောင့်နေမယ်။"
မိနစ်အနည်းငယ်ကြာပြီးနောက် ထန်ရှုသည် အစောပိုင်းက ယောင်ရှင်းဟွာ သုံးနေခဲ့သော ကုလားထိုင်ဆီသို့ လျှောက်သွားကာ ထိုင်လိုက်ပြီး ကြမ်းပြင်ပေါ်တွင် ခွေခွေကလေးလဲကာ ညည်းညူနေသည့် ယောင်ရှင်းဟွာကို ကန်ထည့်လိုက်သည်။ ထို့နောက် သူက ပြုံးပြီး
“ဘယ်လိုနေလဲ။ ဘုရားသခင်က မင်းကို အေးစက်စက် ဆက်ဆံနေလို့လား။ မဟုတ်ဘူးမလား။ မင်းရဲ့အိပ်မက်တွေ တကယ်ဖြစ်လာပြီး မင်းက ကမ္ဘာပေါ်မှာ နောက်ဆုံးအသက်ရှင်ကျန်တဲ့ မိန်းမစိုး ဖြစ်လာပြီ။ ထူးခြားတဲ့ ဂုဏ်အသရေ ဒါမှမဟုတ် တစ်ခုခုကို ခံစားရလား။”
"ထန်ရှု … ယီးပဲကွ…"
ထန်ရှု၏လက်ဖဝါးမှ စုပ်ယူသောအားတစ်ခု ထွက်ပေါ်လာပြီး ယောင်ရှင်းဟွာ၏လည်ပင်းကို ဆုပ်ကိုင်ကာ ကြမ်းပြင်ပေါ်တွင် ဒူးထောက်စေလိုက်သည်။
“ကျိန်ဆဲပြီးရင် အခု မင်း သေတော့မယ်။ မသေချင်ရင် မင်းမိသားစုရဲ့ အကြီးအကဲတွေကို ခေါ်လိုက်။ မင်းကို ဒီကို လာကယ်ပေးဖို့ ပြော။ အာမာကျားကိုပါ လာခိုင်းလိုက်။"
***