မျက်နှာသာပေးသောကမ်းလှမ်းချက်ကို ငြင်းပယ်ခြင်း
Vol. 41 Ch. 565
အရှက်ရခြင်းသည် မြွေပွေးကိုက်ခံရခြင်းနှင့် အလားတူပြီး နှလုံးသားထဲတွင် တတိတိဖြစ်နေသော နာကျင်မှုအား ခံနိုင်ရည်ရှိရန် ခက်ခဲစေသကဲ့သို့ ကြောက်ရွံ့မှုသည်လည်း စိတ်ဝိညာဉ်ထိတိုင် အေးစိမ့်သွားစေကာ ခံနိုင်ရည်ရှိရန် ခက်ခဲစေသည်။ ယောင်ရှင်းဟွာသည် လာ့စ်ဗီးဂတ်စ်ရှိ အမြင့်ဆုံး အဆောက်အအုံထိပ်တွင် တစ်ချိန်က ရပ်နေခဲ့စဉ်က သူသည် ကမ္ဘာပေါ်တွင် ပြိုင်ဘက်မရှိဟု စိတ်ကြီးဝင်စွာ တွေးတောနေခဲ့ဖူးသည်။ သူ့ကိုယ်သူ ထူးချွန်ထက်မြက်သော လူငယ်မျိုးဆက်သစ်များ၏ ခေါင်းဆောင်အဖြစ် မှတ်ယူထားပြီး ကမ္ဘာပေါ်ရှိ ထူးချွန်သူများကြားတွင် အကောင်းဆုံးဖြစ်သည်ဟု ခံယူထားခဲ့သည်။
သို့သော် ယခုအခိုက်အတန့်တွင် ရှက်ရွံ့ခြင်းနှင့် အနိုင်ကျင့်ခံရခြင်းတည်းဟူသော ခံစားချက်တို့သည် ကြောက်ရွံ့ထိတ်လန့်ခြင်းတို့နှင့် ရောယှက်နေသည်။ သူ၏နှလုံးသားသည် ခြွေချခံလိုက်ရသော ပြာများသဖွယ် စိတ်ပျက်အားငယ်မှုနှင့် ပြည့်နေ၏။ သူသည် ရေတွင်းအောက်ခြေမှ ကောင်းကင်ကို မော့ကြည့်ရင်း စိတ်ကြီးဝင် ဘဝင်မြင့်ခဲ့သည်မှန်း ယခုအခါ သဘောပေါက်ခဲ့ပြီဖြစ်သည်။ ထန်ရှုသည် သူ ကိုင်တွယ်နိုင်သောနေရာမှ အလှမ်းဝေးသော အရပ်တွင် ရှိနေသောသူ ဖြစ်နေခဲ့သည်။
အဟွတ်…အဟွတ်…
“ငါ့ကို သတ်လိုက်ပါ။” ထန်ရှုက ယောင်ရှင်းဟွာ၏လည်ပင်းကို ဖိထားသောကြောင့် သူ၏မျက်နှာမှာ နီရဲနေပြီး ခက်ခက်ခဲခဲ စကားပြောနေရသည်။
…ဘန်း…
ထန်ရှုက ခွန်အားအပြည့်မသုံးဘဲ သူ၏ရင်ဘတ်ကို ကန်ထုတ်လိုက်သဖြင့် သူ သက်သာရာ ရသွားသော်လည်း သူ၏နံရိုးပေါင်းများစွာ ကျိုးသွားခဲ့လေသည်။ ထန်ရှုက အနည်းငယ် ကောက်ကျစ်သော အကြည့်ဖြင့် ယောင်ရှင်းဟွာအား ကြည့်ကာ အေးစက်စက် ပြုံးလိုက်ပြီး
"မင်းက သေချင်နေတယ်ပေါ့။ မင်း သေနိုင်မယ်လို့ တကယ် ထင်တာလား။ မင်းက မိုက်ရိုင်းစွာ နိုးထလာခဲ့တာပဲ ငါ့လူ။ မင်းကို သေအောင် လုပ်ဖို့ ငါ့မှာ မရေမတွက်နိုင်တဲ့ နည်းလမ်းတွေရှိပေမယ့် မင်း သေချင်နေရင်တောင်မှ သေလို့ရမှာမဟုတ်ဘူး။ အဲ့ဒါကို ယုံထား။"
…ဟမ့်…
ကြမ်းပြင်ပေါ်တွင် လဲနေပြီး သူ၏ရင်ဘတ်အား လက်ဝါးဖြင့် ဖိထားသော ယောင်ရှင်းဟွာသည် အလွန်အမင်း နာကျင်နေသော်လည်း အလျှော့ပေးသေးဘဲ အေးစက်စက် နှာခေါင်းတစ်ချက် ရှုံ့ကာ တုံ့ပြန်လိုက်သည်။
ထန်ရှု၏နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ဖြစ်ပေါ်လာပြီး ယောင်ရှင်းဟွာ၏နံဘေးတွင် ရိပ်ကနဲ ပေါ်လာသည်။ သူ၏လက်ချောင်းလေးများသည် ယောင်ရှင်းဟွာ၏ ခန္ဓာကိုယ်ထက်ရှိ သွေးကြောမှတ်ပေါင်းများစွာအား နှိပ်လိုက်ပြီးနောက် ကုလားထိုင်ပေါ်တွင် ပြန်ထိုင်လိုက်သည်။
“မင်းရဲ့လက်ရှိ ပကတိအခြေအနေနဲ့ဆို နာရီဝက်လောက်ပဲ မင်း ထိန်းထားနိုင်တော့မယ်။ ၂၅မိနစ် ကြာပြီးရင် မင်းကို ပြန်ပြီး အားပြည့်လာအောင် ငါ ပြန်ပြီး ကုသပေးမယ်။ ပြီးသွားရင် မင်းကို ဒီလို အံ့သြစရာကောင်းတဲ့ ခံစားချက်ကို ထပ်ပြီး ခံစားရအောင် ငါ ထပ်လုပ်ပေးမယ်။ ဟုတ်သားပဲ … ငါ့စကားတွေကို မင်း မယုံဘူးမဟုတ်လား။ ငါ့မှာ အခြားပုံရိပ်တစ်ခု ရှိသေးတယ်ကွ။ လူတွေက ချီးကျူးကြတဲ့ နတ်ဆေးသမားတော်လေးဆိုတာ ငါပဲလေ အဟွန်း…ဟွန်း။”
ယောင်ရှင်းဟွာသည် ဒေါသထွက်ရလွန်းသဖြင့် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားခဲ့ကာ သူ၏နဖူးထက်မှ သွေးကြောစိမ်းများသည်လည်း ပေါက်ထွက်တော့မည့်အလား ဖုဖောင်းလာပြီး မျက်လုံးများထဲတွင် သွေးများပြည့်လာခဲ့သည်။ စူးရှသော နာကျင်မှုသည် သူ၏စိတ်ဝိညာဉ် အနက်ရှိုင်းနေရာမှ ထွက်လာသည့်အလားပင်။ သူသည် တစ်ချိန်က နိုင်ငံရပ်ခြားတွင် ဆိုးရွားလွန်းလှသည့် လေ့ကျင့်မှုတစ်ခုအား ခံယူခဲ့ဖူးသော်လည်း ထိုနာကျင်မှုအားလုံးအား အကုန်စုပေါင်းလိုက်ပါမှ ယခု ခန္ဓာကိုယ်နာကျင်မှု၏တစ်ထောင်ပုံဆယ်ပုံမျှသာ ရှိသေးသည်။
သူ၏နာကျင်မှုဝေဒနာများသည် မရေမတွက်နိုင်သော လူမဆန်သည့် ညှဉ်းပန်းနှိပ်စက်မှုများမှ ဆင်းသက်လာပြီး ထိုခံစားချက်က သူ့အား ငရဲ၁၈ထပ်ထဲ ရောက်နေသည့်အလားပင်။ သူ အော်ဟစ်လိုက်ချင်သော်လည်း တိုးညှင်းခြောက်ကပ်သောအသံတစ်ခုသာ သူ၏လည်ချောင်းထဲတွင် ကပ်နေသည်။ သူ့ကိုယ်သူ တကယ် သတ်သေချင်သည့်တိုင် ငရဲခံစားနေရသည့်အလား နာကျင်မှုဝေဒနာကြောင့် လက်ချောင်းလေးပင် မလှုပ်နိုင်တော့ပါပေ။ ယောင်ရှင်းဟွာတစ်ယောက် မသေမရှင်ဘဝဖြင့် ကိုယ်ရောစိတ်ပါ ပြင်းစွာသောဝေဒနာကို ခံစားနေရသည်။
လူတစ်ဦးသည် ထိုသို့သောအခြေအနေမျိုးကို တွေ့ကြုံခံစားနိုင်သည်ဟု နောက်ဆုံးတွင် ယောင်ရှင်းဟွာ နားလည်ခဲ့ပေသည်။ ထို့အပြင် ထန်ရှု၏စကားအရ သူသည် ငယ်ရွယ်သော နတ်ဆေးသမားတော်တစ်ဦးအဖြစ် အမှန်တကယ် ချီးကျူးခံရသည်ကို ယခုတော့ သူ ယုံကြည်ခဲ့ချေပြီ။ သည်ဝေဒနာအား သူ ဆက်ပြီး မခံနိုင်ဘဲ သေခါနီး ဖြစ်လာပါက ထန်ရှုက ပျောက်ကင်းအောင် ကုပေးပြီး သည်နာကျင်မှုအား ဆက်လက်ခံစားနေရအောင် လုပ်ပေးမည်ဆိုသည်မှာ ဖြစ်ကောင်းဖြစ်နိုင်သည်...
နောက်ဆုံးတွင် သူသည် အားမတန်မာန်လျှော့ကာ ထန်ရှု၏ ခွင့်လွှတ်မှုကို တောင်းခံရန် ကြိုးစားပြီး ထန်ရှု ခိုင်းသည့်အတိုင်း လုပ်ရန် ဆုံးဖြတ်လိုက်တော့သည်။ သို့သော် အဆုံးမရှိ နာကျင်မှုနှင့် စိတ်ပျက်အားငယ်မှုတို့ကြောင့် အသံသဲ့သဲ့သာ ထွက်နိုင်တော့သော သူ့အနေဖြင့် ထိုအကြောင်းအား မည်သို့မျှ မဖော်ပြနိုင်တော့ပါချေ။
နောက်ဆုံးတွင် ၂၅မိနစ် ကုန်သွားပြီးနောက် ထန်ရှုသည် ယောင်ရှင်းဟွာ၏ နာကျင်မှုဝေဒနာများကို သက်သာရာရစေရန် ချက်ချင်း လုပ်ပေးလိုက်သည်။ သေလုမြောပါး ခွေးတစ်ကောင်အလား ကြမ်းပြင်ပေါ်တွင် အသက်မဲ့စွာ လဲလျောင်းနေသော ယောင်ရှင်းဟွာကို ကြည့်ရင်း ထန်ရှုက လက်ခုပ်လက်ဝါးတီးလျက် သက်ပြင်းချကာ ချီးမွမ်းလိုက်သည်။
"ငါ့ရဲ့ အရင်ခန့်မှန်းချက်က မှန်နေတာပဲ။ မင်း တကယ့်ကို နာရီဝက်လောက် ခံနိုင်ခဲ့တယ်။ ဒီဝေဒနာကို မင်း ဆက်ပြီး အရသာခံနိုင်အောင် ငါ အခု မင်းကို ကုပေးလိုက်မယ်။ မင်း အဲ့ဒီလိုမျိုး သုံးရက်သုံးည ခံစားပြီးသွားရင် ပိုပြီးနာကျင်ရတဲ့ ခံစားမှုကို ငါ ပြောင်းပေးမယ်။ မင်း ခံစားရမယ့် ဝေဒနာက အခုထက် ဆယ်ဆ ပိုနေမယ်ဆိုတာ စိတ်ချထားလိုက်။"
ထိုစကားကို ပြောပြီးနောက် ထန်ရှုက ယောင်ရှင်းဟွာအား စတင်ကုသပေးသည့် ဟန်ဆောင်လိုက်သည်။
ယောင်ရှင်းဟွာ စိတ်ဓာတ်ကျသွားတော့သည်။ နောက်ဆုံး သူပြောနိုင်သောအခါတွင် သူက အလွန်ကျယ်လောင်သော အသံဖြင့်
“ငါ … လက်လျှော့ … ငါ … ဖုန်းခေါ်မယ် … ဒါပေမယ့် … ငါ့အသက်ကို လွှတ် … ငါ … မင်း ပြောတဲ့အတိုင်း လုပ်မယ်။”
"အာ … လက်လျှော့တာ မြန်လှချည်လား။” ထန်ရှုက ပုံမှန်မဟုတ်သော လေသံဖြင့် ပြောလိုက်သည်။
"ဒါက ယောင်မိသားစုထဲက သခင်လေးတစ်ယောက်ရဲ့ ပုံစံနဲ့ မတူဘူးနော် ဟုတ်တယ်မလား။"
အဲ့ဒီပုံစံနဲ့ဆို ငါ ငရဲကို သွားရတော့မှာလေ…
ယောင်ရှင်းဟွာ စိတ်ထဲတွင် ငိုကြွေးနေရသည်။ တခဏကြာ ခက်ခက်ခဲခဲ ရုန်းကန်ပြီးမှ သူ မတ်တတ်ရပ်နိုင်လာသည်။ ထို့နောက် ထန်ရှု ရှေ့သို့ မရောက်မီ မီတာဝက်အလိုတွင် ဒူးထောက်ကာ တွားသွားပြီး တောင်းပန်လိုက်သည်။
"ငါ မှားပါတယ်။ ငါ ထန်မိသားစုကို မပြစ်မှားခဲ့သင့်ဘူး။ ငါ မင်းကို မနှောင့်ယှက်သင့်ဘူး။ ငါ့အသက်ကို ချမ်းသာပေးပါ … ငါ မင်းကို တောင်းပန်ပါတယ်ကွာ... မင်း ငါ့ကို သတ်ရင်လည်း ငါ အဆင်ပြေပါတယ်။"
“ဟမ့် … ဘယ်လောက်တောင် သနားစရာ ကောင်းလိုက်လဲ။”
ထန်ရှုက သူ့အား မထီမဲ့မြင် ကြည့်လိုက်ပြီး အေးစက်စက် နှာခေါင်းတစ်ချက် ရှုံ့လိုက်သည်။
“ငါ မင်းကို မျက်နှာသာပေးခဲ့တုန်းက မင်း မယူခဲ့ဘူး။ အခု မင်းက ငိုယိုဒူးထောက်တောင်းပန်ပြီး မင်းကို အခွင့်အရေး ပေးစေချင်နေတာဆိုတော့ … ကောင်းပြီ။ မင်းကို ငါ မျက်နှာသာပေးလိုက်မယ်။ မင်းရဲ့ မိသားစု အကြီးအကဲကို ဒီကို လာအောင်လုပ်နိုင်ရင် ပိုကောင်းတယ်။ သူ မလာချင်ရင် အနည်းဆုံး အာမာကျားကို လာအောင် လုပ်ရမယ်။ မင်း အဲ့ဒီလောက်မှ မလုပ်နိုင်ရင်တော့ ဟမ့်..."
ယောင်ရှင်းဟွာ၏မျက်နှာအမူအရာ ပျက်သွားသည်။ ထိတ်လန့်သောအကြည့်ဖြင့် သူသည် လက်ကိုင်ဖုန်းကို ဆွဲထုတ်ကာ သူ၏အဘိုး ယောင်ချင်းဇွင်၏နံပါတ်အား တုန်ရီနေသော လက်ချောင်းလေးများဖြင့် နှိပ်ကာ ခေါ်လိုက်သည်။
" ရှင်းဟွာ … ဘာကိစ္စရှိလို့လဲ။" ဖုန်းဝင်သွားပြီးနောက် ယောင်ချင်းဇွင်၏ ခန့်ထည်လှသော အသံအား ဖုန်းထဲတွင် ကြားလိုက်ရသည်။
"အဘိုး … ကျွန်တော့်ကို ကယ်ပါဦး။" ယောင်ရှင်းဟွာက ရှိုက်ကြီးတငင် အော်ပြောလိုက်သည်။ "ကျွန်တော် မခံနိုင်တော့ဘူး။ သူက သိပ်ရက်စက်လွန်းတယ်…”
ယောင်မိသားစု၏ဘိုးဘွားစံအိမ်တွင်…
ယောင်ချင်းဇွင်သည် ခန့်ထည်စွာ ပြင်ဆင်ထားသော ကုလားထိုင်ထက်တွင် ထိုင်နေရင်း ဖုန်းပြောနေခြင်းဖြစ်ပြီး သုံပေဟူသည် မျက်နှာချင်းဆိုင်ထိုင်ခုံတွင် ထိုင်လျက် သူ့အား တည်ခင်းထားသော လက်ဖက်ရည်ကို မြည်းစမ်းနေသည်။ ယောင်ရှင်းဟွာ၏စကားကို ကြားပြီးနောက် ယောင်ချင်းဇွင်၏မျက်နှာသည် သိသိသာသာ ပျက်သွားကာ ရုတ်တရက် ထလိုက်မိသည်။
"ဘာဖြစ်တာလဲ။ သူဆိုတာ ဘယ်သူလဲ။"
"ထန်ရှု။ သူက ထန်ရှုပါ … ကျွန်တော် ထန်မိသားစုကို ထန်ဝကေတစ်ဆင့် အရှက်ခွဲမယ်လုပ်ထားတာ။ ဘယ်သူထင်မှာလဲ... အဘိုး … ကျွန်တော့်ကို မြန်မြန် ကယ်ပေးပါ။ ထန်ရှုက သိပ်ကြောက်ဖို့ ကောင်းတယ်။ ရှင်းလဲ့နဲ့ ရှင်းထောင်ကို သူပဲ သတ်လိုက်တာ။ အဘိုးသာ ဒီကို လူတွေ မပို့ရင် ကျွန်တော် သေသွားလိမ့်မယ်။ ကျွန်တော် မသေချင်သေးဘူး … သေရမှာ ကြောက်တယ်။”
ယောင်ချင်းဇွင်၏ခန္ဓာကိုယ်သည် တုန်လှုပ်သွားပြီး သူ၏မျက်လုံးများထဲတွင် မယုံကြည်နိုင်မှုများ ပြည့်နှက်နေသည်။ ရှင်းလဲ့နှင့် ရှင်းထောင်တို့သည် ၎င်း၏တိုက်ရိုက်မြေးများ မဟုတ်သည့်အပြင် ရိုင်းစိုင်းပြီး နာခံမှုမရှိလျှင်တောင်မှ ၎င်းတို့သည် ယောင်မိသားစုဝင်များ ဖြစ်နေဆဲဖြစ်ပြီး မိသားစု၏ အရည်အချင်း ရှိသော မျိုးဆက်သစ်များဟု ဆိုနိုင်သည်။
ယခုမူ ... ထိုယုတ်မာသော ထန်ရှု၏ သတ်ဖြတ်ခြင်းကို အမှန်တကယ်ပင် ခံလိုက်ရပြီလား။
"မင်း ဘယ်မှာလဲ။ ငါ ချက်ချင်း လူတချို့ကို အဲဒီကို ပို့ပေးလိုက်မယ်။” ယောင်ချင်းဇွင်က စိတ်လေးလံစွာဖြင့် မေးလိုက်သည်။
"အဘိုး … ထန်ရှုက သုံပေဟူကိုလည်း လာဖို့ ပြောခဲ့တယ်။ အာမာကျား မလာဘူးဆိုရင် ကျွန်တော့်အတွက် သေဖို့ကလွဲလို့ တခြားဘာမှ မရှိဘူးလို့ သူ ပြောတယ်။ ကျွန်တော်တို့မိသားစုရဲ့ လူတော်တော်များများ အသတ်ခံရပြီးပြီမို့ ကျေးဇူးပြုပြီး မြန်မြန်လာခဲ့ပေးပါဗျာ။ ကျွန်တော် … ကျွန်တော် အခု ချောင်းထုန်ခရိုင် ကျားပေါင်လဲ့ကစားကွင်းက သရဲအိမ်ထဲမှာ။"
ထိုမှသာ ယောင်ချင်းဇွင်၏အမူအရာမှာ ထိတ်လန့်သော အမူအရာသို့ ပြောင်းသွားခဲ့သည်။
…သူတို့ရဲ့လူတော်တော်များများ အသတ်ခံခဲ့ရပြီးပြီ ဟုတ်လား။ ဒါက ဘာကို ပြောတာလဲ။ ယောင်ရှင်းလဲ့နှင့် ယောင်ရှင်းထောင်တို့အပြင် အခြားသူတွေပါ အသတ်ခံလိုက်ရတာလား။
"အဲ့ဒီမှာ စောင့်နေ။" ယောင်ချင်းဇွင် ဖုန်းကို ချလိုက်ပြီး သုံပေဟူကို ကြည့်လိုက်သည်။
သုံပေဟူသည် ယောင်ချင်းဇွင်နှင့် ယောင်ရှင်းဟွာတို့၏ ပြောဆိုမှုကို ကြားပြီးဖြစ်သည်။ မိုက်ခရိုဖုန်းမှ ထုတ်လွှင့်သော အလွန်တိုးသည့် အသံကိုပင် သူ့အနေဖြင့် ရှင်းရှင်းလင်းလင်း ကြားနိုင်သေးသည်။ ယောင်ချင်းဇွင်၏မျက်လုံးများထဲမှ တောင်းပန်နေသည့် အကြည့်ကို ကြည့်ရင်း သူ တန်းမေးလိုက်သည်။
“ထန်ရှုက ထန်မိသားစုကလား။”
သုံပေဟူ လွန်စွာ အစွမ်းထက်ကြောင်း ယောင်ချင်းဇွင် သိသောကြောင့် ခေါင်းညိတ်ပြီး
“ဟုတ်တယ်။ သူက ထန်မိသားစုရဲ့ အထူးချွန်ဆုံး ဂျူနီယာဖြစ်ပြီး ငါ့မိသားစုရဲ့ အစီအစဉ်တွေကို အများကြီး ဖျက်စီးပစ်ခဲ့တဲ့လူပေါ့။”
"သူက ကောင်စုတ်လေးတစ်ယောက်ကလွဲပြီး ဘာမှ မဟုတ်ပါဘူး။" သုံပေဟူက ခေါင်းယမ်းပြီး ပြုံးပြုံးရွှင်ရွှင်ဖြင့် ပြောလိုက်သည်။
"သူက ငါ့နာမည်တပ်ပြီး အဲ့ဒီကို လာခိုင်းတဲ့အတွက် ငါကိုယ်တိုင် သွားရှင်းလိုက်မယ်။ ထန်မိသားစု … တကယ့်ကို အရူးတွေပဲ။ ထန်ကောရှန့်က ခုနစ်ရက် အချိန်ပေးပါဆိုလို့သာ။ နို့မဟုတ်ရင် ငါ ထန်မိသားစုဆီ သွားပြီး အခုပဲ သူတို့ကို ချေမှုန်းပစ်တယ်။"
“ခုနစ်ရက်က မကြာခင် ကုန်တော့မှာပါ။” ယောင်ချင်းဇွင်က လေးနက်စွာ ပြောလိုက်သည်။ “ထန်မိသားစုက သူတို့ဝါးနိုင်တာထက် ပိုစားနေတာမို့ သူတို့ ဆက်ပြီးကြောက်နေပါစေ။ မင်း ဒီမှာ ရောက်နေမှတော့ သူ့မိသားစုက ဘာမှ မွှေလို့ မရဘူး။"
သုံပေဟူသည် ယောင်ချင်းဇွင်၏စကားများကြောင့် အတော် ကျေနပ်သွားရပြီး ခေါင်းညိတ်ကာ ယောင်ချန်းချင်နှင့်အတူ အပြင်ဘက်ဆီသို့ လျှောက်သွားတော့သည်။
အချိန်များ တရွေ့ရွေ့ ကုန်ဆုံးလာရာ တစ်နာရီကျော်ကျော် ကုန်ဆုံးခဲ့ပြီဖြစ်သည်။ ယောင်ချန်းချင်သည် ချင်းထုန်ခရိုင်ရှိ ကျားပေါင်လဲ့ကစားကွင်းသို့ ယောင်မိသားစုမှ ဒါဇင်ချီသော အမျိုးသားများကို ဦးဆောင်လျက် သုံပေဟူနှင့်အတူ ရောက်လာသည်။ သရဲအိမ် အဝင်ပေါက်ရှေ့တွင် သုံပေဟူ ရပ်နေချိန်တွင် ယောင်ချန်းချင်က လေးစားသော အမူအရာဖြင့် “ဆရာသခင်ကျား … သူတို့တွေ အထဲမှာ။ ကျွန်တော် ခင်ဗျားကို ဒုက္ခပေးမိပါပြီ။"
ပြုံးကာ ခေါင်းယမ်းပြပြီး သရဲအိမ်ထဲသို့ ဝင်တော့မယ့်အချိန်တွင် သုံပေဟူ၏စူးရှသည့် မျက်လုံးများက သူ့မြင်ကွင်းအနီးနားက ပုံရိ ပ်ကို မြင်သွားခဲ့သည်။ တစ်ခဏမျှ ရပ်သွားပြီးနောက် သူသည် ထိုပုံရိပ်ဆီသို့ လျှပ်တပြက်အတွင်း သွားလိုက်ကာ စက္ကန့်ဝက်အကြာတွင် ထိုသူ၏အရှေ့တွင် ပေါ်လာခဲ့သည်။
"ဘယ်လိုဖြစ်ပြီး မင်းဖြစ်နေတာလဲ။" သုံပေဟူက မျက်မှောင်ကြုတ်ပြီး သူ့ရှေ့က တစ်စုံတစ်ယောက်ကို စိုက်ကြည့်နေမိသည်။
အနည်းငယ် ခါးသီးသော မချိပြုံးသည် တာအိုရှို့ယန်၏ မျက်နှာထက်တွင် ပေါ်လာသည်။ သူသည် ခေါင်းယမ်းကာ ကြိုတင်ပြင်ဆင်ထားသည့် ဝိုင်ပုလင်းကို မြှောက်လိုက်ပြီး
“ငါတို့ တစ်သက်လုံး သိလာပြီး ယှဉ်ပြိုင်နေကြပေမယ့် တစ်ယောက်ကို တစ်ယောက် သတ်ဖို့ ရည်ရွယ်ချက် တခါမှ မရှိခဲ့ဘူး။ ပြောရမယ်ဆိုရင် မင်းနဲ့ငါက သူငယ်ချင်းတစ်ပိုင်းလို့တောင် ပြောလို့ရတယ်။ မင်း ဒီနေ့ ခရီးတစ်ခု ထွက်တော့မှာမို့ သူငယ်ချင်းအဖြစ်နဲ့ တွေ့ဖို့ ငါ ပြင်ဆင်လာခဲ့တာ။ နောက်ဘဝဆိုတာရှိရင် မင်းကို ကိုယ့်အလုပ်ကိုပဲ အာရုံစိုက်ဖို့ ငါ ဆန္ဒပြုတယ်။”
"သောက်ကျိုးနည်း … ဒါက ဘာကို ဆိုလိုတာလဲ တာအိုကြီး။" သုံပေဟူ၏မျက်နှာသည် ပြောင်းလဲသွားပြီး အေးစက်စွာ မေးလိုက်သည်။
“မင်း ငါ့ကို မေးဖို့ မလိုတော့ဘူး။ မင်း ဒီကို ရောက်နေပြီဆိုတော့ မင်း ထွက်သွားဖို့ အရမ်းခက်သွားမှာပဲ ငါ ကြောက်တယ်။ ငါ ပြင်ဆင်လာတဲ့ ဒီဝိုင်ပုလင်းက မင်းကို လိုက်ပို့တဲ့ ဝန်ဆောင်မှုတစ်ခုအနေနဲ့ပါ။ လက်ခံပေးပါ။"
သူ တုန်လှုပ်သွားပြီး စိတ်အတွင်းက ထိတ်လန့်သွားသော်လည်း သုံပေဟူသည် ပုလင်းကို ယူမည့်အစား တာအိုရှို့ယန်အား စိုက်ကြည့်နေသည်။ အချိန်အတော်ကြာပြီးနောက် သူ စကားစပြောလိုက်သည်။
“မင်း ချိုးဖြတ်မှုတစ်ခု ပြီးသွားပြီလား။”
“အင်း။” တာအိုရှို့ယန်က ခေါင်းညိတ်လိုက်သည်။
"မင်း ချိုးဖြတ်မှုတစ်ခု ပြုလုပ်ပြီးတယ်ဆိုပေမယ့် ငါနဲ့ သဘောတရားတွေ စတင်နှိုင်းယှဉ်ဖို့က အဝေးကြီးပဲ။" သုံပေဟူက မထီမဲ့မြင် ပြောလိုက်သည်။
"ထန်မိသားစုရဲ့အဲ့ဒီမျိုးဆက်ကို မင်း တကယ် ကူညီချင်တယ်ဆိုရင် ငါတို့ကြားက နှစ်ပေါင်းများစွာ ခင်မင်ရင်းနှီးမှုကို ဂရုမစိုက်ဘဲ ဒီနေ့ မင်းကို ဒီမှာ သတ်တဲ့အတွက် ငါ့ကို အပြစ်မတင်နဲ့။"
တာအိုရှို့ယန်က ခေါင်းယမ်းရင်း မျက်ခုံးကို အနည်းငယ်တွန့်ကာ
“မင်း ငါ့ကို အထင်လွဲနေတာလား။ မင်းရဲ့ဓားကို ထန်မိသားစုကို ညွှန်ပြကတည်းက ထန်မိသားစုဝင်တွေ က မင်းကို ဆုံးမမယ့်သူတွေ ဖြစ်လာတာ သဘာဝပဲ။ ငါ ... မင်းကို လိုက်ပို့ရုံပဲ လာခဲ့တာ။ ပိုလည်း ပိုဘူး၊ လျော့လည်း မလျော့ဘူး။”
သုံပေဟူက တာအိုရှို့ယန်ကို လေးလေးနက်နက် စိုက်ကြည့်ပြီးနောက် ရုတ်တရက် ကျယ်လောင်စွာ ရယ်မောပြီး
"တာအိုရှို့ယန် … မင်းရဲ့ဒီဟာသက အရမ်းရယ်စရာ ကောင်းတယ်။ ဒီဝိုင်ပုလင်းက လိုက်ပို့တဲ့ဝိုင် မဖြစ်သင့်ဘူး … အောင်ပွဲခံတဲ့ဝိုင်ပဲ ဖြစ်သင့်တယ်။ မူလက ထန်မိသားစုကို အချိန်တစ်ခု ပေးဖို့ ငါ စီစဉ်ခဲ့ပေမယ့် အခုကြည့်ရတာ သူတို့ ဆုံးဖြတ်ချက် ချပြီးသားဖြစ်ပုံပဲ။ ဒီကောင်စုတ်လေးကို ဒီမှာ ဖယ်ရှားပြီးသွားရင် ထန်မိသားစုကိုပါ တစ်ခါတည်း ရှင်းပစ်မယ်။”
"မင်း တကယ် မသောက်ချင်ဘူးလား။" တာအိုရှို့ယန်က စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်သည်။
"ငါ သတ်ပြီးသွားရင် သောက်မယ်။" အာမာကျားက မထီတထီ ပြောလိုက်သည်။
“ကြည့်ရတာ ငါ အပင်ပန်းခံခဲ့တာတွေက အချည်းနှီးသက်သက်ဖြစ်သွားပြီထင်တယ်။” တာအိုရှို့ယန် သက်ပြင်းချလိုက်သည်။
"ဒီဝိုင်ကို မင်း လုံးဝမသောက်ဘူးဆိုရင် မင်း သွားတော့လေ။"
သုံပေဟူသည် အပြင်ပန်းတွင် လှောင်ရယ် ရယ်နေသော်လည်း စိတ်အတွင်းတွင် သတိကြီးစွာ ထားနေခဲ့သည်။ သူ ရိပ်ကနဲ ပျောက်ကွယ်သွားပြီး စက္ကန့်အနည်းငယ်အကြာတွင် သရဲအိမ်အတွင်း သူ ပေါ်လာသည်။
"သွေးနံ့တွေ ပြင်းလှချည်လား။"
သုံပေဟူသည် အတွင်းထဲသို့ ခြေချလိုက်သည်နှင့် မျက်မှောင်ကြုတ်သွားကာ သူ့မျက်နှာထက်ရှိ နိုးနိုးကြားကြား အကြည့်များက ပိုစိတ်လာခဲ့သည်။
***