← Chapters

သိုင်းသူတော်စင်တစ်ယောက်ကို ထောင်ချောက်ဆင်မည်

Vol. 39 Ch. 547

သိုင်းသူတော်စင်တစ်ယောက်ကို ထောင်ချောက်ဆင်မည်

Vol. 39 Ch. 547

အခန်း (၅၄၇) သိုင်းသူတော်စင်တစ်ယောက်ကို ထောင်ချောက်ဆင်မည်

လူတိုင်း မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားကို အမှတ်တမဲ့ လှမ်းကြည့်လိုက်မိကြသည်။

မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက လက်ဖဝါးကို ဖြန့်လိုက်သည်နှင့် သူ့အရှေ့တွင် ပုံရိပ်တစ်ခုပေါ်လာသည်။

ရှီကျွင်း...။

ဒါကိုမြင်တော့ လူတိုင်းစိတ်ထဲတွင် အတွေးပေါင်းများစွာ လျှပ်တပြက် ပေါ်လာသည်။

ရန်ကျောက်ကဲက ပြန်ရောက်လာသော ရှီကျွင်းကိုကြည့်ရင်း တည်ငြိမ်စွာဆိုသည်။

“မင်းရဲ့စိတ်ကို တည်ငြိမ်အောင်ထားပါ”

ရှီကျွင်းက မည်သည့်စကားမှမဆိုဘဲ တိတ်ဆိတ်စွာ ခေါင်းညိတ်ပြသည်။

လူငယ်လေးကို အကဲခတ်ရင်း ရန်ကျောက်ကဲနှင့် ရွှီဖေး တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြသည်။ ရှီကျွင်းအနေဖြင့် ရှန်ယင်းအပေါ် ခံစားချက်ရှိခဲ့ကြောင်း သူတို့နှစ်ယောက်လုံး သဘောပေါက်သွားကြ၏။

ရှီကျွင်းက မကောင်းမှုကို မုန်းတီးပြီး မတရားမှုကို သဘောမကျပေ။ အားနည်းသူများကိုလည်း စာနာစိတ်ဖြင့် ကူညီတတ်လေ့ရှိသည်။ ထို့ကြောင့် ရှန်ယင်းအပေါ် စိတ်ခံစားချက်ရှိမည်မှာ အမှန်ပင်။

သို့သော် သူက ရန်သူနှင့်ပတ်သက်လျှင် ခက်ထန်ပြတ်သားသော စရိုက်လည်း ရှိသည်။

သူ့ကို အသုံးချခြင်း ၊ အန္တရယ်ပေးရန်ကြိုးစားခြင်းများနှင့်ပတ်သက်ပြီး အမှန်တရားကို သိရှိပြီးနောက် ယောကျ်ားလေးဖြစ်စေ ၊ မိန်းကလေးဖြစ်စေ ၊ မည်သို့သောလူမျိုးပင်ဖြစ်ပါစေ ပြင်းထန်သော တုံ့ပြန်မှုကိုသာ ရရှိမည် ဖြစ်သည်။

ထို့ကြောင့် ရှန်ယင်း မည်မျှပင် သနားစဖွယ်ဟန်ဆောင်ပါစေ ရှီကျွင်း စိတ်ပျော့သွားပြီး ခွင့်လွှတ်လိုက်မည် မဟုတ်ပေ။

သူ တိတ်ဆိတ်ငြိမ်သက်နေခြင်းမှာ ရှန်ယင်း မတရားခံရသည်ဟု ထင်မှတ်သဖြင့် ကူညီပေးခဲ့သော်လည်း ထိုမိန်းကလေးက သူ့ကို လှည့်စားသူ ဖြစ်နေခဲ့သဖြင့် ထူးဆန်းသောအတွေ့အကြုံကို ရရှိခဲ့သောကြောင့် ဖြစ်နိုင်သည်။ အမှန်တရားက ရှီကျွင်းကို ပိုမိုနာကျင်စေပြီး မုန်းတီးမှုကိုလည်း ဖြစ်ပေါ်စေပေလိမ့်မည်။

ရှီကျွင်းရှေ့မှာ ရှန်ယင်းက မည်သို့ပြုမူခဲ့ကြောင်း ဘယ်သူမှ မသိနိုင်ပေ။

သူမစိတ်ထဲမှ နာကျင်မှုနှင့် နောင်တတရားတို့ကြောင့် အပြစ်များကို ဖြေသိမ့်ရန် သေခြင်းတရားကို ကျေကျေနပ်နပ် လက်ခံခဲ့လေသလား။

သို့မဟုတ် ရှီကျွင်းကို အသုံးချရန် ကြိုးစားခဲ့သော်လည်း ရှီကျွင်းက သူမအပေါ်ထားရှိသည့် စိတ်ရင်းစေတနာတို့ကြောင့် နောင်တရခဲ့လေသလား။

သေခြင်းတရားကို မလိုအချင်စွာ မျက်ရည်ကျခဲ့လသား ၊ ဒါမှမဟုတ် မျက်လုံးကိုမှိတ်ပြီး စောင့်ဆိုင်းခဲ့လေသလား။

သို့တည်းမဟုတ်...

အခြားသောအကြောင်းအရာများစွာလည်း ဖြစ်နေနိုင်သည်။

ရန်ကျောက်ကဲစိတ်ထဲ အတွေးပေါင်းများစွာ ထင်ဟပ်လာသောလည်း ရှန်ယင်းက သူမကို အသက်ချမ်းသာပေးပါရန် ငိုယိုတောင်းပန်မည့်သူမျိုး မဟုတ်သည်ကိုတော့ သိရှိခဲ့၏။

မည်သို့ပင်ဖြစ်စေ ရန်ကျောက်ကဲရော ရွှီဖေးပါ အသေးစိတ်အချက်အလက်များကို မေးမြန်းခြင်းမရှိဘဲ ရွှီဖေးက တပည့်ဖြစ်သူ၏ပခုံးကို အသာပုတ်ကာ နှစ်သိမ့်လိုက်သည်။

အဖြစ်အပျက်များ ပြီးဆုံးသွားသော်လည်း အခြားသိုင်းဂိုဏ်းများမှ သိုင်းသမားများက လူစုခွဲရန်ဆန္ဒမရှိသေးဘဲ ရန်ကျောက်ကဲကို မျှော်လင့်ချက်အညန်းငယ်ဖြင့် လှမ်းကြည့်လိုက်ကြသည်။ သို့သော် ထိုလူငယ်အပေါ် မျှော်လင့်ချက်များစွာလည်း မထားဝံ့ကြပါပေ။

ရေသလင်းနန်းတော်နှင့် ပြန်လမ်းမဲ့ဝိညာဉ်ဂိုဏ်းမှ သိုင်းသမားများက ချန်လီတောင်မှ သိုင်းသမားများကို အသံပို့လွှတ်စနစ်ဖြင့် စကားလှမ်းပြောကြသည်။ “ရန်ကျောက်ကဲထံမှ အကူအညီတောင်းပေးပါရန်” သူတို့က မျှော်လင့်တကြီး တောင်းဆိုကြခြင်း ဖြစ်၏။

ချန်လီတောင်မှ ထိပ်တန်းအကြီးအကဲတစ်ယောက်က ရန်ကျောက်ကဲကို လှမ်းကြည့်လိုက်တော့ လူငယ်၏ အေးဆေးတည်ငြိမ်သောမျက်ဝန်းများတွင် နွေးထွေးမှုများလည်း ရောယှက်နေကြေင်း တွေ့မြင်ရသည်။

ထိုမျက်ဝန်းများကိုတွေ့တော့ ချန်လီတောင် အကြီးအကဲ၏စိတ်အစဉ် အနည်းငယ် တုန်ခါသွားသည်။

“လက်စသတ်တော့... သူက ရေသလင်းနန်းတော်နဲ့ တခြားဂိုဏ်းကလူတွေရှေ့မှာ ငါတို့ချန်လီတောင်ကို ဂုဏ်သိက္ခာမြှင့်တင်ပေးချင်တာပဲ ၊ ငါသာ သူတို့ကိုယ်စား ‘ရန်’ သခင်လေးကို တောင်းဆိုပေးလိုက်ရင် တခြားဂိုဏ်းတွေက ငါတို့ချန်လီတောင်အပေါ် အကြွေးတင်သွားပြီပေါ့”

အခြေအနေကို ထိုအကြီးအကဲ သဘောပေါက်သွားသည်။

“ဒီလူငယ်က ရက်စက်ကြမ်းကြုတ်ပြီး လုပ်ရဲကိုင်ရဲရှိပေမယ့် သူလုပ်တဲ့အလုပ်တိုင်းမှာ ယုတ္တိတန်တဲ့အကြောင်းရင်း ရှိနေတယ် ၊ အသလွတ်မာန်တက်နေတာတော့ မဟုတ်ဘူးဘဲ”

ချန်လီတောင်အကြီးအကဲက တွေးရင်းဖြင့်ပင် ရန်ကျောက်ကဲကို အလေးအနက်ထား ဦးညွှတ်လိုက်ရင်း...

“အခု မိစ္ဆာဂိုဏ်းတွေ အင်အားကြီးမားလာပြီး  လမ်းမှန်ဂိုဏ်းတွေ အင်အားနည်းနေပါပြီ ၊ မိစ္ဆာတွေအင်အားကြီးလာရင် လမ်းမှန်တာအို ပျက်သုဉ်းရပြီး လူပေါင်းများစွာ အန္တရယ်ကျရောက်ပြီး ခိုကိုးရာမဲ့ရပါလိမ့်မယ် ၊ ဒီအတွက် ‘ရန်’သခင်လေး ကူညီပေးမယ်လို့ မျှော်လင့်ပါတယ်”

ရန်ကျောက်ကဲက ခေါင်းညိတ်ရင်း...

“မိစ္ဆာလမ်းစဉ် ခြိမ်းခြောက်မှုတွေအတွက် ဒီ ‘ရန်’ မျိုးနွယ်က ကူညီပေးမှာပါ”

ရန်ကျောက်ကဲက လမ်းမှန်ဘက်မှရပ်တည်ကြေင်း သိလိုက်ရတော့မှာ သူတို့အားလုံး စိတ်သက်သာရာရပြီး သက်ပြင်းချမိကြသည်။

ရန်ကျောက်ကဲက ပြုံးရင်း...

“မင်းတို့ စိတ်အေးအေးထားကြပါ ၊ မိစ္ဆာစွမ်းအားတွေက လောကကို မလွှမ်းမိုးနိုင်ပါဘူး”

ရန်ကျောက်ကဲ ဒီလိုပြောလိုက်တော့ သူ့စကားများတွင် ယုံကြည်မှုအပြည့်ရှိကြောင်း လူတိုင်း ခံစားမိကြသည်။

ရန်ကျောက်ကဲက...

“သွားကြရအောင်...”

ပြောပြီးသည်နှင့် ရန်ကျောက်ကဲက ရှေ့မှ ထွက်ခွာသွားသည်။

ရန်ကျောက်ကဲက လမ်းမှန်ဂိုဏ်းများဖြင့် ရန်ငြိုးဖွဲ့ခဲ့သည့်တိုင် မိစ္ဆာလမ်းစဉ်နှင့် လမ်းမှန်တာအို နှိုင်းယှဉ်လျှင် လမ်းမှန်ဘက်သို့သာ လိုက်မည် ဖြစ်သည်။

ရန်ငြိုးဖွဲ့ခြင်းဆိုသည်ကလည်း လမ်းမှန်တာအို ၊ မိစ္ဆာတာအို ဆိုသည်များနှင့် သက်ဆိုင်ခြင်း မရှိပေ။ လူတစ်ယောက် ကျင့်ကြံသည့်သိုင်းပညာနှင့် အကျင့်စရိုက်ဆိုသည်က လားလားမှမဆိုင်သည့်ကိစ္စဖြစ်၏။

လမ်းမှန်ဘက်တွင် ကောက်ကျစ်ယုတ်မာသူများရှိကြသလို မိစ္ဆာဘက်တွင်လည်း လောကကိုကယ်တင်သည့် သူရဲ‌ကောင်းများ ထွက်ပေါ်လာတတ်စမြဲပင်။ သို့ပေသိ လမ်းမှန်ဘက်မှလူများအားလုံးသည်လည်း ကြောင်သူတော်များ မဟုတ်ကြသလို မိစ္ဆာဂိုဏ်းသားများသည်လည်း လူကောင်းသူကောင်းများ မဟုတ်ကြပေ။

အမှန်တော့ အဓမ္မဘက်တော်သား မိစ္ဆာဂိုဏ်းသားများထဲတွင် အကျင့်ပျက်ဆိုးသွမ်းသူများ အလွန်များပြားသည်။

ရန်ကျောက်ကဲ လမ်းမှန်ဘက်သို့ ဦးတည်သွားရခြင်းက လက်တွေ့ဆန်ခြင်းပင်ဖြစ်၏။ ကျင့်ကြံခြင်းနယ်ပယ်တွင် မိစ္ဆာလမ်းစဉ် ကျင့်ကြံသူများက အခြားသူများထက် ပိုမိုသွေးဆာ ရက်စက်ကြမ်းတမ်းကြသည်။ သူတို့ထဲမှ အများစုက လူပေါင်းများစွာအသက်ကိုစတေးပြီး သွေးဖြင့် ယာဇ်ပူဇော်ခြင်းများကို ပြုလုပ်လေ့ရှိကြသည်။

တစ္ဆေဝိညာဉ်ကျွန်းဆိုလျှင် သိုင်းကျင့်ကြံခြင်းအောင်မြင်ရန်အတွက် လူသားအများအပြားကို တစ်ချိန်တည်းသတ်ဖြတ်ပစ်ပြီး ထိုသူများ၏ ဝိညာဉ်စွမ်းအားအနှစ်သာရ ၊ စွမ်းအားရောင်ဝါများကို ချီစွမ်းအားအဖြစ် သန့်စင်ကျင့်ကြံကြသည်။

မိစ္ဆာသူတော်စင်ဂိုဏ်း၏ ပုံရိပ်ယောင်မိစ္ဆာသိုင်းပညာသည်လည်း လူသားများ၏ ဝိညာဉ်စွမ်းအားအနှစ်သာရများကို ခိုးယူပြီး ကျင့်ကြံရန် လိုအပ်သည်။

မြွေစိမ်းကျွန်းဆိုလျှင် လူ့ အသွေးအသားကို ကျွေးမွေးရသော မရေမတွက်နိုင်သည့် မြွေစိမ်းများကို မွေးမြူကျင့်ကြံသည်။

ရှားလော်ဂိုဏ်း၏ အမှောင်ဓားချီ ၊ သွေးပင်လယ်ဓားချီ သိင်းပညာများကို ကျင့်ကြံရန် လူသားများ၏ အသွေးကို ရယူရန် လိုအပ်သည်။ အေးစိမ့်အရိုးဖြူဓားသိုင်းဆိုလျှင် လူအရိုးများအတွင်းမှ ယင်စွမ်းအားကို သန့်စင်ကျင့်ကြံရခြင်း ဖြစ်၏။

ကျန်လုန်ဂိုဏ်းနှင့် လေ့ဟွမ်ဂိုဏ်းတို့သည်လည်း ထိုသို့သောအကျင့်ဆိုးများကိုသာ ပြုလုပ်ကြပြီး ထိုဂိုဏ်းများမှ တပည့်များ သတ်ဖြတ်ခဲ့သော အပြစ်မဲ့လူသားများအရေအတွက်မှာ တောင်တစ်တောင်ပမာမြင့်မားပြီး စီးဆင်းခဲ့သော သွေးများမှာလည်း ပင်လယ်ပမာပင် ဖြစ်ရသည်။

မည်သို့ပင်ဖြစ်စေ ထိုသို့ ဆိုးဆိုးရွားရွား ကျင့်ကြံရခြင်းမရှိဘဲ မိစ္ဆာလမ်းစဉ်ဟု သတ်မှတ်ခံထားရသည့် သိုင်းပညာများလည်း ရှိ၏။

ဝိညာဉ်မိစ္ဆာလက်သီးသိုင်းပညာ (၆)ရပ်ကို မိစ္ဆာလမ်းစဉ်ဟု သတ်မှတ်နိုင်သော်လည်း ထိုသိုင်းပညာက အတော်အတန် လမ်းမှန်ဘက်ရောက်သည်ဟု ဆိုနိုင်သည်။ သို့တိုင် ထိုသိုင်းပညာကို အမြင့်ဆုံးအဆင့် လေ့ကျင့်လိုသည်ဆိုလျှင် သားရဲ (၆)မျိုး၏ သွေးစွမ်းအားအနှစ်သာရကို သန့်စင်ကျင့်ကြံရန် လိုအပ်သည်။

ရန်ကျောက်ကဲက အလွန်သနားကြင်နာတတ်သူမဟုတ်သော်လည်း လူသားဆန်သူတော့်ဖြစ်သည်။ ထို့ကြောင့် မိစ္ဆာဆန်သည့်ကျင့်ကြံခြင်းမျိုးကို ငြင်းပယ်ခဲ့သည်ပင်။

ရန်ကျောက်ကဲဦးဆောင်သည့်နောက် လိုက်ပါလာကြသူများမှာ မည်သည့်နေရာသွားနေမှန်းမသိဘဲ စိတ်ရှည်သည်းခံစွာ ဆက်လက်လိုက်ပါလျှက် ရှိကြ၏။

ရွှီဖေးက သူ့နံဘေးတွင်ရှိနေသော တပည့်ဖြစ်သူ ရှီကျွင်းကို အကဲခတ်လိုက်သည်။ ရှီကျွင်းအမူအရာက တဖြည်းဖြည်း ပုံမှန်ပြန်ဖြစ်လာပေပြီ။ သို့သော် မျက်ဝန်းများထဲတွင်တော့ တစ်စုံတစ်ခု ပျောက်ဆုံးနေသည့်အလား ထင်ဟပ်နေဆဲသာ။

ဆရာဖြစ်သူ သူ့ကိုလှမ်းကြည့်နေကြောင်း အာရုံခံမိတော့ ရှီကျွင်းကလည်း ဆရာဖြစ်သူကို လှည့်ကြည့်လိုက်သည်။

“ဆရာ... ကျွန်တော့် လုပ်ရပ်တွေ မှားခဲ့တာလား ၊ လူတစ်ယောက်က တစ်လောကလုံး အန္တရယ်ကျဖို့ ကျွန်တော့်ကို အသုံးချသွားခဲ့တယ်”

ရွှီဖေးက ခေါင်းခါယမ်းရင်း...

“မတရားမှုကြုံတွေ့ရရင် ဘယ်သူ့ကိုမဆို ကူညီပေးတာ လုံးဝ မမှားပါဘူး ၊ ဒါက လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စပါပဲ ၊ ဒါပေမဲ့ အခြေအနေတွေက အလောတကြီးဖြစ်နေတာဆိုတော့... မြန်မြန်ဆန်ဆတ် ဆုံးဖြတ်ချက်ချရတဲ့အခါ စဉ်းစားချိန်သိပ်မရှိတာမျိုး ဖြစ်တတ်တယ်”

သူက မတိုးမကျယ်လေသံဖြင့် ဆက်ပြောသည်။

“ဒါပေမဲ့... အဲဒီလို အလောတကြီးအခြေအနေတွေကြုံရတိုင်း ပိုပြီး သတိရှိသင့်တယ် ၊ ဘာလို့လဲဆိုတော့ ရန်သူတွေက ထောင်ချောက်တွေဆင်ထားနိုင်ပြီး အမှန်းနဲ့အမှန်ကို ပြောင်းပြန်လှန်ပစ်နိုင်တယ် ၊ အဲဒီအခါကျရင် ရှုတ်ထွေးတဲ့အခြေအနေတွေနဲ့ ရင်ဆိုင်ရတတ်တယ်”

“ဒီတစ်ခေါက် သူတို့ပစ်မှတ်ထားတဲ့သူက ကျောက်ကဲပါပဲ ၊ မင်းက မှန်ကန်တဲ့လုပ်ရပ်ကို ပြုလုပ်ခဲ့တာပဲမို့လို့ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မနေနဲ့တော့ ၊ မင်းမှတ်ထားရမှာက... ဒီတစ်ခေါက် ပြဿနာက မင်းရဲ့အမှားမဟုတ်ဘူး ၊ ဒါပေမဲ့ ရှေ့လျှောက် ဘာပဲလုပ်လုပ် ပိုပြီးသတိထားရမယ် ၊ ဟုတ်ပြီလား”

ရှီကျွင်းက ခေါင်းညိတ်ရင်း...

“တပည့် မှတ်ထားပါ့မယ်”

ထို့နောက် သူက ရန်ကျောက်ကဲကို လှည့်ကြည်ရင်း...

“ဒီတစ်ခေါက် ဆရာဦးလေး’ရန်’ ကို ကျေးဇူးတင်ရမယ် ၊ သူက ကျွန်တော့်ကို နာမည်မပျက်စေချင်လို့ ၊ ကျွန်တော့်စိတ်ထဲမှာ စိတ်ဒဏ်ရာရမှာစိုးလို့ နည်းလမ်းပေါင်းစုံသုံးပြီး ဒီမတရားမှုကို ဖြေရှင်းပြီး အမှန်တရားထုတ်ဖော်ပေးခဲ့တယ်ဆိုတာ ကျွန်တော် သိပါတယ်”

ရှီကျွင်းက ပြုံးရင်း...

“သူ့အတွက်သာဆိုရင် ဘာမှရှင်းချက်ထုတ်မနေဘဲ အကုန်လုံး ငရဲပို့ပစ်မှာပဲ...”

ထိုစကားကိုကြာတော့ ရွှီဖေး မရယ်ဘဲ မနေနိုင်ပေ။

ထိုအချိန်မှာပင် ရန်ကျောက်ကဲတို့အုပ်စုဆီသို့ သတင်းတစ်ခု ရောက်လာသည်။

ဓားအသင်္ချေဂိုဏ်းချုပ် ‘ယန်ကန်း’ က အထွတ်ထိပ်မှော်ဝင်လက်နက်ဖြစ်သော “ရေပေါ်မျောလွင့်ဓား” ဖြင့် ရေသလင်းနန်းတော်ကို စစ်ကူပေးခဲ့သည်။ မိစ္ဆာသူတော်စင် ‘လင်ချန်းချန်’ က တိုက်ခိုက်နေရင်း ရုတ်တရက် ဆုတ်ခွာသွားပြီး မည်သည့်နေရာသို့ ထွက်ခွာသွားမှန်း မသိရပေ။

ရေသလင်းနန်းတော်သခင်’လင်ရှီး’ ၊ ဓားအသင်္ချေရေကန်ဂိုဏ်းချုပ် ‘ယန်ကန်း’ တို့က ကျန်လုန်ဂိုဏ်းချုပ် ‘ကျောက်ကျုန်း’ ၊ တစ္ဆေဝိညာဉ်ဂိုဏ်းချုပ် ‘လျိုစော’တို့ နှင့် တိုက်ပွဲပြင်းထန်စွာ ရင်ဆိုင်နေကြသည်။

လင်ချန်းချန် ပြန်လည်ဆုတ်ခွာသွားဖြင့် အကျပ်အတည်းအခြေအနေကတော့ သက်သာသွားပြီဟု ဆိုနိုင်၏။

ထိုသတင်းကိုကြားတော့ လူတိုင်း အံ့အားသင့်သွားကြပြီး ရန်ကျောက်ကဲကို တစ်ပြိုင်တည်းလှမ်းကြည့်လိုက်ကြသည်။

ရန်ကျောက်ကဲက...

“လင်ချန်းချန်က သူ့အတွက် အသင့်တော်ဆုံးလမ်းကြောင်းကို ရွေးချယ်ခဲ့တာပဲ”

ချန်လီတောင်မှ အကြီးအကဲတစ်ယောက်က ချီတုံချတုံဖြင့် မေးသည်။

“ဒါဖြင့် လင်ချန်းချန်က ဘယ်နေရာကို သွားတာလဲ”

ရန်ကျောက်ကဲကပြုံးရင်း...

“အခု ငါတို့ သူ့ကို ထောင်ဖမ်းဖို့ သွားနေကြတာလေ ၊ အဲဒီနေရာမှာ သူ ရှိနေမှာပေါ့”

All Chapters