← Chapters

ရေတွင်းအောက်ခြေမှ ဖား

Vol. 41 Ch. 566

ရေတွင်းအောက်ခြေမှ ဖား

Vol. 41 Ch. 566

မှောင်မိုက်နေသော သရဲအိမ်အတွင်းတွင် ထန်ရှုသည် ခြေတစ်ဖက်ချိတ်ထိုင်မြဲအတိုင်း ထိုင်နေကာ သူ၏လက်ချောင်းများကြားတွင် ညှပ်ထားသော စီးကရက်သည် အငွေ့တလူလူ လွင့်နေသည်။ ထိုအချိန်တွင် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် အလင်းသည် သူ၏လခြမ်းဓားနှင့် ကစားနေပြီး သုံပေဟူအား တစ်ချက်မျှပင် မကြည့်ချေ။

အမှောင်ဆုံးထောင့်တွင် အမှောင်သည် အမှောင်ထုနှင့် လုံးဝပေါင်းစပ်သွားသည့်အလားပင်။ သူမ၏ တည်ရှိမှုသည် အလွန်တရာ ထိန်းချုပ်ထားသဖြင့် ကျင့်ကြံမှုအဆင့် လွန်စွာ မြင့်မားသော သုံပေဟူပင်လျှင် သူမ ရှိနေခြင်းကို သတိမပြုမိပါပေ။ ဟုတ်ပေသည် … သူမ၏အရှေ့တွင် ရှိနေသော အနက်ရောင်အဝတ်စ အတားအဆီးကိုလည်း ကျေးဇူးတင်ရပေမည်။

"မင်းက ထန်ရှုလား။"

သုံပေဟူသည် အတွင်းပိုင်း၌ ခေါင်းပြတ်အလောင်းနှစ်လောင်းအပါ အလောင်းနှစ်ဆယ်ကျော်ကို တွေ့ပြီးနောက် သူ၏ရင်တွင်း၌ အချက်ပေးခေါင်းလောင်းသံ မြည်သွားပြီဖြစ်တော့သည်။ သူသည် မြင့်မြတ်ပြီး ထူးကဲသော အဆင့်အတန်းရှိနေပြီဖြစ်သောကြောင့် ယခင်ကဲ့သို့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ ထပ်မံမပြုလုပ်လိုတော့ပါ။ မည်သူ့ကိုမျှ ကိုယ်တိုင်ကိုယ်ကျ မသတ်ခဲ့သည်မှာ ဆယ်နှစ်ကျော်ကြာပြီဟု ဆိုနိုင်သည်။

… ရှူး…

ထန်ရှုက သူ၏ပါးစပ်နားတွင် လက်ညိုးကပ်ကာ တိတ်တိတ်နေရန် ရှူးကနဲ အသံလုပ်လိုက်သည်။ ထို့နောက်တွင် သူ၏အကြည့်သည် သုံပေဟူမှတဆင့် ယောင်မိသားစုက ကျွမ်းကျင်သူများစွာနှင့်အတူ အနောက်မှလိုက်လာသော ယောင်ချန်းချင်ဆီသို့ ပြောင်းသွားသည်။

သုံပေဟူသည် မျက်ခုံးပင့်လိုက်မိသည်။ သို့သော် ရာစုနှစ်တစ်ခုကျော် အသက်ရှင်ပြီးနောက်တွင် သူ၏ဉာဏ်ပညာနှင့် စိတ်ရှည်မှုသည် ကြီးမားလာခဲ့ပြီဖြစ်ရာ သူသည် နှုတ်ဆိတ်နေပြီး တည်ငြိမ်သော အမူအရာဖြင့် မတ်တပ်ရပ်လျက် ထန်ရှု မည်ကဲ့သို့သော လှည့်ကွက်များ လုပ်မည်ကို မျှော်လင့်နေလေသည်။

ယောင်ချန်းချင်သည် သရဲအိမ်ထဲသို့ ဝင်လာပြီးနောက်တွင် သွေးနံ့ပြင်းပြင်းကို ရလိုက်သောကြောင့် သူ၏မျက်နှာ ပျက်သွားပြီး သုံပေဟူ၏ရှေ့ကနေ အမြန်ပြေးသွားတော့သည်။ နောက်ဆုံးတွင် ကြမ်းပြင်ပေါ်ရှိ အလောင်းတွေကြားထဲ ပျော့ဖတ်ခွေခေါက်လျက် သေသည်၊ ရှင်သည်မသိရသော ယောင်ရှင်းဟွာအပေါ်သို့ အကြည့်များ ရောက်သွားသည်။

“သား…”

ယောင်ချန်းချင် အသံဝါကြီးဖြင့် အော်ကာ ယောင်ရှင်းဟွာဆီသို့ ပြေးသွားလိုက်သည်။ သူသည် ငုတ်တုတ်ထိုင်လိုက်ကာ ယောင်ရှင်းဟွာအား ကြမ်းပြင်ပေါ်တွင် ထိုင်နိုင်ရန် အကူအညီပေးပြီး ရင်ဘတ်ပေါ် မှီထားစေသည်။

ထိုအချိန်တွင် ယောင်ရှင်းဟွာ၏ အသက်ရှုသံသည် အားနည်းနေပြီး မျက်နှာသည်လည်း စက္ကူကဲ့သို့ ဖြူဖျော့နေသည်။ သူ၏ချောမောသော မျက်နှာသည် ချွေးများဖြင့် စိုရွှဲနေပြီး သွေးစေးများဖြင့် ခြောက်ကပ်စွန်းထင်းနေသည်။ သူ၏အကြည့်များသည် ဝဝေါးနေပြီဖြစ်သည်။ သူ့အား ပွေ့ဖက်ထားသူမှာ ဖခင်ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်းသိပြီးနောက် ယောင်ရှင်းဟွာက ခါးသီးသောအပြုံးကို ညှစ်ထုတ်လိုက်ပြီး

“အဖေ … ကျွန်တော် တောင်းပန်ပါတယ်။ ကျေးဇူးပြုပြီး ကျွန်တော့်အတွက် တစ်ခု လုပ်ပေးပါ။ တောင်းပန်ပါတယ်။"

ယောင်ချန်းချင်၏မျက်လုံးများမှ မျက်ရည်များ စီးကျလာပြီး အထပ်ထပ်အခါခါ ခေါင်းညိတ်ကာ

“သားရဲ့ဆန္ဒကို ပြောပါ။ ဘာပဲဖြစ်ဖြစ် အဖေက လုပ်ပေးမယ်လို့ မင်းကို ကတိပေးတယ်။"

ယောင်ရှင်းဟွာက အားယူကာ ပြောလိုက်သည်။ “ကျေးဇူးပြုပြီး ကျွန်တော့်ကို သတ်ပေးပါ အဖေ။ အဖေ့လက်နဲ့ သေရတာက သူ့လက်နဲ့သေရတာထက် ပိုပြီးကောင်းတယ်။ ကျွန်တော် ကြောက်တယ်… နောင်တတွေရပြီး သေသွားရမှာကို ကျွန်တော် ကြောက်တယ်။”

ယောင်ချန်းချင်၏ရင်တွင်းထဲ နက်ရှိုင်းစွာ တုန်လှုပ်သွားပြီး ရင်နာရမှုက ဒီရေလှိုင်းအလား ရိုက်ခတ်သွားသည်။ ယောင်ရှင်းဟွာ၏လက်များကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်ပြီး ခေါင်းကို အကြိမ်ကြိမ်ယမ်းကာ

“မသေပါဘူး ငါ့သားရာ။ စိတ်မပူပါနဲ့ … ငါ ဒီမှာ ရှိနေသရွေ့ မင်းကို ဘယ်သူမှ မသတ်နိုင်ဘူး။"

ထိုစကားကိုပြောပြီးနောက် သူ ထပြီး ထန်ရှုဆီသို့ လျှောက်လှမ်းရန် ဟန်ပြင်လိုက်သည်။

သို့သော် ယောင်ရှင်းဟွာထံမှ ခွန်အားများ ရုတ်တရက် ထွက်ပေါ်လာသည်။ ထိုခွန်အားများသည် အချိန်အတော်ကြာ အနားယူပြီးနောက် သူ ဖျစ်ညစ်စုဆောင်းနိုင်သမျှ ခွန်အားများပင် ဖြစ်တော့သည်။ သူက ယောင်ချန်းချင်၏ခြေထောက်ကို ဆွဲထားပြီး

“အဖေ … မြန်မြန်ထွက်သွားတော့ … အဖေ ... အဖေက သူ့ရဲ့ ပြိုင်ဘက် မဟုတ်ဘူး။"

ထန်ရှု သူ၏အရှေ့က မြင်ကွင်းကို ကြည့်ရင်း လက်ခုပ်တီးကာ ရယ်မောလိုက်ပြီး

“သားအဖကြားက နက်ရှိုင်းတဲ့ ချစ်ခြင်းမေတ္တာက ဘယ်လောက် ကြည်နူးစရာကောင်းလိုက်တဲ့ မြင်ကွင်းလေးလဲ။ ဘာပဲဖြစ်ဖြစ် ခင်ဗျား ဒီကို ရောက်နေပြီဆိုမှတော့ ပြန်သွားဖို့ အလျင်မလိုပါနဲ့ဗျာ။ ဟုတ်တယ် … ခင်ဗျား လုံးဝ ပြန်သွားနိုင်မှာ မဟုတ်ဘူး။ ကျွန်တော် ကုသိုလ်ကောင်းမှု တစ်ခုခုကို လုပ်ချင်တဲ့အတွက်ကြောင့်မို့ ခင်ဗျားတို့ သားအဖနှစ်ယောက်ကို ခရီးအတူတူထွက်ဖို့ ပို့ပေးလိုက်ပါမယ့်။ အဲ့ဒီခရီးမှာ တစ်ယောက်နဲ့တစ်ယောက် ဂရုစိုက်နိုင်တာ အရမ်းကောင်းတယ်မဟုတ်လား။"

ယောင်ချန်းချင်သည် ပြန်ထိုင်လိုက်ပြီး ယောင်ရှင်းဟွာအား ပွေ့ထားကာ ထန်ရှုကို ဒေါသတကြီး စိုက်ကြည့်လိုက်ရင်း

"နူးညံ့တဲ့ ထန်တွေကြားမှာ ထူးချွန်တဲ့ ငတိလေး တစ်ယောက် ရှိနေတာကို ငါ ကြားခဲ့ရပေမယ့် မင်းက ထင်ထားတာထက် ပိုကြောက်စရာကောင်းမယ်လို့ ငါ မမျှော်လင့်ထားခဲ့ဘူး... ဒါပေမယ့်လည်း မင်း ဒီလောက် အစွမ်းထက်လည်း ဘာဖြစ်လဲ။ ဒီသာမန်လူအားလုံးကို သတ်နိုင်ပေမယ့် ဆရာသခင်ကျားကို အနိုင်ယူနိုင်ပါ့မလား။ မိုက်ရူးရဲတဲ့ကောင် … ဒီနေ့က မင်းသေဖို့ အချိန်ကောင်းပဲ။"

"ခင်ဗျားမျက်နှာပေါ်က ဒီလိုယုံကြည်မှုရှိတဲ့ အကြည့်တွေကို မြင်လိုက်ရတော့ စကားလုံးတချို့ကို ရုတ်တရက် သတိရသွားတယ်- အလွန်အကျွံ အောင်မြင်ခြင်းက ဆုတ်ယုတ်ခြင်းရဲ့ အစအတွက် နိမိတ်ပဲတဲ့။" ထန်ရှုက စီးကရက်ပြာကို ချွေကာ ပြုံးလိုက်ရင်း

"ယောင်မိသားစုက ဆယ်စုနှစ်တွေကြာအောင် အားကောင်းခဲ့တော့ ရလဒ်အနေနဲ့ ခင်ဗျားတို့မိသားစုရဲ့ ငယ်ရွယ်သူတွေဆီကို မောက်မာပြီး အနိုင်ကျင့်တဲ့ စိတ်သဘောထားတွေ ကူးစက်သွားတယ်။ ကံမကောင်းစွာပဲ တရုတ်ပြည်ရဲ့ ထိပ်တန်းမိသားစုကြီးတွေထဲက တစ်ခုဖြစ်ပေမယ့် ခင်ဗျားက အမြင်ကျဉ်းမြောင်းလွန်းတယ်။ ယောင်တို့ကြားမှာ ခင်ဗျားက လေးစားထိုက်တဲ့ သူတစ်ယောက်မို့ ဒီနေ့ ငါတို့ထန်မိသားစုရဲ့ ကွယ်လွန်သွားသူအားလုံးအတွက် အောက်မေ့ဖွယ် အခမ်းအနားကို ခင်ဗျားရဲ့သွေးကို ယဇ်ပူဇော်ပြီး ကျင်းပမယ်။"

အလင်း၏လက်ထဲမှ လခြမ်းဓားသည် ချက်ချင်းပင် အလွန်လျင်မြန်စွာ လှည့်ပတ်ပြီး ယောင်ချန်းချင်ဆီသို့ ပျံသန်းသွားသည်။ ထိုအချိန်တွင် သုံပေဟူသည် အေးစက်စွာ ဟစ်အော်ကာ လက်ညှိုးတစ်ချက် တောက်လိုက်သည်။ မီးတောက်တစ်ခုသည် သူ၏လက်ချောင်းထိပ်မှ ထွက်ပေါ်လာပြီး လခြမ်းဓားနှင့် ထိပ်တိုက်ဆုံသွားသည်။

…ဘန်း…

အလင်း၏ခန္ဓာကိုယ်သည် တုန်ခါသွားကာ သိပ်သည်းသော သတ်ဖြတ်လိုစိတ်သည် သူ၏မျက်နှာထက်တွင် ပေါ်လာသကဲ့သို့ သုံပေဟူ၏ အမူအရာသည်လည်း လွန်စွာ ပြောင်းလဲသွားသည်။ ခြေလှမ်းတစ်ဝက်လောက် နောက်ဆုတ်လိုက်ရပြီး သူ့ရပ်တည်ချက် တည်ငြိမ်အောင် ခြေဖျားအထိ ခွန်အားပို့ကာ အစွမ်းကုန် ကြိုးစားခဲ့ရသည်။ သို့သော် ထိုသို့ပြုလုပ်လိုက်ရသည့်တိုင် သူ၏လက်ကောက်ဝတ်မှာ အနည်းငယ် ထုံကျဉ်သွားပြီး နာကျင်သွားရလေသည်။

"နေပါဦး…."

ထန်ရှုသည် သူ့လက်ကို မြှောက်ကာ အလင်း၏ ဆက်လက်တိုက်ခိုက်ခြင်းကို တားဆီးလိုက်ပြီး ခပ်ဖျော့ဖျော့အပြုံးဖြင့် သုံပေဟူကို ကြည့်ကာ

"ခင်ဗျားက အရှေ့မြောက်ဒေသက ဒဏ္ဍာရီလာ အာမာကျား သုံပေဟူလို့ ကျွန်တော် ထင်တယ် ဟုတ်တယ်မလား။ ခင်ဗျားက အသက် အရမ်း ကြီးနေပေမယ့် ခင်ဗျားရဲ့နောက်ပိုင်းနှစ်တွေကို မွေးရပ်မြေ အရှေ့မြောက်ဘက်မှာ ပျော်ရမယ့်အစား အပြင်မှာ ကစားနေတာကို သဘောကျနေတယ်။ တွေးကြည့်ရင် ခင်ဗျားက ဘေးအန္တရာယ်ဆိုးကို လိုချင်နေတာပဲ။ ကိုယ့်ကိုကိုယ် ဂရုမစိုက်ရင်တောင် အနည်းဆုံးတော့ ခင်ဗျားရဲ့သားမြေးတွေကို ဂရုမစိုက်ဘူးလား။”

သုံပေဟူ၏မျက်လုံးများသည် သတိအပြည့်နှင့် ရှိနေပြီး သူ၏ရင်ထဲတွင် ဗြောင်းဆန်သွားသည်။ ယခုတိုက်ခိုက်မှုမှသည် သူ့နှလုံးသားထိ အေးစိမ့်သွားစေသော တစ်စုံတစ်ရာကို သူ ခံစားမိလိုက်သည်။ သူ၏အရှေ့တွင် အဖြူရောင်ဝတ်စုံ ဝတ်ထားသည့် လူငယ်သည် အသက် ၂၀စွန်းစွန်းသာ ရှိဦးမည့်ပုံပေါ်သော်လည်း ထိုသူ၏ကျင့်ကြံမှုသည် အလွန်အားကောင်းလှသဖြင့် သူ့အပေါ်ပင် ဖိအားအနည်းငယ် သက်ရောက်နေခဲ့သည်။

သို့သော် ထိုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော လူငယ်သည် ထန်ရှု၏အနားတွင် တလေးတစား ရပ်နေသဖြင့် ထန်ရှုအား သတိကြီးစွာထားမိသည်။ ထန်ရှုထံမှ အချိန်မရွေး ကိုက်ဖြတ်ရန် အဆင်သင့်ဖြစ်နေသည့် စပါးအုံးမြွေတစ်ကောင်အလား အလွန်ဆိုးရွားသော အရိပ်အယောင်ကို သူ ခံစားမိနိုင်သည်။ ထန်ရှု၏ခွန်အားကို သူ သိချင်သော်လည်း ထန်ရှုအား စူးစမ်းရန် ကြိုးစားသည့်အခါတိုင်း ရေမျက်နှာပြင်ထက်တွင် ထင်ဟပ်နေသည့်လကို ကြည့်မိသည့်အလား မှုန်ဝါးဝါးသာ မြင်ရလေသည်။

"မင်းက ကိုယ့်ကိုကိုယ် အရမ်းယုံကြည်မှုရှိပုံရတယ် ကောင်လေး။"

မည်သို့ပင်ဆိုစေကာမူ အာမာကျားတွင် ကျော်ကြားသော ဂုဏ်သိက္ခာ ရှိပြီး ထန်ရှုက သူ့အား အထင်သေးသကဲ့သို့ ကြည့်နေသည်ကို မြင်သောအခါ ဒေါသ အနည်းငယ် ထွက်လာသည်။

“မကြောက်ပါနဲ့။ ကျွန်တော့်ရန်သူတွေကို ကျွန်တော် မုန်းတီးတဲ့အတွက် ရှိတဲ့နည်းလမ်းတွေအားလုံးနဲ့ ဖယ်ရှားဖို့ ကြိုးစားလိမ့်မယ်ဆိုပေမယ့် ခင်ဗျားရဲ့အမျိုးအနွယ်ကိုတော့ ကျွန်တော် ထိမှာ မဟုတ်ဘူး။” ထန်ရှုက အပြုံးဖြင့် ပြောလိုက်သည်။ "ဟုတ်တယ်လေ … သူတို့တွေက ကျွန်တော့်ကို ရန်လာစနေတာမှ မဟုတ်ပဲ။ နို့မဟုတ်ရင် မြေလှန်ပစ်ဖို့ စိတ်မရှိဘူး။ အမှန်တော့ ကျွန်တော် တစ်ခုလောက် သိချင်တယ်။”

"မင်း ဘာကို အတိအကျ သိချင်တာလဲ။" သုံပေဟူက မျက်ခုံးပင့်ကာ မေးလိုက်သည်။

"ခင်ဗျား ပေကျင်းကို လာရတဲ့ အကြောင်းရင်းပဲ။" ထန်ရှုက ပြုံးကာ ပြောလိုက်သည်။

"ကျနော့်ရဲ့ထန်မိသားစုကို ဖြေရှင်းချင်တာ ဒီအသက်ကယ်တဲ့ ကျေးဇူးကြောင့်ပဲ မဟုတ်ဘူးမလား။"

သုံပေဟူ အံ့အားသင့်သွားပြီး ထန်ရှုအား အကဲခတ်လိုက်သည်။ တကယ်တော့ ပေကျင်းမြို့သို့ လာရောက်လည်ပတ်ရခြင်း၏ရည်ရွယ်ချက်အမှန်သည် ထန်ရှု ပြောသကဲ့သို့ ကျေးဇူးပြန်ဆပ်ချင်တာချည်းပဲ မဟုတ်ပါချေ။ ယောင်မိသားစုမှတဆင့် ကျင့်ကြံမှု အရင်းအမြစ်များစွာကိုလည်း သူ လိုချင်ခဲ့သည်။ ကျင့်ကြံသူတစ်ဦးအနေဖြင့် ကျင့်ကြံမှုအဆင့် မြင့်မားလေ၊ ကျင့်ကြံမှုအရင်းအမြစ်များစွာ အသုံးပြုရန် လိုအပ်လေ ဖြစ်သည်။

ယောင်မိသားစု၏အကြီးအကဲကိုပင် မပြောပြရသေးသော သူ၏ရည်ရွယ်ချက် အကြံအစည်သည် စိတ်ထဲတွင် ရှိနေဆဲပင်။ ထန်ရှု မည်ကဲ့သို့ မှန်ကန်စွာ ခန့်မှန်းနိုင်သည်ကို သူ မသိပါပေ။

"မင်း မှန်ပါတယ်။ ငါ တစ်စုံတစ်ခု လိုအပ်နေပြီး ယောင်မိသားစုက ငါ့ကို ကူညီလိမ့်မယ်။"

“ငှက်နှစ်ကောင်ကို ကျောက်ခဲတစ်လုံးနဲ့ သတ်တာက တကယ်ကောင်းတဲ့ အကြံတစ်ခုဆိုတာ သေချာတာပေါ့.” ထန်ရှု ခေါင်းညိတ်လိုက်ရင်း

“စိတ်မကောင်းစရာက ခင်ဗျားက ကျောက်တုံးကို မပြီး ကိုယ့်ခြေထောက်အပေါ် ပစ်ချလိုက်မိတာပဲ။ ဘယ်အကျိုးအမြတ်မှ ခင်ဗျား မရနိုင်တဲ့အပြင် နောက်ဆုံးတော့ ခင်ဗျားက ဖွတ် မရ၊ ဓားမ ဆုံးဆိုသလို အရာအားလုံး ဆုံးရှုံးသွားတော့မယ်။ ကောင်းပြီ၊ ကျွန်တော် ခင်ဗျားကို အသက်ရှင်ဖို့ အခွင့်အရေးတစ်ခု ပေးမယ်။"

သုံပေဟူ စိတ်မထိန်းနိုင်ဘဲ ရယ်မောမိတော့သည်။ ထန်ရှုနှင့် အလင်းတို့က သူ့ကို ဖိအားအချို့ ပေးနိုင်ခဲ့ပြီး သူ့အရှေ့က သည်လူငယ်နှစ်ယောက်သည် သူနှင့် ပြိုင်ဖက် ဖြစ်နိုင်သောကြောင့် ထိုသူတို့အား မတိုက်ခိုက်ဘဲ ရှောင်သွားလိမ့်မည်မဟုတ်ချေ။  မကြာသေးမီနှစ်များအတွင်း သူသည် အခြားသူများနှင့် တိုက်ခိုက်သည်မှာ ရှားပါးပြီး မထင်မရှား နေခဲ့သော်လည်း အတိတ်ကသူသည် သွေးမိုးများနှင့် ပုတ်အဲ့နေသော လေများကို ဖြတ်သန်းကျော်ဖြတ်လာခဲ့ပြီး ရင်ဆိုင်တိုက်ခိုက်ရန် မကြောက်သော အဘိုးအိုတစ်ဦး ဖြစ်ခဲ့ဖူးသည်။

“အတော် စိတ်ဝင်စားစရာပဲ။ ဒါဆို မင်းက ငါ့ကို ဘာအခွင့်အရေး ပေးမှာလဲ။"

"ယောင်မိသားစုရဲ့ တိုက်ရိုက်မိသားစုဝင်အားလုံးကို သတ်ဖို့ ခင်ဗျားကို ၂၄နာရီ အချိန် ပေးမယ်။ ကျွန်တော် တွေ့ချင်တဲ့ အလောင်းအရေအတွက်က ၁၀၀ထက် မနည်းစေရဘူး။” ထန်ရှုက ဖြေသည်။

သုံပေဟူ၏မျက်နှာပေါ်ရှိ အပြုံးသည် တဖြည်းဖြည်း ပျောက်ကွယ်သွားကာ လှောင်ပြောင်မှုက အစားထိုး ဝင်ရောက်လာသည်။

“လူငယ်လေး … မင်းရဲ့ အသေးအမွှား အရည်အချင်းကို အားကိုးပြီး ငါ့ကို သတ်နိုင်မယ်လို့ မင်း တကယ် ထင်နေတာလား။”

"ကြည့်ရတာ ခင်ဗျားက ကျွန်တော့်ကို အခွင့်အရေး မပေးစေချင်ဘူး ထင်တယ်။" ထန်ရှုက မေးလိုက်သည်။

"အဲ့ဒါ မလိုပါဘူး။" သုံပေဟူက မထီမဲ့မြင် ပြောလိုက်သည်။

“အင်း … စိတ်မကောင်းစရာပဲ။ ခင်ဗျားရဲ့အမြင်က အတော် အကန့်အသတ်ရှိတာပဲ။ ခင်ဗျားက ရေတွင်းအောက်ခြေက ဖားတစ်ကောင်လို မာနကြီးပြီး ဘဝင်မြင့်နေတာပဲ။" ထန်ရှုက ခေါင်းခါပြီး သက်ပြင်းချလိုက်သည်။

“ခင်ဗျားက တရုတ်နိုင်ငံမှာ ရာစုနှစ် နှစ်ခုနီးပါး နေထိုင်လာတာပဲဖြစ်စေ ဒုက္ခဆင်းရဲကို ခင်ဗျား ခံရတော့မယ့်အချိန်ရောက်နေပြီလို့ ထင်တယ်။ အလင်းရေ … ဆေးလုံး သန့်စင်ဖို့အတွက် သူ့ခန္ဓာကိုယ်ထဲက ရွှေအမြုတေ လိုတယ်ကွာ။"

"နားလည်ပါပြီ။"

အလင်းက လေးလေးစားစား ပြန်ပြောပြီး သုံပေဟူ၏အရှေ့တွင် ချက်ချင်း ပေါ်လာသည်။ လခြမ်းကွေးဓားသည် လေထဲတွင် ကခုန်ကာ တိုးမပေါက်နိုင်သည့် ဓားရိပ်များစွာ ချက်ချင်း ဖန်တီးပြီး သုံပေဟူကို ဖုံးလွှမ်းသွားခဲ့သည်။ တစ်ချိန်တည်းမှာပင် မီးတောက်အုပ်စုတစ်ခုသည် လေဟာနယ်မှ ထွက်ပေါ်လာပြီး မိုးကြီုးတစ်ခု ရုတ်ခြည်း လင်းလက်လာသည်။ မိုးကြီုးမီးတောက် အစီအရင်တစ်ခုသည် အချိန်နှင့်အမျှ ဖွဲ့စည်းဖြစ်ပေါ်လာပြီး သုံပေဟူအား ဖိနှိပ်ရန် ရှေးရှူလာခဲ့သည်။

"ဘာကြီးလဲ။”

သုံပေဟူသည် ထိုကဲ့သို့သော နည်းလမ်းမျိုးကို တစ်ခါမျှ မမြင်ဖူးခဲ့သောကြောင့် သူ့စိတ်ထဲတွင် အထိတ်တလန့် ဖြစ်သွားရသည်။ ယနေ့တွင် မကြုံစဖူး အကျပ်အတည်းတစ်ခု ကြုံတွေ့ရနိုင်သည်ကို သူ သဘောပေါက်ခဲ့သည်။ ထန်ရှုက သူ၏ ရွှေအမြုတေကို လိုအပ်သည်ဟု ပြောခဲ့သောကြောင့် ထန်ရှုသည် သူ၏ ကျင့်ကြံမှုအဆင့်အား ထွင်းဖောက်သိမြင်နိုင်သည်ကို သူ့အား နားလည်စေသည်။ သူ့အား အထိတ်လန့်ရဆုံးအရာမှာ ထန်ရှုသည် ဆေးလုံး သန့်စင်ရန်အတွက် သူ၏ရွှေအမြုတေကို အသုံးပြုမည်ဟုပင် ပြောခဲ့ခြင်းဖြစ်တော့သည်။

“ချိုးဖျက်လိုက်စမ်း…”

သုံပေဟူသည် သူ၏သံမဏိလက်သီး တိုက်ကွက်များဖြင့် လက်သီးချက်များ ထုတ်လွှတ်လိုက်သည်။ သူ၏လက်သီးချက်များသည် လျှပ်စီးပုံရိပ်များသဖွယ် ကြီးမားသော ချီအဆီအနှစ်နှင့်အတူ ပေါ်လာပြီး လခြမ်းဓားကို ပြင်းထန်စွာ ဟန့်တားလိုက်သည်။ တစ်ချိန်တည်းမှာပင် မက်မွန်သားဖြင့် ပြုလုပ်ထားသည့် ဓားသေးသေးတစ်လက်သည် လေဟာနယ်အပြင်ဘက် သူ၏လက်ထဲကနေ ထွက်ပေါ်လာပြီး ထိုဓားပေါ်သို့ သွေးတစ်စက်အား ဖိအားပေးချလိုက်ရာ ဓားထဲသို့ မြန်မြန်ဆန်ဆန် ဝင်သွားသည်။ ဓားအလင်း၏ အလျှံညီးညီးမီးတောက်သည် အာကာပြင် အတားအဆီးကို ဆုတ်ဖြဲလိုက်သည့်အလား မိုးကြိုးမီးတောက် အစီအရင်၏အလယ်အူတိုင်ထိပ်ကို ထိမှန်သွားသည်။

ထန်ရှုက မျက်မှောင်ကြုတ်လိုက်ပြီး ရုပ်တည်ဖြင့် "ဒီသရဲအိမ်ကို ငါ မပျက်စီးစေချင်ဘူးနော်။"

… ဝှစ်…

အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသော အမှောင်က လျှပ်တပြက်အတွင်း သုံပေဟူ၏အနီးပတ်ဝန်းကျင်တွင် ချက်ချင်း ပေါ်လာသည်။ သူမ ဝတ်ထားသည့် အနက်ရောင်ဝတ်စုံက သူမကို အမှောင်ထုထဲတွင် ချောမွေ့စွာ ပေါင်းစပ်ထားပြီး သူမ၏လက်ထဲမှ ဓားပျံသည် အသက်ရှိနေသည့် ငါးတစ်ကောင်အလား သုံပေဟူ၏လည်ပင်းအား တင့်တယ်စွာ ခုတ်ပိုင်းလိုက်သည်။ သုံပေဟူ အလွန်လျင်မြန်စွာ ရှောင်တိမ်းရန် ကြိုးပမ်းခဲ့သည်တိုင် သူ၏ ညာဘက်လည်ပင်းတွင် သွေးထွက်နေသော ဒဏ်ရာတစ်ခု ချန်ထားခဲ့သည်။

…ဒီနေရာမှာ အခြားတစ်ယောက်က ဘယ်လို ရောက်နေနိုင်တာလဲ။…

အကြီးအကျယ် အံ့သြထိတ်လန့်သွားမှုကြောင့် သုံပေဟူ၏စိတ်ဝိညာဉ်ပင် ကယောက်ကယက် ဖြစ်သွားခဲ့သည်။ သူ၏တိုက်ကွက်က မိုးကြီုးမီးတောက် အစီအရင်ကို မဖျက်ဆီးနိုင်ခဲ့ဘဲ ထိုဒဏ္ဍာရီဆန်ဆန် ဓားပျံသည် သူ၏ဦးခေါင်းအား ပြတ်လုနီးနီးပင် ဖြစ်ခဲ့သည်။

***

All Chapters