← Chapters

အားနည်းတဲ့အချိန်မှာရိုက်ချ

Vol. 39 Ch. 548

အားနည်းတဲ့အချိန်မှာရိုက်ချ

Vol. 39 Ch. 548

အခန်း (၅၄၈) အားနည်းတဲ့အချိန်မှာရိုက်ချ

ရန်ကျောက်ကဲစကားကိုကြားတော့ လူတိုင်းအံ့အားသင့်သွားကြပြီး သူတို့ မည်သည့်နေရာသို့ ဦးတည်နေကြောင်း ကြိုးစားပြီး စဉ်းစားလိုက်ကြသည်။

အဖြေကိုခန့်မှန်းမိသည့်အခါ လူတိုင်း စိတ်အစဉ် လှုပ်ရှားသွားပြီး...

“ကြယ်စင်လှည့်ပြောင်းပင်လယ်ကနေ ဒီဘက်လမ်းကြောင်းအတိုင်းသွားနေတာဆိုတော့...”

ရန်ကျောက်ကဲက သိမ်မွေ့စွာဖြင့်....

“မိစ္ဆာသူတော်စင်’လင်ချန်းချန်’က အတော်လေး ဆင်ခြင်တုံတရား အားကောင်းတယ်ဆိုရမယ် ၊ သူ့ကိုယ်ရေးကိုယ်တာကိစ္စတွေထက် သူ့အတွက်အကျိုးရှိမယ့်အလုပ်တွေကို အမြဲရွေးချယ်လေ့ ရှိတယ် ၊ အနည်းဆုံးတော့... သူ့ရဲ့စွမ်းအားက သမုဒ္ဒရာကမ္ဘာတစ်ခုလုံးကို မလွှမ်းခြုံနိုင်ခင်မှာ သူ့အကျိုးအတွက်ပဲ စဉ်းစားတယ်လို့ ဆိုရမယ်”

“လင်ချန်းချန်က ငါနဲ့ ရန်ငြိုးဖွဲ့ထားပေမယ့် နျန်ချန်နဲ့ နဂါးကိုးကောင်လက်ချောင်း ငါ့ကို တိုက်ခိုက်နေတဲ့အချိန်မှာ သူက ငါ့ကို တိုက်ခိုက်ဖို့ မရွေးချယ်ခဲ့ဘူး”

ရန်ကျောက်ကဲက အဝေးသို့ ငေးကြည့်ရင်း...

“ဒါကြောင့် သူ ကြယ်စင်လှည့်ပြောင်းပင်လယ်ကို ရောက်မလာခဲ့ဘူး”

လင်ချန်းချန်၏စရိုက်အရ ကျန်လုန်ဂိုဏ်း ၊ တစ္ဆေဝိညာဉ်ဂိုဏ်းတို့နှင့်ပူးပေါင်းပြီး လမ်းမှန်ဂိုဏ်းများကို တိုက်ခိုက်သည်မှာ သူ့ကိုဆွဲဆောင်သော အကျိုးအမြတ်တစ်ခု ရှိနေသောကြောင့်ပင်။

လမ်းမှန်သိုင်းဂိုဏ်းများဆိုသည်က ရန်ကျောက်ကဲနှင့် ပဋိပက္ခမဖြစ်ပါက မည်သည့်နည်းနှင့်မှ အင်အားချည့်နဲ့မသွားနိုင်သော ထိပ်သီးသိုင်းဂိုဏ်းကြီးများ ဖြစ်ကြသည်။ သို့ဆိုလျှင် ထိုသိုင်းဂိုဏ်းကြီးများကို အလွယ်တကူသုတ်သင်နိုင်ဦးတော့ လင်ချန်းချန်ရရှိမည့်အကျိုးအမြတ်က မည်သည့်အရာ ဖြစ်မည်နည်း။

မျောလွင့်ဓား ၊ သို့မဟုတ် နဂါးကိုးကောင်လက်ချောင်းများ ရရှိနိုင်သော်လည်း လင်ချန်းချန်အနေဖြင့် ထိုအရာများကို ရယူရန် ကျန်လုန်ဂိုဏ်း ၊ တစ္ဆေဝိညာဉ်ဂိုဏ်းတို့နှင့် ယှဉ်ပြိုင်ရဦးမည်ဖြစ်၏။

ထိုဂိုဏ်းများနှင့် ယှဉ်ပြိုင်ရုံတင်မဟုတ်ဘဲ အနိုင်ယူရန်ပါ လိုအပ်သည်။

သမုဒ္ဒရာကမ္ဘာတွင် လောကပထမဖြစ်သော ‘ပင်လယ်ခုနစ်စင်းအရှင်’ ကျောက်ကျုန်း ၊ တစ္ဆေဝိညာဉ်သေတ္တာကို ပိုင်ဆိုင်ထားသည့် တစ္ဆေဝိညာဉ်ဂိုဏ်းချုပ် ‘လျိုစော’ တို့ကို လင်ချန်းချန် အနိုင်ယူရန် မသေချာပေ။

လင်ချန်းချန် ပထမဆုံး ဖြေရှင်းရမည့်ပြဿနာမှာ သူ အားနည်းလာမည့်အချိန်ကာလ မကြာခင် ရောက်ရှိလာတော့မည် ဖြစ်သည်။

ပင်လယ်ရေနက်စင်္ကြံတွင် လင်ချန်းချန်က ရန်ကျောက်ကဲအပေါ် အမြတ်ထုတ်ရန် မကြိုးစားခဲ့လျှင် ထိုအကြောင်းက ပေါ်သွားစရာ အကြောင်းမရှိပေ။

ယခုတော့ လမ်းမှန်ဂိုဏ်းများအားလုံးကို သုတ်သင်နိုင်သည်ဆိုဦးတော့ မိစ္ဆာဂိုဏ်း (၆) ဂိုဏ်းသည်လည်း တိုက်ခိုက်ကြဦးမည်ဖြစ်သည်။ ထိုသို့သောအခြေအနေမျိုးတွင် အထွတ်ထိပ်အဆင့်သို့ ရောက်ရှိခြင်းမရှိပါဘဲ လင်ချန်းချန်က လောကပထမ မည်သို့ဖြစ်နိုင်ပါမည်နည်း။

အဆုံးသတ်မှာတော့ မိစ္ဆာသူတော်စင်ဂိုဏ်းချုပ်သည် အခြားသူများအတွက် အောင်မြင်မှုလမ်းကြောင်းများ ဖွင့်ပေးပြီး သူ့အတွက် အကျိုးအမြတ်ရယူလိုခြင်းသာဖြစ်ကြောင်း တွေးတောကြည့်နိုင်သည်။

“အဲဒီလိုဆိုရင် ဘာထူးတော့မှာလဲ ၊ လမ်းမှန်ဂိုဏ်းတွေကို တိုက်ခိုက်တာက မိစ္ဆာအင်အားစုတွေအတွက် သေချာပေါက် အကျိုးရှိပေမယ့် လင်ချန်းချန်အတွက်တော့ သိပ်ပြီးအကျိုးရှိမှာမဟုတ်ဘူး ၊ ကြယ်စင်လှည့်ပြောင်းပင်လယ်မှာ နျန်ချန်နဲ့ပူးပေါင်းပြီး ငါ့ကိုလာတိုက်တာကမှ ပိုကောင်းနေဦးမယ်”

ရန်ကျောက်ကဲက ဆိုသည်။

“ဒါပေမဲ့ သူက ငါ့ကိုလာမတိုက်ဘဲ ဟိုမိစ္ဆာဂိုဏ်းနှစ်ဂိုဏ်းနဲ့ ပူးပေါင်းပြီး လမ်းမှန်ဂိုဏ်းတွေကို တိုက်ခိုက်တာက သူ့ရဲ့ ပစ်မှတ်အစစ်အမှန်ကို ဖုံးကွယ်ချင်လို့ ဖြစ်နိုင်တယ် ၊ လင်ချန်းချန် အချိန်တိုင်း သူ တိုးတက်ကောင်းမွန်ဖို့အတွက်ပဲ ရှေ့တန်းတင်တတ်တဲ့သူလေ”

“ဒီတော့ သူ့လက်ထဲမှာ ကောင်းကင်ဘုံကိုတောင် အံတုနိုင်တဲ့ ကြီးမားတဲ့အခွင့်အရေးကြီးတစ်ခု ရှိနေမယ် ၊ တခြားသူတွေကလည်း အဲဒီအခွင့်အရေးကို မသိကြဘူးဆိုရင်... အဲဒီအခွင့်အရေးကို ဆုပ်ကိုင်နိုင်ဖို့ သူက အမြဲတမ်း နည်းလမ်းရှာနေမှာပဲ”

ထိုစကားကိုကြားတော့ အခြားသူများ သဘောပေါက်သွားကြသည်။

“ဝင်္ကပါပင်လယ်...”

ရန်ကျောက်ကဲက ခေါင်းညိတ်ရင်း...

“အမှန်ပဲ ၊ အဲဒါ ဝင်္ကပါပင်လယ်ပဲ... ၊ အရင်တစ်ခေါက်လည်း သူ အဲဒီကို ရောက်လာသေးတယ် ၊ ငါ့ကိစ္စဝင်စွက်တာရယ်... ဓားအသင်္ချေရေကန်က ယန်ကန်းရယ် ရောက်လာကြလို့ သူ့ အကြံအစည်တွေ မအောင်မြင်ခဲ့ဘူး ၊ အခု နျန်ချန်က ငါ့ကို တိုက်ခိုက်တဲ့အချိန်မှာ သူက ကျန်လုန်ဂိုဏ်း ၊ တစ္ဆေဝိညာဉ်ဂိုဏ်းတွေနဲ့ ပူးပေါင်းပြီး သွေးနီနဂါးဂိုဏ်းနဲ့ ရေသလင်းနန်းတော်ကို တိုက်ခိုက်တယ် ၊ ဒီတော့ ဓားအသင်္ချေရေကန်လည်း မဖြစ်မနေ ဝင်ပါရတာပေါ့ ၊ အခု သူ့ကို ‌စောင့်ကြည့်တားဆီးမယ့်သူ ဘယ်သူမှ မရှိတော့ဘူးလေ”

“အခုချိန် ဝင်္ကပါပင်လယ်မှာ သူ တွေ့ထားတဲ့ ရတနာတွေကိုရယူဖို့ အသင့်တော်ဆုံး အချိန်ပဲ ၊ ဒါက အရမ်း ရိုးရှင်းပါတယ် ၊ ရတနာပစ္စည်းတွေရရင် သူ့အတွက် အကျိုးကျေးဇူးတွေအများကြီးရပြီး စွမ်းအားလည်း တိုးတက်လာမယ်ဆိုရင်... အချိန်ကြာလာရင် အခြားသူတွေကို အနိုင်ယူနိုင်မှာပဲ”

ရန်ကျောက်ကဲ၏ မျက်နှာအမူအရာက တည်ငြိမ်နေသော်လည်း အခြားသူများ၏ စိတ်အစဉ်ကတော့ လှိုင်းထလျှက်ရှိသည်။

မိစ္ဆာသူတော်စင် လင်ချန်းချန် ဒီတစ်ခါလည်း အကွက်ရွှေ့မှားပြန်ပြီထင်၏။

လင်ချန်းချန်၏ လှုပ်ရှားမှုများကို တွက်ချက်ပြီးသည်နှင့် ရန်ကျောက်ကဲက တစ်ချက်အနားမယူဘဲ ဝင်္ကပါပင်လယ်သို့ ခရီးဆက်လာခဲ့သည်။ နျန်ချန်နှင့် သွေးနီနဂါးဂိုဏ်းကိစ္စ ဖြေရှင်းပြီးသည်မှာ မကြာသေးသော်လည်း ရန်ကျောက်ကဲက ဆက်တိုက်ဆိုသလို လှုပ်ရှားလျှက် ရှိသည်။

ဤသည်က ရန်ကျောက်ကဲ ကိုယ်ပိုင်ပုံစံ ဖြစ်၏။ သူက စွမ်းအားပြင်းထန်ပြီး လွှမ်းမိုးနိုင်စွမ်းရှိသလို ကျင့်ကြံခြင်းအဆင့် တူညီသူများကိုသာမက ကျင့်ကြံခြင်းအဆင့်မြင့်မားသူများကိုပင်လျှင် အချိန်တိုအတွင်း အနိုင်ယူခဲ့သည်။

သူတိုက်ခိုက်သော တိုက်ပွဲတိုင်း တစ်ခဏအတွင်း အနိုင်အရှုံးအဖြေထွက်သွားလေ့ရှိပြီး အနိုင်ရရန် သေချာသည်နှင့် အချိန်မဆွဲဘဲ ရန်သူ၏ခံစစ်ကို ချက်ချင်းထိုးဖောက်ဖြတ်ကျော်တတ်သည်။ ရန်ကျောက်ကဲအတွက် တိုက်ပွဲကြာရှည်သည်ဆိုခြင်းမှာ ရှားပါးဖြစ်ရပ်သာပင်။

သူ၏တိုက်ခိုက်မှုက ပေါ့ပေါ့ပါးပါးပင်ထင်မှတ်ရသော်လည်း မည်မျှအန္တရယ်များကြောင်း သူကိုယ်တိုင်သာ သိရှိသည်။

ထို့ကြောင့် ရန်ကျောက်ကဲက တိုက်ပွဲတိုင်းတွင် ပြိုင်ဘက်ကို အသေသတ်လျှင်သတ် ၊ မသတ်လျှင် သေလုမျောပါးဒဏ်ရာများ အမြဲလိုလို ချန်ထားခဲ့ခြင်း ဖြစ်၏။

ဤသို့သော တိုက်ခိုက်မှုပုံစံက မတည်ငြိမ်သော်လည်း ကိုယ့်ထက်ကျင့်ကြံခြင်းအဆင့်မြင့်မားသော ရန်သူများနှင့် ရင်ဆိုင်ရပါက ချေမှုန်းရန် ပိုမိုလွယ်ကူသည်။

စိတ်ရှည်ရှည်ဖြင့် စေ့စေ့စပ်စပ် တိုက်ခိုက်ရသည့်နည်းလမ်းများကိုလည်း ရန်ကျောက်ကဲ တိုက်ခိုက်တတ်ပါ၏။ သို့သော် သူ၏ပင်ကိုယ်စရိုက်က ထိုသို့သောတိုက်ခိုက်မှုပုံစံကို မကြိုက်သောကြောင့် အလွယ်တကူ အသုံးမပြုတတ်ပေ။

ရန်ကျောက်ကဲတို့အုပ်စု ဝင်္ကပါပင်လယ်သို့ ရောက်လာသည့်အခါ ပင်လယ်အတွင်းမှထွက်လာသော သိုင်းသမားများမှတစ်ဆင့် အခြေအနေမူမမှန်မှုများအကြောင်း ကြားသိခဲ့ရသည်။

ထိုအခါမှ ရန်ကျောက်ကဲ၏ ထွက်ဆချက်မှန်ကန်သည်ဟု ယုံကြည်နိုင်ပြီး လူတိုင်း စိတ်သက်သာရာရစွာ သက်ပြင်းချမိကြသည်။

“ဒါက နဂါးအစစ်တွေရဲ့ ချီစွမ်းအား မဟုတ်ဘူးလား”

ရန်ကျောက်ကဲက မြူခိုးများထူထပ်နေသည့် ဝင်္ကပါပင်လယ်ကို စူးစိုက်ကြည့်နေရင်း အတွင်းထဲမှထွက်ပေါ်နေသည့် ကြီးကျယ်ခမ်းနားသော စွမ်းအားရောင်ဝါများကို အာရုံခံလိုက်သည်။

ရန်ကျောက်ကဲ၏ ခန္ဓာကိုယ်နှင့် သွေးကြောဆုံချက်များတွင်ရှိနေသော မသန့်စင်ရသေးသည့် ရေခဲနဂါး စွမ်းအားအနှစ်သာရများက ချက်ချင်းပင်တက်ကြွနိုးကြားလာခဲ့သည်။

ရန်ကျောက်ကဲက....

“ဒီ ‘ရန်’ မျိုးနွယ်က ပင်လယ်အတွင်းထဲ နက်ရှိုင်းတဲ့နေရာကို ဝင်သွားမယ် ၊ မင်းတို့တွေက အပြင်ဘက်မှာ စောင့်ကြည့်ပေးကြ ၊ ဒီနေ့ကတော့ လင်ချန်းချန်အတွက် အဆုံးအဖြတ်ပေးရမယ့်နေ့ပဲ ၊ မိစ္ဆာသူတော်စင်ဂိုဏ်းက ပြင်ပကမ္ဘာကို ထွက်လာခဲတယ်ဆိုပေမယ့် ဒီနေ့အချိန်မှာတော့ သူတို့တွေ ထွက်လာနိုင်တယ်”

ဤနေရာတွင် ရှိနေသော လမ်းမှန်ဂိုဏ်းသားများအားလုံး ရန်ကျောက်ကဲ၏စကားကို အလေးအနက် သဘောတူခဲ့ကြသည်။

ရန်ကျောက်ကဲက ရွှီဖေးနှင့် ရှီကျွင်းကို ခေါင်းတစ်ချက်ညိတ်ပြလိုက်ပြီး မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားနှင့်အတူ ဝင်္ကပါပင်လယ် မြူခိုးများအတွင်းသို့ ဝင်ရောက်သွားသည်။ သမုဒ္ဒရာကမ္ဘာသို့ ပထမဆုံးအကြိမ် ရောက်ရှိလာစဉ်က ဝင်္ကပါပင်လယ်အတွင်း ဝင်ရောက်ခဲ့သည်ထက် မြူခိုးတိမ်တိုက်များ ပိုမိထူထပ်နေကြောင်း တွေ့ရသည်။

နက်ရှိုင်းရာနေရာသို့ ဝင်ရာက်လာလေ မြူခိုးများက ပိုမိုထူထပ်လာပြီး မြူခိုးများအတွင်းမှ နဂါးဟိန်းသံများ ယောင်ဝါးဝါး ထွက်ပေါ်လာသည် ထင်မှတ်ရ၏။

ရန်ကျောက်ကဲ ရှေ့ဆက်လာရင်း မြူခိုးများကြားတွင် မရေမတွက်နိုင်သော နဂါးအစစ်များ ရှိနေသည့်အလား ခံစာရသည်။

“အင်း... လင်ချန်းချန် ရှာဖွေနေတဲ့အရာက ‘ပင်လယ်ထဲကိုဝင်လာတဲ့ နဂါးတွေရဲ့သင်္ချိုင်း’ ဆိုတဲ့ ဒဏ္ဍာရီနယ်မြေများ ဖြစ်နေမလား”

ရန်ကျောက်ကဲ သဘောပေါက်ရိပ်မိသွားသည်။

ကောင်းကင်ဘုံနန်းတော်ထုတ်တန်းကြီးမှ မှတ်ညာဏ်များထဲတွင် ထင်ဟပ်လာသော အနက်ရောင်ဝတ်လူရွယ်က ထွက်ခွာသွားပြီးနောက် ပြန်ရောက်လာခြင်း မရှိတော့ပေ။ ထိုသူ မည်သည့်နေရာသို့ရောက်သွားကြေင်း မသိနိုင်ပေ။

အရေးကြီးကိစ္စတစ်ခုခုကြောင့် ကမ္ဘာများစွာအလွန်က အထက်ဘုံကမ္ဘာသို့ ပြန်သွားလေသလား ၊ သို့မဟုတ် သမုဒ္ဒရာကမ္ဘာမှာပင် ဘဝအဆုံးသတ်သွားခဲ့သည်လား မသေချာပေ။

စောစောကပင် ရန်ကျောက်ကဲက ထိုအနက်ရောင်ဝတ်လူရွယ်အကြောင်း သမုဒ္ဒရာကမ္ဘာမှ သိုင်းသမားများကို မေးမြန်းကြည့်လေရာ မည်သူမှ ထိုသူအကြောင်း မကြားသိခဲ့ဖူးကြပေ။

ကြည့်ရသည်မှာ ထိုလူရွယ်က သူ လုပ်ရမည့်အလုပ်များကို လျှို့ဝှက်ဖုံးကွယ်ထားသည်ထင်၏။ အကယ်၍ သမုဒ္ဒရာကမ္ဘာတွင် သေဆုံးသွားသည်ဆိုပါကလည်း ပြင်ပကမ္ဘာမှ အခြားသူများ အလွယ်တကူရောက်မလာနိုင်သော လျှို့ဝှက်နယ်မြေတစ်ခုတွင် သေဆုံးသွားနိုင်သည်။

မည်သို့ပင်ဖြစ်စေ ထိုသူပြောခဲ့သည့် “ပင်လယ်ထဲသို့ဝင်လာသော နဂါးများစွာ၏သင်္ချိုင်း” ဆိုသည်မှာ ဤ ဝင်္ကပါပင်လယ်ထဲတွင် ဖြစ်နိုင်ခြေ ရှိသည်။

အမှန်တော့ သမုဒ္ဒရာကမ္ဘာတွင် ရန်ကျောက်ကဲစိတ်အဝင်စားဆုံးနေရာမှာ ဤ ဒဏ္ဍာရီလာ နဂါးသင်္ချိုင်းမြေပင် ဖြစ်၏။

သူတို့ ပျံသန်းထွက်ခွာလာစဉ် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏မျက်ဝန်းများ လက်ခနဲတောက်ပသွားပြီး ရန်ကျောက်ကဲနှင့်အတူ လျှင်မြန်စွာ ပျံသန်းထွက်ခွာသွားသည်။

တိမ်နှင့်မြူခိုးများကို ဖြတ်ကျော်ပျံသန်းလာပြီး မည်သည့်အရာမှမရှိဘဲ ကြည်လင်သာယာနေသော နေရာတစ်ခုသို့ ရောက်ရှိလာသည်။

သို့သော် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက လေထုထဲသို့ လက်သီးတစ်ချက် ထိုးစိုက်ချလိုက်သည်။

ထိုအခါ လေထုအလယ်တွင် မှင်ရောင်အလွှာတစ်ခုပမာ နက်မှောင်သောပုံရိပ်တစ်ခု ရုတ်တရက် ပေါ်လာသည်။

ထိုသူက မိစ္ဆာသူတော်စင် ‘လင်ချန်းချန်’။

မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ လက်သီးချက်က သူ့အားမထိုးနှက်မိခင် လေပြင်းတစ်ချက်တိုက်ခတ်လာပြီး လင်ချန်းချန်၏ပုံရိပ်က အနည်းငယ် တုန်ခါသွား၏။

ရန်ကျောက်ကဲက...

“ဒီနေ့က (၁၁) ရက်နေ့ပဲ ၊ ဆိုတော့... အခုချိန်က မင်းအားနည်းနေတဲ့အချိန်ပဲ ၊ ဒါပေမဲ့ ငါတို့က မိတ်ဆွေတွေမဟုတ်ဘဲ ရန်သူတွေဆိုတော့ မင်းအားနည်းနေတဲ့အချိန် အေးအေးဆေးဆေးပဲ ရိုက်ချလိုက်တာပေါ့ ၊ ငါ့အတွက် သက်သာသွားလို့ ကျေးဇူးပဲ... ကျေးဇူးပဲ”

All Chapters