ဓားကို မြှောက်လို့ ဝင့်ကာချီ
Vol. 41 Ch. 567
အခြားလူငယ်ကျင့်ကြံသူတစ်ယောက်၏ မရှင်းလင်းသော ပုံရိပ်သည် သုံပေဟူအား လွန်စွာ အံ့အားသင့်စေခဲ့သည်။
သည်လူငယ်၏တိုက်ခိုက်မှုများသည်လည်း ကြောက်မက်ဖွယ်ကောင်းသော ခွန်အားကို ယူဆောင်လာခဲ့ပြီး နောက်တစ်ကြိမ် ထပ်တိုက်ရန် ခက်ခဲသည့်အထိ သူ့အား တုန်လှုပ်ခြောက်ခြားစေသည်။
…ငါ ထွက်ပြေးရတော့မလား။…
ထိုအတွေးသည် သုံပေဟူ၏စိတ်အတွင်းသို့ ဝင်ရောက်လာသော်လည်း သူ ချက်ချင်း ပယ်ချလိုက်သည်။ သည်လူငယ်နှစ်ယောက်သည် သူ့ထက် မနိမ့်ကျသော်လည်း သူ့ထက်လည်း ပိုပြီး မသန်မာသည်ကို သူ တွေ့ခဲ့သည်။ ရန်သူနှစ်ယောက်နှင့် ရင်ဆိုင်ရသည့်အတွက် အနိုင်ရရန် အခွင့်အလမ်းက အလွန် နည်းချေသည့်တိုင် သူ့ကို သတ်ချင်သည်ဆိုပါက ထိုသူတို့အတွက်လည်း အတော် ခက်ခဲပါလိမ့်မည်။
ကုလားထိုင်ပေါ်တွင် ငြိမ်သက်စွာထိုင်နေသော ထန်ရှုသည် ထိုသုံးယောက် စတင်တိုက်ခိုက်နေသည်ကို တွေ့သောအခါ သိုလှောင်နယ်မြေထဲမှ ကျောက်စိမ်းတစ်တုံးကို ထုတ်လိုက်သည်။ ထို့နောက် သူသည် ၎င်းကျောက်တုံးကို ကုလားထိုင်အောက်တွင် တိကျစွာ ပစ်ချပြီး သူ ကြိုတင်စီစဉ်ထားသည့် အစီအရင်အား အသက်သွင်းလိုက်သည်။ နံရံပေါ်တွင် ရွေ့လျားနေသော အလင်းရောင်ခြည် ဖြာကျလာကာ ထိုသူသုံးယောက်၏ ရန်ပွဲမှ ဖြစ်ပေါ်လာသော လှိုင်းလုံးများသည် ထိုအစီအရင်၏ အလင်းတန်းရောင်ခြည် အကာအကွယ်ဖြင့် ပိတ်ဆို့ခြင်းခံလိုက်ရသည်။
“ကောင်းကင်တံခါးဆီ သွားတဲ့လမ်းကို ကျွန်တော် ပြပေမယ့် ခင်ဗျားက မရဏတံခါးဆီ ကိုယ့်ကိုကိုယ် ပစ်ချဖို့ ကြံရွယ်ခဲ့တယ်။ သုံပေဟူ … ခင်ဗျားရဲ့ အားနည်းတဲ့ တည်ရှိမှုကို ထိန်းသိမ်းပြီး အချိန်တစ်ခု ကြာအောင် ခုခံနိုင်ရင်တောင်မှ ခင်ဗျား သူတို့ကို မကာကွယ်နိုင်သေးဘူး။"
ထန်ရှုသည် ငွေအပ်၂ချောင်းကို ထုတ်ပြီး ပစ် လွှတ်လိုက်ရာ ယောင်ချန်းချင်နှင့် ယောင်ရှင်းဟွာ၏ မျက်ခုံးကြားသို့ လျှပ်စီးကဲ့သို့ အရှိန်ဖြင့် လျင်မြန်စွာ ထိုးဖောက်ဝင်ရောက်သွားသည်။ ငွေအပ်နှစ်ချောင်းကို သူ အလွန်ကောင်းမွန်စွာ ထိန်းချုပ်ထားခြင်းကြောင့် နဖူးကို စိုက်သွားသော်လည်း တစ်ခါတည်း မသေသွားစေဘဲ ခေတ္တသတိလစ်မေ့မျောသွားစေသည်။
“သူ့ကို သတ်ကြ…”
ယောင်မိသားစု၏သိုင်းဆရာကြီးတစ်ယောက်က လှမ်းအော်လိုက်သည်။ လူငယ်နှစ်ယောက်နှင့် သုံပေဟူတို့ကြား သေခြင်းရှင်ခြင်းတိုက်ပွဲက သူတို့အား လွန်စွာ တုန်လှုပ်စေသော်လည်း ထန်ရှုကို သတ်ရန် မျှော်လင့်ချက်ကို သူ မြင်လိုက်ရသောကြောင့် သူ၏ဓားကို ဆွဲထုတ်ကာ ထန်ရှုဆီသို့ ပြင်းထန်စွာ အားနှင့်ထိုးလိုက်သည်။
ယောင်မိသားစုမှ ကျွမ်းကျင်သူ ဒါဇင်ပေါင်းများစွာသည် နောက်ဆုံးတွင် အသိပြန်ဝင်လာကြပြီး ထိုသိုင်းဆရာကြီး၏အနောက်သို့ လိုက်သွားကြသည်။ ထန်ရှု၏ခွန်အားကို သူတို့ မည့်သည့်အခါကမှ မမြင်ဖူးသောကြောင့် ကြောက်မက်ဖွယ်ကောင်းသည့် ငယ်သားနှစ်ယောက်ရှိပြီး သူ့တွင် အရည်အချင်းမရှိဟု ထင်နေကြသည်။ ထန်ရှုကို သတ်နိုင်ပါက သူ့လူနှစ်ယောက်အပေါ်တွင် သက်ရောက်မှုတစ်ခု ရှိလာလိမ့်မည်ဟု တွေးလိုက်ကြသည်။ တိုက်ပွဲအတွင်း ရှိနေသော ကျွမ်းကျင်သူများသည် အာရုံထွေပြားသွားသည့်အခါ ၎င်းတို့ကို နှိပ်ကွပ်နိုင်မည်ဖြစ်သည်။
“သေစမ်း…”
ထန်ရှုဆီသို့ ပထမဆုံး ပြေးလာခဲ့သော ယောင်မိသားစုမှ ကျွမ်းကျင်ပညာရှင်တစ်ဦးက သူ၏ဓားကို မြှောက်ကာ ထန်ရှုအား ပိုင်းခုတ်လိုက်ရာ ထန်ရှု၏ခန္ဓာကိုယ်အား ထက်ပိုင်းဖြတ်လိုက်သည့် အလားပင်။
"သေချင်နေတာလား။"
ထန်ရှု၏အမူအရာမှာ အေးစက်သွားသည်။ သူ၏ လက်ဖဝါးပေါ်တွင် ထွင်းထားသော ဓားပုံရိပ်သည် လွင့်ပျံသွားပြီး ထိုအမျိုးသား၏ ညာဘက်ရင်ဘတ်အား
ထိုးဖောက်သွားသည်။ ဓားသည် အဆက်မပြတ် ကူးခတ်နေသော ငါးတစ်ကောင်အလား ထန်ရှုထံသို့ မရောက်လာသေးသော ယောင်မိသားစုမှ ဒါဇင်နှင့်ချီသော ကျွမ်းကျင်သူများ၏ နှလုံးသားကို ဆက်တိုက် ထိုးဖောက်သွားပေရာ အော်ဟစ်သံနှင့်အတူ ကြမ်းပြင်ပေါ်သို့ လဲကျကာ အကြောများဆွဲပြီး သေဆုံးကုန်သည်။
“နောက်ထပ်ဓားပျံတစ်လက်လား။”
သုံပေဟူသည် တိုက်ခိုက်နေစဉ်အတွင်း ထန်ရှုကိုလည်း မျက်ခြည်မပြတ် စောင့်ကြည့်နေဆဲဖြစ်သည်။ ထန်ရှုသည်လည်း ဓားပျံတစ်လက် အသုံးပြုသည်ကို မြင်သောအခါ အံ့သြတုန်လှုပ်သွားခဲ့သည်။ ထိုကဲ့သို့သော နတ်ဘုရားလက်နက်သည် ဤကမ္ဘာကြီးတွင် ရှိနေသည်ကို သူ မယုံနိုင်လောက်အောင်ပင်။ ဒီနေ့တွင် ဓားပျံနှစ်လက် ရှိသည်ကို လက်ခံဖို့ပင် သူ့အတွက် အတော် ခက်ခဲနေခဲ့ပြီဖြစ်သည်။
…ဒီလူတွေက ဘယ်သူတွေလဲ…
အကယ်၍ ထန်မိသားစုသည် ဤမျှလောက် ကြောက်စရာကောင်းသော စွမ်းအားကို အမှန်တကယ် ပိုင်ဆိုင်ထားလျှင် ယောင်မိသားစုသည် ဟိုးရှေးပသေဝဏီကတည်းက သုတ်သင်ခံခဲ့ရလောက်ပြီ မဟုတ်ပါလော။ သို့သော် ထန်မိသားစုသည် နှစ်ပေါင်းများစွာ ယောင်မိသားစု၏ ဖိအားအောက်တွင် ခေါင်းမထောင်နိုင်ဘဲ ရှိကြောင်းကို မည်သည့်အတွက်ကြောင့် ဆက်ပြခဲ့ပါသနည်း။
သူ အတွေးအနည်းငယ်ကြောင့် ရှုပ်ထွေးသွားရသဖြင့် ဓားအလင်းတစ်ချက်သည် သူ၏လက်မောင်းကို ရုတ်ခြည်းပင် ထိုးဖောက်သွားတော့သည်။ နောက်ထပ် ဓားအလင်းတန်းတစ်ခုသည် သူ့အား ခုတ်ပိုင်းရန် ထပ်မံ ရောက်ရှိလာသဖြင့် သုံပေဟူ မျက်နှာ အကြီးအကျယ် ပျက်သွားရသည်။ တစ်ချိန်တည်းမှာပင် ငွေအပ်များသည် လျှပ်စီးအလင်းများသဖွယ် တစ်ပြိုင်နက်တည်း ပျံဝဲရောက်ရှိလာပြီး ဓားအလင်း၏ တားဆီးခြင်းကို ခံနေရသော သုံပေဟူ၏အရှေ့တွင် ရုတ်ခြည်းပင် ပေါ်လာသည်။
…ဖောက်…ဖောက်…ဖောက်…ဖောက်…
သုံပေဟူသည် ဓားအလင်းမှ လွတ်မြောက်သော်လည်း ထိုလျှပ်စီးအလင်းလေးခုသည် အသံတစ်ချက် မထွက်စေရဘဲ သူ၏ခန္ဓာကိုယ်အား တိတ်တဆိတ် ထိုးဖောက်ဝင်ရောက်သွားခဲ့သည်။ ထိုလျှပ်စီးအလင်းလေးခုသည် သူ၏ခန္ဓာကိုယ်အား တိုက်ရိုက် ထိခိုက်ခြင်းမပြုဘဲ သူ၏ကိုယ်တွင်းအင်္ဂါများကိုသာ ကမောက်ကမ ဖြစ်သွားစေသည်။
…ဝေါ့...
သုံပေဟူ၏ပါးစပ်မှ သွေးများ အမြောက်အမြား ထွက်လာပြီး ပြင်းထန်သော ကြောက်လန့်မှုသည် သူ့နှလုံးသားမှ လျှံထွက်လာခဲ့သည်။ ဓားပျံနှစ်လက်သည် သူ့ခေါင်းထက်တွင် ရုတ်တရက် စတင်ကာ ဓားပုံရိပ်အလွှာအထပ်ထပ်ဖြင့် သူ၏ခေါင်းဆီသို့ လည်ပတ်ဦးတည်လာသည်။
“သွားစမ်း…”
စိတ်ဓာတ်ကျလာသော သုံပေဟူသည် တလက်လက်ဖြစ်နေသော ဓားရိပ်များကို ထိုးခွင်းလိုက်သော်လည်း ၎င်းဓားရိပ်များသည် သူ၏လက်သီးများကို အပိုင်းပိုင်းအစစ ဖြစ်အောင် ကြိတ်ချေလိုက်သည့် အသားကြိတ်စက်အလား ဖြစ်နေသည်။ သွေးတတောက်တောက်ကျနေသော သုံပေဟူ၏အနောက်သို့ အမှောင်ပုံစံတစ်ခု ပေါ်လာပြီး ထက်ရှသော ဓားမြှောင်တစ်ချောင်းသည် သူ၏ခါးအား ထိုခဏတွင် ထိုးဖောက်သွားသည်။ ချီအဆီအနှစ်ဖြင့် ဖန်တီးထားသော ချိတ်တစ်ခုသည် သူ၏ရွှေအမြုတေအား လျှပ်တပြက်အတွင်း ထုတ်ယူသွားပြီး အမှောင်က ထိုအမြုတေအား ကုလားထိုင်ပေါ်တွင် ထိုင်နေဆဲဖြစ်သော ထန်ရှုဆီသို့ သေသပ်စွာ ပစ်လွှတ်လိုက်သည်။
"တုန်ခါပြီး ချိပ်ပိတ်…"
ထန်ရှု၏မျက်လုံးများ အရောင်လက်သွားပြီး လက်များကို အဆက်မပြတ် ဝှေ့ယမ်းလိုက်သည်။ ၎င်းကို သီးခြားခွဲထုတ်ရန် အစီအရင်တစ်ခုအား ချက်ချင်း ခင်းကျင်းပြီး တစ်ချိန်တည်းတွင် ရွှေအမြုတေနှင့် သုံပေဟူတို့အကြား ဆက်သွယ်မှုကို ဖြတ်တောက်လိုက်ပြီးနောက် သူ၏လက်စွပ်အတွင်းသို့ လျင်မြန်စွာ သိမ်းဆည်းလိုက်သည်။
“အား…”
ဤတစ်ကြိမ်တွင် သုံပေဟူသည် လုံးဝ မျှော်လင့်ချက် ကုန်ဆုံးသွားခဲ့ပြီဖြစ်သည်။ သူ့အရှေ့က လူငယ်နှစ်ယောက်တွင် တိုက်ခိုက်ရေးနည်းစနစ် များစွာ ရှိမည်ဟု တစ်ခါမှ မတွေးခဲ့ဘူးပါချေ။ ထိုသူတို့၏ ပူးပေါင်းဆောင်ရွက်မှုသည် သူ ခုခံနိုင်သည်ထက် သာလွန်နေသည်မှာ သူ၏စိတ်ကူးကိုပင် ကျော်လွန်နေသည်။ တိုက်ပွဲစချိန်မှ ယခုအချိန်အထိ တစ်မိနစ် မပြည့်သေးသော်လည်း သူ၏ရွှေအမြုတေသည် လုယူခြင်းခံခဲ့ရချေပြီ။ ကွဲအက်ကြေမွနေသော သူ၏အတွင်းပိုင်း အင်္ဂါများသည် သူ၏ခန္ဓာကိုယ်ထဲတွင် ရွှေအမြုတေ ရှိနေသေးပါက ပြန်လည်ကောင်းမွန်လာနိုင်သော်လည်း ထိုအရာ ဆုံးရှုံးသွားခြင်းကြောင့် သူ၏အရေးကြီးဆုံးအရာမှာ ဆုံးရှုံးသွားခဲ့ပြီဖြစ်သည်။
…အခြေအနေကို ပြောင်းပြန်လှန်ဖို့ ငါ့မှာ ဘာမှ မကျန်တော့ဘူး။…
အဆုံးစွန်သောနောင်တသည် သူ၏နှလုံးသားအား တမြေ့မြေ့ လှိုက်စားလာခဲ့သည်။ နောက်ဆုံးတော့ သူသည် တကယ်ပင် ရေတွင်းအောက်ခြေက ဖားတစ်ကောင် ဖြစ်နေသည်ကို သိလိုက်ရချေပြီ။ သူသည် တရုတ်နိုင်ငံတစ်ခုလုံးတွင် အသန်မာဆုံး လူတစ်ယောက် ဖြစ်သည်ဟု ထင်ထားခဲ့သည်။ သို့သော် ထိုလူငယ်နှစ်ဦး၏လက်တွင်း၌ အသက်ပေး ရလိမ့်မည်ဟု မည့်သည့်အခါမှ မမျှော်လင့်ထားပေ။
မကြာသေးမီအချိန်က ထန်ရှုသည် သူ့အား အခွင့်အရေးတစ်ခု ပေးခဲ့သော်လည်း သူ၏မာနကြောင့် ထိုအခွင့်အရေးအား လက်လွတ်ခံခဲ့မိသည်။ သည့်မတိုင်ခင်က သူသည် မာနကြီးပြီး ဘဝင်မြင့်လွန်းသည်ဟု ထန်ရှုလည်း ပြောခဲ့သည်။
ဤအခိုက်အတန့်၌ သူ ခံစားလိုက်ရသော စိတ်ဆင်းရဲမှုနှင့် နောင်တတရားက သူ့အား တစ်ခါတည်း သေလုနီးပါး ဖြစ်စေခဲ့သည်။ သူ့အသက်ကို မထိန်းနိုင်တော့သည့်ခဏ တာအိုရှို့ယန်က သူ့အား ပေးချင်သည့်ဝိုင်ကို မည်သည့်အတွက်ကြောင့် မသောက်ခဲ့မိပါသနည်းဟုလည်း နောင်တရလာသည်။
"ငါ မဖြစ်ချင်ဘူး။”
ကြုံးဝါးသံနှင့်အတူ သုံပေဟူ၏ခန္ဓာကိုယ်သည် ထက်ခြမ်း ကွဲထွက်သွားတော့သည်။
ထန်ရှုသည် ကျေနပ်ပီတိဖြစ်နေသော အပြုံးဖြင့် ယောင်ချန်းချင်နှင့် ယောင်ရှင်းဟွာ၏ မျက်ခုံးကြားထက်မှ ငွေအပ်များကို ပြန်နုတ်ယူလိုက်သည်။ ထိုနှစ်ယောက် သတိရလာသောအခါ ထန်ရှုသည် စီးကရက်တစ်လိပ်ကို မီးညှိဖွာရှိုက်ရင်း သားအဖနှစ်ယောက်ကို ကြည့်လျက် ပြုံးပြုံးရွှင်ရွှင်ဖြင့်
“ခင်ဗျားတို့ကိုလည်း အခွင့်အရေး ပေးနိုင်တယ်။ ခင်ဗျားတို့ရဲ့မိသားစုအကြီးအကဲကို ဒီကိုလာဖို့ ပြောပါ။ သူ ဒီကို လာခဲ့ရင် ခင်ဗျားတို့ သားအဖနှစ်ယောက် အသက်ရှင်နိုင်မယ်။ ဒါပေမဲ့ သူ မလာရင် ခင်ဗျားတို့တွေ လူမဆန်တဲ့ ညှဉ်းပမ်းမှုတွေကို ခံစားရလိမ့်မယ်။”
သူ့အရှေ့က မြင်ကွင်းကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသော ယောင်ချန်းချင်၏နှလုံးသားသည် အေးခဲသွားရသည်။ သူနှင့်အတူ ခေါ်ဆောင်လာသော ယောင်မိသားစု၏ဒါဇင်နှင့်ချီသော ကျွမ်းကျင်သူများသည် လုံးဝ သေဆုံးသွားကြပြီး သူ့အား အထိတ်လန့်ဆုံးအရာသည် ခွန်အားကြောင့် နာမည်ကြီးလှသော အာမာကျားအား အသက်မရှိတော့သည့်အဖြစ်ကို တွေ့လိုက်ရခြင်းပင်။
အာမာကျားသည် တရုတ်နိုင်ငံတစ်ခုလုံးတွင် အသန်မာဆုံး ကျွမ်းကျင်သူများထဲမှ တစ်ဦး မဟုတ်တုံလော။ ထိုကဲ့သို့သောသူသည် မည်ကဲ့သို့ လွယ်လွယ် အသတ်ခံလိုက်ရပါသနည်း။ သည်ကောက်ကျစ်သော ထန်ရှုက ထိုအရာကို လုပ်ရန် စက်ဆုပ်ဖွယ်နည်းလမ်းကို အသုံးပြုခဲ့ခြင်းပေလား။
ယောင်ချန်းချင် စိတ်ပျက်လက်ပျက် တွေးလိုက်မိသည်။
ထန်ရှု၏စကားကို ကြားပြီးနောက် သားဖြစ်သူ ယောင်ရှင်းဟွာသည် ယခုအချိန်တွင် သူ့ထက်ပင် ပို၍စိတ်ပျက်နေပြီဖြစ်ကြောင်း သူ သတိမမူမိလိုက်ပေ။
ရုတ်တရက် ယောင်ရှင်းဟွာသည် ၎င်း၏ခြေထောက်ပေါ်ရှိ ယခင်က ဘောင်းဘီရှည်ဖြင့် ဝှက်ထားသော ချွန်ထက်သောဓားမြှောင်တစ်ချောင်းကို လှမ်းယူလိုက်သည်။ ဤအခိုက်အတန့်တွင် သူသည် လက်ကျန်ခွန်အားများကို စုလိုက်ပြီး ယောင်ချင်းချင်၏ နှလုံးသားအား ရုတ်တရက် ဓားဖြင့် ထိုးစိုက်လိုက်သည်။
"ဘာ…"
ယောင်ချန်းချင်၏သူငယ်အိမ်သည် ပြင်းထန်စွာ ကျုံ့သွားသည်။ သူသည် မယုံကြည်နိုင်ဟန်ဖြင့် မျက်လုံးပြူးကာ စိုက်ကြည့်နေ၏။ ရင်ဘတ်တွင် စိုက်နေသော ဓားမြှောင်အား ခက်ခက်ခဲခဲ ခေါင်းငုံ့ကြည့်လိုက်ပြီးနောက် ဓားမြှောင်ကိုင်ထားသော သားဖြစ်သူယောင်ရှင်းဟွာအား လှမ်းကြည့်လိုက်သည်။
"ဘာ … ဘာကြောင့်လဲ။" ယောင်ချန်းချင်၏အသံသည် တုန်ရီနေသည်။
ယောင်ရှင်းဟွာသည် ဝမ်းနည်းနေသောအပြုံးအား အားယူပြုံးလိုက်သည်။ သူ၏မျက်နှာထက်တွင် နာကျင်နေသည့်အမူအရာ ရှိနေပြီး မျက်လုံးများမှ မျက်ရည်များ ကျလာကာ ဗလုံးဗထွေးရှိုက်သံဖြင့်
“ကျွန်တော့်ကို သတ်ပစ်ဖို့ အဖေ့ကို ပြောတယ်ဆိုတာ ဒီလိုမြင်ကွင်းမျိုးတွေ ထပ်မမြင်ရအောင်နဲ့ နာကျင်မှုတွေ ဆက်ပြီး မခံစားရအောင်လို့ အဖေရ။ ထန်ရှုရဲ့နည်းလမ်းတွေက ရက်စက်လွန်းတာမို့ ဒီလို ဝေဒနာမျိုးက သာမန်လူတွေ စိတ်ကူးယဉ်လို့တောင် မရတဲ့အရာပါ။ ဒီလို နာကျင်မှုမျိုးကို ကျွန်တော် သည်းမခံနိုင်သလို အဲ့ဒါကို တားဖို့ နည်းလမ်းလည်း မရှိဘူး။ ဒီလို ဝေဒနာမျိုး ခံနေရတောင်မှ ကိုယ် သေချင်ရင်တောင် သေလို့မရနိုင်ဘူး။ ကျွန်တော်က အဲ့ဒါကို ကြုံဖူးပြီးပြီမို့ အဖေ့ကို ထပ်တူဝေဒနာ မခံစားစေချင်ဘူး။ သေချင်ရင်တောင် သေလို့မရနိုင်တဲ့ဘဝ၊ အသက်ရှင်ဖို့အတွက် အရမ်းတောင့်တနေရတာမျိုးတွေ အဖေ့ကို မကြုံစေချင်တော့ဘူး။"
ထိုသို့ပြောပြီးနောက် သူသည် ယောင်ချန်းချင်၏ အရှေ့တွင် ဒူးထောက်လိုက်သည်။ ထို့နောက် သူသည် ထန်ရှုဘက်သို့ ရုတ်တရက် ခေါင်းလှည့်ကာ လည်ပင်းထက်တွင် ဓားမြှောင်ကို တင်လိုက်ပြီး
"ထန်မျိုးရိုးကောင် … ငါတို့ ရှုံးပြီ။ ငါတို့ မင်းဆီမှာ အလဲလဲအကွဲကွဲ ရှုံးနိမ့်ခဲ့တာပဲ။ ငါတို့ သေနိုင်တယ် ဒါပေမယ့် ငါ့အဘိုးကို ဒီကို လာပြီး သေစေချင်တဲ့ မင်းရဲ့ဆန္ဒက ဘာမှ ဖြစ်လာမှာမဟုတ်ဘူး။”
"ယောင်ရှင်းဟွာ … မင်း မင်းအဖေကို သတ်တာ စိတ်ဝင်စားစရာကောင်းလို့ ငါ မင်းကို မတားခဲ့ဘူး။" ထန်ရှုက ပြုံးပြီး ပြောသည်။
"ဒါပေမယ့် မင်းကို အသက်ရှင်နေစေချင်ရင် မင်း သတ်သေနိုင်မယ်လို့ ထင်လား။"
ယောင်ရှင်းဟွာ၏ခန္ဓာကိုယ် တုန်ရီသွားသည်။ ရုတ်ခြည်းပင် သူ၏ခွန်အားကို အစွမ်းကုန် ထုတ်လိုက်သည်။ သူ့လည်ပင်းအရေပြားကို ဓားမြှောင် ထိုးဖောက်ခါနီးအချိန်တွင် အနက်ရောင် အလင်းတန်းတစ်ခု ရုတ်တရက် လက်သွားပြီး သူ၏လက်ကောက်ဝတ်ကို တန်းဖြတ်ပစ်လိုက်ကာ သူ့လက်ဆီမှ ပြတ်ကျသွားစေသည်။
အာားးး…
ယောင်ရှင်းဟွာ စူးစူးဝါးဝါး အော်ဟစ်မိသည့်အပြင် သည်းအူပြတ်မျှ နာကျင်ရလွန်းသောကြောင့် သူ၏မျက်လုံးများသည် သွေးများပြည့်သွားတော့သည်။
ထန်ရှု ထိုင်ခုံမှ ထကာ ယောင်ရှင်းဟွာဆီသို့ သွားလိုက်သည်။ သူ၏မျက်လုံးများက ယောင်ရှင်းဟွာကို ကြည့်မည့်အစား မသေသေးသော ယောင်ချန်းချင်ကို ကြည့်ကာ အပြုံးသဲ့သဲ့ဖြင့် "ခင်ဗျားရဲ့သားကို မသေမရှင်ဘဝနဲ့ ညှဉ်းပန်းနှိပ်စက်တာ မခံစေချင်ရင် မိသားစုအကြီးအကဲကို ဒီနေရာ ခေါ်လိုက်။ ခင်ဗျားမှာ မိနစ်ဝက်ပဲ အချိန်ရမယ်။"
ယောင်ချန်းချင်သည် သားဖြစ်သူအား စိတ်ဓာတ်ကျ အားငယ်စွာဖြင့် ကြည့်လိုက်သည်။ သူ၏သားက မည်သည်အတွက်ကြောင့် သူ့အား သည်လိုမျိုး လုပ်ခဲ့သည်ကို နောက်ဆုံးတော့ သူ နားလည်ခဲ့ပြီဖြစ်သည်။ ယနေ့တွင် သူတို့ သေရမည်မှာ ဧကန်စင်စစ် ဖြစ်သောကြောင့် သားဖြစ်သူသည် သူ့အား မသေဆုံးမီ ညှဉ်းပန်းနှိပ်စက်ခြင်းကို မခံရစေဘဲ ကျေနပ်ဖွယ် သေခြင်းတရားတစ်ခုကိုသာ ရစေချင်ခဲ့ရုံသာ ဖြစ်ပေသည်။
…ဘယ်လောက်တောင် ရက်စက်လိုက်လေလဲ…
နာကျင်ရသောခံစားမှုဖြင့် ယောင်ချန်းချင်သည် မျက်လုံးများကို မှိတ်လိုက်ပြီး သူ့လျှာကို ကိုက်လိုက်သည်။
“အိုး … ဟူးးး…”
ထန်ရှုက ခေါင်းယမ်းကာ သက်ပြင်းချလိုက်ပြီး ယောင်ရှင်းဟွာဘက် လှည့်ကြည့်လိုက်သည်။ သို့သော် ထိုသူသည်လည်း သူ့လျှာကို ကိုက်ထားပြီးဖြစ်သည်ကို တွေ့လိုက်ရသည်။ ထန်ရှုက ချက်ချင်းပင် မျက်မှောင်ကြုပ်သွားပြီး ခေါင်းယမ်းကာ သက်ပြင်းချရင်း
“ဒါက မလိုအပ်ဘဲ ဖြစ်သွားတာပဲ။ တစ်လျှောက်လုံး မင်းတို့ယောင်မိသားစုက ငါတို့ကို အမြဲ သုတ်သင်ချင်နေခဲ့တာ။ အစကတော့ မင်းတို့မိသားစုကို နောက်ထပ်နှစ်အနည်းငယ်လောက်ကြာအောင် ငါ ထားဦးမလို့ပါပဲ။ ဒါပေမယ့် မင်းတို့က ကိုယ့်ပျက်စီးရာ ပျက်စီးကြောင်းကို ကိုယ်တိုင် သယ်လာလိမ့်မယ်လို့ ငါ ဘယ်တုန်းကမှ မထင်ခဲ့မိဘူး။ မင်းတို့အားလုံး ဒီလောက် ဆိုးဆိုးရွားရွား သေချင်နေတယ်ဆိုမှတော့ ငါလည်း ကြင်နာမှု နည်းနည်း ထားပြီး မင်းတို့ကို နှိပ်စက်ညှဉ်းပန်းမှု နည်းသွားအောင် လုပ်ပေးလိုက်ပါ့မယ်။"
ဓါးတစ်လက် မြင့်တက်လာပြီးနောက် ယောင်ချန်းချင်နှင့် ယောင်ရှင်းဟွာတို့သားအဖ နှစ်ယောက်သည် ထန်ရှု၏သတ်ခြင်းကို ခံလိုက်ရတော့သည်။
ခန်းမထဲတွင် ရပ်ကာ ကြမ်းပြင်ပေါ်ရှိ လူသေအလောင်းများကို ကြည့်ရှုနေရင်း ထန်ရှုက အမိန့်ပေးလိုက်သည်။
“ဒီသရဲအိမ်ကို မီးရှို့ပြီး အလောင်းတွေအားလုံးကို ပြာဖြစ်အောင် မီးရှို့လိုက်။”
ရုတ်တရက် ဝေ၀ဝေါးဝါးပုံရိပ်တစ်ခု ပေါ်လာသည်။ တာအို ရှို့ယန်သည် စိတ်မကောင်းဖြစ်နေသော အမူအရာဖြင့် ထက်ခြမ်းကွဲသွားသော သုံပေဟူ၏ခန္ဓာကိုယ်ကို ကြည့်နေမိသည်။ သူသည် ပုလင်းထဲက ဝိုင်ကို သောက်ပြီးနောက် ထိုဝိုင်ပုလင်းထဲမှ သေရည်ဖြင့် သုံပေဟူ၏ ခန္ဓာကိုယ်ပေါ် ပက်ဖျန်းပေးလိုက်ပြီး
“မင်းက တခြားသူတွေကို ပြသနာရှာပြီး ပြစ်မှားတာတွေသာ မလုပ်ခဲ့ရင် တခြားသူတွေက မင်းကို ဘယ်လို သတ်မှာလဲ။ ကောင်းကင်ဘုံက မင်းရဲ့အပြစ်တွေကို ခွင့်လွှတ်နိုင်တယ်ဆိုပေမယ့် မင်းရဲ့မကောင်းမှုတွေအတွက် မင်းရဲ့အသက်နဲ့ ပြန်ပေးဆပ်ရလိမ့်မယ်။ မိတ်ဆွေဟောင်းရေ … မင်းရဲ့ခရီးကို အေးအေးချမ်းချမ်း သွားရစ်လေတော့။
ထန်ရှု လှည့်ထွက်မသွားမီ တာအိုရှို့ယန်ကို တစ်ချက် ကြည့်လိုက်သည်။
***