← Chapters

မသနားမညှာတာသော

Vol. 41 Ch. 569

မသနားမညှာတာသော

Vol. 41 Ch. 569

ပျော်ရွှင်စရာကောင်းသော ထန်မိသားစု၏ ပတ်ဝန်းကျင်လေထုနှင့် ကွဲပြားခြားနားစွာ ယောင်မိသားစု၏ပတ်ဝန်းကျင်လေထုသည် မှုန်မှိုင်းနေခဲ့သည်။ ယောင်ချင်းဇွင်သည် သားဖြစ်သူ ယောင်ချန်းချင်ကို စေလွှတ်ခဲ့ပြီး ကျွမ်းကျင်ပညာရှင် အာမာကျားပါ လိုက်သွားသောကြောင့် ထန်မိသားစုသည် ဆိုးဆိုးရွားရွား အဆုံးသတ်သွားလိမ့်မည်ဟု သူထင်ခဲ့သည်။ သို့သော်လည်း သတင်းကို စောင့်မျှော်နေစဉ်အတွင်း သူ့ထံသို့ သတင်းတစ်ပိုင်းတစ ရောက်လာသည်။

"ချင်းထုန်ခရိုင်ရှိ ကျားပေါင်လဲ့ကစားကွင်းမှာ မီးလောင်မှုဖြစ်ပွားခဲ့တယ်။"

မူလက သူ၏လုပ်ကိုင်နိုင်စွမ်းရည်ကြောင့် မြို့တော်၏ အချို့နေရာများတွင် မီးလောင်ကျွမ်းမှုသည် သူ၏အာရုံကို လုံးဝ ဆွဲဆောင်နိုင်လိမ့်မည် မဟုတ်ပေ။ သို့သော် သည်နေ့ကမူ မတူချေ။ ကျားပေါင်လဲ့ကစားကွင်းသည် ယောင်မိသားစုဝင်နှင့် ထန်မိသားစုဝင်များ ရှိနေသည့် နေရာဖြစ်နေချေသည်။ ယောင်ချင်းဇွင်က သားဖြစ်သူ ယောင်ချန်းချင်ကို ချက်ချင်း ဖုန်းဆက်ခဲ့သော်လည်း ဖုန်းပိတ်ထားသည်ကို သိလိုက်ရပြီး အတူလိုက်ပါသွားသော ငယ်သားများ၏ဖုန်းများသည်လည်း ပိတ်ထားသည်ကို သိလိုက်ရချိန်တွင် ဆောက်တည်ရာမရ ဖြစ်လာသည်။

လူတစ်ယောက်တည်း၏ဖုန်းသာ ပိတ်ထားသည်ဆိုပါက သူ ဂရုမစိုက်သော်လည်း လူများစွာ၏ဖုန်းအားလုံး ပိတ်ထားခြင်းသည် ကြီးမားသော ပြဿနာတစ်ခု ဖြစ်နေသည်ဟု ဆိုရပေမည်။

ထို့ကြောင့် ယောင်မိသားစုမှ အဖွဲ့ဝင်များအား ထိုနေရာကို အာရုံစိုက်ပြီး စုံစမ်းရန် ချက်ချင်း အမိန့်ပေးခဲ့သည်။ ရလဒ်မှာ သူ၏သားဖြစ်သူ ယောင်ချန်းချင်နှင့် သုံပေဟူတို့သည် ယောင်မိသားစုမှ ကျွမ်းကျင်သူ ဒါဇင်ပေါင်းများစွာကို ခေါ်ဆောင်ကာ ကျားပေါင်လဲ့ကစားကွင်းရှိ သရဲအိမ်သို့ ဝင်ရောက်ခဲ့ကြသော်လည်း မီးလောင်သွားချိန်တွင် ထိုသရဲအိမ်မှ တစ်ယောက်မှ မထွက်လာကြပေ။

သူတို့အားလုံး သေကုန်ပြီ။

ဤသည်မှာ ယောင်မိသားစုမှ လူများ၏ နောက်ဆုံး ပေးပို့လာသော သုံးသပ်ချက် ဖြစ်သော်လည်း ထိုရလဒ်ကြောင့် ယောင်မိသားစု၏ စီနီယာအဖွဲ့ဝင်များ အံ့ဩသွားကြကာ ကြောက်ရွံ့ထိတ်လန့်ကုန်သည်။

"အခု ကျွန်တော်တို့ ဘာလုပ်ကြမလဲ အဖေ။"

မြို့ပြင်မှ ပြန်လာသော ယောင်ချန်းဒုန်သည် သတင်းဆိုးကို ကြားလိုက်ရသည်။ ပိုမိုအိုစာသွားဟန်ရသော ဖခင်ဖြစ်သူကို ကြည့်လိုက်သည်။ သူသည် မိသားစု၏ စီနီယာအဖွဲ့ဝင်တစ်ဦး ဖြစ်သော်ငြားလည်း ကျောရိုးစိမ့်သည့်အထိ အေးစိမ့်မှုကို ခံစားနေရပေသည်။

ယောင်ချင်းဇွင်၏ဘဝတွင် မရေမတွက်နိုင်သော မုန်တိုင်းများနှင့် အခက်အခဲများကို ကြုံခဲ့သော်လည်း ဤမျှကြီးမားသော ဆုံးရှုံးမှုအပြင် သားနှင့်မြေးတို့၏ သေဆုံးမှုသည် သူ့အတွက် လက်ခံရန် လွန်စွာ ခက်ခဲလှသည်။ ဆောက်တည်ရာမရဖြစ်နေပြီး တုန်လှုပ်နေဟန် ရှိသည့် ဒုတိယသားဖြစ်သူကို ကြည့်လိုက်သော်လည်း အချိန်အတော်ကြာသည်ထိ ယောင်ချင်းဇွင် စကားမပြောမိပါချေ။

…သူတို့ ဘာလုပ်သင့်သလဲ။ အခုအချိန်မှာ သူတို့ ဘာတွေရော လုပ်နိုင်ပါသေးလဲ…

သုံပေဟူသည် လက်တွေ့ဆိုရသော် ကောင်းကင်ဘုံနှင့်ဆိုင်သော စွမ်းအားရှင်အလားဖြစ်ပြီး ထန်မိသားစု၏လက်တွင်း၌ သေဆုံးသွားခဲ့သောကြောင့် ယောင်မိသားစုအနေဖြင့် ဆန့်ကျင်ခြင်းငှာ မစွမ်းသာသော လွန်စွာ ကြောက်မက်ဖွယ်ကောင်းသည့် ပုံရိပ်တစ်ခုသည် ထန်မိသားစုတွင် ရှိရမည်ဟူသော အဓိပ္ပာယ်ဖြစ်သည်။ ထို့အပြင် ထန်မိသားစု အမှန်တကယ် ပိုင်ဆိုင်သည့် အင်အားအစစ်အမှန်ကို သူ အဖြေမရှာနိုင်သေးပါချေ။ ထန်မိသားစုသည် ဤနှစ်များတစ်လျှောက်လုံး လျှို့ဝှက်စွာ အင်အားတိုးမြှင့်ကာ ဖွံ့ဖြိုးလာခဲ့ပြီး ယခုအခါ သူတို့သည် ယောင်မိသားစုကို မောင်းထုတ်နိုင်သည့် အဆင့်အထိ ဖွံ့ဖြိုးလာခဲ့ပြီဆိုပါက ... သူ့မိသားစု၏ အနာဂတ်သည် ရိုးရိုးရှင်းရှင်းပင် ... စိုးရိမ်စရာကောင်းသော အခြေအနေဖြစ်သည်။

အချိန်အတော်ကြာပြီးနောက် ယောင်ချင်းဇွင်က သက်ပြင်းချကာ အခြေအနေကို လက်မခံနိုင်သေးဟန်အမူအရာဖြင့် ပြောခဲ့သည်။ "ပထမက ကျားပေါင်လဲ့ကစားကွင်းမှာ ဘာတွေ ဖြစ်ခဲ့လဲဆိုတာကို စုံစမ်းစစ်ဆေးဖို့က မဖြစ်မနေ လုပ်ရမယ်။ ဘယ်သူလုပ်တာလဲဆိုတာ ငါတို့ သေသေချာချာ သိဖို့လိုတယ်။”

"နားလည်ပါပြီ … ကျွန်တော် လုပ်လိုက်ပါ့မယ်။" ယောင်ချန်းဒုန်သည် အခြားအကြံဉာဏ်ကောင်း မရှိသောကြောင့် ခေါင်းသာညိတ်ပြနိုင်ခဲ့သည်။

****

ထန်မိသားစု၏ဘိုးဘွားစံအိမ်တွင်…

ထန်ကောရှန့်သည် ဖုန်းခေါ်ဆိုမှုများ ပြုလုပ်ပြီးနောက် ခြံဝင်းဆီသို့ ပြန်လာသောအခါတွင် သူ၏မျက်နှာသည် ခံစားချက် ဆိုးရွားနေသည့်ဟန် ရှိသည်။ သူသည် ကုလားထိုင်ပေါ်တွင် တန်းထိုင်လိုက်ပြီး မျက်မှောင်ကြီးကြုပ်ကာ အချိန်အတော်ကြာအောင် လေးလေးနက်နက် စဉ်းစားခန်းဝင်နေသည်။ ထန်မိသားစု၏ပင်မအဖွဲ့ဝင် ဒါဇင်ပေါင်းများစွာတို့သည် မိသားစုခေါင်းဆောင် မည်သို့ခက်ခဲသော ပြဿနာကို ကြုံတွေ့ခဲ့ရမှန်း မသိသည့်အတွက် မယုံနိုင်သော အကြည့်များ ဖလှယ်နေခဲ့ကြသည်။

"အခက်အခဲတွေ ကြုံခဲ့ရတာလား အဘိုး။" နောက်ဆုံးတွင် ထန်ရှုက တိတ်ဆိတ်မှုကို ချိုးဖျက်ကာ မေးလိုက်သည်။

ထန်ကောရှန့်က ထန်ရှုကို ခေါင်းမော့ကြည့်လိုက်ပြီး တည်ငြိမ်သောအမူအရာဖြင့် စိတ်ပျက်လက်ပျက် ပြောပြလာသည်။

"တကယ်တော့ ပြဿနာတစ်ခု ရှိတယ်။ မြို့တော်က ထိပ်တန်းမိသားစုတွေ အငြင်းပွားမှု  ဖြစ်ပွားတိုင်း လူတိုင်းက ပုံမှန်ဆိုရင် ယုန်လေး နှာစေးသလို ဘာသိဘာသာပဲ နေကြတာလေ။ ကြားနေအင်အားစုတွေတောင်မှ အငြင်းပွားမှုတွေမှာ နည်းနည်းလောက်ပဲ ဝင်ရောက်စွက်ဖက်ကြတာကွာ။ အဘိုးက အဲ့ဒီလူတွေနဲ့ ဆက်သွယ်နေခဲ့ရာမှာ သူတို့တွေက ထန်မိသားစုကို တိုင်းပြည်ထဲ ကြီးမားတဲ့ မငြိမ်သက်မှုတွေ ဖြစ်လာစေမယ့် လှုပ်ရှားမှုကြီးတွေ မပြုလုပ်စေချင်ကြဘူး။ သူတို့ရဲ့စကားတွေထဲတွေမှာ ခြိမ်းခြောက်မှုတွေ ပါနေတယ်လို့တောင် ငါ ခံစားရတယ်။ ငါတို့မိသားစုက ယောင်မိသားစုကို ငရဲကို ပို့လိုက်ရင် ငါတို့တွေ ခံနိုင်ရည်အများကြီး ရှိဖို့ လိုလိမ့်မယ်။”

ထန်ရှု မျက်မှောင်အနည်းငယ် ကြုတ်သွားပြီး အတန်ကြာ ငြိမ်သက်နေပြီးနောက်

"အဘိုး … အဲ့ဒီလူတွေဆီ ကျွန်တော်ကိုယ်တိုင် သွားကြည့်ရမလား။"

"ဒါက ဘာကို အတိအကျ ဆိုလိုတာလဲ။" ထန်ကောရှန့် လှုပ်လှုပ်ရှား ရှားဖြစ်လာကာ မေးလိုက်သည်။

ထန်ရှုက တည်ငြိမ်အေးဆေးသောအမူအရာဖြင့် "လက်အောက်ခံသူတွေ ကြီးပွားချမ်းသာပြီး ဆန့်ကျင်သူတွေ ပျက်စီးသွားလိမ့်မယ် ဆိုတဲ့ ရှေးဆိုရိုးစကားတစ်ခုကို ကျွန်တော် သတိရမိတယ်။ ကျွန်တော်တို့မိသားစုက ကမ်းလှမ်းတဲ့ အကျိုးကျေးဇူးတွေကို သူတို့ လက်မခံချင်ဘူးဆိုရင် အဲ့ဒါကို ဖြေရှင်းဖို့ အင်အားသုံးမယ်ဆိုတာ သူတို့ကို ပေးသိရမယ်။”

ထန်ကောရှန့်က သူ၏လက်ကို ဝှေ့ယမ်းပြီး

"ရှုအာ … ဒါကို နောက်ဆုံးနည်းလမ်းတစ်ခုအနေနဲ့ လုပ်ဖို့ ငါတို့ကို ဖိအားပေးခံရရင်တောင်  ငါတို့ လုပ်လို့မရဘူး။ နိုင်ငံရဲ့နံပါတ်တစ်ခေါင်းဆောင်က သူ့ရာထူးတာဝန်ကို စတင်ထမ်းဆောင်ချိန်ကစပြီး ကြီးကြီးမားမား အောင်မြင်မှုများစွာကို သူ လုပ်ခဲ့တယ်။ နောက်ပြီး သူက တိုင်းပြည်ကို ပထမဦးစားပေးအဖြစ် ထားတယ်။ မိသားစုတွေကြားက ပြသနာဆိုတာ သူ့အတွက်တော့ အသေးအဖွဲကိစ္စလေးပဲ။ ဒါကြောင့် အဘိုးတို့က သူ့အတွက် အခက်အခဲတွေ မဖြစ်စေရဘူး။ နောက်ပြီး ယောင်မိသားစုရဲ့သြဇာအာဏာနဲ့ အဆင့်အတန်းနဲ့ဆိုရင် ပြည့်ဝတဲ့ လှုပ်ရှားမှုတစ်ခုက တိုင်းပြည်ထဲ မငြိမ်မသက်မှုတွေကို  ဖန်တီးနိုင်မှာ မလွဲမသွေပဲ။ ယောင်မိသားစုက ငါတို့မိသားစုနဲ့ အဆုံးစွန်ထိ တိုက်ဖို့ နှစ်ပေါင်းများစွာ တွန့်ဆုတ်နေတာလည်း  အဲ့ဒီအကြောင်းကြောင့်လေ။ အဲ့ဒီအတွက်ကြောင့်ပဲ ငါတို့နှစ်ဖက်စလုံး နောက်ကွယ်မှာ အဆက်မပြတ် သေးငယ်တဲ့ တိုက်ပွဲလေးတွေပဲ ရှိခဲ့တာ။”

သူ၏စကား ထိုနေရာသို့အရောက်တွင် ထန်ကောရှန့်တစ်ယောက် သက်ပြင်းချလိုက်ပြီး “ယောင်ချင်းဇွင်က တစ်သက်လုံး ငါ့ရန်သူ ဖြစ်ခဲ့တယ်။ ငါတို့နှစ်ယောက်လုံး အပြင်မှာ တစ်ယောက်နဲ့တစ်ယောက် သိကြတယ်။ ဒီလိုပါပဲ အသက်ကြီးလာလေ ပိုပြီးခေါင်းရှုပ်ရလေပါကွာ။ အမှန်တော့ ဒီနေ့ မင်းရဲ့လူတွေ မလှုပ်ရှားခဲ့ရင်တောင် ယောင်မိသားစုက ငါတို့မိသားစုကို လုံးလုံးရှင်းပစ်ဖို့ နည်းလမ်း မရှိပါဘူး။ သူ အလုပ်နိုင်ဆုံးမှ ငါတို့ကို ပြင်းပြင်းထန်ထန် ထိုးနှက်ချက်ပေးရုံပဲဆိုတော့ ... 'သူ'က အဲ့ဒါကို ဘယ်တော့မှ ခွင့်ပြုမှာ မဟုတ်ဘူး။”

ထန်ရှုက တွေဝစွော စိုက်ကြည့်ရင်း ဇဝဇေဝါ ဖြစ်နေသော အမူအရာဖြင့် မေးသည်။

"ဒါပေမယ့် အာမာကျားက ပါဝင်စွက်ဖက်လာတာကရော … ‘သူ’က သူ့ကို ထိန်းဖို့ နည်းလမ်း ရှိလို့လား။"

ထန်ကောရှန့်၏တုံ့ပြန်ချက်တွင် အဓိပ္ပါယ်ပြည့်ဝသော အချက်အလက် အရိပ်အမြွက်များပါရှိနေသည်။ "အချိန်တွေ ကြာလာပေမယ့် တရုတ်နိုင်ငံမှာ ထူးထူးခြားခြား အရည်အချင်းရှိတဲ့ ထူးထူးဆန်းဆန်းလူတွေ ဘယ်တော့မှ မပြတ်လတ်ခဲ့ဘူး။ ကြောက်မက်ဖွယ်ကောင်းတဲ့ လူအုပ်စုရဲ့မျိုးဆက်သစ်တွေ ဒီမှာ ကြီးထွားလာတာလည်း မရှားပါးဘူး။ အဲ့ဒီလိုလူတွေက နိုင်ငံက သိမ်းသွင်းထားတဲ့သူတွေ ဒါမှမဟုတ် သူတို့ရဲ့မျက်နှာတွေကို အများသူငှာကို မပြဘဲ ဖုံးကွယ်ထားသူတွေပဲ ဖြစ်တယ်ကွ။ အမျိုးသား လျှို့ဝှက်ဒေတာဘေ့စ်ကို စီမံခန့်ခွဲဖို့ အဘိုး စတင်တာဝန်ယူစဉ်တုန်းက ယောင်ချင်းဇွင်တောင် သတိမထားမိတဲ့ အထူးထိပ်တန်း လျှို့ဝှက်အချက်အလက်တွေကို အဘိုး လျှို့ဝှက်စစ်ဆေးခဲ့ဖူးတယ်။ အဲ့ဒီထိပ်တန်းလျှို့ဝှက်အချက်အလက်ကို လူသုံးလေးဦးလောက်သာ သိကြသလို အဲ့ဒီသုံးလေးဦးကလည်း နိုင်ငံရဲ့ နံပါတ်တစ်ပုဂ္ဂိုလ်အဖြစ် ထမ်းဆောင်ခဲ့ကြတဲ့ ပုဂ္ဂိုလ်တွေချည်းပဲလို့ ငါ ပြောရဲတယ်။”

ထန်ရှု၏မျက်နှာသည် ပြောင်းလဲသွားပြီး ထန်ကောရှန့်၏ရှင်းပြချက်မှ အဓိပ္ပါယ်ကို သူ ချက်ချင်း နားလည်သွားသည်။

အချိန်အနည်းငယ် ကြာပြီးနောက် ထန်ရှုက "ဒီလိုဆိုမှဖြင့် ကိစ္စတွေက နည်းနည်း ပိုရှုပ်ထွေးလိမ့်မယ်ထင်တယ်။ အဘိုး … အဘိုးရဲ့ကျန်းမာရေး မကောင်းတဲ့အတွက် ဒီနေ့ကစပြီး အိမ်မှာ အနားယူတော့မယ်လို့ အပြင်ကို ကြေညာချက် ထုတ်လိုက်ပါ။ ထန်မိသားစုက နောက်ဆက်လုပ်သင့်တဲ့ အရာတွေအတွက် ယောင်မိသားစုနဲ့ ပြဿနာကို ကျွန်တော် ကိုင်တွယ်လိုက်ပါ့မယ်။"

"မင်း ဘယ်လို ဖြေရှင်းမှာလဲ ရှုအာ။" ထန်ကောရှန့်က အမြန် မေးလိုက်သည်။

"တကယ်လို့ ကျွန်တော် မှတ်မိတာ မမှားရင် ယောင်ချင်းဇွင်က ဒီနှစ်ဆို ၈၃ နှစ်ရှိပြီ မဟုတ်လား။" ထန်ရှုက ရယ်မောမော မေးလိုက်သည်။

“သူ ဒီအသက်အရွယ်လောက်ထိ နေပြီးပြီဆိုတော့ သူ့ဘဝက ထိုက်တန်နေပြီလို့ ပြောလို့ရနေပြီလေ။”

…ဘာ…

ထန်ကောရှန့်၏အမူအရာ ပြောင်းသွားပြီး မယုံကြည်နိုင်သော အမူအရာ ဖြစ်လာသည်။ ဘေးပတ်လည်ရှိ ထန်မိသားစုမှ အခြားအဖွဲ့ဝင်များပင် အံသြကုန်ကြပြီး ထန်ရှုကို စိုက်ကြည့်နေကြသည်။

…ယောင်ချင်းဇွင်ကို သတ်မှာလား။…

ထန်ရှု၏မျက်နှာထက်ရှိ အပြုံးသည် ပျောက်ကွယ်သွားပြီး မညှာတာမထောက်ထားတော့မည့် ဟန်အမူအရာက အစားထိုး ဝင်လာကာ အလေးအနက်ထားသော လေသံဖြင့်

"ယောင်ချင်းဇွင်က ယောင်မိသားစုရဲ့အဓိက ထောက်တိုင်ပဲ။ သူ မရှိတော့ရင် ဒီထောက်တိုင်လည်း ပျောက်သွားလိမ့်မယ်။ ယောင်ချန်းချင်နဲ့ ယောင်ချန်းဒုန်တို့ဆိုတာက နောက်မျိုးဆက်ရဲ့ ဆက်ခံသူတွေ ဖြစ်ကြသလို နှစ်ဦးစလုံးက မိသားစုရဲ့အာဏာကို အမှန်တကယ် တာဝန်ယူကြရတဲ့သူတွေ။ ယောင်ချန်းချင် ကွယ်လွန်သွားပြီးဆိုတော့ ယောင်ချန်းဒုန် တစ်ဦးတည်း ကျန်တော့တာလေ။ သစ်သားတစ်ပိုင်းနဲ့ လှေတစ်စင်းလုပ်ရတာ ခက်ခဲတယ်ဆိုသလိုပဲ ယောင်မိသားစု ဆုတ်ယုတ်ဖို့ဆိုတာ မဝေးတော့ပါဘူး။”

ထန်ကောရှန့် တိတ်ဆိတ်နေပြီးနောက် ဖြည်းညှင်းစွာ ခေါင်းညိတ်ပြသည်။

“မင်း လုပ်နိုင်တယ်။ ဒါပေမယ့် နတ်ဘုရားတွေ၊ သရဲတစ္ဆေတွေတောင် သတိမပြုမိရအောင် လုပ်နိုင်ရမယ်။ အဲ့ဒီလိုလုပ်ဖို့ မင်းမှာ ယုံကြည်ချက်ရှိတာ သေချာရဲ့လား။"

"ပြဿနာ မရှိပါဘူး။" ထန်ရှု မဆိုင်းမတွ ခေါင်းညိတ်သည်။

ည၏လရောင်အလင်းမှိန်မှိန်အောက်တွင် ယောင်မိသားစု၏ဘိုးဘွားစံအိမ်၌ ဝိညာဉ်အလား ပုံရိပ်နှစ်ခု တိတ်ဆိတ်စွာ ပေါ်လာသည်။ ခက်ခက်ခဲခဲ အားမစိုက်လိုက်ရဘဲ ထန်ရှုနှင့် အမှောင်သည် ယောင်ချင်းဇွင် နေထိုင်ရာ အိမ်အပြင်ဘက်တွင် ထွက်ပေါ်လာခဲ့သည်။

…ဖောက်…ဖောက်…

အိမ်အပြင်တွင် ပုန်းခိုကင်းစောင့်နေသည့် ယောင်မိသားစုမှ ကျွမ်းကျင်ပညာရှင်နှစ်ယောက်၏ လည်ချောင်းအား ထက်ရှသည့် ဓားမြှောင်တစ်ချောင်းက ထိုးဖောက်သွားပြီး အမှောင်က ထိုသူတို့၏ခန္ဓာကိုယ်များကို အမှောင်ထောင့်တွင် ထားလိုက်သည်။

…အဟွတ်…အဟွတ်…

အိမ်အတွင်းမှ ချောင်းဆိုးသံများက ယောင်ချင်းဇွင်တစ်ယောက် မအိပ်သေးကြောင်း ညွှန်ပြနေသည်။

“ဝင်မယ်…”

ထန်ရှု အသာ ခေါင်းညိတ်လိုက်ပြီး တံခါးကို ဖွင့်လိုက်သည်။ မကြာခင်မှာပင် ထန်ရှုနှင့် အမှောင်တို့သည် ယောင်ချင်းဇွင်၏အိပ်ရာအရှေ့တွင် ပေါ်လာခဲ့သည်။

"အိပ်မပျော်သေးရင် ထပါဦး။ စကားပြောကြတာပေါ့။"

ထန်ရှု၏အသံသည် လွန်စွာ တည်ငြိမ်နေသည်။

ယောင်ချင်းဇွင် မျက်လုံးဖွင့်လိုက်သည့်တခဏ ထန်ရှုသည် ကုတင်နှင့် မျက်နှာချင်းဆိုင်မှ ကြိမ်ကုလားထိုင်ဆီသို့ လျှောက်သွားပြီး စီးကရက်တစ်လိပ်ကို မီးညှိနေသည်။

ယောင်ချင်းဇွင် ချက်ချင်း ခုန်ထမိပြီး ထိတ်လန့်သော အမူအရာဖြင့် ထိုင်လိုက်သည်။ သူသည် အိပ်ရာဘေးရှိ မီးကို ဖွင့်လိုက်ရာ ထန်ရှုနှင့် အမှောင်ကို တွေ့ပြီးနောက် လေသံမာမာဖြင့်

“မင်းတို့က ဘယ်သူတွေလဲ … ငါ့လူတွေ။”

ထန်ရှုက သူ၏ပါးကို ညွှန်ပြပြီး ပေါ့ပါးသော အပြုံးဖြင့် "ကျွန်တော့်မျက်နှာကို ခင်ဗျား မြင်ဖူးသင့်တယ် မဟုတ်လား။ ခင်ဗျားအမုန်းဆုံးလူက ကျွန်တော်ပဲ ဖြစ်လိမ့်မယ် မှန်တယ်မလား။"

ထန်ရှု၏မျက်နှာကိုမြင်ပြီးနောက် ယောင်ချင်းဇွင်၏မျက်လုံးများ အရောင်လက်လာပြီး အေးစက်စက်လေသံဖြင့်

"မင်းက ထန်ရှုလား။"

"မှန်တယ် ကျွန်တော်ပဲ။" စီးကရက်သောက်နေရင်း ထန်ရှု၏နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာသည်။

ယောင်ချင်းဇွင်သည် ဆယ်စက္ကန့်ကျော်သည်ထိ တိတ်ဆိတ်နေပြီးမှ   စိတ်ပျက်အားငယ်သော အမူအရာဖြင့် မျက်လုံးများကို ဖြည်းညှင်းစွာ မှိတ်ထားလိုက်သည်။ ခဏကြာတော့ မျက်လုံးဖွင့်လာပြီး အမှန်တရားကို လက်သင့်မခံနိုင်သေးဟန်ဖြင့်

“ငါ့ကို တစ်ခုလောက် ပြောပေးနိုင်မလား။ ငါ့သားနဲ့ ငါ့မြေးကိုသတ်ခဲ့တာ ဘယ်သူလဲ … အာမာကျားကိုရောပဲ။”

"ဘယ်သူလို့ ခင်ဗျား ထင်လဲ။" ထန်ရှုက ရယ်သံသဲ့သဲ့ဖြင့် ပြန်ပြောသည်။

"ထန်မိသားစုမှာ ဒီစွမ်းရည် ရှိတဲ့သူက ကျွန်တော်ကလွဲပြီး ဘယ်သူ ဖြစ်နိုင်မှာလဲ။"

"မင်း မှန်တယ်။ ထန်မိသားစုမှာ ဒီလိုမျိုး အရည်အချင်းရှိသူ တစ်ယောက်မှ မရှိဘူး။” ယောင်ချင်းဇွင် ခေါင်းညိတ်သည်။

"ငါ့ကို ပြောပါဦး။ ဒီကို အချိန်မတော်မှ လာတာ ငါ့အသက်ကို လိုချင်လို့လား။"

"အသက်ကြီးပေမယ့် မသေသေးဘူး။ ခင်ဗျား အသက်ရှင်နေမယ့်အစား တတ်နိုင်သမျှ အမြန်ဆုံး သေသင့်တယ်။" ထန်ရှု သက်ပြင်းချလိုက်သည်။ "ခင်ဗျား အသက် ၈၀ကျော်နေထိုင်ခဲ့ပြီး တစ်ခါတလေ အရမ်းခေါင်းမာနေပေမယ့် တခြားအချိန်တွေမှာလည်း အရမ်းကို ဉာဏ်ကောင်းတယ်။ မှန်ပါတယ် …  နောက်နှစ်ဆိုရင် ဒီနေ့က ခင်ဗျား သေဆုံးတဲ့ နှစ်ပတ်လည်နေ့ ဖြစ်လာလိမ့်မယ်။ ဒါက ဒီကိုလာရတဲ့ ရည်ရွယ်ချက် အမှန်ပဲ။”

"ဒါဆို မင်း ငါ့ကို သတ်ချင်ရင် သတ်လိုက်ပါ။" ယောင်ချင်းဇွင်က မဲ့ပြုံး ပြုံးလိုက်ပြီး သူ့ရင်ဘတ်ကို ကော့ကာ တုံ့ပြန်လိုက်သည်။

"ခင်ဗျားမှာ နောက်ဆုံးဆန္ဒရှိလား။" ထန်ရှုက မေးလိုက်သည်။

"ခင်ဗျား ကျွန်တော့်ကို ပြောပြနိုင်တယ်။ အဲ့ဒါတွေ အောင်မြင်အောင် ကူညီပေးမယ်။ ဒါပေါ့ … ခင်ဗျားက သူ့တစ်သက်လုံး ရန်သူဖြစ်နေပေမယ့် ဂုဏ်သိက္ခာမဲ့စွာ မသေစေချင်ဘူးလို့လည်း အဘိုးက ပြောထားတယ်။ ဒါကြောင့် မသေခင်မှာ ခင်ဗျားကို ဒုက္ခမပေးဘူး။”

ယောင်ချင်းဇွင်က တခဏ တိတ်ဆိတ်နေပြီးနောက်

"ငါ သေလို့ရတယ်။ ဒါပေမယ့် မင်း ကျန်တဲ့ မိသားစုဝင်တွေကို အသက်ချမ်းသာပေးလို့ မရဘူးလား။"

"ဒါပေါ့။ အဲ့ဒါနဲ့ ပတ်သက်ပြီး ကျွန်တော့်မှာ ပြဿနာ မရှိပါဘူး။ ဒါပေမယ့် အခြေအနေတစ်ခုတော့ ရှိတယ်။”

"ဘယ်လို အခြေအနေလဲ။" ယောင်ချင်းဇွင်က မေးသည်။

"ယောင်ချန်းဒုန်ကို သူ့ရာထူးက နှုတ်ထွက်ဖို့ အမိန့်ပေးလိုက်။" ထန်ရှုက ပြန်ပြောသည်။

"မင်းက ငါ့မိသားစုကို ဘယ်ကိုမှ သွားစရာမရှိတဲ့ မျဉ်းတစ်ခုတည်းရဲ့အဆုံးစွန်ထိ တွန်းပို့ဖို့ ကြိုးစားနေတာလား။" ယောင်ချင်းဇွင်က ဒေါသတကြီး အော်လိုက်သည်။

"ဟမ့် … ဒါက ခင်ဗျားရဲ့မိသားစုကို တခြားသွားစရာမရှိတဲ့ နေရာကို တွန်းပို့လိုက်တာလို့ ယူဆနိုင်လို့လား။" ထန်ရှုက အေးစက်စက် ပြောလိုက်သည်။ "ခင်ဗျားကိုယ်တိုင်က ထန်မိသားစုကို တရုတ်ပြည်ကနေ မောင်းထုတ်ဖို့ အာမာကျားကို ဖိတ်ခေါ်တာအပါအဝင် အရာအားလုံးကို အသုံးချပြီးပြီ။ ဒါက လွန်လွန်ကဲကဲ မဟုတ်သေးဘူးလို့ ကျွန်တော့်ကို မပြောနဲ့နော်။”

ထိုစကားကို ကြားသည့်အခါ ယောင်ချင်းဇွင်၏ အသက်ရှုသံများ ရပ်တန့်သွားသည့်အလားပင်။ ထန်ရှု ပြောခဲ့သည်များက အမှန်ပါပင်။ တရုတ်နိုင်ငံတွင် ကြီးမားသော ပိုင်ဆိုင်မှုများနှင့် စီးပွားရေးလုပ်ငန်းများကို ပိုင်ဆိုင်ထားသည့် ထန်မိသားစုအား နိုင်ငံမှ နှင်ထုတ်လိုက်ခြင်းသည် ၎င်းတို့အား ပြည်ပတွင် ရုန်းကန်ရစေပြီး ပျက်စီးသွားစေသည့်အလားပင် ၎င်းတို့၏ကံကြမ္မာလည်း မကောင်းနိုင်ရန် အလားအလာ များပေသည်။

"ငါ သူ့ကို ဖုန်းဆက်လိုက်မယ်။"

***

All Chapters