← Chapters

ထိုက်သင့်တဲ့ ပြစ်ဒဏ်

Vol. 41 Ch. 570

ထိုက်သင့်တဲ့ ပြစ်ဒဏ်

Vol. 41 Ch. 570

ယောင်ချန်းဒုန်သည် ယခုနှစ်တွင် အသက်၅၀နီးပါးရှိပြီး သူ၏ကလေးများသည်ပင် အရွယ်ရောက်ကာ ကောလိပ်မှ ဘွဲ့ရပြီးခဲ့ကြပြီဖြစ်သည်။ နိုင်ငံ့တာဝန်ရှိသူတစ်ဦးအနေဖြင့် သူသည် များသောအားဖြင့် မြို့တော်တွင် နေထိုင်ပြီး အထက်တန်း အိမ်ရာအဆောက်အအုံဝင်းတစ်ခုတွင် ကိုယ်ပိုင်နေအိမ်ကို ပိုင်ဆိုင်ထားသည်။

ယခင်ကဆိုလျှင် သူသည် စောစောအိပ်မောကျပြီး အိပ်မက်နတ်ဘုရား ကျိုးမြို့စားနှင့် လက်ဘက်ရည် သောက်ရန် တွေ့ဆုံနေပြီဖြစ်ကာ ရွှေရောင်လွှမ်းသော အကျိုးကျေးဇူးများ၊ စည်းစိမ်နှင့် ဘုန်းကျက်သရေတို့ ပါဝင်သော အိပ်မက်များကို မက်နေပြီဖြစ်သည်။ သို့သော် ဒီနေ့တွင် သူ အိပ်မပျော်ပါချေ။ တစ်ချိန်က သူသည် မိသားစုအကြီးအကဲရာထူးကို မျက်စိကျခဲ့ပြီး သူ၏အစ်ကိုကြီး ယောင်ချန်းချင်နှင့် လျှို့ဝှက်စွာ ယှဉ်ပြိုင်ခဲ့သဖြင့် တစ်ယောက်ကို တစ်ယောက် မျက်လုံးထဲမှ ဆူးပင်အလား မှတ်ယူခဲ့ကြသည်။ တစ်ဖက်သားကို ဖယ်ရှားရန် စိတ်ကူးကိုပင် တွေးခဲ့ကြသည်။

သို့သော် ယနေ့တွင် သူ၏အစ်ကိုကြီး အသတ်ခံရသည်ဟူသော အချက်အား သူ လက်ခံရန် ခက်ခဲနေပေသည်။ မိသားစုအကြီးအကဲရာထူးကို ရယူရန် အပြိုင်အဆိုင်မရှိတော့ဘဲ မိသားစုအကြီးအကဲ ဖြစ်ရန် လမ်းစသည် သူ့အတွက် လွန်စွာ လွယ်ကူနေပေသည်။ သို့သော် … ၎င်းမှ ဖြစ်ပေါ်လာသော နောက်ထပ် ဆိုးရွားသော ပြဿနာတစ်ခုကို သူ မြင်နိုင်သည်။ သူသည် မိသားစု၏ အကြီးအကဲ ဖြစ်ခဲ့သော်ငြား ယောင်မိသားစုကိုယ်တိုင် ဆုတ်ယုတ်သွားခဲ့လျှင် အဘယ်မှာ အကျိုးရှိအံ့နည်း။

…ဖုန်းမြည်သံ…

ဖုန်းမြည်သံက သူ၏အတွေးကို ပြတ်တောက်သွားစေပြီး အသိဝင်လာစေသည်။

သူ၏ဖုန်းကို ယူ၍ ခေါ်ဆိုသူအမည်ကို တွေ့သောအခါ မျက်နှာအမူအရာ ပြောင်းလဲသွားကာ ကမန်းကတန်း ကိုင်လိုက်ပြီး

"အဖေ … ကျွန်တော့်ကို ရှာနေတာလား။"

"ချန်းဒုန် … မင်း ငါ့ကို တစ်ခုတော့ ကတိပေးရမယ်။" ယောင်ချင်းဇွင်၏အသံသည် ဖုန်းမှ ထွက်ပေါ်လာသည်။

"ဘာတွေ ပြောနေတာလဲ အဖေ။" ယောင်ချန်းဒုန်က ဇဝဇေဝါဖြစ်စွာ မေးလိုက်သည်။

"မင်းရဲ့လက်ရှိအလုပ်ကနေ နှုတ်ထွက်ပြီး မိသားစုအရေး တာဝန်ယူဖို့ ပြန်လာခဲ့။" ယောင်ချင်းဇွင်က ပြောလိုက်သည်။

ယောင်ချင်းဒုန်သည် အံ့ဩသွားပြီး မျက်နှာ သိသိသာသာ ပျက်သွားသည်။ ကုလားထိုင်ပေါ်မှပင် ခုန်ချလိုက်မိပြီး

“အဖေ ဘယ်လို ပြောလိုက်တာလဲ။ ကျွန်တော့်ရဲ့ လက်ရှိရာထူးက အရမ်း အရေးကြီးတယ်လေ။ အဲ့ဒါကနေ ဘယ်လို နှုတ်ထွက်နိုင်မလဲ။ ဒါဆို ကျွန်တော်တို့ ယောင်မိသားစု…”

"ငါတို့မိသားစုရဲ့အခုချိန်က မရေရာတဲ့ အခြေအနေ ဖြစ်နေတာမို့ မင်းပြန်မလာရင် ငါတို့မိသားစု ဒီအကျပ်အတည်းကနေ လွတ်မြောက်ဖို့ ခက်လိမ့်မယ်။" ယောင်ချင်းဇွင်က သူ့စကားကို ကြားဖြတ်ပြီး လေးပင်သော လေသံဖြင့် ပြောသည်။

“မေးခွန်းတွေ မမေးနဲ့။ ငါ့မှာ တခြားရွေးချယ်စရာတွေ မရှိဘူး။ ငါ မင်းကို မပြောနိုင်တဲ့ အရာတစ်ခုက တွန်းအားပေးတာ ခံနေရတယ်။"

"ဘာပြဿနာ ရှိလို့လဲ အဖေ။ ကျေးဇူးပြုပြီး ကျွန်တော့်ကို ပြောပြပါ…” ယောင်ချန်းဒုန်က ကမန်းကတန်း ပြောလိုက်သည်။

“ဘာမှ ထပ်မမေးနဲ့တော့ … ငါ့စကားတွေကိုသာ မှတ်ထား။” ယောင်ချင်းဇွင်က သူ့စကားကို နောက်တစ်ကြိမ် ကြားဖြတ်ပြီး ဆက်ပြောသည်။

“မင်းရဲ့ ရာထူးက မြန်နိုင်သမျှ မြန်မြန် နှုတ်ထွက်ပြီး မိသားစုကို တာဝန်ယူဖို့ ငါတို့ ဘိုးဘွားစံအိမ်ကို ပြန်လာခဲ့။ နောက်ပြီး ထန်မိသားစုကို ဘယ်တော့မှ မတိုက်ခိုက်နဲ့တော့။ ငါတို့မိသားစုနှစ်ခုကြားက ဆက်ဆံရေးကို အတတ်နိုင်ဆုံး ပြေလည်နိုင်အောင် ကြိုးစားပါ။”

ထိုစကားကိုပြောပြီးနောက် ယောင်ချင်းဇွင်က တန်းဖုန်းချလိုက်သည်။

ယောင်ချင်းဇွင်အား တည်ကြည်သောအမူအရာဖြင့် ကြည့်ရင်း ထန်ရှုက သက်ပြင်းတစ်ချက်ချကာ ချီးမွမ်းလိုက်သည်။

"ခင်ဗျားက ယောင်မိသားစုရဲ့ အကြီးအကဲ ဖြစ်ထိုက်သူပါ။ အရာရာတိုင်းကို ပြတ်ပြတ်သားသားနဲ့ လုပ်ခဲ့တယ်။ ကောင်းပါပြီ … ကျွန်တော် ခင်ဗျားကို နာရီဝက်အချိန် ပေးပါမယ်။ ခင်ဗျားကိုယ်တိုင် အသက်စွန့်ရင် အကောင်းဆုံးပဲ။"

ယောင်ချင်းဇွင်သည် တစ်ခဏမျှ ငြိမ်သက်နေပြီးနောက် သူ၏ပုံပန်းသွင်ပြင်သည် ရှိရင်းစွဲအသက်ထက် ပိုမိုအိုစာသွားဟန် ရှိသည်။ သူသည် အိပ်ခန်းအတွင်း ဖြည်းညှင်းစွာ လျှောက်သွားပြီး အံဆွဲအတွင်းမှ ဆေးပုလင်းကို ထုတ်ယူလာသည်။ ထို့နောက် သူသည် ရေတစ်ခွက်ကို ဖြည့်ကာ အတွင်းမှ အိပ်ဆေးအားလုံးကို လက်ထဲ လောင်းထည့်လိုက်ပြီး သူ့လက်ထဲရှိ အိပ်ဆေးအားလုံးကို မသောက်မီ ထန်ရှုအား လေးလေးနက်နက် လှည့်ကြည့်လိုက်သည်။

“အရှုံးသမားတွေက အမြဲတမ်း မှားတယ်။ ငါ့ယောင်မိသားစုက ရှုံးသွားတဲ့အတွက် ဘာမှ ဆင်ခြေပေးစရာ မရှိပါဘူး။ နောင်လာနောက်သား မျိုးဆက်တွေ ဆက်ပြီးရှင်သန်နေထိုင်နိုင်ဖို့ ငါ့မိသားစုကို မျက်နှာသာ နည်းနည်းလောက် ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ အကယ်၍ ... မင်းရဲ့ ထန်မိသားစုက မင်းရဲ့ ဒေါသကို လုံလုံလောက်လောက် မဖြေဖျောက်ပေးနိုင်ရင် ငါ့ယောင်မိသားစုရဲ့ အမျိုးအနွယ်ကို ပေကျင်းကနေ နှင်ထုတ်နိုင်တယ်။ ကုန်ကုန်ပြောရရင် သူတို့ကို တရုတ်နိုင်ငံထဲကတောင် မင်း မောင်းထုတ်နိုင်ပါတယ်။”

ထန်ရှုသည် ရင်ထဲတွင် အနည်းငယ် ရှုပ်ထွေးနေသည်ဟု ခံစားမိသော်လည်း သူ၏နှလုံးသားကို တင်းခံကာ ခေါင်းညိတ်လိုက်သည်။ ယောင်နှင့် ထန်မိသားစုများသည် ရန်သူဟောင်းများဖြစ်ကြပြီး ထန်မိသားစုသည် ယောင်မိသားစု၏ ဖိနှိပ်မှုအောက်တွင် နှစ်ပေါင်းများစွာ အတော် ဆုံးရှုံးခဲ့ရသည်။ ယောင်တို့လက်ထဲတွင် ထန်မိသားစု၏ တိုက်ရိုက်မျိုးဆက်များ မသေခဲ့သော်လည်း ထန်မိသားစု၏ လက်အောက်ခံမိသားစုများမှ လူအများအပြားနှင့် ထန်မိသားစုမှ ပြုစုပျိုးထောင်ပေးသော အရည်အချင်း ရှိသူ အမြောက်အများသည် ယောင်မိသားစု၏လက်ထဲတွင် ဆုံးရှုံးကြရသည်။

အတိတ်က အဖြစ်အပျက်များကို ပြန်ပြောင်းတွေးကြည့်မည်ဆိုပါက သူ့အဖေ ဖြစ်ပျက်ခဲ့ခြင်း၏နောက်ကွယ်တွင် ယောင်မိသားစု၏အရိပ်တစ်ခု ရှိကောင်းရှိနိုင်ပေမည်။

ယောင်ချင်းဇွင် အိပ်ရာပေါ်သို့ လှဲလျောင်းပြီး သူ့ကိုယ်ပေါ်သို့ စောင်ဆွဲခြုံလိုက်သည်ကို ထန်ရှု ကြည့်နေသည်။ ထို့နောက် အိတ်ကပ်ထဲမှ စီးကရက်တစ်လိပ်ကို ထုတ်ယူကာ မီးညှိလိုက်ပြီးနောက် အားရပါးရ ဖွာရှိုက်လိုက်ပြီး လက်ကို ဝှေ့ယမ်းလိုက်သည်။

… ဝှစ်…

အမှောင်၏ပုံရိပ်သည် ချက်ချင်း ပျောက်ကွယ်သွားသည်။

နောက်ထပ် စီးကရက်တစ်ဖွာ ရှိုက်လိုက်ပြီးနောက် ထန်ရှုသည် အသိလွတ်တော့မည့် ယောင်ချင်းဇွင်ကို ကြည့်ရင်း ဖြည်းညှင်းစွာ ထရပ်ကာ သူ့ဘာသာ တီးတိုးရေရွတ်လိုက်သည်။

"ခင်ဗျားက ကိုယ့်ဘာသာကိုယ် ထာဝရအမှန်တရားကို ပြောလိုက်တာပဲ။ အရှုံးသမားတွေက အမြဲ မှားနေလိမ့်မယ်ဟုတ်လား။ ခင်ဗျား စတင်လိုက်ပြီ ဆိုကတည်းက ရှုံးတဲ့ဖက်ရဲ့ကံကြမ္မာကိုလည်း သတိရှိနေရမယ်လေ။ ဘာပဲဖြစ်ဖြစ် ခင်ဗျားရဲ့သားနဲ့ မြေးတွေက ခင်ဗျားကို မြေအောက်ကမ္ဘာမှာ စောင့်နေပြီမို့ ခင်ဗျား အဲ့ဒီမှာ အထီးကျန်မှာ မဟုတ်ပါဘူး။"

သည်ညတွင် ထန်ရှုရောက်ရှိလာသည့် အပိုင်းငယ်မှလွဲ၍ ယောင်မိသားစု၏ဘိုးဘွားစံအိမ်ရှိ အရာအားလုံးသည် အလွန်အေးချမ်းနေဟန်ရသည်။ ယောင်ချန်းဒုန်သည် ဘိုးဘွားစံအိမ်သို့ နောက်ကျပြီးမှ ရောက်သည့်တိုင် သူ့အဖေ၏အိမ်တံခါးအပြင်ဘက်တွင်သာ ရပ်ကာ အထဲသို့ မဝင်ဝံ့ပေ။

မနက်အစောပိုင်းတွင်…

တံခါးအပြင်ဘက်တွင် တစ်ညတာလုံး စောင့်ဆိုင်းပြီးနောက် ယောင်ချန်းဒုန်သည် မျက်ခုံးတွန့်ကာ တံခါးကို ကြည့်လိုက်မိသည်။ သူ့အဖေ၏အကျင့်အရ သည်အချိန်တွင် နိုးနေသင့်ပါပြီ။ ဒါပေမယ့် ဘာအသံမှ မကြားရတာလဲ။

အားးး…

ကျယ်လောင်သော အထိတ်တလန့်အော်ဟစ်သံသည် ဘေးနားရှိ ခြံဝင်းလေးမှ ထွက်ပေါ်လာသည်။

ထို့နောက် ယောင်ချန်းဒုန်၏အမူအရာ အနည်းငယ် ပျက်သွားပြီး ဘေးတံခါး၏ခြံဝင်းငယ်လေးဆီသို့ အပြေးသွားလိုက်သည်။ မြေပြင်ပေါ်တွင် ကြောက်လန့်တကြား ထိုင်နေသော အိမ်အကူကို သူ ကြည့်လိုက်ပြီးနောက် သူမ ကြည့်နေသည့် လမ်းကြောင်းအတိုင်း ဆက်ကြည့်လိုက်သည်။

"ဘာကြီးလဲ။"

လူသေအလောင်းနှစ်လောင်းသည် ထောင့်စွန်းတွင် လဲလျောင်းနေပြီး အလောင်းများပေါ်တွင် သွေးစွန်းထင်းနေကာ သတင်းစာများစွာဖြင့် မလုံ့တလုံ ဖုံးအုပ်ထားသည်။ ယောင်ချန်းဒုန်သည် အလောင်းနှစ်လောင်းဆီသို့ ပြေးသွားကာ စစ်ဆေးရန် ထိုင်ချလိုက်သည်။ သူသည် ရုတ်တရက် ခေါင်းကို မော့ကာ တစ်ခုခုကို သတိရသွားဟန်ဖြင့် အနီးက ခြံဝင်းဆီသို့ ပြေးသွားကာ သူ့အဖေ၏အိမ်တံခါးကို ကန်ဖွင့်လိုက်သည်။ အိပ်ခန်းထဲ ရောက်သွားသည့်အခါ အိပ်ရာထက်တွင် လှဲလျောင်းနေသော ဖခင်ဖြစ်သူအား တွေ့လိုက်ရသဖြင့် သူ၏နှလုံးသား မွန်းကြပ်သွားရသည်။

“အဖေ … အိပ်ရာထဖို့ အချိန်ရောက်ပြီ။” ယောင်ချန်းဒုန်က ခေါ်လိုက်သည်။

ယောင်ချင်းဇွင်ထံမှ လှုပ်ရှားမှု မရှိဘဲ သို့မဟုတ် အသံ မကြားရဘဲ ကုတင်ထက်တွင် မလှုပ်မယှက် လဲလျောင်းနေဆဲဖြစ်သည်။

ယောင်ချန်းဒုန် ငြိမ်ကျသွားသည်။ သူ့အဖေသည် အလွန်အအိပ်ဆတ်သည်ကို သူ သိပြီး အနည်းငယ် လှုပ်ရှားမှုရှိရင်ပင် နိုးလာတတ်သည်။ သို့သော် တံခါးကို ကန်ပြီး သူ့အဖေကို အော်ခေါ်တာတောင် တုတ်တုတ်မှ မလှုပ်နိုင်ခဲ့ပေ။ တခဏတာ တုံ့ဆိုင်းသွားပြီးနောက် ထပ်ခေါ်တော့မည့်အချိန်တွင် သူ၏အကြည့်များသည် ဗီရိုဆီ ရောက်သွားသည်။

ဆေးပုလင်းလား…

သူ လျှောက်လာပြီး ဆေးပုလင်းကို လှမ်းကိုင်လိုက်သည်။ ၎င်းပုလင်းတွင် ဆေးသောက်ရန် ညွှန်ကြားချက်ကို ကြည့်ပြီးသောအခါ သူ၏မျက်လုံးများသည် ပြူးကျယ်သွားပြီး ထိတ်လန့်တကြားဖြင့် အိပ်ယာဘေးသို့ ပြေးသွားကာ

“အဖေ … ထပါတော့။”

မည်သို့အော်ခေါ်နေနေ တုံ့ပြန်မှု မရှိပါချေ။

ယောင်ချန်းဒုန်၏နှလုံးသားသည် နာကျင်ဝမ်းနည်းမှုကို ခံစားနေရပြီး အသံများ ခြောက်သွေ့အက်ကွဲလာသည်။ သူ၏လက်ကို ဖခင်၏နှာခေါင်းအောက်သို့ အလျင်အမြန် ထားလိုက်သည်။ ကြောက်စရာကောင်းသည်က သူ့အဖေသည် အသက်မရှုတော့ခြင်းပင်။ ဖခင်၏လက်ကောက်ဝတ်ကို အလျင်အမြန်ယူပြီး သွေးခုန်နှုန်းစမ်းကြည့်သည့်အပြင် သူ့အဖေ၏ရင်ဘတ်နားသို့ နားကပ်ကာ နားထောင်ကြည့်မိသည်။။

"ဒါက ဘယ်လို ဖြစ်ရတာလဲ။"

ယောင်ချန်းဒုန်၏မျက်နှာသည် ဖြူဖွေးသွားပြီး တုန်လှုပ်ကာ တစ်ကိုယ်လုံး အေးစက်သွားရသည်။ မျက်ရည်စက်များသည် သူ့ပါးပြင်ထက် ကျဆင်းလာသော်လည်း သည်မျက်ရည်များသည် သူ ခံစားနေရသော နာကျင်မှုအား ဖုံးကွယ်ခြင်းငှာ မစွမ်းသာပါပေ။

****

ပေကျင်း ထန်မိသားစု၏ဘိုးဘွားစံအိမ်…

ထန်ရှုသည် ထန်ကောရှန့်၊ ထန်ကောရှင်းနှင့် ထန်ကောရှို့တို့ သုံးယောက်နှင့် မျက်နှာချင်းဆိုင်တွင် ထိုင်နေသည်။ ဘေးတစ်ဖက်တစ်ချက်တွင် ထန်ယွင်ဖန်း၊ ထန်ယွင်သဲ့၊ ထန်ယွင်ချင်း၊ ထန်ဒေါင်၊ ထန်မင်းနှင့် ထန်ယန်တို့ ထိုင်နေကြသည်။

"သူ တကယ် သေသွားတာလား။" ထန်ကောရှန့်က လေသံနိမ့်နိမ့်ဖြင့် မေးလာသည်။ သူ၏မျက်လုံးများတွင် ရှုပ်ထွေးသောအကြည့်တစ်ခုရှိနေသည်။

"ဟုတ်တယ် … သူ့ကိုယ်သူ သတ်သေလိုက်တာ။" ထန်ရှုက ခေါင်းညိတ်သည်။

ထန်ကောရှန့်သည် သူ့မျက်လုံးများကိုမှိတ်ထားပြီး အချိန်အတော်ကြာပြီးနောက် ပြန်ဖွင့်လိုက်သည်။ ထို့နောက် မတ်တပ်ထရပ်ကာ ဝိုင်စင်ဆီသို့ လျှောက်သွားပြီး ဝိုင်ပုလင်းကို ထုတ်ကာ အဝေးတစ်နေရာ၌ ထိုင်လိုက်သည်။ ထို့နောက် ဝိုင်ပုလင်းကို သူ့ရှေ့တည့်တည့်တွင် လောင်းချပြီး တတွတ်တွတ် ရွတ်တော့သည်။

“အဘိုးကြီး … ငါတို့ တစ်သက်လုံး တိုက်ခိုက်ခဲ့ကြပြီးပြီ။ အခုတော့ မင်းက ငါ့အရင် သွားခဲ့ပြီမို့ မင်းရဲ့ပြိုင်ဘက်အနေနဲ့ ငါ မင်းကို လိုက်ပို့ချင်ပါသေးတယ်။ ငါတို့ နောက်ဘဝမှာ ရန်ဘက်တွေ ထပ်မဖြစ်ဖို့ ငါမျှော်လင့်တယ်။”

ထိုစကားကို ပြောကာ ထန်ကောရှန့်သည် ဝိုင်ပုလင်းကိုရိုက်ခွဲလိုက်ပြီးနောက် ထန်ရှုကို ရုတ်တရက် ကြည့်လိုက်ပြီး လေးနက်သော အမူအရာဖြင့်

" ရှုအာ … ဒီကိစ္စကို ဒီမှာပဲ အဆုံးသတ်လိုက်ပါ။ ယောင်မိသားစုရဲ့အကြီးအကဲ ကွယ်လွန်ခဲ့သလို မိသားစုကလည်း ကြီးမားတဲ့ ဆုံးရှုံးမှုတွေနဲ့ ကြုံခဲ့ရပြီ။ ငါတို့မိသားစုကို တိုက်ခိုက်ဖို့ အရာအားလုံးကို လောင်းကြေးထပ်ချင်နေရင်တောင်မှ သူတို့ သတ္တိ မရှိလောက်တော့ဘူး။”

"ကျွန်တော် ကြိုပြောစရာတစ်ခု ရှိသေးတယ်။" ထန်ရှုက ဆိုသည်။

"ဘာများလဲ။" ထန်ကောရှန့် မေးလိုက်သည်။

"ယောင်ချန်းဒုန်က မကြာခင် သူ့ရဲ့လက်ရှိရာထူးကနေ နုတ်ထွက်ပြီး မိသားစုအကြီးအကဲရာထူးကို ဆက်ခံဖို့ ပြန်သွားလိမ့်မယ်။" ထန်ရှုက ရှင်းပြသည်။

ထန်ကောရှန့်၏ မျက်လုံးများ တောက်ပလာပြီး

"ဒါလည်း မင်း လုပ်လိုက်တာလား။"

"အမှန်ပဲ။" ထန်ရှု ခေါင်းညိတ်သည်။

"ယောင်ချင်းဇွင် မသေခင်က သူ့ဆီ ဖုန်းဆက်တယ်။"

သူ့လက်များကို ပွတ်သပ်နေရင်း ထန်ကောရှန့်၏မျက်နှာထက်တွင် စိတ်လှုပ်ရှားနေသည့်အကြည့်ကို အထင်းသား မြင်တွေ့နိုင်သည်။

"အခုချိန်မှာတော့ ယောင်ချန်းဒုန်က ယောင်မိသားစုတစ်ခုလုံးရဲ့ဝန်ကို ထမ်းရမယ့် တစ်ယောက်တည်းသောသူပါပဲ။ လက်ရှိရာထူးကနေ သူ အနားယူသွားရင် ယောင်မိသားစုကို ကြောက်ရွံ့နေစရာ မလိုတော့တဲ့ အင်အားတစ်ခုလို့ ယူဆနိုင်တယ်။”

ထန်ရှုက ခပ်သဲ့သဲ့ ပြုံးကာ လက်ခုပ်တီးလိုက်သည်။ ထို့နောက် အပြင်ဘက်မှ တံခါးပွင့်သွားပြီး အလင်းသည် အနည်းငယ် ပြုံးနေသော မျက်နှာဖြင့် ဝင်လာသည်။ သူ အခန်းထဲကမထွက်ခင် ထန်ရှုအား စာရွက်စာတမ်းတစ်ထပ် ပေးလိုက်သည်။

"ဒါတွေက ဘာတွေလဲ။" ထန်ကောရှန့်၏မျက်ခုံးများ မြင့်တက်လာကာ သိလိုစိတ်ဖြင့် မေးလာသည်။

အခန်းထဲက ကျန်သော ထန်မိသားစုဝင်တွေလည်း သိချင်ဟန်ရသည်။ ထန်ရှု၏လက်ထဲက စာရွက်စာတမ်းတွေထဲမှာ မည်သည့် အချက်အလက်တွေ ပါနေသည်ကို သူတို့မသိခဲ့သလို ထန်ရှု၏စိတ်ထဲတွင် ဘာတွေ ရှိနေသည်ကိုလည်း သူတို့ မသိနိုင်ပါပေ။ မည်သို့ပင်ဆိုစေကာမူ ထန်ရှု၏ပြုံးနေသောအမူအရာကို ကြည့်ခြင်းအားဖြင့် ဤအချက်အလက်သည် ထန်မိသားစုအတွက် အလွန်အရေးကြီးသည်ဟု မရေရာသော ခံစားချက်မျိုး သူတို့ ရှိနေခဲ့သည်။

ထန်ရှုက ထန်ကောရှန့်အား စာရွက်စာတမ်းများ လွှဲပေးခဲ့ပြီး

"ကျွန်တော်တို့နဲ့ ယောင်တွေက အရင်က နက်နက်ရှိုင်းရှိုင်း မုန်းတီးမှု မရှိခဲ့ကြပေမယ့် အခုဆို မိသားစုနှစ်စုက သွေးထွက်သံယိုမှုတွေ ရှိလာတာကြောင့် နက်နက်ရှိုင်းရှိုင်း မုန်းတီးနေကြပြီလို့ ပြောနိုင်တယ်။ ကျွန်တော်တို့မိသားစုက ယောင်မိသားစုကို အသက်ချမ်းသာပေးပြီး လွှတ်ထားချင်ပေမယ့်လည်း ယောင်မိသားစု အင်အား ပြန်ကောင်းလာပြီဆိုတာနဲ့ အနာဂတ်မှာ ကျွန်တော်တို့မိသားစုဆီ ဦးတည်လာမှာကို စိုးထိတ်တယ်။ ဒါကြောင့် နောင်လာမယ့်ဒုက္ခတွေကို ရှောင်ရှားနိုင်ဖို့ တစ်ခုခု လုပ်ထားရမယ်လို့ ထင်တယ်။”

ထန်ကောရှန့်က ဘာမှ ထပ်မမေးတော့ဘဲ ထန်ကောရှင်းနှင့် ထန်ကောရှို့တို့နှင့်အတူ စာရွက်စာတမ်းများကို တန်းဖတ်လိုက်သည်။ စာများများဖတ်လေ ထိုသုံးယောက်၏အမူအရာမှာ ပိုမို ကို့ရို့ကားယားနိုင်လာလေဖြစ်ပြီး ဖတ်ပြီးသွားသောအခါတွင် ထိတ်လန့်ကြောက်ရွံ့သော အမူအရာများ ဖြစ်လေတော့သည်။

“တစ်စုံတစ်ဦးကို သဘာဝဘေး ဖြစ်ရင် အဲ့ဒီလူကို ခွင့်လွှတ်ပေးနိုင်ပေမယ့် သူတို့ကိုယ်တိုင် ပြုလုပ်မိရင် အဲ့ဒီလူက အပြစ်ဒဏ်ခံထိုက်ပါတယ်။ ဒီစာရွက်စာတမ်းတွေ အားလုံးကို ထုတ်ဖော်လိုက်ရင် ယောင်မိသားစု အပြီးသတ်သွားမှာပဲစိုးရတယ်။ လူတိုင်းက သူတို့ကို ရှင်းလင်းဖို့ အခွင့်အလမ်းကြောင့် ခုန်ပေါက်နေကြတော့မယ်။ ယောင်ချင်းဇွင် ကွယ်လွန်တာ၊ ဆုံးရှုံးမှုတွေ ကြီးမားတာ၊ ယောင်ချန်းဒုန် ရာထူးကနေ နှုတ်ထွက်တာတွေနဲ့အတူ မိသားစုတွေရဲ့ သတင်းအချက်အလက်တွေက ဒီစာရွက်စာတမ်းတွေထဲ ရှိနေတယ်။ အဲ့ဒီအင်အားစုတွေက ယောင်မိသားစုတစ်ခုလုံးကို ဝါးမျိုဖို့ မပါဝင် မလှုပ်ရှားဘူးဆိုရင် သူတို့တွေ အဲ့ဒီကောင်တွေကို အတင်းအကျပ် သုတ်သင်ပစ်လိမ့်မယ်။”

အချိန်အတော်ကြာ တိတ်ဆိတ်ငြိမ်သက်နေပြီးနောက် ထန်ကောရှန့်သည် နောက်ဆုံးတွင် သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ရသည်။

"ဒါ အမှန်ပဲ။" ထန်ကောရှို့ ခေါင်းညိတ်သည်။

“နောက်တစ်ခုက ခြေဆွံ့ခွေးတစ်ကောင်ကို ကူညီဖို့ ကြင်နာတတ်တဲ့သူက လက်တစ်ဆုပ်စာလောက်ပဲ ရှိပေမယ့် မီးတောက်ထဲကို လောင်စာထည့်တဲ့ လူအရေအတွက်က မရေတွက်နိုင်အောင် များလွန်းတယ်။ ယောင်မိသားစုက စိုက်ပျိုးထားတဲ့ မကောင်းဆိုးဝါးမျိုးစေ့တွေက နောက်ဆုံးတော့ သူတို့ဆီ ပြန်ရောက်သွားမှာပဲ။”

"ဘယ်လိုပဲဖြစ်ဖြစ် ယောင်မိသားစုရဲ့သားမြေးတွေကို နောက်ပိုင်းမှာ လက်စားချေမှာ မဟုတ်ဘူးလို့ ယောင်ချင်းဇွင်ကို ကတိပေးခဲ့တယ်။" ထန်ရှု ပြုံးလိုက်သည်။

“ဒါပေမယ့် ကျွန်တော်တို့က သူတို့ကို မရှင်းဘူးဆိုရင်တောင် ထန်မိသားစုနဲ့ ဆက်ဆံရေးမရှိတဲ့ တခြားသူတွေက ဒီလုပ်ရပ်ကို လုပ်လိမ့်မယ်။ ရေညှောင့်ငှက်နဲ့ ယောက်သွားကောင်တို့ ခိုက်ရန်ဖြစ်ကြပြီး တံငါသည်က တတိယလူအဖြစ် နှစ်ဦးစလုံးကို ဖမ်းမိခြင်းကနေ အကျိုးကျေးဇူး ရရှိတယ်ဆိုတဲ့ တံငါသည် ဇာတ်လမ်းကောင်းတစ်ခု ကျွန်တော်တို့အတွက် ရှိသားပဲ။ ဒါကြောင့် ကျွန်တော်တို့မိသားစု ထိုင်စောင့်နေပြီး ယောင်မိသားစုရဲ့ စည်းစိမ်ဥစ္စာတွေကို ခွဲဝေပေးလိုက်ကြတာပေါ့။”

***

All Chapters