← Chapters

တစ်ဦးတည်း အထီးကျန်နေရပြီး ဘက်ပေါင်းစုံမှ တိုက်ခိုက်လာမှု

Vol. 41 Ch. 574

တစ်ဦးတည်း အထီးကျန်နေရပြီး ဘက်ပေါင်းစုံမှ တိုက်ခိုက်လာမှု

Vol. 41 Ch. 574

မတ်တတ်ရပ်ရင်း အိပ်ပျော်နေသောသူသည် ခန်းရှအား ဆက်လက်ပွေ့ဖက်ထားသည်။ ဤတစ်ကြိမ်တွင် ထိုအခြေအနေသည် အချိန်များစွာ ကြာမြင့်ခဲ့ပြီး သုံးနာရီအကြာတွင် ထန်ရှုသည် အိပ်မောကျနေရာမှ နိုးလာခဲ့သည်။ သူ၏ပတ်ဝန်းကျင်တွင် အေးမြသော အော်ရာတစ်ခုကို ခံစားနေရပြီး မျက်လုံးဖွင့်ကြည့်လိုက်ရာတွင် ခန်းရှ၏လှပသော မျက်နှာလေးအား ပထမဆုံး တွေ့မြင်လိုက်ရတော့သည်။

"ကိုယ် ... အိပ်ပျော်သွားတာလား။" ထန်ရှု မယုံနိုင်လောက်အောင် ဖြစ်သွားရသည်။

ကျင့်ကြံခြင်းတွင် နစ်မြုပ်နေသာ ခန်းရှအား အနှောင့်အယှက်ပေးလိုက်သလို ဖြစ်သွားပြီး ကြယ်ပွင့်လေးများအလား တလက်လက် တောက်ပနေသော သူမ၏မျက်ဝန်းလေးများကို ဖွင့်လာကာ အပြုံးဖြင့်

“ဟုတ်တယ် … နင် မတ်တပ်ရပ်ရင်း အိပ်ပျော်သွားတယ်။"

"ကိုယ့်ရဲ့ ရှုပ်ထွေးပြီး ယောက်ယက်ခတ်နေတဲ့ စိတ်တွေက ကိုယ့်ရဲ့ စိတ်အခြေအနေကို ကျဆင်းသွားစေတယ်။"

ထန်ရှု အနေရခက်စွာ ပြုံးလိုက်ရင်း

"ဒီလို ကိုယ် မမျှော်လင့်ထားမိဘူး ... အာ ဟုတ်သားပဲ … မင်းရဲ့ ကျင့်ကြံမှုကြောင့် ကမ္ဘာ့စိတ်ဝိညာဉ်စွမ်းအင် အတက်အကျ ဖြစ်နေတာလား။"

သူမ၏မျက်တောင်လေးများကို ပုတ်ခတ်ပုတ်ခတ်လုပ်ကာ ခန်းရှသည် ထန်ရှု၏ပွေ့ဖက်ထားမှုမှ ရုန်းထွက်လိုက်ပြီး ငါးမီတာအကွာအဝေးမှ သန့်ရှင်းသောနေရာတစ်ခုဆီသို့ ပြေးသွားကာ ၎င်းနေရာတွင် ထိုင်လိုက်သည်။

နှစ်မိနစ်အကြာတွင် သူမသည် မှုန်မှိုင်းသော အမူအရာဖြင့် ထရပ်လာပြီးနောက် ထန်ရှုအား ပဟေဠိဆန်သော အမူအရာဖြင့် ကြည့်ကာ ပြောလိုက်သည်။

"ထူးဆန်းတယ်။ နင် ခုနက ပွေ့ဖက်ထားတုန်းက ငါ့ရဲ့ ကျင့်ကြံနှုန်းက အရမ်းမြန်တယ်။ ကိုယ့်ဘာသာကိုယ် လေ့ကျင့်တာနဲ့ ယှဉ်လိုက်ရင် ဘယ်နှစ်ဆမှန်း မသိနိုင်လောက်အောင်ကို မြန်တာ။ ဒါပေမယ့် နင်နဲ့ ခွာပြီး သီးခြားကျင့်တော့ကျ ငါ့ရဲ့ကျင့်ကြံမှုအရှိန်က အရင်အတိုင်း ပြန်ဖြစ်သွားတယ်။”

"မင်း ဘာပြောလိုက်တာ။" ထန်ရှု တစ်ချက်တွေကနဲ ဖြစ်သွားပြီးမှ အံ့သြသောအမူအရာဖြင့် ချက်ချင်း မေးလိုက်သည်။

"နင် ငါ့ကို ပွေ့ဖက်ထားချိန်တုန်းက ငါ့ရဲ့ ကျင့်ကြံနှုန်း အရမ်းအရမ်းကို မြန်တယ်။ ဒါပေမယ့် ငါတို့ သီးခြားစီ ဖြစ်သွားတဲ့အခါ ငါ့ရဲ့ ကျင့်ကြံနှုန်း အရမ်း နှေးကွေးသွားတယ်။ အဲ့ဒီအချိန်တုန်းက ငါ့ရဲ့ ခန္ဓာကိုယ်အတွင်းက ပူနွေးတဲ့ ချီစီးကြောင်းက နာရီအနည်းငယ်အတွင်းမှာပဲ နှစ်ဆတိုးလာသလို အဲ့ဒါကို ထိန်းချုပ်ရတာလည်း ပိုလွယ်လာတယ်။"

ထန်ရှု ခေါင်းငုံ့ရင်း အကြောင်းပြချက်ကို ရှာဖွေရန် ခဏလောက် စဉ်းစားလိုက်သည်။ သူ၏ လက်ရှိကျင့်ကြံမှုအဆင့်သည် လွန်စွာမြင့်မားနေပြီ ဖြစ်သောကြောင့် သူ၏ခန္ဓာကိုယ်သည် ကြယ်များနှင့် နေတို့မှ စွမ်းအင်များကို အဆက်မပြတ် စုပ်ယူနေသည်။ ကြားခံဖြစ်သော ကောင်းကင်နှင့်မြေကြီး စိတ်ဝိညာဉ်စွမ်းအင်ဖြင့် သူ၏ပတ်ဝန်းကျင်ရှိ ကမ္ဘာ့စွမ်းအင်သည် အခြားနေရာများထက် ပိုမိုပေါကြွယ်ဝလာသည်။ ခန်းရှသည် သူ့အနီးတွင် ကျင့်ကြံနေခြင်းသည် ဝိညာဉ်စွမ်းအားများ အဆများစွာ ပိုမိုကြွယ်ဝသည့်နေရာ၌ လေ့ကျင့်ခြင်းနှင့် ညီမျှသောကြောင့် သူမ၏ကျင့်ကြံမှုနှုန်းသည် သဘာဝအတိုင်း ပိုမိုမြန်ဆန်လာရခြင်း ဖြစ်သည်။

ထန်ရှု၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် ခန်းရှသည် မအံ့သြတော့ဘဲ ထိုအစား ပျော်ရွှင်နေခဲ့သည်။ ထိုကိစ္စကို အကြောင်းပြုကာ ထန်ရှုအား ဂျီကျခြင်းဖြင့် နောက်ပိုင်းတွင် ထန်ရှု၏အနား၌ ခဏခဏ နေခွင့်ရတော့မည်ဖြစ်သောကြောင့်ပေတည်း။

“ကိုယ်တို့ရဲ့ ထုတ်ကုန်အသစ်ရောင်းအားကရော ဘယ်လိုလဲ။”

ထန်ရှုက ပစ္စည်းအသစ်ကိစ္စကို သတိရပြီး လျင်မြန်စွာ မေးလိုက်သည်။

သူ၏အမေးစကားကို ကြားသောအခါ ခန်းရှ၏လှပသော မျက်နှာလေးထက်တွင် အပြုံးနုနုတစ်ခု ထင်ဟပ်လာပြီး

"တစ်နိုင်ငံလုံးက ငါတို့ရဲ့သီးသန့်စတိုးဆိုင်တွေကနေ တစ်ဆင့်ပြန်လည်ပေးပို့တဲ့ အချက်အလက်တွေအရ အနှေးဆုံးသီးသန့်စတိုးဆိုင်ရဲ့ ရောင်းချမှုနှုန်းကတောင် ကျန်းမာရေးအထောက်အကူပြုထုတ်ကုန်တွေအားလုံး နှစ်နာရီခွဲအတွင်း ရောင်းထွက်သွားတယ်ဆိုပဲ။”

"လုံကျန့်လင်းရဲ့စိတ်ကူးက တကယ်ကို ကောင်းတာပဲ။" ထန်ရှု ကြောင်ပြီး စိုက်ကြည့်နေပြီးမှ ချီးကျူးလိုက်သည်။

“ဒီတလော အရမ်းဆင်းရဲတဲ့ အခြေအနေမှာ ရောက်နေပြီဆိုပြီး အဲ့ဒီကောင်က သူ့အဘိုးကြီးကို ရှာဖို့ အိမ်ပြန်ပြေးပြီး အကူအညီတောင်းလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် မင်း ကြယ်တာရာကို ပြန်ရောက်ရင် သူ့ရှယ်ယာအတိုင်း အမြတ်ဝေစု ပေးပြီးတော့ နောက်အမြတ်ဝေစုကို ဒီနှစ်ကုန်မှာ ခွဲဝေပေးမယ်လို့ ပြောလိုက်ဦး။"

"ပြဿနာ မရှိဘူး။" ခန်းရှ ပြုံးကာ ပြောလိုက်သည်။ "ခမ်းနားသော ထန်စီးပွားရေးလုပ်ငန်းစုက အခုဆို ရန်ပုံငွေ မပြတ်လတ်တော့ဘူး။ နောက်ပြီး လာမည့်နှစ် ကြယ်တာရာရဲ့မြို့သစ်အိမ်ခြံမြေအတွက် ပြင်ဆင်ဖို့ ငါတို့အကောင့်စာအုပ်ထဲ အရင်းအနှီးငွေအချို့ကို ခွဲတမ်းချထားတယ်။ အရင်းအနှီးငွေရဲ့ နောက်ထပ် အစိတ်အပိုင်းကြီးကိုတော့ ထုတ်ကုန်များစွာအတွက် ထုတ်လုပ်မှုလိုင်းတွေ ဖွင့်လှစ်ဖို့ သုံးစွဲနေတယ်။”

"မင်းဟာ လုပ်ငန်းကို စီမံခန့်ခွဲသူတစ်ယောက်ဖြစ်လို့ မင်း ကောင်းကောင်းလုပ်နိုင်မယ်လို့ ကိုယ် ယုံကြည်တယ်။ ဒါနဲ့ မင်း ရှန်ဟိုင်းမှာ ရှိနေတုန်း ကိုယ်တို့ကုမ္ပဏီရဲ့ အနာဂတ်ဌာနချုပ်အတွက် သင့်တော်တဲ့နေရာကို ရှာကြရင်ရော ဘယ်လိုသဘောရလဲ။"

ခန်းရှ၏မျက်လုံးများ အရောင်လက်လာကာ သဘောတူလိုက်သည်။

နောက်နှစ်ရက်တွင် ခန်းရှတစ်ယောက် လွန်စွာ အလုပ်များနေခဲ့သည်။ အလုပ်မှ အားလပ်သည့် အခိုက်အတန့်အနည်းငယ်ကိုသာ ဖျတ်ကနဲ အချိန်သုံးခဲ့ရသည်။ သူမသည် ညတိုင်း ကြယ်ပြာအိမ်ရာသို့ ပြန်လာသော်လည်း ခမ်းနားသောထန် စီးပွားရေးလုပ်ငန်းစု၏ ထိပ်တန်းအမှုဆောင်အရာရှိများနှင့် ဗီဒီယိုဆွေးနွေးပွဲများ ပြုလုပ်ကာ အလုပ်ပြဿနာများကို ဖြေရှင်းနေဆဲဖြစ်သည်။ နေ့ခင်းဘက်တွင် သူမသည် ထန်ရှု၏အနောက်သို့ လိုက်ကာ မြေကွက်ကောင်းတစ်ကွက်ကို နေရာတိုင်းတွင် ရှာဖွေကြသည်။ နောက်ဆုံးတွင် ၎င်းတို့နှစ်ဦးသည် ရှန်ဟိုင်းမြို့နှင့် စုဒေသ နယ်နိမိတ်တွင် ကောင်းမွန်စွာ မဖွံ့ဖြိုးသေးသော ဧရိယာတစ်ခုကို တွေ့လိုက်ရသည်။

ယင်းနောက် ထန်ရှုသည် ရှန်ဟိုင်းရှိ အိမ်ခြံမြေကဏ္ဍမှ လူများကို ဆက်သွယ်မေးမြန်းပြီး မြေဝယ်ယူရန် ခန့်မှန်းဈေးနှုန်းနှင့် တရားဝင်လုပ်ထုံးလုပ်နည်းများ ပြီးမြောက်ရန် အမျိုးမျိုးသော ဥပဒေနည်းလမ်းများကို လေ့လာသိရှိခဲ့သည်။ ထို့နောက် ခန်းရှသည် ကြယ်တာရာမှ လူအင်အားတစ်စုကို အပြောင်းအရွှေ့ လုပ်ခဲ့ပြီး ရှန်ဟိုင်းရှိ အိမ်ခြံမြေလုပ်ငန်းတွင် ကျွမ်းကျင်သော လူအချို့အား ယာယီ အလုပ်ခန့်ခဲ့သည်။ သူမသည် မြေဝယ်ယူရန်အတွက် လုပ်ပိုင်ခွင့်နှင့် အာဏာအပြည့်ရှိသော အထူးအဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းခဲ့သည်။

ထန်ရှုနှင့် ခန်းရှတို့အား အတော်လေး ပျော်ရွှင်စေခဲ့သည့် အရာမှာ အလွန်ကျော်ကြားသော အိမ်ခြံမြေပွဲစား ထန်ချန်းဟဲအား အကြီးအကဲအလုပ်အကိုင် ရှာဖွေရေး ကုမ္ပဏီတစ်ခု၏ အကူအညီဖြင့် ခေါ်ယူနိုင်ခဲ့ခြင်းပင် ဖြစ်တော့သည်။ ထို့အပြင် ကျင်းတအိမ်ခြံမြေ၏သူဌေး ကျင်းရှင်းကွေ့ကလည်း သူ၏ကျယ်ပြန့်သော လူမှုကွန်ရက်နှင့် ဆက်သွယ်ရေးများကို ဆက်သွယ်အသုံးပြုပေးခဲ့သောကြောင့် ယွမ် ၁.၉၈ ဘီလီယံဖြင့် မြေဧရိယာကြီးကို နောက်ဆုံးတွင် ဝယ်ခဲ့နိုင်ပြီဖြစ်လေသည်။

ထို့နောက်တွင် ထန်ရှုသည် ခန်းရှနှင့် ထန်ချန်းဟဲအား လုပ်ပိုင်ခွင့်အာဏာ အပြည့်အဝပေးခဲ့ပြီး ရှန်ဟိုင်းတက္ကသိုလ်သို့ ပြန်လည်ရောက်ရှိလာကာ နေ့စဉ်နေ့တိုင်း အတန်းတက်လိုက်၊ စာကြည့်တိုက် သွားလိုက်ဖြင့် စိတ်အေးလက်အေး ပြန်လည်နေထိုင်ခဲ့သည်။

****

ပေကျင်း ထန်မိသားစု၏ဘိုးဘွားစံအိမ်…

ထန်မိသားစု၏ပင်မအဖွဲ့ဝင် တစ်ဒါဇင်ကျော်သည် ဤနေရာတွင် စုရုံးခဲ့ပြီး လူတိုင်းက သူတို့အရှေ့ရှိ စားပွဲပေါ်တွင် တင်ထားသော မိုင်ကုန်အသံချဲ့ထားသည့် မိုဘိုင်းလ်ဖုန်းတစ်လုံးအား ကြည့်နေကြသည်။

“အဖေ … သတင်းက မြန်မြန်ဆန်ဆန် ပြန့်နှံ့သွားပြီ။ ယောင်မိသားစုရဲ့ တိုက်ရိုက် ဖိနှိပ်တာကို ခံခဲ့ရတဲ့ ဒါမှမဟုတ် ဆုံးရှုံးမှုများစွာ ခံခဲ့ရတဲ့ အင်အားစုတွေနဲ့ မိသားစုကြီးတွေအားလုံးက သူတို့အချင်းချင်း လျှို့လျှို့ဝှက်ဝှက် ဆက်သွယ်နေကြတယ်။ အခုအချိန်တော့ မြို့တော်တစ်ခုလုံး အလွန်အေးချမ်းပြီး ငြိမ်သက်နေတယ်ဆိုပေမယ့် လျှို့ဝှက်လှုပ်ရှားမှုတွေက တစ်ဟုန်ထိုး ဖြစ်ပေါ်နေတယ်အဖေ။ ရက်ပိုင်းအတွင်း ယောင်ချင်းဇွင် သေဆုံးပြီး သူတို့မိသားစုရဲ့ ခွန်အားတွေ ဆုံးရှုံးသွားတဲ့နောက်မှာတော့ ဒီအဖွဲ့တွေက ယောင်မိသားစုကို တိုက်ခိုက်သွားမှာ သေချာတယ်။”

ထန်ယွင်ဖန်း၏လက်ချောင်းများကြားတွင် မီးညှိထားသော စီးကရက်တစ်လိပ်ကို ညှပ်ထားသည်။ သူ၏နှုတ်မှ ထိုကဲ့သို့ ပြောနေသော်လည်း စိတ်ထဲတွင် သူ့တူလေးအပေါ် လေးစားမှုအပြည့် ရှိနေသည်။

သည့်မတိုင်မီက ထန်မိသားစုသည် ကျင့်ကြံသူများနှင့် ဆက်ဆံရေး ရှိလာလိမ့်မည်ဟု သူ ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ပေ။ ယခုမူ ထန်မိသားစုသည် ထိုသို့သော တည်ရှိမှုများနှင့် ဆက်ဆံရေးတစ်ခုကို ပိုင်ဆိုင်ထားရုံသာမက သူ၏တူဖြစ်သူမှာလည်း ကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး ကျင့်ကြံသူတစ်ရာကျော်ကိုလည်း ပျိုးထောင်ပေးသူ ဖြစ်နေသည်။ ဤမျှကြီးမားသော အင်အားသည် တရုတ်ပြည်ရှိ အင်အားအားလုံးကို သုတ်သင်နိုင်လောက်အောင် ကြီးမားသည်ဟု သူ ခံစားမိသည်။

အထူးသဖြင့် ထန်ကောရှန့်၏မျက်နှာထက်ရှိ အပြုံးသည် လွန်စွာ တောက်ပနေခဲ့၏။ ယောင်နှင့် ထန်မိသားစုတို့သည် သစ္စာဆိုထားကြသော သေမျိုးရန်သူများ ဖြစ်ကြပြီး နိုင်ငံအတွင်း အာဏာအနည်းငယ်ရှိသော မိသားစုများအားလုံးလည်း ၎င်းတို့ကြားရှိ အခြေအနေကို သိရှိထားကြသည်။ ယောင်မိသားစု၏အင်အားစုများကို ဖျက်ဆီးပြီး ယောင်ချင်းဇွင်အား သေတွင်းပို့ခဲ့သော ထန်မိသားစု၏ သတင်းသည် သဘာဝအတိုင်း ပျံ့နှံ့သွားပြီး အာရုံစိုက်လာခဲ့ကြသည်။

သို့သော်လည်း ထန်မိသားစုသည် ပြင်ပသို့ မည်သည့်သတင်းကိုမျှ မကြေညာခဲ့ဘဲ ယောင်မိသားစု၏စာရွက်စာတမ်းများပေါ် မှ အချက်အလက်များကို ထန်ယွင်ချင်းမှ လျှို့ဝှက်ထုတ်ပြန်ခဲ့သည်။ ထိုမိသားစုများနှင့် အင်အားစုများမှ မည်သူတစ်ဦးတစ်ယောက်မျှ ထန်မိသားစုထံသို့ အရင်းအမြစ်ကို ပြန်လည် ခြေရာခံနိုင်မည်မဟုတ်ကြောင်း အာမခံနိုင်သည်။

"အဲ့ဒီလူတွေက ယောင်မိသားစုကို ငါတို့တွေ ရက်စက်စွာ ချေမှုန်းပစ်ဖို့ မလိုလားကြဘူးလေ။ ဒါကြောင့် မုန်တိုင်းကြားက ငါတို့လှေပေါ်မှာ ငြိမ်ငြိမ်လေး နေပြီး မြို့တော်ရဲ့ တင်းမာမှုအခြေအနေကို အေးအေးဆေးဆေး စောင့်ကြည့်နေကြမယ်။ ယောင်မိသားစု ... ဟမ့် … အမြစ်မရှိတဲ့ မြက်ပင်ကို ပိုင်းဖြတ်ဖို့ နွေဦးလေပြေတွေပဲ လိုလိမ့်မယ်။ ယောင်မိသားစုမှာ ဘယ်လို အရည်အချင်းရှိတဲ့သူတွေ ပေါက်ဖွားလာမယ်ဆိုတာကို ဘုရား သိတယ်။ ဒါပေမယ့် ဒီအခြေအနေမှာ သူတို့ကိုယ်သူတို့ ဘယ်အတိုင်းအတာအထိ ဖြည်းဖြည်းချင်း ပြန်လည်ထူထောင်နိုင်မယ်ဆိုတာ ဘယ်သူ သိနိုင်ပါ့မလဲ။ ဒီမိသားစုရဲ့တည်ရှိမှုကို ထိန်းထားရတာက အသက်ရှင်နေတဲ့ ဘေးဒုက္ခတစ်ခုလိုပဲဆိုတာ လူတိုင်း သိတယ်။”

"မှန်တယ် အစ်ကိုကြီး။" ထန်ကောရှို့ ခေါင်းတဆတ်ဆတ် ညိတ်ရင်း

"ယောင်မိသားစုက အခြေခံအုတ်မြစ် နက်ရှိုင်းလွန်းတာကြောင့် ဒီအခြေအနေကနေ ပြန်မထနိုင်တော့အောင် သူတို့ကို တတ်နိုင်သမျှ အမြစ်ဖြတ်ပစ်ရမှာပဲ။"

"အဲ့ဒီအချက်အလက်တွေကို အသုံးချပြီးတာတောင်မှ ယောင်မိသားစုက နှစ်ပေါင်းများစွာအတွင်း ဒီအင်အားမရှိခဲ့ဘဲ သူတို့ရဲ့ မိသားစုဝင် တော်တော်များများဟာ အရင်တုန်းက ပြစ်မှားတာမျိုး၊ လက်နက်အားကိုးနဲ့ အနိုင်ကျင့်တာမျိုးသာ မရှိခဲ့ရင် ဘယ်သူကမှ ယောင်မိသားစုကို လုံးဝဆန့်ကျင်ဖို့ စိတ်မရှိမှာတောင်စိုးရတယ်။"

ထန်ကောရှန့်က သက်ပြင်းချရင်း

"ကောင်းကင်က ဘေးဆိုးတွေကို လွှတ်ချလိုက်တဲ့အခါ ရာသီဥတုဒဏ်ခံဖို့ မျှော်လင့်ချက်ရှိတယ်၊ ဒါပေမယ့် လူတစ်ယောက်က ဘေးဆိုးတွေကို သူကိုယ်တိုင် သယ်ဆောင်လာရင်တော့ သူတို့ လွတ်မြောက်ဖို့ မျှော်လင့်ချက်မရှိတော့ဘူး။"

ထန်မိသားစုမှ အကြီးအကဲသုံးဦး စကားပြောနေစဉ်အတွင်း ထန်ကောရှန့်၏အရှေ့ရှိ မိုဘိုင်းလ်ဖုန်းက ရုတ်တရက် မြည်လာသည်။

“ပြောပါ…”

ဖုန်းခေါ်ဆိုသူ၏အမည်ကို ကြည့်လိုက်ပြီးနောက် ထန်ကောရှန့်သည် ချက်ချင်းပင် ကျယ်လောင်စွာ ပြောလိုက်သည်။

"အကြီးအကဲထန် … ယောင်မိသားစုမှ ဂျူနီယာ ယောင်ရှင်းတိက ဝမ်မိသားစုဂျူနီယာကြောင့် ဒဏ်ရာအပြင်းအထန်ရပြီး ဆေးကုသမှုခံယူဖို့ ဆေးရုံပို့လိုက်ရတယ်။ တစ်ချိန်တည်းမှာပဲ ယောင်ရှင်းတိရဲ့အဖေ ယောင်ချန်းဟန်က အထူးစတိုးဆိုင်တစ်ခုအနီး လမ်းဘေးမှာ အရှိန်ပြင်းတဲ့ ကားနဲ့ ဝင်တိုက်ခံခဲ့ရလို့ မကယ်တင်နိုင်ခဲ့ဘူးလို့ သိရပါတယ်။”

ထန်ကောရှန့်၏မျက်လုံးများ ပြူးသွားကာ နှစ်မိနစ်ခန့် နှုတ်ဆိတ်နေခဲ့ပြီး

“ဆက်ကြည့်ထား။ ယောင်မိသားစုနဲ့ပတ်သက်တဲ့ သတင်းအားလုံးကို ငါ အရင်သိဖို့ လိုတယ်။”

"နားလည်ပါပြီ။"

ဖုန်းချပြီးနောက် ထန်ကောရှန့်သည် အခြားသူများကို ကြည့်ပြီး

"နောက်ဆုံးတော့ ယောင်မိသားစုကို တိုက်ခိုက်ဖို့ ပထမမိသားစုတော့ ထွက်ပေါ်လာပြီ။ ယောင်ချန်းဟန် ကားတိုက်ခံရပြီး သားဖြစ်သူ ယောင်ရှင်းတိက ဝမ်မိသားစုမှ ဂျူနီယာတစ်ယောက်ရဲ့ ပြင်းထန်စွာ ရိုက်နှက်တာ ခံလိုက်ရတယ်။ ငါတို့ပြီးရင် ဝမ်မိသားစုက ယောင်မိသားစုကို အမုန်းဆုံးသူပဲ။”

"စိတ်ဝင်စားစရာပဲ။ ဒါ တကယ့်ကို စိတ်ဝင်စားစရာပဲ။" ထန်ကောရှန့် ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။ "ကျင်းဟွာဈေးဝယ်စင်တာ ဆောက်လုပ်တုန်း ယောင်ချန်းဟန်က ဝမ်မိသားစုနဲ့ ရန်ငြိုးဖြစ်ခဲ့တယ်လို့ တစ်ခါက ကြားဖူးတယ်။ နောက်ပိုင်းလည်း ခိုက်ရန်ဖြစ်ပွားမှုတွေ အများအပြား ဖြစ်ခဲ့သေးတယ်။ ဝမ်မိသားစုတစ်ဖွဲ့တည်းနဲ့ ယောင်မိသားစုကို တိုက်ရိုက် တိုက်ခိုက်ရဲတဲ့ သတ္တိမရှိဘူးလို့တော့ ငါ ခံစားရတယ်။ သူတို့တွေက အခြားမိသားစုတစ်ခု ဒါမှမဟုတ် တစ်ခုထက်ပိုပြီး လက်တွဲလုပ်ဆောင်ခဲ့ကြတာ ဖြစ်နိုင်တယ်။ ခဏစောင့်လိုက်ဦး။ မကြာခင်မှာ လူတချို့ ထွက်ပေါ်ပြီး ယောင်မိသားစုကို တိုက်ခိုက်တော့မှာ သေချာတယ်။”

သေချာပေသည်။ ယောင်ချန်းဟန် ကားတိုက်ခံရကာ ယောင်ရှင်းတိ ရိုက်နှက်ခံရပြီးနောက် တစ်နာရီအကြာတွင် နောက်ထပ် မတော်တဆ ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့သည်။ ပေကျင်းမြို့ရှိ စတုတ္ထအဝိုင်းပတ်လမ်းမှ အဆင့်မြင့်ကလပ်တစ်ခု ရုတ်တရက် မီးလောင်ခဲ့သည်။ ယောင်မိသားစုမှ နေရာအတွက် တာဝန်ရှိသော အရေးကြီးအဖွဲ့ဝင် တစ်ဦးနှင့်အတူ ကျွမ်းကျင်သူ ခုနစ်ဦး သို့မဟုတ် ရှစ်ဦးနှင့် ၎င်းတို့၏ ဘဏ္ဍာရေးစာရင်းကိုင် နှစ်ဦးတို့သည် မီးထဲတွင် သေဆုံးခဲ့သည်။

ယင်းနောက်တွင် ယောင်မိသားစုအလံအောက်ရှိ ကုမ္ပဏီအုပ်စုများသည် အခွန်ရှောင်မှုနှင့် ၎င်းတို့၏ ဝင်ငွေများကို အလွဲသုံးစားလုပ်မှုအတွက် တာဝန်ရှိသည်ဟု စွပ်စွဲခံရကာ ပြုပြင်ပေးဆောင်ရန် ဖိအားပေးခံခဲ့ရသည်။ မီးသတ်ကွပ်ကဲမှုဗျူရိုမှ စစ်ဆေးပြီးနောက် လိုအပ်သည့် မီးထိန်းအစီအမံ၏ စံနှုန်းများကို မလိုက်နာသဖြင့် အချို့မှာ ပိတ်ခဲ့ရသည်။

ယောင်မိသားစုလက်အောက်ရှိ အချို့သော စီမံကိန်းနေရာများသည်လည်း အရည်အသွေးဆိုင်ရာ ပြဿနာများအတွက် ပြင်းပြင်းထန်ထန် စစ်ဆေးခံခဲ့ရသည်။ အလုပ်သမားများကို မောင်းထုတ်ခဲ့ပြီး ဆောက်လုပ်ရေး လုပ်ငန်းခွင်များကို ချိတ်ပိတ်ခဲ့သည်။ ထို့နောက် ယောင်မိသားစုအား ပြင်းပြင်းထန်ထန် ထိုးနှက်ချက်ပေးသည့် အစီအစဉ်များသည် ဆက်တိုက် ပေါ်ထွက်လာခဲ့ပေသည်။

****

ဤသတင်းသည် ထန်မိသားစုထံ ပျံ့လွင့်နေသော နှင်းပွင့်များသဖွယ် ရောက်ရှိသွားသည်။ နှစ်ရက်အတွင်း ယောင်မိသားစု၏ဆုံးရှုံးမှုသည် လွန်စွာ ကြီးမားခဲ့သည်။ ယောင်မိသားစု၏အကြီးအကဲအသစ်-ယောင်ချန်းဒုန်သည် စိုးရိမ်ပူပန်မှုနှင့် ဆောက်တည်ရာမရဖြစ်မှုကြောင့် ညတွင်းချင်းပင် ဆံပင်များ ဖြူသွားခဲ့ကြောင်း ကြားသိရသည်။

ရှန်ဟိုင်းတွင်နေထိုင်သော ထန်ရှုဆီသို့ မြို့တော်၏အခြေအနေသည် ရောက်ရှိလာခဲ့သည်။ ထန်မိသားစုက ယောင်မိသားစုအား စတင်တိုက်ခိုက်ကတည်းက ယောင်တို့သည် ထိုအခက်အခဲကို ကျော်ဖြတ်နိုင်မည်မဟုတ်ကြောင်း သူ ခန့်မှန်းထားပြီးဖြစ်သည်။

စိုးရိမ်ရမည့် ရန်သူများ ရှိနေသရွေ့ ထန်ရှုသည် မည်သည့်အခါမျှ သနားဂရုဏာ မရှိခဲ့ပေ။ သူ့အဖိုး၏ တိုက်တွန်းမှုကြောင့်သာ မဟုတ်ပါက ယောင်မိသားစုကို သတ်ဖြတ်ပြီး အမြစ်ပြတ်ချေမှုန်းရန်အတွက် အခြားသူများ၏ဓားများကို ငှားနေစရာ မလိုပေ။ သို့သော် ထိုကြီးမားလှသော စွမ်းအားသည် သူ၏ အင်အားတစ်အောင်စကို အလဟသ မဖြုန်းတီးရဘဲ စတင် ဖြိုခွဲလာသည်ကို မြင်လျှင် သူ ဝမ်းသာနေဆဲပင်။

ရှန်ဟိုင်းတက္ကသိုလ်၏ ကျောင်းသားများ အိပ်ဆောင် …

ထန်ရှုက စိတ်အခြေအနေ ကောင်းစွာဖြင့် ဖုန်းချလိုက်စဉ်တွင် ဟူချင်းစုန့်သည် ရုတ်တရက် အထဲကို ပြေးဝင်လာသည်။ စာအုပ်စင်ရှေ့တွင် ထိုင်နေသော ထန်ရှုကို တွေ့သောအခါ သူက

"အစ်ကိုကြီးထန် … အပြင်မှာ ဝယ်စရာတစ်ခု ရှိလို့။ မင်း ငါနဲ့လိုက်မလား။"

"ဘာသွားဝယ်မှာလဲ။" ထန်ရှု ပြန်မေးလိုက်သည်။

ဟူချင်းစုန့်က ပြုံးလိုက်ပြီး

"မမေးနဲ့ ဟုတ်ပြီလား။ ငါ အခု အရမ်းပျော်နေတယ်။ မင်း ငါနဲ့ လိုက်မလား မလိုက်ဘူးလား။ မင်း လုံး၀ စိတ်ကျေနပ်မှု ရလိမ့်မယ်လို့ ငါ အာမခံတယ်။”

ထန်ရှုက မတ်တတ်ရပ်ကာ ဖုန်းကို သိမ်းလိုက်ပြီး ပြုံးလျက်

"ဒါဆို ငါ မင်းနဲ့ လိုက်ခဲ့မယ်။ ဒါပေမယ့် … အဲ့ဒီနေရာက ငါ့အတွက် စိတ်ကျေနပ်မှု မရစေရင် ညစာကို မင်းကျွေးရမှာနော်။”

"ပြဿနာ မရှိဘူး။" ဟူချင်းစုန့်က သူ့ရင်ဘတ်ကို ကော့ကာ အာမခံလိုက်သည်။

***

All Chapters