မကောင်းတဲ့လူ
Vol. 42 Ch. 575
ရှန်ဟိုင်း၏ဝမ်ချွန်းဈေးဝယ်စင်တာသည် ဟုန်ခို့ခရိုင်ရှိ ရောင်းဝယ်ဖောက်ကားမှု အဖြစ်ထွန်းဆုံး စီးပွားရေးလမ်းတွင် တည်ရှိသည်။ ထိုဈေးဝယ်စင်တာအား အခွင့်အလမ်းပလာဇာဟုလည်း လူသိများကြပြီး ၎င်းတွင် ဖွင့်လှစ်ထားသော ဆိုင်တိုင်းသည် နိုင်ငံတကာ အဆင့်မြင့် အမှတ်တံဆိပ်များ၏ ဆိုင်ခွဲများဖြစ်သည့်အားလျော်စွာ တန်ဖိုးကြီးပစ္စည်းများစွာအပြင် ကမ္ဘာပေါ်ရှိ အထင်ကရ အမှတ်တံဆိပ်များစွာကိုလည်း ရောင်းချခဲ့သည်။
ဟူချင်းစုန့်သည် ထန်ရှုကို ခေါ်ကာ ဤနေရာသို့ ကားမောင်းလာခဲ့ပြီးနောက် စတုတ္ထထပ်ရှိ အဝတ်အစားဧရိယာဆီသို့ ဦးတည်သွားခဲ့သည်။ သူတို့သည် ကမ္ဘာကျော် အမှတ်တံဆိပ် ရောင်းချသည့် အဝတ်အထည်ဆိုင်ကြီးအနီးသို့ ရောက်လာသောအခါ ဟူချင်းစုန့်သည် စက္ကန့်ဝက်မျှပင် မရပ်ဘဲ အနောက်ဘက်ရှိ အမျိုးသမီး အတွင်းခံ သီးသန့်ရောင်းချသည့် နေရာဆီသို့ တည့်တည့် လျှောက်သွားပြီးနောက် ထိုနေရာတွင် ရပ်တန့်သွားကာ ချီတုံချတုံ ဖြစ်နေသည်။
"ဟူကြီး … မင်း ငါ့ကို ပြောခဲ့တဲ့ စိတ်ကျေနပ်သွားစေမယ့် နေရာဆိုတာ ဒီနေရာလို့တော့ မပြောနဲ့နော်။"
ဆိုင်အတွင်းရှိ အမျိုးသမီးဝတ် အတွင်းခံများ၏ အရောင်အသွေး အမျိုးအစား စုံလင်နေမှုကို မြင်ပြီး ထန်ရှု ကြက်သေသေသွားကာ ပြောလိုက်ခြင်း ဖြစ်သည်။ အထူးသဖြင့် အရောင်မျိုးစုံနှင့် ပုံစံအမျိုးမျိုးရှိသည့် ဆက်ဆီကျသော အတွင်းခံများ၏မြင်ကွင်းကြောင့် ထန်ရှု ကြိတ်ကာ မျက်စိရှက်နေရပြီး စိတ်တွင်းထဲတွင် အနေရခက်နေသည်။ သည်ကဲ့သို့သော နေရာမျိုးအား အတိတ်ဘဝကရော ယခုဘဝမှာပါ သူ တစ်ခါမှ မရောက်ဖူးပါချေ။
ဟူချင်းစုန့်က အနေရခက်နေဟန်ဖြင့်
“ဒီတလော ငါ ကောင်မလေးတစ်ယောက်ကို ပိုးပန်းခဲ့ပြီး မနေ့ကမှ သူ့ဆီက အဖြေရလာတာကွာ။ သူ့မွေးနေ့က မနက်ဖြန်ဆိုတော့ သာမန်နဲ့မတူ ကွဲပြားတဲ့ လက်ဆောင်တစ်ခု ငါ ပေးချင်တာလေ။ ယွဲ့ခိုင်ဆီ အကြံတောင်းတော့ သူက ဆက်ဆီအတွင်းခံ ဝယ်ပေးဖို့ အကြံပေးတယ်။”
…အဟွတ်…အဟွတ်…ယွဲ့ခိုင် ချီးထုပ်ကောင်…
တရားခံက ဒင်း … ဒင်းကိုး…
ထန်ရှုသည် သည်တစ်ကြိမ်တော့ ဟူချင်းစုန့်အား အမှန်တကယ်ပင် လက်မြှောက်လိုက်ရတော့သည်။ ထိုမကောင်းသည့်အကောင် ယွဲ့ခိုင်သည် မကောင်းသော အကြံဉာဏ်ကို ခပ်တည်တည် ပေးသွားခဲ့သလို သည်ဟူချင်းစုန့်ကလည်း တကယ်ကြီးကို လိုက်လုပ်သည်။ ဘုန်းကြီးရူးနှင့် လှေလူး လိုက်လည်း လိုက်ပါပေ့။
…သည်လို စိတ်ကူးက တကယ့်ကို သာမန်ထက် ထူးခြားတယ်လို့ သူ ထင်နေတာလား ဘာလားဟ…
ဟူချင်းစုန့်က သူ့အား သည်ကဲ့သို့ နေရာမျိုးဆီ ဆွဲခေါ်လာခဲ့မည်ကို စောစောစီးစီး သိခဲ့ပါလျှင် စားသောက်ပွဲတစ်ရာနှင့် လာဘ်ထိုးပါလျှင်တောင် သူ သည်နေရာမျိုးသို့ လိုက်လာပေးမည် မဟုတ်ပါပေ။
သည်တစ်ကြိမ်တော့ ရှိစေတော့ …
'ကဲရင်း ဂယ်လ်ဆင်' ဟုခေါ်သော အတွင်းခံ အမှတ်တံဆိပ်သည် ဥရောပအဆင့်မြင့် အတွင်းခံ သီးသန့်အမှတ်တံဆိပ် ဖြစ်သည်။ တည်ထောင်သူသည် ဘယ်လ်ဂျီယံမှ သီးသန့်အဆင်မြင့်ဝတ်စုံများကို ဖန်တီးသော ဒီဇိုင်းနာတစ်ဦး ဖြစ်ပြီး ၁၉၉၄ခုနှစ်တွင် နာမည်တူ အတွင်းခံအမှတ်တံဆိပ်ကို တည်ထောင်ခဲ့သည်။ သူမသည် ပစ္စည်းရွေးချယ်မှုနှင့် ပတ်သက်၍ အထူးကျွမ်းကျင်သောကြောင့် ပြင်သစ်နိုင်ငံ လီယွန်နှင့် ကလေ့ဒေသတို့မှ အကောင်းဆုံးပိတ်စများကိုသာ ရွေးချယ်ခဲ့သည်။
ကဲရင်း ဂယ်လ်ဆင်၏ ဂန္တဝင်ထုတ်ကုန်အများစုအား ရွှေညိုရောင်၊ နီစွေးသောအရောင်၊ လိမ္မော်ရောင်၊ နို့ကော်ဖီရောင်နှင့် နှင်းဆီအိုရောင်များကဲ့သို့သော အမျိုးသမီးထုကြိုက် နူးညံ့သိမ်မွေ့သော အရောင်များဖြင့် ထုတ်လေ့ရှိသည်။ ထို့အပြင်၎င်း၏ဈေးနှုန်းသည် အမေရိကန်ဒေါ်လာ ၂၄၀မှ စတင်ပြီး ညအိပ်ဝတ်စုံတစ်စုံသည် ဒေါ်လာ ၃၆၀ဖြစ်သောကြောင့် လွန်စွာ ဈေးကြီးသည်ဟု ဆိုနိုင်သည်။
ဟူချင်းစုန့်သည် စတိုးဆိုင်အဝင်ဝထိ လျှောက်သွားပြီးနောက် တုံ့ဆိုင်းသွားသည်။
ထန်ရှုကိုယ်တိုင်ပင် လှည့်ထွက်သွားချင်သော်လည်း ဟူချင်းစုန့်၏မျက်နှာကို မြင်ပြီးနောက်တွင် အမျိုးသမီးများ၏ထူးဆန်းသော အကြည့်များအား ကြံ့ကြံ့ခံကာ
"ဟူကြီး … မင်းရည်းစားအတွက် အတွင်းခံတစ်ထည် တကယ် ဝယ်ပေးချင်ရင် သွားဝယ်လိုက်ပါ။ မင်းက ယောကျာ်းတစ်ယောက်ပဲကွာ။ ယောက်ျားလေးဆိုတော့ တစ်ခုခုဆိုရင် အရှက်မရှိတဲ့ မျက်နှာကလွဲပြီး တခြား ဘာမှ မထိခိုက်ဘူး မဟုတ်လား။ ငါ မင်းနဲ့ ဆိုင်ထဲထိတော့ မလိုက်တော့ဘူး။ ဒါပေမယ့် မင်းကို စိတ်ပါလက်ပါ အားပေးနေပါတယ်ကွ အဟွန်း ဟွန်း။ ငါက စီးကရက်သမားဆိုတော့ မသောက်ရရင် ခံတွင်းချဉ်လာတယ်။ ဆေးလိပ်သောက်ဖို့ နေရာသွားရှာလိုက်ဦးမယ်။ ပြီးရင် မင်းကို အဲ့ဒီမှာပဲ စောင့်နေလိုက်မယ်နော် ဟေ့ရောင်။"
ရှက်ရွံ့စိတ်ဖြင့် ထူပူနေသော ဟူချင်းစုန့်သည် ထန်ရှု၏ 'တိုက်ပွဲမှ အလွတ်ရုန်းလိုသော' ဆန္ဒကိုပင် လုံးဝ မရိပ်စားမိပေ။ သူသည် စိတ်ကို တင်းလိုက်ကာ ထန်ရှု၏လမ်းကို ပိတ်ပြီး ဆိုင်ထဲသို့ အတင်း ဆွဲခေါ်သွားတော့သည်။
"မင်္ဂလာပါ လူကြီးမင်းတို့…"
လှပသော အရောင်းဝန်ထမ်းအမျိုးသမီးက ဧည့်ဝတ်ကျေပွန်သော အပြုံးဖြင့် သူတို့အား နှုတ်ဆက်လာသည်။ အမျိုးသမီးအတွင်းခံဆိုင်သို့ လာဝယ်ကြသည့် အမျိုးသားများစွာအား သူမ ကြုံဖူးနေဟန်တူသည်။ သူမက နွေးထွေးသော အပြုံးဖြင့် လှိုက်လှိုက်လှဲလှဲ စကားဆိုလာသည်။
“လူကြီးမင်းတို့နှစ်ယောက် … ငါက ဒီနေရာရဲ့ အရောင်းဝန်ထမ်းအမျိုးသမီးပါ။ ဘယ်လို အတွင်းခံမျိုး ဝယ်ချင်ပါသလဲရှင့်။ နောက်ပြီး အဲ့ဒါကို လက်ဆောင် ပေးဖို့အတွက်လားလို့ မေးလို့ ရမလားရှင်။”
ဟူချင်းစုန့်က ရှက်ရွံ့နေသော အမူအရာဖြင့် “ငါ့ကောင်မလေးရဲ့မွေးနေ့က မနက်ဖြန်ဆိုတော့လေ … သူ့အတွက် ငါ မွေးနေ့လက်ဆောင်လေး ဝယ်ပေးချင်လို့။ ငါ ထင်တာက … အာ … ကောင်မလေးတစ်ယောက်က ဘယ်လို အတွင်းခံမျိုးကို သဘောကျလိမ့်မလဲဆိုတာ ငါ တကယ် နားမလည်လို့ … မင်း ငါ့ကို အကြံပေးလို့ ရမလား။
အရောင်းစာရေးမလေးက သူတို့ နှစ်ယောက်ကို အထဲကို ခေါ်သွားသည်။ သူမက ပြုံးပြုံးရွှင်ရွှင်ဖြင့်
“ရှင့်ကောင်မလေးက အသက်ဘယ်လောက်ရှိပြီလဲ။ သူ့ရဲ့ကိုယ်လုံးကိုယ်ပေါက် အရွယ်အစားကို သိလို့ရမလား။”
အရောင်းစာရေးမလေး၏မေးမြန်းမှုများကို ဟူချင်းစုန့်က သူ သိသလောက် ကြိုးစားပြောပြသည်။ ထန်ရှုက အနားတွင် ပုန်းအောင်းရန် ကြိုးစားနေသည်။ စိတ်သက်သာရာရစေခြင်းအလို့ ငှာ စီးကရက် ထုတ်သောက်လိုက်ချင်သော်လည်း ဆိုင်ရှေ့တွင် “ဆေးလိပ်မသောက်ရ” ဟူသော ဆိုင်းဘုတ်ကို တွေ့ထားသောကြောင့် ထိုင်ရန်အတွက် ဆိုဖာအား စိတ်ပျက်လက်ပျက် လိုက်ရှာနေမိတော့သည်။
"အစ်မကြီး … နင် သူတို့ကို တွေ့လား။ ဟိုဘက်နားက ကောင်လေးနဲ့ ငါတို့အရှေ့နားမှာ ထိုင်နေတဲ့ ကောင်လေးလေ။ သူတို့နှစ်ယောက်လုံး အမျိုးသမီး အတွင်းခံပစ္စည်းဝယ်ဖို့ ဒီဆိုင်ကို ရောက်လာကြတာဆိုတော့ သူတို့က ဂေး ဒါမှမဟုတ် တစ်ခုခုလို့ နင် ထင်လား။”
အနီးနားတွင် ရပ်နေသည့် ဖက်ရှင်ကျကျ ဝတ်စားထားသော မိန်းမချောလေးတစ်ယောက်က သူမ၏သူငယ်ချင်းအား တီးတိုးဆိုလိုက်ခြင်းဖြစ်သည်။
“မဖြစ်နိုင်လောက်ပါဘူး။ ဒီဘက်ကောင်လေးက သူ့ချစ်သူအတွက် အတွင်းခံလာဝယ်တာကို ဒီဘက်တစ်ယောက်က အဖော်လိုက်ပေးတာဖြစ်မယ် … နင်ရော အဲ့လို မထင်ဘူးလား။ ဒါပေမယ့် အဲဒီ့မှာ ထိုင်နေတဲ့တစ်ယောက်က တော်တော်ချောတာပဲ။ နောက်ပြီး သူ့ကို မြင်ဖူးနေသလားလို့။”
"အာ … နင် မှန်တယ်။ ငါလည်း အဲ့လို ထင်တယ်။ သူ့ကို ဘယ်မှာ တွေ့ဖူးတာပါလိမ့်။"
“သူက တော်တော် ချောတော့ အဖွဲ့လိုက် ဓာတ်ပုံတစ်ပုံလောက် ရိုက်ဖို့ သူ့ကို တောင်းဆိုကြမလား။ နင် ဘယ်လို တွေးလဲ။ အလားအလာရှိသူတွေကို ရှာဖွေတဲ့ ဖျော်ဖြေရေးကုမ္ပဏီတစ်ခုရဲ့တစ်ဦးဦးကသာ တစ်နေ့ သူ့ကို ရှာဖွေတွေ့ရှိပြီး မြေတောင်မြှောက်ပေးလိုက်ရင် နောက်ဆို အနုပညာကြယ်ပွင့်ကြီးတစ်ပွင့် ဖြစ်သွားလောက်တယ်။"
"ကြယ်ပွင့်ကြီးလား။ မိုးနတ်မင်းရေ … သူ့ကို ငါ မှတ်မိသွားပြီ။ ရှန်ဟိုင်းတက္ကသိုလ်က ပထမနှစ်ကျောင်းသား ထန်ရှုပဲ။ အခုနှစ် ရှန်ဟိုင်းမောင်မယ်သစ်လွင် ကြိုဆိုပွဲမှာ ဇီသာတီးပြီး သီချင်းဆိုခဲ့တဲ့သူလေ။ အာ ဟုတ်သားပဲ … သူက ကြယ်တာရာ တရုတ်တိုင်းရင်းဆေးရုံက နတ်ဆေးသမားတော်လေး တစ်ယောက်ဆိုတာကိုလည်း ငါ မှတ်မိလာပြီ။”
"အာ … ငါလည်း မှတ်မိလာပြီ။ ဒါပေမယ့် သူက ဘယ်လိုဖြစ်ပြီး ..."
မိန်းကလေးနှစ်ယောက်ကြားမှ တီးတိုးစကားသံသည် ပြောရင်းဆိုရင်း အားပါလာသောကြောင့် ပိုမိုကျယ်လောင်သည်ထက် ကျယ်လောင်လာကာ ဆိုင်တွင်းရှိ အမျိုးသမီးများစွာမှ ကြားလာရချေပြီ။ မိနစ်အနည်းငယ်အကြာတွင် အရောင်းဝန်ထမ်း အမျိုးသမီးခုနစ်ဦးအပါအဝင် ဆိုင်တွင်းမှ လူတိုင်းသည် အချင်းချင်း တီးတိုးပြောဆိုရင်း ထန်ရှုကို ဝိုင်းအုံလာကြကာ သူ့အနားသို့ တိုက်ရိုက် ချဉ်းကပ်စပြုလာကြသည်။ ရဲတင်းသူအချို့က သူ့အနားကို ချဉ်းကပ်နိုင်မည်ဟု မျှော်လင့်ကာ စိတ်အားထက်သန်နေဟန်ရသည်။
****
ချန်းရှောင်ဝမ်သည် သည်တလော စိတ်အခြေအနေ မကောင်းချေ။ သူမသည် နိုင်ငံတကာ လုပ်ငန်းစုကြီး တစ်ခု၏ လူ့စွမ်းအားအရင်းအမြစ်ဌာနတွင် အလုပ်လုပ်ခဲ့သည်။ သူမသည် မဖြူလွန်း မညိုလွန်းသော အသားအရည်နှင့် လှပကာ ပိုက်ဆံအတန်သင့် ရှိသူဖြစ်သည်။ သူမသည် အလွန်ထက်မြက်သော အသိဉာဏ်နှင့် ပြည့်စုံပြီး အတွေးအခေါ်ကောင်းရုံသာမက ကျယ်ပြန့်သော ဆက်သွယ်ရေးကွန်ရက်နှင့် လူမှုဆက်သွယ်မှုများကိုပါ ပိုင်ဆိုင်ထားသောကြောင့် မစ္စပြည့်စုံလွန်းဟု တင်စားရလောက်သော စံပြအမျိုးသမီးတစ်ယောက် ဖြစ်သည်။ အမျိုးသမီးများစွာ၏အမြင်တွင် သူမသည် အဆင့်အတန်း မြင့်မားပြီး အောင်မြင်သော အမျိုးသမီးတစ်ဦးဖြစ်သည်ဟု တွေးနေကြသော်လည်း သူမအတွက်ကမူ သူမ၏ချစ်သူနှင့် သူမ၏ သူငယ်ချင်းကောင်းအကြား မရိုးသားသော ဆက်ဆံရေးရှိနေသည်ကို လက်ပူးလက်ကြပ် ဖမ်းမိခဲ့သည်။
သူမသည် မာနကြီးသော အမျိုးသမီးတစ်ဦး ဖြစ်သောကြောင့် သစ္စာဖောက်ခံရခြင်းသည် သူမအတွက် သည်းခံနိုင်ရန် လွန်စွာ ခက်ခဲပေသည်။ သို့သော်လည်း သူမသည် ထိုဖြစ်ရပ်ပေါ်တွင် ဒေါသမထွက်၊ မငိုကြွေးရုံသာမက ကြိုးဆွဲချရန် ကြိုးကိုပင် မရှာဘဲ နာကျင်နေသော နှလုံးသားကို ကြံ့ကြံ့ခံပြီး ထိုနှစ်ယောက်အား ကောင်းချီးပေးကာ ထွက်ခွာသွားခဲ့သည်။
အကယ်၍ ထိုကိစ္စသည် ထိုမျှနှင့်သာ ပြီးဆုံးသွားခဲ့ပါက သူမသည် ယခုကဲ့သို့ ကြာရှည်စွာ စိတ်အခြေအနေ ဆိုးရွားနေမည်မဟုတ်ပေ။ စိတ်ပျက်စရာ ကောင်းသည်မှာ သူမ၏သစ္စာမဲ့သောရည်းစားသည် လာတောင်းပန်ပြီး သနားစရာကောင်းလောက်အောင် နှိမ့်ချကာ သူမ၏ခွင့်လွှတ်မှုအား တောင်းဆိုခဲ့ခြင်းပင် ဖြစ်တော့သည်။ သို့သော် ထိုသူ လိုချင်သောအရာကို သူမ မပေးသောကြောင့် ထိုရည်းစားဟောင်း၏ သဘောထားသည် ၁၈၀ဒီဂရီ ပြောင်းသွားသည်။ သူမအား နှုတ်ဖြင့် စော်ကားရုံသာမကဘဲ "စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုနှင့် သူ၏နုပျိုမှုတို့ကို ဆုံးရှုံးစေသည်" ဟူသော အကြောင်းပြချက်ဖြင့် သူမအား လျော်ကြေးပေးရန်ပင် တောင်းဆိုလာခဲ့သည်...
ချန်းရှောင်ဝမ်က ထိုသူ၏တောင်းဆိုမှုကို ပြတ်ပြတ်သားသား ငြင်းဆိုပြီးနောက် ခြိမ်းခြောက်မှုအဖြစ် ရဲတိုင်လိုက်ပြီး နောက်ဆုံးတွင် သူမ၏ချစ်သူကို စွန့်ပစ်လိုက်တော့သည်။ မည်သို့ပင်ဆိုစေကာမူ ဝမ်းနည်းပူဆွေးမှုနှင့် အမှားလုပ်ခံရသည့် ခံစားချက်တို့သည် သူမ၏နှလုံးသားထဲတွင် တနုံ့နုံ့ကျန်ရစ်ခဲ့ပြီး ဆယ်ရက်ခွဲကြာ အိမ်တွင်းအောင်းနေခဲ့ရသည်။ ယနေ့တွင် သူမ၏ အားလပ်ရက်သည် ကုန်ဆုံးခါနီးပြီဖြစ်သောကြောင့် ဈေးဝယ်ထွက်လာခဲ့ခြင်းဖြစ်သည်။
သို့သော် သူမသည် ဤကဲရင်း ဂယ်လ်ဆင် သီးသန့်အရောင်းဆိုင်ထဲသို့ ခြေချမိချိန်တွင် မြင်လိုက်ရသော အတွင်းမှ မြင်ကွင်းကြောင့် ရုတ်ခြည်းပင် မျက်မှောင်ကြုတ်ကာ လှည့်ထွက်သွားရန် ဟန်ပြင်လိုက်သည်။ သို့သော် သူမ ဆိုင်ထဲမှ ပြန်ထွက်လာချိန်၌ တိုက်တိုက်ဆိုင်ဆိုင်ပင် အသက်၄၀အရွယ် အမျိုးသမီးခပ်၀၀တစ်ယောက်၏ ခါးကို ဖက်ပြီး ရောက်လာသော ရည်းစားဟောင်းအား သူမ မြင်လိုက်ရတော့သည်။ သည်ကဲ့သို့ ရင်းနှီးနေသော မြင်ကွင်းကို ကြည့်ပြီး သူမ ရွံ့ ရှာလွန်းသဖြင့် တံတွေးထွေးမိလုမတတ်ပင် ဖြစ်သွားခဲ့ရသည်။
…ပုန်းမှပဲ…
ဤသည်မှာ ချန်းရှောင်ဝမ်၏နှလုံးသားအတွင်း၌ရှိသော အမှန်ကန်ဆုံး လုပ်ဆောင်လိုမှုဖြစ်သည်။ ထို့ကြောင့် သူမ၏ခြေထောက်များ နောက်ပြန်ဆုတ်သွားကာ အတွင်းမှ လူအုပ်စုထဲတွင် ရောဝင်နေလိုက်သည်။
***
“ဟိုင်း လူချောလေး … ငါတို့ အဖွဲ့လိုက် ဓာတ်ပုံရိုက်လို့ ရမလား။"
နောက်ဆုံးတွင် ရဲရင့်သောအမျိုးသမီးတစ်ဦးသည် မျှော်လင့်ချက်အပြည့်ဖြင့် ထန်ရှုအား အားတင်းကာ မေးလိုက်သည်။
ထန်ရှုသည် သူတို့၏ပြောနေသောစကားများအား ကြားပြီးရုံရှိသေးသည်ချိန်တွင် အဖွဲ့လိုက် ဓာတ်ပုံရိုက်ဖို့ တစ်ယောက်ယောက်က တကယ် လာရောက် တောင်းဆိုလိမ့်မည်ဟု သူ မမျှော်လင့်ထားမိပါချေ။
ဘေးနှစ်ဘက်လုံးရှိ ဆက်ဆီအတွင်းခံများဆီ အကြည့်ရောက်သွားပြီးနောက် ထန်ရှုသည် နေရာမှပင် မကြွဘဲ မချိပြုံး ပြုံးကာ အားတင်းပြောလိုက်သည်။ "အစ်မကြီး … ဒီနေရာမှာ ဓာတ်ပုံရိုက်ရတာ တကယ်ကို မသင့်တော်ဘူးမဟုတ်လား။"
ထိုအမျိုးသမီးသည် တစ်ချက်တွေဝသွေားပြီးနောက် သူမတို့ရောက်နေသောနေရာအား ရုတ်တရက် မှတ်မိသွားသည်။ သူမသည် ရှက်သွားသဖြင့် ရုတ်ခြည်းပင် သူမ၏ပါးပြင်သည် နီရဲသွားခဲ့သည်။
“အာ … ငါ တကယ် စိတ်ပျက်သွားပြီ။ ငါတို့တွေ အပြင်ထွက်ပြီး အဖွဲ့လိုက် ဓာတ်ပုံရိုက်ရင်ရော ဘယ်လိုလဲ။ နင်က ရှန်ဟိုင်းတက္ကသိုလ်မှာ ကျောင်းတက်နေတဲ့ နတ်ဆေးသမားတော်လေး ထန်ရှုဆိုတာ ငါ သိပါတယ်။ နင့်လို ထူးချွန်ထက်မြက်ပြီး ချောမောတဲ့ လူငယ်တစ်ယောက်နဲ့ အဖွဲ့လိုက် ဓါတ်ပုံရိုက်ရတာက အရမ်းကောင်းမှာ သေချာတယ်။”
…အဟွတ်…အဟွတ်…
အမှန်ပြောရမည်ဆိုပါက ထန်ရှု ဓာတ်ပုံမရိုက်လိုလှပေ။ ထိုအမျိုးသမီးသည် လှပသော်လည်း သူမနှင့် ဓာတ်ပုံရိုက်လိုက်ပါက သူ့အား လူအများက ပိုမိုအာရုံစိုက်လာလိမ့်မည်ကို သူ၏ဉာဏ်ပညာဖြင့် ထန်ရှု ခန့်မှန်းနိုင်သည်။ အမျိုးသမီးအတွင်းခံဝယ်ဖို့ သူ့အတန်းဖော်နှင့် အဖော်လိုက်သွားသည်ဟူသော သတင်းက အင်တာနက်မှာ ပေါက်ကြားလာဖို့ ရာခိုင်နှုန်း ပိုများပေသည်။
ကံကြမ္မာအား ကောင်းကင်ဘုံက ကြိုတင်သတ်မှတ်ထားသည်ဆိုသည်မှာ ဖြစ်ကောင်းဖြစ်နိုင်ပေသည်။
ထန်ရှု မည်သို့လုပ်ရမည်မှန်းမသိ ဖြစ်နေချိန်တွင် အပြင်ဘက်မှ လွန်စွာ ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာပြီး ထိုအသံသည် တစ်စုံတစ်ယောက်အား ချော့မော့ပြောဆိုနေဟန်ရသော အမျိုးသမီးတစ်ဦး၏ အသံ ဖြစ်သည်။
“ဟန်နီ … ဒီကဲရင်း ဂယ်လ်ဆင်အတွင်းခံက အတော် လှသလိုပဲနော်။ ဒီလိုဆက်ဆီကျတဲ့ အတွင်းခံ တော်တော်များများက သိပ်လှတာပဲ။ ငါ့ကို ပြောကြည့် … ငါ တစ်စုံလောက် ဝယ်သွားပြီး ပြန်ရောက်ရင် နင့်ကို ဝတ်ပြစေချင်သလား ဟင်။"
“ကောင်းတာပေါ့။ မင်း ဘာဝတ်ဝတ် လှနေမှာ သေချာတယ်။” သက်လတ်ပိုင်း အမျိုးသမီး ခပ်၀၀တစ်ဦး၏အတင်းဆွဲခေါ်ခြင်းကို ခံနေရသော ယွဲ့ဇီကောင်းသည် သူ၏ရင်တွင်းခံစားချက်များနှင့် လုံးဝဆန့်ကျင်ဘက် ဖြစ်နေသော အပြုံးတုတစ်ခုအား ဖန်တီးကာ ပြန်ပြောလိုက်သည်။
ဆက်ဆီကျသော အတွင်းခံအား ဝတ်ထားသည့် သည်ခပ်၀၀အမျိုးသမီး၏ပုံစံအား သူ မြင်ယောင်ကြည့်မိလိုက်ချိန်တွင် သူ့တစ်ကိုယ်လုံး ကြက်သီးများပင် ထသွားရသည်။
တကယ်လို့ ... သည်အမျိုးသမီးသာ အရမ်းချမ်းသာပြီး လက်ဖွာသောသူတစ်ယောက်သာ မဟုတ်ပါက သူ ထိုအမျိုးသမီးအား စွန့်ပစ်ခဲ့သည်မှာ ကြာပြီဖြစ်ပြီး တခြားအမျိုးသမီးကို ရှာပြီးဖြစ်နေပါလိမ့်မည်။
"နင်က တကယ်ကို အပြောချိုတာပဲ ဟန်နီ…" ခပ်၀၀အမျိုးသမီးသည် အပျော်လွန်သွားပြီး သူ့ကို နမ်းချင်လာသည်။ သို့သော် သူမ၏အရပ်က ၁.၆မီတာပင် မရှိသည့်အပြင် ယွဲ့ဇီကောင်းက ၁.၈မီတာကျော် ရှည်သည့်အတွက်ကြောင့် သူမ ခြေဖျားထောက်သည့်တိုင် မမှီနိုင်ပါချေ။ ထို့ကြောင့် ယွဲ့ဇီကောင်း၏လက်မောင်းကို အမြန်ဆွဲကာ ထိုင်ချလိုက်သည်။
ယွဲ့ဇီကောင်းသည် ဆိုင်အတွင်းဘက်သို့ တစ်ချက်ကြည့်လိုက်ရာ ထိုနေရာမှအမျိုးသမီးများသည် လုံးဝနောက်ပြန်လှည့်မကြည့်သည်ကို တွေ့လိုက်ရသည်။ သူသည် အပြုံးတုကို အမြန် ဆင်လိုက်ပြီး သူ၏နှုတ်ခမ်းကို အသင့်ပြင်ထားရင်း ထိုင်ချလိုက်သည်။
…မွ…
ကျယ်လောင်စွာ နမ်းပြီးနောက် ခပ်ဝဝအမျိုးသမီးသည် ရွှင်မြူးသော မျက်နှာဖြင့် ဆိုင်အတွင်းထဲသို့ ဝင်လာခဲ့သည်။ အတွင်းရှိ လူအုပ်ကြားထဲမှ ချန်းရှောင်ဝမ်သည် ၎င်းတို့နှစ်ဦးလုံးကို တိတ်တဆိတ် စောင့်ကြည့်နေပြီး ရွံရှာလွန်းသဖြင့် အန်ချင်သလို ဖြစ်သွားခဲ့သည်ကို ယွဲ့ဇီကောင်းနှင့် ထိုအမျိုးသမီးတို့ မသိလိုက် မတွေ့လိုက်ပါပေ။
ခဏအကြာတွင် ယွဲ့ဇီကောင်းသည် ခပ်၀၀အမျိုးသမီး၏ နောက်မှ ဆိုင်ထဲသို့ လိုက်ဝင်လာသည်။ ချန်းရှောင်ဝမ်သည် ထိုသူတို့ကို တတ်နိုင်သမျှ ရှောင်ရန် ကြိုးစားခဲ့သော်လည်း သူမကို တွေ့ဖြစ်အောင် တွေ့လိုက်သေးသည်။ ယွဲ့ဇီကောင်းအတွက်တော့ အံ့သြစရာကောင်းသည့် အကြံဉာဏ်တစ်ခုကို ရုတ်တရက် ရလာပြီး ခပ်၀၀အမျိုးသမီးရှေ့တွင် သူ မည်မျှထူးချွန်ကြောင်း ပြသရန် စမတ်ကျသော လှုပ်ရှားမှုတစ်ခုဟုပင် တွေးလိုက်မိတော့သည်။
သူက ချက်ချင်းပင် ထိုခပ်၀၀အမျိုးသမီးကို ပွေ့ဖက်လိုက်ပြီး ရည်ရွယ်ချက်ရှိရှိ အော်ပြောလိုက်သည်။
"အိုး … မင်းက ငါ စွန့်ပစ်လိုက်တဲ့ ချန်းရှောင်ဝမ် မဟုတ်လား။ ဘာလို့လဲ ... မင်းက ဘာလို့ ဒီအဆင့်မြင့် အတွင်းခံဆိုင်ထဲ ရောက်နေတာလဲ။ မင်းက ဒီမှာ တစ်ခုခု ဝယ်ဖို့ ရှိနေလို့လား။"
***