မာနကြီးပြီး မောက်မာခြင်း
Vol. 42 Ch. 576
ရုတ်တရက် ထွက်ပေါ်လာသော ထိုကျယ်လောင်သည့် အသံသည် ထူးဆန်းသော ပတ်ဝန်းကျင်လေထုကို ပျက်ပြယ်သွားစေပြီး ထန်ရှုအား ကသိကအောက်ဖြစ်နေသော အခြေအနေမှ ကယ်တင်သွားခဲ့သည်။ ဤအခိုက်အတန့်တွင် သူ့ပတ်ဝန်းကျင်ရှိ အမျိုးသမီးအားလုံးသာမက ထန်ရှုပါ ထိုယွဲ့ဇီကောင်းနှင့် ခပ်ဝဝ အမျိုးသမီးကို လှည့်ကြည့်မိကြသည်။
သို့သော် ထိုစုံတွဲကို မြင်သောအခါ လူတိုင်းက နွားချေးပေါ်တွင် ပျော်သော မြက်နု ဟူသောစကားအား တွေးလိုက်မိကြသည်။
ပုံပန်းသွင်ပြင်အကြောင်း ပြောရမည်ဆိုပါက ယွဲ့ဇီကောင်းသည် ၁.၈မီတာမြင့်သော အရပ်တွင် အချိုးအစားကျသည့် ကိုယ်လုံးကိုယ်ပေါက်ဖြင့် မည်သည့်အဝတ်အစားကို ဝတ်ဝတ် ကြည့်ကောင်းစေသည့် ကိုလူချောတစ်ယောက် ဟုဆိုနိုင်သည်။ မြင်မြင်ချင်းပင် အမျိုးသမီးများစွာ၏ နှစ်သက်မှုကို ရနိုင်ပေသည်။ သို့သော်လည်း ထန်ရှု၏ဘေးပတ်လည်ရှိ အမျိုးသမီးအားလုံးသည် ထိုသူအား နည်းနည်းလေးမှပင် သဘောမကျကြဘဲ ရွံရှာဖွယ်ကောင်းသည်ဟုပင် ခံစားခဲ့ရသည်။
ချန်းရှောင်ဝမ် ထိတ်လန့်သွားသည်။ သည်လောကတွင် သူမ မတွေ့ချင်ဆုံးသူအား ပြောရမည်ဆိုပါက ယွဲ့ဇီကောင်းပင် ဖြစ်ပေလိမ့်မည်။ သို့သော်လည်း သူမသည် သူ့ကို မမြင်ချင်လေ၊ ထိုသူက သူမ၏အရှေ့တွင် ပေါ်လာလေ ဖြစ်သည်။ သူမ သည်းမခံနိုင်သည့်အချက်မှာ ဤလူသည် သူမကို နုပျိုစဉ်ကပင် နှစ်အတော်ကြာသည့်ထိ မရုန်းထွက်နိုင်အောင် ချုပ်ကိုင်ထားခဲ့ပြီးမှ ထိုကဲ့သို့ ရွံ့မုန်းစရာကောင်းသည့်လူအဖြစ် ပြောင်းသွားသည့် သူတစ်ယောက်ဖြစ်သည်။
ထိုသူအား သူမ ပြန်ပြောနေပါက တံတွေးများကိုသာ ဖြုန်းတီးရာကျမည်ဟု သူမ ခံစားမိသောကြောင့် စကားပြန်ပြောရမည့်အစား ရှောင်ပုန်းမနေတော့ဘဲ ထွက်ခွာရန် ပြင်လိုက်သည်။
"ဟေ့ မသွားနဲ့ဦး။ မင်း ငါ့ကို အကြွေး ဘယ်တော့ ဆပ်မှာလဲ။"
ယွဲ့ဇီကောင်းသည် သူမ၏လမ်းကို အမြန် ပိတ်လိုက်သည်။
"နင် ဒီ့ထက် ပိုပြီး အရှက်မရှိတော့ဘူးလား ယွဲ့ဇီကောင်း…"
ချန်းရှောင်ဝမ်က မျက်မှောင်ကြုတ်ပြီး ရွံ့ရှာစွာ ကြိမ်းမောင်းလိုက်သည်။
“ဒီနှစ်တွေထဲမှာ နင်လိုချင်တာမှန်သမျှ ငါ ဝယ်ပေးခဲ့တယ်။ နင် အပေါင်းအသင်းတွေနဲ့ သောက်စားဖို့ အပြင်ထွက်ရင်တောင် သုံးတဲ့ ပိုက်ဆံက ငါ့အိတ်ထဲကပဲ ပေးခဲ့ရတာလေ။ ငါတို့ အခု လမ်းခွဲပြီးပြီ။ နင့်ရဲ့ ယုတ်မာတဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေနဲ့ ငယ်ရွယ်မှု ဆုံးရှုံးရတဲ့အတွက် ငါ့ကို လျော်ကြေးတောင် ပေးစေချင်သေးတယ်ဟုတ်လား။ ယွဲ့ဇီကောင်း … နင် လူမှ ဟုတ်သေးရဲ့လား။"
ယွဲ့ဇီကောင်းသည် ဒေါသတကြီး ဖြစ်လာပြီး ခပ်၀၀အမျိုးသမီးအား ဖက်ထားရာမှ လွှတ်ပေးလိုက်ကာ ချန်းရှီဝမ်အား လက်ညိုးငေါက်ငေါက်ထိုးလျက်
“ဒီအဖေက မင်းကို ကောင်းကောင်း ပြုစုတယ်လေ။ နေ့တိုင်း မင်း အလုပ်သွားလုပ်ရင် အစားအသောက် ချက်ပြုတ်ပေးတာ ဘယ်သူလို့ ထင်လဲ။ မင်းအလုပ်က ပြန်တဲ့အချိန် မင်းကို ကြိုပေးဖို့ မင်းရဲ့ကုမ္ပဏီကို အပြေးလာပြီး စောင့်ပေးနေတာ ဘယ်သူလဲ။ မင်းအတွက် ငါလုပ်ပေးခဲ့တာတွေအတွက် မင်း ငါ့ကို သောက်ကျိုးနည်းစရာတွေ ပေးခဲ့တာပဲမလား။ မင်း ငါ့ကို ဘယ်လောက်ပေးသုံးခဲ့လို့လဲ။ မင်းကိုမင်း အခုပဲ ကြည့်လိုက်ဦး တစ်ပြားကို ၂ပြားခွာသူရ။ မင်းရဲ့အချိန်တွေကို စိတ်ဆင်းရဲစွာ ဖြတ်သန်းရတယ်လို့ ပြောပေမယ့် ဘာမှဝယ်စရာ မရှိတာတောင် ဒီနေရာကို လာနေတာ။ ဒီကို လာရင်း အမြီးဖွားဖွား ဝံပုလွေတစ်ကောင်လို ကိုယ်ပိုင်မဟုတ်တဲ့ဟာတွေနဲ့ သူများကို မော်ကြွားပြချင်နေတာလား။"
“နင်…”
ချန်းရှောင်ဝမ်၏နှလုံးသားအား ဓားတစ်လက်ဖြင့် ထိုးစိုက်ခံလိုက်ရသည့်အလား နာကျင်ရသည်။ ဝမ်းနည်းရလွန်းသဖြင့် မျက်ရည်များသည် သူမ၏ပါးပြင်ထက်သို့ စီးကျလာခဲ့သည်။ ယွဲ့ဇီကောင်းသည် ရဲတင်းပြီး မျက်နှာပြောင်တိုက်သူတစ်ယောက် ဖြစ်ကြောင်း သူမ သိသော်လည်း သည်မျှ အရှက်ကင်းမဲ့လိမ့်မည်ဟု မတွေးထင်မိခဲ့သဖြင့် ကြောင်အသွားစဉ် ...
ခပ်၀၀ အမျိုးသမီး၏မျက်နှာထက်တွင် စပ်စုလိုသော အကြည့်တစ်ချက် ပေါ်လာပြီး
"ဟန်နီ … ဒါက နင့်ကို လှည့်စားတယ်လို့ ပြောခဲ့တဲ့ ရည်းစားဟောင်းလား။ သူ့ရုပ်ရည်ကို ကြည့်ရတာ မြေခွေးမတစ်ကောင်လိုပဲ။ နင်က အိပ်ရာထဲမှာ ဒီလောက် စွမ်းအားကြီးတာတောင် နင့်ကို မကျေနပ်ဘူးတဲ့လား။ သူက ဘာကောင်မမို့လဲ။"
ယွဲ့ဇီကောင်း အံ့အားသင့်သွားသည်။ ခပ်၀၀ အမျိုးသမီးက ထိုသို့ပြောလာလိမ့်မည်ဟု သူ အနည်းငယ်မှ မထင်ခဲ့မိပေ။ သူ၏ချောမောသော မျက်နှာပေါ်တွင် ပုံစံသဘာဝမကျသော အမူအရာတစ်ခု ချက်ချင်းပေါ်လာသော်လည်း ငြင်းဆန်ခြင်းမပြုဘဲ သူမ၏စကားကို ဆိတ်ဆိတ်သာ နေလိုက်သည်။
မယုံကြည်နိုင်မှုနှင့်အတူ ချန်းရှောင်ဝမ်တစ်ယောက် မျက်ရည်များသာ တသွင်သွင် စီးကျလာသည်။ ခပ်၀၀ အမျိုးသမီး၏အပေါစားဆန်သော စကားများကြောင့် ဒေါသထွက်ရလွန်းသဖြင့် သူမ၏နှုတ်ခမ်းများ တဆတ်ဆတ် တုန်ရီလာရသည်။ သူမက ယွဲ့ဇီကောင်းအား လက်ညှိုးထိုးပြီး စိတ်ပေါက်ပေါက်နှင့် ပြောဆိုမိတော့သည်။
"နင် လူမှ ဟုတ်ရဲ့လား ယွဲ့ဇီကောင်း။ ဘယ်လိုဖြစ်ပြီး အဲ့လောက်တောင် အရှက်မဲ့ရတာလဲ ဟင်။ နင်နဲ့ငါ့သူငယ်ချင်းကောင်းဆိုတဲ့သူ လိင်ဆက်ဆံတာကို လက်ပူးလက်ကြပ်ဖမ်းမိတာတောင် ငါ့က လှည့်စားတဲ့သူဆိုပြီး နင်က ဒလိမ့်မှောက်ခုံ ပြောနေသေးတယ်ပေါ့။ နင်…နင်…နင်… အရှက်ကို မရှိဘူး။"
ယွဲ့ဇီကောင်း၏ မျက်နှာထက်တွင် စိတ်မရှည်သော အကြည့်တစ်ခု ပေါ်လာပြီး အေးစက်စက်လေသံဖြင့်
"လျှောက်ပြောမနေနဲ့။ ငါတို့တွေ ဒီနေ့ တွေ့ပြီဆိုကတည်းက မင်း ငါ့ကို ပေးရမယ့် လျော်ကြေးကို မြန်မြန်ပေး။ ယွမ် ၁သိန်း … ငါ မင်းကို လျှော့ပေးလိုက်မယ်။"
အနီးနားရှိ အမျိုးသမီးထုသည် ထိုမြင်ကွင်းကို မြင်ပြီး ရွံရှာဒေါသထွက်နေကြသည်။ သူတို့အားလုံးသည် ပိုင်းခြားသိမြင်သော မျက်လုံးများ ရှိကြသောကြောင့် အစမှ အဆုံးထိ မည်သို့ ဖြစ်ပျက်ခဲ့သည်ကို နားမလည်နိုင်သောသူ တစ်ယောက်မှ မရှိပါချေ။ ယွဲ့ဇီကောင်းဟုခေါ်သောလူသည် ဘောင်ကျော်နေသည်မှာ ထင်ရှားလှသည်။ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ရပြီး သူ၏ငယ်ရွယ်နုပျိုမှု ဆုံးရှုံးခဲ့ရပါသည်ဟုဆိုကာ လမ်းခွဲပြီးသော ချစ်သူဟောင်းထံ အရှက်မရှိ လျော်ကြေး တောင်းဆိုနေခဲ့သည်။
…ဒီလူ … ဘယ်လောက်တောင် အရှက်ကင်းမဲ့လိုက်လေလဲ။…
ချန်းရှောင်ဝမ် ငိုရှိုက်နေသည်ကို မြင်တွေ့နေရသည့် အမျိုးသမီး တစ်ယောက်က ဒေါသတကြီး အော်ပြောလိုက်သည်။
" ဒီနေ့က ငါ့အတွက် တကယ်ကို မျက်စိပွင့်တာပဲ။ အရွယ်ရောက်အမျိုးသားတစ်ယောက်က စိတ်ပိုင်းဆိုင်ရာ ထိခိုက်ရလို့၊ သူရဲ့ငယ်ရွယ်နုပျိုမှု ဆုံးရှုံးခဲ့ရလို့ ဆိုပြီး လမ်းခွဲထားတဲ့ ချစ်သူဟောင်းဆီ လျော်ကြေးငွေ တောင်းဆိုသတဲ့ ထင်တောင် မထင်မိဘူး ... အရှက်မရှိလိုက်ပုံများ…။”
"အမှန်ပဲ။ နတ်ဘုရားတွေက တကယ်ပဲ မျက်စိမရှိကြဘူး … နို့မဟုတ်ရင် သူ့ကို သတ်ဖို့ မိုးကြိုးတစ်စင်း ပစ်လွှတ်လိုက်ကြလိမ့်မယ်။ မိန်းကလေးက ခံစားချက်ပြင်းပြင်း မပြဘဲ လမ်းခွဲပေးလိုက်တာတောင် ရည်းစားဟောင်းကို ဆဲဆိုဖို့ တခြားအမျိုးသမီးကို ဆွဲခေါ်လာသေးတယ်။ တကယ်ကို ရွံဖို့ကောင်းပြီး အရှက်မရှိတဲ့အကောင်။” တခြားအမျိုးသမီးကလည်း စိတ်မထိန်းတော့ဘဲ ထပ်ပြောလိုက်သည်။
"ဟုတ်ပ။ အရှက်မဲ့ပြီး နည်းလမ်းမကျတဲ့ ယောက်ျားတွေ အများကြီးတွေ့ဖူးပေမယ့် ဒီလောက်အထိ အရှက်မဲ့တဲ့ကောင်ကို မတွေ့ဖူးပေါင်။"
"ဘယ်လောက်တောင် ရွံဖို့ကောင်းလိုက်လဲ။ သူ့ကို ကြိုက်တဲ့သူက မျက်စိကန်းနေလို့ပဲ။”
"သူ့ဘေးနားက ခပ်၀၀အမျိုးသမီးကလည်း သူ့လို အရှက်မရှိတာပဲ။ ဒါက တူရာတူရာ စုတာမျိုးပဲ မဟုတ်ဘူးလား။”
"ဘယ်လိုလူလိမ်စုံတွဲလဲ။ ယောက်ျားက လူလိမ် … မိန်းမက အကျင့်မကောင်း…”
“…”
ဘေးပတ်လည်ရှိ အမျိုးသမီး၂၀လောက်က ပြစ်တင်ပြောဆိုလာကြသည်။
ဆိုဖာပေါ်တွင် ထိုင်နေသော ထန်ရှုသည် ချန်းရှောင်ဝမ်ကို စာနာစိတ်ဖြင့် ကြည့်လိုက်သည်။ ဤမျှလှပသော အမျိုးသမီးတစ်ဦးသည် အရှက်မရှိသော ရည်းစားဟောင်းနှင့် မမေ့နိုင်သော အတိတ်ကို အမှန်တကယ် ပိုင်ဆိုင်ခဲ့လိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။ သို့သော် သူသည် အခြားသူများ၏ ကိစ္စရပ်များအား ပြောဆိုရန်ကိုလည်း မနှစ်သက်ပေ။
ယွဲ့ဇီကောင်းအတွက် ဤကဲ့သို့သောလူများစွာ၏ ကဲ့ရဲ့ရှုတ်ချခြင်းကို ခံရမည်ဟု သူ ဘယ်သောအခါမှ အိပ်မက် မမက်ခဲ့ဖူးပါချေ။ သူ့မျက်နှာသည် ထူပူနေပြီး သူ့ကိုယ်သူ ပုန်းအောင်းရန် တွင်းတစ်တွင်းသာ ရှာချင်နေမိတော့သည်။ သူ၏မူရင်းရည်ရွယ်ချက်သည် သူ၏ချမ်းသာကြွယ်ဝသော အမျိုးသမီးအသစ်ရှေ့တွင် အထင်ကြီးစေရန် ပြသလိုခြင်း ဖြစ်သော်လည်း သိက္ခာမဲ့သော လူယုတ်မာတစ်ယောက်အဖြစ် အဆုံးသတ်သွားရသည်။ သူ၏ထက်မြက်လှသော ကြိုးစားမှုကြီးသည် သူ့မျက်နှာအား ကြက်ဥပုပ်နှင့် အပေါက်ခံလိုက်ရသကဲ့သို့ သူ့အား သည်လို ဆိုးရွားသော အခြေအနေဆီသို့ တွန်းပို့ကာ အဆုံးသတ်သွားလိမ့်မည်ဟု မည်သည့်အခါကမှ မမျှော်လင့်ထားပေ။
ခပ်၀၀အမျိုးသမီးသည် ဆက်ဆံရမလွယ်ကူသော လူတစ်ယောက်မှန်း သိသာပေသည်။ သူမသည် ယွဲ့ဇီကောင်း၏လက်မှ ရုန်းကာ ပြောဆိုနေကြသော အမျိုးသမီးများအား စိုက်ကြည့်ပြီး အော်လိုက်သည်။
“တိတ်လိုက်စမ်း ခွေးမတွေ … ဒီအမျိုးသမီးရဲ့ ချစ်သူက ငါ့ကို မိသားစုကိစ္စတွေ ကိုင်တွယ်ရာမှာ ကူညီစောင့်ရှောက်ပေးတယ်။ ငါတို့စီးပွားရေးမှာ ဝင်ပါဖို့ နင်တို့မှာ ဘာအခွင့်ရှိလဲအေ့။ နင်တို့အားလုံး ထွက်သွားကြ။ နို့မဟုတ်ရင် နင်တို့ကို ငါ အရှက်ကွဲအောင် လုပ်ပစ်လိုက်မယ်။"
အမျိုးသမီးများသည် ချက်ချင်းပင် ဒေါသများ ထွက်သွားကြသည်။ ဤနေရာတွင် ဈေးဝယ်ထွက်နိုင်သူများသည် ငွေကြေးချမ်းသာသော အိမ်ထောင်စုများမှ ဖြစ်ကြပြီး အချို့ဆိုလျှင် ရှန်ဟိုင်းရှိ အထင်ကရ မိသားစုများမှပင် လာကြသူများ ဖြစ်သည်။ ခပ်၀၀အမျိုးသမီး၏မောက်မာသော စော်ကားပြောဆိုသံကို ကြားရသောအခါတွင် သူတို့ ပြန်လည် တုန့်ပြန်လာကြသည်။
ထိုအချိန်တွင် ချန်းရှောင်ဝမ်၏ ခံစားချက်များ အတော် သက်သာလာခဲ့ပြီး လူတိုင်း၏သဘောထားကို မြင်လိုက်သောကြောင့် သူမ အများကြီး နေရထိုင်ရ ပိုကောင်းလာခဲ့သည်။ ထို့နောက် မျက်ရည်များကို သုတ်လိုက်ကာ လူတိုင်းအား ဆဲဆိုပြစ်တင်ခြင်းများ မပြုရန် တားမြစ်လိုက်သည်။ ထို့နောက် သူမသည် ယွဲ့ဇီကောင်းကို စိုက်ကြည့်လိုက်ပြီး
“နင်က ပိုက်ဆံလိုချင်တယ်မလား။ ငါ အခု နင့်ကို ပေးလိုက်မယ်။ ဒါပေမယ့် နင် ငါ့အရှေ့မှာ ဘယ်တော့မှ ထပ်မပေါ်လာစေနဲ့။"
"ညီမလေး … အဲ့ဒီကောင်ကို ပိုက်ဆံပေးမနေနဲ့။" အသက် ၃၀အရွယ် အမျိုးသမီးတစ်ဦးက အမြန် ဟန့်တားလိုက်သည်။
ချန်းရှောင်ဝမ်က ကျေးဇူးတင်သည့် အမူအရာဖြင့် “အစ်မကြီး … ရှင်တို့အားလုံးရဲ့ကြင်နာမှုအတွက် ကျေးဇူးအများကြီးတင်ပါတယ်။ ဒီလူက အတော် စက်ဆုပ်ဖို့ ကောင်းပြီး ကျွန်မကို ဒုက္ခပေးနေတာ ရက်အတော် ကြာပါပြီ။ ကျွန်မရဲ့အိမ်တံခါးကိုတောင် ထုနှက်ပြီး ဆဲဆိုနေတာ ကျွန်မ တကယ် သည်းမခံနိုင်တော့ဘူး။ ပိုက်ဆံ အဆုံးခံပြီး ဒါကို အဆုံးသတ်လို့ရရင် သူ့ကို ပိုက်ဆံပေးလိုက်ပြီး ကျွန်မရဲ့ဘဝထဲက မောင်းထုတ်လိုက်ချင်တယ်။”
“ညီမလေး … အိပ်မက် မက်မနေနဲ့။” ထိုအမျိုးသမီးက ဆက်ပြောသည်။
“နင် သူ့ကို အခုပိုက်ဆံပေးလိုက်ရင်တောင် ဒီလိုရွံရှာစရာကောင်းတဲ့ သတ္တဝါမျိုးက သူ့မှာ ပိုက်ဆံမရှိတိုင်း နင့်ကို အမြဲ ဒုက္ခပေးလိမ့်မယ်။ ရဲကို တိုက်ရိုက်ဖုန်းဆက်လိုက်ဖို့သာ အစ်မ နင့်ကို အကြံပေးချင်တယ်။ ရဲတွေက သူ့ကို သင်ခန်းစာပေးမယ်ဆိုတာ အသေအချာပဲ။”
"ချီးတဲ့မှ မင်းက ဘယ်သူလဲ … ခွေးမ။"
ယွဲ့ဇီကောင်းက အော်လိုက်သည်။
"မင်း တခြားသူတွေရဲ့ကိစ္စမှာ ထပ်ပြီးနှောက်ယှက်နေရင် ငါ မင်းကို မရိုက်ဘူးလို့ ထင်လား။"
ထိုအမျိုးသမီးက ရှေ့ကို တိုးလာပြီး ကျယ်လောင်စွာ ပြောလိုက်သည်။
“လာစမ်းပါ။ နင် တတ်နိုင်ရင် ငါ့ကို ရိုက်လိုက်လေ။ နင် ဒီနေ့မှ မရိုက်ရင် နင် ယောက်ျားတစ်ယောက်ဆိုတာ ငါ မယုံဘူး။"
သည်တစ်ခါတော့ ယွဲ့ဇီကောင်း အထိတ်တလန့် ဖြစ်သွားသည်။ သူသည် ထက်မြက်သူတစ်ဦး ဖြစ်သောကြောင့် ဤနေရာတွင် ဈေးဝယ်ထွက်နိုင်သည့် အမျိုးသမီးများသည် ချမ်းသာကြွယ်ဝပြီး သြဇာအာဏာရှိသော မိသားစုများမှ လာကြသည်ဟူသော အချက်အား သူ သတိမပြုမိဘဲ မည်သို့ ရှိနိုင်ပါမည်နည်း။ ထို့ကြောင့် သူသည် သွားရှုပ်ရန် မကြိုးစားသင့်သော လူများကို နှောင့်ယှက်မိပါက ပြဿနာ ကြီးကြီးမားမားနှင့် ရင်ဆိုင်ရနိုင်သောကြောင့် ကိစ္စရပ်များကို ပိုမိုရှုပ်ထွေးအောင် မလုပ်လိုလှပေ။
သို့သော်လည်း သူ တုံ့ဆိုင်းနေချိန်တွင် သူ့ဘေးမှ ခပ်၀၀အမျိုးသမီးက ထိုအမျိုးသမီးရှေ့သို့ ပြေးသွားပြီး ပါးတစ်ချက် ခပ်ပြင်းပြင်း ရိုက်လိုက်သည်။
"ဘာ … ရှင်က ကျွန်မကို ရိုက်ရဲတယ်…"
အနီးနားရှိ အမျိုးသမီးများသည် သိသိသာသာ ဒေါသ ထွက်လာကြပြီး ထိုခပ်၀၀အမျိုးသမီးအား ပြေးကာ ဝိုင်းလိုက်ကြသည်။ ချန်းရှောင်ဝမ်ပင်လျှင် သူမကြောင့် အခြားတစ်ယောက်ပါ ရှုပ်ထွေးလာလိမ့်မည်ဟု မထင်ခဲ့မိပေ။ ပါးရိုက်ခံရသော အမျိုးသမီးအား ကာကွယ်ရန် သူမ၏အရှေ့သို့ ပြေးထွက်လိုက်ပြီး ခပ်၀၀အမျိုးသမီးအား အားဖြင့် တွန်းထုတ်လိုက်သည်။
“အိုး … အိုး …” ဆူဖြိုးသည့် တင်ပါးများဖြင့် ကြမ်းပြင်ပေါ် ဖင်ထိုင်ကျသွားသော ခပ်၀၀အမျိုးသမီးသည် နာကျင်စွာဖြင့် နှစ်ကြိမ်တိုင်တိုင် အော်ဟစ်ခဲ့သည်။
"ဒီမှာ ဘာတွေ ဖြစ်နေတာလဲ အစ်ကိုကြီးထန်…"
ထိုအခိုက်အတန့်၌ ဆိုင်အတွင်းပိုင်းတွင် ပြသထားသော အတွင်းခံဘောင်းဘီတစ်ထည်ကို ကိုင်ကာ အရောင်းဝန်ထမ်းထံ အပြေးလာသော ဟူချင်းစုန့်သည် ထိုဖရိုဖရဲ မြင်ကွင်းကို မြင်လိုက်ရသဖြင့် လှမ်းအော်မေးသည်။
“လူယုတ်မာတစ်ယောက်နဲ့ သူ့ရဲ့အရှက်မဲ့တဲ့ အမျိုးသမီးအသစ်က အဲ့ဒီကောင်ရဲ့ရည်းစားဟောင်းကို အနိုင်ကျင့်ပြီး နောက်ဆုံးတော့ ဒီလူတွေကို ဒေါသထွက်စေခဲ့လို့လေ။ မင်း အတွင်းခံ ရွေးပြီးပြီလား။ ရွေးပြီးပြီးဆိုရင် မြန်မြန်ငွေချေပြီး ဒီနေရာကနေ ထွက်သွားရအောင်။"
ဟူချင်းစုန့်က ခေါင်းညိတ်ပြီး ငွေပေးချေသည်။ ထန်ရှုနှင့်အတူ သူသည် ထိုလူအုပ်ကို ကျော်ဖြတ်ကာ ထွက်ခွာလာသည်။ ထိုအချိန်တွင် ခပ်၀၀ အမျိုးသမီးသည် ကြမ်းပြင်ပေါ်မှ ထပြီးနေပြီဖြစ်သည်။ ယွဲ့ဇီကောင်းသည် အခြားအမျိုးသမီးများအား တားဆီးထားချိန်တွင် သူမသည် စတိုးဆိုင်ရှေ့သို့ အပြေးအလွှားသွားပြီး ဆိုင်ရှေ့တံခါးကို အားဖြင့် ပိတ်ကာ အော်ဟစ်လိုက်သည်။
“တိတ်စမ်း ကောင်မစုတ်တွေ။ နင်တို့အားလုံး ဒီအဘွားကြီးကို ရိုက်ရဲတယ်ပေါ့လေ … ငါ ဘယ်သူလဲဆိုတာ နင်တို့ သိလား။ နင်တို့အားလုံး ဘယ်မှ မသွားရဘူး။ ငါ့ယောက်ျားကို ခေါ်မယ်။ နင်တို့အားလုံးကို ရဲစခန်းမှာ ချုပ်ထားပြီး သေချာပေါက် အရိုက်ခံရစေ့မယ်။”
လျှပ်တပြက်အတွင်း အစောပိုင်းက ရုတ်ရုတ်သဲသဲ မြင်ကွင်းသည် လုံးဝတိတ်ဆိတ်သွားသည်။ လူတိုင်းသည် ပါးစပ်အာစေးမိသွားသော ကျောက်ရုပ်များသဖွယ် ထိုခပ်၀၀အမျိုးသမီးကို ကြည့်မိကြသည်။
…ယောက်ျား … ဒီအမျိုးသမီးမှာ ယောက်ျား ရှိတာလား…
ထန်ရှုက မျက်မှောင်ကြုတ်ကာ သူမအား ရွံရှာစွာ ကြည့်လိုက်ပြီးနောက်
“လမ်းဖယ်”
ခပ်၀၀အမျိုးသမီးသည် ထန်ရှုကို မြင်ထားပြီးဖြစ်သည်။ ထန်ရှုသည် အတော် ချောမောပြီး သူမအား ဆွဲဆောငိနိုင်သော်လည်း ယခုအချိန်တွင်မူ သူမသည် မခံချင်စိတ်များ တဖွားဖွားဖြစ်နေပြီး စိတ်အလိုမကျခြင်းကြီးစွာ ဖြစ်နေသောကြောင့် ဆိုင်အတွင်းရှိ မည်သူ့ကိုမျှ မျက်နှာသာ မပေးချင်တော့ဘဲ
"ဒီအမျိုးသမီးက နင့်ကို ခွင့်မပြုဘူး။ နင်က ငါ့ကို ရိုက်ရဲလို့လား။ ငါ နင့်ကို တစ်ခုပြောလိုက်မယ် … ငါ့ယောက်ျားက မြို့တော်ပြည်သူ့လုံခြုံရေးဗျူရိုရဲ့ ဒုရဲမှူးကြီး ဖြစ်လို့ အာဏာကြီးတယ်။ နင့်လက်ကို လှုပ်ရဲရင် လှုပ်ကြည့် … နင် ထောင်ထဲကို ဂျောင်းရအောင် ငါ သေချာပေါက် လုပ်နိုင်တယ်။”
"ခင်ဗျားရဲ့အင်အားက ခင်ဗျားရဲ့ယောက်ျားဆီက လာတာပေါ့လေ။"
ခပ်၀၀အမျိုးသမီးက သူမ၏ရင်ဘတ်ကို ပုတ်ရင်း အသံကျယ်ကျယ်ဖြင့်
“ဒါပဲလေ။ ဘာလဲ … နင့်လို ကောင်စုတ်လေးတစ်ယောက်က သူ့ထက် ပိုကောင်းမယ်လို့ နင် ထင်နေတာလား။"
ထန်ရှု ဒေါသထွက်စပြုလာပြီဖြစ်သည်။ သူက ဟူချင်းစုန့်ဆီ ခေါင်းလှည့်လိုက်ပြီး
"ဒီမိန်းမက သူ့ကိုယ်သူ သေလမ်း ရှာနေတာပဲ ဟင် ဟူကြီး။ ငါတို့ သူမကို ကူညီရင်ရော ဘယ်လိုလဲ။"
ဟူချင်းစုန့်သည်လည်း ဒေါသတကြီးဖြင့် ခေါင်းညိတ်ကာ ထောက်ခံလိုက်သည်။
"အားလုံး ကြားတယ်နော်။" ထန်ရှုက အော်လိုက်သည်။ “ဒီအမျိုးသမီးက အားလုံးကို မထွက်ဖို့ တားမြစ်တဲ့အတွက် အခု ဘယ်သူမှ မထွက်နိုင်ဘူး။ ဒီမိန်းမ ဘာလုပ်နိုင်မလဲဆိုတာ ကျွန်တော် တကယ် ကြည့်ချင်မိတယ်။"
ဤအခိုက်အတန့်တွင် ယွဲ့ဇီကောင်းသည် ရုတ်တရက် အဖြစ်အပျက်များကြောင့် သေလောက်အောင် ကြောက်လန့်သွားခဲ့သည်။ ဤခပ်၀၀အမျိုးသမီး၏ခင်ပွန်းသည် ရှန်ဟိုင်းပြည်သူ့လုံခြုံရေးဗျူရို၏ဒုရဲမှူးကြီးတစ်ဦး ဖြစ်ကြောင်း သူ မည်သို့ သိနိုင်ပါမည်နည်း။ အကယ်၍ သူတို့၂ယောက်၏ကိစ္စသာ ပေါ်သွားပါက ထိုသူ၏ဒေါသကြောင့် တတိယလူအဖြစ် သူ စမုံတုံးသွားရလိမ့်မည်ဖြစ်ပေသည်။
***