← Chapters

ဆိုးရွားခဲ့သော အတိတ်၏ဖြစ်ရပ်များကို ပြန်သတိရ

Vol. 42 Ch. 577

ဆိုးရွားခဲ့သော အတိတ်၏ဖြစ်ရပ်များကို ပြန်သတိရ

Vol. 42 Ch. 577

ဤဝလွန်းသော အမျိုးသမီးသည် ၎င်း၏အပြင်ပိုင်း ပုံသဏ္ဍာန်သာ ဝက်နှင့်တူသော သွင်ပြင် ရှိရုံသာမက ဝက်နှင့်တူသော ဦးဏှောက်အသိဉာဏ်ပါ ရှိလိမ့်မည်ဟု ယွဲ့ဇီကောင်း မထင်ခဲ့မိပေ။ ဤလူများသည် မုန်းစရာကောင်းသည်မှာ မှန်သော်လည်း သူမက စပ်ဆုပ်ဖွယ် ကောင်းနေပေသည်။ သူမတွင် သြဇာကြီးသော ခင်ပွန်း ရှိသော်လည်း သူ့ကို သွေးဆောင်ရန် ငွေများပင် ဖြုန်းတီးနေခဲ့သည်။

ဒါက သူ့အတွက် ဘေးဆိုးကို ဖိတ်ခေါ်နေတာ မဟုတ်ပေဘူးလား။

“ဖယ်ပေးလိုက်။” သူသည် ထိုအမျိုးသမီးဆီသို့ လျင်မြန်စွာ သွားပြီး သူမအား အတင်း တွန်းဖယ်လိုက်သည်။

ခပ်၀၀အမျိုးသမီးသည် မယုံနိုင်စွာ ငေးကြည့်နေမိသည်။ ယွဲ့ဇီကောင်းသည် ဤကဲ့သို့ ပြုမူလိမ့်မည်ဟု သူမ မထင်ခဲ့ပေ။ သည်အချိန်မှာ သူမတို့နှစ်ယောက်လုံး ရှေ့တန်းမှာ တူညီစွာ ရပ်သင့်တာ မဟုတ်ဘူးလား။

"ယွဲ့ဇီကောင်း … နင် စိတ်ရော ကောင်းသေးရဲ့လား။ သူတို့က ငါ့ကို အနိုင်ကျင့်နေကြတာတောင် နင်က ငါ့ကို တွန်းဖယ်ပြီး မမျှော်လင့်ဘဲ နင်က သူတို့ကို ကူညီနေတာလား။"

ခပ်၀၀အမျိုးသမီးက တုံ့ပြန်ပြီးနောက် ယွဲ့ဇီကောင်း၏လက်မောင်းကို ဆုပ်ကိုင်လိုက်ပြီး သူမ၏ဆူဖြိုးသောခန္ဓာကိုယ်ဖြင့် တံခါးဝကို ပိတ်ဆို့ကာ အလျှော့မပေးဘဲ တားဆီးပိတ်ဆို့ထားသည်။

"ချီးတဲ့မှ … မင်းက အရူးပဲ။" ယွဲ့ဇီကောင်းက ဒေါသတကြီး အော်လိုက်သည်။

"နင်က လူယုတ်တစ်ယောက်ပဲ ယွဲ့ဇီကောင်း။" ခပ်၀၀အမျိုးသမီးက ဒေါသတကြီး ပြန်အော်သည်။ “ဒီမိန်းမက နင့်ကို ကူညီခဲ့ပေမဲ့ နောက်ပြန်လှည့်ပြီး ငါ့ကို ဆဲဝံ့တယ်။ နင် ဘယ်လို လုပ်ရဲတာလဲ။ ငါ ... နင့်ကို သတ်မယ်။"

…ဖြန်း…

ယွဲ့ဇီကောင်းသည် ထိုခပ်၀၀အမျိုးသမီးအား ပါးတစ်ချက် ရိုက်လိုက်ပြီး

"အသိဝင်စမ်း ခွေးမ။ ငါတို့ကြားက ဆက်ဆံရေးက ဘာလဲ။ မင်းယောက်ျားကို ပြောရင် သူက  မင်းကို ကူညီမှာလား ဒါမှမဟုတ် သူရောက်တာနဲ့ ငါတို့နှစ်ယောက်စလုံးကို သတ်မှာလား။"

“ငါ့ယောက်ျား ငါတို့ကို သေချာပေါက် ကူညီပေးမှာပေါ့။ သူ…။”

ခပ်၀၀အမျိုးသမီးက လှမ်းအော်လိုက်သော်လည်း တစ်စုံတစ်ခုကို ရုတ်ခြည်းပင် သဘောပေါက်သွားပြီး သူမ၏ အော်ဟစ်သံသည် တစ်ဝက်တစ်ပျက်ဖြင့် ရပ်တန့်သွားသည်။

…ဒါအမှန်ပဲ။ အပျော်ကောင်လေးအတွက် သူမ ငွေတွေ သုံးနေတာလေ။ သူမယောက်ျားသာ ဒီကိစ္စကို သိသွားရင် သူ ... သေချာပေါက် သူမကို သတ်မှာ။ ဟင့်အင်း ဒါကို မလုပ်ဘူး။ သူမယောက်ျားကို ဘယ်တော့မှ မဆက်သွယ်ဘူး။…

ခပ်၀၀ အမျိုးသမီး စဉ်းစားမိရင်း ထိတ်လန့်သွားပြီဖြစ်သည်။ ယွဲ့ဇီကောင်းကို အမြန် လွှတ်ပေးလိုက်ပြီးနောက် တုန်လှုပ်ခြောက်ခြားသော အမူအရာဖြင့်

"ဟုတ်တယ် … နင်ပြောတာ မှန်တယ်။ ငါ စိတ်အရမ်း ရှုပ်ပြီး ရူးမိုက်တာတွေ လုပ်မိနေတာပဲ။ ဒီနေရာကနေ မြန်မြန် ထွက်သွားရအောင်။"

"နေပါဦး…"

ထန်ရှုက သူတို့၏လမ်းကို ပိတ်ဆို့ပြီး မထီတထီ ပြောလိုက်သည်။

"ခင်ဗျားတို့ ထွက်သွားချင်တယ်ပေါ့ ဆုတောင်းလေ။ ခင်ဗျား ကျွန်တော့်ကို ပျော်ပျော်ကြီး ဆဲဆိုနေခဲ့တာ မဟုတ်ဘူးလား။ ဘာတဲ့ ပြည်သူ့လုံခြုံရေးဗျူရိုက ခင်ဗျားရဲ့ယောက်ျား ဒုရဲမှူးကြီးက ကျွန်တော့်ကို သင်ခန်းစာပေးလိမ့်မယ်လို့  အော်ပြောခဲ့တာ မဟုတ်ဘူးလား။ လုပ်စမ်းပါ … သူ့ကို အခုပဲ ခေါ်လိုက်ပါ။ နို့မဟုတ်ရင် ခင်ဗျားကို ဒီတံခါးကနေ ပေးမထွက်နိုင်ဘူး။"

"ဟုတ်တယ် … သူတို့ကို ပေးမထွက်နဲ့။"

ဤအခိုက်အတန့်တွင် တစ်စုံတစ်ဦးကို ဖုန်းဆက်ပြီးသွားသော ပါးရိုက်ခံထားရသည့် အမျိုးသမီးသည် ထန်ရှု၏ဘေးသို့ အလျင်အမြန် ပြေးလာပြီး ထန်ရှုနှင့်အတူ လမ်းကို ပိတ်ဆို့လိုက်သည်။

ကျန်သောသူများကလည်း အသိပြန်ဝင်လာကြပြီး တံခါးကို အမြန်ပိတ်လိုက်ကြကာ တစ်ယောက်နှင့်တစ်ယောက် တစေ့တစောင်းကြည့်ရင်း ထိုနှစ်ယောက်အား ဝိုင်းကြည့်နေကြသည်။

“နင်တို့တွေ…” ခပ်၀၀အမျိုးသမီး ထိတ်လန့်သွားသည်။

ဖျော့တော့သောအမူအရာဖြင့် ယွဲ့ဇီကောင်း၏မျက်လုံးများသည် ဒေါသမီးလျှံ တောက်လောင်လုဆဲဆဲ ဖြစ်နေပြီး ထန်ရှုအား စိုက်ကြည့်ကာ လေသံတိမ်တိမ်ဖြင့် ပြောလိုက်သည်။ "ကိုယ့်လူ … ငါတို့လုပ်ရပ်က မှားသွားတယ်ဆိုတာ ဝန်ခံပါတယ်။ ပြီးတော့ အနာဂတ်မှာ ပိုကောင်းအောင် ဘယ်လိုပြုမူရမလဲဆိုတာကိုလည်း ပိုပြီးတော့ အာရုံစိုက်သွားမှာပါ။ ကျေးဇူးပြုပြီး ငါတို့ကို ထွက်သွားခွင့်ပေးပါ။ ငါတို့အားလုံးကြားမှာ ဖြစ်ပျက်ခဲ့တာက နားလည်မှုလွဲနေတာတစ်ခုပါပဲ။”

ခပ်၀၀အမျိုးသမီး၏ အပြောပက်စက်မှုသည် သည်းမခံနိုင်လောက်အောင် ဖြစ်ရသော်လည်း ထိုသူတို့ကို ခက်ခဲစေရန် ပြုလုပ်လိုသည့်အတွေးလည်း ထန်ရှုတွင် မရှိချေ။ ထို့အပြင် ဤနေရာသည် အမျိုးသမီးအတွင်းခံဆိုင်တစ်ဆိုင် ဖြစ်သောကြောင့် သူ့အတွက် အချိန်အကြာကြီး မနေချင်သော နေရာ ဖြစ်သည်။ ယခုခေတ်တွင် ကောင်းမွန်စွာ စားသောက်ပြီး ဝတ်ကောင်းစားလှဝတ်ဆင်ကာ ကာမဂုဏ်၌ စိတ်ကျေနပ်မှု ရှိစေရန် တွေးတောကြသူများစွာ ရှိလာပြီး သူတစ်ပါးတို့၏ လျှို့ဝှက်သော ချစ်ခြင်းမေတ္တာကိုလည်း သူ စွက်ဖက်လိုခြင်း မရှိပေ။

“ဒါဆို ဒီအမျိုးသမီးကို တောင်းပန်ခိုင်းလိုက်ပါ။” ထန်ရှုသည် ခပ်၀၀အမျိုးသမီးကို လက်ညှိုးထိုးကာ ပြောလိုက်သည်။

ယွဲ့ဇီကောင်းက သူမကို လျင်မြန်စွာ ဆွဲလိုက်ပြီး ဆူပူလိုက်သည်။

"မင်း ဘာတွေ တွေဝေနေတာလဲ။ သူတို့ကို တောင်းပန်လိုက်။”

ထိုအချိန်တွင် ခပ်၀၀အမျိုးသမီးသည် တွင်းတူးပြီးသာ ပုန်းအောင်းချင်မိတော့သည်။ အစတုန်းကတော့ သူမသည် သည်လူများကို မျက်လုံးထဲပင် မထည့်ဘဲ မာနကြီးပြီး မောက်မာခဲ့သည်။ သို့သော် အဖြစ်အပျက်များသည် တခဏချင်းမှာပင် ပြောင်းပြန်ဖြစ်သွားပြီး သူမသည် အခု ထိုသူတို့ကို တောင်းပန်ရတော့မည်ဖြစ်သည်။ သည်ဖြစ်ရပ်က သူမကို ရူးသွပ်သွားစေလုနီးနီးပင်။ သို့သော်လည်း ခင်ပွန်းဖြစ်သူက သူမအား အပျော်ယောက်ျားလေးနှင့် လက်ပူးလက်ကြပ် ဖမ်းမိတာနှင့် နှိုင်းစာပါက တောင်းပန်ခြင်းသည် မမှုလောက်ဟု ရုတ်တရက် သူမ ခံစားလိုက်ရသည်။

“ကောင်းပြီ … ငါ တောင်းပန်ပါတယ်။”

"ဟမ့်…" ထန်ရှုက နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး အေးစက်စက် ပြောလိုက်သည်။

"ခင်ဗျား ရိုက်ခဲ့တဲ့ အမျိုးသမီးအပါ လူတိုင်းကို တောင်းပန်ပါ။"

"ငါ့ကို သူ တောင်းပန်စရာ မလိုဘူး။" အရိုက်ခံထားရသူ အမျိုးသမီးက လက်ကို ဝှေ့ယမ်းပြီး

“သူ့ခင်ပွန်းကို သူ့ဘာသာ လှည့်စားတာဖြစ်ဖြစ် သူ့ခင်ပွန်း အာဏာရှိမရှိ ငါ ဂရုမစိုက်ဘူး။ ဒီကိစ္စက ဒီမှာတင် အဆုံးသတ်မှာ မဟုတ်ဘူး။”

သူမကို လေးလေးနက်နက် တစ်ချက် စိုက်ကြည့်ပြီးနောက် ထန်ရှုသည် တခဏမျှ ငြိမ်သက်သွားပြီးနောက် ချန်းရှောင်ဝမ်ဘက်သို့ လှည့်ကာ စိတ်တွင်းထဲမှ သက်ပြင်းတစ်ချက်ချမိရင်း “မင်းကော ဘယ်လိုလဲ။ နေမှာလား ထွက်သွားမှာလား။"

ချန်းရှောင်ဝမ်သည် ထန်ရှု၏မျက်လုံးများကို ရဲရဲမကြည့်ဝံ့ဘဲ ရှောင်နေခဲ့သည်။ ထန်ရှုက သူမအား မေးခွန်းတစ်ခု မေးလိုက်သည့်တိုင် သူမက မကြည့်ဘဲ တခဏမျှ တုံ့ဆိုင်းသွားပြီးနောက် တိုးညှင်းသော လေသံဖြင့်

“ဒီအစ်မက ငါ့ကို ကူညီတဲ့အတွက် အရိုက်ခံရတယ်။ ငါ သူမကို မထားခဲ့နိုင်ဘူး။"

"မင်းက ဒီကျွတ်ဆတ်ဆတ် ဒေါသကို ထိန်းထားတုန်းပဲလား ဟမ်။"

ထန်ရှုက အေးစက်စွာ ပြောလိုက်ပြီး

"မင်းရဲ့ဖုန်းနံပါတ်ကို ပေး။"

သူမ ခဏလောက် တုံ့ဆိုင်းသွားပြီး ခေါင်းယမ်းလိုက်ကာ "ငါ့မှာ တစ်ခုမှ မရှိဘူး။"

“မင်း…” ထန်ရှု အတော်လေး စိတ်ဆိုးသွားပြီဖြစ်သည်။

“အဲ့ဒါကို မင်း ငါ့ကို မပြောချင်ဘူးပေါ့။ နောက်ဒုက္ခရောက်ရင် ထာဝရခန်းမမှာ ငါ့ကို လာရှာလှည့်။ သူတို့ ငါ့ကို ခေါ်ပေးကြလိမ့်မယ်။"

ထိုသို့ ပြောပြီးနောက် ချာကနဲလှည့်ကာ ဆိုင်ထဲမှ ထွက်သွားတော့သည်။

ဟူချင်းစုန့်သည် တွေတွေကြီး စိုက်ကြည့်ကာ အံ့အားသင့်နေခဲ့သည်။ တိတ်ဆိတ်စွာဖြင့် ခေါင်းကို ငုံ့ကာ ကျန်ခဲ့သော ချန်းရှောင်ဝမ်ကို ကြည့်ပြီးနောက် ထွက်ခွာသွားသော ထန်ရှုအား လှမ်းကြည့်လိုက်သည်။ သူတို့ နှစ်ယောက်ကြားက ပုံမှန်မဟုတ်သော လေထုကို ခံစားမိနေသောကြောင့် သူ့မျက်နှာထက်တွင် ထူးဆန်းသည့် အမူအရာတစ်ခု ဖြစ်တည်လို့နေသည်။ သူ့အိတ်ကို သယ်ကာ ထန်ရှုကို အမှီလိုက်ပြီး

"အစ်ကိုကြီးထန် … မင်းနဲ့ ဟိုမိန်းကလေးက အရင်ကတည်းက သိနေတာလား။"

ထန်ရှု အသာခေါင်းညိတ်လိုက်ပေမယ့် အသေးစိတ် မပြောချေ။ သူ၏ခပ်တည်တည်အမူအရာကို ကြည့်ရင်း ဟူချင်းစုန့်သည် သူ၏သိလိုစိတ်ကို မျိုသိပ်ထားရသည်။

မိနစ်အနည်းငယ် ကြာပြီးနောက် ယွဲ့ဇီကောင်းသည် ခပ်၀၀အမျိုးသမီးအား ဈေးဝယ်စင်တာမှ ခေါ်ဆောင်သွားခဲ့သည်။ ပါးရိုက်ခံရသည့် အမျိုးသမီးက နောက်ကနေ လိုက်ပါသွားခဲ့ပြီး ထိုအမျိုးသမီး ဘာလုပ်ချင်နေမှန်း မသိသော်လည်း ချန်းရှောင်ဝမ်က နောက်က အဖော်လိုက်သွားခဲ့သည်။

"ညီမ … အစ်မနောက်ကို လိုက်ဖို့ မလိုဘူး။ ဒီကိစ္စကို အစ်မကိုယ်တိုင် ဖြေရှင်းလိုက်မယ်။"

ထိုအမျိုးသမီးက ရုတ်တရက် ခြေလှမ်းရပ်သွားပြီး ချန်းရှောင်ဝမ်ကို ကြည့်ကာ ပြောလိုက်သည်။

ချန်းရှောင်ဝမ်က သူမ၏အောက်နှုတ်ခမ်းကို ကိုက်ထားရင်း ခေါင်းကို ခပ်သွက်သွက်ယမ်းကာ "ကျွန်မက အစ်မကို ဒီအရှုပ်ထဲ ပါမိစေတဲ့သူပါ။ ဒီကိစ္စကို အစ်မ လက်မလွှတ်ချင်ဘူးဆိုရင် ကျွန်မ အစ်မကို အဖော်လုပ်ပေးမယ်။"

"နင့်သဘောပဲ။" အမျိုးသမီးက အေးစက်စွာ တုံ့ပြန်ပြီး အပြင်ဘက် ကားရပ်နားရာနေရာရှိ အော်ဒီကားထဲသို့ ဝင်သွားသော ယွဲ့ဇီကောင်းနှင့် ခပ်၀၀အမျိုးသမီးဆီ အကြည့်လွှဲလိုက်သည်။ ထို့နောက် သူမ၏ကားသော့ကို ချက်ချင်း ထုတ်ကာ အနီးရှိ ပေါ် ရှေးကားထဲသို့ အမြန်ဝင်လိုက်သည်။ ချန်းရှောင်ဝမ်သည် တုံ့ဆိုင်းမနေဘဲ ကားရှေ့တံခါးကို ဖွင့်ကာ မောင်းသူဘေးရှိ ထိုင်ခုံတွင် အမြန်ဝင်ထိုင်လိုက်သည်။

အနီးနားရှိ လမ်းတစ်ခုမှ ထိုဈေးဝယ်စင်တာကို စောင့်ကြည့်နေသည့် ထန်ရှုသည် ပြီးခဲ့သောရန်ပွဲ၏ အဓိကဇာတ်ကောင်များ ထွက်လာသည်ကို တွေ့လိုက်ရသဖြင့် ရှေ့ခုံတွင် ထိုင်နေသည့် ဟူချင်းစုန့်ဘက်သို့ လှည့်ကာ

"မင်း တက္ကစီနဲ့ အရင်ပြန်ဖို့ အဆင်ပြေမလား။"

"ငါ့အကူအညီ လိုသေးလား။" ဟူချင်းစုန့် ခဏလောက် တုံ့ဆိုင်းသွားပြီးနောက် မေးလိုက်သည်။

"မလိုဘူး။" ထန်ရှု ခေါင်းယမ်းလိုက်သည်။

"ကောင်းပြီ။ ဒါဆို ငါ အရင်ပြန်နှင့်လိုက်မယ်။" ဟူချင်းစုန့်က ခေါင်းညိတ်သည်။

"တစ်ခုခုဖြစ်ရင် မြန်မြန်ဖုန်းဆက်လိုက်ကွာ။ မြန်နိုင်သမျှ မြန်မြန် မင်းဆီ လိုက်လာခဲ့မယ်။"

"နားလည်ပြီ။" ထန်ရှုက တိုတိုပဲ ဖြေလိုက်ပြီး ဖရီးလမ်းကြောထဲသို့ ဝင်သွားသော ကားနှစ်စီးအား စိုက်ကြည့်နေသည်။ ထို့နောက် ကားကို စတင်မောင်းကာ ထိုကား၂စီး၏အနောက်သို့ အမြန်လိုက်သွားသည်။

သည်နေ့တွင် ချန်းရှောင်ဝမ်နှင့် ဆုံမိဖို့ဆိုတာက ထန်ရှုအတွက် အတော်လေး မမျှော်လင့်ထားသောအရာ ဖြစ်သည်။ သူမအား အစက သတိမထားမိသော်လည်း မြင်ဖူးနေသည်ဟု သူ ခံစားမိသောကြောင့် သတိထားကြည့်မိရာမှ ပြန်လည်မှတ်မိသွားခြင်း ဖြစ်ပေသည်။ ဟိုးယခင်အချိန်က သူမအား သည်တစ်သက် ပြန်မတွေ့ရတော့ဟု သူ ထင်ခဲ့မိသည်။

သူမသည် သူ၏အသိအကျွမ်းတစ်ဦး၊ အလွန်ရင်းနှီးပြီး အလွန်နီးစပ်သောသူတစ်ဦးဖြစ်ပြီး သူ နှစ်သက်လေးစားရသည့် ပထမဆုံးသူငယ်ချင်းအမျိုးသမီးဟုလည်း ဆိုနိုင်သည်။ သူ အလယ်တန်းအဆင့်တွင် သူမကို ပထမဆုံး တွေ့ဖူးခြင်းဖြစ်သည်။ သူမသည် သူ၏ဝမ်းကွဲအစ်မ စုရန်နင်း၏အတန်းဖော်နှင့် သူငယ်ချင်းကောင်း ဖြစ်သည်။ သူမသည် ကြယ်တာရာတွင် သူ့အား အကြိမ်များစွာ အကူအညီပေးခဲ့ရုံသာမက စုရန်နင်းနှင့်အတူ စုမိသားစုကျေးရွာသို့ အလည်လာတိုင်း သူ့အတွက်ပါ ပစ္စည်းများစွာ ယူဆောင်လာပေးခဲ့သည်။

ချန်းရှောင်ဝမ်သည် သူ့ဘဝတွင် ပထမဆုံး အကြိမ်တည်းဟူသော အဖြစ်အပျက်များစွာကို ပေးခဲ့သည်ကို ထန်ရှု သတိရမိသည်။ သူ့ထက် ငါးနှစ် ခြောက်နှစ်လောက် ကြီးသည့် သူမသည် သူ့အား မုန့်ဖိုးပေးခဲ့သည့် ပထမဆုံး သူစိမ်းတစ်ယောက် ဖြစ်တော့သည်။ ထို့နောက် သူ၏မွေးနေ့ပွဲအား ပထမဆုံး ကျင်းပပေးသောသူလည်း ဖြစ်သလို သူ ပထမဆုံး မြင်ဖူးသည့် ရေချိုးနေသော အဝတ်ဗလာနှင့် မိန်းကလေးလည်း ဖြစ်သည်။

ထန်ရှုသည် သူမကို ရည်ရွယ်ချက်ရှိရှိ ချောင်းကြည့်နေသည်ဟု ချန်းရှောင်ဝမ် အထင်မှားကာ မုန်းတီးသွားသော ထိုအချိန်က ဖြစ်ရပ်သည် အမှန်တကယ်တော့ မတော်တဆမှုတစ်ခုသာ ဖြစ်သည်။ မထင်မှတ်ထားသော အခြေအနေများကြောင့် အင်မော်တယ်ကမ္ဘာသို့ ဘဝအခြေအနေ ကူးပြောင်းသွားပြီး နောက်တစ်ဖန် ကမ္ဘာမြေသို့ ပြန်ရောက်လာသောအခါတွင် ထန်ရှုအနေဖြင့် သူမအား ပြန်တွေ့လိုသော ဆန္ဒလေးတစ်ခုရှိကာ ဖြစ်ပျက်ခဲ့သည်များကို ရှင်းပြရုံသာရှိတော့သည်။

“အစတုန်းက ဒီမတော်တဆမှုကြောင့်သာ မဟုတ်ရင် အခုချိန်မှာ ချစ်ရတဲ့ အစ်မကြီး တစ်ယောက် ရှိနေကောင်း ရှိနေဦးမယ်။ သွေးမတော်တဲ့ ချန်းရှောင်ဝမ်နဲ့ လုံးဝဆန့်ကျင်ဘက် ဝမ်းကွဲအစ်မ စုရန်နင်းက သိပ်ကို ဆိုးရွားခဲ့တာ...” ထန်ရှု၏ရင်တွင်း၌ အတန်ငယ် နောင်တရနေမိသည်။

ဟုန်ခို့ခရိုင် ကျုံးချန်းလမ်းဆုံ…

ဆာ့ဖ်ကားနှစ်စီးသည် အရှိန်ပြင်းပြင်းဖြင့် မောင်းနှင်လာသည်။ ဆာ့ဖ်တစ်စီးသည် အော်ဒီ၏ဘေးတစ်လျှောက် မောင်းနှင်လာရင်း ယွဲ့ဇီကောင်း မောင်းနှင်လာသည့် အော်ဒီကား၏ ရှေ့ဘက်ခြမ်းအား တိုက်လိုက်သဖြင့် အော်ဒီကားသည် သူ၏လမ်းကြောင်းမှ ရုတ်တရက် ချော်သွားစဉ် အခြားဆာ့ဖ်ကားတစ်စီးသည် အော်ဒီကား၏နောက်ပိုင်းကို တိုက်ထည့်လိုက်သောကြောင့် အော်ဒီကားသည် တိမ်းမှောက်သွားတော့သည်။

အနည်းငယ်ပျက်စီးသွားသော ဆာ့ဖ်ကားနှစ်စီးသည် ခေတ္တရပ်တန့်သွားပြီးနောက် အမြန်မောင်းထွက်သွားခဲ့သည်။ ၎င်းကား၏အနောက် မလှမ်းမကမ်းမှ ပါလာသော ပေါ် ရှေးကားသည် လမ်းဘေးတွင် ထိုးရပ်လိုက်ပြီး ယာဉ်မောင်းထိုင်ခုံပေါ်ရှိ အမျိုးသမီးက မထင်မှတ်ထားသည့် မတော်တဆမှုကြောင့် အံ့သြထိတ်လန့်သွားသော ချန်းရှောင်ဝမ်ကို လှည့်ကြည့်လိုက်သည်။ ထိုအမျိုးသမီးက သူမအား ပေါ့ပေါ့ပါးပါး ပြုံးကာ ပြောလိုက်သည်။

"မစ္စချန်း ဟုတ်တယ်နော်။ နင်က အရမ်းကောင်းတယ်။ တာဝန်လည်း ယူတတ်တဲ့ အမျိုးသမီးတစ်ယောက်ပဲ။ အခု ငါ့နှလုံးသားထဲက နာကျည်းမှုတွေကို ဖြေဖျောက်လိုက်ပြီမို့ နင် သွားလို့ရပြီ။”

“အာ … ဘာ …” ချန်းရှောင်ဝမ်က တွေဝမေိန်းမောနေသေးသည်။

ထိုအမျိုးသမီးက မျက်ခုံးပင့်ပြီး ထပ်ပြောလိုက်သည်။ “ငါ ပြောချင်တာက … နင် ဆင်းလို့ရပြီ။”

ယောင်ချာချာဖြစ်နေသော အခြေအနေတွင် ရှိနေသေးသော ချန်းရှောင်ဝမ်သည် ကားပေါ်မှ ဆင်းလိုက်ပြီး လမ်းအဆုံးတွင် ပေါ် ရှေးကား ပျောက်ကွယ်သွားပြီးနောက်မှသာ အသိပြန်ဝင်လာခဲ့သည်။

…ဘုရားသခင် … ဒီဆာ့ဖ်ကားနှစ်စီးက အော်ဒီကို ဝင်တိုက်ပြီး မှောက်သွားအောင် ဒီအမျိုးသမီး လုပ်နေတာလား။ သူမက ဘယ်လိုလူစားမျိုးလဲ… ဒီလိုလူသတ်မှုပုံစံကိုတောင် လုပ်လိုက်တာ …။

ချန်းရှောင်ဝမ်သည် လမ်းဘေးတွင် ရပ်ပြီး စိတ်အတွင်းမှ ခံစားချက်မျိုးစုံဖြင့် လက်ကိုင်ဖုန်းကို ထုတ်လိုက်သည်။ သူမသည် လူနာတင်ကားကို ခေါ်ချင်သော်လည်း ထိုစက်ဆုပ်ရွံရှာဖွယ်လူကို ကယ်တင်ရန်ဖြစ်ကြောင်း သတိရပြီးနောက် ဖုန်းမဆက်ဖြစ်တော့ပေ။

…ကျွီ...

ထန်ရှုက သူမ၏အနီးတွင် ကားရပ်လိုက်ပြီး လမ်းဘေးမှ အော်ဒီကားအား  ခံစားချက်ကင်းမဲ့စွာဖြင့် ကြည့်လိုက်သည်။ သူသည် ကားပေါ်က ဆင်းလိုက်ပြီး ချန်းရှောင်ဝမ်၏လက်ကောက်ဝတ်ကို ချက်ချင်း ဆွဲကိုင်လျက် ရှေ့ထိုင်ခုံ၏တံခါးကို ဖွင့်ကာ သူမကို တွန်းထည့်လိုက်သည်။

"ဟေး … နင် ဘာလုပ်နေတာလဲ။"

ထန်ရှုသည် မောင်းသူထိုင်ခုံတွင်ထိုင်ပြီး ကားစက်နှိုးကာ မောင်းထွက်လိုက်သည်ကို မြင်ချိန်တွင် ချန်းရှောင်ဝမ်သည် ချက်ချင်းပင် ဒေါသတကြီး အော်လိုက်သည်။

ထန်ရှုက မချိပြုံး ပြုံးပြီး ပြောလိုက်သည်။

"အစ်မကြီး ရှောင်ဝမ် … နှစ်ပေါင်းများစွာ ရှင်းပြလို့မရတဲ့ အတိတ်က ဖြစ်ရပ်တစ်ခု ကျန်နေသေးတယ်။ ဇာတ်လမ်းတစ်ခုလုံးကို အစကနေ ရှင်းပြတာကို အနည်းဆုံး နားထောင်ပေးနိုင်မလား။”

ချန်းရှောင်ဝမ် တိတ်ဆိတ်သွားသည်။ သူမသည် ထိုအချိန်က ထန်ရှုအပေါ် အမှန်တကယ် ဒေါသထွက်ခဲ့သော်လည်း ထန်ရှုအား သူမ ရှောင်ရသည့် အကြောင်းအရင်းမှာ ထိုအရာကြောင့် လုံးဝမဟုတ်ပဲ စုရန်နင်း၏သဘောထားကြောင့်ဖြစ်သည်။ အကယ်၍ ထန်ရှုအတွက် မွေးနေ့ပွဲလေးအား သူမ ကျင်းပပေးခဲ့သောကြောင့် ထိုအချိန်က စုရန်နင်းနှင့် အကြီးအကျယ် ရန်မဖြစ်ခဲ့ပါက ထန်ရှုအား သူမ၏မောင်လေးအဖြစ် ပြောဆိုဆက်ဆံနေတုန်းပင် ဖြစ်လိမ့်မည်။

ထန်ရှုသည် သူမ၏မောင်လေး မဟုတ်ဘဲ ကံမကောင်းစွာဖြင့် စုရန်နင်း၏မောင်လေး ဖြစ်နေခဲ့သည်မှာ သနားစရာကောင်းသည်ဟု သူမ ခံစားခဲ့ရသည်။ လူတစ်ယောက်တွင် သူမ နှစ်သက်သော စရိုက်ကောင်းများ ဖြစ်သည့် အသိဉာဏ်ပညာရှိခြင်း၊ လိမ္မာပါးနပ်ခြင်း၊ သဘောကောင်းပြီး နူးညံ့သိမ်မွေ့ခြင်း …စသည်တို့သည် ထန်ရှုတွင် ရှိသည်။

***

All Chapters