အဆုံးစွန်ထိ ရောက်အောင် ပြင်းပြင်းထန်ထန် တွန်းပို့တိုက်ခိုက်ခြင်း
Vol. 42 Ch. 578
ယခင်ရောယှက်နေသော ခံစားချက်များသည် နောင်တရပြီး စိတ်အနှောင့်အယှက် ဖြစ်စေသည့် ခံစားချက်အဖြစ်သို့ ပြောင်းလဲသွားကာ နောက်ဆုံးတွင် သူမနှင့် ထန်ရှုကို သူစိမ်းများ ဖြစ်သွားစေခဲ့သည်။ ထို့အပြင် ယနေ့ ထန်ရှုနှင့် ထပ်မံတွေ့ဆုံရခြင်းသည် အတော်ပင် စိတ်ဓာတ်ကျစရာ ကောင်းပေသည် အဘယ်ကြောင့်ဆိုသော် ရယ်စရာကောင်းပြီး သနားစရာအကောင်းဆုံးအခြေအနေတွင် သူမအား ထန်ရှု တွေ့လိုက်သောကြောင့်ပင်တည်း။ သူမ၏ ခါးသီးပြီး နာကျင်စရာ အတွေ့အကြုံအားလုံးကို ပြောပြချင်နေခဲ့သော်လည်း စိတ်ထဲတွင် ရှက်ရွံ့ မှုနှင့် အနေရခက်စိတ်ပျက်မှုတို့ဖြင့် ထန်ရှုအား သူမ မည်သို့ရင်ဆိုင်ရမည်ကို မသိဖြစ်စေသည်။
"နင် ဘာကို ရှင်းပြချင်တာလဲ။" ချန်းရှောင်ဝမ်သည် နေရထိုင်ခက်ကာ စိတ်ကသိကအောက်ဖြစ်မှုကို ဖြေဖျောက်ရန်အတွက် ထန်ရှုနှင့် လိုက်သွားကာ မေးလိုက်သည်။
ထန်ရှုသည် ကားအား လမ်းဆုံလမ်းခွသို့ ကွေ့လိုက်ပြီး ယာဉ်ကြောအနည်းငယ်သာရှိသော လမ်းဘေးတစ်နေရာတွင် ရပ်သည်။ ထို့နောက် ကားပြတင်းပေါက်ကိုဖွင့်ကာ စီးကရက်တစ်လိပ်ကို ထုတ်ပြီး တိတ်ဆိတ်စွာ မီးညှိလိုက်သည်။ စီးကရက်အား ခပ်ပြင်းပြင်းတစ်ချက် ဖွာရှိုက်လိုက်ပြီးနောက် သူသည် ချန်းရှောင်ဝမ်ဘက် ခေါင်းလှည့်ကာ
"အစ်မကြီး ရှောင်ဝမ် … ကျွန်တော့်ကို စုရန်နင်းနဲ့ စုရှန်ဖေးတို့ ဟိုတုန်းက ဘယ်လို ဆက်ဆံခဲ့တယ်ဆိုတာ မင်း သေချာပေါက် သိပါတယ်။ အစ်မကြီးက သူ့ရဲ့အတန်းဖော် ဖြစ်တဲ့အပြင် အခင်ဆုံး သူငယ်ချင်းလည်း ဖြစ်တော့ သူ ကျွန်တော့်ကို ငြူစူစောင်းမြောင်းသံတွေ မကြားချင်မှအဆုံး မဟုတ်လား။”
ချန်းရှောင်ဝမ် စိတ်အတွင်းရှိ အနေရခက်နေမှုတို့သည် လွင့်စဉ်ပျောက်ကွယ်သွားပြီး ထန်ရှုကို စာနာစိတ်ဖြင့် ကြည့်ကာ တိတ်ဆိတ်စွာ ခေါင်းညိတ်လိုက်သည်။
“အစ်မကြီး ကျွန်တော့်အတွက် မွေးနေ့ပွဲကို ကျင်းပပေးတုန်းက ဒါဟာ ကျွန်တော့်ရဲ့ မွေးနေ့ပွဲကို ဘဝမှာ ပထမဆုံး ကျင်းပခဲ့တာ ဖြစ်လို့ အရမ်း ကျေးဇူးတင်မိခဲ့တယ်။ မွေးနေ့ပွဲက တစ်ဝက်တစ်ပျက်မှာ ရပ်တန့်ပြီး အဆုံးသတ်က ခါးသီးခဲ့ပေမယ့် အစ်မအပေါ်ထားတဲ့ ကျေးဇူးတင်နေမှုက မပျောက်ကွယ်သွားပါဘူး။ အစ်မက နွေးနွေးထွေးထွေး ဆက်ဆံပေးခဲ့တဲ့အတွက် မောင်လေးတစ်ယောက်က သူ့အစ်မကြီးအပေါ်ထားတဲ့ ခံစားချက်လိုပါပဲ။
"အစ်မက ကျွန်တော့်ဘဝရဲ့ပထမဆုံးတွေ များစွာ လုပ်ပေးခဲ့တာ သိလား။ အစ်မကြီးက ကျွန်တော့်ကို မုန့်ဖိုးပေးခဲ့တဲ့ အမေနဲ့ အဖွားကလွဲရင် ပထမဆုံး မုန့်ဖိုးပေးတဲ့သူ၊ ပထမဆုံး လက်ဆောင် ပေးတဲ့သူ၊ ကျွန်တော့်အတွက် ပထမဆုံး မွေးနေ့ပွဲကို ကျင်းပတဲ့သူ၊ လွတ်သွားတဲ့ သင်ခန်းစာတွေအတွက် ကူညီတဲ့ ပထမဆုံးလူပဲ။”
“ကျွန်တော်က မိသားစုရဲ့ တစ်ဦးတည်းသောသားဖြစ်ပြီး တခြားသူတွေအမြင်မှာတော့ စုမိသားစုကျေးရွာမှာ နေတဲ့ အဖမဲ့သားနဲ့ မုဆိုးမတစ်ယောက်ဆိုတာ အတင်းအဖျင်းပြောဖို့ လွယ်ကူတဲ့ ပစ်မှတ်တွေပါ။ ဒါပေမယ့် အစ်မရဲ့မျက်လုံးထဲမှာ ကဲ့ရဲ့တာ၊ မထီမဲ့မြင်ပြုတာကို တစ်ခါမှ မမြင်ဖူးဘူး။ အမှန်တော့ သွေးသားတော်စပ်တဲ့ စုရန်နင်းထက် ကျွန်တော်က မင်းကို ကျွန်တော့်အစ်မအကြီးတစ်ယောက်လိုပဲ တကယ် မြင်ခဲ့တယ်။"
ထိုနေရာသို့ သူ့စကားအရောက်တွင် ထန်ရှု စိတ်တွင်းမှ အတန်ငယ် စိတ်ဓာတ်ကျသွားသည်။
သူသည် လက်ချောင်းများကြားမှ စီးကရက်အား တစ်ချက် ဖွာရှိုက်ကာ စီးကရက်ငွေ့များအား မှုတ်ထုတ်လိုက်သည်။
“အစ်မကြီးက ကျွန်တော့်အတွက် မွေးနေ့ပွဲလေး လုပ်ပေးတဲ့နေ့တုန်းက စုရှန်ဖေးက သူ့အတွက် ပစ္စည်းတွေကို ရေချိုးခန်းမှာ သွားယူခိုင်းတာ။ အထဲမှာ အစ်မ ရှိနေမှန်း ကျွန်တော် မသိဘူး။ ဒါကြောင့် ကျွန်တော် ... ဘာပဲဖြစ်ဖြစ် စုရှန်ဖေးက အထဲမှာ အစ်မ ရေချိုးနေတယ်ဆိုတာကို သေချာပေါက် သိလိမ့်မယ်လို့ ကျွန်တော် ပြောနိုင်တယ်။ ဒါကြောင့် သူက ကျွန်တော့်ကို အဲ့ဒီနေရာ သွားဖို့ ရည်ရွယ်ချက်ရှိရှိ လှည့်စားခဲ့တာ။ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ မတိုင်ခင်တုန်းကလည်း သူတို့မောင်နှမတွေက သူတို့အိမ်ထဲမှာ ပိုက်ဆံတွေ ဝှက်ထားပြီး ကျွန်တော့်ကို သူခိုးလို့ စွပ်စွဲသလိုမျိုးပေါ့။"
ချန်းရှောင်ဝမ်၏မျက်လုံးများ ပြူးကျယ်သွားရသည်။ ထန်ရှု၏ဇာတ်လမ်းသည် သူမ၏နှလုံးသားထဲသို့ အတိတ်တုန်းကအတိုင်း နွေးထွေးသွားစေသည်။ သို့သော် ဇာတ်လမ်း၏နောက်ကွယ်တွင် သည်ကဲ့သို့ အကြောင်းများ ရှိခဲ့လိမ့်မည်ဟု သူမ မည်သည့်အခါကမှ မတွေးခဲ့မိချေ။ စုရန်နင်းနှင့် စုရှန်ဖေးတို့သည် ထိုကဲ့သို့ လွန်ကဲစွာ လုပ်လိမ့်မည်ဟု သူမ မမျှော်လင့်ထားပေ။
တခဏချင်းမှာပဲ သူမ၏ရင်ထဲတွင် ထန်ရှုအပေါ် ကိုယ်ချင်းစာမှုနှင့် ဂရုဏာစိတ်သည် ဖြစ်ပေါ်လာပြီး ဆန့်ကျင်ဘက်ခံစားချက်များသည်လည်း ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။
ထန်ရှုက မထင်မှတ်စွာဖြင့် ရုတ်တရက် ပြုံးလိုက်သည်။ "လွန်ခဲ့တဲ့နှစ်တွေတုန်းက ကျွန်တော်တို့သားအမိတွေ ဘယ်လိုဖြစ်ခဲ့ကြလဲ အစ်မရှောင်ဝမ် စိတ်ကူးကြည့်ပါလား။ စားသောက်ဆိုင်လေးတစ်ခုကို လည်ပတ်ဖို့ အမေ့ရဲ့ ကြိုးစားအားထုတ်မှုနဲ့ စုမိသားစုက ပေးခဲ့တဲ့ ပိုက်ဆံနည်းနည်းလေးကို ကျေးဇူးတင်ရမှာပဲ။ ပုံမှန်အားဖြင့် တက္ကသိုလ်ဝင်ခွင့်ကို အမြင့်ဆုံးက အောင်မြင်ပြီး တရုတ်နိုင်ငံက နာမည်ကြီး တက္ကသိုလ်တစ်ခုကို တက်ရောက်ခွင့်ရတယ်ဆိုရင် ကျောင်းအတွက် မြင့်မားတဲ့ ကျောင်းလခကို ပေးဆောင်ဖို့ မလိုဘူးလေ။ ကျွန်တော် အဲ့ဒါကို ရအောင်လုပ်ဖို့ တွေးထားခဲ့တာ။"
“ကျွန်တော် စိတ်ရှုပ်ထွေးပြီး မှတ်ဉာဏ်တွေ ဆုံးရှုံးသွားတာ အချိန်ကာလတစ်ခုအထိဆိုတော့ စုရန်နင်းနဲ့ စုရှန်ဖေးက ကျွန်တော့်ကို လိမ်လည်စွပ်စွဲဖို့ ပိုက်ဆံကို ဝှက်ထားနိုင်ခဲ့တာပေါ့။ အဲဒီတုန်းက သူတို့တွေ ရဲတွေတောင် ခေါ်ကြတယ်။ နောက်ဆုံးမှာ ကြယ်တာရာက ပြည်သူ့လုံခြုံရေးဗျူရိုရဲ့ မှုခင်းဌာနခွဲက ရဲအရာရှိတစ်ဦး ရောက်လာပြီး အမှန်တရားကို ဖော်ထုတ်နိုင်လိုက်လို့သာပေါ့။ နို့မို့ဆို အစ်မကြီးကို ကျွန်တော် ခုချိန် သံတိုင်တွေနောက်ကနေပဲထိုင်ပြီး စကားပြောဖြစ်မှာကို စိုးရိမ်မိတယ်။"
"သူတို့ … သူတို့တွေ တော်တော်လွန်လွန်းတာပဲ။ နင်က သူတို့ရဲ့ဝမ်းကွဲပဲလေ။ ဘုရားကယ်ပေလို့သာပေါ့။" ချန်းရှောင်ဝမ် ဒေါသပေါက်ကွဲသွားရသည်။
"အဲ့ဒါကြောင့် ကျွန်တော့်နှလုံးသားထဲမှာ အစ်မကြီးရဲ့နေရာက သူတို့တွေထက် အများကြီး ပိုကြီးတယ်လို့ ပြောခဲ့တာလေ။ သူတို့လည်း ကျွန်တော့်အပေါ် အတူတူပဲလို့ ယူဆတယ်။"
ချန်းရှောင်ဝမ်သည် ထန်ရှု၏လက်ကို ကိုင်ကာ နှစ်သိမ့်ပေးရန် ကြိုးစားလိုက်သည်။
"ကျွန်တော် အဆင်ပြေပါတယ်။"
ထန်ရှုက ခေါင်းယမ်းပြီး ဆက်ပြောသည်။
“သူတစ်ပါးကို အားကိုးတာက တကယ်တမ်း အသုံးမဝင်ဘူးဆိုတာကိုလည်း ကျွန်တော့်ကို နားလည်လာစေသလို ကိုယ့်ကိုကိုယ် အားကိုးရမယ်ဆိုတာကိုလည်း သိလာစေတယ်။ အဲ့ဒါကြောင့် တက္ကသိုလ်ဝင်ခွင့်မတိုင်မီ သင်ယူလေ့လာခဲ့တဲ့ အရည်အချင်းတွေ၊ ကျွမ်းကျင်မှုတွေနဲ့ စီးပွားရေးလုပ်ငန်းအချို့နဲ့ ကုမ္ပဏီလေးတစ်ခုကို တည်ထောင်ခဲ့တယ်။ အခုဆို ကျွန်တော်တို့မိသားစုရဲ့အခြေအနေက တိုးတက်ကောင်းမွန်လာပါပြီ။"
“နင့်အကြောင်းတွေ ငါ ကြားတယ်ရယ်။ ဒီနှစ် ရှန်ဟိုင်းတက္ကသိုလ်ရဲ့ မောင်မယ်သစ်လွင်ကြိုဆိုပွဲမှာ သီချင်းဆိုပြီး ဇီသာတီးထားတဲ့ နင်ရဲ့ဗီဒီယိုကို ငါ ကြည့်ရတယ်လေ။ နောက်ပြီး ကြယ်တာရာ တရုတ်တိုင်းရင်းဆေးရုံမှာ နင် ဆေးကုသမှုတွေ ဆောင်ရွက်ပေးခဲ့တဲ့ ဗီဒီယိုလည်း ကြည့်ရသေးတယ်။ နင် ဒီလို ကောင်းမွန်စွာ ကြီးပြင်းလာတဲ့အတွက် ငါ တကယ်ကို ဝမ်းသာပါတယ်။"
"အရင်တုန်းကကိစ္စကြောင့် အစ်မကြီး ကျွန်တော့်ကို စိတ်မဆိုးတော့ဘူးဆိုရင် ကျွန်တော် ပိုပျော်မိမှာပါ။" ထန်ရှု ပြုံးကာ ပြောလိုက်သည်။
ထန်ရှု၏စကားများသည် ချန်းရှောင်ဝမ်၏နှလုံးသားအား ဖရဏပီတိဂွမ်းဆီထိသွားစေသဖြင့် ထန်ရှု၏လက်ကို ဆုပ်ကိုင်လိုက်ပြီး
"အစ်မကြီးက နင့်ကို စိတ်မဆိုးတော့ပါဘူးနော်။ အကြောင်းရင်းတွေကို စောစောကသာ သိခဲ့မယ်ဆိုရင် ဟိုတုန်းကတည်းက နင့်ကို စိတ်ဆိုးမိမှာ မဟုတ်ဘူး။”
သူမ၏စကားကြောင့် ထန်ရှု ဝမ်းသာအားရဖြစ်ကာ "ဒီညစာ ကျွန်တော် လိုက်ကျွေးပါရစေ အစ်မရှောင်ဝမ်…"
"အစ်မက မင်းကို ကျွေးသင့်တာပေါ့။ အစ်မက အခုဆို နိုင်ငံခြားကုမ္ပဏီကြီးတစ်ခုမှာ အလုပ်လုပ်နေရပြီဆိုတော့ လစာက တော်တော် များတယ်။”
ချန်း ရှောင်ဝမ်က ခေါင်းယမ်းကာ ပြောလိုက်သည်။
ထန်ရှုက အပြုံးဖျော့ဖျော့ ပြုံးကာ တုံ့ပြန်လိုက်သည်။ ရုတ်တရက် သူ၏အမူအရာက လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။
"အစ်မရှောင်ဝမ် … အဲ့ဒီလူရှုပ်ကောင် မင်းကို နောက်တစ်ခါ ထပ်နှောက်ယှက်လာရင် ကျွန်တော့်ကိုပြောပါ။ သူ့ကို ရှန်ဟိုင်းမပြောနဲ့ တရုတ်နိုင်ငံကတောင်မှ ကန်ထုတ်ပစ်လိုက်မယ်။"
ထိုစကားကို ကြားလိုက်သည်နှင့် ချန်းရှောင်ဝမ်၏ နှလုံးသားလေး နာကျင်သွားရကာ တိတ်ဆိတ်စွာ ခေါင်းညိတ်ကာ တုံ့ပြန်သည်။ ထန်ရှု ကားစက်နှိုးလိုက်သည်ကို ကြည့်ပြီးနောက် သူမက ရုတ်တရက် မေးလိုက်သည်။
"ထန်ရှု … ငါ့ကို ပြောပါ။ သူ … သူ မသေလောက်ပါဘူးနော်။”
"သူ့ကို လုံးဝလက်မလွှတ်နိုင်သေးဘူးလား အစ်မရှောင်ဝမ်။"
ထန်ရှု စိတ်ထဲတွင် သက်ပြင်းချမိရင်း မေးလိုက်သည်။
"ဒီလိုကိစ္စက ဘယ်လို လွယ်လွယ် လွှတ်ချနိုင်မှာလဲဟယ်။"
ချန်းရှောင်ဝမ် ခါးခါးသီးသီး ပြောလိုက်သည်။ “နောက်ပြီး သူက ငါ့ရဲ့ အချစ်ဦးဖြစ်သလို နှစ်အတော်ကြာအောင် လက်တွဲလာခဲ့တဲ့သူလေ။ တစ်သက်လုံး သူနဲ့ အတူရှိနေမယ်လို့ တွေးခဲ့မိပေမယ့်... ငါ ဘယ်တော့မှ မထင်ခဲ့မိဘူး ... ဒီနေ့ ဒီလိုတွေ ဖြစ်လာမှတော့ ဒွိဟဖြစ်နေတာတွေကို လုံး၀ စွန့်လွှတ်လိုက်ပါပြီ။ ဒါပေမယ့်လည်း ဒါက ငါ့ဘဝရဲ့ အရေးကြီးတဲ့ အရာတစ်ခုအဖြစ် ပါဝင်ခဲ့တယ်ဆိုတော့ ငါ ခံစားနေရတုန်းပဲ…”
"ကျွန်တော် အစ်မကြီးကို နားလည်ပါတယ်။" ထန်ရှု ခေါင်းညိတ်လိုက်သည်။
“ဘာပဲဖြစ်ဖြစ် အခု ညစာစားဖို့ အချိန်စောနေသေးတော့ အဲ့ဒီဘက်ကို အခြေအနေကို သွားကြည့်ကြမလား။”
“ဒါ…” ချန်းရှောင်ဝမ် တုံ့ဆိုင်းသွားသည်။
ထန်ရှု ခပ်ဖွဖွ ပြုံးလိုက်သည်။ အချိန်အတော်ကြာအောင် ကားမောင်းပြီးနောက် အော်ဒီကားမှောက်ခဲ့သည့် နေရာသို့ ပြန်လာခဲ့ကြသည်။ ယခုအချိန်တွင် အဆိုပါနေရာကို ရဲကားများစွာဖြင့် ဝန်းရံထားပြီး အနီးနားတွင် လူနာတင်ယာဉ်တစ်စီးလည်း ရပ်ထားသည်။ ရဲယူနီဖောင်းကို ဝတ်ဆင်ထားသော အရပ်ရှည်ရှည် လူလတ်ပိုင်း အမျိုးသားတစ်ဦးသည် စိုးရိမ်တကြီးအမူအရာဖြင့် အော်ဒီကားပေါ်ရှိ လူများကို ကယ်တင်ရန် ဆေးမှူးများကို အမြန်ညွှန်ကြားခဲ့သည်။
"ထန်ရှု … ဟိုအမျိုးသမီးကို ကြည့်လိုက်။" ချန်းရှောင်ဝမ်၏ အကြည့်များသည် ထိုနေရာအား ရုတ်တရက် အာရုံစူးစိုက်မိရင်း လူအုပ်ကြားထဲမှ အမျိုးသမီးတစ်ဦးကို မသိမသာ ညွှန်ပြလိုက်သည်။
ထန်ရှု လှည့်ကြည့်လိုက်စဉ် လူအုပ်ထဲက အမျိုးသမီးတစ်ဦးကို ချက်ချင်း တွေ့လိုက်သည်။ သူမသည် ကဲရင်း ဂယ်လ်ဆင် အမျိုးသမီးအတွင်းခံ ဆိုင်အတွင်း ခပ်၀၀အမျိုးသမီး၏ပါးရိုက်ခြင်းကို ခံခဲ့ရသော အမျိုးသမီးဖြစ်သည်။
"ဒီယာဉ်မတော်တဆမှုက သူမ ကြံစည်ထားခဲ့တာလား။"
ယင်းမတိုင်မီက ထန်ရှုသည် ၎င်းတို့နောက်မှ ထပ်ကြပ်မကွာ လိုက်နေခဲ့သောကြောင့် သဘာဝကျစွာဖြင့် သူသည် အော်ဒီကား မှောက်ရခြင်း၏ အကြောင်းရင်းအမှန်ကို ဖော်ထုတ်နိုင်ပေသည်။
“ငါ ၁၀၀% မသေချာပေမယ့် အဲ့ဒီအမျိုးသမီးက ဒါကို လုပ်ဖို့ တစ်စုံတစ်ယောက်ကို စီစဉ်ခိုင်းခဲ့တာတော့ ၉၉% အခွင့်အလမ်းရှိတယ်။ အဲ့ဒီအော်ဒီကားနောက်လိုက်ရင်း သူမ စာတိုတွေပေးပို့တာ တွေ့ခဲ့တယ်။” ချန်းရှောင်ဝမ်က ဆိုသည်။
“သူမ ဝတ်ဆင်ထားတဲ့ နာမည်ကြီး အမှတ်တံဆိပ်တွေအပြင် သူမ မောင်းနှင်တဲ့ ကားကို ကြည့်ရတာ သူမရဲ့ပုံရိပ်ကလည်း ထူးထူးခြားခြား ဖြစ်နိုင်တယ်။” ထန်ရှု ခေါင်းညိတ်လိုက်သည်။
“ခုထိ မပြန်သေးဘူးဆိုတော့ ဒေါသ မပြေလောက်သေးဘူး။ စောင့်ကြည့်ရအောင်။ မကြာခင်မှာ ပြဿနာ ထပ်ဖြစ်လာလောက်တယ်။"
"ယွဲ့ဇီကောင်းနဲ့ ဒီ၀၀အမျိုးသမီးက ဒီလိုပုံတောင် ဖြစ်နေပြီ။ သူမ ဘာလုပ်နိုင်မှာလဲ။" ချန်းရှောင်ဝမ်က စိတ်ရှုပ်သွားဟန်ဖြင့် မေးလိုက်သည်။
"သူတို့ကို လုပ်ကြံဖို့ အကွက်ချထားပေမယ့် သူတို့ကြားက ဆက်ဆံရေးကို အဲ့ဒီအမျိုးသမီးရဲ့ ခင်ပွန်းဖြစ်တဲ့ ဒုရဲမှူးကြီးက မသိသေးဘူး။" ထန်ရှုက အသံထွက်အောင် ရယ်မောလိုက်သည်။
ချန်းရှောင်ဝမ် ရုတ်တရက် သဘောပေါက်သွားပြီး
"ငါ နားလည်ပြီ။ အဲ့ဒီအမျိုးသမီးရဲ့ခင်ပွန်း ဒုရဲမှူးကြီးသာ အဲ့ဒီအကြောင်းကို သိသွားရင် သူ လုံးဝခွင့်လွှတ်မှာ မဟုတ်ဘူး။ ဒါ…ဒါက သူတို့ကို အဆုံးစွန်ထိ ရောက်အောင် ခပ်ပြင်းပြင်း ရိုက်နှက်လိုက်တာနဲ့ အတူတူပဲ မဟုတ်ဘူးလား။”
“သူတို့ရဲ့ အပြုအမူနဲ့ သဘောထားက စက်ဆုပ်ဖို့ကောင်းတယ်။ သူတို့က အစ်မကို အနိုင်ကျင့်ပြီး အရှက်ရစေတဲ့အတွက် ခုနအမျိုးသမီးကို ဒေါသထွက်စေသလို သူမကိုယ်တိုင်လည်း ပါးရိုက်ခံလိုက်ရတယ်။ ကဲ … ဒီအမျိုးသမီးက အဲ့ဒီကိစ္စကို ခွင့်လွှတ်နိုင်မယ်လို့ မင်း ထင်လား။ ကျွန်တော်သာဆိုရင် အဲ့ဒီအမျိုးသမီးထက်တောင် ပိုရက်စက်သွားမိမှာစိုးရတယ်။"
ထန်ရှု၏ရှင်းပြချက်သည် အဓိပ္ပါယ်ရှိသည်ဟု သူမ ခံစားမိသဖြင့် ချန်းရှောင်ဝမ်သည် ဆိတ်ဆိတ်နေခဲ့သည်။
သည်နေ့ ဖုန်းခန်း၏စိတ်အခြေအနေ မကောင်းဖြစ်နေချိန်တွင် သည်နေရာသို့ လာခဲ့ရသောကြောင့် ပိုဆိုးသွားခဲ့သည်။ သူ့လက်ထဲရှိ လက်ရှိပြဿနာအား မဖြေရှင်းရသေးချိန်တွင် သူမ၏ကားအား အရှိန်အဟုန်ဖြင့် အမြန်ကျော်တက်သွားသောကြောင့် ယာဉ်မတော်တဆမှုဖြစ်ကြောင်း သူ့ဇနီးက ဖုန်းဆက်လာခဲ့သည်။ သူ့အား စိတ်ရှုပ်သွားစေပြီး တုန်လှုပ်သွားစေသည့်အရာမှာ အရှေ့ထိုင်ခုံတွင် ချောမောသော လူရွယ်တစ်ဦးလည်း ရှိနေခြင်းပင်။ ထိုသူအား သူ တစ်ခါမှ မမြင်ဖူးသည်မှာ သေချာသည်။
သူ့မိန်းမနှင့်လူရွယ်အား လူနာစင်ပေါ် တင်သွားသည်ကို ကြည့်ပြီး အသက်အန္တရာယ် မစိုးရိမ်ရပါဟု ဆေးမှူးများက ပြောလာသဖြင့် သူ တိတ်တဆိတ် စိတ်သက်သာရာ ရသွားသည်။
ထိုအချိန်တွင် လူအုပ်ထဲမှ အမျိုးသမီးသည် ဖုန်းခေါ်ဆိုမှု ပြီးဆုံးပြီးနောက် သူမ၏ လက်ကိုင်အိတ်အိတ်ထဲသို့ ထည့်လိုက်သည်။ ထို့နောက် သူမသည် ဘေးနားမှ အသက် ၃၀အရွယ် အခြားအမျိုးသမီးတစ်ဦးအား တီးတိုးစကားဆိုလိုက်ရာ ထိုအမျိုးသမီးက ခေါင်းညိတ်ကာ လူနာတင်ယာဉ်ဆီသို့ ချက်ချင်း အပြေးသွားခဲ့သည်။
"မိုးနတ်မင်းရေ … နတ်ဘုရားတွေ နောက်ဆုံးတော့ မျက်စိပွင့်လာကြပြီပဲ။ ဒီမကောင်းတဲ့နှစ်ယောက်က လိမ်လည်လှည့်စားတဲ့ အတွဲဖြစ်ပြီး နောက်ဆုံးတော့ ကားမတော်တဆမှု ဖြစ်သွားပြီပေါ့။ ဒါ … နင်တို့ နှစ်ယောက်စလုံးကို တကယ်ကို ဒဏ်ခတ်လိုက်တာပဲ။ နင်တို့နှစ်ယောက်လုံးက အရိုးထဲထိအောင် အရှက်ကင်းမဲ့ကြတာကိုး။"
ဖုန်းခန်း တွေကနဲ ဖြစ်သွားပြီး ချက်ချင်းပင် သူ့ရင်ထဲတွင် ဒေါသမီးများ ဟုန်းကနဲ တောက်လောင်လာသည်။ သူသည် ထိုအမျိုးသမီးဆီသို့ အပြေးသွားပြီး
“မင်း ဘာမဟုတ်တာတွေ ပြောနေတာလဲ။”
"သောက်ကျိုးနည်း … ငါပြောနေတာ မှားလို့လား။" ထိုအမျိုးသမီးက ဖုန်းခန်းကို စိုက်ကြည့်ကာ ပြန်ပက်လိုက်သည်။
“ဒီအမျိုးသမီးက ဘယ်တော့မှ အဓိပ္ပာယ် မရှိတဲ့စကား မပြောဘူး။ ဒီမကောင်းတဲ့ နှစ်ယောက်က အတော်ကို အရှက်ကင်းမဲ့ပြီး သူတို့ကြားမှာ အချစ်ရေးကိစ္စရှိတာကို ဝန်ခံသလို ပြီးခဲ့တဲ့အခိုက်အတန့်က လူများစွာကို စော်ကားခဲ့သေးတယ်။ သူတို့၂ယောက်က သူများကို အရှက်ခွဲတယ်၊ စော်ကားတယ်၊ ရိုက်နှက်တယ်၊ ရန်ဖြစ်တယ်လေ။ အာ ဟုတ်သားပဲ။ အဲ့ဒီဝက်နဲ့တူတဲ့ အမျိုးသမီးက … သူ့ခင်ပွန်းဟာ ဒုရဲမှူးကြီး ဖြစ်တယ်လို့တောင် အော်ဟစ်ပြီး သူ့ခင်ပွန်းက လူတိုင်းကို အပြစ်ပေးမယ်လို့ ခြိမ်းခြောက်ခဲ့သေးတယ်။ ဖွီ… သူမက ဝက်ဦးနှောက်လိုပဲ ဉာဏ်မရှိလိုက်ပုံများ။ အတွင်းခံစတိုးမှာ သူမရဲ့ ချောမောလှပတဲ့ အပျော်ကောင်လေးနဲ့ ဈေးဝယ်ထွက်ရင်း လူအများကို ဒေါသတွေ ထွက်စေတာတောင် သူမခင်ပွန်းက လူတိုင်းကို ဆုံးမမယ်ဆိုပြီး အော်ဟစ်နေတုန်းပဲ။ ဘယ်လောက်တောင် မိုက်မဲလိုက်လဲလို့။”
ဖုန်းခန်း အံသြသွားသည်။ သူ့အရှေ့ မှ အမျိုးသမီးတစ်ယောက်၏ ပြောဆိုချက်များသည် သူ့တစ်ကိုယ်လုံးကို တုန်ရီသွားစေခဲ့သည်။
…ငါ့ … ငါ့မိန်းမက ငါ့ကို လှည့်စားပြီး အပြင်မှာ အပျော်ယောက်ျားလေး ထားနေတာလား။…
ထို့နောက်တွင် လျှာစောင်းထက်ထက်ဖြင့် ပြောဆိုနေသောအမျိုးသမီးသည် ဖုန်းခန်း၏မျက်နှာကို ကြည့်ကာ ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် အော်မိလိုက်ပြန်သည်။
“ဒါ အမှန်ပဲ။ ယာဉ်မတော်တဆဖြစ်မှုကို ယာဉ်ထိန်းရဲက ကိုင်တွယ်သင့်တယ်။ ပြည်သူ့လုံခြုံရေးဗျူရိုက လူတွေ ဘယ်လို ရောက်လာတာလဲ။ ဖြစ်နိုင်တာက … ရှင်က သူမ လှည့်စားတာ ခံခဲ့ရတဲ့ ပြည်သူ့လုံခြုံရေးဗျူရိုရဲ့ ဒုရဲမှူးကြီးများလား။”
***