← Chapters

နောက်ဆုံး အသက်ရှင်သော မိန်းမစိုး၏သွင်ပြင်တစ်ဖန်

Vol. 42 Ch. 579

နောက်ဆုံး အသက်ရှင်သော မိန်းမစိုး၏သွင်ပြင်တစ်ဖန်

Vol. 42 Ch. 579

မြို့တော်ပြည်သူ့လုံခြုံရေးဗျူရို၏ ဒုရဲမှူးကြီးအနေဖြင့် ဖုန်းခန်းသည် သူ့လက်ထဲတွင် အာဏာ အတော်အသင့် ရှိသော်လည်း သူ၏ ဝက်နှင့်တူသော အိမ်သူသက်ထား ဇနီးမယား၏လှည့်စားမှုအား ခံရမည်ဟု တစ်ခါမှ မထင်မှတ်ခဲ့သည့်အပြင် လူမြင်ကွင်းတွင် ထိုကိစ္စအား တစ်ယောက်ယောက်က ထုတ်ဖော်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့မိပေ။ သည်နေရာသို့ သူ ခေါ်လာသော ရဲအရာရှိခြောက်ယောက်၊ ခုနစ်ယောက်ကပင် သူ့အား ထူးထူးဆန်းဆန်း အမူအရာများဖြင့် ကြည့်နေကြချေပြီ။

…ဖြန်း…

ဒေါသစိတ်ဖြင့် ဖုန်းခန်းသည် ထိုအမျိုးသမီးအား ပါးတစ်ချက် ရိုက်လိုက်ပြီး

“တိတ်စမ်း … ထပ်ပြီး ပေါက်ကရတွေ ပြောနေဦးမယ်ဆိုရင် မင်းကို မဟုတ်မမှန် စွပ်စွဲပြောဆိုမှုနဲ့ ဖမ်းမယ်။”

အမျိုးသမီးက သူမ၏ပါးလေးကို ကိုင်ပြီး

“ဘုရားရေ … ရဲတစ်ယောက်က လူတစ်ယောက်ကို ပါးရိုက်သတဲ့။ သူ့မိန်းမက သူ့ကို လှည့်စားပြီး နောက်ဆုံးတော့ ဒီနေရာမှာ မတော်တဆ ဖြစ်လာတယ်။ ငါက အမှန်တိုင်း ပြောခဲ့ပေမဲ့ ရှက်စိတ်နဲ့ ဒေါသကို ငါ့အပေါ် ပုံချတယ်။ ဥပဒေက ဘယ်မှာလဲ။ အားလုံးပဲ ပြောကြပါဦး … ဘယ်ဟာက မှန်ပြီး ဘယ်ဟာက မှားလဲ။ ရဲတစ်ယောက်က လူကို ဒီလို ရိုက်လို့ရသတဲ့လား။”

ရှက်စိတ်နှင့် ဒေါသစိတ်တို့ကြောင့် ဖုန်းခန်း ထိုအမျိုးသမီးအား ပါးရိုက်လိုက်မိသော်လည်း ပြီးလျှင်ပြီးချင်း သူ ချက်ချင်း နောင်တရသွားသည်။ မည်သို့ပင်ဆိုစေကာမူ သူသည် မြို့တော်ပြည်သူ့ဗျူရို၏ ဒုရဲမှူးကြီး ဖြစ်သောကြောင့် လူမြင်ကွင်းရှိ ဤသို့သောအခြေအနေမျိုးတွင် မည်သူတစ်ဦးတစ်ယောက်ကိုမျှ နာကျင်ရစေမည်မဟုတ်ပေ။

မျှော်လင့်ထားသည့်အတိုင်း အနီးပတ်ဝန်းကျင်တွင် ဝိုင်းအုံကြည့်ရှုသူများ ရုတ်ရုတ်သဲသဲ ဖြစ်သွားကာ ဒေါသအမျက်ထွက်ကုန်ကြသည်။ လူတော်တော်များများက ဖုန်းခန်း၏ကိုယ်ထိလက်ရောက် လုပ်ရပ်ကြောင့် တာဝန်ယူရန် စတင်ပြောဆိုလာကြပြီး အချို့လူများ၏ မီးလောင်ရာ လေပင့်စကားများကြောင့် ဖုန်းခန်းအား ကြည့်ရှုနေသူများက ပိုမို ဒေါသထွက်စေခဲ့သည်။

ကားထဲတွင် ထိုင်နေသော ထန်ရှုသည် ရှေ့တွင် ဖြစ်ပေါ်နေသော အပြောင်းအလဲများကို ကြည့်နေသည်။ ထို့နောက် သူက ချန်းရှောင်ဝမ်ကို ကြည့်ကာ သက်ပြင်းချမိရင်း

"အဲ့ဒီမိန်းမက တကယ့်ကို မညှာတာဘူးပဲ။ သူမက အဖြစ်အပျက်အတွက် အချင်းချင်း အပြန်အလှန် ချိတ်ဆက်ဖို့ လိုအပ်တဲ့ ချိတ်ဆက်မှုတွေအားလုံးကို စီစဉ်ထားပြီးသား။ ယွဲ့ဇီကောင်းနဲ့ ခပ်၀၀အမျိုးသမီးတင် အခက်အခဲထဲ ကျရောက်စေရုံတင်မကဘူး ဒီပြည်သူ့လုံခြုံရေးဗျူရိုရဲ့ ဒုရဲမှူးကြီးကိုပါ ကျဉ်းထဲကြပ်ထဲ ဖြစ်စေတယ်။”

“ခုနအမျိုးသမီးကို ရိုက်လိုက်တဲ့ရဲက ခပ်၀၀အမျိုးသမီးရဲ့ ခင်ပွန်းလား။”ချန်းရှောင်ဝမ်က တီးတိုးမေးသည်။

"သူပဲ ဖြစ်လိမ့်မယ်။ နို့မဟုတ်ရင် ပြည်သူ့လုံခြုံရေးဗျူရိုက လူက ယာဉ်ထိန်းရဲမဟုတ်ဘဲနဲ့ ယာဉ်မတော်တဆမှု ဖြစ်တဲ့နေရာကို ဘာကြောင့် အပြေးအလွှား လာမလဲ။" ထန်ရှုက ရယ်မောလိုက်ရင်း

“သူ့မိန်းမက သူ့ကို လှည့်စားနေတယ်ဆိုတာကို ထုတ်ဖော်ခဲ့တဲ့ ခုနကအမျိုးသမီးကို တခြားတစ်ယောက်က လုပ်ခိုင်းခဲ့တာ သိသာတယ်။ ဒီလို ဒေါသတကြီး ဖြစ်ပြီး လူတစ်ယောက်ကို ပါးရိုက်လိုက်တဲ့ ရဲတစ်ယောက်အတွက်တော့ ဇနီးရဲ့ ဖောက်ပြန်ခြင်းကိုပါ ခံခဲ့ရတဲ့ ကံဆိုးသူလို့ပဲ ဆိုရမယ်။”

ချန်းရှောင်ဝမ် ခေါင်းညိတ်လိုက်ပြီး ကသိကအောက် ဖြစ်နေသော အမူအရာဖြင့် ထန်ရှုအား ရုတ်တရက် ကြည့်လာကာ လေသံတိမ်တိမ်ဖြင့်

"နင် 'ဖောက်ပြန်'တယ်ဆိုတာကို မပြောလို့ မရဘူးလား။ အဲ့ဒီစကားလုံးတွေက ငါ့ခေါင်းပေါ်မှာ သရဖူ ဆောင်းပေးနေသလို ခံစားနေရတယ်။”

…အဟွတ်…အဟွတ်…

သူမ၏စကားကြောင့် ထန်ရှု ရယ်ရခက် ငိုရခက် ဖြစ်ကာ သီးသွားခဲ့ရသည်။ ထို့နောက် သူက သူမအား အားယူပြုံးပြရင်း

"အစ်မကြီးရဲ့အဖြစ်အပျက်က အရင်တုန်းက ဖြစ်ခဲ့တာလေ။ အဲ့ဒါကို စိတ်ပျက်နေစရာ မလိုပါဘူး။ မင်း အရမ်းသဘောကျခဲ့တဲ့ အိမ်မွေးခွေးက မင်းကို ကိုက်ရင် ကန်ထုတ်လိုက်မှာ သဘာဝပဲလေ။"

…အိမ်မွေးခွေးလား…

ထိုစကား ကြားပြီးနောက် ချန်းရှောင်ဝမ်၏ လှပသော မျက်နှာထက်တွင် အပြုံးယဲ့ယဲ့ ပေါ်လာခဲ့သည်။

လူနာတင်ယာဉ်၏ဘေးတွင် ရပ်နေသော ဖုန်းခန်းသည် ပတ်ဝန်းကျင်ရှိ ကြည့်ရှုသူများ၏ စွပ်စွဲချက်များနှင့် ရင်ဆိုင်နေရသည်။ သူသည် အဖြစ်အပျက်၏ အမှန်တရားကို ပြီးပြည့်စွာ သိလိုသောကြောင့် ပါးရိုက်ခံလိုက်ရသော အမျိုးသမီး၏ လက်ကို ဆုပ်ကိုင်လိုက်ပြီး

“ငါ ခုနက လုပ်ခဲ့တဲ့ ကိစ္စအတွက် တောင်းပန်ပါတယ်။ ဒါပေမယ့် မင်းပြောခဲ့တဲ့ စကားအတွက် မင်းမှာလည်း တာဝန်ရှိတယ်။ သူတို့မှာ လျှို့ဝှက်ဆက်ဆံရေး ရှိတာကို မင်း ဘယ်လို သက်သေပြနိုင်မလဲ။"

"ငါ ဘယ်လို သက်သေပြနိုင်မလဲဟုတ်လား။ ငါက သက်သေပြဖို့တောင် လိုသေးတာလား။"

အမျိုးသမီးက ဒေါသတကြီး ပြန်ပြောလိုက်သည်။ “ဝမ်ချွန်းဈေးဝယ်စင်တာက ကဲရင်း ဂယ်လ်ဆင် အတွင်းခံဆိုင်မှာ သူတို့၂ယောက်ကို တွေ့ခဲ့တာကို ဒါဇင်နဲ့ချီတဲ့လူတွေက သက်သေပြပေးနိုင်တယ်။ နင် ငါ့ကို မယုံရင် အဲ့ဒီဆိုင်မှာ စုံစမ်းဖို့ နင့်တပည့်တစ်ယောက်ယောက်ကို လွှတ်လိုက်။"

ဖုန်းခန်းက အမျိုးသမီးကို လွှတ်ပေးလိုက်ပြီး

“လီဟူ … ဝမ်ချွန်းဈေးဝယ်စင်တာကို သွားပြီး သူ ပြောတာ ဟုတ် မဟုတ် စုံစမ်းချေ။ ငါ သူတို့ကို ဆေးရုံပို့ပေးရင်း မင်းရဲ့သတင်းကို စောင့်မယ်။"

"ဟုတ်ကဲ့ ဆရာ…"

ရဲအရာရှိလေးက ပြန်ပြောပြီး အဖော်နှစ်ယောက်နှင့် ထွက်သွားသည်။

လူနာတင်ယာဉ် ထွက်ခွာသွားပြီဖြစ်သောကြောင့် အမှုထမ်းများက မတော်တဆမှုဖြစ်ကာ မှောက်နေသော အော်ဒီကားအား ပြန်ဆွဲတင်သယ်သွားခဲ့ပြီး ကြည့်ရှုသူများသည်လည်း တဖြည်းဖြည်း လူစုကွဲသွားခဲ့သည်။ ထန်ရှုသည် လူနာတင်ယာဉ်၏အနောက်မှ မောင်းကာ ရှန်ဟိုင်းဆေးရုံသို့ လိုက်သွားခဲ့သည်။ ဆေးရုံ၏ကားပါကင်တွင် ကားရပ်လိုက်ပြီးနောက်

"အစ်မရှောင်ဝမ် … ယွဲ့ဇီကောင်းရဲ့ပြဿနာကို အပြီးတိုင် ဖြေရှင်းချင်လား။"

"ဖြေရှင်းဖို့လား။" ချန်းရှောင်ဝမ်က စိတ်ရှုပ်စွာ မေးလိုက်သည်။

“ယွမ်ငွေ ၁၀၀,၀၀၀ကို သူ့အကောင့်ဆီ အခု လွှဲလိုက်ပါ။ အဲ့ဒီတုန်းက ကဲရင်း ဂယ်လ်ဆင်ဆိုင်မှာ မင်းကို ခြိမ်းခြောက်ခဲ့တာ လူတော်တော်များများက သက်သေ ရှိတယ်။ ဒီအဖြစ်အပျက်ကို မှန်ကန်မှန်း ဖော်ထုတ်ခံရရင် ငွေညှစ်မှုနဲ့ ခြိမ်းခြောက် ငွေတောင်းမှုအတွက် ယွဲ့ဇီကောင်း စွဲချက်အတင်ခံရလိမ့်မယ်။ ဒီငွေပမာဏနဲ့ဆိုရင် ယွဲ့ဇီကောင်းကို ထောင် ၈ နှစ်ကနေ ၁၀ နှစ်အထိ ပြစ်ဒဏ်ချနိုင်တယ်။”

ချန်းရှောင်ဝမ်သည် ထန်ရှုအား အချိန်အကြာကြီး စိုက်ကြည့်နေပြီးမှ ခါးခါးသီးသီး ခေါင်းယမ်းလိုက်ရင်း "မေ့လိုက်ပါ။ သူနဲ့ ထိုက်တန်တဲ့ အပြစ်ဒဏ်ကို သူ ခံယူပြီးပါပြီ။ ဒီ့ထက်ပိုသွားရင် … ဒါက သူ့အတွက် ခက်ခဲလွန်းသွားလိမ့်မယ်။”

ထန်ရှုသည် စိတ်အတွင်းက သက်ပြင်းတစ်ချက် ချလိုက်ပြီး သူ၏အကြံအစည်ကို သူမအား ပြောလိုက်မိသည်ကို နောင်တရသွားသည်။ ချန်းရှောင်ဝမ်သည် တစ်ခါတစ်ရံတွင် အပေါ်ယံ၌ တင်းမာသယောင် ရှိသော်လည်း စိတ်ကောင်းရှိပြီး နူးညံ့သိမ်မွေ့ခြင်းသည် သူမ၏အဓိက အကျင့်စရိုက်ထဲမှ တစ်ခုဖြစ်သည်။ ဤကိစ္စနှင့် ပတ်သက်၍ သူမသည် ထန်ရှု၏မိခင်ဖြစ်သူ စုလင်းယွမ်နှင့် လွန်စွာ တူပေသည်။

“ကောင်းပြီ … မင်းမှာ လုပ်ချင်စိတ်မရှိဘူးဆိုတော့ မေ့လိုက်တာပေါ့။ ဒီမှာ စောင့်ကြည့်ရအောင် … မကြာခင် သတင်းတွေ ထွက်လာမှာ သေချာတယ်။”

"ကောင်းပြီ။"

တစ်နာရီကျော် ကြာပြီးနောက် ထန်ရှုသည် အခြေအနေကို စောင့်ကြည့်ရန် သူ၏စိတ်ဝိညာဉ်အာရုံကို ထုတ်လွှတ်ခဲ့ရာ ဝမ်ချွန်းဈေးဝယ်စင်တာသို့ စေလွှတ်လိုက်သော ရဲအရာရှိများသည် ခွဲစိတ်ခန်းတံခါးဝတွင် အဆိုပါကိစ္စနှင့်ပတ်သက်၍ ဖုန်းခန်းအား တင်ပြနေသည်ကို တွေ့ရှိခဲ့သည်။ ဖုန်းခန်းသည် ဒေါသ ထွက်လွန်းသဖြင့် ခွဲစိတ်ခန်းတံခါးကို ကန်ဖွင့်ပြီး ဆေးကုသမှုခံယူမည့် ယွဲ့ဇီကောင်းအား ရိုက်နှက်တော့သည်။ ဆရာဝန်လေးယောက်ခန့် သူ့အား အပြေးအလွှား သွားတားခဲ့သော်လည်း ဘာမှ မလုပ်နိုင်ခဲ့ချေ။ အဆုံးသတ်တွင် သူသည် မမျှော်လင့်စွာဖြင့် ခွဲစိတ်ခန်းသုံးဓားကို ကောက်ကိုင်ကာ ယွဲ့ဇီကောင်း၏ဂွကြားက ညီလေးအား ဖြတ်တောက်လိုက်တော့သည်။

သူ … ဖြတ်လိုက်တယ်ဟုတ်လား။

ထန်ရှု ကြက်သေ သေသွားတော့သည်။

ချန်းရှောင်ဝမ်က အာရုံပျံ့လွင့်နေတာကြောင့် ထန်ရှု၏ အမူအရာ ပျက်သွားသည်ကို သူမ မတွေ့လိုက်ရပေ။ ထို့နောက် သူတို့၂ယောက် ကားပေါ်မှဆင်းကာ အနီးရှိ အဆောက်အအုံဆီသို့ လျှောက်သွားကြသည်။ ထိုနေရာ၌ အသံများစွာသည် သူတို့၏နားထဲသို့ ဝင်ရောက်လာခဲ့သည်။

"အဆန်းကြီးဟ။ အဲ့ဒီရဲက ခွဲစိတ်ခါနီး ဒဏ်ရာရတဲ့သူကို တကယ်ရိုက်တယ်။ အကြောင်းရင်းအမှန်တော့ မသိဘူး အဲ့ဒီရဲအရာရှိက ဒဏ်ရာရသူရဲ့ညီလေးကိုတောင် စမုံတုံးခဲ့တယ်လို့ ကောလဟာလတစ်ခု ကြားရမိတယ်။

"ဒါဆို သူက သင်းကွပ်ခံလိုက်ရတာလား။"

"ဟုတ်တယ်။ သူက တကယ် မိန်းမစိုး ဖြစ်သွားပြီ။ ကြောက်စရာကောင်းတယ်လို့ ကြားတယ်။”

“…”

ချန်းရှောင်ဝမ်၏ ခြေလှမ်းများ ရပ်တန့်သွားကာ ထန်ရှုအား လှည့်ကြည့်လာသည်။

သူ၏စိတ်ဝိညာဉ်အာရုံကြောင့် ကြိုသိထားသော်လည်း ထန်ရှုက ၎င်းအကြောင်းအား ထုတ်ပြောဖို့ အဆင်မပြေသောကြောင့် ယခုမှ သိလေသယောင် အံ့သြသောအမူအရာအား တမင်ပြကာ

"တကယ်ကြီးလား။"

တခဏ တိတ်ဆိတ်နေပြီးနောက် ချန်းရှောင်ဝမ်သည် ထန်ရှု၏လက်ကို ရုတ်တရက် ကိုင်လိုက်ပြီး သူမ၏လှပသောမျက်နှာထက်တွင် ကျေနပ်နေသောအပြုံးဖြင့်

"နောက်ဆက်တွဲဇာတ်လမ်းကို နားလည်း မထောင်ချင်ဘူး … ကြည့်လည်း မကြည့်ချင်တော့ဘူး။ ငါတို့ ထွက်သွားရအောင်။"

"ကောင်းပြီ ထမင်းသွားစားကြစို့။" ထန်ရှုက ခပ်ဖွဖွ ပြုံးကာ ပြောလိုက်သည်။

သူတို့ ဆက်မနေတော့ဘဲ ဆေးရုံမှ ထွက်လာပြီး ထာဝရခန်းမဆီသို့ ဦးတည်သွားကြသည်။ လမ်းတွင် ထန်ရှုက ဆေးရုံ၏အခြေအနေကို စောင့်ကြည့်ရန် တစ်ယောက်ယောက်ကို လွှတ်ပေးရန်အတွက် ဖုန်းဆက်လိုက်သည်။

****

ထာဝရခန်းမ …

လတ်တလောတွင် ချီနန်၏ဘဝသည် အတော် သာယာစိုပြည်နေသည်။ ထန်ရှုက အဖိုးတန်ဆေးပင်များစွာအား ကြိုစုဆောင်းထားရန် ပြောထားသောကြောင့် ထိုစုဆောင်းထားသော ဆေးပင်များနှင့် ကျင်းမန်ကျွန်းရှိ ထာဝရခန်းမရုံးချုပ်မှ ကျင့်ကြံမှုအရင်းအမြစ်များစွာ လဲလှယ်နိုင်ခဲ့သည်။ ထို့ကြောင့် တစ်လအတွင်း အဖိုးတန်ဆေးပင်များစွာ ဝယ်ယူရန်အတွက် လက်ထဲရှိငွေအားလုံးကို အကုန်အကျခံခဲ့ပြီး ကျင့်ကြံရန်အတွက် လိုအပ်သော ဆေးလုံး အမြောက်အမြားရရှိသည့် ပထမဆုံး အဖွဲ့ဝင် ဖြစ်လာခဲ့သည်။ ရလဒ်အနေဖြင့် သူမ၏ကျင့်ကြံမှုသည် လျင်မြန်စွာ တိုးတက်ခဲ့ပြီး အုတ်မြစ်တည်ထောင်ခြင်း အဆင့်ကို ဖြတ်ကျော်ရန် ခြေတစ်လှမ်းသာ လိုတော့ပေသည်။

ထို့အပြင် ကျင်းမန်ကျွန်း၏ထာဝရရုံးချုပ်မှလည်း သူမအား ဆေးလုံးများ ဆုချခဲ့သောကြောင့် ပိုမိုပျော်ရွှင်ခဲ့ရသည်။ သူမ၏တစ်ခုတည်းသော ဝမ်းနည်းမှုသည် သူမ ငမွဲတစ်ယောက် ဖြစ်သွားခြင်းကြောင့်ပင်။

…ငါ အခု ဘယ်နေရာက ပိုက်ဆံ ရနိုင်မလဲ။…

ချီနန်သည် မြေအောက်ပြိုင်ပွဲများတွင် ပါဝင်ရန် အနည်းငယ် စဉ်းစားနေခဲ့သေးသည်။ ၎င်းသည် သူမ ကျွမ်းကျင်သော အရည်အချင်းတစ်ခုဖြစ်ပြီး ထိုအားသာချက်ကို အသုံးပြုကာ ကျင့်ကြံမှု အရင်းအမြစ်များနှင့် လဲလှယ်ရန် ငွေရှာရလိမ့်မည် ဖြစ်သည်။

"ဟင်…"

သူမသည် ဒုတိယထပ်ရှိ ပြတင်းပေါက်တွင် ပျင်းရိစွာ မှီရပ်နေရင်း စားသောက်ဆိုင်အဝင်ဝ၌ လှပသော အမျိုးသမီးတစ်ယောက်နှင့်အတူတွဲလျှောက်လာသော ထန်ရှုအား ရုတ်တရက် လှမ်းမြင်လိုက်ရသည်။

သူဌေး၏အမျိုးသမီးများနှင့် ရင်းနှီးမှုသည် အမှန်တကယ်ပင် ပြိုင်ဖက်ကင်းလှပေသည်။

သူမ၏စိတ်ကူးထဲမှ ထိုအတွေးနှင့်အတူ ချီနန်သည် ရုံးခန်းအပြင်ဘက်သို့ လျှောက်လာသည်။ တစ်မိနစ်အတွင်းမှာပင် သူမသည် ထန်ရှု၏အရှေ့တွင် ပေါ်လာခဲ့ချေပြီ။

"ဟယ်လို သူဌေး…"

"ချီနန် … ငါ့အစ်မကို ငါတို့ အထူးဧည့်သည်ကတ် တစ်ကတ် လုပ်ပေးပါဦး။" ထန်ရှုက ရယ်ရယ်မောမော ပြောလိုက်သည်။

တစ်ချက်တွေကနဲ ဖြစ်သွားသော ချီနန်က ချက်ချင်းပင် ပြုံးလာပြီး လေးစားသောအမူအရာဖြင့်

"သူဌေး … ဒီထူးခြားတဲ့ ဧည့်သည်က..."

"အစ်မကြီး ရှောင်ဝမ် … မင်းရဲ့အထူးကတ်ကို ရဖို့ ချီနန်နဲ့ လိုက်သွားပါ။ ကျွန်တော် ဟင်းလျာတချို့ကို အရင်မှာပြီး မင်းပြန်လာတာကို စောင့်မယ်။" ထန်ရှုက ပြုံးပြီး ပြောလိုက်သည်။

"နင်က ဒီထာဝရခန်းမရဲ့ ပိုင်ရှင်လား ထန်ရှု။" ချန်းရှောင်ဝမ်က အံ့အားသင့်စွာ မေးလိုက်သည်။

"ဟုတ်ပါတယ်။" ထန်ရှုက အပြုံးဖြင့် ပြောသည်။

ချန်းရှောင်ဝမ်၏စိတ်အတွင်းတွင် အနည်းငယ် ထိတ်လန့်သွားသည်။ နိုင်ငံခြားကုမ္ပဏီကြီးတစ်ခု၏ အမှုဆောင်တစ်ဦးအနေဖြင့် သူမသည် ထာဝရခန်းမကို ထမင်းစားရန် သွားရောက်ဖူးသောကြောင့် ထာဝရခန်းမသည် ရှန်ဟိုင်းရှိ အဆင့်မြင့်ဆုံး စားသောက်ဆိုင်များထဲမှ တစ်ခုဖြစ်ကြောင်း သူမ သိရှိပေသည်။ ဤနေရာရှိ ပုံမှန်ဟင်းပွဲများပင်လျှင် ယွမ် ၈၀၀၀ ဝန်းကျင်ခန့် ကျသင့်သည်။ သူမကိုယ်တိုင်ပင် နှစ်စဉ် ဝင်ငွေ ကောင်းသော်လည်း ဤနေရာတွင် မကြာခဏ ထမင်းမစားဝံ့ပေ။ အကြိမ်အများစုသည် သူမ၏ကုမ္ပဏီမှ ထိပ်တန်းအမှုဆောင်အရာရှိများနှင့် အတူ လာကြခြင်းသာ ဖြစ်သည်။

ထန်ရှု အလယ်တန်းကျောင်းသားအချိန်ကတည်းပင် ဤစားသောက်ဆိုင်သည် ရှန်ဟိုင်းတွင် ရှိနေသည်မှာ နှစ်အတော်ကြာပြီဖြစ်သောကြောင့် ထန်ရှုတစ်ယောက် မည်သို့မည်ပုံ ထာဝရခန်းမ၏ပိုင်ရှင်ဖြစ်လာခဲ့သည်ကို သူမ မသိပါချေ။

မိနစ်အနည်းငယ်အကြာတွင် ချန်းရှောင်ဝမ်သည် ချီနန်နှင့် အထူးဧည့်သည်ကတ် ပြုလုပ်ပြီးစီးပြီးနောက် ပထမထပ်ရှိ ကောင်းမွန်သော နေရာတွင် ရှိသော ထမင်းစားပွဲသို့ ရောက်လာပြီး ထန်ရှု၏တစ်ဖက်ခြမ်းတွင် ထိုင်လိုက်သည်။ ထို့နောက် သူမအား စိတ်ရှုပ်ထွေးနေစေသော မေးခွန်းအချို့အား မေးခဲ့သည်။

သို့သော်လည်း ထန်ရှုသည် အကြောင်းပြချက်ကို ထုတ်မပြောလိုသောကြောင့် အကြောင်းပြချက်အား အတိတ်ဖြစ်ရပ်များနှင့် ချောမွေ့စွာ ဖုံးကွယ်ကာ သင့်တော်သလိုသာ ပြောပြလိုက်သည်။

ထမင်းစားနေစဉ် ဖြတ်သန်းလာခဲ့သည့် အတွေ့အကြုံများအား နှစ်ယောက်သား စကားများ ဖောင်ဖွဲ့အောင် အများကြီး ပြောဖြစ်ခဲ့ကြသည်။ အဓိကအားဖြင့် ချန်းရှောင်ဝမ်သာ သူမ၏ အတွေ့အကြုံများအကြောင်း ပြောပြနေပြီး ထန်ရှုသည် နားထောင်သူသက်သက် ဖြစ်သည်။ သို့သော် သူမ လုပ်ကိုင်နေသည့် ဂျပန်ရင်းနှီးမြုပ်နှံမှု လုပ်ငန်းအကြောင်းအား ယခင်ကတည်းက ထန်ရှု ကြားဖူးထားသောကြောင့် အနည်းငယ် အံ့အားသင့်ခဲ့ရသည်။

“ကောင်းပြီ … တစ်ချိန်လုံး ငါ့အကြောင်းကြီးပဲ ပြောနေရတယ်။ အခု နင်ပြောရမယ့် အလှည့်။ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲမတိုင်မီက လုပ်ငန်းတစ်ခု စတင်ခဲ့တယ်လို့ နင် ပြောတယ် မဟုတ်လား။ ဘယ်လိုလုပ်ငန်းမျိုးလဲ။” ချန်းရှောင်ဝမ်က ပြုံးပြီး မေးလိုက်သည်။

"အစ်မရှောင်ဝမ် … ခမ်းနားသော ထန်လုပ်ငန်းစုကို ကြားဖူးတယ်မဟုတ်လား။"

"ကြားဖူးတာပေါ့ဟ။ အဲ့ဒီကုမ္ပဏီက လက်ရှိမှာ ကျော်ကြားနေပြီး အကန့်အသတ်မရှိ အလားအလာ ရှိတယ်။ နောက်ပြီး အဲ့ဒီကုမ္ပဏီရဲ့ အလှကုန်ပစ္စည်းတွေက အမျိုးသမီးတွေအတွက် အကြိုက်ဆုံးအမျိုးအစားပဲ။ အကန့်အသတ်နဲ့ ရောင်းတာတော့ စိတ်မကောင်းဘူးဟယ်။ တစ်ကြိမ်ဝယ်ဖို့ ငါ့ရဲ့လစာနှစ်လစာလောက် သုံးခဲ့ရတယ်။”

ရုတ်တရက် သူမ၏မျက်နှာပေါ်ရှိ အပြုံးသည် ရပ်တန့်သွားပြီး မယုံကြည်နိုင်သော အမူအရာဖြင့် အစားထိုးသွားသည်။

***

All Chapters