တစ်စုံတစ်ဦးကို မိမိအတွက် အသုံးဝင်စေရန် ထိန်းသိမ်းခြင်း
Vol. 42 Ch. 580
"အစ်မရှောင်ဝမ်က အသားအရည်လိမ်းဆေးကို သုံးတာ မင်းအသားအရေအတွက် ကောင်းတယ်လို့ထင်ရင် အစ်မကို နောက်မှ ပစ္စည်းအချို့ ပို့ပေးလိုက်ဦးမယ်။" ထန်ရှုက ပြုံးပြသည်။
ချန်းရှောင်ဝမ်က ထန်ရှုကို တအံ့တသြ ကြည့်ရင်း ရုတ်တရက် အိပ်မက်မက်နေသည့်အလား ခံစားမိလိုက်သဖြင့် ထိုင်ခုံမှ ထခုန်လုနီးနီးပင် ဖြစ်သွားရသည်။ ယင်းမတိုင်မီက သူမသည် ထန်ရှုနှင့် ထပ်မံတွေ့ဆုံရန်ဆိုသည်မှာ ဤတစ်သက်တွင် မဖြစ်နိုင်ဟု ထင်ထားသော်လည်း အမှောင်ထဲမှ လက်အချို့က ကြိုးစများကို ဆွဲကာ သူမတို့နှစ်ဦးအတွက် ထိုသို့သော တွေ့ဆုံမှုတစ်ခု ဖန်တီးလိုက်ခြင်းဖြစ်ပေမည်ဟု သူမ တွေးမိခဲ့တော့သည်။
ယခင်အချိန်တုန်းကဆိုပါက ထန်ရှု၏ဘဝသည် လွန်စွာ ခါးသီးလှသည်။ ထန်ရှုအား သူမ သဘောကျရခြင်းမှာ ဉာဏ်ရည်ထက်မြက်ပြီး နှစ်လိုဖွယ်ကောင်းသောကြောင့် ဖြစ်ပြီး မောင်လေးတစ်ယောက်လို သဘောထား ဆက်ဆံခဲ့သည်။ နောက်ဆုံးအကြိမ်ဆုံပြီးနောက် လေးနှစ်ကျော် ကြာသွားပြီးသည့်အခါ ထန်ရှုသည် ကောင်းကင်နှင့်မြေကြီးအား ထက်အောက်ပြောင်းပြန် လှည့်ထားပြီး ဖြစ်နေလိမ့်မည်ဟု သူမ မမျှော်လင့်ထားမိပေ။ ခမ်းနားသောထန် စီးပွားရေးလုပ်ငန်းစုသည် ယနေ့ခေတ် စီးပွားရေးလောကတွင် မရပ်မနား အရှိန်အဟုန်ဖြင့် သွားနေသော အမှောင်မြင်းနှင့် အလားတူပေသည်။
"နင် ငါ့ကို လိမ်နေတာ မဟုတ်ပါဘူးနော် ထန်ရှု။" ချန်းရှောင်ဝမ်က တုန်လှုပ်စွာ မေးလိုက်သည်။
သူ၏ပခုံးကို တွန့်ပြလိုက်ပြီး ထန်ရှုက အသာပြုံးရင်း "ကျွန်တော်က မဟုတ်ဘဲနဲ့ ကြွားလုံးထုတ်ရတာကို ကြိုက်တဲ့သူလို့ ထင်နေတာလား အစ်မရှောင်ဝမ်။"
ချီတုံချတုံအကြည့်ဖြင့် ချန်းရှောင်ဝမ်က ခေါင်းခါလိုက်ပြီး
"ဟင့်အင်း … နင်က အဲ့လို မဟုတ်ပါဘူး ဒါပေမယ့် … ဒါပေမယ့် ဒါက အံ့သြစရာ ကောင်းလွန်းတယ်။ နင် ဘယ်လို အောင်မြင်ခဲ့တာလဲ။"
ထန်ရှုက ရယ်ရယ်မောမောဖြင့် “ကျွန်တော် ဒါကိုပဲ အလေးထားတွေးခဲ့တာလေ။”
ချန်းရှောင်ဝမ်က မျက်လုံးလေးလှိမ့်ပြပြီး အနေရခက်သည့်ဟန်အမူအရာဖြင့်
"အရင်က ငါကိုယ့်ငါ အရမ်းအောင်မြင်တယ်လို့ ထင်ခဲ့တာ။ တက္ကသိုလ်က ဘွဲ့ရပြီး ရှန်ဟိုင်းကို လာနိုင်ရုံတင်မကဘူး နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ကုမ္ပဏီတစ်ခုထဲ ဝင်နိုင်ခဲ့တယ်၊ အထက်ပိုင်း စီမံရေးရာအဖွဲ့ထဲကို ရောက်နိုင်ခဲ့တယ်၊ ဝင်ငွေကောင်းပြီး သက်တောင့်သက်သာရှိတဲ့ ဘဝတစ်ခုကို ရခဲ့တယ်ဆိုပြီးပေါ့။ ဒါပေမယ့် ငါ့ရဲ့အောင်မြင်မှုတွေကို နင့်ရဲ့အောင်မြင်မှုတွေနဲ့ နှိုင်းယှဉ်လိုက်ရင် ရယ်စရာကြီး…ဟာဟ။”
ထန်ရှုက မရယ်ဘဲ မနေနိုင်တော့ဘဲ
“ဒါဆို မနှိုင်းယှဉ်ပါနဲ့။ ကိုယ်တိုင် အောင်မြင်တယ်လို့ ထင်နေတာက သူ့ဘာသာသူ အဆင်ပြေပါတယ်။ ရွှေဇွန်းကိုက်ပြီး မွေးဖွားလာတဲ့ ကလေးတွေလိုပေါ့ သူတို့ဟာ ကမ္ဘာမြေကြီးပေါ်မှာ မွေးဖွားလာတဲ့ စက္ကန့်ပိုင်းအချိန်လေးသာ ခြားပြီး မီလီယံရာနဲ့ချီတဲ့ ချမ်းသာကြွယ်ဝမှုတွေကို ပိုင်ဆိုင်ထားပြီးသားပါ။”
ချန်းရှောင်ဝမ် စိတ်သက်သာရာရစွာဖြင့် ပြုံးလိုက်ရင်း "နင် ပြောခဲ့တာတွေက တကယ်ကို ကျိုးကြောင်းဆီလျော်ပေမယ့် နင့်ရဲ့အောင်မြင်မှုတွေကြောင့် ငါ တကယ်ကို တုန်လှုပ်နေတုန်းပဲ။ ဘာပဲဖြစ်ဖြစ် ဒီနေ့တော့ ငါ ကျွေးပါရစေ အိုခေနော်။ နောက်ရက်မှ နင့် ငါ့ကို ပြန်ကျွေး။"
ထန်ရှုက အားတင်းပြုံးပြလိုက်ပြီး
"ဒီနေ့ ကျွန်တော့်ကို ကျွေးနိုင်မယ်လို့ ထင်လား အစ်မရှောင်ဝမ်။"
"ဟင်…"
ချန်းရှောင်ဝမ်သည် ကြောင်တောင်တောင် ဖြစ်သွားပြီးမှ ဤထာဝရခန်းမ၏ပိုင်ရှင်မှာ ထန်ရှုကိုယ်တိုင် ဖြစ်သည်ကို မှတ်မိသွားသည်။ ငွေအမြန်လုရှင်းရင်တောင်မှ ငွေကိုင်က သူမ၏ပိုက်ဆံကို လုံးဝ လက်ခံရဲမည်မဟုတ်ပေ။
"ကောင်းပြီလေ … ဒါဆို ဒီနေ့ နင် ကျွေးလိုက်။ နောက်တစ်ခေါက် ငါ ကျွေးမယ်။"
ချန်းရှောင်ဝမ် အလျော့ပေးလိုက်သည်။ သူမရင်ထဲမှ ထန်ရှု၏ပုံရိပ်ကြောင့် သူမတွင် အခြားစိတ်ကူးများ မရှိခဲ့ပေ။ သူမ၏မျက်လုံးထဲတွင် ထန်ရှုသည် 'အစ်မကြီး' ဟု ခေါ်နေဆဲဖြစ်သော ဉာဏ်ကောင်းပြီး နှစ်လိုဖွယ် မောင်လေး ဖြစ်နေသေးသောကြောင့် ပင်တည်း။
"ဒါနဲ့ အစ်မကြီး … ဂျပန်ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေတယ်လို့ ပြောခဲ့တယ်မလား။ ကုမ္ပဏီနာမည်က ဘာတဲ့လဲ။”
"ဒါက လက်လီအရောင်းကုမ္ပဏီတစ်ခု ဖြစ်တဲ့ လန်းဆန်းကုန်သွယ်ရေးအုပ်စုပါ" ချန်းရှောင်ဝမ်က အပြုံးဖြင့် ပြောသည်။
သူ၏မှတ်ဉာဏ်တွင် ထိုကုမ္ပဏီ၏အမည်ကို သိမ်းလိုက်ပြီးနောက် ထန်ရှုသည် ချန်းရှောင်ဝမ်နှင့် အတူ ညစာစားပြီး ရှန်ဟိုင်းမြို့ ကျင်းနင်ဒေသ၏ ပိုင်ရှန်းကန်ရပ်ကွက်ရှိ သူမ၏နေအိမ်သို့ ကိုယ်တိုင် မောင်းပို့ပေးခဲ့သည်။ ချန်းရှောင်ဝမ်သည် ထန်ရှုအား အိမ်ပေါ်တက်ရန် ဖိတ်သေးသော်လည်း ထန်ရှုက အကြောင်းပြချက်ရှာကာ ငြင်းဆိုခဲ့သည်။ ပိုင်ရှန်းကန်အရပ်မှ ပြန်လာစဉ် ရှန်ဟိုင်းဆေးရုံတွင် ဖြစ်ပျက်ခဲ့သမျှကို ထာဝရခန်းမ၏အဖွဲ့ဝင်တစ်ဦးထံမှ တင်ပြသောဖုန်းခေါ်ဆိုမှုအား လက်ခံရရှိခဲ့သည်။
"မင်းပြောတာ...ဖုန်းခန်းကို ပြည်သူ့လုံခြုံရေးဗျူရိုက တာဝန်ဆိုင်းငံ့ထားပြီး စုံစမ်းစစ်ဆေးနေတာလား။" ထန်ရှုက ဘလူးတုနားကြပ်တပ်ကာ မေးသည်။
"အမှန်ပဲ။ သူ လုပ်ခဲ့တာတွေက အလွန်အကျွံ ဖြစ်သွားတော့ ပြည်သူ့လုံခြုံရေးဗျူရိုတစ်ခုလုံးရဲ့ ဂုဏ်သိက္ခာကို အကြီးအကျယ် ထိခိုက်သွားခဲ့တယ်။ ဒါကြောင့် သူ့ကို အထက်အရာရှိတွေက ဆိုင်းငံ့ထားပြီး ပြည်တွင်းရေးရာအဖွဲ့တစ်ဖွဲ့က သူ့ကို စုံစမ်းစစ်ဆေးနေပြီ။”
"ငါ သိပြီ။"
ထန်ရှုသည် မချိပြုံး ပြုံးကာ ဖုန်းချလိုက်သည်။ ထိုအကြောင်းကို ပြောရမည်ဆိုပါက ဤဖုန်းခန်းသည် ကံကြမ္မာဆိုးဝင်သော စစ်မှန်သည့် ယောကျ်ားကောင်းဟု ယူဆနိုင်သည်။ သူသည် ပြည်သူ့လုံခြုံရေးဗျူရိုတွင် မြင့်မားသောရာထူးကို ခိုင်မာစွာ ရရှိထားပြီး ကောင်းမွန်စွာ လုပ်ကျွေးနေပါသော်လည်း သူ၏ အလွန်ဝပြီး ရုပ်ဆိုးသောဇနီးသည် သူ၏အနောက်တွင် လှည့်စားခဲ့သည်။ ပြောရန်မလိုအပ်လောက်ပင် သူ လိမ်လည်လှည့်ဖြားခံရသဖြင့် ဒေါသကြောင့် မမျှော်လင့်ဘဲ သူ၏စိတ်မထိန်းနိုင် ဖြစ်သွားကာ ယွဲ့ဇီကောင်းအား ဆေးရုံခွဲစိတ်ခန်းတွင် သင်းကွပ်ပစ်ခဲ့သည်။
တခဏလောက် တွေးတောပြီးမှ ထန်ရှုက သူ့အဖိုးဆီ ဖုန်းဆက်လိုက်သည်။
"ဟားဟား … မင်း ငါ့ဆီ ဖုန်းဆက်ဖို့ ဘယ်လို သတိရသွားတာလဲ ရှုအာ။ အခုလေးတင် မင်းရဲ့တတိယအဘိုးနဲ့ ငါက မင်းအကြောင်းပဲ ပြောနေကြတာ။"
ဖုန်းထဲမှ ထန်ကောရှန့်၏ ရယ်မောသံ ထွက်ပေါ်လာသည်။
"ကျွန်တော်တို့မိသားစု အကျပ်အတည်းကို ကျော်ဖြတ်နိုင်ပြီး ယောင်မိသားစုလည်း ပြိုလဲသွားတဲ့အတွက် အဘိုး အရမ်းကို နေလို့ထိုင်လို့ကောင်းနေတယ် မဟုတ်လား။" ထန်ရှုက ရယ်မောကာ ပြန်ပြောသည်။
"ဟုတ်တယ် … ငါ တကယ် အတော် နေလို့ကောင်းနေတယ်။" ထန်ကောရှန့်က ရယ်မောပြီး ပြောသည်။
"အဘိုး စိတ်အခြေအနေ ကောင်းနေတယ်ဆိုတော့ တစ်ခုလောက် တောင်းဆိုလို့ ရမလား။ ကျွန်တော် လူတစ်ယောက်ကို ကာကွယ်ပေးချင်လို့။"
"မင်း တစ်ယောက်ယောက်ကို ကာကွယ်ပေးချင်တာလား။" ထန်ကောရှန့် အံ့သြသွားသည်။
"အဲ့ဒီလူက ဘယ်သူလဲ။ သူ့ပုံရိပ်က ဘာလဲ။"
ထန်ရှုက ဖုန်းခန်း၏ကိစ္စများကို ရှင်းပြပြီး
"အဘိုး … ရှန်ဟိုင်းမှာ ကျွန်တော် လုပ်ချင်တဲ့ အရာတစ်ချို့ရှိနေတယ်ဆိုတော့ ပြည်သူ့လုံခြုံရေးဗျူရိုမှာ ကိုယ့်ရဲ့လူတစ်ယောက်လောက် ရှိမယ်ဆိုရင် နောက်ပိုင်းမှာ ကိစ္စတွေကို အဆင်ပြေပြေ ဖြေရှင်းနိုင်ဖို့ အကူအညီရလိမ့်မယ်။ ဖုန်းခန်းက အခုအချိန်ဆို မကြာခင်ရောက်လာတော့မယ့် ဘေးဥပဒ်တစ်ခုနဲ့ ရင်ဆိုင်နေရဆိုတော့ သူ့ကို ကူညီလိုက်မယ်ဆိုရင် သူ့ကို စုဆောင်းရာမှာ ပိုမိုလွယ်ကူစေပြီး နောက်ပိုင်းမှာ သူ့ရဲ့အသုံးဝင်မှုကို ရရှိလိမ့်မယ်။”
ထန်ကောရှန့် တခဏကြာ တွေးတောနေပြီး “ကိစ္စမရှိဘူး။ ငါ့အဆက်အသွယ်တွေကို ချက်ချင်း သုံးလိုက်မယ်။ သူ့ရဲ့အခက်အခဲအားလုံးကို မနက်ဖြန်နေ့လည်မှာ နောက်ဆုံးဖြေရှင်းနိုင်မှာပါ။"
“အလျင်မလိုဘူး အဘိုး။ နှစ်ရက်လောက်စောင့်တာ အကောင်းဆုံးပဲ။"
ထန်ကောရှန့်သည် ထန်ရှု၏အဓိပ္ပါယ်ကို ချက်ချင်း နားလည်သည်။ ယခုအချိန်တွင် ဖုန်းခန်းသည် အကျပ်အတည်း ဖြစ်နေသော်လည်း သူ့ကို ချက်ချင်း ကူညီပေးပါက ကျေးဇူးတင်မည်မဟုတ်ပေ။ အကယ်၍ သူသည် ကြိုး၏အဆုံးတွင်ရှိ၍ စိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်ခြင်းကို ခံနေရစဉ်တွင် ကူညီပေးခဲ့ပါက သူသည် လွန်စွာ ကျေးဇူးတင်နေမည်ဖြစ်ပြီး သူ့မြေးအတွက် အလွန်အသုံးဝင်လိမ့်မည်မှာ အသေအချာ ဖြစ်ပေသည်။
"ငါ သိပြီ။ သူ့ကို နှစ်ရက်လောက် ပျော်အောင် ထားထားလိုက်ဦးမယ်။"
****
ရှန်ဟိုင်း ခန်းချောင်အိမ်ရာဝင်း…
သည်နေ့ နီကျဲ၏စိတ်အခြေအနေ လွန်စွာ ကောင်းမွန်နေပေသည်။ ဈေးဝယ်ထွက်သည့်အချိန်တုန်းက အရူးမတစ်ယောက်၏ပါးရိုက်ခြင်းကို ခံလိုက်ရသော်လည်း သူမ၏ရင်ထဲတွင် ရှိသမျှ ဒေါသများအားလုံး ပြေပျောက်အောင် လုပ်ဆောင်လိုက်ပြီဖြစ်သည်။
"ဘာတွေ သဘောတကျ ရယ်နေတာလဲ သမီးလေး။"
ဧည့်ခန်းရှိ ဆိုဖာပေါ်တွင် ထိုင်ကာ ဘဏ္ဍာရေးမဂ္ဂဇင်းကို စတင်ဖတ်တော့မည့် နီဖန်းကန်းသည် သမီးဖြစ်သူ ပြုံးရွှင်သောမျက်နှာဖြင့် အိမ်ပြန်ရောက်လာသည်ကို မြင်လိုက်ရသဖြင့် ချက်ချင်းပင် ပြုံးကာ မေးလိုက်သည်။
နီကျဲက အပြုံးဖြင့်
“ဘာမှ မဟုတ်ပါဘူး အဖေရာ။ ဒီနေ့ ခွေးရူးတစ်ကောင်ကို သပ်သပ်ရပ်ရပ် ဖြစ်အောင် စီစဉ်ခဲ့ပြီးလို့ နေရတာကောင်းနေတာပဲ။ ဒါနဲ့ လူထုလုံခြုံရေးဗျူရိုရဲ့ဒုရဲမှူးကြီးဖုန်းခန်းအကြောင်း အဖေ ကြားဖူးလား။"
နီဖန်းကန်းက တစ်စက္ကန့်အတွင်း အံ့အားသင့်သွားပြီး ခေါင်းညိတ်ပြကာ
“အဖေ သူ့ကို သိတယ်။ သိပ်ကို အလားအလာရှိတဲ့ ဒုရဲမှူးကြီးလေ။ အဘိုးကြီးဝေရဲ့ လက်အောက်က လူတစ်ယောက်လို့ အဖေ ကြားတယ်။ ရာထူးတက်နိုင်တဲ့သူ ဖြစ်လိမ့်မယ်။”
“အကြံအစည်တချို့ကို သုံးပြီး ဒီနေ့ပဲ သူ့ကို ဖြုတ်ချလိုက်တဲ့အတွက် သူ ဘယ်တော့မှ ရာထူးတက်နိုင်တော့မှာ မဟုတ်ဘူး။” နီကျဲ ရယ်သည်။ “သူ့ကို ဆိုင်းငံ့ထားတယ်ဆိုတဲ့ သတင်းကို အခုပဲ ရခဲ့ပြီး လက်ရှိမှာ စုံစမ်းစစ်ဆေးခံနေရတယ်။”
"ဘယ်လို။ ဘာတွေ ဖြစ်နေတာလဲ။" နီဖန်းကန်းက ရုတ်တရက် ခါးမတ်သွားကာ မေးလိုက်သည်။
နီကျဲက သည်နေ့တွင် ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက် အားလုံးကို ပြောပြပြီး နောက်ဆုံးမှာတော့
“သူ တစ်ယောက်ယောက်ကို အပြစ်တင်ချင်ရင် ကမ္ဘာပေါ်မှာ ဘယ်သူကမှ သူမကို မရိုက်နှက်နိုင်သလို ဟန်ပြတဲ့ သူ့ရဲ့ မရိုးသားတဲ့၊ အရှက်မရှိ၊ မာနကြီးပြီး မောက်မာတဲ့ ဇနီးသည်ကို အပြစ်တင်ရမှာပဲ။ သမီးမျက်နှာကို တစ်ချက် ကြည့်ပါဦး အဖေ … ပါးပေါ်က လက်ဝါးရာ လုံးဝ မပျောက်သွားသေးဘူး။”
နီဖန်းကန်း မျက်မှောင်ကြီးကြုတ်ကာ ခေါင်းညိတ်လိုက်ရင်း
“အခု သူတို့ကို အကွက်ချ စီစဉ်ပြီးပြီးဆိုမှတော့ ထားလိုက်တော့။ အဘိုးကြီးဝေရဲ့ အစီအစဉ်ကို ထိခိုက်သွားတာကတော့ စိတ်မကောင်းဖြစ်ရုံပဲ။”
“အဖေ … အန်ကယ်ဝေရဲ့ ကိစ္စတွေက သမီး ထိန်းချုပ်လို့ မရတော့ဘူး။ ဒါပေမယ့် သူတို့က သမီးကို မစော်ကားရင် တခြားသူတွေကို မနှောင့်ယှက်ဖို့နဲ့ ပြစ်မှားလာရင် ဆယ်ဆ ပိုပြန်ပေးဆပ်ဖို့ အဖေကိုယ်တိုင် သင်ပေးခဲ့တာပဲ။ ဖုန်းခန်းရဲ့ ဇနီးက သမီးကို ပါးရိုက်လိုက်လို့ သူတို့ကို ပြန်ပေးဆပ်ခိုင်းလိုက်တယ်။ ဒါပေမယ့် ချန်းရှောင်ဝမ်လို့ခေါ်တဲ့ အမျိုးသမီးကတော့ အတော်ကောင်းတယ်။ သမီးတော့ သူ့ကို အရမ်း သဘောကျတယ်။” နီကျဲက ဝမ်းသာအားရ ပြောသည်။
"သူက မဆိုးဘူးလို့ သမီး ပြောပြီဆိုမှတော့ သမီးရဲ့လုပ်ငန်းကို ကူညီစီမံခန့်ခွဲဖို့ လက်ထောက်အဖြစ် ရွေးလိုက်လေ။ သူ့မှာ အရည်အချင်းရှိမယ်လို့ မျှော်လင့်ပါတယ်။” နီဖန်းကန်းက ရယ်ကာပြောသည်။
“သမီး လုပ်လိုက်မယ်။” နီကျဲက အရယ်မျက်နှာဖြင့် ပြန်ပြောလိုက်သည်။
****
ကြယ်ပြာအိမ်ရာဝင်း…
ထန်ရှု ပြန်ရောက်လာပြီးနောက် သိုက်ရှင်းရွှယ် အမှန်တကယ် ရောက်လာကြောင်း သိလိုက်ရသဖြင့် အံ့သြကျေနပ်သွားမိသည်။ အမျိုးသားနေ့ အားလပ်ရက်အပြီးတွင် သူမသည် ရှန်ဟိုင်းသို့လာရန် သဘောတူညီခဲ့သော်လည်း နောက်ဆုံးတွင် သူမ၏မိသားစုအတွင်းရေးကိစ္စတစ်ခုကြောင့် တစ်လ ရွှေ့ဆိုင်းလိုက်ရသည်။
"မင်းတို့မိသားစု ပြေလည်သွားပြီလား။" ခန်းရှအနီးတွင် ထိုင်ကာ အကောင်းအဆိုးပိုင်းခြား တွေးတောတတ်သည့်စိတ် ရှိသူတစ်ယောက်ပမာ ဖြစ်နေသော သိုက်ရှင်းရွှယ်ကို ထန်ရှုက မေးလိုက်သည်။
“ဟုတ်ကဲ့ … အားလုံး ပြေလည်သွားပါပြီ။" သိုက်ရှင်းရွှယ် ပြုံးကာ ပြောလိုက်သည်။
"မင်း နေဖို့အတွက် ပထမထပ်မှာ ကြိုက်တဲ့တစ်ခန်း ရွေးလိုက်။ နောက်ပြီး ငါ့မှာ လုပ်စရာတွေက မကြာခဏ ရှိနေတတ်တာမို့ ငါမရှိတဲ့အချိန် မင်းဘာသာ ဖတ်ရှုလေ့လာလို့ရတယ်။ အချိန်ရတိုင်း ဆေးပညာကို ငါ သင်ပေးမယ်။ နှစ်သစ်မှာ မင်းရဲ့ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်မှုက အရှိန်အဟုန်နဲ့တိုးတက်လာဖို့ မျှော်လင့်ထားလို့ရပြီ။ ပြီးတော့ ဆေးဘက်ဆိုင်ရာ ဝန်ဆောင်မှုတွေကို လေ့ကျင့်ဖို့ အလုပ်သင်တစ်ယောက်အဖြစ် ငါ ဆေးရုံတစ်ရုံကိုလည်း ခေါ်သွားပေးမယ်။"
အရောင်လက်နေသော မျက်လုံးများဖြင့် သိုက်ရှင်းရွှယ်က
"ဆရာသခင်ရဲ့ အစီအစဉ်အားလုံးကို နားထောင်ပါ့မယ်။"
ထန်ရှုက ခန်းရှကို လှည့်ကြည့်ပြီး
"ညစာစားပြီးပြီလား။ ဒီညအတွက် မင်း ဘာအစီအစဉ် ရှိလဲ။"
“ညစာ စားပြီးသွားပြီ။ နောက်ပြီး ရှင်းရွှယ်နဲ့ ဈေးဝယ်ထွက်ဖို့ ကတိပေးထားတယ်။ သူ အရင်က ရှန်ဟိုင်းကို လာဖူးပေမယ့် လျှောက်ကြည့်ဖို့ အချိန် မရခဲ့ဘူးဆိုလို့။”
"ကောင်းပြီ ဒါဆို မင်းတို့ သွားကြလေ။ ကိုယ်လည်း နောက်ကျမှ ထွက်ဖြစ်လိမ့်မယ်။ အိမ်ပြန်နောက်ကျလိမ့်မယ်။” ထန်ရှုက ပြောသည်။
"နင် ဘယ်သွားမလို့လဲ။" ခန်းရှက မေးလာသည်။
“ဟောင်ကောင်က မိတ်ဆွေဟောင်းတစ်ယောက်က ကုန်ပစ္စည်းတချို့ကို ပို့ပေးတာ ကိုယ် စစ်ဆေးဖို့ လိုတယ်။ ပြီးတော့ သူတို့နဲ့ ဆွေးနွေးစရာလည်း ရှိသေးတယ်လေ။”
"ဒါဆို နင့်ကိစ္စတွေ လုပ်ပါ။ ငါတို့တွေ နင်သွားပြီးတော့မှ သွားလိုက်မယ်။"
ထန်ရှုသည် ဒုတိယထပ်ရှိ စာကြည့်ခန်းသို့သွားကာ ဆန်းကြယ်သားရဲကို လွှတ်ပေးရန် မသိစိတ်က အလိုလို လှုပ်ရှားမိသွားသည်။ အခန်းထောင့်နားသို့ ရောက်သောအခါ အစီအရင်ကို ရုတ်သိမ်းထားပြီးဖြစ်ကြောင်း သိလိုက်ပြီး သူသည် လွန်ခဲ့သော ရက်အတန်ကြာက နားခိုမြှုပ်နှံရာကျွန်းတွင် ထိုဆန်းကြယ်သားရဲကို ထားပေးခဲ့ပြီဖြစ်ကြောင်း ရုတ်တရက် သတိရသွားတော့သည်။
"ငါ တကယ်ကို အလုပ်များလွန်းတာပဲ။"
ထို့နောက် ထန်ရှုသည် ရေချိုးအဝတ်အစားလဲပြီး ယောက်သွားကျွန်းနှင့် နားခိုမြှုပ်နှံရာကျွန်းအတွက် ဒီဇိုင်းပုံစံအသေးစိတ်ကို စတင်ရေးဆွဲရန် စာသင်ခန်းသို့ ပြန်လာခဲ့သည်။ အထူးသဖြင့် ယောက်သွားကျွန်းရှိ ဆေးပင်စိုက်ပျိုးမည့်ဧရိယာ ဖြစ်သည်။ ဆေးပင်တစ်ခုစီတွင် မတူညီသော ဂုဏ်သတ္တိများ ရှိသောကြောင့် မည်သည့်ဆေးပင်မဆို စိုက်ပျိုးနိုင်မည့် အစီအစဉ်ကို ကြိုတင်ထည့်သွင်းစဉ်းစားရန် လိုအပ်ပေသည်။
ယောက်သွားကျွန်းအတွက် အသေးစိတ်ပုံစံ ရေးဆွဲခြင်း တစ်ဝက်နီးပါး အရောက်တွက် ထန်ရှု ဖုန်းအဝင်တစ်ခု လက်ခံရရှိခဲ့သည်။ လီကျွီရန်မှ ပေးပို့လာသော ဆေးပင်များအား အမြန်နှုန်းဖြင့် သယ်ဆောင်လာခဲ့သော ကားများသည် ယခုအခါ ထာဝရခန်းမသို့ ဦးတည်နေပြီဟု သိရှိရသည်။ လီကျွီရန် ပေးပို့သော ဆေးပင်များအတွက်လည်း သူ မျှော်လင့်ချက်အပြည့် ထားသည်။
ထာဝရခန်းမသို့ တစ်ဖန်ပြန်လာပြီးနောက် ထန်ရှုသည် ချီနန်နှင့်စကားပြောနေစဉ် ဆာ့ဖ်ကားလေးစီး၏ စောင့်ကြပ်မှုဖြင့် ကွန်တိန်နာကားတစ်စီး ရောက်လာသည်။ ထို့နောက် ယာဉ်ငါးစီးသည် ထာဝရခန်းမ ဝန်ထမ်းများ၏လမ်းညွှန်မှုဖြင့် ထာဝရခန်းမ၏ အနောက်ဘက်ဝင်းထဲသို့ မောင်းဝင်လာခဲ့သည်။
"ဟယ်လို မစ္စတာထန်။ ငါ့ရဲ့သူဌေးက ဒီဆေးပင်တွေကို ပို့ဆောင်ခိုင်းလိုက်တာပါ။ သူတို့အားလုံး ဒီထရပ်ကားထဲမှာပါ။ ဒီစာရင်းကို ကြည့်ပေးပါဦး။” ထန်ရှုကို မြင်မြင်ချင်း မှတ်မိသော သပ်ရပ်ခန့်ညားသော သက်လတ်ပိုင်း အမျိုးသားတစ်ဦးက ပြောလိုက်သည်။
ထန်ရှုသည် ထိုသူ့ထံမှ စာရင်းကို ယူကာဖတ်ပြီးနောက် သူ၏ချောမောသော မျက်နှာထက်တွင် အပြုံးတစ်ခု ပေါ်လာပြီး
“ခင်ဗျား … ကွန်တိန်နာကားကို ဒီမှာ ထားခဲ့လို့ရတယ်။ ဟိုတယ်တစ်ခုကို ရှာပြီး တည်းခိုအနားယူလိုက်ပါဦး။ မနက်ဖြန်မှ ဒီကားကို ပြန်ယူဖို့ စောစောလာခဲ့ပါ။"
***