ပြည်တော်ပြန် ယောင်ချင်းလုံ
Vol. 42 Ch. 581
ဆာ့ဖ်ကားလေးစီး ထွက်ခွာသွားချိန်တွင် ထန်ရှုသည် အိမ်နောက်ဖေးရှိ ဝန်ထမ်းအားလုံးကို ထွက်ခွာရန်နှင့် မည်သူမှ မလာစေရန်အတွက် ချီနန်အား အမိန့်ပေးခဲ့ပြီး ကွန်တိန်နာကားဆီ တစ်ယောက်တည်းသွားကာ ဖွင့်လိုက်သည်။
ကွန်တိန်နာကားအတွင်းတွင် အနက်ရောင်သေတ္တာ ၈၈လုံးစီ ပါရှိကာ ၎င်းတို့တစ်ခုစီတွင် ဆေးပင်များဖြင့် ပြည့်နေသည်။ ထန်ရှု၏ဆေးညွှန်းအရ အဖိုးတန်ဆေးပင် ၈၈မျိုး ရှိသည်။ ထန်ရှုသည် သေတ္တာတစ်လုံးကို ဖွင့်ကာ ဆေးပင်များ၏ ဂုဏ်သတ္တိနှင့် သက်တမ်းကို စစ်ဆေးကြည့်ပြီး ထိုသေတ္တာများကို သိုလှောင်လက်စွပ်အတွင်းသို့ တစ်ခုပြီးတစ်ခု သိမ်းဆည်းလိုက်သည်။ အားလုံး သိမ်းဆည်းပြီးသောအခါတွင် သူ၏မျက်နှာထက်တွင် နှမြောသည့်အကြည့်တစ်ခု ပေါ်လာသည်။
လီကျွီရန် စုဆောင်းပေးထားသော ရှားပါးဆေးပင်များသည် ခြင်ဆီသန့်စင်ဆေးလုံး သန့်စင်ရန် ဖြစ်ပြီး ခြင်ဆီသန့်စင်ဆေးလုံး ၁၀၀ကျော်ကို သန့်စင်ရန် လုံလောက်သည်။ အသက်အဆီအနှစ်ကို ပြန်လည်သန့်စင်ရန် လိုအပ်သော ရှားပါးဆေးပင်များကို စုဆောင်းထားသော်လည်း အရေးကြီးဆုံးသော ဆေးပင်သုံးမျိုးထဲမှ သက်တမ်းငါးရာရှိသော သိုးမွှေးပန်းပင်အမြစ်ကိုသာ စုဆောင်းထားနိုင်ခဲ့သည်။ သွေးစက်မျိုးစေ့နှင့် ထောင်စုနှစ်နှင်းကြာပန်းတို့ လိုနေဆဲဖြစ်သည်။
ခြင်ဆီသန့်စင်ဆေးလုံးကို သန့်စင်ဖို့ အချိုးအရဆိုရင် လီကျွီရန် ပေးပို့တဲ့ ဒီဆေးပင်တွေက ရာနဲ့ချီ ထုတ်လုပ်နိုင်သလို အသက်အဆီအနှစ်ဆေးလုံးကိုလည်း ထုတ်လုပ်ရန် လုံလောက်သည်။ ကံမကောင်းစွာဖြင့် ထောင်စုနှစ်နှင်းကြာပန်းနှင့် သွေးစက်အစေ့တွေကို သူ မစုဆောင်းနိုင်ခဲ့ပါချေ။ သည်အတိုင်းဆိုပါက အသက်အဆီအနှစ်ဆေးလုံးကို သန့်စင်ရန် အလွန်ခက်ခဲလိမ့်မည်ဖြစ်သည်။
ထန်ရှုက သူ၏နှမြောမှုကို မျိုသိပ်လိုက်သည်။ လူတစ်ယောက်သည် လောဘမကြီးရဟု သူ နားလည်သည်။ ခြင်ဆီသန့်စင်ဆေးနှင့် အသက်အဆီအနှစ်ဆေးကို သန့်စင်ရန် ဆေးပင်များ အများအပြားရယူခြင်းသည်ပင် အကျိုးအမြတ်ကြီးတစ်ခု ဖြစ်နေခဲ့ပြီကို သူ သိသည်။ ထောင်စုနှစ်နှင်းကြာပန်းနှင့်သွေးစက်များသည် လိုက်ရှာရုံနှင့်မရဘဲ ကံကောင်းခြင်းနှင့် သက်ဆိုင်သော အရာများ ဖြစ်သည်။ ထန်ရှုကိုယ်တိုင် အရင်က ထောင်စုနှစ်နှင်းကြာပန်းကို အမှန်တကယ် ရရှိခဲ့ဖူးသော်လည်း ဆေးလုံးသန့်စင်ရန်အတွက် ကျိချွိမိန်က အသုံးပြုခဲ့ပြီးဖြစ်သည်။
အလျင်စလိုလုပ်ခြင်းသည် ဖြုန်းတီးမှုကို ဖြစ်ပေါ်စေလိမ့်မည်။ ထန်ရှုက သည်အမှန်တရားကို ကောင်းစွာ သိပေသည်။ ထို့နောက် ကွန်တိန်နာကား၏ တံခါးကို ပိတ်ပြီးနောက် အံ့သြတကြီး ဖြစ်နေသော ချီနန်ကို လှည့်ကြည့်လိုက်သည်။
"ငါ စိတ်ကျေနပ်တဲ့အဆင့်ကို မင်း ရောက်နိုင်ရင် မင်းရဲ့အနာဂတ်မှာလည်း ကိုယ်ပိုင်သိုလှောင်လက်စွပ် ရလာလိမ့်မယ်။ ကောင်းပြီ … ငါ့မှာ လုပ်စရာလေးတွေ ရှိလို့ ပြန်တော့မယ်။"
ထိုစကားများကို ပြောပြီးနောက် ထန်ရှုသည် သူ့ကားဆီသို့ လျှောက်ကာ မောင်းထွက်သွားခဲ့သည်။
ထွက်ခွာသွားသော ကားကို တိတ်ဆိတ်စွာ ကြည့်ရင်း ချီနန်၏မျက်နှာသည် မျှော်လင့်ချက်အပြည့်နှင့် ဖြစ်နေသည်။ သူမသည် ကျင့်ကြံမှုအရင်းအမြစ်များစွာ ရှိချင်ပြီး သူမကိုယ်ပိုင် သိုလှောင်လက်စွပ်ကိုလည်း ပိုင်ဆိုင်လိုသည်။ သူမ သဘောပေါက်သွားသည့်အရာ တစ်ခု ရှိသည်။ အကယ်၍ သူမသည် သိုလှောင်လက်စွပ်တစ်ကွင်းကို ပိုင်ဆိုင်ပါက သူမ မည်သည့်အရာကိုပဲ လုပ်လုပ် မည်သည့်နေရာကိုပဲ သွားသွား လွယ်ကူသွားမည်ဖြစ်သည်။
"အခု ငါ့အတွက် အရေးကြီးဆုံး ဦးစားပေးက ငွေရှာဖို့ပဲ။"
ချီနန်သည် တည်ကြည်သောအမူအရာဖြင့် လက်သီးကို ဆုပ်ထားသည်။
ညဆယ့်နှစ်ရီတိတိ…
ထန်ရှုသည် ကြယ်ပြာအိမ်ရာသို့ ပြန်ရောက်လာချိန်တွင် ခန်းရှသည် အိပ်ခန်းထဲတွင် အနားယူမနေဘဲ ငွေကြေးရှင်းတမ်းများကို ကုတင်ပေါ်တွင် ငြိမ်သက်စွာ ထိုင်ဖတ်နေသည်ကို တွေ့ခဲ့သည်။ အသစ်တင်သွင်းထားသော ကျန်းမာရေး အထောက်အကူပြု ထုတ်ကုန်များသည် အလွန်ကောင်းမွန်သော ရလဒ်များကို ထုတ်ပေးခဲ့ပြီး ပြန်လည်ရလာသည့် အရင်းအနှီးသည်လည်း ခမ်းနားသောထန် စီးပွားရေးလုပ်ငန်း၏ ဘဏ္ဍာရေးအခြေအနေကို ပြည့်လျှံစေခဲ့သည်။
သို့သော်လည်း ထန်ရှုတွင် ကြီးမားသော အစီအစဉ်တစ်ခု ရှိကြောင်း သူမ သိသည်။ အထူးသဖြင့် ကြယ်တာရာမြို့သစ်၏ရုံးတွင်းပိုင်းဆိုရင်ရာ ဝယ်ယူမှု၊ ရှန်ဟိုင်းတွင် ကုမ္ပဏီရုံးချုပ်ကို ပြောင်းရွှေ့တည်ဆောက်မှု၊ ထိုတည်ဆောက်မှုတို့နှင့် လိုက်လျောညီထွေဖြစ်သော စက်ပစ္စည်းများနှင့်အတူ စက်ရုံများနှင့် စက်ရုံမြေနေရာများ ဆောက်လုပ်မှု … စသည်ဖြင့် ငွေကြေး ခွဲဝေလျာထားရမည့် နေရာများစွာ ရှိနေသည်။
"မင်း မအိပ်သေးဘူးလား။" ထန်ရှုက သူ၏ကုတ်အင်္ကျီကို ချွတ်ကာ ချိတ်လိုက်ပြီးနောက် အပြုံးဖြင့် မေးလိုက်သည်။
ခန်းရှက ငွေကြေးရှင်းတမ်း အစီရင်ခံစာကို ပိတ်လိုက်ပြီး
"အာ … နင် ပြန်လာပြီလား။ မနက်ဖြန် ငါ ကြယ်တာရာကို ပြန်ရတော့မယ်။ အဲ့ဒီမှာ ဖြေရှင်းဖို့ စောင့်ဆိုင်းနေတဲ့ ကိစ္စတွေ အများကြီး ရှိနေပြီ။”
"လေယာဉ်လက်မှတ်ကို ကြိုမှာပြီးသွားပြီလား။" ထန်ရှု မေးလိုက်သည်။
"ကိုယ် မင်းကို လေဆိပ်ကို လိုက်ပို့ပေးမယ်လေ။"
"ငါ ကြိုတင်မှာထားပြီးပြီ။" ခန်းရှသည် စိတ်ထဲတွင် မပြန်လိုသော်လည်း တိုးညှင်းစွာ ပြန်ဖြေသည်။
ဒီညမှာတော့ အိပ်ရာပေါ်တွင် နှစ်ယောက်သား သူတစ်ပြန် ကိုယ်တစ်ပြန် ပြင်းထန်သော အိပ်ရာထက်တိုက်ပွဲအား ဆင်နွှဲခဲ့ပြီး တိုက်ပွဲအပြီးတွင် နှစ်ယောက်သား ခြေကုန်လက်ပန်းကျကာ တစ်ယောက်နှင့်တစ်ယောက် ပွေ့ဖက်လျက် အိပ်မောကျသွားခဲ့သည်။
နောက်နေ့မနက်တွင် ထန်ရှုသည် ခန်းရှကို ရှန်ဟိုင်းလေဆိပ်သို့ လိုက်ပို့ပေးပြီးနောက် ကြယ်ပြာအိမ်ရာဝင်းသို့ ပြန်လာခဲ့သည်။ လမ်းတွင် ထန်ရှုအား ယန်လီမှ ဖုန်းဆက်လာသည်။ ကျင်းမန်ကျွန်းတွင် တစ်ချို့ကိစ္စတွေ ကိုင်တွယ်ဖြေရှင်းရန် လိုအပ်သောကြောင့် သူ့အား ထန်ရှု ဆွဲခေါ်သွားခဲ့သည်။ ထိုကျွန်းတွင် ရှိနေစဉ် ထန်မိသားစုကိစ္စသည် ပေါ်လာခဲ့သဖြင့် ပေကျင်းသို့ သွားကာ အချိန်ယူဖြေရှင်းခဲ့ရသော်လည်း ဖြေရှင်းရန် အတန်ပင် လွယ်ကူသောကြောင့် ယန်လီသည် လိုက်မသွားခဲ့ဘဲ ကျင်းမန်ကျွန်းတွင် အချိန်အနည်းငယ်ကြာ နေခဲ့ပြီးမှ ဟန်ကျင်းဝူနှင့်အတူ ရှန်ဟိုင်းသို့ ပြန်လာခဲ့ခြင်းဖြစ်သည်။
အိမ်သို့ ပြန်ရောက်လာပြီး ဧည့်ခန်းထဲ ဝင်လာသော ထန်ရှုသည် ယန်လီနှင့် သိုက်ရှင်းရွှယ်တို့နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် ပေစောင်းစောင်းအကြည့်များနှင့် ကြည့်နေသည်ကို တွေ့လိုက်ရသည်။ သူက ခပ်ဖွဖွ ပြုံးလိုက်ပြီး
"မင်းတို့နှစ်ယောက် တစ်ယောက်ကို တစ်ယောက် ခင်မင်ရင်းနှီးပြီးသားပေါ့ ဟုတ်လား။"
"ဟင့်အင်း … ငါတို့ မရင်းနှီးပါဘူး။"
သိုက်ရှင်းရွှယ်နှင့် ယန်လီတို့ တညီတညွတ်တည်း ငြင်းလိုက်ကြသည်။ နှစ်ယောက်သား ချက်ချင်းပင် တစ်ယောက်ကို တစ်ယောက် ပေစူးစူး ပြန်ကြည့်လိုက်ကြပြီး တစ်ပြိုင်နက်တည်း မျက်နှာလွှဲလိုက်ကြသည်။
ထန်ရှုသည် သူတို့နှစ်ယောက်၏စကားကြောင့် အံ့သြသွားရသည်။ သူက မပြုံးပဲ မနေနိုင်တော့ဘဲ
“ဘာဖြစ်နေတာလဲ။ မင်းတို့နှစ်ယောက်ကြားမှာ နားလည်မှုလွဲတာ တစ်ခုခု ရှိနေတာလား။"
သိုက်ရှင်းရွှယ်က မတ်တပ်ထရပ်ပြီး
“ဆရာသခင် … ဒီလူက လူယုတ်မာပဲ…”
ယန်လီက အလျင်စလို ထရပ်လိုက်ပြီး ဒေါသတကြီးဖြင့်
"ထန်ရှု … ဒီကောင်မလေးရဲ့စကားတွေ နားမထောင်နဲ့။ အဲ့ဒါက နားလည်မှု လွဲတာပါ … တကယ်ပါ။ သူ အိမ်သာထဲမှာ ဝိတ်လျှော့နေတဲ့အချိန် အိမ်သာတံခါး လော့ခ်မကျတာ ဘယ်သူက သိမှာလဲ။ ငါ မင်းရဲ့အိမ်ကို ရောက်တဲ့အခါ အရမ်းဗိုက်နာလာလို့ မြန်မြန်ဆန်ဆန်ပဲ ငါ…”
“ကောင်းပြီ … ကောင်းပြီ။ နားလည်မှု လွဲတယ်လို့ မင်းတို့နှစ်ယောက် ပြောမှတော့ အဲ့ဒါကို မေ့လိုက်ကြတော့။ ဒါနဲ့ ယန်လီ … မင်း ငါ့ကို ဖုန်းဆက်ပြီး အရေးတကြီးကိစ္စ ပြောစရာ ရှိတယ်ဆို။ ဘာများလဲ။”
“ညီအစ်ကိုထန် … သူ့ကို ထွက်သွားဖို့ ပြောလိုက်။ ဒီကောင်မလေးကို ငါ မယုံဘူး။”
ယန်လီက သိုက်ရှင်းရွှယ်ကို လက်ညှိုးထိုးကာ ပြောလိုက်သည်။
ထိုစကားကြောင့် ထန်ရှု တုန်လှုပ်သွားရပြန်သည်။
“သောက်ကျိုးနည်း … ရှင့်အကြောင်း ဘယ်သူက ဂရုစိုက်လို့လဲ။ ဟမ့်…”
သိုက်ရှင်းရွှယ်က ယန်လီကို စူးစူးဝါးဝါးစိုက်ကြည့်ကာ ဆတ်ကနဲ ရန်ပြန်ထောင်လိုက်သည်။
“ဆရာသခင် … အန်တီကျန်းနဲ့ ဟင်းချက်စရာတွေ သွားဝယ်လိုက်ဦးမယ်။ ဝယ်ချင်တာ တစ်ခုခု ရှိသေးလား။"
“မရှိဘူး။” ထန်ရှု ခေါင်းခါလိုက်သည်။
သိုက်ရှင်းရွှယ်နှင့် အိမ်အကူအန်တီကျန်းတို့ ထွက်ခွာသွားကြစဉ် ယန်လီသည် ထန်ရှု၏နံဘေးသို့ ရောက်ရှိလာပြီး
"အကြီးဆုံး စီနီယာအစ်ကိုကြီး တရုတ်နိုင်ငံကို ပြန်ရောက်ပြီး အခု ရှန်ဟိုင်း ရောက်နေတယ်။"
"ယောင်ချင်းလုံလား…" ထန်ရှု၏မျက်ခုံးများ တွန့်ချိုးသွားပြီး မေးလိုက်သည်။
"ဟုတ်တယ် … သူပဲ။" ယန်လီက ခေါင်းညိတ်လိုက်သည်။
“သူက ရှန်ဟိုင်းကို ရောက်နေပြီး ငါနဲ့ တွေ့ချင်တယ်လို့ သူ့အမှာစကားကို အခုပဲ ရတယ်။
"ယောင်မိသားစုက အဆုံးသတ်လုနီးပါးဖြစ်ပြီး သေဘေးကနေ ပွတ်ကာသီကာ လွတ်သွားတဲ့ လူတွေကလည်း နည်းလမ်းအမျိုးမျိုးနဲ့ ပုန်းအောင်းဖို့ ပေကျင်းကနေ အလျင်အမြန် ထွက်သွားကုန်ကြပြီ။ ယောင်ချင်းလုံက ပေကျင်းကို မသွားဘဲ ရှန်ဟိုင်းကို လာတာ သူက ဘာလုပ်ချင်လို့လဲ။”
“ငါလည်း အဲ့ဒါကို သိချင်နေတာ။” ယန်လီက ခေါင်းယမ်းလိုက်သည်။
"ဒါကြောင့် ငါ့ကို လာဆက်သွယ်ပြီး ဆွေးနွေးမယ်လို့ သူပြောတာကို ငါ ယတိပြတ် မငြင်းခဲ့ဘူး။ သူ ငါ့ကို ဒီလို ရုတ်တရက် လိုက်ရှာတာ ကောင်းတာဖြစ်မှာ မဟုတ်ဘူးလို့ ငါ အမြဲ ညည်းတွားနေမိတယ်။”
"သူနဲ့သွားတွေ့ပြီး သူ့စိတ်ဆန္ဒအမှန်က ဘာလဲဆိုတာ သိအောင် ရှာကြည့်ပါ။ သူက အရမ်းရည်မှန်းချက် ကြီးတယ်လို့ မင်း ပြောဖူးတာ ငါ မှတ်မိတယ်။ ပြည်ပမှာ သူ နှစ်အတော်ကြာ နေခဲ့ပြီးပြီဆိုတော့ သူ့ရဲ့ခွန်အား ဘယ်လောက်ကြီးမားလာတယ်ဆိုတာ ဘယ်သူမှ မသိနိုင်ဘူး။ ငါ သူ့ကို မကြောက်ပေမဲ့ ပြသနာဒုက္ခတွေ များလာမှာတော့ ကြောက်တယ်။ ဒီလူက အန္တရာယ် များတဲ့ ကိန်းရှင်တစ်ခုလိုပဲ။ သူ့ကို ဖယ်ရှားဖို့ ဖြစ်နိုင်သမျှ နည်းလမ်းတိုင်းကို အသုံးပြုရမယ်။" ထန်ရှုက တွေးတွေးဆဆဖြင့် ပြောလိုက်သည်။
ယန်လီက တခဏမျှ တုံ့ဆိုင်းသွားပြီးနောက် “တကယ်လို့ သူက မင်းရဲ့ရန်သူဖြစ်ချင်ရင် မင်းငါ့ကို ကတိတစ်ခု ပေးနိုင်မလား။”
"ပြောကြည့်လေ။" ထန်ရှုက အေးဆေးတည်ငြိမ်စွာ ပြောလိုက်သည်။
“အရာအားလုံး ပြောပြီးလုပ်ပြီးဆိုပေမယ့် သူက ငါ့ရဲ့စီနီယာအစ်ကိုအကြီးဆုံးပါ။ နောက်ဆုံးအချိန်မှာ မင်း သူ့အသက်ကို ချမ်းသာပေးနိုင်မလား။" ယန်လီက မေးသည်။
“သူ့အသက်ကို ချမ်းသာပေးဖို့ဆိုတာ ဖြစ်နိုင်ချေ မရှိဘူး။ မင်း ငါ့ကို ပြောကြည့် … သူ့ကို အသက်ရှင်အောင် လုပ်တာက ပိုကောင်းတယ်လို့ မင်း ထင်လား။ ဒါမှမဟုတ် စောစောစီးစီး သေဆုံးပြီး စောစော လူပြန်ဝင်စားစေချင်သလား။”
“ဒါ…” ယန်လီ ခဏတာ ငြိမ်သက်သွားပြီး သူက တွန့်ဆိုင်းစွာ ခေါင်းညိတ်ကာ
“ဒါဆိုလည်း ငါ ဘာမှ မပြောသလိုပဲ သဘောထားပေး။ သူ နိုင်ငံထဲ ပြန်လာရခြင်းရဲ့ရည်ရွယ်ချက်အမှန်ကို သိရဖို့ ငါ ကူညီမယ်။ ပြဿနာကို မင်းကိုယ်တိုင် ဖြေရှင်းလို့ ရတယ်။ ငါ မနက်ဖြန် နိုင်ငံခြားသွားလိုက်ပြီး အချိန်အတန်ကြာမှ ပြန်လာခဲ့တော့မယ်။”
"နားလည်တယ်။" ထန်ရှု ခေါင်းညိတ်လိုက်သည်။
ယန်လီ၏စရိုက်ကို သူ သိသည်။ ထန်ရှုနှင့် စီနီယာအစ်ကိုအကြီးဆုံး၏ကြားတွင်ညက်နေသလို ဖြစ်နေပြီး သူ့အတွက် လွန်စွာ ခက်ခဲပေမည်။ သူ ပြည်ပသို့ ခရီးထွက်ရခြင်း၏အကြောင်းရင်းမှာ သံသယကင်းစေရန်အတွက် ဖြစ်နိုင်သည်။
****
နေ့လယ်တွင် ယန်လီသည် ကော်ဖီဆိုင်၌ စီနီယာအစ်ကိုအကြီးဆုံးဖြစ်သူ ယောင်ချင်းလုံနှင့် တွေ့ဆုံခဲ့သည်။ ယောင်ချင်းလုံသည် ယောင်မိသားစုတွင် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်ကြောင့် နာကျင်မှုကို ခံစားနေရဟန်မတူဘဲ အပျော်လွန်နေပုံရပြီး တပြုံးပြုံး ဖြစ်နေသောကြောင့် ယန်လီ အံ့သြမိသွားသည်။
"မင်း ငါ့ဆီက ဘာလိုချင်တာလဲ။"
ယန်လီသည် ကရော်ကမည် မျက်နှာထားနှင့် စားပွဲတစ်ဖက်ရှိ ကုလားထိုင်တွင် ဝင်ထိုင်လိုက်သည်။
"ဘာသောက်မလဲ။" ယောင်ချင်းလုံက ပြုံးကာ မေးသည်။
“မင်းကို တွေ့တာနဲ့ ငါ ဘာမှ သောက်ဖို့ အရသာမရှိဘူး။" ယန်လီက သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။ "ပြောစရာရှိတာ မြန်မြန်ပြော ငါ့အချိန် မဖြုန်းနဲ့။"
ယောင်ချင်းလုံသည် ယန်လီ၏သဘောထားကို ကျင့်သားရနေပုံရှိပြီး ပေါ့ပေါ့ပါးပါးအပြုံးဖြင့် တုံ့ပြန်လိုက်သည်။
“ဂျူနီယာညီလေး … ဆရာကြီး ကွယ်လွန်သွားပေမယ့် ငါတို့က သိုင်းပညာသင်ဖက်ညီအစ်ကိုတွေ ဖြစ်နေတုန်းပဲ။ ငါ မင်းကို တွေ့ပြီး ဟိုးအရင်က အကြောင်းတွေပဲ ပြောချင်တယ်။ ဒါ အိုခေတယ် မဟုတ်ဘူးလား။"
"မင်းက ဉာဏ်များတဲ့ အကြံသမားဖြစ်ပြီး တခြားသူတွေဆီက ဘာရနိုင်မလဲ တွေးနေတာလေ။ တစ်ယောက်နဲ့တစ်ယောက် ဆက်ဆံရေးတွေ ပျက်မှာကို ငါ ကြောက်တယ်။ အခု မင်း ပြောမှာလား မပြောဘူးလား။ မပြောရင် ငါ သွားတော့မယ်။" ယန်လီက မနှစ်လိုသော အမူအရာဖြင့် ပြောသည်။
“ကောင်းပြီ … မင်းက ဝုန်းဒိုင်းကြဲနေတုန်းပဲ ကောင်စုတ်လေး။ ငါ အဲ့ဒါကို အကျင့်တော့ ရနေပါပြီ။ အိုခေ … အိုခေ … ဒါဆို အရေးကြီးတာ ပြောပြမယ်။ မင်းရဲ့အကူအညီလိုနေတဲ့ စီးပွားရေး သဘောတူညီချက်တစ်ခု ငါ ရထားတယ်။ အဲ့ဒါကို ငါတို့တွေ လုပ်တာ အောင်မြင်သွားခဲ့ရင် ငါ မင်းကို မီလီယံ၁၀၀ ပေးမယ်။”
"မီလီယံ ၁၀၀ ဟုတ်လား။ ဘယ်လောက်တောင် ကောင်းလိုက်တဲ့ သဘောတူညီချက်လဲ။"
ယန်လီသည် အံ့အားသင့်စွာ ကြည့်လိုက်ပြီး ယောင်ချင်းလုံအား စူးစမ်းလိုက်သည်။
“တကယ်ပဲ ဒါက ကိစ္စကြီးပဲ။ ခမ်းနားသော ထန်စီးပွားရေးလုပ်ငန်းစုက ထုတ်ကုန်နည်းစနစ်တွေအတွက် လူအချို့က မြင့်မားတဲ့ ဈေးနှုန်းတွေ ပေးထားတယ်။ လူတော်တော်များများက ဒီကုမ္ပဏီကို အာရုံစိုက်နေကြသလို အများအပြားက အဲ့ဒီကုမ္ပဏီကို တိုက်ခိုက်နေကြပေမယ့် နောက်ဆုံးမှာ သူတို့အားလုံး ကျရှုံးသွားတယ်။ ငါက သဘောတူညီချက်ကို ရယူထားတာကြောင့် နိုင်ငံကို ပြန်ရောက်တာနဲ့ မင်းကိုရှာဖို့ ရှန်ဟိုင်းကို တိုက်ရိုက်လာခဲ့တာပဲ။ နောက်ပြီး ဒုတိယနဲ့ တတိယတို့ကလည်း သဘောတူထားကြပြီးပြီ။ သူတို့ အခု ရှန်ဟိုင်းကို လာနေကြပြီလေ။”
ခမ်းနားသော ထန်စီးပွားရေးလုပ်ငန်းစု…
ယန်လီ စိတ်အတွင်းထဲ တိတ်တဆိတ် သက်ပြင်းချလိုက်ပြီး ယောင်ချင်းလုံကို သနားသလို ရှုံ့လည်း ရှုံ့ချမိသည်။ ယောင်ချင်းလုံသည် ၎င်း၏ယောင်မိသားစုမှ တစ်စိတ်တစ်ပိုင်း ဝေးကွာနေပြီး လက်ရှိတွင် ၎င်း၏သွေးသားရင်းများ သေဆုံးသွားသည့်တိုင် ဆွေမျိုးပေါက်ဖော်ချစ်ခင်မှုကို အမှန်တကယ် ဂရုမစိုက်ဘဲ လျစ်လျူရှုထားပြီး ထန်စီးပွားရေးလုပ်ငန်းစုကို ပစ်မှတ်ထားနေခဲ့သည်။ အခြားသူများက ဤကုမ္ပဏီအကြောင်း အသေးစိတ်ကို မသိနိုင်သော်လည်း ၎င်းနှင့်ပတ်သက်၍ ယန်လီကမူ ရှင်းရှင်းလင်းလင်း သိသည်။ ထန်ရှုနှင့် ထာဝရခန်းမက လူသားမဟုတ်သောသူများ ပိုင်ဆိုင်ထားကြသည့် ကြောက်စရာကောင်းသော နည်းဗျူဟာတွေကြောင့် ယောင်ချင်းလုံနှင့် သူခိုးဂိုဏ်း၏တခြားတပည့်များသည် မည်သည့်အခါမှ ဆန္ဒပြည့်မည်မဟုတ်ပေ။
ယန်လီသည် တခဏတာ ငြိမ်သက်သွားပြီး
“ငါ့မှာ ပြဿနာတစ်ခု ရှိနေတယ် မပါနိုင်လောက်ဘူး။ အစ်ကို မင်းက ယောင်မိသားစုဝင်မလား။ ငါ ကြားရတဲ့ သတင်းအရ ယောင်မိသားစုက ဆိုးရွားတဲ့ အခြေအနေမှာ ရှိနေပြီး လူအများစုက တိမ်တွေပေါ်ကနေ ပြုတ်ကျနေသလိုမျိုး အန္တရာယ်တွေနဲ့ ကြုံတွေ့နေရတယ်။ မင်းက ယောင်မိသားစုဝင်တစ်ယောက်ဖြစ်တာတောင် အစ်ကိုကြီးကို ကြည့်ရတာ သူတို့ကို ဂရုမစိုက်သလိုပဲ။"
ယောင်ချင်းလုံ၏မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ သူ၏မျက်လုံးများထဲတွင် သတ်ဖြတ်လိုစိတ်များ ရိပ်ကနဲ ဖြတ်သွားပြီး
“ဒီရန်ငြိုးကြီးကို ငါ လက်စားချေမှာ အသေအချာပဲ။ ဒါပေမယ့် ငါ အနိုင်ရဖို့ အလားအလာ ဘယ်လောက် ရှိမယ်လို့ မင်း ထင်လဲ။ မင်း ပြောချင်တာကို ငါသိတယ်။ ငါ့မှာ အေးစက်နေတဲ့ နှလုံးသားရှိတယ်လို့ မင်း ထင်နေတာမလား။ ဟမ့် ... ၁၀ နှစ်ဆိုတာ ယောက်ျားတစ်ယောက်အတွက် လက်စားချေဖို့ ဘယ်လောက်မှ ကြာတဲ့အချိန် မဟုတ်ဘူး။ တအားမုန်းတီးလွန်းအားကြီးတဲ့ ရန်သူကို အရင် ခံစားခဲ့ရတာတွေအတွက် ခုချိန်မှာ ချေမှုန်းမယ်ဆိုရင် အင်အားနည်းနေတဲ့ငါက ကျောက်ဆောင်ကြီးကို ကျောက်ခဲလေးတစ်တုံးနဲ့ ပေါက်နေသလို ဖြစ်နေမှာပေါ့။ ငါပဲ ပျက်စီးသွားလိမ့်မယ်။ နောက်ဆုံးတော့ ကလဲ့စားချေမှုက မဖြစ်နိုင်တဲ့ကိစ္စ ဖြစ်သွားရုံတင်မကဘူး ကိုယ့်ကိုယ်ကိုယ် ကြိုးကွင်းစွပ်ပြီး ကြိုးစင်ပေါ်တင်ပေးလိုက်သလို ဖြစ်သွားမှာပဲ။”
***