အချင်းချင်း လှည့်စားခြင်း
Vol. 42 Ch. 583
ယောင်ချင်းလုံ ပြောသောစကားများသည် ကျိုးကြောင်းဆီလျော်သောကြောင့် ယန်လီလည်း ထောက်ခံသည်။ သို့သော် ယောင်ချင်းလုံသည် ထန်ရှုကို လက်စားချေရင်း သူ့ကိုယ်ကျိုးအတွက်သာ ဆောင်ကြဉ်းသွားမည်ကိုဖြင့် ယန်လီ ရှင်းရှင်းလင်းလင်း သိနေပေသည်။ ယင်းမတိုင်မီက သူသည်လည်း ထိုသို့ တူညီသော အရင်းခံမှ သည်ကဲ့သို့ ချစ်ခင်ကြင်နာမှုမျိုး ရရှိခဲ့ဖူးသည်။ သို့သော် သူတို့၏ဆရာကြီး ကွယ်လွန်ပြီးနောက် ယောင်ချင်းလုံသည် သူ့အား မရိုးဖြောင့်စွာ ဆက်ဆံခဲ့သောကြောင့် နောက်ဆုံးတွင် သူတို့၏ခင်မင်ရင်းနှီးမှုနှင့် သံယောဇဉ်များသည် ခန်းခြောက်သွားခဲ့သည်။
“မင်းကို ငါ ပြောခဲ့တာကို မေ့သွားပြီလား ချင်းလုံ။ ငါတို့က သိုင်းညီအစ်ကိုတွေ မဟုတ်တော့ဘူး။ မင်းဘာသာမင်း လွတ်လွတ်လပ်လပ် လုပ်ချင်သလို လုပ်။ အဲ့ဒါက ငါနဲ့ ဘာမှ ဆက်စပ်မှုရှိမှာ မဟုတ်ဘူး။ မင်းမှာ ပြောစရာမရှိတော့ရင် ငါ သွားတော့မယ်။" ယန်လီက ထိုင်ခုံပေါ်မှ ထရပ်ကာ ထွက်ခွာရန် ပြင်သည်။
ယောင်ချင်းလုံက ပါးစပ်ကို မဲ့လိုက်ရင်း “မင်း သိပါတယ် ဂျူနီယာညီလေး။ ကြည့်ရတာ ဆရာသခင် မသေခင် မင်းဆီ ပို့လိုက်တဲ့ ကောင်းကျိုးက ငါ ထင်တာထက် ပိုတယ်နဲ့တူတယ်။ မီလီယံ ၁၀၀တောင် မင်းကို လှုပ်ရှားဖို့ မလုံလောက်ဘူးပဲ။"
ယန်လီ သိသိသာသာ အမူအရာပျက်သွားကာ ဒေါသတကြီး ပြောလိုက်သည်။
"ဆရာသခင် ဆုံးပါးသွားပြီးနောက် ကျန်ခဲ့တဲ့ အရာအားလုံးက ငါ့ရဲ့ကိုယ်ပိုင်အရည်အချင်းတွေပဲ။ မင်းရဲ့ အသေးအဖွဲအရည်အချင်းတွေနဲ့ စိတ်ပူနေစရာ မလိုဘူး။"
ယောင်ချင်းလုံ၏မျက်နှာပေါ်ရှိ အမူအရာသည် ခံစားချက်ကင်းမဲ့ဟန်ဖြင့် ပေါ့ပေါ့တန်တန် ပြန်ဖြေလိုက်သည်။
"အဘိုးကြီးက အဲ့ဒါတွေကို ငါတို့ ဘယ်တော့မှ မရနိုင်ဘူးလို့ တွက်ထားပြီး မင်းအတွက် ဒီလို လေ့ကျင့်မှုမျိုး ထားပေးခဲ့တာပေါ့ ဟဟ။ ... ဟမ့် … သူ သေသွားပြီ … ဒီတော့ သူ့ပစ္စည်းတွေကို အညီအမျှ ခွဲရမှာပဲ။ ဒါပေါ့ … မင်း ငါ့ကို ခမ်းနားသော ထန်လုပ်ငန်းစုရဲ့ ထုတ်ကုန်နည်းစနစ်တွေကို ခိုးယူရာမှာ ဒီတစ်ခေါက် ကူညီပေးရင်တော့ ဆရာ့အမွေပစ္စည်းတွေ အကြောင်း ငါ ဘယ်တော့မှ ထပ်မပြောတော့ဘူးပေါ့။ ဒုတိယနဲ့ တတိယညီအကိုတွေကို လက်လွှတ်လိုက်ဖို့ လျော်ကြေးတောင် ပေးလိုက်ဦးမယ်။ ဘယ်လိုလဲ။"
"အိပ်မက်သာ မက်နေလိုက်။" ယန်လီက ကျယ်လောင်စွာ ပြစ်တင်ပြောဆိုလိုက်သည်။
“ငါ ယန်လီက တခြားဟာကို ကြောက်ကောင်း ကြောက်နေနိုင်ပေမယ့် ခြိမ်းခြောက်တာကိုတော့ မမှုဘူး။ အရင်က ငါတို့အချင်းချင်းကို သိုင်းပညာသင်ဘက်ညီအစ်ကိုတွေလို့ သဘောထားပြီး မင်း ငါ့ကို သတ်ဖို့ ကြိုးစားတဲ့ကိစ္စကိုတောင် ငါ ခွင့်လွှတ်ပေးထားတယ်။ ဒါပေမယ့် မင်း ငါ့ကို ထပ်ပြီး တိုက်ခိုက်ဝံ့ရင် အတိတ်က ရင်းနှီးမှုကို မေ့ပြီး ရက်စက်တယ်လို့ ငါ့ကို အပြစ်မတင်နဲ့။"
ယောင်ချင်းလုံက ရယ်ချင်စိတ်ကို မထိန်းနိုင်တော့ဘဲ ရယ်မောလိုက်ရင်း
"မင်း ဘာတွေ ပြောနေတာလဲ ဂျူနီယာညီလေး။ မင်းရဲ့စီနီယာအစ်ကိုကြီးငါက မင်းကို သတ်ဖို့ ဘယ်လို ကြံနိုင်မှာလဲ။ မင်း တကယ် မလုပ်ချင်ဘူးဆိုရင် ငါ မင်းကို အတင်း လုပ်ခိုင်းမှာ မဟုတ်ဘူး။ မင်း လုပ်စရာရှိတာသာ လုပ်ပါ။ ဒုတိယနဲ့တတိယညီတွေ ရောက်လာလို့ရှိရင် မင်းနဲ့အတူ သောက်ဖို့ ကြယ်ပြာအိမ်ရာကို တန်းလာခဲ့မယ်။"
သူ၏လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားရင်း ယန်လီ၏မျက်လုံးများထဲတွင် သတ်ဖြတ်လိုရိပ်များ ပေါ်လာခဲ့သည်။ သူ မည်သည့်နေရာတွင် နေသည်ကို ယောင်ချင်းလုံ သိနေသဖြင့် သူတို့သည် ယန်လီကို စုံစမ်းထားသည်ဟုဆိုလိုပြီး သည်အချင်းအရာသည် ခြိမ်းခြောက်မှုတစ်ခု ဖြစ်သည်မှာ ထင်ရှားပေသည်။ သူတို့ကို မကူညီပါက သူတို့၏ဓားများသည် သူ့ကို ညွှန်ဖို့ အလားအလာ များပေသည်။
"မင်းမျက်နှာကို ကြည့်ပါဦး ညီလေးရ။ မင်းကြည့်ရတာ ငါတို့ကို မကြိုဆိုသလိုပဲ ဟမ်။ ငါတို့ကို အဲ့ဒီလို မလုပ်စေချင်ရင် မင်း ငြိမ်ငြိမ်လေး ဆက်ထိုင်ပြီး ငါနဲ့ စကားဆက်ပြောသင့်တယ် ထင်တယ်။ ခဏကြာရင် မင်း စိတ်ပြောင်းရင် ပြောင်းသွားနိုင်တယ်။" ယောင်ချင်းလုံက အပြုံးဖြင့် ပြောလိုက်သည်။
"ငါ ဘယ်တော့မှ စိတ်ပြောင်းမှာ မဟုတ်ဘူး … ဒါက အခွင့်အရေးတစ်ခု မဟုတ်ဘူး။" ယန်လီက အေးစက်စက် ပြောလိုက်သည်။
"ဒါပေါ့ … မင်း လာလည်ချင်ရင် ငါ့ဆီ လာလည်ပါ။ ငါ မင်းကို နွေးနွေးထွေးထွေး ကြိုဆိုမယ်။ မင်း မသေပါစေနဲ့လို့သာ ငါ ဆုတောင်းပါတယ်။"
ထိုသို့ပြောပြီးနောက် ကော်ဖီဆိုင်အပြင်ဘက်သို့ လှည့်ထွက်လာခဲ့စဉ် ယောင်ချင်းလုံ၏အပြုံးမျက်နှာမှာ တည်ကြည်သွားတော့သည်။
…ဘန်း...
ယောင်ချင်းလုံသည် ပျောက်ကွယ်သွားသော ယန်လီ၏ကျောပြင်ကို ကြည့်ရင်း စားပွဲအား ရိုက်ပစ်လိုက်သည်။ သူ့စိတ်ထဲတွင် သတ်ပစ်လိုစိတ်များ တဖွားဖွား ပေါ်လာရသည်။
“ကောင်စုတ်လေး … မင်းက သေခြင်းတရား ဒါမှမဟုတ် အန္တရာယ်ကို မသိဘူးပေါ့ ဟုတ်လား။ ဒါဆို ငါ မင်းကို နာကျင်ရအောင် လုပ်ပေးရသေးတာပေါ့လေ။ သေခြင်းတရားမှာ မင်း ခံနိုင်ရည် ရှိနေနိုင်မလား ငါတို့ စောင့်ကြည့်မယ်။”
****
ဂျပန်နိုင်ငံ ဖူဂျီယာမတောင်ထိပ်တွင်…
ကုဝါကိုယာမာမိုတိုသည် ချယ်ရီပင်အောက်တွင် တင်ပျဉ်ခွေ ထိုင်နေပြီး ဂျပန်ဆာမူရိုင်းဓားရှည်ကို ဖက်ထားသည်။ သူမသည် အနက်ရောင် လေ့ကျင့်ရေးဝတ်စုံကို ဝတ်ဆင်ထားပြီး မိုးရေစက်များအား သူမ၏ဆံပင်များကို စိုစွတ်ခွင့် ပြုထားသည်။
… ဝှစ်…
တစ္ဆေဝိညာဉ်သဖွယ် ပုံရိပ်တစ်ခုသည် သူမ၏အရှေ့တွင် တိတ်တဆိတ် လွင့်မျောပေါ်လာပြီး ဒူးထောက်ထိုင်လိုက်သည်။ ထိုပုံရိပ်သည် နဖူးရှေ့တွင် ဆံမြိတ်ချထားသော ဖြူဖွေးသော ဆံနွယ်များပိုင်ရှင် အမျိုးသမီးတစ်ဦး ဖြစ်သည်။
“မမလေး … ပစ္စည်း ရပါပြီ။ ဒီကို လာတဲ့လမ်းမှာပါ။ မနက်ဖြန်မနက် နောက်ဆုံးထားပြီး ရောက်ပါလိမ့်မယ်။”
ကုဝါကို ရုတ်ခြည်းပင် မျက်လုံးများ ဖွင့်လိုက်ပြီး အံ့သြကျေနပ်နေသည့် အကြည့်တို့ဖြင့်
“သူတို့ အလုပ်ကောင်းကောင်း လုပ်ခဲ့တာပဲ။ ဒီပစ္စည်းက ငါ့အတွက် သိပ်အသုံးမဝင်ပါဘူး၊ ဒါပေမယ့် … ကောင်းပြီ … သူတို့ကို ခြေရာလက်ရာ မကျန်ခဲ့စေဖို့ ပြောပါ။”
"နားလည်ပြီ။"
နင်ဂျာဝတ်စုံဝတ်ထားသည့် အမျိုးသမီးက ပြန်ဖြေသည်။ သူမ၏ခန္ဓာကိုယ်သည် ယိမ်းနွဲ့သွားပြီး နေရာမှ ပျောက်ကွယ်သွားခဲ့သည်။
ကူဝါကို၏မျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ်လာလျက် “ဟာနာကို … တရုတ်နိုင်ငံ ရှန်ဟိုင်းကို သွားဖို့ လေယာဉ်လက်မှတ် ကြိုတင်မှာထားပေးပါဦး။ ခမ်းနားသော ထန်လုပ်ငန်းစုနဲ့ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်တွေကို ဆက်လက်ညှိနှိုင်းဖို့ တရုတ်နိုင်ငံကို သွားရဦးမယ်လို့ အဖေ့ကိုလည်း အကြောင်းကြားပေးပါ။”
“ကောင်းပါပြီ။” သစ်ပင်၏အနောက်ဘက်မှ အသံတစ်ခု ထွက်လာပြီး မကြာမီ တိတ်ဆိတ်သွားတော့သည်။
****
ရှန်ဟိုင်း … ကြယ်ပြာအိမ်ရာဝင်း …
ယန်လီတစ်ယောက် အိမ်သို့ ပြန်လာစဉ် နောက်ယောင်အလိုက်ခံနေရသည်ကို ရိပ်မိလိုက်သည်။ ထို့ကြောင့် ထန်ရှု၏နေရာကို တန်းမသွားဘဲ အိမ်နံပါတ် (၁၁)သို့ ပြန်သွားခဲ့သည်။ ထို့နောက် သူ၏အိပ်ခန်းပြတင်းပေါက်ဆီသို့ လျှောက်သွားပြီး အပြင်ဘက်အခြေအနေကို စောင့်ကြည့်ရင်း ထန်ရှုဆီ ဖုန်းဆက်လိုက်သည်။
"ပြန်လာပြီလား။" ထန်ရှု၏အသံအား ဖုန်းမှ ကြားလိုက်ရသည်။
"ထန်ရှု … ငါ မင်းရဲ့အကူအညီကို လိုတယ်။" ယန်လီက ပြောသည်။
"ငါ့ကို ပြောလေ။ ဘာလိုလဲ။" ထန်ရှုက မေးလိုက်သည်။
"ယောင်ချင်းလုံ၊ တုရန်ဟီနဲ့ ချိုးကျန့်တို့ ဒီည ငါ့ကို လာတိုက်ခိုက်မှာကို ကြောက်နေတယ်။ ငါ့အတွက် မင်း သူတို့ကို သတ်ပေးနိုင်မယ်လို့ ငါမျှော်လင့်ပါတယ်။” ယန်လီက ဆိုသည်။
"သူတို့က မင်းကို ဘာလို့ သတ်ချင်နေတာလဲ။" ထန်ရှု မျက်ခုံးပင့်လိုက်သည်။
"နောက်ပြီး မင်း ဒီမှာ နေတယ်ဆိုတာ ဘယ်လို သိသွားတာလဲ။"
"ယောင်ချင်းလုံက ငါ့နေရာကို စုံစမ်းဖို့ လူတချို့ကို လွှတ်ထားတာဖြစ်မယ်။ ရှန်ဟိုင်းမှာ အမြဲလိုလို ငါ လျှို့လျှို့ဝှက်ဝှက် လှုပ်ရှားနေပေမယ့် ဒီနေရာမှာ နေတာ ကြာသွားပြီဆိုတော့ သူတို့ရဲ့ အစွမ်းအစနဲ့ဆို စုံစမ်းရတာ အလွယ်လေးပဲ။ ဒါနဲ့ ယောင်ချင်းလုံရဲ့ရည်ရွယ်ချက်ကို ငါ သိခဲ့ပြီ။ သူတို့တွေ ခမ်းနားသောထန်လုပ်ငန်းစုရဲ့ ထုတ်ကုန်နည်းစနစ်တွေကို ခိုးယူဖို့ ကြံနေကြတာ။ ငါ့အကူအညီကိုလည်း လိုချင်နေကြတယ်။ ငါကတော့ ပြတ်ပြတ်သားသား ငြင်းပစ်ခဲ့တယ်။” ယန်လီက ပြောပြသည်။
"ငါ သိပြီ။" ထန်ရှု ပြောလိုက်ပြီးနောက် ချက်ချင်း ဖုန်းချလိုက်သည်။
မူလက ယောင်ချင်းလုံကို ဖယ်ရှားရန် သူ အလျင်မလိုခဲ့ပေ။ ယောင်ချင်းလုံ၏တာအိုစွမ်းရည်အား တစ်ခါမျှ သူ မမြင်ဖူးသော်လည်း ထိုသူသည် သူခိုးဂိုဏ်း၏တပည့်ကြီး ဖြစ်သည်။ သို့သော် သူ့ကုမ္ပဏီ၏ထုတ်ကုန်နည်းစနစ်များကို ခိုးယူပြီး ခမ်းနားသောထန် လုပ်ငန်းစုအား အမှန်တကယ် တိုက်ခိုက်လိုခြင်းသည် ခွင့်မလွှတ်နိုင်သော အရာ ဖြစ်သည်။ ထိုနည်းစနစ်များသည် ငွေရှာရန် သူ အားကိုးရသည့် အရင်းအနှီးများ ဖြစ်ပြီး ယောင်ချင်းလုံကသာ ခိုးယူလိုက်မည်ဆိုပါက သူ၏ဆုံးရှုံးမှုသည် လွန်စွာ ကြီးမားသွားပေမည်။
"မင်းက ကောင်းကင်လမ်းကို ငြင်းပယ်ပြီး ငရဲတံခါးကို မင်းဘာသာမင်း သွားချင်နေတာပဲ။"
ထန်ရှုက ရယ်သွမ်းသွေးလိုက်ပြီး ချီနန့်ဆီ ဆက်သွယ်လိုက်သည်။ သူ၏ခွန်အားသည် လွန်စွာ ကြောက်မက်ဖွယ် ကောင်းနေပြီဖြစ်သော်လည်း တစ်ဖက်မှ လူများလွန်းပါက လူအချို့ လွတ်သွားနိုင်သည်။ ထို့ကြောင့် ရှောင်လွှဲ၍မရသော ပိုက်ကွန်ကို ဖြန့်ကျက်ရန် ထာဝရခန်းမမှ ကျွမ်းကျင်သူများကို လိုအပ်သည်။ တစ်ဖက်လူမှ ဆရာသခင်များစွာ လာခဲ့ရင်တောင် ထိုသူတို့ကို မည်သည့်အခါမှ ပြန်ခွင့်ပြုတော့မည်မဟုတ်ချေ။
****
ယန်လီနှင့် ယောင်ချင်းလုံ တွေ့ခဲ့ကြသော ကော်ဖီဆိုင်…
ယောင်ချင်းလုံသည် မပြန်သေးဘဲ ကုလားထိုင်ပေါ်တွင် ငြိမ်သက်စွာ ထိုင်နေရင်း မှာယူထားသော ကော်ဖီအား အရသာခံ သောက်နေသည်။ သူသည် တစ်စုံတစ်ရာအား တိတ်ဆိတ်စွာ တွေးတောနေလျက် ရှိသည်။ တရုတ်နိုင်ငံသို့ ပြန်ရောက်ပြီးနောက် ရှန်ဟိုင်းသို့ ဦးစွာ တန်းသွားရသည့် အကြောင်းအရင်းမှာ ယောင်မိသားစု၏လက်ရှိအခြေအနေကို ဂရုမစိုက်ခြင်းကြောင့် မဟုတ်ဘဲ သူ့ကိုယ်သူ ထုတ်ဖော်မပြချင်သောကြောင့် ဖြစ်သည်။
ယောင်မိသားစုသည် သူ့အတွက် အလွန် အရေးကြီးသည်ဆိုသော်ငြားလည်း သူ့အတွက် အကျိုးကျေးဇူးတွေ ပေးနိုင်သည်မှာ ယခင်ယောင်မိသားစု အခြေအနေက ဖြစ်သည်။ ယခုအချိန်တွင် ယောင်မိသားစုသည် ခွေးလေခွေးလွင့်နှင့်တူပြီး မိသားစု၏အခြေခံအုတ်မြစ်တစ်ခုလုံးသည်လည်း အခြားသူများက ခိုးယူသွားဖွယ်ရှိသည်။ သူ စုဆောင်းထားသည့် သတင်းထောက်လှမ်းရေးများအရ ပေကျင်းတွင် ယောင်မိသားစု မရှိတော့သည်ကို သိပ်မကြာခင်အချိန်အတွင်းမှာပဲ သူ သိခဲ့ပြီးဖြစ်သည်။
သို့သော် သည်အရာများအားလုံးသည် သူ့အတွက် အရေးမကြီးပါချေ။ ပိုအရေးကြီးသည်မှာ ခမ်းနားသောထန် လုပ်ငန်းစု၏ထုတ်ကုန်နည်းစနစ်များ ဖြစ်သည်။ သည်တစ်ခေါက် သူ ပြန်လာခြင်းသည် သည်ခက်ခဲသောကိစ္စအတွက်သာ ဖြစ်တော့သည်။
"စီနီယာအစ်ကိုကြီး … စီနီယာအစ်ကိုကြီး …"
အဝေးမှ အသံနှစ်သံထွက်ပေါ်လာပြီး တုရန်ဟီနှင့် ချိုးကျန်တို့သည် ပြုံးရွှင်နေသော မျက်နှာများဖြင့် ယောင်ချင်းလုံ၏အရှေ့တွင် ပေါ်လာခဲ့သည်။ ဤသိုင်းပညာသင်ညီအစ်ကိုသုံးဦးစီတွင် ကိုယ်ပိုင် အကြံအစည်များ ကိုယ်စီရှိကြသော်လည်း အချင်းချင်း သဟဇာတဖြစ်စွာ ပေါင်းသင်းနေကြဟန်ရသည်။
ယောင်ချင်းလုံသည် ထကာ ထိုနှစ်ယောက်စလုံးအား ပွေ့ဖက်လိုက်ပြီး ဆိုဖာ၏အခြားတစ်ဖက်တွင် ထိုင်ရန် အမူအရာပြလိုက်သည်။ ထို့နောက် သူက ရယ်ရယ်မောမောဖြင့်
“မင်းတို့နှစ်ယောက်လာတာ မြန်သားပဲ။”
"စီနီယာအစ်ကိုကြီး … မင်း ငါတို့ကို ခေါ်မှတော့ အချိန်နဲ့တပြေးညီ အရောက်လာရမှာ သဘာဝပဲလေ။ ဒါနဲ့ ဟိုကောင်ကြီး ယန်လီရော။ အစ်ကိုကြီး သူ့ကို ကြိုသွားတွေ့မယ်လို့ ပြောသွားတာ မဟုတ်ဘူးလား။”
“အဲ့ဒီကောင်က ငါတို့နဲ့ မပေါင်းချင်ဘူး။ ငြင်းပြီး ထွက်သွားပြီ။” ယောင်ချင်းလုံက ရယ်ရယ်မောမော ပြောလိုက်သည်။
"ဒီကောင်က ဖိအားပေးပြီး လုပ်ခိုင်းတာတောင် ငြင်းနေဦးမယ်လို့ ငါ ထင်တယ်။" တုရန်ဟီက မောက်မာအထင်သေးစွာဖြင့် ပြောလိုက်သည်။ “အကိုကြီး … မင်းအမိန့်အတိုင်း ငါ သူ့ကို ဒီနေ့ သတ်ပစ်မယ်။ နောက်ပြီး အဲ့ဒီကောင်စုတ်လေးက ငါတို့ဆရာသခင် ကျန်ရစ်ခဲ့တဲ့ ပစ္စည်းတွေအားလုံး ယူဆောင်သွားတာပဲဖြစ်ရမယ်။ သူ့ကို နောက်ဆုံးအကြိမ်တုန်းက မသတ်နိုင်ခဲ့လို့ ငါ့ရင်ထဲမှာရှိတဲ့ ဒေါသတွေ မပြေနိုင်သေးဘူး။"
“သူ့ကို ရှာကြည့်ကြတာပေါ့။ ဆရာကြီး ချန်ထားခဲ့တဲ့ အမွေပစ္စည်းတွေ အကုန်မထုတ်ပေးရင် သတ်ပစ်လိုက်ရအောင်။ အမွေဥစ္စာတွေအားလုံးကို သိမ်းထားပြီး သူ့အသက်ကို ဂရုမစိုက်ဘူးဆိုတာကို ငါ မယုံချင်ဘူး။" ချိုးကျန့်က သံယောင်လိုက်သည်။
“စိတ်မပူပါနဲ့။ အဲ့ဒါကို နေ့ခင်းကြောင်တောင် လုပ်ဖို့က ငါတို့အတွက် မသင့်တော်ဘူး။ နောက်ပြီး သူ့လမ်းကြောင်းတွေကို ရှာဖွေဖို့ လူအချို့ ငါ လွှတ်ထားတယ်။ သူက အခု လွတ်သွားချင်ရင်တောင်မှ ငါ့ရဲ့သတင်းပေးသူတွေကို မျက်ခြည်ဖြတ်နိုင်မှာ မဟုတ်ဘူးဆိုတာ သေချာတယ်။” ယောင်ချင်းလုံက ရယ်မောပြီး ပြောလိုက်သည်။
“ဒါနဲ့ မင်းတို့ကို ဒီခေါ်လိုက်ရတဲ့ အဓိကရည်ရွယ်ချက်ကို ပြောပြမယ်။ ခမ်းနားသောထန်လုပ်ငန်းစုရဲ့ ထုတ်ကုန်နည်းစနစ်တွေကို ငါ ယူချင်လို့။ မင်းတို့ ငါ့ကို ကူညီရင် တစ်ယောက်ကို ယွမ်မီလီယံ ၁၀၀စီပေးမယ်။"
တုရန်ဟီနှင့် ချိုးကျန့်တို့ အကြည့်ချင်းဖလှယ်မိကြပြီး အံ့သြသွားသောအမူအရာများသည် သူတို့၏ မျက်နှာထက်တွင် ပေါ်လာသည်။ ၎င်းတို့ကို တုန်လှုပ်စေသည့်အရာမှာ ခမ်းနားသော ထန်လုပ်ငန်းစု၏ထုတ်ကုန်နည်းစနစ်များကို ခိုးယူမည့်အတွက်ကြောင့်မဟုတ်ဘဲ ယောင်ချင်းလုံမှ ပေးထားသည့် ငွေကြေးကြောင့် ဖြစ်သည်။
…မီလီယံ၁၀၀လား…
သူတို့နှစ်ဦးစလုံးသည် သူခိုးဂိုဏ်း၏တပည့်များ ဖြစ်ကြပြီး အရည်အချင်းကောင်းများ ပိုင်ဆိုင်ကာ ကိုယ်ပိုင်စီးပွားရေးများ ရှိကြသော်လည်း သူတို့လက်ထဲရှိ စုစုပေါင်းကြွယ်ဝမှုသည် ယွမ် မီလီယံ၁၀၀အောက်ထက်ပင် နည်းနိုင်ပေသည်။
"ဘယ်လောက်ကြီးလိုက်တဲ့အရောင်းအဝယ်လဲ စီနီယာ အစ်ကိုကြီး။" တုရန်ဟီက ပြောမိသည်။
"တကယ်ကြီးတဲ့ အရောင်းအဝယ်ပါ။" ယောင်ချင်းလုံက ရယ်မောရင်းပြောသည်။
“ဝယ်သူက ယွမ် မီလီယံ ၄၀၀ ပေးချေဖို့ ဆန္ဒရှိတော့ မူလက ငါတို့လေးယောက် အညီအမျှ ခွဲဝေဖို့ ရည်ရွယ်ထားတာ။ ဒါပေမယ့် အဲ့ဒီကောင်စုတ်လေး ယန်လီက ငါ့ကို ငြင်းသတဲ့လေ။”
"ဆရာသခင် ထားခဲ့တဲ့ ပစ္စည်းအမွေတွေက တော်တော်များနေလို့ ဖြစ်မယ်။ နို့မဟုတ်ရင် သူ ဘယ်တော့မှ လျစ်လျူရှုမှာ ဒါမှမဟုတ် ဒီငွေပမာဏကို ပြောင်းရွှေ့ခံမှာ မဟုတ်ဘူး။ စီနီယာအစ်ကိုကြီး … ဆရာသခင်ရဲ့ကျန်ခဲ့တာတွေ ယူဖို့ ယန်လီကို သတ်ပစ်ရမယ်။ အစ်ကိုကြီးက ၄၀% ယူ၊ ကျွန်တော်တို့က ၃၀%စီ ယူမယ်။" တုချန်ဟီက ပြောလိုက်သည်။
ယောင်ချင်းလုံက သူ့ကို တိတ်တဆိတ် လှောင်ရယ်လိုက်သော်လည်း မျက်နှာထက်တွင် ကျေနပ်သော အပြုံးအား ထုတ်ပြထားပြီး
"ကောင်းပြီ။ မင်းတို့ အစုရှယ်ယာကို သဘောတူပြီးပြီဆိုတော့ သင်္ဘောပေါ်ကနေ ကြိုဆိုလိုက်ပါပြီ။ ယန်လီက အဲဒီထုတ်ကုန်တွေရဲ့ နည်းစနစ်တွေကို ခိုးယူဖို့ ကူညီပေးချင်တယ်ဆိုရင် စစ်ဆင်ရေး မပြီးခင်မှာ သူ့ကို တိုက်ခိုက်တာမျိုး မလုပ်ဘူး။ နောက်မှ ငါတို့ သူ့ကို သတ်ပစ်မယ်။"
"ပြဿနာ မရှိဘူး။" တုရန်ဟီနှင့် ချိုးကျန့်တို့သည် ဝမ်းသာအားရ ခေါင်းညိတ်ပြနေသည်မှာ ကြီးမားသော ကံကြမ္မာမှ သူတို့အား လက်ဝှေ့ယမ်းပြနေသည်ကို မြင်လိုက်ရသည့်အလားပင်။
သူတို့သည် ဆရာသခင် ထားရစ်ခဲ့သော အမွေဥစ္စာများကို ကာလအတန်ကြာကတည်းကပင် တောင့်တနေခဲ့ကြသော်လည်း သူတို့၏ ခွန်အားမှာ ကံမကောင်းစွာဖြင့် ယန်လီထက် နိမ့်ကျနေခဲ့သည်။ နောက်ဆုံးတွင် ထိုစည်းစိမ်ဥစ္စာ၏ အရိပ်အယောင်ကိုပင် မမြင်လိုက်နိုင်ခဲ့ကြပေ။ ယန်လီကို သတ်ပြီး ထိုပစ္စည်းများကို ရနိုင်သရွေ့ ရှယ်ယာ ၃၀%ပမာဏပင်လျှင် ယောင်ချင်းလုံ ကတိပြုထားသည့် ငွေပမာဏနှင့်ညီမျှမည်မှာ သေချာပေသည်။
***