တွင်းထဲက ကြွက်တစ်ကောင်အလား
Vol. 42 Ch. 583
အချိန်များ လျင်မြန်စွာ ကုန်သွားပြီး ညအချိန်သို့ ရောက်လာခဲ့ပြီဖြစ်သည်။ ကြယ်ပြာအိမ်ရာဝင်းသည် ပုံမှန်အတိုင်းပင် လမ်းမီးများသည် တောက်ပစွာ လင်းထိန်လျက် ရှိပြီး မိုးတဖွဲဖွဲအကြားတွင် မြေဆီနံ့သင်းရနံ့အား ဖျော့တော့စွာ ရရှိနေသည်။
ယန်လီသည် အိမ်နံပါတ်(၁၁)အဆောက်အဦး၏ ထပ်ခိုးတွင် တိတ်တဆိတ် ပုန်းနေခဲ့သည်။ သူသည် ဘေးပတ်ဝန်းကျင်ကို မှန်ပြောင်းဖြင့် အဆက်မပြတ် စောင့်ကြည့်နေပြီး ဘေးအိမ်နံပါတ်(၉)ကိုလည်း ရံဖန်ရံခါ စိုက်ကြည့်နေသည်။
"သူတို့က ဒီမှာပဲ။"
သူ၏မျက်လုံးထဲတွင် အေးစက်စက် အရိပ်တစ်ခု ပေါ်လာသည်။ သူ၏ဘယ်ဘက်လက်တွင် ငွေရောင်ပစ္စတိုတစ်လက်ကို ဆုပ်ကိုင်ထားပြီး အိမ်နံပါတ်(၁၁)အနီးသို့ ချဉ်းကပ်လာသော လူများကို ချိန်ရွယ်ထားသည်။ ထန်ရှုဆီ သူ ဖုန်းဆက်ချိန်တုန်းက ကူညီမည်ဟု ထန်ရှု မဆိုခဲ့သော်ငြား ထန်ရှု လှုပ်ရှားပေးလိမ့်မည်ဟု သူ ယုံကြည်ထားသည်။
သူ တစ်ခါတည်း မထွက်ခွာရသော အကြောင်းရင်းမှန်သည် သူ့ကိုယ်သူ ထန်ရှု၏ ငါးစာအဖြစ် သတ်မှတ်ပြီး ငါးကြီးကြီးများကို မျှားခြင်းဖြင့် သူ၏ဒုက္ခပြသနာများကိုပါ ဖယ်ရှားရန် ဖြစ်သည်။
အိမ်နံပါတ်(၉)တွင် ထန်ရှုသည် စာကြည့်ခန်းရှိ ပြတင်းပေါက်အနီးတွင် တိတ်ဆိတ်စွာ ရပ်နေရင်း ခန်းဆီးလိုက်ကာ၏အပြင်ဘက်အခြေအနေအား စောင့်ကြည့်နေခဲ့သည်။ အိမ်နံပါတ်(၁၁)၏ ခြံဝင်းအပြင်ဘက်တွင် မသဲကွဲသော ပုံရိပ်များစွာ တိတ်တဆိတ် ပေါ်လာသောအခါတွင် သူသည် ဖုန်းနံပါတ်တစ်ခုအား ခေါ်လိုက်ပြီး
"ငါးတွေ ပိုက်ကွန်ထဲသို့ ဝင်လာပြီ။"
ထိုအချိန်တွင် ထာဝရခန်းမမှ ကျွမ်းကျင်သူနှစ်ဦးသည် သူ၏အိပ်ခန်းထဲတွင် စောင့်ဆိုင်းနေခဲ့သည်မှာ အချိန်အတန်ကြာခဲ့ပြီဖြစ်ကြောင်း စိုးရိမ်ပူပန်နေသော ယန်လီပင် သိရှိခဲ့သည်။ သူတို့သည် ဓားမြှောင်များ ကိုင်ဆောင်ထားကြပြီး ရဲရဲတောက်နေသော မျက်ဝန်းအစုံဖြင့် ရှိနေကြသကဲ့သို့ အခြားရှစ်ဦးသည်လည်း ထိုနည်းတူစွာ ယန်လီ့အိမ်၏အခြားအခန်းများတွင် ပုန်းအောင်းနေကြသည်။
…ဝှစ်…ဝှစ်…ဝှစ်…
သာမန်ထက် ထူးခြားသော သိုင်းပညာရှင်တစ်ဦးသည် ခြံတံတိုင်းမှ ခုန်ချကာ အလွယ်တကူ ဝင်ရောက်လာခဲ့ပြီး အချို့လူများသည် နည်းလမ်းအမျိုးမျိုးဖြင့် နေအိမ်အတွင်းသို့ ခိုးဝင်ခဲ့သည်။ ထို့နောက်တွင် ပုံရိပ်သုံးခုသည် အဝေးကနေ ပေါ်လာသည်။
"မင်း အိမ်ထဲမှာ ရှိနေတာ ငါ သိတယ် ဂျူနီယာညီလေး။ ငါတို့က မင်းဆီ အလည်လာနေတာလေ။ ဘာလို့ တံခါးဖွင့်ပြီး အိမ်ထဲကို မဖိတ်တာလဲ။"
ယောင်ချင်းလုံ၏ကျယ်လောင်သော အသံသည် ခြံအပြင်ဘက်မှ ထွက်ပေါ်လာသည်။
ထပ်ခိုး၏ထောင့်တွင် ရှိနေသော ယန်လီသည် ပြတင်းပေါက်အဟလေးမှ နေ၍ အပြင်ဘက်တွင် ရပ်နေသော လူသုံးယောက်ဆီသို့ လှမ်းကြည့်လိုက်သည်။ တခဏမျှ တွေးတောနေပြီးမှ ထပ်ခိုးမှထွက်လာကာ အဆောက်အဦးအစွန်းတွင် ရပ်ရင်း
"မင်းတို့ ဒီကိုခေါ်လာတဲ့လူတွေ အားလုံးက အထဲရောက်နေပြီဆိုမှတော့ မင်းတို့သုံးယောက်က ငါ့ကို တံခါးဖွင့်ပေးဖို့ လိုသေးလို့လား။”
ယောင်ချင်းလုံတို့ သုံးယောက်သား အကြည့်ချင်း ဖလှယ်ကြပြီး အိမ်ရှေ့တံခါးအား လွယ်လွယ်ကူကူ ခုန်ကျော်လိုက်ကာ ခြံဝင်းအတွင်းတွင် လျှင်မြန်စွာ ပေါ်လာသည်။ ထိုအချိန်တွင် မူလက မှောင်မည်းနေသော အိမ်ကြီးသည် လင်းထိန်လာပြီး အစောပိုင်းက အိမ်ထဲသို့ ခိုးဝင်ခဲ့သော လူခြောက်ဦးသည် ပထမထပ်ခန်းမတွင် ပေါ်လာသည်။
"ဂျူနီယာညီလေး … သိုင်းပညာသင်ဘက် ညီအစ်ကိုတွေရဲ့အရှေ့မှာ မင်းရဲ့ခေါင်းနဲ့အမြီးကို ဝှက်ထားချုပ်ထားဖို့ မလိုဘူး မဟုတ်လား။"
ယောင်ချင်းလုံက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
ယန်လီသည် လှေကားထစ်ထက်တွင် ပေါ်လာသည်။ လှေကားထစ်မှ ဆင်းလိုက်စဉ်တွင် သူ၏မှုန်မှိုင်းသော မျက်ဝန်းများသည် ထို၆ယောက်ကို ကြည့်ပြီးနောက် နောက်ဆုံးတွင် ယောင်ချင်းလုံတို့သုံးယောက်ပေါ်သို့ ရောက်သွားသည်။ ထို့နောက် ပင့်သက်တစ်ခုအား ခပ်ပြင်းပြင်း ရှိုက်လိုက်ပြီး သူတို့အရှေ့သို့ ရောက်လာခဲ့သည်။
“ရိုးရိုးသားသားပြောရရင် ငါတို့ကြားက မိတ်ဆွေဆိုတဲ့ ခံစားချက်ကို ငါ ဂရုစိုက်နေတုန်းပဲ။ ဒါကြောင့် မင်းတို့ ဒီည မလာခဲ့ဘူးဆိုရင် မင်းတို့ရဲ့အသက်ကို ငါ အာမခံနိုင်တယ်။ ကံမကောင်းစွာပဲ မင်းတို့ ငါ့ခြံထဲကို လှမ်းဝင်လိုက်တာနဲ့ အခု ငါတို့ကြားက တစ်ခုတည်းသောအရာက သေခြင်းရှင်ခြင်း တိုက်ပွဲတစ်ခုပဲ ရှိတော့တယ်။"
“ပြောစမ်းပါဦး ဂျူနီယာညီလေးရ။ မင်းကို ဒီလို သောက်ကျိုးနည်း ယုံကြည်မှု ပေးတဲ့သူက ဘယ်သူများလဲ။" တုရန်ဟီက ရယ်မောလိုက်သည်။ "သေခြင်းရှင်ခြင်းတိုက်ပွဲ ဟမ့်။ ငါတို့က အသက်ရှင်ကျန်ခဲ့ပြီး သေရမယ့်သူကတော့ မင်းပဲ။”
"ငါတို့ သတိလက်လွတ်ဖြစ်ခဲ့လို့ အဲ့ဒီတုန်းက မင်းကို ငါတို့ဆီကနေ အကြိမ်ကြိမ် လွတ်မြောက်စေခဲ့တယ် ဂျူနီယာညီလေး။" ချိုးကျန့်က အေးစက်စွာ ပြောသည်။ “ဒါပေမယ့် ဒီတစ်ခါတော့ မင်းအတွက် ရှောင်လွှဲလို့ မရနိုင်တဲ့ ပိုက်ကွန်တစ်ခုကို ငါတို့ချထားပြီ။ မင်းမှာ အတောင်ပံတွေ ရှိရင်တောင်မှ နောက်တစ်ကြိမ် လွတ်မြောက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဒါကြောင့် မင်းမသေချင်ရင် ဆရာသခင်ရဲ့ ကျန်ရစ်ခဲ့တဲ့ အရာအားလုံးကို လွှဲအပ်လိုက်။ နို့မဟုတ်ရင် မိတ်ဆွေအဖြစ်ကို လျစ်လျူရှု၊ ရက်စက်တယ်ဆိုပြီး အခြားသူတွေကို အပြစ်မတင်လေနဲ့။”
ယန်လီက ထိုသူများကို တစ်ချက်ကြည့်ကာ ရုတ်တရက် ဟားတိုက်ရယ်မောလိုက်ရင်း
“ဒါက ရယ်စရာကောင်းလောက်အောင်ကို ရယ်နေရတာပဲ။ ငါတို့ရဲ့ဆရာသခင် ကွယ်လွန်သွားတာက မင်းတို့အားလုံးနဲ့ သက်ဆိုင်တယ်လို့ ရုတ်တရက် ငါ ခံစားလိုက်ရတယ်။”
"ဟင်…" ယောင်ချင်းလုံ၊ တုရန်ဟီနှင့် ချိုးကျန့်တို့အားလုံး အမူအရာ ပြောင်းလဲသွားကြသည်။
သူ၏ပါးနပ်ထက်မြက်သောစိတ်ဖြင့် ယန်လီက ထိုသူများ၏ သေးငယ်သော အမူအရာ ပြောင်းလဲမှုများကို သတိပြုမိနိုင်သဖြင့် ပြသနာအား ရိပ်စားမိသွားပြီး
“ငါ မသိဘူးလို့ မထင်လိုက်နဲ့။ ဆရာသခင်က အဲ့ဒီအချိန်တုန်းက တအားကျန်းမာနေတာကို ရုတ်တရက် ဖျားပြီး စောစောစီးစီး ဆုံးပါးသွားခဲ့ရတယ်။ မင်းတို့သုံးယောက်က ဆရာသခင်ရဲ့ဆုံးမသြဝါဒတွေကို မေ့လျော့၊ ဆရာသခင်ကို သစ္စာဖောက်ပြီး ဆရာသမားကို စော်ကားခဲ့တဲ့ အရှက်ကင်းမဲ့တဲ့ လူဖျင်း လူညံ့ လူယုတ်မာတွေချည်းပဲ။ ဘယ်လောက်တောင် ရှက်ဖို့ ကောင်းလိုက်လဲ။”
ယောင်ချင်းလုံက မျက်မှောင်ကြုတ်ပြီး ယန်လီအား တိတ်ဆိတ်စွာ ကြည့်နေခဲ့သည်။
ဒေါသကြီးသော တုရန်ဟီကမူ ထိုကိစ္စအား စိတ်ထဲတွင် မထိန်းထားနိုင်တော့ဘဲ ယန်လီ၏စကားကို ကြားပြီးနောက် တန်းဝန်ခံတော့သည်။
“ကောင်းပြီ။ မင်း သိပြီးသားဆိုမှတော့ ငါတို့ ဒါကို မဖုံးကွယ်တော့ဘူး။ သူက အမှန်ပဲ ငါတို့ရဲ့ ဆရာသခင်ပါ။ ဒါပေမယ့် သူက ငါတို့သုံးဦးထက် မင်းကို အတော် သံယောဇဉ်ကြီးပြီး အလေးထားခဲ့တဲ့သူ။ ငါတို့က သူ့ကို မသတ်ရင် သူ့ပစ္စည်းတွေအားလုံး မင်းကို ပေးလိမ့်မယ်။”
“ဒုတိယညီ…” ယောင်ချင်းလုံ၏အမူအရာ ပျက်သွားပြီး သူ့ကို ဒေါသတကြီး အော်ပြောလိုက်သည်။
ယန်လီ၏မျက်လုံးများထဲတွင် မယုံကြည်နိုင်သော အမူအရာတစ်ခု ထွက်ပေါ်လာပြီး သူ၏မျက်လုံးများ ပြူးကျယ်လာကာ လေးပင်သောအသံဖြင့်
"မင်းတို့ ဒါကို တကယ်လုပ်လိမ့်မယ်လို့ ငါ မထင်ခဲ့မိဘူး။"
ယောင်ချင်းလုံသည် အသက်ပြင်းပြင်းတစ်ချက် ရှူရင်း ယန်လီဆီသို့ ခြေတစ်လှမ်း လှမ်းလိုက်ပြီး တူညီသော လေသံဖြင့်
"ဒီသောက်ကျိုးနည်းအရူးကောင် ဒုတိယညီဆီကနေ ဆရာသခင် သေဆုံးရတဲ့ အကြောင်းရင်းကို မင်း သိသွားပြီဆိုမှတော့ ငါတို့ ထပ်ပြီး ဖုံးထားစရာ မလိုတော့ဘူး။ မှန်တယ် … ဖြည်းဖြည်းချင်း အကျိုးသက်ရောက်မှု ရှိပြီး နောက်ဆုံးမှာ အဘိုးကြီးရဲ့အသက်ကို နှုတ်သွားခဲ့တဲ့ အဆိပ်ကို ပေးခဲ့တဲ့သူက ငါတို့ပဲ။ ဒါဆို မင်းကရော အဲ့ဒီဘိုးတော်ကြီးအတွက် လက်စားချေချင်သေးလား။”
ယန်လီ၏မျက်လုံးများသည် နီရဲနေပြီး မုန်းတီးမှုအပြည့်ဖြင့် ထိုသုံးယောက်ကို စိုက်ကြည့်ရင်း သူတို့၏ခြေလက်အင်္ဂါများကို ချက်ချင်းဖြတ်ကာ ခန္ဓာကိုယ်များကို ရှစ်စိတ်ပိုင်းလိုသည့် ဆန္ဒများတဖွားဖွား ဖြစ်တည်နေခဲ့သည်။
"အားး … ဒီနေ့ကိစ္စက သူငယ်ချင်းပုံစံနဲ့ အဆုံးမသတ်နိုင်တော့ဘူးထင်တယ်။" ယောင်ချင်းလုံက ခေါင်းယမ်းပြီး သက်ပြင်းချလိုက်သည်။
"ယန်လီ … မင်း အသက်ရှင်ဖို့ အခွင့်အလမ်း ရှိနေတုန်းပဲနော်။ ဆရာသခင်ရဲ့ ပစ္စည်းတွေအားလုံးကို ထုတ်ယူလာခဲ့။ နို့မဟုတ်ရင် ဒီညက မင်းရဲ့သေနေ့စေ့တဲ့ ညပဲ ဖြစ်လိမ့်မယ်။"
ယန်လီသည် အံကို တင်းတင်းကြိတ်ကာ နှုတ်ခမ်းကို ကိုက်ထားရင်း ထိုလူယုတ်မာသုံးယောက်ကို စိုက်ကြည့်နေသည်။ နောက်ဆုံးတွင် သူက အပေါ်ကို မော့ကြည့်ပြီး အော်ဟစ်လိုက်သည်။
“ထန်ရှု … ငါ့ကို ကူညီပြီး ဒီလူတွေကို သတ်ပေးပါ။ ဒီယန်လီက အနာဂတ်မှာ မင်းရဲ့လက်အောက်ခံအဖြစ် ထမ်းဆောင်မယ်လို့ ကတိပေးပါတယ်။”
"သဘောတူတယ်။"
ထန်ရှု၏ပုံရိပ်သည် လျှပ်စီးလက်သည့်အလား ခန်းမထဲတွင် ပေါ်လာသည်။ သူ၏နောက်တွင် ချွန်ထက်သော ဓားမြှောင်နှင့်ကစားနေသော ချီနန် ကပ်ပါလာပြီး ယောင်ချင်းလုံနှင့် အခြားသူများအား ကစားလိုသော အပြုံးဖြင့် ပြုံးပြနေခဲ့သည်။
ထန်ရှု ပေါ်လာသည့်အခိုက်တွင် ယောင်ချင်းလုံ၏ မျက်နှာသည် အကြီးအကျယ် ပျက်သွားခဲ့သည်။ ထန်ရှုသည် ထန်မိသားစုဝင်တစ်ယောက်ဖြစ်ပြီး သူ၏ ယောင်မိသားစုကို ဖျက်ဆီးခဲ့သော တရားခံတစ်ဦး ဖြစ်သောကြောင့် သူ ချက်ချင်းမှတ်မိသည်။
“ဒါ ထောင်ချောက်တစ်ခုပဲ။”
ယောင်ချင်းလုံက အော်ဟစ်ပြီး ဘယ်ဘက်စင်္ကြံလမ်းဆီသို့ ပြေးလိုက်သည်။
ထန်ရှုရော ချီနန်ရော တုတ်တုတ်မလှုပ်ပေ။ ယောင်ချင်းလုံသည် စင်္ကြံလမ်းကို ဖြတ်ပြေးပြီး တံခါးကို ဖြတ်ပြေးခါနီးတွင် ခြေဖဝါးကြီးတစ်ခုက သူ၏ရင်ဘတ်ကို ပိတ်ကန်ချလိုက်သဖြင့် ဇောက်ထိုးပျံသွားကာ သူ့အနောက်ဘက်ရှိတံခါးကို တိုက်မိပြီး တံခါးပင်ကျိုးပဲ့သွားသည်။
ဟမ့်…
ကျိုးပဲ့သွားသောတံခါးမှ ထာဝရခန်းမ၏ ကျွမ်းကျင်ပညာရှင်တစ်ဦးသည် ယောင်ချင်းလုံ၏လည်ပင်းကို အလွယ်တကူ ဆုပ်ကိုင်ကာ ဧည့်ခန်းဆီသို့ လျှောက်လာပြီးနောက် ထန်ရှု၏အရှေ့သို့ ပစ်ချလိုက်သည်။
တုရန်ဟီနှင့် ချိုးကျန့်တို့သည် အံ့အားသင့်နေကြသည်။ သူတို့သည် ဤကဲ့သို့ ဖြစ်လာမည်ကို အိပ်မက်ပင် မမက်ထားခဲ့ပေ။ ယင်းမတိုင်မီက သူတို့သည် လောဘစိတ်အပြည့်ဖြင့် ဤနေရာသို့ ရောက်လာကြပြီး ယန်လီကို သတ်ခြင်းဖြင့် သူတို့၏ဆရာသခင် ထားခဲ့သော ကြီးမားသော အမွေပစ္စည်းကို ရယူရန် ကြိုးစားရာမှ ထောင်ချောက်ထဲ ကျလိမ့်မည်ဟု တစ်ခါမှ မထင်ထားခဲ့မိပါချေ။
"မင်း ဘယ်သူလဲ။"
တုရန်ဟီ၏ထိတ်လန့်နေသော အကြည့်သည် ယောင်ချင်းလုံဆီမှ ဖယ်ခွာရင်း ထန်ရှုကို စိုက်ကြည့်ကာ ဟိန်းဟောက်လိုက်သည်။
"မင်းတို့က တကယ့်ကို ငတုံးတွေပဲ။" ထန်ရှုက ခေါင်းယမ်းပြီး အပြုံးဖြင့် ပြောလိုက်သည်။
"ယန်လီရဲ့ စိတ်သဘောထားအရဆိုရင် သူ ဒီမှာ ရှိနေတာ အားကိုးစရာတစ်ခုခုကြောင့်ဆိုတဲ့ သဲလွန်စကို မင်းတို့ မရဘူးလို့ ငါ့ကို မပြောနဲ့နော်။ ဟဲဟဲ ငါ ဘယ်သူလဲလို့ မင်းမေးတဲ့ မေးခွန်းက အတော် စိတ်ဝင်စားဖို့ကောင်းတဲ့ မေးခွန်းတစ်ခုပဲကွ မင်းသိလား။ ဒါပေမယ့် မင်းကို ငါကိုယ်တိုင် ပြောစရာ လိုမယ်မထင်ဘူး။ မင်းရဲ့စီနီယာအစ်ကိုကြီးက ငါ့ကို သိတယ်ကွ။ ဟုတ်တယ်နော် … ယောင်ချင်းလုံ ငါ ပြောတာ မမှန်ဘူးလား။"
ကြမ်းပြင်ပေါ်ကနေ ထရပ်ဖို့ ကြိုးစားနေသည့် ယောင်ချင်းလုံ၏ပါးစပ်ထောင့်က သွေးများ စီးကျနေသည်။ ထန်ရှုကို စိုက်ကြည့်နေသည့် သူ၏မျက်လုံးများထဲတွင် အမုန်းတရားများ ပြည့်နှက်နေပြီး
“မင်း ပြောတာက မမှားပါဘူး။ မင်းကြောင့် ပျက်စီးသွားတဲ့ ယောင်မိသားစုအကြောင်း ငါ သိခဲ့ရတယ်။ ဒီမိုက်မဲတဲ့ ငါ့ရဲ့ဂျူနီယာညီလေးက မင်းနဲ့တွဲပြီး ငါတို့ကို ဆွဲထုတ်ဖို့ ဒီထောင်ချောက်ကို ဆင်ထားလိမ့်မယ်လို့ ငါ တစ်ခါမှ မတွေးဖူးဘူး။”
"ဘာလဲ။ ကြောက်နေပြီလားကွ။" ထန်ရှု ရယ်မောလိုက်သည်။
"ကြောက်နေတယ် ဟုတ်လား။ ဒီကမ္ဘာမှာ လူနည်းစုလောက်ပဲ ငါ ယောင်ချင်းလုံကို ကြောက်လန့်စေနိုင်တယ်။ မင်းက သူတို့အထဲမှာ မပါဘူး။” ယောင်ချင်းလုံက တည့်တိုး ပြောလိုက်သည်။ “ဒါပေမယ့် တစ်ခုတော့ သိချင်မိပါရဲ့။ ယန်လီနဲ့မင်း ဘယ်လိုသိလဲ။"
ထန်ရှုက အနီးနားရှိ အဆောက်အဦးကို ညွှန်ပြပြီး "ငါတို့က အိမ်နီးနားချင်းတွေလေ။"
…အိမ်နီးနားချင်းတွေ…
ယောင်ချင်းလုံ လွန်မင်းစွာ ဒေါသထွက်သွားရပြီး သေခြင်းတံခါးဆီ မှားယွင်းကာ ရောက်လာသည့်အလား ခံစားလိုက်ရသည်။ သူ စုံစမ်းရန် စေလွှတ်လိုက်သော လူများသည် ယန်လီ ကြယ်ပြာအိမ်ရာတွင် နေထိုင်ကြောင်းကို အသိပေးခဲ့ကြသော်လည်း ထန်ရှုလည်း ဤနေရာတွင် အမှန်တကယ် နေထိုင်လိမ့်မည်ဟု သူ တစ်ခါမှ မမျှော်လင့်ခဲ့ပေ။
"အက်ကာ … ငါ မင်းရဲ့အကူအညီ လိုတယ်။" ယောင်ချင်းလုံသည် သူ၏ဖုန်းကို ထုတ်ကာ နံပါတ်တစ်ခုကို ဆက်လိုက်သည်။
"မင်း စစ်ကူခေါ်နေတယ်ပေါ့ဟုတ်လား။ ကောင်းပြီလေ။ မင်း ရသမျှကို ချပြဖို့ ငါ မင်းကို အချိန်ပေးလိုက်မယ်။ ဒါပေမယ့် အဲ့ဒါမတိုင်ခင် မျက်စိမရှုပ်အောင်လို့ မင်း ဒီကို ခေါ်လာခဲ့တဲ့ အမှိုက်ကောင်တွေကို အရင် ဖယ်လိုက်ကြတာပေါ့။”
ထန်ရှု၏စကားသံ ဆုံးသွားသည်နှင့် လူခြောက်ယောက်သည် ခန်းမဆောင်အတွင်းသို့ နေရာပေါင်းစုံမှ ပြုတ်ကျလာခဲ့သည်။ သည်လူများသည် ယောင်ချင်းလုံတို့သုံးယောက် ခေါ်ဆောင်လာသည့် လျှို့ဝှက်သိုင်းပညာရှင်များ ဖြစ်ကြသည်။ ထိုသုံးယောက်၏မျက်နှာအမူအရာ အကြီးအကျယ် ပျက်နေစဉ် ဓားမြှောင်ကိုင်ထားသော ချီနန်သည် ထိုပြုတ်ကျလာသော လူ၆ယောက်ရှေ့ ပြေးလာပြီး ဓားချက်များဖြင့် လည်ပင်းများကို ချက်ချင်းပင် လှီးဖြတ်လိုက်သည်။ ငေါက်ကနဲ ပန်းထွက်လာသော သွေးများနှင့်အတူ ထိုသူတို့၏ခန္ဓာကိုယ်များသည် ကြမ်းပြင်ထက်တွင် အကြောများဆွဲလျက် သေခြင်းတရားက သူတို့အား တဖြည်းဖြည်း ပွေ့ပိုက်သွားတော့သည်။
“ဘယ်လောက်တောင် ပြင်းလိုက်တဲ့ သွေးနံ့တွေလဲ။ ဒါမျိုးဆို ငါက တကယ်ကြိုက်။"
ခန်းမအပြင်ဘက်မှ နားကြားပြင်းကပ်ဖွယ် အသံတစ်ခု ထွက်ပေါ်လာပြီး ခြေသံတစ်ချက်မကြားရဘဲ ခန်းမတံခါးဝတွင် ပိန်ပိန်ပါးပါး လူရိပ်တစ်ရိပ် ပေါ်လာခဲ့သည်။ ထိုအမျိုးသားသည် အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး ရှည်လျားသော ရွှေရောင်ဆံပင်များရှိသည်။ သူ၏ချောမောသောမျက်နှာသည် ဖြူဖျော့နေသောကြောင့် သူ့အား သေမင်းတမန်နှင့် ဆင်တူစေသည်။
လူခြောက်ယောက်ကို သတ်ပြီး ထန်ရှု၏အနားသို့ ပြန်ရောက်လာသော ချီနန်သည် ထိုလူကို မြင်သောအခါ ချက်ချင်းပင် သူမ၏မျက်လုံးများ မှေးစင်းသွားကာ အပြုံးသဲ့သဲ့ဖြင့်
“သေမင်းတမန် အက်ကာ … နင်က သွေးနံ့ကို ကြိုက်တယ်ပေါ့။ ဒါဆို ဒီမှာပဲ နေ … နင့်ရဲ့သွေးကို နင်ကိုယ်တိုင် အနံ့ခံနိုင်အောင် ငါကိုယ်တိုင် လုပ်ပေးမယ်။"
အနောက်တိုင်းသားရုပ်ရည်ရှိသော အက်ကာသည် စကားပြောလိုက်သော ချီနန်ဆီသို့ လှမ်းကြည့်လိုက်ရာ ချီနန်၏မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသဖြင့် သူ့ခန္ဓာကိုယ်သည် ရုတ်တရက် တုန်ရီသွားသည်။ သူ၏ မျက်လုံးများသည် တခဏတာ ကျုံ့သွားကာ မသိစိတ်ကြောင့် ထွက်ပြေးသွားမိသည်။
“ဒီကို ပြန်လာခဲ့။”
ထန်ရှု၏ပုံစံသည် လျှပ်စီးလက်သွားသည့်အလား အပြင်ဘက်သို့ ရိပ်ကနဲ ရောက်သွားပြီး မျက်စိတစ်မှိတ်အတွင်း အက်ကာ၏လမ်းကြောင်းကို ပိတ်ဆို့လိုက်သည်။ ထို့နောက် အက်ကာ၏ရင်ဘတ်ဆီသို့ လက်သီးချက်များ ကျွေးပြီး ခန်းမထဲသို့ တိုက်ရိုက် ပြန်ပို့လိုက်သည်။
"ဘာကြီး…”
ယောင်ချင်းလုံ၏ကိုယ်သည် တုန်ရီသွားကာ သူ့မျက်လုံးများကိုပင် မယုံနိုင်အောင် ဖြစ်သွားရသည်။
အက်ကာသည် မည်သို့လူစားမျိုးဖြစ်သည်ကို သူ ကောင်းစွာ သိသည်။ ငွေအမြောက်အမြား ပေးကာ ငှားရသည့် အဖွဲ့အစည်းကနေ သူ ငှားရမ်းလာသည့် ကျွမ်းကျင်သူတစ်ယောက်ပင်။
သို့သော် ထိုအဖွဲ့အစည်းက အသိအမှတ်ပြုရသည့် ကျွမ်းကျင်သူတစ်ယောက်ကို ထန်ရှုက သည်ကဲ့သို့ လွယ်လွယ်ကူကူ အနိုင်ယူသွားခဲ့လေသလား။
ကြမ်းပြင်မှ ခက်ခက်ခဲခဲ ထလိုက်ပြီးနောက် အက်ကာ၏အကြည့်များသည် ထန်ရှုပေါ်တွင် တစ်ခဏမျှသာ ကျရောက်ခဲ့ပြီး ချီနန်အား ကြည့်သောအခါတွင်မူ ကြောက်ရွံ့ထိတ်လန့်သော အမူအရာဖြစ်နေခဲ့သည်။
"နည်းပြဆရာမ … ငါ မင်းကို ဒီမှာ တွေ့ဖို့ မမျှော်လင့်ထားဘူး။ ဆရာမရဲ့ ကျက်သရေရှိလှတဲ့ ပုံရိပ်လေးကို ငါ့ဘဝမှာ ထပ်ပြီး ပြန်တွေ့ခွင့်ရတာ တကယ်ကို ဂုဏ်ယူမိပါတယ်။"
***