← Chapters

ကိစ္စ၏ရင်းမြစ်ထိ တူးဆွခြင်း

Vol. 42 Ch. 584

ကိစ္စ၏ရင်းမြစ်ထိ တူးဆွခြင်း

Vol. 42 Ch. 584

အက်ကာသည် သူ့ဘဝတွင် ကြောက်မက်ဖွယ် ကောင်းသော ခွန်အားများဖြင့် တည်ရှိမှုများစွာကို မြင်တွေ့ခဲ့ဖူးသည်။ ထန်ရှု၏ခွန်အားသည် သာလွန်ကောင်းမွန်သော်လည်း ချီနန်ထက် ပိုကြောက်စရာကောင်းလိမ့်မည်ဟု သူ မထင်မိပေ။ သူ့မျက်လုံးထဲတွင်တော့ ချီနန်သည် မျက်တောင်မခတ်ဘဲ သတ်ဖြတ်နိုင်သည့် နတ်ဆိုးဘုရင်မတစ်ပါးအလားပင်။ သူမသည် တစ်ချိန်က မက္ကဆီကို မူးယစ်ဆေးဝါး ရောင်းဝယ်သူများကို သုတ်သင်ရှင်းလင်းခဲ့သောကြောင့် နိုင်ငံတကာ ကြောက်စရာအကောင်းဆုံး အင်အားစုများထဲတွင် အဆင့်ချိတ်ခဲ့သူဖြစ်သည်။

တရုတ်နိုင်ငံသို့ သူ ပထမဆုံးအကြိမ် လာရောက်သည့်အခေါက်တွင်ပင် သူ့အား လေ့ကျင့်ပေးခဲ့သည့် သည်ရက်စက်သော နည်းပြဆရာမနှင့် တွေ့ဆုံရခြင်းသည် အက်ကာ မထင်မှတ်ထားသော အရာတစ်ခု ဖြစ်သည့်အပြင် သူတို့သည် ဆန့်ကျင်ဘက်များတွင် ရပ်တည်နေခဲ့သည်။ ချီနန်က တစ်ချိန်က သူ့အား ပြောခဲ့သောစကားကို ယနေ့တိုင် သူ မှတ်မိနေပါသေးသည် - နင်က အခု ငါ့ရဲ့ ကျောင်းသား ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် နောင်တစ်ချိန်မှာ ငါတို့တတွေ ရန်သူ ဖြစ်လာတဲ့အခါကျရင် ငါ့ကို ရန်သူအဖြစ် သဘောထားခဲ့ရတာကို နောင်တရစေမယ့် ရက်စက်ကြမ်းကြုတ်တဲ့ အစီအစဉ်တွေကို ငါ အသုံးပြုမှာ။

စိတ်ညစ်သွားသော အက်ကာသည် ယောင်ချင်းလုံအား ယခု မုန်းတီးနေပြီဖြစ်သည်။ တစ်စုံတစ်ဦးကို ပြစ်မှားမည်ဆိုပါက သူ သိပ်ဂရုမစိုက်သော်လည်း ဤရက်စက်သော နည်းပြဆရာမကို ပြစ်မှားမည်ဟု သိရပါက သူ ပါဝင်ပတ်သက်လိမ့်မည်မဟုတ်ပါချေ။

“ငါတို့ မတွေ့တာ လေးငါးနှစ်လောက်တော့ရှိပြီ မဟုတ်လား အက်ကာ။" ချီနန်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

"မင်းဟာ တစ်ယောက်ယောက်ရဲ့ ပြေးနေရတဲ့ခွေးအပြင် ငါ့ရဲ့ရန်သူပါ ဖြစ်လာလိမ့်မယ်လို့ ငါ ဘယ်တုန်းကမှ မထင်ခဲ့ဘူး။"

"ဆရာမ … နားလည်မှုလွဲနေပြီ။" အက်ကာ၏အသွင်သည် ထိတ်လန့်နေဟန်ရသည်။

"ယောင်ချင်းလုံက ငါ့ကို ငှားတယ်။ ငါကတော့ သူနဲ့ ဘာဆက်ဆံရေးမှ မရှိပေမယ့် သူက အဖွဲ့အစည်းကို ပိုက်ဆံအများကြီး ပေးခဲ့တော့ အဖွဲ့အစည်းက သူ့ကို ကူညီဖို့အတွက် ငါ့ကို တာဝန်ချပေးတယ် ဒီသဘောပါ။ ဆရာမ ဒီမှာ ရှိနေမှန်းသိရင် မြို့တော်ဘဏ်ရဲ့ ပိုက်ဆံ အားလုံးကို ပုံပေးရင်တောင် မလာရဲပါဘူးခင်ဗျာ။”

ထန်ရှုသည် ချီနန်အား မျက်ခုံးပင့်ကာ ကြည့်လိုက်ပြီး “မင်း သူ့ကို သိတာလား။”

ချီနန်က အေးစက်စက် မာနကြီးသော အမူအရာကို ပြန်လည်ရုတ်သိမ်းပြီး တလေးတစား အမူအရာဖြင့်

“သူက တစ်ချိန်က ငါလေ့ကျင့်ပေးခဲ့တဲ့ သူပါ သူဌေး။ အာရဗျအမှောင်ကလပ်က အတော်လေးကို ထူးထူးခြားခြား ရှိတဲ့ တိုက်ခိုက်ရေးသမား။ ဒါပေမယ့် လက်ရှိ သူနဲ့ပတ်သက်နေတဲ့ အဖွဲ့အစည်းကိုတော့ ငါ မသိဘူး။”

ထန်ရှု ခေါင်းညိတ်ပြရင်း အက်ကာကို ကြည့်ကာ "မင်းရဲ့အဖွဲ့အစည်းနာမည်ကို ပြောပါဦး။"

အက်ကာ၏နှုတ်ခမ်းများသည် အကြိမ်အနည်းငယ် တုန်ရီသွားကာ ခေါင်းယမ်းလိုက်ပြီး

"ပြောလို့မရဘူး။ နို့မဟုတ်ရင် ငါ မရှုမလှ သေရလိမ့်မယ်။"

"မင်းသာ မပြောရင် ဒီ့ထက်ပိုပြီး မရှုမလှ သေရလိမ့်မယ်။ အသက်ရှင်ဖို့ အတွေးနဲ့ လှည့်စားမနေနဲ့။ ငါက တရုတ်ပြည်နိုင်ငံမှာဆို နတ်ဆေးသမားတော်တစ်ယောက်အဖြစ် ချီးကျူးခံထားရတဲ့သူ။ ငါ မင်းကို စိတ်မကူးမိလောက်တဲ့ နာကျင်မှုကို ခံစားစေရင်း အသက်ရှင်နေသေးဖို့ နည်းလမ်းတွေ ရှိတယ်။ ပြော … မဟုတ်ရင် မင်းဟာ ငရဲရောက်နေသလို နေ့ရောညပါ နာကျင်မှုကို ခံစားသွားရမယ်။"

အက်ကာ၏အမူအရာ ပျက်သွားခဲ့သည်။ ထန်ရှု၏ အင်္ဂလိပ်စကားသည် သိပ်မပြေပြစ်သော်လည်း ပြောသည့်စကားကို သူ နားလည်နိုင်ဆဲဖြစ်သည်။ တရုတ်နိုင်ငံတွင် လျှို့ဝှက်ဆန်းကြယ်သော စွမ်းရည်များ ရှိသည့်နတ်ဆေးသမားတော်များအကြောင်းကို သူလည်း ကြားဖူးသည်။ အဖွဲ့အစည်းတစ်ခုမှ နတ်ဆေးသမားတော်များသည် လူ့အသက်များစွာအား ကယ်တင်နိုင်သည့်အပြင် လူလည်း သတ်နိုင်သည့် စွမ်းရည်နှစ်ရပ်စလုံးကို ပိုင်ဆိုင်ထားပြီး ထိုစွမ်းရည်အား နှိပ်စက်ညှဉ်းပန်းမှုအဖြစ် အသုံးပြုလိုက်ပါက ဆရာဝန် သမားတော်အလုပ်သည်လည်း လုံးဝကြောက်စရာကောင်းပေသည်။

"ငါ ပြောလို့မရဘူး … နို့မဟုတ်ရင် ငါ့မိသားစုတစ်ခုလုံး ဒုက္ခရောက်လိမ့်မယ်။"

အက်ကာက ခေါင်းကို ခပ်သွက်သွက်ယမ်းလိုက်သည်။

ထန်ရှုသည် မျက်လုံးများကို မှေးစင်းထားရင်း သူ၏လက်ထဲတွင် ငွေအပ်အချို့ ပေါ်လာခဲ့သည်။ သူ၏ပုံရိပ်သည် ရိပ်ကနဲ ပျောက်သွားကာ အပ်များသည် တုရန်ဟီနှင့် ချိုးကျန့်တို့၏ခန္ဓာကိုယ်များသို့ ထိုးစိုက်ဝင်လာသည်။ ထို့နောက် သူ၏ခန္ဓာကိုယ်သည် တဖန် လှုပ်ရှားသွားပြီး ယခင်နေရာသို့ ပြန်ရောက်သွားသည်။

အားးး…

အက်ကာ၏ငြင်းဆန်မှုကြောင့် ထန်ရှုက သူတို့အား တိုက်ခိုက်လိမ့်မည်ဟု တုရန်ဟီနှင့် ချိုးကျန့်တို့၏အိပ်မက်များတွင် ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ကြပေ။ သူတို့အတွက် အနာကျင်ရဆုံးသောအရာမှာ ငွေအပ်များက သူတို့၏ခန္ဓာကိုယ်အား ထိုးဖောက်လိုက်သောအခါတွင် ခန္ဓာကိုယ်အတွင်း သေလုအောင် နာကျင်ကိုက်ခဲရသော ဝေဒနာ ဖြစ်သည်။

စက္ကန့်အနည်းငယ်အကြာတွင် သူတို့နှစ်ဦးသည် ကြမ်းပြင်ပေါ်သို့ ပြိုလဲကျကာ ခန္ဓာကိုယ်သည် တွန့်လိမ်ကောက်ကွေးနေခဲ့ပြီး မျက်နှာများသည် မဲ့ရွဲ့နေကြသည်။ အစိမ်းရောင်သွေးပြန်ကြောများနှင့် သွေးကြောများသည် ၎င်းတို့၏ ခန္ဓာကိုယ်အနှံ့ ပေါက်ထွက်ခြင်းကြောင့် လဲပြိုခြင်းဖြစ်ပြီး ကြမ်းပြင်ပေါ်တွင် တွန့်လိမ်ကောက်ကွေးကာ လူးလှိမ့်နေစေသည်။

ထန်ရှုက သူတို့ကို ဂရုမစိုက်တော့ရုံသာမက အက်ကာကိုပင် လျစ်လျူရှုထားခဲ့သည်။ သူက ယောင်ချင်းလုံကို ကြည့်ပြီး အပြုံးဖြင့်

" မင်း ရင်ဆိုင်ရမယ့် ကံကြမ္မာကို ငါ အသေးစိတ် ရှင်းပြဖို့တောင် မလိုပါဘူးထင်ပါရဲ့။ ငါက မင်းတို့ ယောင်မိသားစုရဲ့ ဘိုးဘေးကို သတ်ပြီး သူတို့ကို ဖျက်ဆီးနိုင်စွမ်းရှိတဲ့လူမို့ မင်းစိတ်ကူးထားတာထက် ကျော်လွန်တဲ့ ကြောက်စရာကောင်းတဲ့ စွမ်းအားတွေ ငါ့မှာ ပိုင်ဆိုင်ထားတယ်။ ဒါကြောင့် နိုင်ငံရပ်ခြားမှာ မင်း လုပ်ခဲ့သမျှ၊ မင်းရဲ့ ပိုင်ဆိုင်မှု၊ မင်း ချိတ်ဆက်ထားတဲ့ အဖွဲ့အစည်း … အဲ့ဒါတွေအကြောင်း ငါ့ကို ပြောပါဦး...။ မင်း သူတို့ကို ရိုးရိုးသားသား လွှဲအပ်ပြီး တော်တော်ကြီးမားတဲ့တန်ဖိုးတစ်ခု ငါ့ကို ပေးရင် မင်းအသက်ရှင်နေဖို့ ငါ ကတိပေးနိုင်တယ်။”

ကြမ်းပြင်ပေါ်တွင် တွန့်လိမ်ကောက်ကွေးကာ လူးလှိမ့်နာကျင်စွာ ငိုကြွေးနေသော သူ၏ဂျူနီယာ ညီအကိုနှစ်ယောက်ကို ယောင်ချင်းလုံ ကြည့်မိရင်း အအေးဓာတ်က သူ့တစ်ကိုယ်လုံးကို ဖြတ်သန်းသွားကာ သူ၏နှလုံးသားကိုပင် လွှမ်းခြုံသွားသည်။ ထန်ရှု၏ခြိမ်းခြောက်မှုသည် အက်ကာကိုသာမက သူ့အတွက်လည်း ခြိမ်းခြောက်မှုတစ်ခု ဖြစ်သည်။ တရုတ်နတ်ဆေးသမားတော်များသည် မည်ကဲ့သို့သော အရည်အချင်းမျိုး ရှိသည်ကို သူ ကောင်းစွာ သိထားသည်။ အနောက်တိုင်းဆေးပညာနယ်ပယ်ရှိ နိုင်ငံတကာဆေးပါမောက္ခများနှင့် ဆရာဝန်များထက်ပင် တရုတ်နတ်သမားတော်များသည် ပို၍ ကြောက်စရာကောင်းကြောင်း သူ သိပေသည်။

"မင်း ငါ့အသက်ကို တကယ် အာမခံ ပေးနိုင်မလား။" ယောင်ချင်းလုံသည် ထန်ရှုအား နက်နဲသောအကြည့်ဖြင့် ကြည့်ပြီး ချီနန်နှင့် အက်ကာကိုလည်း စိုက်ကြည့်ကာ နောက်ဆုံးတွင် စိတ်ပျက်အားငယ်ပြီး ကူကယ်ရာမဲ့နေသော အမူအရာဖြင့် မေးလိုက်သည်။

"ဒါပေါ့။"  ထန်ရှု ခေါင်းညိတ်လိုက်သည်။

“ဒါပေမယ့် မင်းရဲ့ စွမ်းဆောင်ရည်ပေါ်မှာလည်း မူတည်တယ်။ ငါက သားသတ်သမားတစ်ယောက် မဟုတ်သလို လူသတ်ရတာကိုလည်း မကြိုက်ဘူး။ နို့မဟုတ်ရင် မင်းရဲ့ယောင်မိသားစုက အကုန်သေကုန်မှာ သေချာတာပေါ့။”

“ကောင်းပြီ။ ဒါဆိုရင် ငါ မင်းကို အကုန်ပြောပြမယ်။ မင်းရဲ့ကတိကိုတော့ ထိန်းထားစေချင်တယ်။” ယောင်ချင်းလုံက လေးနက်သော လေသံဖြင့် ပြန်ပြောသည်။

အက်ကာ၏အမူအရာ ပျက်သွားပြီး ယောင်ချင်းလုံအား အော်ပြောလိုက်သည်။

"ယောင်ချင်းလုံ … မင်း အဖွဲ့အစည်းရဲ့ သေမင်းစည်းကမ်းတွေကို မေ့နေတာလား။ တခြားသူတွေကို ပြောရဲရင် မင်း အသေဆိုးနဲ့ သေရလိမ့်မယ်။”

"အဲ့ဒါကို ဖော်ထုတ်ရင် မရှုမလှ သေရမယ်ဆိုတာ ငါ သိတယ်။ ဒါပေမယ့် အခု မပြောရင် သေတာထက် ပိုဆိုးသွားမှာကို ငါကြောက်တယ်။" ယောင်ချင်းလုံက ခေါင်းယမ်းလိုက်သည်။

"အက်ကာ … ထန်ရှုက သိပ်ကြောက်စရာကောင်းတယ်၊ ငါ ကြုံဖူးသမျှထဲမှာ ကြောက်စရာအကောင်းဆုံးပဲ။ မင်းရဲ့နည်းပြဆရာမကိုတောင် သူ့လက်အောက်က လူဖြစ်အောင် လုပ်ထားနိုင်တာကို ကြည့်ပြီး မင်း နားမလည်သေးဘူးလို့ ငါ့ကို မပြောနဲ့။"

အက်ကာ၏အသက်ရှုသံများ ပြင်းထန်လာပြီး တိတ်ဆိတ်သွားသည်။

ထို့နောက် ယောင်ချင်းလုံက ထန်ရှုသိချင်သော အရာအားလုံးအား အသေးစိတ် ပြောပြတော့သည်။ လွန်ခဲ့သော၁၀နှစ်ကျော်က ယောင်မိသားစု၏ အကြီးအကဲ ယောင်ချင်းဇွင်သည် သူ့အား နိုင်ငံရပ်ခြားတွင် မိသားစုလုပ်ငန်းကို စီမံခန့်ခွဲရန် အမိန့်ပေးခဲ့သည်။ ယောင်မိသားစုသည် နိုင်ငံခြားတွင် လုပ်ငန်းအမျိုးအစားများစွာကို လည်ပတ်လုပ်ကိုင်ခဲ့ပြီး ငွေအမြောက်အမြား ရင်းနှီးမြှုပ်နှံထားခဲ့သည်။ နှစ်အတော်ကြာ ဖွံ့ဖြိုးတိုးတက်လာပြီးနောက် ယောင်ချင်းလုံသည် ရက်စက်စွာဖြင့် မိသားစုငယ်များစွာ၏လုပ်ငန်းများကို ပေါင်းစည်းခဲ့ပြီး စုစုပေါင်းပိုင်ဆိုင်မှုသည် နောက်ဆုံးတွင် အမေရိကန်ဒေါ်လာဘီလီယံ ဆယ်ဂဏန်းအထိ ရောက်ရှိသွားခဲ့သည်။ နောက်ပိုင်းတွင် သူသည် မဟူရာကလပ်၏အကူအညီဖြင့် နိုင်ငံရပ်ခြားတွင် အမျိုးသားအများအပြားကို လေ့ကျင့်သင်ကြားပေးခဲ့ကာ မိသားစုငယ်များစွာနှင့် ချမ်းသာပြီး သြဇာကြီးသူများ၏ စည်းစိမ်ကို သူ့ကိုယ်ပိုင်အဖြစ် တိတ်ဆိတ်စွာ ဝါးမျိုခဲ့သည်။ သူ ကိုင်ထားသော အင်အားသည် ပေကျင်း၏ ယောင်မိသားစုထက် အနည်းငယ်သာ နိမ့်ကျတော့သည်။

မဟူရာကလပ်သည် မိသားစု ၁၂ စု၊ အင်အားစု လေးဆယ်ကျော်ဖြင့် ဆက်နွယ်နေပြီး အဓိကအင်အားစု သုံးခုဖြင့် ဖွဲ့စည်းထားသော အဖွဲ့အစည်းဖြစ်သည်။ ယနေ့အထိ မဟူရာကလပ်သည် ကမ္ဘာပေါ်တွင် အင်အားအရှိဆုံး ထိပ်သီးအင်အားစုများအနက် ထိပ်ဆုံးအဖွဲ့အစည်းသုံးခုတွင် သေချာပေါက် အဆင့်ချိတ်ပေသည်။

ထို့အပြင် မဟူရာကလပ်တွင် အထူးဌာနတစ်ခု ရှိပြီး လုပ်ကြံသတ်ဖြတ်မှုများ၊ ထောက်လှမ်းရေး၊ စည်းကမ်းထိန်းသိမ်းရေးဗျူရို၊ ကြေးစားအမှုထမ်းများ၊ လုံခြုံရေးကုမ္ပဏီများ၊ ဘဏ္ဍာရေးအဖွဲ့များနှင့် အခြားအရာများစွာအတွက် လုပ်ဆောင်ပေးသည်။ ၎င်းဌာနအောက်ရှိ အရည်အချင်းရှိသူများ အရေအတွက်သည် မရေတွက်နိုင်လောက်အောင် များလွန်းလှပေသည်။ အက်ကာသည် လုပ်ကြံသတ်ဖြတ်ရေးဌာန၏ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ဌာနအတွင်းရှိ ရာဂဏန်းအနည်းငယ်တွင် အဆင့်ချိတ်ခဲ့သည်။

ယောင်ချင်းလုံ၏ ပြန်ပြောခြင်းကို နားထောင်ပြီးနောက် အခန်းတွင်းရှိလူတိုင်း တုန်လှုပ်သွားကြသည်။ တည်ငြိမ်သယောင် ရှိနေသော ထန်ရှုပင် ဤမဟူရာကလပ်၏ကြောက်လန့်စရာကောင်းမှုကို ဖျော့တော့စွာ ခံစားနိုင်ပေသည်။

"မဟူရာကလပ်မှာ အာဏာအကြီးဆုံးက ဘယ်သူလဲ။" ယောင်ချင်းလုံ မပြောသွားသော အချက်အား ထန်ရှုက ထောက်ပြီး ချက်ချင်းမေးလိုက်သည်။

"ငါ မသိဘူး။" ယောင်ချင်းလုံ ခေါင်းယမ်းပြသည်။

ထန်ရှုက အက်ကာကို ကြည့်ပြီး အေးစက်စွာ မေးလိုက်သည်။

"မင်းကရော ဘယ်လိုလဲ။ ငါ့ကို ပြောပြနိုင်မလား။"

"ငါ သိရင်တောင် မင်းကို မပြောဘူး။ ဒါပေမယ့် အဲ့ဒါက ငါလည်း မသိတာပါ။ ငါတို့ မဟူရာကလပ်ရဲ့ ခေါင်းဆောင်ကို အဓိကအင်အားစုသုံးစုနဲ့ မိသားစုဆယ့်နှစ်စုက စီနီယာအဖွဲ့ဝင်တွေကလွဲပြီး ဘယ်သူမှ မသိကြဘူး။”

ထန်ရှုက ခေါင်းညိတ်ကာ အမိန့်ပေးလိုက်သည်။

"ယောင်ချင်းလုံကလွဲရင် သူတို့အားလုံးကို သတ်…"

ထာဝရခန်းမ၏ကျွမ်းကျင်သူများသည် အက်ကာ၊ တုရန်ယီနှင့် ချိုးကျန့်တို့ကို ချက်ချင်းပင် အလွယ်တကူ သတ်ဖြတ်လိုက်ကြသည်။

ယောင်ချင်းလုံသည် သူ၏ရွေးချယ်မှု မှန်ကန်ကြောင်း တိတ်ဆိတ်စွာဖြင့် ကံကောင်းသည်ဟု ခံစားခဲ့ရသည်။ ထန်ရှုသည် ရက်စက်သူမှန်း သူ သိပေသည်။ ထို့ကြောင့် ကောင်းစွာ ပူးပေါင်းပြီး အရာအားလုံးကို ပြောပြရန် ရွေးချယ်ခဲ့သည်။ အချို့သောအရာများကို သူ ဖုံးကွယ်ထားရင်တောင်မှ သူပြောသမျှ အရာရာတိုင်းသည် ထန်ရှုအပေါ် များစွာ အကျိုးသက်ရောက်မှု ရှိမည်မှာ အသေအချာပင်။

"မင်းက ယောင်မိသားစုထဲမှာ တယောက်တည်း ထူးထူးချွန်ချွန် ကျန်ခဲ့တဲ့သူပဲ ယောင်ချင်းလုံ။ မင်းကို ငါ မသတ်ဘူးလို့ ငါ ကတိပေးခဲ့တယ်။ ဒါပေမယ့် ငါ့လူတွေက မလုပ်ဘူးလို့တော့ ငါ တစ်ခါမှ မပြောခဲ့ဘူးနော်။ ဘာပဲဖြစ်ဖြစ် မင်းက အရမ်း တော်တာမို့ မင်းကို အသက်ရှင်ဖို့ အခွင့်အရေး ပေးလိုက်မယ်။"

ထိုစကားများနှင့်အတူ ယောင်ချင်းလုံ၏ နှလုံးသားအတွင်းမှ ဂနာမငြိမ်မှုများသည် နောက်ဆုံးတွင် ပျောက်ကွယ်သွားခဲ့ရသည်။ သူပေးရမည့်တန်ဖိုးက ကြီးမားမှန်း သိသော်လည်း အသက်ရှင်ရန် အခွင့်အရေးအတွက် ငြင်းဆန်နေမည် မဟုတ်ပေ။ ထို့ကြောင့် သူက လေးလေးနက်နက် ပြန်ပြောလိုက်သည်။

“မစ္စတာထန် … ကျေးဇူးပြုပြီး ပြောပါ...။”

"မင်းရဲ့ ပိုင်ဆိုင်မှုအားလုံးကို ငါ့နာမည်နဲ့ လွှဲပေးပါ။ မင်းဆီက အားလုံးကို လက်ခံဖို့ မင်းကို ငါ့လူတွေနဲ့အတူ နိုင်ငံခြားကို လွှတ်လိုက်မယ်။ မင်းပိုင်ဆိုင်တာ ပိုများလေလေ မင်းအသက်ရှင်ဖို့ အခွင့်အလမ်း ပိုများလေဆိုတာကို မင်း ရှင်းရှင်းလင်းလင်း နားလည်ထားသင့်တယ်။ ဆိုတော့ မင်း ဘာပြောမလဲ။"

ယောင်ချင်းလုံသည် တခဏ နှုတ်ဆိတ်နေပြီး “ဆွစ်ဇာလန်ဘဏ်က ငါ့ပိုက်ဆံတွေအားလုံးကို လွှဲပေးဖို့ ငါ့လူတွေကို အရင်ဖုန်းဆက်ပါရစေ။ နောက်ပြီး ငါ့ရဲ့ထိန်းချုပ်မှုအောက်က ကုမ္ပဏီကြီးတွေရဲ့ ငွေဖြစ်လွယ်တဲ့အရာတွေကို သူတို့ရဲ့ တိုးချဲ့လုပ်ငန်းတွေနဲ့အတူ မင်းဆီ လွှဲပေးမယ်။"

“အခြေအနေအလိုက် ကျင့်ကြံတတ်သူက ပညာရှိလို့ဆိုသတဲ့။ မင်းက အဲ့ဒီနေရာမှာ အတော်ကောင်းတဲ့သူပဲ။”

ထန်ရှုက လက်မထောင်ပြကာ ချီးကျူးလိုက်ပြီးမှ

"ချီနန် … မင်းကို ဒီကိစ္စ ကိုင်တွယ်ဖို့ အာဏာကုန် ငါ လွှဲပေးလိုက်မယ်။ ပြီးရင် ရှောင်ရွှဲ့ကို ဆက်သွယ်ပြီး မင်းကို ကူညီဖို့ လူတချို့ လွှတ်ပေးလိုက်မယ်။"

"နားလည်ပါတယ် သူဌေး။"

ချီနန်၏မျက်လုံးများ အရောင်လက်လာပြီး စိတ်လှုပ်ရှားနေသော အမူအရာဖြင့် ချက်ချင်း ပြန်ဖြေသည်။ ထန်ရှု ပေးသော လုပ်ပိုင်ခွင့်အာဏာသည် လွန်စွာ ကြီးမားလှသည်။ သူမသာ ဤကိစ္စကို ပြီးပြည့်စုံအောင် ကိုင်တွယ်နိုင်ပါက ထာဝရခန်းမ၌ သူမ၏အဆင့်အတန်းသည် လွန်စွာ မြင့်မားလာမည်ဖြစ်ပြီး ဟောင်လဲ့၊ ထျန်းလီတို့နှင့်လည်း တန်းတူဖြစ်လာမည်ကို သူမ ကောင်းစွာ သိပေသည်။

"ဒီလိုဖြေရှင်းလိုက်တာ မင်းအတွက်ရော အဆင်ပြေရဲ့လား။"

ယန်လီကို ကြည့်ရင်း ထန်ရှု မေးလိုက်သည်။

အမှန်တကယ်ဆိုပါက ယန်လီသည် ယောင်ချင်းလုံအား သေစေချင်ပေသည်။ ထိုလူသည် သူ့အား ဒုက္ခပေးရုံကလွဲပြီး ကောင်းကျိုးပေးမည့်သူ မဟုတ်ပေ။။ သို့သော်လည်း ထန်ရှုသည် ယောင်ချင်းလုံ၏စည်းစိမ်ဥစ္စာကို ရယူချင်နေသောကြောင့် ထိုသူအား သတ်ရန် ခက်ခဲနိုင်သည်ကို သူ သိပေသည်။ စိတ်ထဲတွင် သိပ်မကျေနပ်လှသော်လည်း တိတ်ဆိတ်စွာ ခေါင်းညိတ်ပြဆဲဖြစ်သည်။

“ကောင်းပြီ။ ယောင်ချင်းလုံက မင်းကို ထပ်ပြီး အနှောက်အယှက်မပေးတော့ဘူးဆိုတာ ငါ သေချာပြောနိုင်ပါတယ်။ ယောင်ချင်းလုံ … ငါ ပြောတာကို နားလည်တယ်မလား။" ထန်ရှုက ပြောလိုက်သည်။

"နောင် ယန်လီကို ပြန်တွေ့တိုင်း ရှောင်လွှဲသွားမယ်လို့ ငါ ကတိပေးပါတယ်။" ယောင်ချင်းလုံက အမြန် ပြောလိုက်သည်။

ထန်ရှုက ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး ယန်လီအား အလွန်တိုးညှင်းသောအသံဖြင့်

"မင်း နိုင်ငံခြားကို သွားမယ်ဆိုရင် ချီနန်နဲ့သွားတာ အရမ်းကောင်းတဲ့ ရွေးချယ်မှုလို့ ငါ ထင်တယ်။ အရာအားလုံး ပြီးသွားတဲ့အခါ ယောင်ချင်းလုံကို မင်းကြိုက်သလို လုပ်လို့ရတယ်။"

***

All Chapters