ချစ်သူတစ်ယောက်၏တာဝန်
Vol. 42 Ch. 585
ယောင်ချင်းလုံ၏ခြိမ်းခြောက်မှုအား ဖြေရှင်းနိုင်ခဲ့ခြင်းသည် လုံးဝအံ့အားသင့်စရာ ဖြစ်ပြီး ထန်ရှုအတွက် မမျှော်လင့်ထားမိသော အရာလည်းဖြစ်သည်။ ထို့ပြင် လျှို့ဝှက်သော ကိစ္စအချို့ကိုလည်း သိရှိလာခဲ့သည်။ မဟူရာကလပ် တည်ရှိမှုနှင့်ပတ်သက်၍ သူ့ဖခင်အား နာကျင်ထိခိုက်စေခဲ့သည့် အင်အားစုကဲ့သို့သော ကြီးမားသောအင်အားစုများ ကမ္ဘာပေါ်တွင် ရှိနေကြောင်း သူ သိခဲ့ရပြီဖြစ်သည်။ သူသည် မဟူရာကလပ်ကို စုံစမ်းစစ်ဆေးရန် သူ့လူများကို စေလွှတ်ခဲ့သောကြောင့် မကြာမီ ၎င်းနှင့်ပတ်သက်သည့် အသေးစိတ် အချက်အလက်များကို ရရှိတော့မည်မှာ သေချာသလောက်ပင်။
ကျင့်ကြံမှုအဆင့်ကို မြှင့်တင်ခြင်းအပြင် ချမ်းသာကြွယ်ဝမှုနှင့် လက်နက်ကိုင်တပ်ဖွဲ့များသည် ယခုအခါတွင် ထန်ရှုအတွက် အရေးကြီးဆုံး ကိစ္စရပ်နှစ်ခု ဖြစ်လာခဲ့သည်။ တည်ငြိမ်သော ကြွယ်ဝချမ်းသာမှုနှင့်အတူ လက်နက်ကိုင် တပ်ဖွဲ့များ ဖွံ့ဖြိုးတိုးတက်စေရန် ငွေကြေးများကို အဆက်မပြတ် ခွဲဝေသုံးစွဲခြင်းနှင့် သူမတူအောင် ထူးချွန်သော သိုင်းပညာရှင်အများအပြားကို လေ့ကျင့် သင်ကြားပေးခြင်းဖြင့် ကမ္ဘာနှင့်ချီကာ စကားပြောဆိုနိုင်ရန် လိုအပ်သော စွမ်းအားကို ပိုမိုရရှိလာမည်ဖြစ်သည်။
သူ၏နေအိမ်အတွင်းတွင် ထန်ရှုသည် တွေးတောနေသော အတွေးများအား နောက်ပို့ကာ ဆေးပညာဗဟုသုတအချို့ကို သိုက်ရှင်းရွှယ်အား သင်ကြားပေးခဲ့ပြီးနောက် ဒုတိယထပ်ရှိ သူ၏အိပ်ခန်းသို့ ပြန်သွားခဲ့သည်။ ယန်လီသည် အရင်ဆုံး လျှို့ဝှက်ထွက်ခွာသွားခဲ့ပြီး ချီနန်သည် ယောင်ချင်းလုံအား ခေါ်ဆောင်သွားကာ နိုင်ငံခြားရှိ သူ၏ပစ္စည်းဥစ္စာများကို လျှို့ဝှက်လက်ခံရယူရန် ပြင်ဆင်နေသည်။
ထန်ရှုသည် မြင့်မြတ်သော သူတော်စင်များကဲ့သို့ အလွန် လေးနက်သော စကားလုံးမျိုး မဆိုသော်လည်း ဤအချိန်ကဲ့သို့ ရန်သူကို အကျိုးကျေးဇူးအတွက် တစ်ခါတစ်ရံ ဖြေလျှော့ပေးတတ်သည်။ သို့သော် သူ့ဘေးတွင် ရှိနေသောသူများအတွက်တော့ သူ အမြဲတမ်း ကတိတည်သော လူစားဖြစ်သည်။
နောက်တစ်နေ့တွင် ထန်ရှုသည် ကျောင်းလာတက်စဉ် မုဝမ်ရင်သည် တက္ကသိုလ်အဝင်ဝတွင် သူ့အား ဟန့်တားလိုက်သည်။ မုဝမ်ရင်သည် မိတ်ကပ်ပါးပါးကို ပြေပြစ်စွာ လိမ်းထားပြီး စတိုင်ကျသည့် ဝတ်စုံကို ဝတ်ဆင်ထားသဖြင့် သူမ၏ဆွဲဆောင်မှုရှိသော အလှအပအား ပေါ်လွင်ထင်ရှားစေသည်။
"ဟန်နီရေ … ဒီနေ့ အတန်းလစ်လို့မရဘူးလား။" မုဝမ်ရင်က ပြုံးစစဖြင့် မေးလာသည်။
သူမ၏လေသံကြောင့် ထန်ရှု ရယ်မိလိုက်ရင်း
"ဟာဟ…ငါကကျောင်းသားကောင်းဆိုတော့ ခွင့်မတိုင်ဘဲ ဘယ်တော့မှ မပျက်တတ်ဘူးလေ။ ဘယ်လိုပဲဖြစ်ဖြစ် ချစ်သူလေးက ဒီလိုပြောလာတာ သိပ်ရှားတယ်ဆိုတော့ အကြောင်းပြချက် ခိုင်လုံရင် မဖြစ်နိုင်စရာ အကြောင်းမရှိပါဘူး။”
မုဝမ်ရင် သူမ၏နှုတ်ခမ်းလေးကို အုပ်ကာ တခိခိ ရယ်မိရင်း
“ငါ လတ်တလော လုပ်နေတဲ့လုပ်ငန်းက မဆိုးဘူးလို့ ပြောရမယ်။ ငါ ငွေတချို့ ရှာနိုင်ခဲ့တာမို့ အိမ်တစ်လုံး ဝယ်မလားလို့။ ဘွဲ့ရပြီးရင် ရှန်ဟိုင်းမှာ ဆက်နေပြီး ငါ့လုပ်ငန်းကို ချဲ့မယ်လေ။”
"ရှန်ဟိုင်းမှာ နေချင်တာလား။ ဘာကြောင့်တုန်း။" ထန်ရှု အံ့အားသင့်စွာ မေးလိုက်သည်။
“အငြင်းပွားမှုတွေနဲ့ ပြဿနာတွေကို ရှောင်ဖို့လေ။ ဒါကြောင့်ပါ။” မုဝမ်ရင်က ညင်သာစွာ ဖြေသည်။
"မင်းမိသားစုအကြောင်းကို ပြောနေတာလား။" ထန်ရှုက တွေးတွေးဆဆဖြင့် မေးလိုက်သည်။
မုဝမ်ရင်၏မျက်နှာထက်ရှိ အပြုံးသည် ဖျော့တော့သွားပြီး ကူကယ်ရာမဲ့ဟန်ဖြင့် ခေါင်းညိတ်လာကာ
“ငါ့မိသားစုက နင်တို့ထန်မိသားစုလောက် မကြီးမားသလို စည်းလည်း မစည်းလုံးသေးဘူး။ အဘိုးသာ မရှိရင် ငါတို့မိသားစု ပြိုကွဲသွားမှာတောင် စိုးရတယ်။ ဒီတလော အဘိုးရဲ့ကျန်းမာရေးက နည်းနည်း ချို့ယွင်းစပြုလာတယ်။ ကြီးကြီးမားမား ပြသနာတွေ မပေါ်ပေါက်သေးပေမယ့် … ငါ့ရဲ့ဦးလေးကြီးတွေနဲ့ ဦးငယ်တွေက ပြဿနာတချို့ကို နှိုးဆွလိုက်ပြီလေ။ ငါ့ရဲ့လမ်းခရီးကို ချဲ့ထွင်ဖို့ ရှန်ဟိုင်းမှာ နေတာက အနာဂတ်မှာ ငါ့အတွက် ထွက်ပေါက်တစ်ခု ဖြစ်လာလိမ့်မယ်။”
ထန်ရှုက ခေါင်းညိတ်ပြီး
"မင်းရဲ့စိတ်ကူး မှန်တယ်။ အင်အားနဲ့ အာဏာအတွက် ယှဉ်ပြိုင်ဖို့ မင်း အဆင်သင့် မဖြစ်သေးဘူးဆိုရင် ပြဿနာတွေကို ရှောင်ရမယ်။ သွားကြအောင်။ မင်းနဲ့အတူ အိမ်ကို ကူရှာပေးမယ်။"
မုဝမ်ရင်က ဖျော့တော့စွာ ပြုံးလိုက်သည်။ သူမ၏ရင်ထဲတွင် ဖွင့်ဟမပြောခဲ့သော တစ်စုံတစ်ခု ရှိနေခဲ့သည်။ သူမ၏လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန်အတွက် ရှန်ဟိုင်းတွင် နေရန် ဆုံးဖြတ်လိုက်ခြင်းသည် သူမ၏မိသားစုတွင်း အငြင်းပွားမှုတွေကြောင့်ချည်း မဟုတ်ဘဲ ထန်ရှုနှင့်လည်း တစ်စိတ်တစ်ပိုင်း ဆက်နွယ်နေပေသည်။ ထန်ရှုသည်လည်း အနာဂတ်တွင် ရှန်ဟိုင်းတွင် အခြေချမည် မဟုတ်ကြောင်း သူမ ကောင်းစွာ သိသည့်တိုင် ကျောင်းတက်နေသဖြင့် သူသည် အနည်းဆုံးတော့ လေးနှစ် နေရဦးမည်ဖြစ်သည်။
မုဝမ်ရင်သည် အလွယ်တကူ ချစ်ကျွမ်းဝင်တတ်သော အမျိုးသမီးတစ်ယောက် မဟုတ်သည့်အပြင် သူမ တစ်သက်မှ တစ်ခါသာ ချစ်ခဲ့မိသည့် အမျိုးသားတစ်ယောက်အတွက် စွန့်စားပြီး ချစ်သွားမည့် မိန်းမသားမျိုး ဖြစ်ပေသည်။ ထန်ရှုသည် သူ၏စွမ်းရည်များဖြင့် အနာဂတ်တွင် ဆက်လက်ပွင့်လန်းနေဦးမည်ကို ကောင်းစွာသိနေပြီး သူ့အနားတွင် အမျိုးသမီးတစ်ဦးတည်း ရှိရန်မှာ မဖြစ်နိုင်သည့်တိုင် သူမ၏ပျော်ရွှင်မှုအတွက် တိုက်ပွဲဝင်ချင်မိခဲ့သည်။ ထို့ကြောင့် ထန်ရှု၏နှလုံးသားထဲတွင် သူမ၏ကိုယ်ပိုင်နေရာလေး လုံခြုံစေရန်အတွက် သူမ စတင်လုပ်ဆောင်တော့မည် ဖြစ်သည်။
ထန်ရှုသည် ကျောင်းသို့ လမ်းလျှောက်လာသောကြောင့် သူတို့နှစ်ယောက်သည် ကြယ်ပြာအိမ်ရာသို့ လမ်းလျှောက်ပြန်လာရပြီး ထန်ရှု၏ကားဂိုဒေါင်ဆီသို့ သွားကြသည်။
"ဒါ … ဒါ … ခိုးနစ်ဆက်ဂီဂယ်ရာ-အာ ကား လား။"
ကားဂိုဒေါင်၏လျှပ်စစ်တံခါးကို ဖြည်းညှင်းစွာ ပွင့်လာသည်နှင့် မုဝမ်ရင်သည် အတွင်း၌ တန်ဖိုးကြီး ပြိုင်ကားများ ရပ်ထားသည်ကို တွေ့လိုက်ရသည်။
ထန်ရှု၏မျက်လုံးများ ပေကလပ် ပေကလပ် ဖြစ်သွားပြီး လွန်ခဲ့သည့် ရက်ပိုင်းက သူ ကျင်းမန်ကျွန်းသို့ သွားစဉ် သူ့အဒေါ် ထန်မင်းက နိုင်ငံခြားတွင် တန်ဖိုးကြီး ပြိုင်ကားကောင်း တစ်စီး ထွက်ကြောင်းနှင့် သူ့အတွက် တစ်စီး မှာယူပေးပို့ထားကြောင်း ပြောထားသည်ကို ပြန်သတိရသွားသည်။
သူ ခရီးမှ ပြန်ရောက်သောအခါ ဆာ့ဖ်ကားအား ကားဂိုဒေါင်တွင် မသိမ်းဘဲ ခြံဝင်းထဲတွင်သာ ရပ်ထားလိုက်သဖြင့် ထိုပြိုင်ကားကို မတွေ့ဖူးသေးသလို တန်ဖိုးကြီးကားများ အကြောင်း သူ မည်သည့်အခါကမှ မလေ့လာဖူးသည့်အတွက် ထိုကားများ၏နာမည်များကိုပင် အသေအချာ သူ မသိပါချေ။
မုဝမ်ရင်သည် ထန်ရှု၏အဖြေအား စောင့်မနေတော့ဘဲ ထိုပြိုင်ကားဆီသို့ အလျင်အမြန် ပြေးသွားကြည့်ရာ ဖုန်မှုန့်များ ပေနေသည်ကို တွေ့လိုက်ရသည်။ ထို့နောက် သူမသည် ပဝါတစ်ထည်နှင့် ရေပုံးတစ်ပုံးကို ရှာပြီး ၎င်းကားကို အသေအချာ သန့်စင်လိုက်ရာ သူတို့၏အရှေ့တွင် တောက်ပနေသည့် ပြိုင်ကားအသစ်တစ်စီး ထွက်ပေါ်လာခဲ့ချေပြီ။
ထန်ရှုက မုဝမ်ရင် သန့် ရှင်းရေးလုပ်နေသည်ကို တအံ့တသြ ကြည့်နေသည်။ နောက်ဆုံးတွင် မုဝမ်ရင်သည် မျက်နှာသုတ်ပုဝါအား ပုံးထဲသို့ ထည့်ပြီးသွားသည့်အခါ သူက ပြုံးပြီး ပြောလိုက်သည်။
"ကောင်းပြီ … မင်း ဒီကားကို အရမ်းကြိုက်တော့ ဒီနေ့ အဲ့ဒါကို မောင်းကြတာပေါ့။ ဘာမှ ထိခိုက်မှုတော့ မရှိလောက်ပါဘူး။”
“ဒါ တကယ်ကို ကောင်းတယ်။ ဒီကားရဲ့ အသွင်အပြင်နဲ့ တင်ဆက်မှုပုံစံတွေကို ကားမဂ္ဂဇင်းထဲမှာ မြင်ဖူးပေမယ့် လက်တွေ့တော့ တစ်ခါမှ မတွေ့ဖူးသေးဘူး။”မုဝမ်ရင်က ရယ်ရယ်မောမော ပြောလိုက်သည်။
"ဒီကားက အတော် နာမည်ကြီးတာလား။" ထန်ရှုက စိတ်ဝင်တစား မေးလိုက်သည်။
မုဝမ်ရင်သည် ထန်ရှုကို ထူးဆန်းသော အမူအရာဖြင့် ကြည့်မိရင်း
"ခိုးနစ်ဆက်အမှတ်တံဆိပ်က စူပါကားတွေကြားထဲတော့ လူသိများတာ မဟုတ်ဘူး။ သူ့ရဲ့ကျော်ကြားမှုကို ပြောရရင် ဖာရီယာနဲ့ ဘူဂတီတို့ထက် အများကြီး နောက်ကျ ကျန်နေတယ်ဆိုရမယ်။ ဒါပေမယ့် ဒီဆွီဒင်ကုမ္ပဏီရဲ့ အဂရီယာ အာကားမှာ တာဘို၂လုံးဗွီအိပ် အင်ဂျင်ကို တပ်ဆင်ထားတော့ အမြင့်ဆုံးမြင်းကောင်ရေအား တစ်ထောင့်တစ်ရာနှစ်ဆယ့်လေးထိ ပေးစွမ်းနိုင်သလို အမြင့်ဆုံးမြန်နှုန်းက တစ်နာရီကို ၄၄၀ ကီလိုမီတာတောင် ပေးနိုင်တာနော်။ ဒီကားရဲ့ အထူးခြားဆုံးအချက်က ဝ-၁၀၀ ကီလိုမီတာကို အရှိန်မြှင့်ဖို့ ၂.၈စက္ကန့်လောက်ပဲ အချိန်ယူရတယ်။ ၁၁.၇စက္ကန့်နဲ့ဆိုရင် ကီလိုမီတာ ၃၀၀ထိတောင် ရောက်နိုင်တဲ့ အရမ်းကောင်းတဲ့ကား။ ဘယ်ဈေးလဲရော နင် သိလား။"
"ဘယ်လောက်တုန်း။" ထန်ရှု အူကြောင်ကြောင်နှင့် ပြန်မေးလိုက်သည်။
“ယွမ် ၁၀ မီလီယံ။” မုဝမ်ရင်က လေးနက်သော မျက်နှာဖြင့် ပြောလိုက်သည်။
သူကိုယ်တိုင် ချမ်းသာကြွယ်ဝနေသည့်တိုင် ထန်ရှုသည် ထိုကိန်းဂဏန်းကြောင့် ထိတ်လန့်နေရဆဲဖြစ်သည်။ သူ၏ဒေါ် လေးဖြစ်သူ ထန်မင်းသည် သူမ၏စိတ်ရောလူပါ ပင်ပင်ပန်းပန်း ရှာရသည့် ဝင်ငွေများကို ဤကဲ့သို့ သုံးစွဲခဲ့သည်ကို သူ့စိတ်ထဲ ဘယ်တော့မှ မေ့မသွားပေ။ ယခင်ကားလေးစီး၏ စုစုပေါင်းတန်ဖိုးသည် ယွမ်၁၀မီလီယံကျော် ရှိပြီး ယခု ဒီကားလေးတစ်စီး၏ဈေးနှုန်းက ယွမ် ၁၀မီလီယံကျော် ရှိနေပြီဖြစ်သည်။
…ဒါ...ဒါက သူ့မိသားစုကို ဖျက်စီးရာကျနေတာ မဟုတ်ဘူးလား။…
မုဝမ်ရင်က ရယ်လိုက်ရင်း
“နင် ဘယ်လို ထင်လဲ။ သူဌေးကြီးထန်က ဒီငွေပမာဏကြောင့် လန့်သွားတာလား။"
“ဒီပမာဏက လန့်သွားတာ မဟုတ်ဘူး … လွန်လွန်းအားကြီးတယ်လို့ ခံစားနေရတာ…” ထန်ရှု ခေါင်းတခါခါဖြင့် ပြောလိုက်သည်။
“နောက်ပြီး ယွမ်၁၀မီလီယံဆိုတာ သာမန်လူတွေဆို တစ်သက်လုံးရဖို့ ခက်ခဲလွန်းတဲ့ ပမာဏပဲ။ တွေးကြည့်ရင် ဒီကားအတွက် ပိုက်ဆံတွေ အများကြီးကုန်သွားပြီလို့ တကယ် …”
“တကယ်ထူးဆန်းတယ်။ ကြည့်ရတာ နင့်ကားတွေရဲ့အကြောင်း နင် လုံးဝ မသိဘူးပဲ။” မုဝမ်ရင်က မှတ်ချက်ချသည်။
"လွန်ခဲ့တဲ့ရက်အနည်းငယ်က ကျင်းမန်ကျွန်းကို ငါ သွားခဲ့တယ်။" ထန်ရှု အနေရခက်စွာ ပြုံးလိုက်ရင်း “အဲ့ဒီတုန်းက ဒေါ်လေးက ငါ့ကို နိုင်ငံခြားက ကားတစ်စီး ပို့ထားတယ်လို့ ပြောတယ်။ သူက အရင်ကလည်း ငါ့ကို ကားလေးစီး ပို့ပေးထားတာဆိုတော့ ပုံမှန်အတိုင်း ကားတစ်စင်း ထပ်ပြီး မှာတာ အဲ့လောက် ဈေးမကြီးဘူးလို့ ထင်ခဲ့တာ။ ပြန်လာပြီးတော့ လင်ရိုဗာကားကိုပဲ တစ်ချိန်လုံး မောင်းနေခဲ့တာလေ။ ဒီ့နေ့မှ ကားဂိုဒေါင်တံခါးကို ပထမဆုံးအကြိမ် ဖွင့်ဖြစ်တာ။ ဒီလိုတန်ဖိုးကြီးပြိုင်ကားတစ်စီး ဖြစ်လိမ့်မယ်လို့ ဘယ်သူ ထင်မှာလဲ။”
မုဝမ်ရင်က သက်ပြင်းချလိုက်ပြီး
"နင့်အဒေါ်က နင့်ကို တကယ်ချစ်တာပဲ။ ဒါနဲ့ ငါတို့ သွားကြတော့မလား ဟန်နီ။ ငါ့ကို တစ်ပတ်လောက် မောင်းပို့ပေးလေ။"
"မင်းမောင်းရင်ရော ဘယ်လိုလဲ။" ထန်ရှုက ရှက်ရွံ့စွာ ပြောလိုက်သည်။
"ကောင်းပြီ … ဒါဆို ငါ မောင်းလိုက်မယ်။ ဒီတန်ဖိုးကြီးပြိုင်ကားကို မောင်းရတာ အတော်မိုက်မှာဟ။"
နှစ်မိနစ်အကြာတွင် မုဝမ်ရင်သည် ထိုပြိုင်ကားအား ထန်ရှု၏အိမ်ဝင်းထဲမှ မောင်းထွက်လာခဲ့ရာ အိမ်ရာအတွင်းပိုင်းမှ ထွက်ပေါက်အထိ လူများစွာ၏ အာရုံကို ဆွဲဆောင်နေပြီဖြစ်တော့သည်။ တာဝန်ကျ လုံခြုံရေးအစောင့်များပင် မတ်တပ်ရပ်ပြီး ပုံမှန်ထက် ပိုမိုစမတ်ကျစွာဖြင့် အလေးပြုကြသည်။
ထိုပြိုင်ကား၏ မိမိုက်သော အသံနှင့် အလှတရားကြောင့်ပင်တည်း။
ထန်ရှုသည် မိန်းမလှလေးအား အဖိုးတန်ဇိမ်ခံကားပေါ်တင်ကာ မောင်းနှင်လာသော ဒုတိယမျိုးဆက် သူဌေးတစ်ဦးသဖွယ် ရုတ်တရက် ခံစားလိုက်ရသည်။ ဆေးပြင်းလိပ်နှင့် ဝိုင်နီသာ ထပ်ပေါင်းထည့်လိုက်ပါက နတ်ဘုံဘဝနှင့် အလားတူပေရော့မည်။
"ငါတို့အိမ်ကြည့်ပြီးရင် ဝိုင်နည်းနည်းလောက် သောက်ကြမလား ဝမ်ရင်။ ကြည့်ရတာ ငါတို့တွေ ဘားကောင်းကောင်းလေးတွေ တော်တော် ကျော်ဖြတ်ရမယ့်ပုံပဲ။ ပတ်ဝန်းကျင်လေထုကလည်း ကောင်းနေသလိုလို။” ထန်ရှုက တစ်ချက်ပြုံးကာ စကားစလိုက်သည်။
“အိုခေလေ…” မုဝမ်ရင်က ခပ်ဖွဖွပြုံးကာ ပြန်ဖြေသည်။
"ငါတို့ ဘယ်နေရာ သွားကြမလဲ။ အရင်က ရှာထားသေးလား။"
“ငါ အွန်လိုင်းကနေ ရှာဖွေကြည့်တာ လော်ရန်အိမ်ရာကို တော်တော်လေး သဘောကျတယ်။ ဒါပေမယ့် အိမ်ရာက နည်းနည်းဝေးတော့ ငါ့ကုမ္ပဏီကနေဆို တစ်နာရီကျော်လောက် မောင်းရမယ်။ ပြီးတော့ ယာဉ်ကြောပိတ်ဆို့မှုဖြစ်ရင် အလုအယက် မောင်းရတော့မှာပဲ။ ရာစုသစ် ဂန္ထဝင် အိမ်ရာကျတော့ တော်တော်ကောင်းပေမယ့် လုံးချင်းအိမ်ရာ မဟုတ်ပြန်ဘူး။ ငါက လုံးချင်းအိမ်တွေကို ပိုကြိုက်တယ်။ သီးသန့်ရေကူးကန်ပါတဲ့ အိမ်ဆိုရင် ပိုကောင်းတယ်။"
ထန်ရှုက တခဏလောက် တုံ့ဆိုင်းနေပြီး ပြန်ဖြေလိုက်သည်။
“ဒါဆို နှစ်နေရာလုံးကို သွားကြတာပေါ့။ နောက်ဆုံး မင်း ဘယ်ဟာကို အကြိုက်ဆုံးလဲဆိုတာ ငါတို့ ကြည့်ကြမယ်လေ။"
“ကောင်းပြီ။” မုဝမ်ရင်က ပြုံးပြီး ခေါင်းညိတ်သည်။
ပြိုင်ကားသည် လမ်းမကြီးတလျှောက် မောင်းနှင်လာစဉ် ၎င်းသည် လူများစွာ၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်သည့် အားပြင်းသော သံလိုက်တစ်ခုနှင့် အလားတူပြီး ထိုကဲ့သို့ အမိုက်စား ဇိမ်ခံကားတစ်စီးကို ပိုင်ဆိုင်လိုသည့် အားကျစိတ်နှင့် စိတ်ကူးယဉ်စိတ်များ ဖြစ်စေသည်။
လော်ရန်အိမ်ရာ…
ဟန်ကျင်းထုံသည် အိမ်၏အပြင်လှေကားထစ်တွင် ထိုင်ကာ နေပူစာလှုံရင်း စီးကရက်သောက်နေသည်။ သူ့အသက်အရွယ်အရ အရာများစွာကို ကြုံတွေ့ဖြတ်သန်းခဲ့ဖူးသည်။ ထို့ကြောင့် ကျင့်ကြံခြင်းမှတစ်ပါး သူ့ဘဝ၏ကျန်သောနှစ်များအား နေ့ရက်တိုင်းတွင် ပျော်ပျော်နေခဲ့သည်။ သူသည် ဤအိမ်ရာဝင်းထဲ နေထိုင်သူများကြားတွင် ဘဝကို အပျော်ဆုံးနေထိုင်သူဟု ဆိုနိုင်သည်။
ဒါပေါ့….။ သူသည် အကောင်းဆုံး ပုဂ္ဂိုလ်ရေး အဆက်အသွယ် ရှိသူလည်း ဖြစ်သည်။
ဒုတိယသား၏မိသားစုသုံးယောက်သာ နိုင်ငံခြားက ပြန်လာရင် ပိုပြီး ပြည့်စုံသွားလိမ့်မည်ဖြစ်သည်။
သူသည် မျက်လုံးများအား မှေးစင်းထားရင်း အိမ်ရာအဝေးမှ ရှုခင်းများကို လှမ်းကြည့်နေသည်။ ထိုစဉ် အဖိုးတန်ပြိုင်ကားတစ်စီးသည် အိမ်ရာအဆောက်အအုံအတွင်းသို့ ဖြည်းညှင်းစွာ ဝင်ရောက်လာသဖြင့် သူ့အား အနည်းငယ် အံ့သြသွားစေသည်။ သူ၏အချိန်တော်တော်များအား နေပူစာလှုံရင်း ကုန်ဆုံးစေခဲ့သောကြောင့် အိမ်ရာဝင်းထဲမှ အဖိုးတန်ဇိမ်ခံကားများစွာကို သူ တွေ့ဖူးပေသည်။ သို့သော် သည်ကဲ့သို့ ဆွဲဆောင်မှု ရှိသော ပြိုင်ကားတစ်စီးအား သူ တစ်ခါမှ မမြင်ဖူးတာ သေချာပေသည်။
…အသုံးအဖြုန်းကြီးတဲ့ အခြားသူဌေးသားတစ်ယောက် သူ့ကားအသစ်နဲ့ ထပ်ကစားနေပြန်တာလား။…
ဟန်ကျင်းထုံ၏အကြည့်များသည် ထိုကားအနောက်သို့ လိုက်ပါသွားပြီး နောက်ဆုံးတွင် ထိုကားသည် မီတာ ၂၀၀ မှ ၃၀၀ ခန့်အကွာ အိမ်ခြံမြေ စီမံခန့်ခွဲမှုရုံးရှေ့တွင် ရပ်လိုက်တော့မှ သူ သက်ပြင်းချလိုက်သည်။ သူ၏နေရာကနေ ရုံးခန်းရှေ့တွင် ရပ်လိုက်သော ကားကို ကောင်းစွာ မြင်နေရပေသည်။
"ဟင်…" ထိုပြိုင်ကား ရပ်သွားပြီး အမျိုးသားရော အမျိုးသမီးပါ ဆင်းလာသောအခါ သူ၏အမူအရာ လှုပ်ရှားသွားပြီး
"ထန်ရှုလား…"
သူသည် အသက်ကြီးနေသည်ဟု ဝန်ခံသည့်တိုင် အနီးမှုန်ဟု လုံးဝ ဝန်မခံပါချေ။ ထိုချောမောသော လူငယ်သည် ထန်ရှုဖြစ်သည်ကို သူ ရှင်းလင်းစွာ သိနိုင်ပေသည်။ သူသည် ထန်ရှု၏ဝိသေသများစွာကို လွန်စွာ ထိတ်လန့်သွားသောကြောင့် သူနှင့် အတော်ပင် ခင်မင်ရင်းနှီးချင်သည်။ စိတ်မကောင်းစရာက သူ၏အဖိုးတန်မြေးမလေး ဟန်ကျင်းဝူသည် ထန်ရှု၏ဆရာမ ဖြစ်နေပြီး သူတို့နှစ်ဦးကြားတွင် အဆင်မပြေမှုများရှိနေပုံရသည်။ နို့မဟုတ်ပါက ဟန်ကျင်းဝူအား ထန်ရှု၏ချစ်သူ ဖြစ်စေလိုပြီး အနာဂတ်တွင် သူ၏ဇနီး ဖြစ်လာပါက ပိုကောင်းမည်ဟု မျှော်လင့်မိပေမည်။
***