ယုတ္တိမတန်
Vol. 42 Ch. 586
ပြိုင်ကား၏အနောက်တွင် အနက်ရောင် ကားတစ်စီး ရပ်လာခဲ့သည်။ ကားမောင်းသူသည် မိန်းမလှလေးတစ်ဦး ဖြစ်ပြီး သူမ၏အလှသည် မုဝမ်ရင်နှင့် မယှဉ်နိုင်သော်လည်း သူမသည် လူငယ်များစွာ၏အမြင်တွင် နတ်ဘုရားမတစ်ဦးအဖြစ် သတ်မှတ်ခံရဆဲဖြစ်သည်။ သူမသည် လော်ရန်အိမ်ရာ၏ အိမ်ခြံမြေအရောင်းဝန်ထမ်း တစ်ဦးဖြစ်သူ လီကျင်း ဖြစ်သည်။
လီကျင်း၏ လတ်တလော လုပ်ရည်ကိုင်ရည်သည် လွန်စွာ ကျဆင်းနေခဲ့သည်။ အကြောင်းမှာ သူမသည် အိမ်ခြံမြေဈေးကွက်ထဲရှိ တရားမဝင်သော စည်းမျဉ်းအချို့ကို လက်မခံလိုသောကြောင့်ဖြစ်သည်။ သူမ၏မန်နေဂျာသည် ယခုလတွင် အိမ်မရောင်းနိုင်ပါက သူမ၏ပစ္စည်းများကို ထုပ်ပိုးပြီး တန်းထွက်သွားရမည်ဟုပင် သတိပေးထားသည်။ ထို့ကြောင့် စိတ်အတွင်းတွင် စိတ်တိုနေသော်လည်း သူမသည် ဘဏ်ဖြင့် ပေးချေမည့် လာရောက်ဝယ်ယူသူအား စိတ်မရှည်သော မျှော်လင့်ချက်ဖြင့်လည်း စောင့်မျှော်ခဲ့သည်။ ထိုဝယ်ယူသူသည် အမျိုးသမီးဖြစ်ပါက အကောင်းဆုံး ဖြစ်ပေမည်။
ယနေ့လည်း သူမသည် အရောင်းစင်တာ တံခါးဝတွင် ထိုကိစ္စကို တွေးတောနေစဉ်တွင် ရုပ်ရည်ချောမောသော စုံတွဲတစ်တွဲသည် သူမဆီသို့ လာနေသည်ကို တွေ့လိုက်ရသည်။ သူမ တကယ်ကို စောင့်မျှော်နေခဲ့မိတာဖြစ်သည်။ ထိုစုံတွဲ၏ဝတ်စားဆင်ယင်ပုံနှင့် စီးလာသော အဖိုးတန် ပြိုင်ကားကြောင့် ထိုနှစ်ယောက်သည် အလွန် ချမ်းသာသည့်ပုံပေါ်ပေသည်။
"မစ္စတာထန် … မစ္စမု။ လော်ရန်အိမ်ရာထဲမှာ အခု အိမ်လေးလုံးပဲ ကျန်တော့တယ်။ အိမ်သုံးလုံးကိုတော့ အရောင်းစင်တာမှာ ရှင်တို့ကို ပြခဲ့ပြီးပြီ။ ဒါပေမယ့် ရှင်တို့စိတ်ကြိုက်မတွေ့ကြသေးတော့ ရှင်တို့ကို အိမ်နံပတ်(၉)ဆီ တန်းခေါ်သွားလိုက်မယ်။ ကျေးဇူးပြုပြီး ငါနဲ့အတူ လိုက်ခဲ့ပါ။ အိမ်က ဒီနေရာနဲ့ အရမ်းနီးပါတယ်။”
ထန်ရှုနှင့် မုဝမ်ရင်သည် အသာခေါင်းညိတ်ပြပြီး လီကျင်း၏အနောက်မှ လိုက်သွားရာ မိနစ်အနည်းငယ်ခန့်အကြာတွင် အိမ်နံပါတ်(၉)၏ အရှေ့သို့ ရောက်သွားခဲ့သည်။ အထပ်သုံးထပ်ပါဝင်ပြီး ဥရောပပုံစံဆောက်ထားသော ထိုအိမ်သည် ကျယ်ဝန်းသော ဧရိယာရှိသည်။ စိတ်ကျေနပ်စရာ အကောင်းဆုံး ရှုထောင့်မှာ ၎င်း၏ ဂိတ်ပေါက်ရှေ့တွင် ရာနှင့်ချီသောစတုရန်းမီတာ ကျယ်ဝန်းသည့် မြက်ခင်းများနှင့် ဥယျာဉ် ပါရှိခြင်းဖြစ်သည်။
“အရမ်းစတိုင်ကျတယ်။ ဈေးကလည်း မသက်သာလောက်ဘူး ဟုတ်တယ်မလား။” ထန်ရှုက ပြုံးပြီး မေးလိုက်သည်။
"အမှန်ပဲ။” လီကျင်းက အပြုံးဖြင့် ခေါင်းညိတ်လိုက်ရင်း “လတ်တလောမှာ အိမ်ရာဈေးနှုန်းတွေ သိသိသာသာ မြင့်တက်လာတာ တစ်စတုရန်းမီတာကို ယွမ် ၁၄၅,၀၀၀ အထိ ဖြစ်နေပြီ။ အိမ်အပြင်ဘက်က မြက်ခင်းနဲ့ ဥယျာဉ်က ပေးချေရမယ့်တန်ဖိုးထဲ မပါတာတောင် အိမ်ကိုယ်တိုင်က စတုရန်းမီတာ ၄၆၀ ကျယ်ဝန်းသေးတယ်။ စုစုပေါင်းဈေးနှုန်းက ယွမ် ၆၆.၇မီလီယံ ကျပေမယ့် ၅%လျှော့ဈေးနဲ့ဆိုရင် အသားတင်ဈေးနှုန်းက ၆၃.၃၅၆ မီလီယံလောက်ပဲ ကျတော့မယ်။ ကြိုတင်ပေးချေရင် ယွမ် ၆၅,၀၀၀လောက် သက်သာအောင်လည်း ငါ ကူညီပေးနိုင်ပါတယ်။”
ထန်ရှုသည် မုဝမ်ရင်ကို သိလိုသောအကြည့်ဖြင့် တစ်ချက် ကြည့်လိုက်သည်။
မုဝမ်ရင်က ဈေးနှုန်းသည် သူမအတွက် လက်ခံနိုင်ကြောင်း တိတ်တဆိတ် ခေါင်းညိတ်လိုက်သည်။ သည်အချိန်တိုလေးအတွင်း သူမသည် ဤမျှများပြားသောငွေအား ရှာနိုင်မည်ဟု မမျှော်လင့်ထားသောကြောင့် မုဝမ်ရင်အား ထန်ရှု အထင်ကြီးသွားရသည်။
ထို့နောက် လီကျင်း၏လမ်းပြမှုဖြင့် နှစ်ယောက်သား အိမ်ထဲသို့ ရောက်လာကြသည်။ ခြုံကြည့်သော် အလုံးစုံ အပြင်အဆင်သည် ကောင်းမွန်ပြီး ပထမထပ်၏ အနောက်ဘက်တွင် အလွန်ကျယ်ဝန်းသော ကိုယ်ပိုင်ရေကူးကန်လည်း ရှိသည်။ ယခုခေတ် အိမ်တစ်လုံးတွင် ထိုသို့သော မိုးလုံလေလုံ သီးသန့်ရေကူးကန် ရှိပါသည်မှာ လွန်စွာ ရှားပေသည်။
“ငါ ယူမယ်။” အိမ်ကို ကြည့်ပြီးနောက် မုဝမ်ရင်က ဆုံးဖြတ်ချက်ကို တစ်ခါတည်း ချလိုက်တော့သည်။
လီကျင်း၏မျက်ဝန်းများထဲတွင် အံ့သြကျေနပ်သွားသော အမူအရာ ပေါ်လာသည်။ ထို့နောက် သူမသည် ထန်ရှု၊ မုဝမ်ရင်တို့နှင့်အတူ ဝယ်ယူသည့်အစီအစဉ်အား ဆက်လက်ဆောင်ရွက်နိုင်ရန်အတွက် ထိုအိမ်မှ ထွက်ခွာကာ အရောင်းစင်တာဆီသို့ သွားခဲ့ကြသည်။ တံခါးအပြင်ဘက်တွင် အချိန်အတော်ကြာ စောင့်ဆိုင်းနေသော ဟန်ကျင်းထုံသည် ထိုသုံးယောက်၏လမ်းကြောင်းကို တားလိုက်သည်။
"ဒီနေ့ နေပူစာမလှုံဘူးလား အန်ကယ်ဟန်။ လမ်းလျှောက်ထွက်လာတာလား။" လီကျင်းသည် ဟန်ကျင်းထုံနှင့် လွန်စွာ ရင်းနှီးသောကြောင့် သူ့ကို အပြုံးဖြင့် နှုတ်ဆက်လာသည်။
ဟန်ကျင်းထုံက ခပ်ဖွဖွ ပြုံးကာ ခေါင်းညိတ်လိုက်ပြီး သူ့အကြည့်များအား ထန်ရှုဆီ ပို့လိုက်သည်။
"အိမ်ဝယ်ဖို့လာတာလား မစ္စတာထန်။" သူ့မျက်နှာထက်တွင် လေးစားသည့်အသွင် ပေါ်လာခဲ့သည်။
ထန်ရှုသည်လည်း ဟန်ကျင်းထုံနှင့် တွေ့မည်ဟု မမျှော်လင့်ထားခဲ့ပေ။ သူက ခေါင်းယမ်းလိုက်ပြီး
“ကျွန်တော် ဝယ်တာ မဟုတ်ပါဘူး။ သူငယ်ချင်းတစ်ယောက်ဝယ်တာ အဖော်လိုက်လာပေးတာပါ။”
ဟန်ကျင်းထုံသည် မုဝမ်ရင်ကို တစ်ချက်ကြည့်လိုက်ပြီး ရင်ထဲတွင် ဝမ်းနည်းသွားသလို ခံစားလိုက်ရသည်။ သူ့မြေးမလေးသာ ပိုကြိုးစားပြီး စတင်လှုပ်ရှားခဲ့မည်ဆိုပါက ထန်ရှုနှင့်အတူ အတူရှိဖို့ အခွင့်အရေးတချို့ ကျန်နေဦးမည်ဟု သူက တွေးခဲ့မိသည်။ သို့သော် မုဝမ်ရင်ကို ကြည့်ပြီးနောက်တွင် မုဝမ်ရင်သည် လွန်စွာ လှပသောကြောင့် သူ့မြေးမလေးအတွက် မျှော်လင့်ချက် မရှိတော့သည်ကို သူ သိလိုက်ရသည်။ သူမသည် သူ့မြေးမလေးနှင့်ယှဉ်နိုင်ရုံသာမက သာ၍ပင် သာလွန်ကောင်းမွန်ပေသည်။
…အိုး … သူ့အဆင့်အတန်းနဲ့ အရည်အချင်းနဲ့ဆိုရင် ဒီလိုမိန်းကလေးမျိုးတစ်ယောက်တည်းပဲ သူနဲ့အတူရှိတာ ဖြစ်နိုင်ပါ့မလား။…
ဟန်ကျင်းထုံသည် စိတ်ထဲတွင် ဟင်းကနဲ သက်ပြင်းချလိုက်သည်။
"မစ္စတာထန် … အန်ကယ်ဟန်ကို ရှင် သိတာလား။" အရောင်းဝန်ထမ်းအမျိုးသမီး လီကျင်း အံ့သြသွားသည်။
ဟန်ကျင်းထုံက ဖြေသည်ကို မစောင့်ဘဲ ထန်ရှုက "ဟုတ်တယ် … ငါ သူနဲ့ တစ်ခေါက်လောက် တွေ့ဖူးပေမယ့် သိပ်တော့ မရင်းနှီးပါဘူး။"
ဟန်ကျင်းတုံ၏အသက်ရှုသံများ နှေးကွေးသွားရပြီး ချက်ချင်းပင် အောင့်သက်သက်ပြုံးလိုက်ရသည်။ တခြားသူသာဆိုပါက ပါးရိုက်ပြီး သူ လှည့်ထွက်သွားလိမ့်မည်ဖြစ်သည်။ သို့သော် ထိုကဲ့သို့သော ဆရာသခင်တစ်ယောက်ကို စော်ကားရန် သူ မည်သို့ တတ်နိုင်ပါမည်နည်း။ သူ ကသိကအောက်ဖြစ်သွားရသော်လည်း
"မစ္စတာထန်ကို တစ်ကြိမ်ပဲ တွေ့ဖူးတယ်ဆိုပေမယ့် သူ့ကို ငါ အရမ်းသဘောကျပါတယ်။ လီလီလေး … မစ္စတာထန်ရဲ့သူငယ်ချင်းက ဒီမှာ အိမ်ဝယ်ချင်တယ်ဆိုမှတော့ မင်း လျှော့ဈေးများများ ပိုပေးသင့်တယ်။"
"ဒါဆို ကျွန်မ မန်နေဂျာဆီ ချက်ချင်း ဖုန်းဆက်လိုက်ပါမယ်။" လီကျင်းက အမြန်ပြောလိုက်သည်။
ထန်ရှုက မျက်ခုံးများ တွန့်ချိုးသွားပြီး ဟန်ကျင်းထုံအား ကြည့်ကာ
"မစ္စတာဟန်က ဒီမှာ မျက်နှာအရမ်းရှိတာလား။"
…အဟွတ်…အဟွတ်…
ထိုစကားက ဟန်ကျင်းထုံအား အနေရခက်ကာ သီးသွားစေပြီး အကြိမ်အနည်းငယ်ခန့် ချောင်းဆိုးသွားစေသည်။ သူ သည်နေရာကနေ ထွက်ပြေးသွားလိုက်ချင်သော်လည်း သူ၏စေတနာကို ထုတ်ဖော်ပြချင်သေးတာကြောင့်
“ဒါက နည်းနည်းရှိတယ်လို့ ဖြေလို့ရလောက်တယ်။ ဒီအိမ်ရာဝင်းကြီးရဲ့ပိုင်ရှင်က ငါ့ဒုတိယသားရဲ့ ညာလက်ရုံးဖြစ်သလို ငါလည်း ငါ့ရဲ့ ဒုတိယသားအိမ်နေရာမှာပဲ ခု နေနေတာလေ။”
ထန်ရှုက ခေါင်းညိတ်တုံ့ပြန်ပြီး လီကျင်းကို ကြည့်လိုက်ကာ
"ဒါဆို မင်းရဲ့ မန်နေဂျာဆီ ဆက်လိုက်ပါ။ အရင်သဘောတူထားတဲ့ ဈေးနှုန်းအတိုင်း အရောင်းအဝယ်ကို အပြီးသတ်လိုက်ကြရအောင်။ ဒါနဲ့ ပတ်သတ်ပြီး ပြဿနာတစ်ခုခု ရှိလား ဝမ်ရင်…"
မုဝမ်ရင်၏မျက်လုံးများထဲတွင် ထူးဆန်းသော အလင်းရောင်တစ်ခု လင်းလက်လာသည်။ သူမသည် ထက်မြက်သောသူတစ်ယောက်ဖြစ်သောကြောင့် ထန်ရှုသည် သူ့အရှေ့ရှိ အဘိုးအိုထံမှ စေတနာကို လက်မခံချင်ဘဲ တမင်တကာ ခပ်ခွာခွာနေသည်ကို သူမ ချက်ချင်း နားလည်နိုင်သည်။ ထို့ကြောင့် သူမသည် ခပ်ဖွဖွ ပြုံးလိုက်ပြီး
“ဒါနဲ့ ပတ်သက်ပြီးတော့ ငါ့မှာ ဘာပြဿနာမှ မရှိပါဘူး။ စာချုပ်မှာ လက်မှတ်ထိုးပြီး ကြိုတင်ပေးချေဖို့ အဆင်ပြေပါတယ်။”
လီကျင်းသည် သူမ၏အရှေ့တွင် ရှိနေသော ထန်ရှုနှင့် ဟန်ကျင်းထုံတို့ကို ကြည့်ရင်း အလယ်တွင် ဘာလုပ်ရမည်မသိ ဖြစ်နေခဲ့သည်။ သူမတွင် မန်နေဂျာ၏ ဖုန်းနံပါတ် ရှိသော်လည်း ဖုန်းခေါ်သင့်သလားဆိုသည်ပင် မသေချာတော့ပေ။
ဟန်ကျင်းထုံက အသက်မပါစွာ ရယ်လိုက်ပြီး ထန်ရှုက သူ၏စေတနာကောင်းအား လက်မခံချင်သည်ကို ရိပ်မိသောကြောင့်
“မစ္စတာထန်ရဲ့ဆန္ဒအတိုင်း လုပ်ပါ။ ဝယ်ယူသူတွေဆိုတာ အမြဲတမ်း ဘုရင်တွေ ဆိုတော့ သူတို့စိတ်ကြိုက်လုပ်ပါစေ။ ငါလည်း လုပ်စရာတွေ ရှိသေးတာမို့ လိုက်မပို့တော့ဘူးနော် မစ္စတာထန်။ သွားခွင့်ပြုပါဦး။"
ထိုစကားကို ပြောပြီးနောက် ဟန်ကျင်းတုံသည် စိတ်ထိခိုက်သွားသော အမူအရာဖြင့် ထွက်ခွာသွားခဲ့သည်။
ဟန်ကျင်းထုံက ထန်ရှုအား သူ၏စိတ်စေတနာကောင်းကို ဖော်ပြလိုကြောင်း ထက်မြက်သော မိန်းကလေးတစ်ယောက်အနေဖြင့် လီကျင်း ထင်ရှားစွာ သိပေသည်။ ထို့ကြောင့် သူမသည် မန်နေဂျာကို တွေ့ဆုံပြီး သည်အဖြစ်အပျက်အား တင်ပြရန် လျှို့ဝှက်ဆုံးဖြတ်ခဲ့ပြီး ဖြစ်နိုင်ပါက ဤဖောက်သည်အား ပိုမိုလျှော့ဈေးပေးနိုင်ရန်အတွက် ကြိုးစားပေးရန် ဆုံးဖြတ်ခဲ့သည်။
"အားလုံး အရောင်းစင်တာကို ပြန်ကြရအောင်။"
****
အရောင်းစင်တာအတွင်း…
ဖန့်ချန်းသည် ဥရောပစတိုင် ဆိုဖာပေါ်တွင် ခြေတစ်ဖက်ချိတ်ကာ သက်တောင့်သက်သာထိုင်နေပြီး သူ့အရှေ့ မှ ချစ်စရာကောင်းသော ဟောင်ချန်ကို စိုက်ကြည့်နေသည်။ အရောင်းစင်တာ မန်နေဂျာအဖြစ် သူ့တွင် အခွင့်ထူးများစွာနှင့် အခွင့်ကောင်းများစွာ ရရှိခဲ့သည်။ အထူးသဖြင့် သည်မှာ အလုပ်လုပ်နေသည့် အရောင်းဝန်ထမ်းအမျိုးသမီးအားလုံးကို သူ့အား ဖားလျားနေရအောင် လုပ်ထားခဲ့သည်။
"ဟောင်ချန် … ငါတို့ ဒီည ညစာအတူ စားကြမလား။"
ယူနီဖောင်းဝတ်စုံအောက်မှ ဟောင်ချန်၏ နူးညံ့ဖြူဝင်းသောအသားအရည်သည် သူ့ရင်တွင်းကို ပူလောင်စေသည်ဟု သူ၏စိတ်ထဲတွင် တွေးနေမိသည်။ သူသည် ဤအရောင်းစင်တာမှ အရောင်းဝန်ထမ်းများစွာကို သူ့အိပ်ယာထက်တွင် တင်လေ့ရှိသောကြောင့် ဖန့်ချန်းသည် လူကောင်းတစ်ယောက်တော့ မဟုတ်ပေ။ သူ့အရှေ့မှ လှပသော ဟောင်ချန်သည်လည်း တစ်ယောက်အပါအဝင် ဖြစ်သည်။
ဟောင်ချန်က သူမ၏နှုတ်ခမ်းလေးအား ရည်ရွယ်ချက်ရှိရှိ စူတူတူ လုပ်လိုက်ပြီး
“သေချာတာပေါ့။ အစ်ကိုချန်းနဲ့ညစာအတူ စားရတာ ပြဿနာ မဟုတ်ပါဘူးရှင်။ ဒါနဲ့လေ အစ်ကိုချန်း ကျွန်မရဲ့ဖောက်သည်က အိမ်နံပါတ်၉အတွက် ဈေးလေး နည်းနည်း လျှော့ပေးနိုင်မလားတဲ့။ သိတယ်ဟုတ် …"
ဖန့်ချန်းက မျက်ခုံး အနည်းငယ် တွန့်လိုက်ရင်း
“ငါ သူကို ပေးထားခဲ့တဲ့ဈေးက တော်တော် နိမ့်နေပြီ။ ဒါတောင် သူက ဒီထက်ပိုပြီး ဈေးလျှော့စေချင်သေးတာလား။ ဒါတော့ မဖြစ်ဘူး။ နောက်ပြီး လော်ရန်အိမ်ရာဝင်းထဲက အိမ်တွေက ရောင်းဖို့ အတော် လွယ်ကူတယ်။ သူ အခု မဝယ်ဘူးဆိုရင်တောင် မကြာခင် ရက်အနည်းငယ်အတွင်း အိမ်လာကြည့်မယ့် တခြားဖောက်သည်တွေ ရှိမှာ အသေအချာပဲ။ ဘယ်လိုပဲဖြစ်ဖြစ် သူ့အတွက် မကောင်းဘူးဆိုရင် တွန်းထုတ်လိုက်။”
ဟောင်ချန်သည် ချက်ချင်းပင် သောက ရောက်သွားရသည်။ ထို့နောက် သူမသည် ဖန့်ချင်းထံသို့ လာပြီး သူ့ပေါင်ပေါ်တွင် တက်ထိုင်လိုက်သည်။ ဘေးပတ်လည်ကို ကြည့်ပြီး သူတို့ရှိရာထောင့်ကို မည်သူမှ အာရုံစိုက်မနေမှန်း သေချာသွားပြီးနောက် ဖန့်ချန်၏ပေါင်ပေါ်သို့ သူမ၏သွယ်လျသော လက်ကလေးအား ချက်ချင်း တင်လိုက်ပြီး အသာပွတ်သပ်ပေးနေရင်း
“အစ်ကိုချန်း … တခြားဝယ်ယူသူတွေ လာနိုင်တယ်ဆိုပေမယ့် ကျွန်မရဲ့ကျွမ်းကျင်မှုအလုပ် ရလဒ်အရဆို တွက်ချက်ရ ပြောရခက်တယ်လို့ဆိုရမယ်။ အစ်ကိုချန်းက ကျွန်မအတွက် အဆင်ပြေပြေနဲ့ ပိုပြီး လွယ်ကူအောင် လုပ်ပေးနိုင်ပါတယ် … အဲ့ဒါက မကောင်းဘူးလားဟင်။ အဆိုးဆုံးက... အဆိုးတကာ့ အဆိုးဆုံး ဖြစ်လာရင် ရှင် နောက်ဆုံးဝယ်လာခဲ့တဲ့ သူနာပြုဝတ်စုံကို ကျွန်မ ဝတ်လိုက်မှာနော်။"
(မြန်မာဘာသာပြန်သူ၏အမှာ - ဟောင်ချန် ပြောသည့် သူနာပြုဝတ်စုံဆိုသည်မှာ ကျန်းမာရေးနယ်ပယ်မှ ဝတ်စုံမျိုး မဟုတ်ဘဲ လိင်မှုကိစ္စတွင် ဝတ်ဆင်သော မလုံ့တလုံ့ သူနာပြု ဝတ်စုံမျိုးဖြစ်သည်။)
"တကယ်လား။" ဖန့်ချန်း၏စိတ်တွေ ထကြွလာပြီး အမြန်မေးလိုက်သည်။
"သေချာတာပေါ့။ ကျွန်မ ဒီည အဲ့ဒါကို ဝတ်မှာ။" ဟောင်ချန်က သေချာလေး ပြောပြလိုက်သည်။
ဖန့်ချန်းက သူ၏မေးစေ့ကို ကိုင်ကာ စက္ကန့်အနည်းငယ်လောက် တွေးလိုက်ပြီး ဝမ်းသာအားရ ပြန်ဖြေလိုက်သည်။
"ဒါက သဘောတူညီမှုတစ်ခုပဲနော်။ အဲ့ဒီဝယ်မယ့်သူကို လုပ်စရာရှိတာ ဆက်လုပ်ရအောင် နေ့ခင်းဘက် လက်မှတ်လာထိုးခိုင်းလိုက်။ သူ့အတွက် ဒီမွန်းတည့်ချိန်ပဲ အချိန်ရတယ်လို့ ပြောပေးပါ။”
“ကောင်းလိုက်တာ။ ကျေးဇူးအများကြီး တင်ပါတယ် အစ်ကိုချန်း။" ဟောင်ချန်သည် ရွှင်မြူးစွာ ကြည့်လိုက်ပြီး ဖန့်ချန်း၏လည်ပင်းကို ပွေ့ဖက်ကာ မျက်နှာကို အတင်းနမ်းတော့သည်။ ထို့နောက် သူမ၏ဖုန်းကို ထုတ်ကာ ဖုန်းနံပါတ်တစ်ခုအား ခေါ်ဆိုခဲ့သည်။ တစ်မိနစ်အကြာ တစ်ဖက်လူနှင့် စကားစမြည်ပြောပြီး အရောင်းစင်တာတွင် မွန်းလွဲ ၂း၃၀တွင် အိမ်ဝယ်ယူရန် သဘောတူညီချက်ကို လက်မှတ်လာရောက်ရေးထိုးရန် သဘောတူညီလိုက်ကြသည်။
ဆယ်မိနစ်အကြာတွင် လီကျင်းသည် ထန်ရှု၊ မုဝမ်ရင်တို့နှင့်အတူ အရောင်းစင်တာအတွင်းသို့ ဝင်လာခဲ့သည်။
"မစ္စတာထန် … မစ္စမု … ကျေးဇူးပြုပြီး အနားယူတဲ့ဧရိယာမှာ အရင်စောင့်နေပေးပါ။ ငါ စာချုပ်သွားပြင်လိုက်ဦးမယ်။ ပြီးတော့ အိမ်ဝယ်ရေး သဘောတူညီချက်ကို လက်မှတ်ထိုးကြတာပေါ့။"
"ကောင်းပါပြီ။" ထန်ရှုနှင့် မုဝမ်ရင်တို့သည် အလျင်စလိုမလုပ်ဘဲ အနားယူရန်နေရာသို့ ထိုင်ရန်အတွက် သွားကြသည်။
လီကျင်းသည် အိမ်ဝယ်ရန် သဘောတူညီမှု စာချုပ်အတွက် အချိန်အတော်ကြာ အလုပ်များနေပြီးနောက် ထန်ရှုနှင့် မုဝမ်ရင်ကို ချက်ချင်း သွားမရှာဘဲ ဖန့်ချန်းကို ဦးစွာ သွားရှာလိုက်သည်။
“မန်နေဂျာ … ကျွန်မရဲ့ဝယ်ယူသူက အိမ်နံပါတ်၉ကို ဝယ်ဖို့ အဆင်သင့်ဖြစ်နေပါပြီ။ သူတို့နဲ့ ဈေးနှုန်းလည်း ညှိနှိုင်းပြီးတာမို့ အခု …”
ထိုစကားကို ပြောသည့်အခါ သူမ၏မျက်ဝန်းများထဲမှ စိတ်လှုပ်ရှားမှုကို ဖုံးကွယ်မထားနိုင်ခဲ့ပါချေ။
"အိမ်နံပါတ်၉က ကြိုတင်စာရင်းသွင်းပြီးသွားပြီ။" ဖန်းချန့်က လက်ကို ဝှေ့ယမ်းကာ သူမ၏စကားကို ကြားဖြတ်လိုက်ပြီး
"မင်းရဲ့ဖောက်သည်ကို တခြားအိမ်သုံးလုံးထဲက ရွေးချယ်ဖို့ ပြောလိုက်။"
လီကျင်း ကြက်သေ သေသွားပြီး သူမ ကြားလိုက်ရသည်ကို မယုံကြည်နိုင်စွာဖြင့် ဖန့်ချန်းကို ကြည့်နေမိသည်။ မကြာသေးမီကပင် သူမသည် အိမ်ခြံမြေ ကြိုတင်စာရင်းသွင်းမှုစနစ်ကို စစ်ဆေးခဲ့ပြီးဖြစ်သည်။ အိမ်နံပါတ်(၉)ကို ကြိုတင်စာရင်းမသွင်းထားရုံသာမက စရံငွေတောင် အဆုံးခံသွားပြီဖြစ်သည်။
"မန်နေဂျာ မှားများနေလားရှင့်။ ကျွန်မ ခုလေးတင် …”
"အိမ်နံပါတ်၉ကို အခုပဲ ကြိုတင်စာရင်းသွင်းလိုက်တာ။ ငါ လုံးဝ မမှားဘူး။" ဖန့်ချန်းက မျက်မှောင်ကြုတ်ပြီး မကျေမနပ်အမူအရာဖြင့် ပြောလိုက်သည်။ “အိမ်နံပါတ်(၉)ကို ကြိုတင်စာရင်းသွင်းလိုက်တဲ့ ဝယ်ယူသူက ဟောင်ချန်ရဲ့ဝယ်ယူသူ၊ ဝယ်ယူမှု သဘောတူညီချက်ကို လက်မှတ်ရေးထိုးဖို့ နေ့လယ်ပိုင်းမှာ သူတို့ ဒီကို လာလိမ့်မယ်။ ကောင်းပြီ … မင်းမှာ တခြားကိစ္စမရှိရင် ငါ့ကို မနှောင့်ယှက်နဲ့တော့။"
“ဒါပေမယ့် မန်နေဂျာ … ကျွန်မတို့ရဲ့ အရောင်းဌာနက ပိုက်ဆံအရင်ပေးတဲ့သူက အိမ်ကိုရတဲ့သူပဲဆိုပြီး အမြဲတည်မြဲတဲ့မူဝါဒကို ကျင့်သုံးတယ်။ တကယ်လို့ အဲ့ဒီဖောက်သည်က စရံငွေ ပေးပြီးသားဆိုရင် ကျွန်မ ချက်ချင်း ထွက်သွားမှာပါ။ ဒါပေမယ့် ကျွန်မရဲ့ဝယ်ယူသူက အိမ်ဝယ်ယူမှု သဘောတူညီစာချုပ်ကို လက်မှတ်ရေးထိုးပြီးတာနဲ့ ချက်ချင်း ငွေပေးချေမယ်လို့ ကတိပေးထားတယ်။ ရှင်လည်း သိပါတယ်…"
***