ဗီလာကို အလွန်သက်သာသော စျေးနှုန်းဖြင့် ရောင်းချခြင်း
Vol. 42 Ch. 587
ဖန့်ချန်း၏အမူအရာ အနည်းငယ် ပြောင်းလဲသွားပြီး သူ၏မျက်လုံးများထဲတွင် ဒေါသရိပ်များ ဖြစ်ပေါ်လာသည်ကို တွေ့ရမည်ဖြစ်သည်။ သူ လီကျင်းကို မကြိုက်ဘူး ... မဟုတ်ဘူး။ အတိအကျပြောရရင် သူက လီကျင်းကို အရမ်း ကြိုက်ခဲ့တဲ့သူ။ တစ်ချိန်က သူမနှင့်အတူ အိပ်ရာထက်တွင် ချစ်ပွဲဝင်ရန် စိတ်ကူးယဉ်ခဲ့ဖူးသော်လည်း စိတ်မကောင်းစရာက လီကျင်းသည် သူ့အပေါ် မည်သို့မှ အထင်အမြင်ကောင်းမှုမျိုး မရှိသည့်အတွက် သူ ပြတ်ပြတ်သားသား ငြင်းဆန်ခံခဲ့ရသည်။
ထို့ကြောင့် သူသည် လီကျင်း၏ဝယ်ယူသူများကို လုယူရန် အခြားအရောင်းအမျိုးသမီးများကို လျှို့ဝှက်ညွှန်ကြားခဲ့ခြင်းဖြင့် သူမကို ပိုမိုနိမ့်ကျစေကာ မည်သည့်သဘောတူညီမှုစာချုပ်မှ မချုပ်ဆိုနိုင်အောင် လုပ်ထားခဲ့ကြသည်။ ယခုလည်း သူမအတွက် သူ့တွင် လမ်းနှစ်လမ်းရှိသည်။ ပထမလမ်းကတော့ မကောင်းသော မိန်းမတစ်ယောက်လို သူ၏အိပ်ရာပေါ် တက်ရန်နှင့် ဒုတိယလမ်းကတော့ သူမ၏ပစ္စည်းတွေကို ထုပ်ပိုးပြီး အလုပ်ထွက်ရန် ဖြစ်သည်။ အိမ်တစ်လုံး ရောင်းရန် သူမ၏စွမ်းဆောင်ရည်က စံချိန်မီသည်ဆိုရင်တောင် သူ့အတွက် သူမကို ကစားရုံပါပဲ။
“အိမ်နံပါတ်(၉)ကို တခြားတစ်ယောက်က ကြိုတင် စာရင်းသွင်းထားပြီးသားလို့ မင်းကို ငါ ပြောပြီးပြီနော်။ စရံငွေက ပြီးရင် ကုမ္ပဏီအကောင့်ထဲ လွှဲပေးလိမ့်မယ်။ မင်း အိမ်တစ်လုံး အသည်းအသန် ရောင်းချင်နေတာကို ငါ နားလည်ပါတယ်။ ဒါပေမယ့် ဒါက တခြားတစ်ယောက်ဆီက အရောင်းကို လုယူနိုင်တယ်လို့ ဆိုလိုတယ်လို့ မထင်နဲ့။ ကောင်းပြီ … မင်းရဲ့ဝယ်ယူသူကို အခြားအိမ်တစ်လုံးကို ရွေးဖို့ ဆန္ဒရှိ မရှိ မေးလိုက်။ သူတို့ ဆန္ဒမရှိရင် ဒိုးလိုက်တော့။"
လီကျင်း မျက်ရည်များပင် ဝဲလာရသည်။ သူမ၏ နာကျည်းမှုနှင့် ဒေါသတရားတို့က ဖန့်ချန်းကို ဘယ်ပြန်ညာပြန် ပါးရိုက်ချင်နေခဲ့သော်လည်း သူမ၏ ကောင်းမွန်သောစိတ်က သူမအား မရိုက်ရန် တားမြစ်နေသည်။ သူမ အလုပ်မပြုတ်ချင်ပါ။ နို့မဟုတ်ပါက သူမ၏တိုက်ခန်းကို ရောင်းရပေလိမ့်မည်။ အရစ်ကျဝယ်ယူမှုအတွက် ငွေရှာရန်နှင့် သူမ၏ မိဘများထံသို့လည်း ငွေအချို့ ပေးပို့ရန် လိုအပ်သည်။
ရုတ်တရက် သူမသည် တစ်စုံတစ်ခုကို သတိရသွားပြီး သူမ၏ငိုချင်စိတ်ကို ထိန်းချုပ်ကာ
"မန်နေဂျာ … ရှင်က အိမ်နံပါတ်(၉)ကို အခြားသူတစ်ယောက်ကို ရောင်းချင်တာဆိုတော့ ကျွန်မ အဲ့ဒါကို မေ့လိုက်နိုင်ပါတယ်။ ဒါပေမယ့် ဒီဝယ်ယူသူနှစ်ယောက်က အရမ်း ထူးခြားတယ်။ အိမ်နံပါတ်(၈)မှာနေတဲ့ အန်ကယ်ဟန်က သူတို့ကို သိပုံရတယ်။ သူက သူတို့အပေါ် အရမ်းဖော်ဖော်ရွေရွေနဲ့ ရင်းရင်းနှီးနှီး ဆက်ဆံတာ။”
ဖန့်ချန်း၏မျက်ခုံးများ အနည်းငယ် မြင့်တက်သွားပြီး ချက်ချင်းပင် သူမအား သရော်လိုက်သည်။
"သူဌေးရဲ့ လက်ရှိအောင်မြင်မှုက သူ့ကို ထောက်ပံ့ပေးနိုင်တဲ့ အဲ့ဒီအဘိုးကြီးဟန်ရဲ့ ဒုတိယသားနဲ့ ခွဲမရဘူးလို့ မင်း ငါ့ကို ပြောချင်တာလား။"
"အဲ့လို မဟုတ်လို့လား။" လီကျင်းက တုံ့ပြန်သည်။
ဖန့်ချန်းသည် မထီမဲ့မြင်သရော်တော်တော်ဟန်ဖြင့် လှောင်ပြောင်လိုက်သည်။
“လီကျင်း … ငါတို့ အရောင်းစင်တာမှာ မင်း ဘာကြောင့် ရလဒ်တွေ မရဘူးဆိုတာ မင်း သိလား။ မင်းက အရမ်း မိုက်မဲနေလို့။ မင်းက အရမ်းတင်းမာပြီး အခြေအနေတွေနဲ့ လိုက်လျောညီထွေဖြစ်အောင် ဘယ်လိုလုပ်ရမလဲဆိုတာကို သတိမပြုဘူး။ မင်း ဘယ်ဆယ်စုနှစ်မှာ နေနေလဲ သိလား။ သေတဲ့အထိ သူတပါးရဲ့ကျေးဇူးနဲ့ စိတ်စေတနာကို ပေးဆောင်ဖို့ လိုလို့လား။ ဟမ့် … ငါတို့သူဌေးကြီးရဲ့ လက်ရှိ စွမ်းဆောင်ရည်က အရင်တုန်းက အဲ့ဒီအဘိုးကြီးရဲ့ သားထက် သာတယ်ကွ။ ငါတို့ သူဌေးက သူ့သားကြောင့် အဘိုးကြီးဟန်ကို မျက်နှာသာပေးနေဦးမယ်လို့ မင်း ထင်လား။ ရယ်စရာပဲ။”
ဖန့်ချန်း၏ငြင်းဆန်မှုကြောင့် လီကျင်း၏မျှော်လင့်ချက် အလင်းတန်းများ လွင့်ပါးသွားခဲ့ရပြီဖြစ်သည်။ ဖန့်ချန်း၏စကားများအား သူမ ဘဝင်မကျသော်လည်း မည်သို့ ပြန်လည်ငြင်းခုံရမည်ကို သူမ မသိချေ။
ရုတ်တရက် သူမ၏ရင်ထဲတွင် သတ္တိများ ထွက်ပေါ်လာပြီး တိတ်တဆိတ် ဆုံးဖြတ်ချက် ချလိုက်သည်။ သူမ လှည့်ထွက်သွားပြီး ဖန့်ချန်း၏ လှောင်ပြောင်သော အပြုံးအောက်တွင် သူမသည် ရုံးခန်းဆီသို့ ဦးတည်သွားလိုက်သည်။ မိနစ်အနည်းငယ်ကြာပြီးနောက် သူမသည် သူဌေးကြီးချန်ပင်း၏ ဖုန်းနံပါတ်ကို ရရှိခဲ့ပြီး ၎င်းကို ဖုန်းခေါ်ဆိုခဲ့သည်။
****
ရှန်ဟိုင်း ဟုန်ထူအုပ်စု…
ယခုအချိန်တွင် ယွမ်ဘီလီယံနှင့်ချီကာ ချမ်းသာကြွယ်ဝသော ချန်ပင်းသည် ဧည့်ခန်းတွင် ထိုင်ကာ ဧည့်သည်တစ်ယောက်အား လက်ခံတွေ့ဆုံနေသည်။ ထိုဧည့်သည်က ရှန်ဟိုင်းတွင် သူ့ထက် ပိုမိုချမ်းသာပြီး ပိုမိုအဆင့်အတန်းမြင့်သော လူတစ်ယောက်ဖြစ်ကာ အကြိမ်ပေါင်းများစွာ ဖိတ်ခေါ်ခဲ့ဖူးသည့် သူဌေးကြီးတစ်ယောက် ဖြစ်သည်။
"အစ်ကိုကျင်း … ငါ့ရဲ့ရည်ရွယ်ချက်ကို ထုတ်ဖော်ပြီး ခန့်မှန်းအကျိုးအမြတ်အားလုံးကို မင်းဆီ တင်ပြပြီးပြီ။ အဲ့ဒီစီမံကိန်းအနည်းငယ်ကို အစ်ကိုကျင်း ပေးလိုသရွေ့ လိုအပ်နေတဲ့ အရည်အသွေးနဲ့အရေအတွက် နှစ်ခုလုံးကို ပြည့်မီအောင် ဖြည့်ဆည်းပေးမယ်လို့ ငါ အာမခံပါတယ်။ နောက်ပြီး ဒါက အစ်ကိုကျင်းရဲ့ နောက်အစီအစဉ်ကြီးကို မထိခိုက်စေတဲ့အပြင် နှစ်ဦးနှစ်ဖက် စိတ်ကျေနပ်စေပြီး အကောင်းဆုံး ဖြစ်အောင် လုပ်ဆောင်သွားနိုင်မှာပါ။”
ကျင်းတအိမ်ခြံမြေလုပ်ငန်းသည် စီမံကိန်းများစွာကို လက်ခွဲထုတ်ရန် စီစဉ်ပြီးနောက်တွင် ကျင်းရှင်းကွေ့ထံမှ လက်ခွဲစာချုပ်အချို့ကို ယူနိုင်ရန် ချန်ပင်းက မျှော်လင့်နေခဲ့သည်။
"ညီအစ်ကို ချန် … ငါတို့အားလုံးက ဆောက်လုပ်ရေးလုပ်ငန်းနယ်ပယ်ထဲက ဆိုတော့ အပြင်မှာလည်း သိကြတယ်။"
ကျင်းရှင်းကွေ့က ပြုံးပြီး ပြောလိုက်သည်။
“ဒါပေမယ့် ဒီတလော ဆောက်လုပ်ရေးကုမ္ပဏီ ဆယ်ခုကျော်က ငါ့ဆီ ချဉ်းကပ်လာကြပြီး သူတို့က မင်းထက်လည်း ပိုပေးတယ်။ မင်း အကျိုးအမြတ် ပိုပြီးခွဲဝေမပေးနိုင်ရင် ငါ့အတွက် လက်ခံဖို့က ခက်တယ်ကွာ။"
ချန်ပင်းသည် လောဘကြီးသော ကျင်းရှင်းကွေ့အား ကြိတ်ကာ သုန်မှုန်ပြီးဝေဖန်လိုက်သော်လည်း မျက်နှာပေါ်တွင် အပြုံးမပျက်စေရဘဲ “ဒီသဘောတူညီချက်ထက် ပိုကောင်းတဲ့ အခြေအနေတွေနဲ့ သဘောတူညီချက်ကို ငါ ဘယ်လို ပြန်ပြင်ပေးရမလဲ အစ်ကိုကျင်း။ ဒါနဲ့ ဒီနေ့ အချိန်နည်းနည်း ရှိသေးတော့ ဂေါက်ကွင်းမှာ နည်းနည်းလောက် ရိုက်သွားဦးမလား။”
"ငါ့မှာ အားလပ်ချိန်မရှိဘူး ညီအစ်ကိုချန်း။" ကျင်းရှင်းကွေ့က အပြုံးဖြင့် ငြင်းလိုက်သည်။ “ဒီရက်ပိုင်း ငါ စီမံကိန်းအသစ်တစ်ခုကို စတင်ခဲ့ပြီး စိုးရိမ်စရာအမျိုးမျိုးနဲ့ ကြုံခဲ့ရတယ်။ အဲ့ဒါကို နောက်မှ လုပ်ကြတာပေါ့။ နောက်ရက်တွေ တွေ့လို့ အချိန်နည်းနည်းရရင် ငါတို့ နည်းနည်းလောက် ရိုက်လို့ရမှာပါ။”
ထိုစကားကို ကြားသည်နှင့် ချန်ပင်းသည် ရင်ထဲ၌ အနည်းငယ် စိတ်ပျက်သွားရသလို အားလည်း ကျသွားခဲ့သော်လည်း ထိုအရာနှင့်ပတ်သက်ပြီး သူ ဘာမှ မတတ်နိုင်ခဲ့ပေ။ ကျင်းရှင်းကွေ့၏လုပ်ငန်းသည် လက်ရှိတွင် အရှိန်အဟုန်ဖြင့် ကြီးထွားနေပြီး အထူးသဖြင့် သူ၏စီမံကိန်းအသစ်သည် ကြီးမားသော အလုပ်များစွာ ပါဝင်သောကြောင့် အလုံးစုံ ပြီးဆုံးသွားသည်နှင့် ငွေကြေးတစ်လုံးတစ်ခဲများစွာ ရရှိမည်ဖြစ်သည်။
ဖုန်းမြည်သံ…
မရင်းနှီးသော ဖုန်းနံပါတ်တစ်ခုမှ ဖုန်းခေါ်ဆိုလာမှုကြောင့် ချန်ပင်းသည် သူပြောမည့်စကားများကို ပြန်လည်မျိုချမိသွားခဲ့သည်။ သူ တခဏမျှ ချီတုံချတုံ ဖြစ်သွားပြီးနောက် ကျင်းရှင်းကွေ့ကို ကြည့်ကာ ဖုန်းလက်ခံခြင်းမပြုမီ တောင်းပန်လိုက်ပြီး
"ချန်ပင်း ပြောနေပါတယ်။ ဘယ်သူဆက်တာပါလဲ။"
"ဟယ်လို သူဌေး … ကျွန်မက လော်ရန်အိမ်ရာ အရောင်းစင်တာက အရောင်းဝန်ထမ်း လီကျင်းပါ။ ကျွန်မ တကယ်တော့ သူဌေးကို နှောင့်ယှက်ဖို့ မရည်ရွယ်ပါဘူး။ ဒါပေမယ့် သူဌေးကို အရမ်းအရေးကြီးတာတစ်ခု ကျွန်မ သတင်းပို့စရာ ရှိလို့ပါ။"
"ပြောပါ..."
လီကျင်း၏ရာထူးကို ကြားသောအခါ ချန်ပင်း အလိုလို ဖုန်းချချင်သွားသည်။ တိုက်ရိုက်အုပ်ချုပ်သော အထက်လူကြီးများ၏နောက်ကွယ်မှ ပိုမိုရာထူးကြီးသော အထက်အရာရှိများကို ဖုန်းဆက်ရဲခြင်းမှာ သူ တကယ် မကြိုက်သောအရာ ဖြစ်သည်။ သို့သော် လီကျင်း၏ နောက်ဆုံးစကားက သူ့အား ခေတ္တရပ်တန့်သွားစေပြီး သူမကို စကားပြောခွင့်ပြုလိုက်သည်။
လီကျင်းသည် မည်သို့ပြောရမည်ကို သူမ၏စိတ်ထဲတွင် အချိန်အတော်ကြာ စဉ်းစားခဲ့ပြီးဖြစ်သည်။ ၎င်းသည် သူမ၏နောက်ဆုံးမျှော်လင့်ချက် ဖြစ်သောကြောင့် အလုပ်ထုတ်ခံရလျှင်ပင် သူမတွင် ရှိသမျှအရာရာကို ပုံအောပြီး လောင်းကြေးထပ်ရန် အဆင်သင့် ဖြစ်နေခဲ့သည်။ ဖန့်ချန်း လုပ်ခဲ့သည်များကို ပြောပြရုံသာမက သည်နေ့ အိမ်ကို လာဝယ်သည့် ဝယ်ယူသူများနှင့် ပြဿနာများကိုပါ ပြောပြလိုက်သည်။
"သူဌေး … မန်နေဂျာဖန့်က သူဌေးဟာ သူများအကူအညီကို အသုံးချပြီး အမြတ်အစွန်းကိုပဲ ရှာတတ်တဲ့၊ အတိတ်က ခံစားချက်တွေကို လုံးဝ ဂရုစိုက်မှာ မဟုတ်တဲ့ လုပ်ငန်းရှင်မျိုးလို ပြောခဲ့တယ်။ အန်ကယ်ဟန်တောင်မှ မစ္စတာထန်ကို မြှောက်ပင့်ပြီး သူ့ကို အလေးထားဆက်ဆံတာမို့ ဒါက ကျွန်မ ဖုန်းဆက်ရတဲ့ အကြောင်းရင်းပါ။ နောက်ပြီး ဒီဝယ်ယူသူနှစ်ဦးက အလွန်တန်ဖိုးကြီးတဲ့ ပြိုင်ကားတစ်စီးကို မောင်းပြီး လာခဲ့တာ။ ကျွန်မ ဒီကားရဲ့ဈေးနှုန်းကို အင်တာနက်မှာ လျှို့ဝှက်စုံစမ်းကြည့်တော့ ဈေးနှုန်းက ယွမ်၁၀မီလီယံကျော် ရှိတယ်။ သူတို့ရဲ့ ပုံရိပ်က ထူးထူးခြားခြား ဖြစ်လိမ့်မယ်လို့ ကျွန်မ ထင်ပါတယ်။”
ချန်ပင်း၏နှလုံးသားအတွင်း၌ ဒေါသမီးတောက်တစ်ခု တောက်လောင်လာခဲ့သည်။ ထိုဒေါသမီးသည် လီကျင်းကြောင့် ဟုတ်ဘဲ ဖန့်ချန်းကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ သူနှင့် ဟန်မိသားစုကြားက ဆက်ဆံရေးကို ပြင်ပလူများက မသိနိုင်သော်လည်း ယခင်က ဟန်ကျင်းထုံ၏သားကြောင့်သာ မဟုတ်ပါက ယခုအချိန်တွင် သူသည် အသုံးမကျသော အမှိုက်တစ်စသာ ဖြစ်နေလိမ့်မည်ကို သူ ကောင်းစွာ သိပေသည်။ ထို့ကြောင့် သူသည် အခြားသူက ပေးခဲ့သော အထောက်အပံ့ကို အမြဲသတိရနေသည့်အပြင် နှစ်ပေါင်းများစွာ ဖြတ်သန်းခဲ့ရသော်လည်း ဟန်ကျင်းထုံသည် သူ၏အကြီးအကဲအဖြစ်နှင့် မိသားစုဝင်တစ်ဦးအဖြစ် သဘောထားဆက်ဆံပေးခဲ့ခြင်းကိုပင် အမှတ်ရနေခဲ့သည်။
ထို့အပြင် သူ့အား အလန့်တကြားဖြစ်စေသည့်အရာမှာ ယွမ်မီလီယံအနည်းငယ်ခန့် တန်သော အဖိုးတန်ပြိုင်ကားတစ်စီးကို ဝယ်စီးနိုင်သည့် ဝယ်ယူသူများအကြောင်းဖြစ်သည်။ ၎င်းတို့၏ပုံစံသည် ထူးထူးခြားခြား ဖြစ်နိုင်ပြီး လျှော့တွက်၍မရပေ။ ရှန်ဟိုင်း၏ရေသည် လွန်စွာ နက်ရှိုင်းလှသောကြောင့် သူသည် ယွမ်ဘီလီယံအနည်းငယ် ချမ်းသာသည့်တိုင် သူ မတတ်နိုင်သောသူတစ်ဦးကို ပြစ်မှားမိမည်ကို စိုးရိမ်သောကြောင့် အမြဲတမ်း သတိကြီးစွာ ပြုမူခဲ့သည်။
"ဒါနဲ့ မစ္စတာထန်ရဲ့နာမည်အပြည့်အစုံက ဘာလဲ။"
ချန်ပင်း တခဏ တွေးတောလိုက်ပြီးမှ မေးလိုက်သည်။
"သူက ထန်ရှုပါ။" လီကျင်းက ပြန်ပြောသည်။
သည်နာမည်က ချန်ပင်းနှင့် ရင်းနှီးနေသလို ရှိနေသောကြောင့် တခဏ သူ စဉ်းစားကြည့်မိသည်။ တစ်နေရာရာမှာ ကြားဖူးသည်ဟု သူ ထင်နေသော်လည်း သေသေချာချာ သူ မမှတ်မိပြန်ချေ။ သို့သော်လည်း အကြီးအကဲ ဟန်ကျင်းထုံသည်ပင် ထိုသူအား စိတ်ကောင်းစေတနာ ပြလိုနေပေရာ ထိုသူသည် အမှန်တကယ် ထူးကဲသောသူ ဖြစ်မည်မှာ ထင်ရှားပေသည်။
"ငါ သိပြီ။ ငါ အိမ်ရာဝင်းကို သိပ်မကြာခင် ရောက်မယ်။"
ပြောပြီးသည်နှင့် ချန်ပင်း ဖုန်းချလိုက်သည်။
သူက ချီတုံချတုံအမူအရာဖြင့် ကျင်းရှင်းကွေ့ကို ကြည့်လိုက်ပြီး
"အစ်ကို ကျင်း … မင်းကို တစ်ခုလောက် မေးလို့ရမလား။ ထန်ရှုဆိုတဲ့ လူငယ်တစ်ယောက်အကြောင်း မင်း ကြားဖူးလား။"
ကျင်းရှင်းကွေ့က သူ့အား တွေဝစွော စိုက်ကြည့်လာပြီးနောက် သူ၏အမူအရာ ချက်ချင်း ပြောင်းသွားသည်။ ထို့နောက် အသံတိမ်တိမ်ဖြင့် ပြန်ပြောသည်။
“အဲ့ဒီနာမည်ပိုင်ရှင်ကို ငါ သိတယ်။ ချန်ပင်း … မင်း ထန်ရှုရဲ့ နာမည်ကို ဘာအတွက် မေးနေတာလဲ။"
ကျန်းရှင်းကွေ့၏အမူအရာကို မြင်ပြီးနောက် ချန်ပင်းသည် ပို၍သိလိုစိတ်ပြင်းပြလာပြီး သူက ပြန်ဖြေလိုက်သည်။
"ဒီတလော ပြီးစီးသွားတဲ့ အိမ်ရာဝင်းရဲ့ အရောင်းစင်တာက ဝန်ထမ်းတစ်ယောက်က ခုလေးတင် ဖုန်းဆက်လာတာ။ သူမက ငါ့ကို ထူးခြားတဲ့ အခြေအနေတစ်ခုကို တင်ပြလာတယ်..."
ထို့နောက် သူ ကြားခဲ့သမျှကို သတိကြီးစွာထားပြီး ရှင်းပြလိုက်ပြီးနောက် နောက်ဆုံးတွင် သူက
“ဒီနာမည်က တော်တော်ရင်းနှီးတယ်လို့ ငါ ခံစားရတယ်။ တစ်နေရာရာမှာ ကြားဖူးသလို ရှိပေမယ့် မမှတ်မိဘူးဖြစ်နေတယ်။ ဒါပေမယ့် မင်းက အတွေ့အကြုံ ပိုရှိပြီး ပုဂ္ဂလိကအဆက်အသွယ်တွေ အများကြီးရှိတာမို့ အစ်ကိုကျင်းကို မေးကြည့်တာ။"
ကျင်းရှင်းကွေ့၏မျက်နှာထက်တွင် ထူးဆန်းသော အမူအရာ ပေါ်လာပြီး ချန်ပင်းအား လေးနက်စွာ ကြည့်လိုက်သည်။
"ချန်ပင်း … မင်းရဲ့ကမ်းလှမ်းချက်ကို ငါ စဉ်းစားပြီးပြီ။ အဲ့ဒါကို ငါ ကျေနပ်တယ်။ သဘောတူညီချက်ကို မင်း ပြုပြင်ပြောင်းလဲဖို့ မလိုတော့ဘူး။ ဒီနေ့တောင် ငါတို့တွေ စာချုပ်ကို လက်မှတ်ရေးထိုးနိုင်တယ်။ ဒါပေမယ့် ငါ့မှာ တောင်းဆိုချက်တစ်ခု ရှိတယ်။"
ချန်ပင်း အံသြသွားသည်။ သူသည် လိမ္မာပါးနပ်ပြီး ထက်မြက်သူ ဖြစ်နိုင်သော်လည်း ကျင်းရှင်းကွေ့၏ ခေါင်းစဉ်အကြောင်းအရာ ရုတ်တရက် ပြောင်းလဲသွားခြင်းသည် သူ့အား လုံးဝ အံသြသွားစေခဲ့သည်။ ထိုစကား၏ဦးတည်ရာကိုပင် သူ နားမလည်နိုင်တော့ချေ။
"ကျေးဇူးပြုပြီး ပြောပါဗျာ။" ချန်ပင်းက သတိထားပြီး ပြောလိုက်သည်။
"မင်းရဲ့ အိမ်ရာမှာ ထန်ရှု ဝယ်လိုက်တဲ့ အိမ်အတွက် ပိုက်ဆံအများကြီး မယူပါနဲ့။ သူ့ကို ၁ယွမ်နဲ့ပဲ ရောင်းပေးရုံလေးပါ။"
ချန်ပင်း ချက်ချင်း လေအေးတစ်ချက် ရှုသွင်းလိုက်ရသည်။ သည်အချိန်တွင် သူ ရုတ်တရက် သဘောပေါက်သွားခဲ့ရသည်။ ခေါင်းစဉ်အား မည်သို့ပင် ပြောင်းကာ လှည့်ပတ်နေသည်ဖြစ်စေ ကျင်းရှင်းကွေ့က သူ့အား ယခင်အခြေအနေများနှင့် ပူးပေါင်းရန် သဘောတူညီခဲ့သည်မှာ ထန်ရှုကြောင့်သာ ဖြစ်သည်။
…ဒီ... ဒီလိုကြီးမြတ်သူကြီးက မည်သူဖြစ်နိုင်သနည်း။…
…သည်လူက အကြီးအကဲဟန်ကျင်းထုံ၏ မျက်နှာလုပ်လိုမှုနှင့် ထိုက်တန်ရုံတင်မကဘူး ကျင်းရှင်းကွေ့လိုမျိုး အကောင်ကြီးကြီးတောင်မှ ထိုသူ့အတွက် အကျိုးအမြတ်များစွာ စွန့်လွှတ်စေခဲ့သည်လား။…
“အစ်ကိုကျင်း … ဒီမစ္စတာထန်က…” ချန်ပင်း သတိကြီးစွာ ထားပြီး စူးစမ်းလိုက်သည်။
"သူ့မှာ ဂုဏ်ပုဒ်တွေ အများကြီး ရှိပေမယ့် ငါ မင်းကို တစ်ခုပြီးတစ်ခု မပြောတော့ဘူး။ အခု မင်းကို ပြောနိုင်တာ နှစ်ချက်ပဲရှိတယ်။ ပထမအချက်က ထန်ရှုဆိုတာ ငါ ပြစ်မှားလို့ မရနိုင်တဲ့သူတစ်ယောက်။ ငါ့လိုလူဆယ်ယောက်ရှိရင်တောင် သူ့ကို ဘယ်တော့မှ မပြစ်မှားဝံ့ဘူး။
ဒုတိယအနေနဲ့ သူက ငါ့ရဲ့သူငယ်ချင်းတစ်ယောက် ဖြစ်သလို စီးပွားဖက်လည်း ဖြစ်တယ်။ မြို့သစ်စီမံကိန်းကို ငါက အဓိက လုပ်ကိုင်ဆောင်ရွက်တာဆိုပေမဲ့ သူက အဓိကရှယ်ယာရှင်ပဲ။”
ဟူး … ချန်ပင်း ရုတ်ခြည်းပင် ပင့်သက်ရှိုက်လိုက်ရသည်။
သည်အချိန်တွင်တော့ သူသည် ဖန့်ချန်းအား စိတ်ထဲမှ ပျစ်ပျစ်နှစ်နှစ် ဆဲဆိုနေပြီး ပါးတွေနားတွေချည်း ပိတ်ရိုက်လိုက်ချင်စိတ်များ တဖွားဖွား ဖြစ်နေချေခဲ့ပြီ။ ထိုကဲ့သို့ အင်အားကြီးသော ပုံရိပ်သည် သူ၏အိမ်ရာဝင်းထဲတွင် အိမ်တစ်လုံး ဝယ်ယူရန် ရောက်ရှိလာသော်လည်း ဖန့်ချန်းသည် အရောင်းစာရေးမတစ်ယောက်အတွက်နှင့် အခက်အခဲများကို ရည်ရွယ်ချက်ရှိရှိဖြင့် ပြုလုပ်နေခဲ့ပြီး သူ့အား မည်သည့်သတင်းမျှ မပေးဘဲ ထိုသို့ အခြေအနေ ဖြစ်ရလောက်သည့်အထိ လုပ်ခဲ့သည်။
"အစ်ကိုကျင်း … ငါ လော်ရန်အိမ်ရာကို ချက်ချင်း သွားလိုက်မယ်။ မင်း ပြောသလိုပဲ မစ္စတာထန်ကို ငါ ၁ယွမ်နဲ့ ရောင်းလိုက်ပါ့မယ်။"
"ဒါဆိုရင် မင်း သွားတော့ … အဆင်ပြေပါစေကွာ။" ကျင်းရှင်းကွေ့ ခေါင်းညိတ်လိုက်သည်။
“ဒါနဲ့ ငါ ဟိုမှာပေါ်လာဖို့တော့ အဆင်ပြေမှာ မဟုတ်ဘူး။ ပြီးတော့ ငါတို့နှစ်ယောက်ကြားက ကိစ္စနဲ့ပတ်သက်ပြီး ဘာမှ မပြောနဲ့ဦးနော်။ ကိစ္စတွေ ဖြေရှင်းပြီးရင် ကျင်းတအိမ်ခြံမြေကို စာချုပ်ယူပြီး လာခဲ့ကွာ။ ငါ မင်းကို အဲ့ဒီမှာစောင့်နေမယ်။"
"အစ်ကိုကျင်း … ငါ ဒီကိစ္စကို ကောင်းကောင်း ကိုင်တွယ်မှာပါ။ တကယ်တမ်းတော့ မင်း ငါ့ကို အဲ့လိုလုပ်ဖို့ မပြောရင်တောင် ငါ လုပ်မှာပဲ။ အကြီးအကဲဟန်က ကျွန်တော့်ရဲ့ အကြီးအကဲ ဖြစ်တာကြောင့် သူ့စကားကို နားမထောင်ဘဲ မနေရဲဘူး။”
ကျင်းရှင်းကွေ့ ပြုံးကာ ခေါင်းညိတ်လိုက်သည်။ သူသည် ထန်ရှုကို စိတ်ထဲတွင် ကြည်ညိုလေးစားမှုအပြည့် ရှိသည်။ ဟန်ကျင်းထုံ၏နာမည်ကို သူ ကြားဖူးသည်။ ထိုအဘိုးကြီးသည် သူ၏အရည်အချင်းများကို မပြတော့သည့်တိုင် လွန်စွာ စွမ်းဆောင်နိုင်သူ ဖြစ်ခဲ့သည်။ သည်အဘိုးကြီး၏ဒုတိယသားသည် တစ်ချိန်က ရှန်ဟိုင်းတွင် အင်မတန် အောင်မြင်ခဲ့သော စီးပွားရေးသမားတစ်ဦးဖြစ်ပြီး သူ၏လုပ်ငန်းကို အကြီးစားလုပ်ငန်းတစ်ခုအဖြစ် ထူထောင်ကာ လုပ်ငန်းတိုးချဲ့ရန်အတွက် နိုင်ငံရပ်ခြားတွင် ပြောင်းရွှေ့နေထိုင်ခဲ့ပေသည်။
***