တန်ခိုးရှင်အဆင့်အတွက် ဦးတည်ရာလမ်းကြောင်း
Vol. 102 Ch. 1420
“ဒါ့အပြင် ဒါတွေအားလုံးက အာကာပြင်ကျယ်ကျောင်းတစ်ကျောင်းလုံးရဲ့ ဆယ်ရာခိုင်နှုန်းပဲ ရှိပါသေးတယ်” မန်ဟို့ကို နွေးထွေးဖော်ရွေစွာ ကြည့်နေသော အင်ပါယာသခင်၏ပုံစံသည် အစမှအဆုံးအထိ ပြောင်းလဲမသွားခဲ့ပေ။ သူ မှင်သက်နေသည့်အချိန်၌ပင် ပြောင်းလဲသွားခဲ့ခြင်းမရှိ။
ကျန်အင်ပါယာသခင်များအနက်မူ တစ်ယောက်က အေးစက်မြဲအေးစက်နေဆဲပင်။ သူ့ကို ရွံရှာစွာ ကြည့်ခဲ့သည့် တစ်ယောက်ကတော့ အထင်သေးနေသော်လည်း ကောင်းကောင်းဖုံးကွယ်ထား၏။
မန်ဟို၏မျက်လုံးများ မဆိုစလောက် လင်းလက်သွားသည်။ ဤအခိုက်အတန့်တွင် အာကာပြင်ကျယ်ကျောင်းတော် မည်မျှအင်အားကြီးမားကြောင်း သူ အကြမ်းဖျင်းသိလိုက်ရလေပြီ။ အနည်းဆုံးတော့ ၎င်းသည် တောင်ပင်လယ်လောကထက် များစွာအင်အားကြီးမားပေ၏။
“အာကာပြင်ကျယ်စကြဝဠာရဲ့ ထိပ်သီးအင်အားစုသုံးစုက အင်မော်တယ်နတ်ဘုရားကမ္ဘာ၊ နတ်ဆိုးလောကနဲ့ ဒီအာကာပြင်ကျယ်ကျောင်းတော်ဆိုတာ ထည့်တွက်လိုက်ရင်” သူက တွေးသည်။ “ဟိုလောကနှစ်ခုနဲ့ တိုက်ခိုက်ခဲ့တုန်းက သူတို့တွေ အင်အားအကုန်လုံးသုံးခဲ့တာမဟုတ်ဘူးပေါ့။ သူတို့ထဲမှာ ကြားနေဖို့ ရွေးချယ်ခဲ့တဲ့ အဖွဲ့တွေရှိရမယ်”
မန်ဟိုက မျက်လုံးများပိတ်လျက် တခဏစဉ်းစားနေပြီးနောက် ပြန်ဖွင့်လိုက်သောအခါ သူ့အရှေ့ရှိ အမျိုးသမီးဆယ်ယောက်ကို တည်ငြိမ်စွာ ကြည့်၍ ထွက်သွားကြဖို့ လက်ဟန်ပြလိုက်သည်။ ထို့နောက် မျက်လုံးများကို ပြန်ပိတ်လိုက်၏။
အမျိုးသမီးအားလုံး ခေါင်းငုံ၍ ထွက်သွားကြသည်။ ဘုရားကျောင်းထဲမှ ထွက်လာပြီးနောက် သူတို့က ကိုယ့်အိမ်ကိုယ်ပြန်ဖို့ လူစုခွဲသွားကြလေသည်။
ဖိအားကြီးတစ်ရပ်က လူတိုင်းအပေါ် သက်ရောက်နေသကဲ့သို့ နဝမပါရာဂွန်မြို့တော်ရှိ အရာအားလုံးမှာ တိတ်ဆိတ်ငြိမ်သက်နေသည်။ မြို့ထဲတွင် စခန်းချနေသော ကျင့်ကြံသူတစ်သိန်းလုံးလည်း စိတ်ဖိစီးနေကြသည်။
အာကာပြင်ကျယ်ဂြိုဟ်၏အတွင်းထဲက တစ်ဝက်ဂြိုဟ်တွင် နေတစ်စင်းနှင့် လတစ်စင်းရှိ၍ မကြာမီ ညရောက်လာသည်။ မဟူညအမှောင်၏ကေင်းကင်ကြီးတွင် ကြယ်တာရာများ လင်းလက်တောက်ပလျက်ရှိ၏။ တိတ်ဆိတ်မှုက မင်းမူနေသည့်အချိန် ဘုရားကျောင်းထဲတွင် မန်ဟိုက မျက်လုံးများ ဖွင့်လိုက်သည်။
တခဏကြာသော် သူသည် ဖြည်းဖြည်းချင်း ထရပ်ပြီး ရှေ့တစ်လှမ်းလျှောက်ကာ ပျောက်ကွယ်သွား၏။ ပြန်ပေါ်လာသောအခါ နန်းတော်၏အပေါ် ၊ အလွန်မြင့်မားသောစေတီအပေါ်တွင် ဖြစ်ကာ နဝမပါရာဂွန်မြို့တော်ကို လှမ်းကြည့်နေသည်။
လေပြေတစ်ချက်က သူ့ဆံပင်များကို ပင့်မလိုက်ပြီး အဝတ်စများလည်း တွန်းထိုးတိုက်ခတ်သွားသည်။ ထိုနေရာတွင် သူသည် အောက်ရှိမြင်ကွင်းကို အတန်ကြာငုံ့ကြည့်နေပြီးနောက် အဝေးသို့ ငေးကြည့်နေ၏။
ဤနေရာတွင် မည်သည့်အရာနှင့်အမျှ မရင်းနှီးသဖြင့် သူစိမ်းတစ်ယောက်လို သူ ခံစားနေရသည်။ တောင်တန်းများကိုလည်း မရင်းနှီး၊ လူတွေနှင့်လည်း မခင်မင်၊ အပေါ်ရှိ ကြယ်တာရာကောင်းကင်ကြီးပင်လျှင် အစိမ်းသက်သက်ဖြစ်နေသည်။
မန်ဟို အလွန်အထီးကျန်လာ၏။ သူ့ကိုယ်သူ စိတ်မာသူဟု အမြဲထင်ခဲ့သော်လည်း တောင်ပင်လယ်လောကနှင့်ပတ်သက်၍ ဖြစ်ပွားခဲ့သည့် အရာအားလုံးကို ပြန်တွေးကြည့်လျှင် သူ မြင်မြင်ရသမျှမှာ သွေးပင်လယ်ကြီးနှင့် အော်ဟစ်သေဆုံးနေသော မိတ်ဆွေများကိုသာ ဖြစ်သည်။ သူ့မှာ တွေးရင်း တုန်ရီလာ၏။
သူ့တာအိုက လွတ်လပ်ပြီး အနှောင်အဖွဲ့ကင်းသည့် တာအိုဟု တစ်ခါတုန်းက သူ ယုံကြည်ခဲ့သည်။ ခရီးလမ်းပေါ်ရှိ အခက်အခဲများ၊ အတားအဆီးများမှာ လမ်းတစ်လျှောက်မြင်ရမည့် ရှုခင်းလေးများဖြစ်သည်၊ ထိုရှုခင်းများကို ကြည့်ပြီးနောက် အကန့်အသတ်များ၏အလွန်သို့ ဆန့်တန်းနေသော သူ့လမ်းသူ ဆက်သွားနိုင်မည်ဟုလည်း တွေးခဲ့သည်။
သို့သော် ယခုတွင် တောင်ပင်လယ်လောကလည်း ပျက်စီး၊ လူပေါင်းများစွာလည်း သေ၊ ကြက်တူရွေးနှင့် အသားဂျယ်လီလည်း သူ့အတွက် စတေးပေးခဲ့ကြပြီဖြစ်ရာ ထိုအတိတ်ဖြစ်ရပ်များသည် ခရီးလမ်းပေါ်က ရှုခင်းလေးမျှသာ မဟုတ်တော့ပေ။
ရှုခင်းလေးသာ ဆိုလျှင်လည်း ခရီးဆက်သွားမည့်အစား ၎င်းတို့ခံစားကြည့်ရှုရင်းသာ အချိန်ကုန်ဆုံးလိုက်မည်။
သိုလှောင်အိတ်ထဲ ပြန်ထည့်ထားသော ချပ်ဝတ်အသွင်နှင့် အသားဂျယ်လီအကြောင်း ပြန်တွေးရင်း သူ့နှလုံးသားသည် တဆစ်ဆစ် နာကျင်လာ၏။
အတော်လေးကြာမှ သူ့မှာ ခံစားချက်များကို ထိန်းချုပ်နိုင်လိုက်သည်။
“ငါ သေချာပေါက် ပြန်လာခဲ့မယ်... စောင့်နေပေးကြပါ”
“ငါ ပြန်ရောက်ရင် မင်းတို့အားလုံးကို ခေါ်ထုတ်ပေးမယ်။ ငါတို့ အစိမ်းရောင်ခေါင်းတလားဝဲထဲကနေ ထွက်ပြီး ကြယ်တာရာကောင်းကင်ထဲမှာ တောင်ပင်လယ်လောကကို နောက်တစ်ကြိမ် ပြန်တည်ဆောက်ကြမယ်”
“ကျဆုံးသွားတဲ့ မင်းတို့တွေကို ပြန်ခေါ်နိုင်အောင်လည်း ငါ တတ်စွမ်းနိုင်သမျှ အကုန်လုပ်မယ်” သူ့မျက်လုံးများက မီးဝင်းဝင်းတောက်လာပြီးနောက် ပြန်လည်တည်ငြိမ်သွားသည်။
သူ့မျက်လုံးများ နီရဲနေမှုပင် ပျောက်ကွယ်သွားသည်။ အနီးကပ်ကြည့်လျှင် သူ၏သူငယ်အိမ်များ အနီရောင်တောက်ပနေသည်ကို မြင်ရမည်မဟုတ်ပေ။
“ငါ့ဝိညာဉ်မီးအိမ်တွေ ပျက်စီးသွားခဲ့ပြီ” သူက တိုးညင်းစွာ ရေရွတ်သည်။ “အခု ကြေးမီးအိမ်က ငါ့ရဲ့ပဓာနမီးအိမ် ဖြစ်လာခဲ့ပြီ” လက်တစ်ချက်ဝှေ့ယမ်းမှုက ကြေးမီးအိမ်ကို ရှေးဆန်သောအငွေ့အသက်များ ထုတ်လွှတ်လျက် ပေါ်လာစေသည်။
“အာကာပြင်ကျယ်ကျောင်းတော်က ပံ့ပို့ပေးခဲ့တဲ့ အဖိုးထိုက်ရတနာတွေကြောင့် ကြေးမီးအိမ်က ငါ့အပြင်အားကိုယ်ကို သူ့အတွက် သင့်တော်တဲ့ပုံစံအဖြစ် ပြန်တည်ဆောက်နိုင်ခဲ့တယ်” သူက ကြေးမီးအိမ်ကို ကြည့်လိုက်သည်။
“မီးအိမ်က လင်းနေတယ်ဆိုတော့ ငါသာ မီးငြှိမ်းနိုင်ရင် ငါ့ကျင့်ကြံခြင်းအခြေခံနဲ့ ငါနဲ့ပတ်သက်တဲ့အရာအားလုံး... ကြောက်ခမန်းလိလိ တိုးတက်လာလိမ့်မယ်။ အဲဒီတိုးတက်မှုဖြစ်ပေါ်တာနဲ့ ငါကျင့်ကြံခြင်းအခြေခံဟာ နှစ်ဆ၊ သုံးဆ၊ ဒါမှမဟုတ်... ဆယ်ဆတောင် အစွမ်းပိုထက်လာနိုင်တယ်” ဤအရာများက ကြေးမီးအိမ်ကို ထပ်မံလေ့လာပြီးနောက် သူ သုံးသပ်မိခဲ့သောအချက်များ ဖြစ်သည်။
တခဏတိတ်ဆိတ်နေပြီးနောက် မှော်သင်္ကေတရှစ်ခုက သူ့နဖူးပေါ်တွင် ပေါ်လာသည်။ အံ့မခန်းလိလိစွမ်းအားတစ်ရပ် ပေါ်ထွက်လာသဖြင့် သူ၏ကျင့်ကြံခြင်းအခြေခံက တဝုန်းဝုန်းအော်မြည်လာ၏။ သူက ညာလက်ဖြင့် လှမ်း၍ မီးတောက်ကို ငြှိမ်းဖို့ ကြိုးစားသည်။
မီးတောက်သည် တဖျပ်ဖျပ်လှုပ်သွားသော်လည်း ၎င်းထံသို့ စွမ်းအားမည်မျှစေလွှတ်စေကာမူ မီးတောက်က မငြိမ်းသွားပေ။
“မလုံလောက်သေးဘူး.... ချုပ်နှောင်မန္တန်ရှစ်ခုလုံးရဲ့ အနှစ်သာရတွေ ပြည့်စုံသွားအောင် လုပ်ဖို့လိုတယ်” ကြေးမီးအိမ်အတွင်း၌ လှုပ်ရှားနေသော မီးတောက်ကို ကြည့်ပြီးနောက် သူက သူ၏ကျင့်ကြံခြင်းအခြေခံစွမ်းအားကို ဖြည်းဖြည်းချင်း ပြန်ရုတ်သိမ်းလိုက်သည်။
“မန္တန်ရှစ်ခုရဲ့အနှစ်သာရတွေထဲမှာ အဋ္ဌမမန္တန်ရဲ့တာအိုကိုပဲ ငါ ဉာဏ်အလင်းအပြည့်အဝထားသေးတယ်။ ကျန်တဲ့မန္တန်ခုနစ်ခုက မပြည့်စုံသေးဘူး။ ဒါပေမဲ့ ခက်တော့မခက်ဘူး။ ရွှေတုန်းလျှိုရဲ့ အမွေကို အပြီးထိစုပ်ယူပြီး တံခါးပိတ်ကျင့်လိုက်ရင် မန္တန်အားလုံး စုံသွားမယ်
“ဒါပေမဲ့ ဒီမီးအိမ်ကို ငြိမ်းစေနိုင်မယ့် စွမ်းအားကို ပေးမယ့် အရေးအကြီးဆုံးအရာက ... လိုအပ်နေတဲ့ နဝမမန္တန်ပဲ
“မိစ္ဆာချုပ်နှောင်သူအဖွဲ့ရဲ့ မန္တန်ကိုးခုထဲမှာ ပထမရှစ်ခုကို ငါ ရထားပြီးပြီ။ နဝမမန္တန်ကတော့ ငါ ကိုယ်တိုင် ဖန်တီးရမှာ” မန်ဟိုက မျက်လုံးများလင်းလက်တောက်ပနေလျက် ညအမှောင်ထုကို ကြည့်လိုက်၏။
“ငါ့ရဲ့လမ်းက ရှင်းတယ်။ မန္တန်ရှစ်ခုရဲ့အနှစ်သာရတွေ ပြည့်ဝအောင် လုပ်ရမယ်။ နဝမမန္တန်ကို ဖန်ဆီးရမယ်။ ပြီးရင် မန္တန်အားလုံးကို ပေါင်းစည်းပြီး ကြေးမီးအိမ်ကို ငြိမ်းမယ်။ ဒါဆို ပါရာဂွန်အဆင့်ကနေ .... တာအိုရင်းမြစ်နယ်ပယ်ကို တက်နိုင်ပြီ” မန်ဟို့မျက်လုံးများထဲရှိ တောက်ပသောအလင်းရောင်က သူ့အား လျှမ်းလျှမ်းတောက်နေတစ်စင်းပမာ ဖြစ်နေစေသည်။
“ငါ တန်ခိုးရှင်အဆင့်တက်ရင် အင်မော်တယ်နတ်ဘုရားကမ္ဘာနဲ့ နတ်ဆိုးလောကကို ဖြိုခွင်းဖို့က ငါ့လက်ကလေးလှန်လိုက်သလို လွယ်ကူလိမ့်မယ်
“ငါ တန်ခိုးရှင်အဆင့်တက်ရင် တောင်ပင်လယ်လောကက သေသွားတဲ့ ငါ့မိတ်ဆွေတွေကို အသက်ပြန်သွင်းဖို့လည်း မခက်ခဲတော့ဘူး
“ငါ တန်ခိုးရှင်အဆင့်တက်ရင် ကြက်တူရွေး၊ အသားဂျယ်လီတို့နဲ့ ပြန်ဆုံနိုင်မယ်။ အချိန်ဟာ နောက်ပြန်စီးဆင်းပြီး တောင်ပင်လယ်လောကဟာ ပျက်သုဉ်းနေတဲ့အဖြစ်ကနေ....ခမ်းနားကြီးကျယ်လာလိမ့်မယ်
“တန်ခိုးရှင်အဆင့်၊ တာအိုရင်းမြစ်နယ်ပယ်... အဲဒီအချိန်ရောက်ရင် ငါကိုယ်တိုင်က အနှစ်သာရဖြစ်လာပြီး မိုးနဲ့မြေမှာ အဆင့်အမြင့်ဆုံးဥသျှောင်တာအိုတစ်ခု ဖြစ်လာလိမ့်မယ်” မန်ဟို၏အသက်ရှူသံများ မြန်လာသည်။
“တာအိုရင်းမြစ်၊ တာအိုရင်းမြစ်၊ ရှေးခေတ်ကနေ ဒီနေ့ထက်ထိ လူအနည်းစုပဲ တာအိုရင်းမြစ်နယ်ပယ်ကို အဆင့်တက်ဖူးတယ်
“အင်မော်တယ်နတ်ဘုရားကမ္ဘာက အင်အားကြီးနေတာက လွန်ခဲ့တဲ့နှစ်ပေါင်းများစွာတုန်းက အဲဒီအဆင့်တက်သွားတဲ့လူတစ်ယောက်ကြောင့်ပဲ။ နတ်ဆိုးလောကလည်း တူတူပဲ
“ငါ မန်ဟိုလည်း ... အဆင့်တက်စေရမယ်
“ကြေးမီးအိမ်က တန်ခိုးရှင်အဆင့်တက်ဖို့အတွက် မျှော်လင့်ချက်။ မဟာတံခါးတစ်ချပ်ကို ဖွင့်ပေးမယ့် သော့တစ်ချောင်းပဲ။ ချုပ်နှောင်မန္တန်ရှစ်ခုရဲ့ အနှစ်သာရတွေကို ရသွားရင် မခက်တော့ဘူး။ တကယ်ခက်တာက နဝမမန္တန်ကို ဖန်ဆင်းဖို့
“နဝမမန္တန်ကို ဖန်ဆီးဖို့ ဉာဏ်အလင်းရမှဖြစ်မယ်...” မန်ဟို၏မျက်လုံးများ တောက်ပလင်းလက်လာသည်။ နဝမမန္တန်နှင့်ပတ်သက်၍ စမ်းဝါးဝါးသုံးသပ်မှုများတော့ သူ လုပ်ထားပြီးလေပြီ။ “ကောင်းကင်ဘုံချုပ်နှောင်ဂါထာက ငါ့ရဲ့နဝမမန္တန်ဖြစ်လာလိမ့်မယ်”
သူ အဝေးသို့ ငေးကြည့်နေစဉ် နေ၏ရောင်စဉ်တန်းများက ညအမှောင်ထုကို ခွင်းကာ သူ့အပေါ် ကျရောက်လာသည်။
နဝမပါရာဂွန်၏ ရောက်ရှိလာမှုက အာကာပြင်ကျယ်ကျောင်းတော်တွင် ကိစ္စကြီးတစ်ရပ်ဖြစ်ရာ ဂိုဏ်းသားအားလုံး လွန်စွာစိတ်လှုပ်ရှားနေကြသည်။ သတင်းသည် အာကာပြင်ကျယ်ဂြိုဟ်တစ်ဝန်းလုံးသို့သာမက ကြယ်တာရာကောင်းကင်ထဲအထိ လျင်မြန်စွာ ပျံ့နှံ့သွား၏။
မရေမတွက်နိုင်သောလူများ လာရောက်ဂါဝရပြုကြရာ ဂိုဏ်းတစ်ဂိုဏ်းလုံး ပျားပန်းခတ်လှုပ်ရှားနေကြတော့သည်။
နဝမပါရာဂွန်အနေဖြင့် မန်ဟိုက လူတိုင်းနှင့်အတွေ့မခံဘဲ အင်ပါယာသခင်အဆင့်အမျိုးသမီးသုံးဦးကိုသာ ကိုင်တွယ်စေသည်။ သူ့လက်အောက်ခံ ပါရာဂွန်များ ရောက်လာသောအချိန်မှာပင် သူသည် တံခါးပိတ်ဆက်လက်ကျင့်ကြံနေ၏။
ထိုအခြင်းအရာက သူ၏လက်အောက်ငယ်သားများကို ပို၍သာစိတ်ဖိစီးလာစေသည်။ မန်ဟိုက အာကာပြင်ကျယ်ကျောင်းတစ်ကျောင်းလုံးတွင် အရေးပါဆုံးလူကိုးယောက်ထဲက တစ်ယောက်မဟုတ်ပါလော။ တစ်ချိန်တည်းမှာပင် သူ၏ကိုယ်ရံတော်တပ်ဖွဲ့မှာ သူ ဘာကြိုက်လဲ၊ ဘာမကြိုက်ဘူးလဲ ဆုံးဖြတ်ဖို့ကြိုးစားရင်း ခေါင်းနပန်းကြီးနေကြတော့သည်။
ထိုသို့ဆုံးဖြတ်ထားမှသာ လာမည့်ရက်များတွင် အဆင်ပြေမည်မဟုတ်ပါလော။
လအနည်းငယ်ကြာသော် နဝမပါရာဂွန်ကို ကြိုဆွဲပွဲအခမ်းအနားကျင်းပသည်။ အခမ်းအနားသည် အာကာပြင်ကျောင်းတော်နှင့် ပတ်သက်သော ကျင့်ကြံသူမျိုးနွယ်စုအားလုံးနှင့် အာကာပြင်ကျယ်ဂြိုဟ်တစ်ဂြိုဟ်လုံးအပြင် အနီးပတ်ဝန်းကျင်ရှိ မြေထုများမှလည်း တက်ရောက်ကြသော ပွဲကြီးတစ်ပွဲဖြစ်၏။
အခမ်းအနားမှာ တစ်လကြာသော်လည်း မန်ဟိုက တစ်ခါပဲ ထွက်လာခဲ့သည်။ ထိုအချိန်ကျမှ လူတိုင်း သူ့ကို မြင်ဖူးကြသော်လည်း သူ့ထံမှ ထုတ်လွှတ်နေသော အအေးဓာတ်နှင့်ဖိအားက လူတိုင်းကို မွန်းကြပ်လာစေရန် လုံလောက်လေသည်။
အထူးသဖြင့် မန်ဟို့အမိန့်အောက်ရှိ ပါရာဂွန်များပင်။
သူတို့အားလုံး နဝမပါရာဂွန်မြို့ထဲတွင် အတန်ကြာစောင့်နေပြီးနောက်မှ မန်ဟို့က သူတို့တစ်ယောက်ချင်းစီကို ခေါ်တွေ့သည်။ တွေ့ပြီးနောက် တစ်ဦးတစ်ယောက်ချင်းစီတိုင်း မျက်နှာသုန်မှုန်သွားကြလေသည်။ သူတို့၏မျက်လုံးများတွင် တွန့်ဆုတ်မှုများအပြင် မျှော်လင့်ချက်များလည်း ပြည့်နှက်လျက်ရှိ၏။
မန်ဟို သူတို့ကို ပြောခဲ့သောစကားမှာ နဝမပါရာဂွန်ဖြစ်လာပြီးနောက် ထုတ်ပြန်လိုက်သည့် ပထမဆုံးအမိန့်ဖြစ်သည်။
“ငါတို့အာဏာစက်ကို ဖြန့်ကျက်ဖို့ အရင်းအမြစ်အားလုံးသုံးပြီး အခုချက်ချင်း အင်အားချဲ့ထွင်ကြ။ နှစ်တစ်ထောင်အတွင်း ငါ့အင်အားကို အဆပေါင်းများစွာ တိုးပွားလာစေချင်တယ်”
အမိန့်သည် လျင်မြန်စွာ ဆင့်ကဲပျံ့နှံ့သွား၏။ ထိုအမိန့်ကို နားလည်သည်ဖြစ်စေ၊ နားမလည်သည်ဖြစ်စေ၊ အသိအမှတ်ပြုသည်ဖြစ်စေ၊ အသိအမှတ်မပြုသည်ဖြစ်စေ နဝမပါရာဂွန်ပိုင်နက်တွင် သူ့စကားသည် တစ်ချက်လွှတ်အမိန့်ဖြစ်၏။
သူတို့ လိုက်လျောချင်သည်ဖြစ်စေ၊ မလိုက်လျောချင်သည်ဖြစ်စေ... လိုက်ကိုလိုက်လျောရမည်။
နဝမပါရာဂွန်၏တပ်ဖွဲ့အားလုံး ချက်ချင်း လှုပ်ရှားကြသည်။ သူတို့သည် အင်အားတိုးပွားဖို့ ကျူးကျော်ကြ၏။ စီးနင်းတိုက်ခိုက်ကြ၏။ လူအင်အားစုဆောင်းကြ၏။
သူတို့ မည်သို့လုပ်စေကာမူ မန်ဟို ဂရုမစိုက်ပေ။ တောင်ပင်လယ်လောကနှင့် လက်စားချေဖို့ကိုသာ သူ ဂရုစိုက်သည်။ သူ၏မျှော်လင့်ချက်အားလုံးကို တန်ခိုးရှင်အဆင့်တွင်သာ ပုံအောမထားလိုပေ။ ထို့ကြောင့် သူ့အနေဖြင့် အဆင့်မတက်နိုင်မည့်ဖြစ်နိုင်ခြေအတွက်လည်း ပြင်ဆင်ရလိမ့်မည်။ အဆင့်မတက်နိုင်ခဲ့လျှင် လက်စားပြန်ချေဖို့ အင်အားပိုင်ဆိုင်ထားဖို့ လိုသေးသည်။
သူ လူအင်အားကို လိုအပ်သည်။ အာဏာကို လိုအပ်သည်။ စစ်ကြေညာနိုင်အောင် ပြင်ဆင်ဖို့လည်း လိုအပ်သည်။