ဒါ ဘယ်လိုဟာသမျိုးလဲ
Vol. 42 Ch. 588
လော်ရန်အိမ်ရာဝင်း၏အိမ်ခြံမြေ အရောင်းစင်တာအတွင်း…
ထန်ရှုနှင့် မုဝမ်ရင်တို့သည် လီကျင်းကို စောင့်မျှော်နေသည်မှာ နာရီဝက်ကျော် ကြာခဲ့ပြီဖြစ်သော်လည်း လီကျင်းအား အရိပ်အယောင်ပင် မတွေ့ခဲ့ရပေ။ လီကျင်း သူတို့ဆီ နှေးကွေးစွာ ပြန်ရောက်လာချိန်တွင် သူမ ထွက်သွားတုန်းကအတိုင်း လက်ထဲတွင် ဘာမှ မပါလာသည်ကိုတွေ့ရသဖြင့် သူတို့ အံ့သြသွားကြသည်။
"ဘာဖြစ်လို့လဲ။" ထန်ရှုက ဇဝဇေဝါ မေးလိုက်သည်။
လီကျင်းသည် သူမ၏သူဌေး ပြောလိုက်သော ဆိုလိုရင်းကို နားမလည်သောကြောင့် တစ်ဖက်လူအား မည်သည့်အကြောင်းပြချက် ပေးကာ ရှင်းပြရမည်ကို သေချာ မသိပေ။ သို့သော်လည်း သူမ၏ရုံးခန်းထဲတွင် ပစ္စည်းများကို ထုပ်ပိုးထားခဲ့ပြီး သူဌေးဖြစ်သူ လာမည်ကို စောင့်နေသည်။ ထိုကိစ္စ အဆင်ပြေပြေ မဖြစ်ဘဲ အဆုံးသတ်သွားခဲ့ပါက သူမ အထုပ်ပိုက်ပြီး အိမ်ပြန်ရုံသာ ရှိတော့ပေသည်။
သူမသည် ထန်ရှုနှင့် မုဝမ်ရင်အား အတော်ပင် အားနာမိသည်။ ထိုသူတို့သည် သူမ၏ ပြဿနာများကြားထဲတွင် ဒုက္ခရောက်ခဲ့ရသူများ ဖြစ်သည်။
“မစ္စတာထန် … မစ္စမု … စောင့်နေရတဲ့အတွက် တောင်းပန်ပါတယ်။ တစ်ခုခု မှားသွားတာကြောင့်ပါ။ ကျွန်မရဲ့သူဌေးက လောလောဆယ် ဒီကို လာနေပါတယ်။ မကြာခင် သူ ရောက်တော့မှာပါ။ ရှင်တို့ နှစ်ယောက် ခဏလောက် စောင့်ပေးလို့ရမလား။”
"ဘာပြဿနာ ရှိလို့လဲ။ ဘာတွေ ဖြစ်နေခဲ့တာလဲ။" မုဝမ်ရင်က မေးလိုက်သည်။
လီကျင်းက ပြောရမလို မပြောရမလို ချီတုံချတုံ ဖြစ်နေသည်။
သူမ၏အမူအရာကို ကြည့်ပြီးနောက် ထန်ရှု၏မျက်ခုံးများ အနည်းငယ် မြင့်တက်သွားရကာ "မင်းရဲ့သူဌေးနာမည်က ဘယ်လိုခေါ်လဲ။"
"ချန်ပင်းပါ။" လီကျင်းက ပင့်သက်တစ်ချက် ခိုးရှိုက်လိုက်ရင်း ဖြေလိုက်သည်။
…ချန်ပင်းလား….
သူ၏မှတ်ဉာဏ်များအတွင်း ရှာဖွေပြီးနောက် ထန်ရှုသည် ထိုသူ၏နာမည်ကို မမှတ်မိရုံသာမက ထိုသူနှင့် တွေ့ဖူးလား၊ ရင်းနှီးဖူးလားဆိုသည်ကိုပင် မမှတ်မိတော့ပေ။ ထို့ကြောင့် ဤအရာသည် ၎င်းတို့၏ ကုမ္ပဏီတွင်းပြဿနာ ဖြစ်ကောင်းဖြစ်နိုင်ပေသည်။
သူ၏အတွေးများ ထိုနေရာသို့ အရောက်တွင် မုဝမ်ရင်ကို ကြည့်လိုက်ပြီး
"ဒီမနက် ဘာမှ လုပ်စရာမရှိလို့ ဘာပဲဖြစ်ဖြစ် အဆင်ပြေပါတယ်။ ငါတို့ နည်းနည်း စောင့်လိုက်ပါမယ်။"
"ဟုတ်တယ်။" မုဝမ်ရင်သည် အိမ်တစ်လုံး ဝယ်ရန် လာခဲ့သော်လည်း တကယ်တမ်းတွင် သူမတွင် 'နောက်ထပ် စေ့ဆော်မှု' တစ်ခု ရှိသည်။ ထန်ရှုနှင့် သူမ ရှိနေနိုင်သရွေ့တော့ မည်သည့်နေရာပဲဖြစ်ဖြစ် အတူတူသာပင်။
ထိုနှစ်ယောက်ထံမှ စောင့်ဆိုင်းလိုကြောင်း ပြောလာသည်ကို တွေ့လိုက်ရသဖြင့် လီကျင်းသည် ချက်ချင်းပင် ကျေးဇူးတင်စွာ ကြည့်လိုက်ပြီး သူမကိုယ်တိုင် လက်ဖက်ရည်ဖြင့် ဧည့်ခံသည်။
ထို့နောက် သူမသည် တံခါးအပြင်ဘက်တွင် ရပ်ကာ သူဌေးဖြစ်သူကို စောင့်နေသည်။ ဖန့်ချန်းသည် သူ၏ ဘယ်လက်ကို ဘောင်းဘီအိတ်ထဲတွင် ထည့်ကာ သက်တောင့်သက်သာပုံစံဖြင့် လမ်းလျှောက်လာသည်။ သူ၏အကြည့်များသည် ထန်ရှုအား တစ်ချက်ကြည့်လိုက်ပြီး မုဝမ်ရင်ဆီသို့ အကြည့်အရောက်တွင် ရုတ်ခြည်းပင် အံ့အားသင့်သွားခဲ့ရသည်။ သူ့အနေဖြင့် ဤအရောင်းစင်တာတွင် အာဏာ အတော်အတန် ရှိသော်လည်း ဤကဲ့သို့သော တန်ဖိုးကြီးအိမ်များကို ဝယ်ယူရန် တတ်နိုင်သူများသည် သာမန်လူများ မဟုတ်ကြောင်း သူသိသောကြောင့် ဤဝယ်ယူသူများကို မစော်ကားဝံ့ပေ။
သို့သော် ထိုအရာသည် ထန်ရှုနှင့် မုဝမ်ရင်အတွက်သာ ဆိုလိုခြင်းဖြစ်ပြီး လီကျင်းအတွက်ကမူ ထိုသို့ မဟုတ်ပေ။ မုဝမ်ရင်၏အရှေ့တွင် လီကျင်းအား သင်ပြလိုက်ပါက သူ၏ဂုဏ်သိက္ခာနှင့်အဆင့်အတန်းကို မြင့်တင်နိုင်မည်ဟု သူ ခံစားရသည်။ ထို့အတွက် သူက လီကျင်းအား မေးငေါ့ကာ မေးလိုက်သည်။
"လီကျင်း … မင်း ဘာလုပ်နေတာလဲ။ အိမ်နံပါတ်(၉)က ရောင်းပြီးပြီဆိုတာ ဝယ်သူတွေကို မပြောရသေးဘူးလား။”
“ကျွန်မ…” လီကျင်း၏မျက်နှာသည် ဖျော့တော့သွားပြီး မည်သည့်စကားဆိုရမည်မသိ ဖြစ်နေခဲ့သည်။
"ငါနဲ့ ဘာဆိုင်လို့လဲ။" ဖန့်ချန်းက မျက်ခုံးပင့်ကာ သူမအား ပြစ်တင်ရှုတ်ချသည့်ဟန်ဖြင့်
"နံပါတ်(၉)က အိမ်ရောင်းပြီးပေမယ့် မရောင်းရသေးတဲ့ အခြားအိမ်သုံးလုံးရှိတယ် မဟုတ်လား။ ဝယ်ယူတဲ့သူတွေကို ကောင်းကောင်း ဝန်ဆောင်မှု ပေးနိုင်စွမ်းမရှိဘူးလို့ မင်း ခံစားရရင် ငါကိုယ်တိုင် လုပ်မယ်..."
ထန်ရှု မျက်မှောင်ကြုတ်လိုက်မိပြီး လီကျင်းကို ကြည့်ကာ မေးလိုက်သည်။
"ဒီမှာ ဘာဖြစ်နေတာလဲ။"
လီကျင်းသည် နောက်ဆုံးတွင် ထိုပြသနာကို ဖုံးကွယ်ထား၍ မရတော့ကြောင်း သဘောပေါက်သွားပြီး
“မစ္စတာထန် … မစ္စမု … ငါ တကယ် တောင်းပန်ပါတယ်။ မူလက အိမ်နံပါတ်(၉)ကို ငါ ပြသခဲ့ပေမဲ့ ရှင်တို့ကို ပြန်ခေါ်လာပြီး ဝယ်ယူမှုသဘောတူညီချက်မူကြမ်း ပြင်ဆင်တော့မှ မန်နေဂျာက ဒီအိမ်ကို တစ်စုံတစ်ယောက်က ကြိုတင်စာရင်းသွင်းထားပြီး နေ့လယ်မှာ ဝယ်ယူမှုသဘောတူညီချက်စာချုပ်ကို လက်မှတ်ထိုးဖို့ လာမယ်လို့ ပြောခဲ့တယ်။ အမှန်တကယ်ဆို ငါတို့ကုမ္ပဏီရဲ့ မူဝါဒအရ ငွေအရင်ပေးချေတဲ့ ဝယ်ယူသူက အိမ်ကို ရမှာပါ။ ဒါကိုလည်း သူ့ကို ငါ ပြောခဲ့ပေမဲ့ သူက မန်နေဂျာရာထူးနဲ့ ငါ့ကို ဖိအားပေးခဲ့တယ်။ ငါ တကယ် စိတ်မကောင်းပါဘူး။ ငါ အဲ့ဒါကို ပြေလည်အောင်လုပ်ဖို့ နည်းလမ်းတစ်ခု စဉ်းစားထားပြီးသားပါ။ ခဏလောက် စောင့်ပေးပါနော်။"
လီကျင်းက သူ့အကြောင်းအား ဝယ်ယူသူဆီ ပြတ်ပြတ်သားသား ထုတ်ဖော်ပြောပြလိမ့်မည်ဟု ဖန့်ချန်း အိပ်မက်ပင် မမက်ခဲ့ဖူးပေ။
လီကျင်းကို စိုက်ကြည့်ရင်း သူ့ရင်ထဲတွင် ဒေါသမီးများ တဟုန်းဟုန်း တက်လာပြီး
"မင်း ဘာအဓိပ္ပာယ်မရှိတာတွေ ပြောနေတာလဲ။ မင်းကို ဖိအားပေးဖို့ ဘယ်သူက မန်နေဂျာရာထူးကို သုံးနေလို့လဲ။ မင်းရဲ့အလုပ်အပေါ်ထားတဲ့ သဘောထားက ပြဿနာပါလား … ဟမ် … လီကျင်း။ လော်ရန်ရဲ့အရောင်းစင်တာမှာ မင်းက ဝန်ထမ်းဖြစ်ဖို့ကို မထိုက်တန်ဘူး။ မင်းကို အလုပ်ထုတ်လိုက်ပြီ။ မင်းပစ္စည်းတွေ သိမ်းပြီး ထွက်သွားစမ်း။"
"ဒါက တကယ်ကို အထင်ကြီးစရာပါပဲလား မန်နေဂျာဖန့်…"
အရောင်းစင်တာ၏အရှေ့တံခါးမှ အေးစက်စက် လေသံတစ်ခု ဝင်လာပြီး အမျိုးသားနှင့် အမျိုးသမီးများစွာ နောက်က လိုက်ပါလျက် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက် ဝင်လာသည်။ ထိုစကားသံသည် လူလတ်ပိုင်းအရွယ် အမျိုးသားက ပြောလိုက်ခြင်းဖြစ်သည်။
ရင်းနှီးနေသောအသံသည် ဖန့်ချန်း၏အမူအရာအား ပြောင်းလဲစေခဲ့သည်။ သူ လှည့်ကြည့်လိုက်သည့်အခါ ချန်ပင်းကို တွေ့လိုက်ရသဖြင့် သူ၏နှလုံးခုန်သံ ရုတ်တရက် ပြင်းထန်လာခဲ့ပြီး
"သူဌေး … ငါ့ကို ဘာလို့ ကြိုတင် အကြောင်းမကြားတာလဲ။ ကြိုသိရင် အပြင်မှာ ကြိုဆိုဖို့ လူတစ်ယောက် လွှတ်ပေးထားမှာပေါ့။”
သုန်မှုန်သောအမူအရာဖြင့် ချန်ပင်းက အေးစက်စက် ပြောလိုက်သည်။
"မင်းကို ကြိုတင်ပြောလိုက်ရင် မင်း သောင်းကျန်းနေတာတွေကို ငါ မြင်နိုင်ပါဦးမလား။ ထူးချွန်တဲ့ အရောင်းသမားတစ်ဦးကို လေ့ကျင့်ပေးဖို့ဆိုတာ ကုမ္ပဏီအတွက် မလွယ်ဘူးကွ။ ဒါပေမယ့် မင်းက သူမကို စကားနည်းနည်းနဲ့ အလုပ်ထုတ်ပစ်လိုက်တယ်ပေါ့။ ဝယ်ယူသူတွေရဲ့ အရှေ့မှာ မင်း အဲ့ဒါကို လုပ်လိုက်တာ တကယ်ကို အထင်ကြီးစရာကောင်းလွန်းနေတာ မဟုတ်ဘူးလား ဟမ်။”
ဖန့်ချန်း၏နှလုံးသားထဲတွင် အေးစိမ့်သွားရသည်။ သူ စကားပြောမည့်ဟန်ပြင်လိုက်စဉ် သူ၏သူဌေးသည် သူ့စကားကို လုံးဝနားမထောင်ချင်ရုံသာမက ဆိုဖာထက်တွင် ထိုင်နေသော လူငယ်ဆီသို့ ဆက်လျှောက်သွားသည်ကို တွေ့လိုက်ရသည်။
"မင်းက မစ္စတာထန်လား။" ထန်ရှု၏အရှေ့သို့ ရောက်သောအခါ ချန်ပင်းက လေးလေးစားစား မေးလိုက်သည်။
"ခင်ဗျား ကျွန်တော့်ကို သိတာလား။" ထန်ရှုက အံ့အားသင့်စွာ ပြန်မေးလိုက်သည်။
"ဟယ်လို မစ္စတာထန် … ငါက ဟုန်ထူအုပ်စုရဲ့ဥက္ကဌ ချန်ပင်းပါ။ ဒါက ငါ့ရဲ့လုပ်ငန်းလိပ်စာကတ်ပြားပါ။ မင်းနဲ့ ဒီမိန်းကလေးတို့ကို ငါတို့ကုမ္ပဏီဘက်က အမှားလုပ်ထားခဲ့မိပါတယ်။ ငါတို့ရဲ့အရောင်းအမျိုးသမီးက ငါ့ကို အရာအားလုံးကို အသိပေးထားပြီးသားဖြစ်နေတာ သူ့ကို ကျေးဇူးတင်ရမယ်။ ဘယ်လိုပဲဖြစ်ဖြစ် ငါတို့ကုမ္ပဏီမှာ ငွေပေးချေတဲ့သူက အိမ်ကို ပိုင်ဆိုင်တဲ့သူ ဖြစ်တယ်ဆိုတဲ့ ထူးခြားတဲ့ စည်းမျဉ်းများနဲ့ မူဝါဒတွေ ရှိတာမို့ မင်း စိတ်ချပါ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီနေရာမှာ မင်းတို့နှစ်ဦးအတွက် အဆင်မပြေမှုကြီး ဖြစ်စေအောင် ကုမ္ပဏီစီမံခန့်ခွဲရေးဝန်ထမ်း ဖန်တီးလိုက်တဲ့ ပြသနာကြောင့် ငါ မင်းတို့ကို တောင်းပန်ချင်ပါသေးတယ်။”
"အိုး … ခင်ဗျားက ဒီကိစ္စကို ဘယ်လိုဖြေရှင်းချင်တာလဲ။”
ထန်ရှုက ခပ်ဖွဖွပြုံးလိုက်ပြီး ချန်ပင်းအား လက်ဆွဲနှုတ်ဆက်ရန် ထလာခဲ့သည်။ ထို့နောက် ချန်ပင်းအား နေရာပေးရန်အတွက် ထိုင်ခုံနေရာ ပြောင်းပေးရန် မုဝမ်ရင်အား အချက်ပြလိုက်သည်။
ချန်ပင်းသည် ထန်ရှု၏ဘေးတွင် ဝင်ထိုင်လိုက်ပြီး ပြေရာပြေကြောင်း ပြောလိုက်သည်။
"မစ္စတာထန် … ပြသနာဖြစ်ပွားစေခဲ့တဲ့ ငါ့ကုမ္ပဏီက စီမံခန့်ခွဲရေးဝန်ထမ်းကို ငါ ချက်ချင်း အလုပ်ထုတ်ပြီး အိမ်ခြံမြေလုပ်ဆောင်တဲ့ အသိုင်းအဝိုင်းကိုလည်း အကြောင်းကြားထားပါ့မယ်။ နောင်ဆိုရင် သူက အဓိကအိမ်ခြံမြေလုပ်ငန်းရှင်တွေဆီမှာ နာမည်ပျက်စာရင်းသွင်းခံရလိမ့်မယ်။”
"ဒါက ခင်ဗျားကုမ္ပဏီရဲ့ အတွင်းရေးကိစ္စပါ။ ကျွန်တော်တို့နဲ့ မသက်ဆိုင်ပါဘူး။" ထန်ရှုက ထူးမခြားနားဟန်ဖြင့် ပြောလိုက်သည်။
အနားရှိ ဖန့်ချန်း၏မျက်နှာသည် ငိုမဲ့မဲ့ ဖြစ်နေပြီး အလျင်စလို အော်ပြောလိုက်သည်။
"သူဌေး … မင်း ငါ့ကို အလုပ်ထုတ်လို့ မရဘူး။ ဒီနေရာက အရောင်းမန်နေဂျာအနေနဲ့ ငါ့မှာ ဝန်ထမ်းတွေကို ထုတ်ပယ်ပိုင်ခွင့်ရှိတယ်။ နောက်ပြီး ငါ ဒီဖောက်သည်နှစ်ယောက်ကိုလည်း မစော်ကားခဲ့ဘူး။"
ချန်ပင်းက ရုတ်ခြည်းပင် လှည့်ကြည့်ပြီး ဒေါသတကြီး အော်လိုက်သည်။
"တိတ်စမ်း…"
ဖန့်ချန်း၏အသက်ရှုသံများ နှေးကွေးလာပြီး စကားပြန်မပြောရဲတော့ချေ။
ထို့နောက် ချန်ပင်း၏မျက်နှာထက်တွင် လေးစားသော အမူအရာ ပြန်ပေါ်လာကာ
"မစ္စတာထန် … မင်းတို့နှစ်ယောက်ကို ကုမ္ပဏီက လုပ်ခဲ့မိတဲ့အမှားအတွက် အိမ်နံပါတ်(၉)ကို ၁ယွမ်နဲ့ ရောင်းဖို့ ဆုံးဖြတ်လိုက်တယ်။…"
…ဘာ…
ထန်ရှု မင်သက်သွားခဲ့ရသလို မုဝမ်ရင်သည်လည်း မယုံကြည်နိုင်အောင် ဖြစ်ခဲ့ရသည်။
…၁ ယွမ်တဲ့လား။ ယွမ်မီလီယံ၆၀ကျော် တန်ကြေးရှိတဲ့ အိမ်တစ်လုံးကို ဝယ်ဖို့ တစ်ယွမ်လား။ ဒါက ဘယ်လို ဟာသမျိုးလဲ။…
ဘေးတွင် ရှိနေသော ဖန့်ချန်းသည်ပင် သူ ကြားသမျှကို မယုံကြည်နိုင်သဖြင့် ချန်ပင်းကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေမိသည်။ သူဌေးကြီး မကျန်းမမာ ဖြစ်မနေကြောင်း သူ ပြောနိုင်ပေမယ့် သူ ဘာကြောင့်များ ...
လီကျင်းသည်လည်း အံ့သြတုန်လှုပ်သွားရသည်။ သူမ၏ဖုန်းဖြင့် တင်ပြလိုက်မှုသည် ထိုကဲ့သို့ အခြေအနေထိ ပြောင်းလဲသွားစေမည်ဟု သူမ အိပ်မက်ပင် မမက်ခဲ့မိပါချေ။
"မစ္စတာ ဟန်ကျင်းထုံကြောင့်လား။" ထန်ရှု ခဏလောက် စဉ်းစားပြီးမှ မေးလိုက်သည်။
“အဲ့ဒါက တစ်စိတ်တစ်ပိုင်းပါ။” ချန်ပင်းက လျင်မြန်စွာ ပြောသည်။
"နောက်တစ်ပိုင်းကရော။" ထန်ရှုက မျက်မှောင်ကြုတ်ပြီး မေးလိုက်ပြန်သည်။
"မစ္စတာထန် … အဲ့ဒီလူက သူ့ကို မဖော်ပြဖို့ ငါ့ကို ပြောထားတယ်။ တောင်းပန်ပါတယ် ဒါပေမယ့် မင်းတောင်းဆိုထားတာကို လိုက်လျောဖို့ ခက်တယ်။" ချန်ပင်း တုံ့ဆိုင်းစွာ ပြောလိုက်သည်။
“အနာမခံရင် အသာမစံရဘူးဆိုတဲ့ ဆိုရိုးစကားရှိတယ်။ ကျွန်တော်တို့က တစ်ခုခုကို အလကားရဖို့ မဟုတ်ဘဲ အိမ်တစ်လုံးဝယ်ဖို့ ဒီကို လာတာပါ။ ခင်ဗျားက ဇာတ်လမ်းတစ်ခုလုံးကို မပြောပြရင် ခင်ဗျား ပေးတဲ့အိမ်ကို ကျွန်တော်တို့က အလွယ်တကူ လက်ခံနိုင်မယ်လို့ ထင်လား။"
ချန်ပင်း တခဏလောက် တွေးတောပြီးနောက် မပြောချင် ပြောချင်ဖြင့်
“ကောင်းပါပြီ။ မင်းက သိကို သိရမယ်ဆိုမှတော့ ငါ လိုက်လျောရုံပဲ ရှိတော့တာပေါ့။ တကယ်တော့ အဲ့ဒါက အစ်ကိုကျင်းရှင်းကွေ့ပါ။ အရောင်းဝန်ထမ်း လီကျင်း ဖုန်းဆက်လာတုန်းက ငါ သူနဲ့ အလုပ်ကိစ္စ ဆွေးနွေးနေတာလေ။”
ထန်ရှု ရုတ်ခြည်းပင် နားလည်သွားသည်။ သူက မုဝမ်ရင်ကို ကြည့်ကာ ခေါင်းညိတ်လိုက်ပြီး
“ကျွန်တော် သိပြီ။ အစ်ကိုကျင်းရှင်းကွေ့ရဲ့ ကြင်နာတဲ့ ရည်ရွယ်ချက်ကြောင့်ဆိုရင်တော့ ဒီဟာကို ဒီအတိုင်းပဲ ရှင်းလိုက်ကြတာပေါ့။ ဒါနဲ့ ခင်ဗျား ဒီနေရာမှာ ကျွန်တော့်ကို အဖော်လုပ်ပေးဖို့ မလိုပါဘူးဗျာ။ ခင်ဗျားကုမ္ပဏီရဲ့အတွင်းရေးကိစ္စကို သွားပြီး ဖြေရှင်းနိုင်ပါတယ်ဗျ။ ကျွန်တော်တို့လည်း အိမ်ဝယ်ယူဖို့အတွက် လိုအပ်တဲ့ တခြားကိစ္စတွေ လုပ်ဆောင်လိုက်ပါဦးမယ်။"
"မင်းတို့နှစ်ယောက် နှစ်မိနစ်လောက် စောင့်ပါ။ တရားဝင်နည်းလမ်းတွေကို ဆောင်ရွက်ဖို့ ငါ တစ်ယောက်ယောက်ကို လွှတ်လိုက်မယ်။" ချန်ပင်းက အမြန်ထရပ်ပြီး ပြောလိုက်သည်။
အားလုံးထွက်သွားကြသောအခါ မုဝမ်ရင်သည် ထန်ရှုကို မှီကာ သူ၏လက်မောင်းကို ဆုပ်ကိုင်ထားရင်း ရယ်ရယ်မောမောဖြင့်
"ငါ ရုတ်တရက် ခံစားချက်တစ်ခု ရှိလာတယ် ဟန်နီ။"
"ဘာခံစားချက်များလဲ။" သူ၏လက်မောင်းကို ကိုင်ထားသော မုဝမ်ရင်၏လက်ကလေးများကို လှမ်းကြည့်ရင်း ထန်ရှုက မေးလိုက်သည်။
“ငါက အမျိုးသားတစ်ယောက်ရဲ့ ပံ့ပိုးမှုကို ရတဲ့ သူ့ရဲ့အိမ်ရှင်မတစ်ယောက်လိုပဲ။” မုဝမ်ရင်က ရယ်ရယ်မောမော ပြောလိုက်သည်။
…အဟွတ်…အဟွတ်…
သူမ၏အဖြေစကားကြောင့် ထန်ရှု ချောင်းနှစ်ကြိမ် ဆိုးခဲ့ရပြီး ငိုရမလို ရယ်ရမလို ဖြစ်သွားရသည်။
"အဓိပ္ပာယ် မရှိတာတွေ ပြောမနေနဲ့။ မင်းကိုယ်တိုင်က ချမ်းသာတဲ့ မိန်းမပျိုလေးတစ်ယောက် ဖြစ်နေတာကို တခြားသူတွေ မင်းကို ထောက်ပံ့ပေးဖို့ လိုလို့လားကွာ။ ဒီနေ့အဖြစ်အပျက်က မထင်မှတ်ထားတဲ့ အဖြစ်အပျက် တစ်ခုပါ။”
“ဟုတ်ပါတယ် … မမျှော်လင့်ထားတဲ့ အဖြစ်အပျက်တစ်ခုပါ။ ဒါပေမယ့် အဲ့ဒါက ငါ့အတွက် ယွမ်မီလီယံ၆၀ကျော် သက်သာသွားခဲ့တယ်လေ။” မုဝမ်ရင်က ပေါ့ပေါ့ပါးပါး ရယ်မောလိုက်သည်။ "ဘယ်လိုပဲဖြစ်ဖြစ် မင်းမှာ လုပ်နိုင်စွမ်းတွေ အများကြီး ရှိတယ် ဟန်နီ…။"
ထန်ရှုက မချိပြုံးဖြင့် တုံ့ပြန်လိုက်ပြီး ခေါင်းယမ်းလိုက်မိသည်။ ယွမ်မီလီယံ၆၀ကျော် တန်သော အိမ်အား ၁ယွမ်ဖြင့်သာ ရောင်းရန် ကျင်းရှင်းကွေ့က ချန်ပင်းကို မည်သည့်အတွက်ကြောင့် တိုက်တွန်းခဲ့သည်ကို အမှန်တကယ် စဉ်းစားနေမိသည်။ သူ၏ခင်မင်ရင်းနှီးမှုအတွက် မည်သည့်အတွက်ကြောင့် ရင်းနှီးမြှုပ်နှံခဲ့ပါသနည်း။
ဆယ်မိနစ်အကြာတွင် လီကျင်းသည် ထန်ရှုနှင့် မုဝမ်ရင်ဆီသို့ အိမ်ဝယ်ယူမှု သဘောတူညီချက်စာချုပ်ကို ယူဆောင်လာခဲ့သည်။ ယခုအချိန်တွင် သူတို့အပေါ်ထားရှိသော သူမ၏သဘောထားသည် လေးစားမှုရှိသောအမူအရာ သို့မဟုတ် သတိထား၍ အာရုံစိုက်ခြင်းစသည်ဖြင့် သိသိသာသာ ပြောင်းလဲသွားသည်။ သူမ၏နှလုံးသားအတွင်း၌ ပြင်းထန်စွာ စိတ်လှုပ်ရှား နေခဲ့သည်။
မကြာမီ သဘောတူညီမှုစာချုပ်ကို လက်မှတ်ရေးထိုးနိုင်ခဲ့သည်။ မုဝမ်ရင်တွင် ငွေသားအနေဖြင့် တစ်ပြားတစ်ချပ်မှ မပါသောကြောင့် ထန်ရှုသည် လီကျင်းကို တစ်ယွမ် ပေးလိုက်ကာ အပြုံးဖြင့်
“ဒီလောက် သတိကြီးစွာ မထားနဲ့ဗျ။ ငါတို့က ကျားကြီးတွေလည်း မဟုတ်ဘူး။ ဟုတ်သားပဲ … မင်းတို့ကုမ္ပဏီမှာ ဝန်ထမ်းအပြောင်းအလဲအတွက် တာဝန်အပြောင်းအရွှေ့ လုပ်ပြီးသွားပြီလား။”
"ဟုတ်ကဲ့။ ပြီးသွားပြီ။ ဖန့်ချန်းကို အလုပ်ထုတ်လိုက်တယ်။ ငါ … အရောင်းမန်နေဂျာရာထူးအဖြစ် ရာထူးတိုးခဲ့တယ်။ မစ္စတာထန် … မစ္စမု … ကျေးဇူး အများကြီး တင်ပါတယ်။"
လီကျင်းက ကျေးဇူးတင်သော အမူအရာဖြင့် ပြောလိုက်သည်။
“ဒီလို ယဉ်ကျေးတာတွေ မလုပ်ပါနဲ့ဗျာ။” ထန်ရှုက သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။
“မင်းမှာက ကောင်းမွန်တဲ့ လုပ်ငန်းကျွမ်းကျင်မှု ကျင့်ဝတ်ရှိသလို လုပ်ရည်ကိုင်ရည် အရည်အသွေးကလည်း ချီးကျူးစရာပါ။ ဖန့်ချန်းက လူကောင်းတစ်ယောက် မဟုတ်လောက်ဘူး။ နို့မဟုတ်ရင် သူက မင်းလို မိန်းမတစ်ယောက်ကို အခက်အခဲတွေ ပေးမှာမဟုတ်ဘူး။"
သည်စကားကို ကြားလိုက်ရသည့် လီကျင်း၏ရင်ထဲတွင် ထိရှသွားခဲ့ရပြီး မျက်ရည်ကျလုမတတ်ပင် ဖြစ်သွားရသည်။ သူမသည် ဤမြို့ကြီးသို့ ရောက်လာပြီးနောက် သူမ၏ကိုယ်ပိုင် အရည်အချင်းများဖြင့် ရုန်းကန်ရင်း အောင်မြင်မှုအချို့ကို ရရှိခဲ့ကာ နောက်ဆုံးတွင် တိုက်ခန်းငယ်လေးတစ်ခန်းကို ငွေချေးကာ ဝယ်ယူနိုင်ခဲ့သော်လည်း သူမ တစ်ယောက်တည်း အထီးကျန်စွာ နေထိုင်ရပြီး အခက်အခဲများ ကြုံလာတိုင်း ခေါင်းမှီထားနိုင်သည့် ပုခုံးတစ်ဖက်မရှိပေ။ သူမ သည်နေ့ ဖြတ်သန်းခဲ့ရသည့် ခါးသီးသော အတွေ့အကြုံသည် သူမ ဒီမြို့တွင် နေခဲ့စဉ်တလျှောက် ရခဲ့ဖူးသမျှထဲတွင် အနွေးထွေးဆုံး အရာတစ်ခု ဖြစ်သွားခဲ့ပေတော့သည်။
***