ရန်စမှု
Vol. 102 Ch. 1421
ရှန့်ကွမ်းဟုန်နှင့်အခြားသူများ မန်ဟိုလုပ်နေသောအရာကို သိရှိသောအခါ သူ့ကို မတားကြပေ။ ဂိုဏ်းချုပ်လည်း ထိုကိစ္စကို သေချာစဉ်းစားပြီးနောက် လျစ်လျူရှုထားရန် ရွေးချယ်လိုက်သည်။
မန်ဟို့လုပ်ရပ်များက သူတို့နှင့်သူတို့၏အစီအစဉ်များအပေါ် သက်ရောက်မှုမရှိသရွေ့ သူ့အနေဖြင့် စိတ်တိုင်းကျလုပ်နိုင်သည်။ အာကာပြင်ကျယ်ကျောင်းတော်အပေါ် ထိခိုက်မှုမရှိသရွေ့ သူ ဘာလုပ်လုပ် သူတို့ဂရုမစိုက်ပေ။
ထိုမျှသာမက မန်ဟိုကလည်း ဂရုတစိုက် လုပ်ဆောင်သည်။ သူ့တပ်ဖွဲ့သာ အသုံးပြုပြီး အာကာပြင်ကျယ်ကျောင်းတော် မပိုင်သေးသော ဧရိယာများကိုသာ နယ်ချဲ့လေသည်။
သူ၏တပ်ဖွဲ့များ တာဝန်အသီးသီးလုပ်ဆောင်နေစဉ် သူသည် နဝမပါရာဂွန်မြို့တော်တွင် တံခါးပိတ်ကျင့်ကြံပြီး အပြင်ကိစ္စများနှင့်ပတ်သက်သည့် သတင်များကိုသာ လက်ခံတတ်၏။
အချိန်တွေကုန်လွန်လာသည်။ မျက်စိတစ်မှိတ်အတွင်း ဆယ်နှစ်ကြာခဲ့လေပြီ။
ထိုအချိန်အတောအတွင်း မန်ဟိုသည် နဝမပါရာဂွန်မြို့တော်မှ တစ်ခါသာ ထွက်ခဲ့ဖူး၏။ ကျန်အချိန်များတွင် သူ၏တပ်ဖွဲ့များ စစ်ဆင်ခြင်း သို့မဟုတ် အခြားနည်းလမ်းများမှတစ်ဆင့် အင်အားချဲ့ထွက်နေကြစဉ် သူက အမြဲတံခါးပိတ်ကျင့်ကြံနေသည်။
မကြာမီ နဝမပါရာဂွန်၏နာမည်သည် အာကာပြင်စကြဝဠာတစ်ခုလုံးတွင် ထင်ရှားကျော်ကြားလာ၏။ နောက်ဆုံးတော့ လူသစ်စုဆောင်းမှုများ စတင်သည့်အခါ လာရောက်လျှောက်ထားသူများ ကြိတ်ကြိတ်တိုးလာသည်။
ဆယ်နှစ်အတွင်း မန်ဟို့လက်အောက်ခံ ပါရာဂွန်များသည် လမ်းပိတ်သည့် မည်သူ့ကိုမဆို ခေါင်းဖြတ်သတ်ပစ်သော ဓားထက်ထက်များအလားပင်။ ပင်မတပ်ဖွဲ့ဖြစ်သည့် ကျင့်ကြံသူတစ်သိန်းကလည်း တိုက်စစ်ဆင်တိုင်း ကျရှုံးသည်ဟူ၍မရှိပေ။
ကျင့်ကြံသူတစ်သိန်းထဲတွင် ပါရာဂွန်အဆင့်မပါသော်လည်း သူတို့သည် လက်ရွေးစင်ပညာရှင်များဖြစ်ကြ၍ မန္တန်ဝင်္ကပါကြီတစ်ခုအဖြစ် စုစည်းတိုက်ခိုက်နိုင်ကြ၏။
အမျိုးသမီးအင်ပါယာသခင်သုံးဦးနှင့် တာအိုဥသျှောင်ခုနစ်ဦးအတွက်မူ ဆယ်နှစ်ကြာသွားပြီဖြစ်၍ သက်တောင့်သက်သာရှိလာကြသည်။ အစတုန်းက နဝမပါရာဂွန်အတွက် ကိုယ်ရံတော်များအဖြစ် ရွေးချယ်ခံလိုက်ရပြီဖြစ်ရာ သူ၏ကျင့်စဉ်အတွက် အစုပ်ယူခံရမည့် သွေးကြောများဖြစ်သွားပြီဟု သူတို့ထင်ခဲ့ကြသည်။ တကယ်တမ်း ဆယ်နှစ်တာကာလအတွင်း မန်ဟို့ကို သူတို့မြင်တွေ့ရသော အကြိမ်အရေအတွက်အား လက်တစ်ဖက်တည်းနှင့်ပင် ရေတွက်၍ရလေသည်။
ထိုကာလအတွင်း အရေးကြီးသောအဖြစ်အပျက်တချို့ ဖြစ်ပျက်ခဲ့သေးသည်။
တစ်ခါတွင် မန်ဟို တံခါးပိတ်ကျင့်ကြံနေသောနေရာကို ဝန်းရံလျက် သဲမုန်တိုင်းကြီးတစ်လုံး ပေါ်လာခဲ့သည်။ ထိုသဲမုန်တိုင်းအတွင်း၌ ရှေးဆန်သောအက်ကွဲကွဲအသံဖြင့် စကားပြောလိုက်သော လူတစ်ယောက်ပေါ်လာ၏။
“မင်းက နဝမပါရာဂွန်မဟုတ်ဘူး”
စကားသံပဲ့တင်ထပ်သွားသည့်အချိန်မှာပင် အနှစ်သာရ ၉ ခု အထွတ်အထိပ်အဆင့်၏စွမ်းအားကို ခံစားရနိုင်သည်။ မန်ဟို့မျက်လုံးများ ပွင့်လာပြီး သူက အနှစ်သာရ ၉ ခုအထွတ်အထိပ်အဆင့်စွမ်းအားကို တည်ငြိမ်စွာ ရင်ဆိုင်သည်။ ထိုအခိုက်အတန့်တွင် သူ့နဖူးပေါ်၌ တာအိုမျက်လုံးပေါ်လာပြီး အဋ္ဌမချုပ်နှောင်မန္တန်၏အနှစ်သာရစွမ်းအား ထွက်ပေါ်လာ၏။ သူ၏မျက်လုံးသုံးလုံးက သဲမုန်တိုင်းကို မော့ကြည့်လိုက်လေသည်။
တစ်ဝက်ဂြိုဟ်တစ်ဝန်းလုံး အလွန်ကျယ်လောင်သောထစ်ချုန်းသံကြီး ပဲ့တင်ထပ်သွားပြီးနောက် အက်ကွဲကွဲအသံပိုင်ရှင်က ရယ်သည်။
“ဒါပေမဲ့ မင်းရဲ့ပင်ကိုယ်စရိုက်နဲ့ ရက်စက်တဲ့ပုံစံကို ငါ သဘောကျတယ်။ ပိုလို့တောင် သဘောကျတာက မင်းရဲ့ အာရုံစိုက်နိုင်စွမ်းနဲ့ ခိုင်မာပြတ်သားတဲ့စိတ်ကိုပဲ” သူ့အသံပဲ့တင်ထပ်နေစဉ် သဲမုန်တိုင်းသည် မှေးမှိန်ပျောက်ကွယ်လာပြီး ထိုလူလည်း တစ်ဝက်ဂြိုဟ်မှ ထွက်သွား၏။ ပြန်ပေါ်လာသောအခါ သူက အာကာပြင်ကျယ်ဂြိုဟ်မျက်နှာပြင်ထက်ရှိ သဲကန္တာရထဲတွင် ဖြစ်သည်။ သူ့မျက်နှာမှာ အတန်ငယ်ဖြူဖျော့နေသော်လည်း သူ၏မျက်လုံးများက လင်းလက်စွာ တောက်ပနေ၏။
“အနှစ်သာရ ၉ ခုအလယ်အလတ်အဆင့်” အဘိုးအိုက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ “ဒါပေမဲ့ ငါ့ကို တိုက်ရိုက်ရင်ဆိုင်နိုင်တဲ့အပြင် တုန်လှုပ်သွားစေခဲ့တယ်... တာအိုမျက်လုံးအပေါ် ထိန်းချုပ်နိုင်စွမ်းကလည်း ဟာကွက်မရှိဘူး”
အသံတစ်သံက သူ့အရှေ့မှ စကားပြောလိုက်သည်။ “ကျေးဇူးအများကြီးတင်ပါတယ်”
ထိုအသံသည် အာကာပြင်ကျယ်ကျောင်းတော်၏ ဂိုဏ်းချုပ်အသံမှတစ်ပါး အခြားမဟုတ်ပေ။
မန်ဟို အာကာပြင်ကျယ်ဂြိုဟ်မှ ထွက်သွားသည့် တစ်ခါတုန်းက သူသည် သူ၏တပ်ဖွဲ့များ တိုက်ခိုက်နေသော စစ်မြေပြင်တစ်ခုဆီ သွားရောက်ခဲ့၏။ သူတို့တိုက်ခိုက်နေသော ရန်သူအဖွဲ့တွင် အစွမ်းထက်ဆုံးက အနှစ်သာရ ၈ ခုအထွတ်အထိပ်အဆင့် နဂါးနက်တစ်ကောင်ဖြစ်သည်။ ၎င်းကြောင့် နဝမပါရာဂွန်ကျင့်ကြံသူတပ်ဖွဲ့မှာ အထိအခိုက်များခဲ့လေသည်။
မန်ဟို၏လက်အောက်ခံ အနှစ်သာရ ၈ ခုပါရာဂွန်တစ်ဦးမှာ ဒဏ်ရာအပြင်းအထန်ရထား၍ တပ်ကူတောင်းဖို့ အာကာပြင်ကျယ်ဂြိုဟ်ထံ သတင်းပို့ရုံမှတစ်ပါး ရွေးချယ်စရာမရှိခဲ့ပေ။
မန်ဟိုက ပေါ်လာသောအခါ လက်ချောင်းတစ်ချောင်းဝှေ့ယမ်းလိုက်သည်။ ရလဒ်အနေဖြင့် ကြယ်တာရာကောင်းကင်မှာ အိကျသွားပြီး အာကာပြင်ကျယ်တစ်ဝန်းလုံး ထစ်ချုန်းသံများ ပြည့်နှက်သွားသည်။ သူ၏ကျင့်ကြံသူများနှင့် ရန်သူများအပါအဝင် ပတ်ဝန်းကျင်ရှိ သက်ရှိအားလုံး တုန်ရီသွားကြ၏။ ဧရာမအလေးတုံးကြီးများဖြင့် သူတို့ပခုံးအပေါ် ဖိချနေသကဲ့သို့ တစ်ယောက်ပြီးတစ်ယောက် ဒူးထောက်ကြရသည်။ ဒူးထောက်ဖို့ ငြင်းဆန်သူတိုင်း အသက်နှင့်ကိုယ်အိုးစားကွဲကုန်ကြ၏။
နဂါးနက်မှာမူ အသားများကွာထွက်သွားသဖြင့် စူးစူးဝါးဝါးအော်သည်။ ထို့နောက် ၎င်းသည် ကြောက်လန့်နေသောမျက်လုံးများဖြင့် ဒူးထောက်အညံ့ခံတော့၏။
မန်ဟိုက လှည့်ပြန်သွားသည်။ သူ့လက်အောက်ငယ်သားကျင့်ကြံသူများက သူထွက်သွားသည်ကို ကြည့်ပြီး မျက်လုံးများ လင်းလက်စွာ တောက်ပလာတော့သည်။ အထူးသဖြင့် အနှစ်သာရ ၈ ခုပါရာဂွန်မှာ ဘုရားတမိလိုက်၏။ အနှစ်သာရ ၉ ခုပါရာဂွန်များ တိုက်ခိုက်ကြသည်ကို သူ မြင်ခဲ့ဖူးသော်လည်း မန်ဟို၏အစွမ်းပြသမှုက နဝမပါရာဂွန်သည် သာမန်အနှစ်သာရ ၉ ခုပါရာဂွန်မဟုတ်ကြောင်း သူ့အား သဘောပေါက်သွားစေသည်။
ဆယ်နှစ်ပြည့်သည့်နေ့တွင် မန်ဟိုသည် နဝမပါရာဂွန်မြို့ထဲ၌ တံခါးပိတ်ကျင့်ကြံနေ၏။ ရုတ်တရက် သူ့မျက်လုံးများ ဖျတ်ခနဲ ပွင့်လာပြီး ကြယ်အလင်းရောင်ကဲ့သို့ အရောင်အဝါကို မြင်ရနိုင်သည်။ ဤအခိုက်အတန့်တွင် သူ့မျက်လုံးများကို ကြည့်လိုက်ပါက အဆုံးမရှိသော ကြယ်တာရာကောင်းကင်ထဲ နစ်မြုပ်သွားသလို ခံစားရလိမ့်မည်။
သူတံခါးပိတ်ကျင့်ကြံနေသောအဆောင်၏ အပြင်တွင် မှိန်ပျပျတောက်ပနေသော အဖြူရောင်ကျောက်စိမ်းပြားတစ်ပြား ပျံဝဲနေ၏။ ၎င်းက မန်ဟို့ကို တရားထိုင်နေရာမှ နိုးလာစေခဲ့သည့် ကျောက်စိမ်းပြားပင် ဖြစ်လေသည်။
“အချိန်ကျပြီလား” သူက တိုးညင်းစွာ ရေရွတ်သည်။ ထို့နောက် ညာလက်ဖြင့် လှမ်းဖမ်းဆုပ်လိုက်ရာ အပြင်ရှိ အဖြူရောင်ကျောက်စိမ်းပြား ပျောက်ကွယ်သွား၏။
၎င်း သူ့လက်ဝါးထဲတွင် ပြန်ပေါ်လာသည့်အခါ ဂိုဏ်းချုပ်၏ရှေးဆန်သောအသံက သူ့စိတ်ထဲတွင် စိုးမိုးသွားသည်။
“အဘိုးကိုး .... အချိန်ကျပြီ။ ငါတို့ သင်္ချိုင်းဂူကို သွားရတော့မယ်”
မန်ဟို့လက်ချောင်းများကို ကျောက်စိမ်းပြားကို တင်းတင်းဖိလိုက်သည်။ သူ့မျက်နှာအမူအရာက မပြောင်းလဲသော်လည်း သူ့မျက်လုံးများ လင်းလက်သွား၏။ သဲမုန်တိုင်း သူ၏တံခါးပိတ်ကျင့်ကြံရာဆောင်ကို ဝန်းရံ၍ အက်ကွဲကွဲအသံနှင့်လူပေါ်လာခဲ့ကတည်းက အာကာပြင်ကျယ်ကျောင်းတော် နှစ်ပေါင်းများစွာ ပြင်ဆင်နေခဲ့သည့် အစီအစဉ်အတွက် အရေးပါသောအခါသမယသို့ ရောက်လာခဲ့ပြီဖြစ်ကြောင်း မန်ဟို သိခဲ့လေသည်။
အာကာပြင်ကျယ်ဂိုဏ်းတော်ချုပ်၏ဂူဗိမာန်ကို လေ့လာဖို့ မန်ဟို လွန်စွာမျှော်လင့်ထားခဲ့၏။ ပထမဂိုဏ်းတော်ချုပ်ချန်ထားခဲ့သော .... အနှစ်သာရ ၉ ခုအဆင့်မှတက်နည်းကို သူ သိချင်လေသည်။
ယခုတွင် သူ နဝမပါရာဂွန်ဖြစ်လာခဲ့သည်မှာ ဆယ်နှစ်ပြည့်ခဲ့ချေပြီ။ ယခုဂိုဏ်းချုပ်က သူ့ကို အကဲခတ်စောင့်ကြည့်ဖို့ တမင်ဆယ်နှစ်စောင့်ခဲ့ခြင်းလည်း ဖြစ်နိုင်သည်။ စောင့်ကြည့်ပြီးနောက် ဂိုဏ်းချုပ် မည်သို့ကောက်ချက်ချခဲ့သလဲ မန်ဟို မသိသော်လည်း အသိအမှတ်ပြုခံခဲ့ရပုံပေါ်သည်။
“အာကာပြင်ကျယ်ဂိုဏ်းချုပ်ရဲ့ ဂူဗိမာန်က ဘယ်လိုလဲ သွားကြည့်ကြတာပေါ့။ သူက အာကာပြင်ကျယ်ကျောင်းတော်ကို တည်ထောင်ခဲ့ပြီး သူကိုယ်တိုင်ကလည်း ဒီကြယ်တာရာကောင်းကင်ထဲမှာ အနည်းစုပဲရှိတဲ့ တန်ခိုးရှင်တစ်ယောက်ပဲ
“အာကာပြင်ကျယ်ကျောင်းတော်ရဲ့ ရှေးမှတ်တမ်းတွေအရ .... အာကာပြင်ကျယ်ဂိုဏ်းချုပ်က အင်မော်တယ်နတ်ဘုရားလောကနဲ့ နတ်ဆိုးလောကတို့ တည်တောင်မတည်ရှိသေးခင် ပထမဆုံးတန်ခိုးရှင့်အဆင့်တက်သွားခဲ့တဲ့ လူလို့ ပြောတယ်” မန်ဟိုသည် တောင်ပင်လယ်လိပ်ပြာ အာကာပြင်ကျယ်ကို ဖြတ်လျက် ပျံသန်းလာခဲ့တုန်းက တွေ့ခဲ့ရသော တံငါသည်အဘိုးကြီးကို သတိရလိုက်၏။
“သူက အစ၊ ငါက အဆုံးလို့ ပြောတယ်။ သူပြောတဲ့ အစဆိုတာ ဘာလဲ ... အာကာပြင်ကျယ်ဂိုဏ်းချုပ်များလား
“ပြီးတော့ အစိမ်းရောင်ခေါင်းတလားဝဲထဲက ဖြစ်တည်မှုက အာကာပြင်ကျယ်ဂိုဏ်းချုပ်နဲ့ တစ်နည်းနည်းပတ်သက်နေတာလား
“ပြီးခဲ့တဲ့ဆယ်နှစ်အတွင်း အာကာပြင်ကျယ်ကျောင်းတော်ရဲ့ သမိုင်းတွေကို ငါ လေ့လာခဲ့ပြီးပြီ။ ကြည့်ရတာ အာကာပြင်ကျယ်ဂိုဏ်းချုပ်က ဟိုးလွန်ခဲ့တဲ့ကမ္ဘေကမ္ဘာတွေထဲက တည်ရှိခဲ့တဲ့ပုံပဲ။ သူက ... အဲဒီတံငါသည်အဘိုးကြီးနဲ့ တစ်ခေတ်တည်းဖြစ်လောက်တယ်
“အဲဒါတွေအသာထား ဒီကြေးမီးအိမ်ရဲ့ အစကလည်း လျှို့ဝှက်ဆန်းကြယ်နေတုန်းပဲ။ အာကာပြင်ကျယ်ကျောင်းတော်ထဲ ဝင်ပြီးနောက်မှ ဒါက ပြောင်းလဲလာခဲ့တာဆိုတော့ သူတို့ကြားမှာ ပတ်သက်မှုတစ်ခုခုတော့ ရှိလိမ့်မယ်
“အာကာပြင်ကျယ်ဂိုဏ်းချုပ် ....” အတန်ငယ်တွေးပြီးနောက် မန်ဟိုသည် မဆိုင်းမတွ ရှေ့တစ်လှမ်းလှမ်းကာ ပျောက်ကွယ်သွား၏။ သူ ပြန်ပေါ်လာသောအခါ နဝမပါရာဂွန်မြို့တော်၏အပေါ်တွင် ဖြစ်သည်။
ဤသည်မှာ သူ ထွက်လာသည့် ဒုတိယအကြိမ် ဖြစ်သည်။ သူက ပင်မဘုရားကျောင်းသို့ ဦးတည်သွားသည့်အချိန်မှာပင် အောက်ရှိမြို့ကို ငုံ့ကြည့်၍ ပြောသည်။ “နဝမပါရာဂွန်မြို့က စုရီနဲ့ ရှင်းယွဲ့ ၊ အခုချက်ချင်း လိုက်ခဲ့”
သူ့အသံ ပဲ့တင်ထပ်လာသည့်အခါ အောက်ရှိလူများ တုန်ရီလာကြပြီး ဒူးထောက်ရှိခိုးကြသည်။ အင်ပါယာသခင်သုံးဦး ကပျာကယာထွက်လာပြီး မန်ဟို့ကို အရိုအသေပေးကြ၏။
ဤအမျိုးသမီးသုံးယောက်၏ အကျင့်စရိုက်က မတူညီသလို၊ ဆယ်နှစ်အတွင်း ပြောင်းလဲမသွားခဲ့ပေ။ အေးစက်စက်အမျိုးသမီးက အေးစက်မြဲ၊ စက်ဆုပ်နေသောအမျိုးသမီးကလည်း စက်ဆုပ်ဆဲ၊ နွေးထွေးဖော်ရွေသော အမျိုးသမီးကလည်း နွေးထွေးဖော်ရွေမြဲပင်။ သူတို့၏မျက်နှာများပေါ်တွင် ထူးထူးခြားခြား ပြောင်းလဲနေသောခံစားချက်များကို မမြင်ရပေ။
စုရီနှင့် ရှင်းယွဲ့ကတော့ မန်ဟို့လက်အောက်ခံတပ်ဖွဲ့များအနက် အစွမ်းထက်ဆုံးကျင့်ကြံသူနှစ်ယောက်၊ အနှစ်သာရ ၈ ခုပါရာဂွန်နှစ်ဦးဖြစ်သည်။ သူက သူတို့ကို သူနှင့်အတူ သင်္ချိုင်းခရီးသို့ ခေါ်သွားရန် စီစဉ်ထား၏။
အင်ပါယာသခင်သုံးဦးကို အဖက်မလုပ်ဘဲ မန်ဟိုက ရှေ့ဆက်သွားပြီး မကြာခင် ပလ္လင်ကိုးခုရှိရာသို့ ရောက်သွားသည်။ သူ့ထက် လူလေးယောက် ကြိုရောက်နေလေပြီ။
တစ်ယောက်က ခရမ်းရွှေရောင်ဝတ်ရုံနှင့် ရှန့်ကွမ်းဟုန်ပင်။ မန်ဟို့ကို မြင်လျှင်ချင်း သူက ပြုံး၍ ခေါင်းညိတ်ပြသည်။ ကျန်သုံးယောက်လည်း မျက်လုံးဖွင့်၍ မန်ဟို့ကို မြင်သောအခါ ပြုံးပြကြသည်။ သူတို့၏အမူအရာများအရ ထူးခြားမှုမရှိပေ။
ပလ္လင်လေးဆူ၏အောက်တွင် အနှစ်သာရ ၈ ခုပါရာဂွန်များ တင်ပျဉ်ခွေထိုင်နေသည်ကို မြင်ရနိုင်သည်။ သူတို့သည် မန်ဟို့ကို မြင်လျှင် ထရပ်၍ အရိုအသေပေးကြ၏။
မန်ဟိုကလည်း ပြုံး၍ လက်ယှက်အရိုအသေပေးပြီးနောက် နဝမပလ္လင်ပေါ်တွင် တင်ပျဉ်ခွေထိုင်လျက် စောင့်လိုက်သည်။
မကြာမီ ကျန်အနှစ်သာရ ၉ ခုပါရာဂွန်များက သူတို့၏လက်အောက်ငယ်သားများနှင့်အတူ ရောက်လာကြသည်။ တစ်ယောက်ကိုတစ်ယောက် နှုတ်ဆက်ပြီးနောက် လူတိုင်း ထိုင်လိုက်ကြ၏။ ထို့နောက် အစွမ်းထက်သောနတ်ဘုရားအာရုံစီးကြောင်းတစ်ကြောင်းက ဝုန်းခနဲ ပျံ့နှံ့လာပြီး ပထမပလ္လင်ထက်တွင် အက်ကြောင်းတစ်ကြောင်း ပွင့်ထွက်လာသည်။
အက်ကြောင်းထဲမှ အဘိုးအိုတစ်ဦး ထွက်လာသည်။ သူသည် အရပ်မြင့်မားပြီး ရှည်လျားသောဆံပင်ဖြူများ ရှိ၏။ သူ၏ရောက်ရှိလာမှုက ကြောက်မက်ဖွယ်ဖိအားကြီးကို သက်ရောက်လာစေသည်။
ဤသည်မှာ အနှစ်သာရ ၉ ခု၏အထွတ်အထိပ်အဆင့်ဖြစ်သော အာကာပြင်ကျယ်ကျောင်းတော်၏ လက်ရှိဂိုဏ်းချုပ်မှတစ်ပါးအခြားမဟုတ်ပေ။
ယခု လမ်းလျှောက်ထွက်လာသည်က နတ်ဘုရားအာရုံကိုယ်ပွားမဟုတ်ဘဲ ကိုယ်အစစ်ဖြစ်သည်။
မန်ဟိုအပါအဝင် ရှန့်ကွမ်းဟုန်နှင့်အခြားသူများက အလျင်အမြန် ထ၍ လက်ယှက်အရိုအသေပေးကြသည်။ “ဂါဝရပြုပါတယ် ဂိုဏ်းချုပ်”
အနှစ်သာရ ၈ ခုပါရာဂွန်များမှာတော့ ကပျာကယာအဖြစ်ဆုံးပင်။ ဂိုဏ်းချုပ်က မဆိုစလောက် ခေါင်းညိတ်ပြီး ပြန်လည်လက်ယှက်အရိုအသေပေးသည်။ ထို့နောက် သူသည် အင်္ကျီလက်စကို ဝှေ့ယမ်းကာ ဖြည်းဖြည်းချင်း စကားပြော၏။ “အချိန်ကျပြီ ... ငါတို့လုပ်တော့မယ့် အရာက ဘယ်လောက်အရေးကြီးလဲ မင်းတို့ကို ထပ်ပြောဖို့ မလိုတော့ဘူးထင်ပါတယ်။ ငါတို့အားလုံး ပထမဂိုဏ်းချုပ်ကြီးရဲ့ ဂူဗိမာန်ပတ်ဝန်းကျင်ကို ထောက်လှမ်းလေ့လာဖူးတယ်ဆိုတော့ အတွင်းပိုင်းထဲ ဦးတည်နေတဲ့ လမ်းကို သိပြီးသားပဲ ....
“ငါတို့ပန်းတိုင်က ဂူဗိမာန်ရဲ့ ဗဟိုကို ရောက်ဖို့။ ငါတို့ အဲဒီပန်းတိုင်ကို ရောက်လိမ့်မယ်လို့ မျှော်လင့်ရတာပဲ။ မရောက်ရင်လည်း အနည်းဆုံးတော့ အထဲက ဧရိယာတွေကို လေ့လာစူးစမ်းပြီး မြေပုံထုတ်နိုင်မှာပါ”
မျက်လုံးအားလုံး လင်းလက်တောက်ပလာတော့သည်။
ဂိုဏ်းချုပ်က အသက်ပြင်းပြင်းတစ်ချက်ရှူ၍ အလွန်လေးနက်သောအမူအရာဖြင့် အင်္ကျီလက်စကို ဝှေ့ယမ်းလိုက်သည်။ ချက်ချင်းပင် နေရာရွှေ့ပြောင်းခြင်းစတင်သဖြင့် ပလ္လင်များ တုန်ခါလာ၏။
ဤအခိုက်အတန့်တွင် အလင်းတန်းနှစ်တန်း ပလ္လင်ထံ ဦးတည်လာသည်။ ၎င်းတို့ကား မန်ဟို၏လက်အောက်ငယ်သား အနှစ်သာရ ၈ ခုပါရာဂွန်နှစ်ယောက်မှတစ်ပါး အခြားမဟုတ်ပေ။ သို့သော် နေရာရွှေ့ပြောင်းခြင်း စတင်နေပြီဖြစ်၍ သူတို့အတွက် ချဉ်းကပ်လာမရဖြစ်နေသည်။ သူတို့က နဝမပလ္လင်ထက်ရှိ မန်ဟို့ကို အမောတကော လှမ်းကြည့်လိုက်ကြ၏။
မန်ဟို စကားတစ်ခွန်းမှမပြောနိုင်ခင် ဆဋ္ဌမပလ္လင်ထက်ရှိ ဆဋ္ဌမပါရာဂွန်က ပြောသည်။ သူသည် ရှည်ရှည်ကောက်ကောက်နှာခေါင်းနှင့် သက်လတ်ပိုင်းလူတစ်ယောက် ဖြစ်၏။ “မင်းတို့က ဘယ်သူ့လူတွေလဲ၊ နောက်ကျတယ် ပြန်ကြတော့”