ဖိနှိပ်ခြင်း
Vol. 43 Ch. 589
မုဝမ်ရင်တစ်ယောက် အိမ်ဝယ်ယူမှုစာချုပ်တွင် လက်မှတ်ရေးထိုးသည်ကို ထန်ရှု စောင့်ဆိုင်းပေးခဲ့ပြီး ပြန်ခါနီးတွင် ချန်ပင်းအား ထန်ရှု သွားရောက်နှုတ်ဆက်လိုက်သည်။ ထန်ရှုသည် ချန်ပင်းအား အပေါ်ယံတွင် အနည်းငယ် လျစ်လျူရှုထားဟန်ရသော်လည်း အမှန်တကယ်တော့ ကျေးဇူးတင်နေမိသည်။ ထို့ကြောင့် အပြန်လမ်းတွင် ကျင်းရှင်းကွေ့အား အရက်သောက်ရန် ဖုန်းဆက်ဖိတ်ခေါ်ပြီး ချန်ပင်းကိုပါ ဖိတ်ပေးရန် ပြောခဲ့သည်။
"ဟန်နီ … နင် သိလား။ အခု နင်က ငါ့ရဲ့ စံပြလူသားလေး ဖြစ်လာပြီ။"
ထန်ရှု ဖုန်းဆက်ပြီးသွားနောက် မုဝမ်ရင်က ရွှန်းစိုသော မျက်ဝန်းများနှင့် ကြည့်ကာ စကားဆိုလာခဲ့သည်။
“အိုး … မြို့တော်ရဲ့ နံပါတ်တစ် အလှလေး … ရှန်ဟိုင်းတက္ကသိုလ်ရဲ့ နံပတ်တစ် မိန်းမချောလေးက ငါ့ကို စံပြလူသားလေးအဖြစ် မထင်မှတ်ပဲ မြင်လို့ပါလား။ ဒါက ငါ့အတွက် ဂုဏ်ယူစရာပါပဲ ဟာဟ။"
ထန်ရှုက ရယ်ချင်စိတ်ကို မထိန်းနိုင်တော့ဘဲ ရယ်မောကာ ပြောလိုက်သည်။
"ဒါဆို ငါ့ရဲ့ စံပြလူသားလေးကို နေ့လည်စာ အတူတူစားဖို့ ဖိတ်ကြားခွင့်များ ရှိပါသလားရှင်။" မုဝမ်ရင်က ပြုံးစစဖြင့် မေးသည်။
"ဒါပေါ့။" ထန်ရှု ခေါင်းညိတ်လိုက်သည်။
“ဒီနေ့ မင်း ပိုက်ဆံအကုန်အကျ သက်သာသွားတယ်ဆိုတော့ ငါ့ကို မဖြစ်မနေ ကျွေးရမှာပေါ့။"
"ငါ အနားဝန်းကျင်ကို မေးကြည့်တော့ ရှန်ဟိုင်းမှာ မကြာသေးခင်ကမှ ဖွင့်လှစ်ထားတဲ့ သုခဘုံနယ်မြေဆိုတဲ့ စားသောက်ဆိုင်တစ်ဆိုင် ရှိတယ်တဲ့။"
မုဝမ်ရင်က အပြုံးနှင့် ပြောလာသည်။
“အဲ့ဒီက ဟင်းပွဲအများစုက အရမ်းထူးခြားပြီး အရမ်းကောင်းမွန်တဲ့ ပတ်ဝန်းကျင်အခြေအနေ ရှိတယ်လို့ ကြားတယ်။ အဲ့ဒီကို သွားစားကြမလား။"
…သုခဘုံနယ်မြေဟုတ်လား…
ထန်ရှုက တစ်စက္ကန့်မျှ စဉ်းစားပြီးမှ ချက်ချင်း ရယ်မောလိုက်ပြီး
“အကြံကောင်းပဲ။ အဲ့ဒီသုခဘုံနယ်မြေက လူလူ့ရဲ့ဆိုင်လေ။ ငါတို့ကို လျှော့ဈေးတောင် ပေးရင် ပေးလိုက်ဦးမှာ။”
"လူလူ … အဲ့ဒါ အိုးရန်လူလူလား။" မုဝမ်ရင်သည် အိုးရန်လူလူအား ယခင်က မြင်ဖူးထားသောကြောင့် သူမ၏မျက်ခုံးအနည်းငယ် မြင့်တက်သွားရသည်။
"ဟုတ်တယ် … သူပဲ။" ထန်ရှုက ဖြေသည်။
မုဝမ်ရင်က ခဏလောက် စဉ်းစားဟန်ပြုလိုက်ရင်း ရုတ်ခြည်းပင် ခေါင်းယမ်းလိုက်ကာ
"ဒါဆို နင့်ကို နေ့လည်စာ စားဖို့ တခြားနေရာကိုပဲ ခေါ်သွားလိုက်တော့မယ်။"
"ဟင်…" ထန်ရှု အံ့အားသင့်သွားသည်။ "ဘာလို့လဲ…"
"နင်နဲ့ အိုးရန်လူလူက အရမ်းရင်းနှီးတယ်။ ဒီနေ့လိုမျိုး ငါတို့ရဲ့ပိုက်ဆံကို သူပါ လက်မခံမှာကို ငါ ကြောက်တယ်။"
မုဝမ်ရင်က ဖြူစင်သော အမူအရာဖြင့် ပြောသည်။ “နင့်ကို ထမင်းစားဖိတ်လိုက်ပြီး နင် သဘောတူတယ် ဆိုမှတော့ ဒီနေ့အတွက် ငါ ရှင်းကို ရှင်းရမှ ဖြစ်မယ်လေ။ အနည်းဆုံးတော့ နင် ငါ့ကို ပိုက်ဆံနည်းနည်းလောက် သုံးခွင့်ပြုမယ်မလား။"
“…”
မုဝမ်ရင်၏ကြံကြံဖန်ဖန်အကြောင်းပြချက်ပေးမှုသည် ထန်ရှုအား ရယ်ရမလို ငိုရမလို ဖြစ်သွားစေသည်။
မုဝမ်ရင်သည် ထန်ရှုကို တစ်ချက်ကြည့်လိုက်ပြီး မည်သည့်စကားမှ မဆိုတော့ပေ။ အိုးရန်လူလူသည် ထန်ရှု၏အရင်းနှီးဆုံး အမျိုးသမီးသူငယ်ချင်းဖြစ်ပြီး ကျင်းမန်ကျွန်းရှိ ထင်ရှားသော မိသားစုကနေ ဆင်းသက်လာသည်ကို သူမ ကောင်းစွာ သတိပြုမိထားသည်။ အိုးရန်လူလူတစ်ယောက် ရှန်ဟိုင်းသို့ စိတ်အားထက်သန်စွာ ပြောင်းရွှေ့လာပြီး ဤနေရာတွင် တောင်ပေါ်အပန်းဖြေ စားသောက်ဆိုင်တစ်ခု တည်ထောင်ရခြင်း၏ ရည်ရွယ်ချက်သည် ထန်ရှုနှင့် ပိုမိုနီးစပ်ရန်အတွက် ရှန်ဟိုင်းတွင်နေမည့် သူမ၏စိတ်ကူး ဖြစ်ကောင်းဖြစ်နိုင်သည်။ တစ်နည်းဆိုရသော် အိုးရန်လူလူသည် သူမ၏အချစ်ပြိုင်ဖက် ဖြစ်နိုင်ချေ များပေသည်။
နောက်ဆုံးတွင် မုဝမ်ရင်သည် ရှန်ဟိုင်းရှိ အလွန်ကောင်းမွန်သော စားသောက်ဆိုင်တစ်ဆိုင်ကို ရွေးချယ်ပြီး ထန်ရှုအား ခမ်းနားကောင်းမွန်သော စားသောက်ပွဲတစ်ခု သုံးဆောင်ရန် တိုက်တွန်းပြီးနောက် သူတို့နှစ်ဦးသည် ဂဏန်းငါးလုံး တန်ဖိုးရှိသည့် ကြီးကျယ်လွန်းသော နေ့လယ်စာကို စားသောက်ခဲ့ကြသည်။
နေ့လည်ခင်းတွင် နှစ်ဦးလုံး၌ စာသင်ချိန်များ ရှိသည့်အတွက် နေ့လည်စာ စားပြီးသည်နှင့် ရှန်ဟိုင်းတက္ကသိုလ်သို့ ပြန်လာခဲ့ကြသည်။ နောက်ပိုင်းတွင် အိမ်တွင်းပြင်ဆင်မှုဒီဇိုင်းအဖွဲ့ကို ရှာဖွေရန် သဘောတူပြီးနောက် သူတို့ နှစ်ယောက်သည် သက်ဆိုင်ရာ စာသင်ခန်းများဆီသို့ လမ်းခွဲထွက်ခွာလာကြသည်။
အားလပ်ချိန်နှင့် ပူပင်ကြောင့်ကြ ကင်းမဲ့ချိန်များသည် အမြဲလိုလိုပင် လျင်မြန်စွာ ကုန်လွန်သွားခဲ့သည်။
အချိန်များသည် လျင်မြန်စွာ ကုန်ဆုံးလာခဲ့ရာ ထန်ရှု ပေကျင်းမြို့မှ ပြန်ရောက်လာသည်မှာ တစ်လခွဲနီးပါး ရှိနေပြီဖြစ်သည်။ ဤလဝက်တွင် သူသည် ကျင်းရှင်းကွေ့နှင့် ရံဖန်ရံခါ အပြင်ထွက်ပြီး အချို့အချိန်များတွင် ဂူချန်းမင်နှင့် ကျန်းယွဲ့မင်တို့၏ ဖိတ်ကြားချက်များကို လက်ခံခဲ့သည်။ အိုးရန်လူလူသည်ပင် သူ့အား နှောင့်ယှက်ရန် ကြိမ်ဖန်များစွာ အပြေးရောက်လာသေးသည်။ အခြားအချိန်များတွင် သူသည် ကျောင်းဝင်းအတွင်း အတန်းများစွာ တက်ရောက်ခဲ့ပြီး အတန်းမရှိသည့်အချိန် ကျန်သောအားလပ်ချိန်များတွင် ကြယ်ပြာအိမ်ရာဝင်းရှိ သူ၏အိမ်၌ သိုက်ရှင်းရွှယ်အား တရုတ်တိုင်းရင်းဆေး ပညာရပ်များ နှင့် ဆေးပညာဗဟုသုတများကို သင်ပြပေးခဲ့သည်။
နံနက်ခင်းနေရောင်သည် အထူးတောက်ပပြီး လှပနေသည်။
နံနက်စာစားပြီးချိန်တွင် ထန်ရှုသည် ကုဝါကို ယာမာမိုတိုထံမှ ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိခဲ့ပြီး သူမသည် ရှန်ဟိုင်းတွင် ရောက်နေကြောင်း သိရှိခဲ့သည်။ ရှန်ဟိုင်းကို လာသည့် ရည်ရွယ်ချက်နှင့် ပတ်သက်ပြီး မေးခဲ့သော်လည်း တကယ်တမ်းတွင် သူမက သူ့အား မှန်းဆစေခဲ့ခြင်းဖြစ်သည်။
“စနေကနေ တနင်္လာနေ့အထိ ဘာအတန်းမှ မရှိဘူး။ အိမ်မှာ နှစ်ရက်နေမယ့်အစား အပြင်ထွက်ပြီး လျှောက်သွားတာ ပိုကောင်းမယ်။"
လသာဆောင်တွင် ရပ်နေရင်း ချန်းရှောင်ဝမ်၏ မျက်နှာသည် ထန်ရှု၏အတွေးထဲတွင် ပေါ်လာသည်။ သူတို့နှစ်ဦးသည် လွန်ခဲ့သော တစ်လခွဲခန့်က ဖုန်းဖြင့် စကားစမြည်ပြောရုံမှလွဲ၍ နောက်တစ်ကြိမ် မတွေ့ဆုံခဲ့ကြပေ။
"ဟုတ်သားပဲ။ အစ်မကြီးရှောင်ဝမ်က လန်းဆန်းကုန်သွယ်ရေး ကုမ္ပဏီမှာ အလုပ်လုပ်နေတုန်းပဲ ထင်တယ်။"
သူမအား ခမ်းနားသော ထန်လုပ်ငန်းစု၌ ထန်ရှု လုပ်စေချင်သော်လည်း သူတို့နှစ်ယောက် တွေ့ဆုံချိန်တွင် သူမကို ပြောပြရန် အခွင့်မသာခဲ့ပါချေ။
"ငါ အစ်မကြီးကို သွားတွေ့လိုက်မယ်။"
ဆုံးဖြတ်ချက်ချပြီးနောက် ထန်ရှု အောက်ထပ်သို့ ဆင်းကာ ကားဂိုဒေါင်ဆီသို့ သွားလိုက်သည်။ အဂီယာ အာ ပြိုင်ကားသည် သူ့အကြိုက်မဟုတ်သော်လည်း ပြောင်ပြောင်ရောင်ရောင် သခင်လေးတစ်ဦးအဖြစ် ပထမဆုံးအကြိမ် ဟန်ဆောင်ရန် ပြင်ဆင်လာခဲ့သည်။
လန်းဆန်းကုန်သွယ်ရေးအုပ်စုသို့ ကားမောင်းလာစဉ် ထန်ရှုသည် စုရန်နင်းအား ရုတ်တရက် သတိရသွားသည်။ ယခု သူမသည် ပေကျင်းတွင် အလုပ်လုပ်နေပြီး ရာထူးနှင့် လစာကောင်းသော်လည်း သူမသည် စီနီယာရုံးပိုင်းဆိုင်ရာ ဝန်ထမ်းတစ်ဦးသာ ဖြစ်သောကြောင့် ထိုနေရာတွင် တစ်ယောက်တည်း နေထိုင်ရသည့်အတွက် လွဲမှားမှုအချို့ ရှိမည်ကို သူ စိုးရိမ်နေရသည်။
တစ်ခါတစ်ရံတွင် သူသည် ရက်စက်ကောင်း ရက်စက်နိုင်သော်လည်း ပေကျင်းတွင် ရှိခဲ့သည့် နောက်ဆုံးအကြိမ်က သူမနှင့်ဆက်ဆံရေးကို အနည်းငယ် လွယ်ကူလာစေခဲ့သည်။ သူမကိုလည်း ပေကျင်းမှ ထွက်ခွာပြီး ခမ်းနားသောထန် စီးပွားရေးလုပ်ငန်းစုတွင် လုပ်ကိုင်စေလိုသည့်အတွေး သူ့တွင် ရှိသည်။ ထို့ပြင် သူမကြောင့်သာ မဟုတ်ပါက ချန်းရှောင်ဝမ်အား သူ သိလိမ့်မည်မဟုတ်ပေ။ ထို့ကြောင့် တခဏမျှ တုံ့ဆိုင်းသွားပြီးနောက် ဘလူးတုနားကြပ်ကို တပ်ကာ စုရန်နင်း၏ဖုန်းနံပါတ်ကို ခေါ်ဆိုလိုက်သည်။
“ဘာကိစ္စ ရှိလို့လဲ။" စုရန်နင်း၏အေးစက်စက်အသံသည် ဖုန်းထဲမှ ထွက်ပေါ်လာသည်။ သို့သော် သူ၏ဖုန်းနံပါတ်အား သူမ သိမ်းထားသည်ကို သူမ၏စကားများအရ ထန်ရှု သိလိုက်သည်။
"ဒီတလော အခြေအနေတွေ ဘယ်လိုရှိလဲ။ မင်းရဲ့အလုပ်မှာ ဆိုးဆိုးရွားရွား ဆက်ဆံခံရသေးလား။ ထန်ရှုက မေးလိုက်သည်။
“ငါ အဆင်ပြေပါတယ်။ နင့်ကျေးဇူးကြောင့် သူဌေးက ငါ့ကို အခုဆို ကောင်းကောင်း ဆက်ဆံပါတယ်။" စုရန်နင်းက ဖြေသည်။
"ပေကျင်းမှာ တစ်ယောက်တည်း ကြိုးစားနေတာက ရေရှည်ဖြေရှင်းချက်တစ်ခု မဟုတ်သေးဘူး။ မင်းဆန္ဒရှိရင် ခမ်းနားသောထန်မှာ အလုပ်လုပ်လို့ရတယ်။ ခုရက်ပိုင်း ခန်းရှက ကုမ္ပဏီကို တိုးချဲ့ဖို့ ပြင်ဆင်နေတယ်လေ။ နိုင်ငံရဲ့ အဓိကပြည်နယ်တွေမှာ ရုံးခွဲတွေ ဖွင့်လှစ်ဖို့ ဆုံးဖြတ်ထားတာမို့ ပေကျင်းနဲ့ ရှန်ဟိုင်းရုံးခွဲတွေကလွဲပြီး အခြားပြည်နယ်ရုံးခွဲတွေရဲ့ အထွေထွေမန်နေဂျာအနေနဲ့ မင်း ရွေးလို့ရတယ်။”
စုရန်နင်း တိတ်ဆိတ်သွားသည်။
ပေကျင်းတွင် သင့်တင့်လျောက်ပတ်သော အလုပ်တစ်ခု သူမ ရထားသော်လည်း သူမ၏ဘဝသည် အနည်းငယ် စိတ်ပျက်ဖွယ်ကောင်းသည်ဟု စုရန်နင်း ခံစားခဲ့မိသည်။ လက်ရှိတွင် သူမ တစ်ယောက်တည်း နေထိုင်ပြီး ပုံမှန်အချိန်များတွင် ဘဝသည် သာယာစွာနှင့် ရံဖန်ရံခါ အပြင်ပင် ထွက်လို့ ရသေးသည်။ သို့သော် နေမကောင်းဖြစ်သည့်အချိန်တိုင်း လွန်စွာ ခက်ခဲလှသောကြောင့် သူမ၏အနားတွင် မိသားစုဝင်တစ်ယောက် ရှိစေချင်ပေသည်။ အထူးသဖြင့် ပြီးခဲ့သောအပတ်က သူမ အအေးမိသွားသောကြောင့် အိပ်ရာထဲတွင် အနားယူခဲ့ရချိန်တွင် သူမအား ရေယူလာပေးမည့်သူတောင် မရှိခဲ့ပါချေ။ ပြန်တွေးကြည့်မည်ဆိုပါက ထန်ရှုဆိုရင်တောင် အနည်းငယ် နွေးထွေးလိမ့်မယ်ဟု သူမ ခံစားမိသည်။
စုရန်နင်းထံမှ မည်သည့်စကားသံ ပြန်မလာဘဲ တိတ်ဆိတ်နေသော်လည်း ထန်ရှုက ပေါ့ပေါ့ပါးပါး ဆက်ပြောသည်။
" မင်း ငါ့ကို အခု အလျင်စလို ဖြေစရာ မလိုပါဘူး။ ပြည်နယ်အသီးသီးက ဌာနခွဲတွေ သတ်မှတ်တာကို တရားဝင်အချိန်ဇယားနဲ့လည်း မသတ်မှတ်ရသေးဘူးလေ။ ဆယ်ရက် ဒါမှမဟုတ် ဆယ်ရက်ကျော်လောက်လို့တော့ မှန်းထားတယ်။ သေချာ စဉ်းစားဆုံးဖြတ်ပြီးသွားရင် ငါ့ကို ဖုန်းဆက်လိုက်ပါ။"
“အင်း…” စုရန်နင်းက စကားမပြောဘဲ အာလုတ်သံဖြင့် တုံ့ပြန်လိုက်သည်။
"ဒါနဲ့ ငါ မင်းကို တစ်ခုပြောရဦးမယ်။ ရှန်ဟိုင်းမှာ အစ်မရှောင်ဝမ်နဲ့ တွေ့ခဲ့တယ်။”
"ချန်းရှောင်ဝမ်လား" စုရန်နင်းသည် တစ်စက္ကန့်မျှ တွေဝသွေားပြီး အလျင်စလို မေးလိုက်သည်။
“ဟုတ်တယ် … သူက ရှန်ဟိုင်းမှာရှိတဲ့ နိုင်ငံခြားကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေတယ်။” ထန်ရှုက အတည်ပြုသည်။
"သူ့ရဲ့ဖုန်းနံပါတ် ငါ့ကို ပေးလို့ရမလား။" စုရန်နင်းက အမြန်မေးလိုက်သည်။
“ငါတို့တွေ အထက်တန်းကျောင်းပြီးကတည်းက ဝေးသွားကြတာ။ တက္ကသိုလ်တက်တုန်းကတော့ တခါတလေ အဆက်အသွယ် ရှိခဲ့သေးတယ်။ နောက်ဆုံးမှာတော့ အကြောင်းအမျိုးမျိုးကြောင့် အဆက်အသွယ်ပြတ်သွားတာလေ။ ဘွဲ့ရတော့ သူ့ကို အမြဲ ရှာချင်နေခဲ့ပေမယ့် သူ့ဖုန်းနံပါတ်က ပြောင်းသွားပြီ။"
"ကောင်းပြီ။ မင်းဆီ ဖုန်းနံပါတ်ကို ပြီးရင် ပို့လိုက်မယ်။"
ဖုန်းခေါ်ဆိုမှုအပြီးတွင် ထန်ရှုသည် ချန်းရှောင်ဝမ်၏ဖုန်းနံပါတ်ကို ပေးပို့ခဲ့သည်။
***
လန်းဆန်းကုန်သွယ်ရေးအုပ်စု…
ချန်းရှောင်ဝမ်သည် ဆိုးရွားသော ခံစားချက်ဖြင့် ရုံးခန်းရှိ ကုလားထိုင်တစ်လုံးပေါ်တွင် ထိုင်နေသည်။ ရုတ်တရက် သူမ၏လူကြီးအသစ် ဖြစ်လာသော သူမ၏အရှေ့မှ လူ၏စိတ်ညစ်ညူးဖွယ်ရာ အမူအရာကို မြင်လိုက်ရသောအခါ သူမ စိတ်ပျက်သွားမိသည်။
လူ့စွမ်းအားအရင်းအမြစ်ဌာန၏ ဒုဒါရိုက်တာတစ်ဦးအနေဖြင့် သူမသည် ယခင်အထက်လူကြီး၏ချီးကျူးမှုကို များစွာ ရခဲ့ပြီး သူမ၏နေ့စဉ်လုပ်ငန်းခွင်သည် သာယာစွာဖြင့် ပုံမှန်လည်ပတ်နေခဲ့သည်။ သို့သော် လွန်ခဲ့သော တစ်ပတ်ခန့်က သူမ၏အထက်လူကြီးသည် ရောဂါတစ်ခုကြောင့် လူ့စွမ်းအားအရင်းအမြစ်ဌာန ဒါရိုက်တာရာထူးမှ နှုတ်ထွက်သွားပြီး ဒါရိုက်တာအသစ်အဖြစ် ကုမ္ပဏီ၏ ထိပ်တန်းအမှုဆောင်အရာရှိများကို အကြံပြုရန် ကြိုးစားပေးခဲ့သည်။
ကံမကောင်းစွာပင် ဒါရိုက်တာအသစ်တစ်ယောက် ရုတ်တရက် ရောက်လာပြီး သူမ၏ရာထူးတက်နိုင်မည့် အခွင့်အရေးကို လုယူသွားခဲ့ပေသည်။ ဤမျှသာဆိုလျှင် သူမ လက်ခံနိုင်သေးသော်လည်း စိတ်ပျက်စရာ အကောင်းဆုံးမှာ ဒါရိုက်တာအသစ်သည် တက္ကသိုလ်တက်စဉ်က သူမ၏ရန်သူတော်ဖြစ်ခဲ့ပြီး ထိုအချိန်က ကျောင်းသားသမဂ္ဂ၏ဥက္ကဌဖြစ်သူ မြောင်ရှင်းရန်ပင် ဖြစ်တော့သည်။
"ပုဂ္ဂလိက ရန်ငြိုးအတွက် နင်က ရာထူးကို အလွဲသုံးစား လုပ်ပြီး ငါ့ကို ဖိနှိပ်နေတာလား။" ချန်းရှောင်ဝမ်သည် သူမ၏ဒေါသများကို မျိုသိပ်ထားရင်း စားပွဲပေါ် လက်ထောက်ကာ မြောင်ရှင်းရန်အား မေးလိုက်သည်။
"အို … ကျေးဇူးပြုပြီး အမြင်မကျဉ်းစမ်းပါနဲ့ ချန်းရှောင်ဝမ်ရယ်။" မြောင်ရှင်းရန်က နားကလောစရာကောင်းသော လေသံဖြင့် ပြောလိုက်သည်။
“ပြန်တွေးကြည့်မယ်ဆိုရင် ငါတို့ရန်ငြိုးတွေ အကြောင်းခံရာ ကျောင်းသားသမဂ္ဂဥက္ကဋ္ဌ ဖြစ်ဖို့အတွက် နင့်မှာ အရည်အချင်းတွေရော အရင်းအမြစ်တွေရော တကယ် ရှိပါတယ်။ ဒါပေမယ့် ဒါတွေအကုန်လုံးက အတိတ်မှာကျန်ခဲ့ပြီ … ငါလည်း မေ့နေပြီ။ အခု ငါက လန်းဆန်းစီးပွားရေးလုပ်ငန်းစုရဲ့ လူ့စွမ်းအားအရင်းအမြစ်ဌာနက ဒါရိုက်တာတစ်ဦး။ နင်က ဒုဒါရိုက်တာတစ်ယောက် ဖြစ်သလို ငါရဲ့လက်အောက်ငယ်သားလည်း ဖြစ်တာမို့ နင့်ရဲ့အလုပ်ကိုစီစဉ်ခွင့် ငါ့မှာ အပြည့်ရှိတယ်။”
ပြောပြီးသည်နှင့် သူမ၏မျက်နှာထက်မှ မာနကြီးကာ ဂုဏ်ဝင့်သော အရိပ်အယောင်များကြားတွင် ညစ်ကျယ်ကျယ် အမူအရာအနည်းငယ် စွက်လာပြီး “လူကောင်းတစ်ယောက်ကို လက်ထပ်ဖို့ မတွေ့ရအောင် နင့်ကို ဘယ်သူက လုပ်နေလို့လဲ ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်လေ။ ငါ့ယောက်ျားက ဒီကုမ္ပဏီရဲ့ ဒုတိယအမှုဆောင်အရာရှိချုပ်(ဒုစီအီးအို) ဆိုတော့ သြဇာအာဏာကြီးသလို ဂျပန်မှာလည်း နောက်ခံကောင်းကောင်း ရှိတယ်။ နင်ကရော … မကြာသေးမီကတောင် အဲ့ဒီလူဖျင်းရဲ့စွန့်ပစ်တာကို ခံလိုက်ရတယ်မဟုတ်လား။ သိတယ်ဟုတ် … နင့်ခေါင်းပေါ်မှာ ဦးထုပ်စိမ်းလေး အဆောင်းခံထားရတာ ငါ အခု မြင်နေရသလားလို့။"
(မြန်မာဘာသာပြန်သူ၏အမှာ - ဦးထုပ်စိမ်း အဆောင်းခံရသည်ဆိုခြင်းမှာ လင်ယောကျ်ား သို့မဟုတ် ဇနီးမယား သို့မဟုတ် ချစ်သူမှ ကိုယ့်နောက်ကွယ်တွင် ဖောက်ပြန်နေသည်ကို ဆိုလိုသည်။)
“နင် ... နင် မိုက်ရိုင်းလှချည်လား။" ချန်းရှောင်ဝမ် ရုတ်တရက်ထကာ အော်လိုက်သည်။
"ဘာမှားလို့လဲ။ နင့်အရှက်ကို ထိသွားလို့လား။" မြောင်ရှင်းရန်က လှောင်ပြောင်လိုက်သည်။
“အခုဆို အနောက်ပိုင်းရုံးခွဲက လူအင်အား လိုအပ်နေတယ်။ အဲဒီ့က အခြေအနေတွေက တော်တော် ခက်ခဲမှန်း သိပေမယ့် လစာနဲ့သက်သာချောင်ချိရေးက အနည်းနဲ့အများဆိုသလို အတူတူလောက်ပါပဲ။ ဒီတော့ နင် အဲ့ဒီကို သွားရမယ် … နင် မသွားချင်ရင်တောင် သွားရမယ်။ နို့မဟုတ်ရင် ငါက နင့်ပစ္စည်းတွေကို ထုပ်ပိုးပြီး ဒီနေရာကနေ နင့်ကို နှင်ထုတ်မယ်ဆိုတာ သေချာ သိထားလိုက်။"
ထိုစကားကို ပြောပြီးနောက် သူမသည် ချန်းရှောင်ဝမ်အား စကားပြန်ပြောခွင့်မပေးဘဲ မျက်နှာချီကာ ဒေါက်မြင့်ဖိနပ်သံ တဒေါက်ဒေါက် ပေးလျက် အပြင်ဘက်သို့ ထွက်သွားတော့သည်။
ချန်းရှောင်ဝမ် ပင့်သက်သာ ရှိုက်မိတော့သည်။ သူမ၏အမူအရာမှာ မလိုလားမငြိမ်းအေးသော အခြေအနေ ဖြစ်နေသည်။ ဂျပန်ကုမ္ပဏီများတွင် အလုပ်လုပ်ပါက ရာထူးတစ်ခုရရှိရန်မှာ အလွန်ခက်ခဲပြီး ထူးချွန်သော စွမ်းဆောင်ရည်ကို မပြသနိုင်ပါက ရာထူးတိုးမည့် အခွင့်အရေး အနည်းငယ်သာရှိသည်။ သူမသည် လူ့စွမ်းအားအရင်းအမြစ်ဌာနတွင် လက်ထောက်ဒါရိုက်တာအဖြစ် ရာထူးမတိုးမီက ကြိုးကြိုးစားစား လုပ်ခဲ့ပြီး ကောင်းမွန်သော အောင်မြင်မှုများကို စုဆောင်းထားခဲ့ပြီးဖြစ်သည်။ သို့သော် ယခုတော့ သူမ သည်နေရာတွင် မနေနိုင်တော့သည်ကို သိပေသည်။
သူမသည် ရှန်ဟိုင်းမှ မထွက်ခွာချင်ပေ။ လွန်ခဲ့သည့် လဝက်ခန့်ဆိုပါက အနောက်ပိုင်းရုံးခွဲသို့ သွားရန် သူမ စဉ်းစားကောင်း စဉ်းစားမိပေလိမ့်မည်။ ယခုမူ သူမသည် ရှန်ဟိုင်းတွင် တစ်ယောက်တည်း မဟုတ်တော့ဘဲ သူမ၏မောင်လေး ထန်ရှုလည်း ရှိလာခဲ့ပြီဖြစ်သည်။
…ဖုန်းမြည်သံ…
သူမ၏လက်ကိုင်ဖုန်းက အသံမြည်လာသဖြင့် အတွေးရေလျဉ်ကြောမှ သူမ ပြန်လည်နိုးထလာခဲ့သည်။
ချန်းရှောင်ဝမ်သည် ဖုန်းကို ကောက်ယူလိုက်ပြီး နံပါတ်ကို ကြည့်လိုက်ရာ ပေကျင်းမှ ခေါ်ဆိုလာသည့် သူမ မသိသော နံပါတ်တစ်ခုဖြစ်နေသည်။ ထိုဖုန်းခေါ်ဆိုမှုအား ငြင်းချင်သော်လည်း သူမ ချီတုံချတုံ ဖြစ်နေသည်။ ထို့နောက် သူမ၏ခံစားချက်များကို ထိန်းချုပ်လိုက်ပြီး
“ဘယ်သူဆက်တာပါလဲရှင်။”
"ရှောင်ဝမ်လား…" ဖုန်းထဲက စုရန်နင်း၏အသံ ထွက်ပေါ်လာသည်။
ချန်းရှောင်ဝမ်သည် ထိုအသံကို ရင်းနှီးနေသဖြင့် ထိတ်လန့်သွားသော်လည်း မည်သူ၏အသံဖြစ်သည်ကို ချက်ချင်း မမှတ်မိနိုင်ပေ။ တစ်ဖက်လူအား ဘယ်သူလဲ ဟု ပြန်မေးတော့မည့်ဆဲဆဲတွင် စုရန်နင်း၏မျက်နှာက ရုတ်တရက် အတွေးထဲတွင် ပေါ်လာသည်။ ရုတ်ခြည်းပင် မျှော်လင့်ခြင်းနှင့် စိတ်လှုပ်ရှားခြင်းတို့သည် သူမ၏ နှလုံးသားထဲတွင် လှိုင်းထသွားခဲ့ရကာ ပြန်မေးလိုက်သည်။
“ယန်နင်းလား…”
***