← Chapters

မင်း ဒေါသအထွက်လွန်ပြီး သေဆုံးရင် ဘယ်သူမှ လျော်ကြေးပေးမည်မဟုတ်

Vol. 43 Ch. 590

မင်း ဒေါသအထွက်လွန်ပြီး သေဆုံးရင် ဘယ်သူမှ လျော်ကြေးပေးမည်မဟုတ်

Vol. 43 Ch. 590

ချန်းရှောင်ဝမ်၏အသံကို ကြားလိုက်ရသောအခါတွင် စုရန်နင်း စိတ်တစ်ခုလုံး လှုပ်ရှားသွားခဲ့ရပြီး

"ရှောင်ဝမ် … နင့်ရဲ့အသံကို နှစ်အတော်ကြာမှ ထပ်ကြားနိုင်မယ်လို့ ငါ မထင်ထားခဲ့မိဘူး။ ငါ နင့်ကို ဆက်သွယ်ချင်နေတာ နှစ်အတော် ကြာပြီ။ ဒါပေမယ့် နင့်ရဲ့ ပြောင်းသွားတဲ့ ဖုန်းနံပါတ်က ငါ့မှာ မရှိဘူး။ ကျောင်းနေဖက်သူငယ်ချင်းတွေကို မေးတော့လည်း နင့်ရဲ့ဖုန်းနံပါတ်အသစ်ကို မသိကြဘူးလေ။”

ချန်းရှောင်ဝမ်သည်လည်း သည်အချိန်တွင် အတော်ကြီး စိတ်လှုပ်ရှားနေခဲ့သည်။ စုရန်နင်းနှင့် ပြန်လည် အဆက်အသွယ်ရလိုက်ခြင်းကြောင့် သူမ ခံစားနေရသော စိတ်ရှုပ်ထွေးမှုနှင့် နာကျင်စိတ်ဆိုးနေရမှုတို့ အတန်ငယ် လျော့ပါးသွားရသည်။ ထို့နောက် သူမက စုရန်နင်းအား မေးလိုက်သည်။

“နင်ရော အခု ဘယ်မှာလဲ။”

"ငါက အခု ပေကျင်းမှာလေ။ နင် ရှန်ဟိုင်းမှာ ရှိနေတယ်လို့ ထန်ရှုဆီက ငါ ကြားခဲ့တာ အမှန်လား။နင် နေကောင်းတယ်မဟုတ်လား။ ဒီအချိန် အစစ  အရမ်းကောင်းနေပြီမဟုတ်လား။”

သူမ၏ဖုန်းနံပါတ်အား ထန်ရှုထံမှ စုရန်နင်း ရထားသည်ကို သိလိုက်ရသဖြင့် ချန်းရှောင်ဝမ် အံ့အားသင့်သွားသည်။ ထန်ရှုနှင့် စုရန်နင်းတို့၏ အခြေအနေအား သူမ အတန်ပင် သိချင်နေသော်လည်း အချိန်မကျသေးပေ။  ဆယ်မိနစ်လောက် ဖုန်းပြောဆိုပြီးသည့်နောက်တွင် သူမတို့နှစ်ယောက်သည် မချချင် ချချင်ဖြင့် ဖုန်းချလိုက်ရသည်။

ထို့နောက် ချန်းရှောင်ဝမ်သည် သူမ၏ကိုယ်ပိုင်ပစ္စည်းများအား သိမ်းဆည်းပြီး အလုပ်နုတ်ထွက်စာရေးသည်။ ထို့နောက် မြောင်ရှင်းရန်၏စားပွဲပေါ်သို့ တိုက်ရိုက်သွားတင်ကာ သူမအား တစ်ချက်မျှ မကြည့်ဘဲ လှည့်ထွက်လာခဲ့သည်။

“နင့်ရဲ့ရည်းစားက နင့်ကို လှည့်စားခဲ့တယ်။ အခု နင်ကလည်း လစာမြင့်တဲ့ အမှုဆောင်အလုပ်ကို အဆုံးရှုံးခံတယ်။ ဘယ်လောက် ဝမ်းနည်းစရာ ကောင်းလိုက်တဲ့ ဘဝလဲ။ မြန်ဆန်လွန်းလှတဲ့  အပြောင်းအလဲတွေက တကယ်ကို စိတ်ဝင်စားဖို့ ကောင်းတာပဲ။ အတန်းဖော်ဟောင်းတစ်ယောက်အနေနဲ့ နင့်ကို ငါ အကြွေစေ့တွေ ပေးနေဆဲဆိုပေမယ့် အနာဂတ်မှာ သူတောင်းစားတစ်ယောက်လို နင် ငါ့တံခါးကို လာမခေါက်လောက်ဘူးလို့ မျှော်လင့်တယ်။"

လက်ပိုက်ကာ ခြေချိတ်ထိုင်နေသော မြောင်ရှင်းရန်သည် မဲ့ပြုံး ပြုံးလိုက်ရင်း ထွက်ခွာသွားသော ချန်းရှောင်ဝမ်၏နောက်ကျောအား လှောင်ပြောင်သောအကြည့်ဖြင့် ကြည့်နေခဲ့သည်။

ချန်းရှောင်ဝမ်၏ခြေလှမ်းများ ရပ်တန့်သွားကာ နောက်ဆုံးတွင် သူမသည် မြောင်ရှင်းရန်ကို လှည့်ကြည့်လိုက်ပြီး

“ငါတို့အားလုံးအတွက် ကောင်းမွန်တဲ့ စကားတစ်ခု ရှိတယ်။ သစ်ငုတ်မြင့်တုံ မြက်မြင့်တုံတဲ့။ ရေစီးတစ်ခါ ရေသာတစ်လှည့်လို့လည်း ဆိုလို့ရသေးတယ်။ နောက်ပိုင်း ဖြစ်လာမှာကို ငါတို့ စောင့်ကြည့်ကြတာပေါ့။"

ထိုသို့ပြောပြီးနောက် ခေါင်းကိုမော့ ရင်ကိုကော့ကာ အပြင်ဘက်သို့ ဆက်လျှောက်သွားတော့သည်။

ရာသီဥတု သာယာလှပသော ဤကဲ့သို့ နေသာသောနေ့လေးတွင် စုရန်နင်း၏ ဖုန်းဆက်လာမှုကြောင့် သူမ၏စိတ်နှလုံးအတွင်းမှ မှုန်မှိုင်းနေမှုများစွာကို ဖယ်ရှားပေးခဲ့သော်လည်း စိတ်မချမ်းမြေ့ဖြစ်နေသော၊ စိတ်အနှောင့်အယှက် ဖြစ်နေသော ခံစားချက်များသည် ချန်းရှောင်ဝမ်အား စိတ်ဓာတ်ကျနေစေဆဲဖြစ်သည်။ ကုမ္ပဏီအရှေ့ဝင်ပေါက်၏ အပြင်ဘက်တွင် ရပ်ကာ တောက်ပသော နေရောင်ခြည်အား လှမ်းမျှော်ကြည့်ရင်း ချန်းရှောင်ဝမ်တစ်ယောက် စိတ်သက်သာရန်အလို့ ငှာ တိတ်တဆိတ် သက်ပြင်းတစ်ချက် ချလိုက်မိသည်။

…ဖုန်းမြည်သံ…

သူမ၏လက်ကိုင်ဖုန်းသည် သုံးကြိမ်တိုင်တိုင် မြည်သော်လည်း ပြန်ပြန်ကျသွားသည်။ ချန်းရှောင်ဝမ် မျက်မှောင် အနည်းငယ် ကြုပ်လာသည်။ ဖုန်းခေါ်ဆိုပြီးနောက် ဝင်သွားသည်နှင့် ဖုန်းချလိုက်သူများကို သူမ မုန်းတီးပေသည်။ ထိုသူများ၏၈၀%သည် ၎င်းတို့၏ဖုန်းဘေလ်အား ချွေတာလိုသောကြောင့် သူမအား ဖုန်းပြန်ဆက်ပေးစေချင်ကြသူများ ဖြစ်သောကြောင့်ပင်တည်း။

“ဟေး အလုပ်လက်မဲ့ မိန်းမလှလေး။ ဒီသခင်လေးကို မင်းအတွက် အထောက်အပံ့ပေးစေချင်လား။"

စနောက်လိုသော အရိပ်အမြွက်စွက်နေသည့် ထိုအသံသည် ချန်းရှောင်ဝမ်၏အနောက်ဘက် မီတာများစွာအကွာမှ ထွက်ပေါ်လာသည်။

ချန်းရှောင်ဝမ်သည် မျက်နှာပျက်သွားသည်။ သူမ လှည့်ကြည့်လိုက်သည့်အချိန်တွင် ထန်ရှုကို တွေ့လိုက်ရသောအခါ သူမ၏နှလုံးသားထဲမှ ဝမ်းနည်းမှု၊ စိတ်ဆိုးဒေါသထွက်နေမှုနှင့် ရှက်ရွံ့မှုတို့သည် နောက်ဆုံးတွင် ပူပင်သောကများအဖြစ်သို့ ပြောင်းလဲသွားသည်။ ထန်ရှုသည် သူမ၏ချစ်သူနှင့် ပြတ်စဲသည်ကို မျက်မြင်တွေ့ခဲ့ရသည့်အပြင် အလုပ်လက်မဲ့ ဖြစ်သွားသည်ကိုပါ ထပ်မံ မြင်တွေ့ရလိမ့်ဦးမည်ဟု သူမ မမျှော်လင့်ခဲ့ပေ။ သူမ ဒုက္ခရောက်တိုင်း သူ အမြဲ ပေါ်လာနေတာလား။

"နင် ဒီကို ဘယ်လို ရောက်လာတာလဲ။"

ထန်ရှုက သူမ၏မျက်နှာကို ကြည့်ကာ ပခုံးတွန့်ပြပြီး

"အစ်မရှိတဲ့ လန်းဆန်းအုပ်စုဆီ လာလည်ပြီး ဒီနေ့ အပြင်ကို အတူလျှောက်သွားကြမယ်လို့ လုပ်ထားတာလေ။ အစ်မရှောင်ဝမ်ရဲ့နံပါတ်ကို ဆက်တဲ့အချိန် မင်း အတွင်းက ထွက်လာမယ်လို့ ဘယ်သူ ထင်မှာလဲ။ အာ … မင်းတကယ် အလုပ်ထုတ်ခံရတာလား အစ်မရှောင်ဝမ်…"

အတန်ငယ် စိတ်ဓာတ်ကျနေသော ချန်းရှောင်ဝမ်က ခေါင်းယမ်းပြရင်း

“ငါ အလုပ်ထုတ်ခံရတယ်လို့ ပြောလို့မရဘူး။ ကိုယ့်စိတ်ဆန္ဒအရ အလုပ်က နှုတ်ထွက်လိုက်တာလို့ ပြောမှ ပိုမှန်မယ်။ ကံမကောင်းလို့ ဒုက္ခရောက်တဲ့အချိန် နင်လည်း ကံမကောင်းစွာနဲ့ ရောက်လာတာတော့ အမှန်ပဲ။”

"ဒါက ဘယ်လိုဖြစ်တာလဲ။" ထန်ရှု အံ့အားသင့်သွားကာ မေးလိုက်သည်။

"ငါတို့ ဒါကို မေ့ထားလိုက်ရအောင်လား။" ချန်းရှောင်ဝမ်က ခေါင်းယမ်းလိုက်သည်။ “ဘယ်လိုပဲဖြစ်ဖြစ် ဒီနေ့တော့ ခွင့်ယူစရာ မလိုတော့ပါဘူး။ နင် ဘာအစီအစဉ်တွေ တွေးထားလဲ။"

"ကောင်းပြီ … အစ်မရှောင်ဝမ် စိတ်အပန်းပြေအောင် ငါ အဖော်လုပ်ပေးမယ်။" ထန်ရှု တစ်ခါတည်း ပြောသည်။

“ကောင်းပြီ။” ချန်းရှောင်ဝမ်သည် တံခါးအပြင်ဘက်က အမှိုက်ပုံးတစ်ခုဆီသို့ လျှောက်လာပြီး သူမ သယ်ယူလာသော ပုံးအတွင်းမှ မလိုအပ်သော ပစ္စည်းအားလုံးကို ပစ်ထည့်လိုက်သည်။ ထို့နောက် သူမသည် ထန်ရှု၏လက်ကို ဆွဲကာ လမ်းမဆီသို့ ဦးတည်သွားသည်။

“ဘယ်လောက်တောင် လှလိုက်တဲ့ ပြိုင်ကားလေးလဲ။” နှစ်ယောက်သား အဂီယာ အာပြိုင်ကား၏အရှေ့မှ လျှောက်လာသည့်အခိုက်တွင် ချန်းရှောင်ဝမ်က သက်ပြင်းချကာ ဝမ်းသာအားရ ချီးကျူးမိသည်။

ထန်ရှုက ကားသော့ကို အသာကိုင်ပြီး ခလုတ်ကို နှိပ်လိုက်ရာ အဂီယာ အာပြိုင်ကား၏ လေးဘက်လေးတန်မှ မီးများ တဖျတ်ဖျတ် လင်းလာခဲ့သည်။ ထို့နောက် အံ့အားသင့်သွားသော ချန်းရှောင်ဝမ်ကို လှည့်ကြည့်လိုက်ပြီး ကားရှေ့ခန်းတံခါးကိုဖွင့်ကာ အပြုံးဖြင့် ပြောလိုက်သည်။

"မင်း စိတ်အခြေအနေ မကောင်းဖြစ်နေလို့ ဒီကားလေးက သူ့ကို စီးပြီး ခရီးဆက်လိုက်ပါတဲ့။"

"ဒီပြိုင်ကားက … နင် ပိုင်တာလား။" ချန်းရှောင်ဝမ်က  မေးလိုက်သည်။

"ဟုတ်တယ်။" ထန်ရှုက ခေါင်းညိတ်ပြီး ပြန်ဖြေသည်။ "ဒါက ကျွန်တော့်ကား … အစ်မမောင်လေးရဲ့ကားပါ။"

"ဒီကားက ဈေးပေါတဲ့ ကားတစ်စီး မဟုတ်ဘူးမလား ဟင် … ထန်ရှု …"

ချန်းရှောင်ဝမ်က တံတွေးတစ်ချက်မျိုချကာ လေသံတိုးတိုးဖြင့် မေးလိုက်သည်။

“တကယ်တော့ သိပ်ဈေးမကြီးပါဘူး။ ၁၀မီလီယံဝန်းကျင်လောက်ပဲ ရှိတာပါ။” ထန်ရှုက ခေါင်းယမ်းရင်း ပြန်ပြောသည်။

"ဘာရီး …" ချန်းရှောင်ဝမ်က မယုံကြည်နိုင်သော မျက်ဝန်းများနှင့် အော်မိတော့သည်။ ထန်ရှု ချမ်းသာမှန်း သူမ သိသော်လည်း ယွမ်၁၀မီလီယံကျော် တန်ဖိုးရှိသော ဇိမ်ခံကားတစ်စီး ဝယ်စီးခြင်းသည် လွန်ကျူးလွန်းအားကြီးပြီး သူမ၏စိတ်ကူးအတွေးထဲမှ ကျော်ထွက်နေပေသည်။

ရုတ်တရက် ထန်ရှု၏အမူအရာသည် လှုပ်လှုပ်ရှားရှား ဖြစ်သွားပြီး

"အစ်မရှောင်ဝမ်မှာ ဝီချက်(We Chat)အကောင့် ရှိလား။"

ရုတ်တရက် ခေါင်းစဉ် ပြောင်းသွားတာကြောင့် ချန်းရှောင်ဝမ်က အံ့သြသွားသော်လည်း သူမ အလိုလို ပြန်ဖြေလိုက်မိသည်။

(မြန်မာဘာသာပြန်သူ၏အမှာ - ဝီချက်(Wechat)သည် တရုတ်နိုင်ငံသုံး ဆိုရှယ်မီဒီယာဖြစ်သည်။)

ထန်ရှုသည် ချန်းရှောင်ဝမ်၏ဖုန်းကို ယူကာ ဝီချက်အက်ပလီကေးရှင်းကို ဖွင့်လိုက်သည်။ ထို့နောက် သူမအား အဂီရာ အာ ပြိုင်ကားရှေ့တွင် ကိုယ်ဟန်အနေအထား အချို့ ပြုလုပ်ရန် ညွှန်ကြားလိုက်ပြီး ဓါတ်ပုံအနည်းငယ် ရိုက်ကာ အောက်ဖော်ပြပါ စာအချို့ နှင့်အတူ သူမ၏သူငယ်ချင်းများ အသိုင်းအဝိုင်းများပါ မြင်ရန် ပို့စ်တင်လိုက်သည် - “ကုမ္ပဏီက ပြည်ကြီးငါးတစ်ကောင်ကြောင့် အလုပ်ကထွက်ရပြီး စိတ်တွေ အတော်မကြည်မလင် ဖြစ်နေတာ။ အဲ့ဒါကြောင့် စိတ်အပန်းပြေအောင် ကားလျှောက်စီးဖို့ ငါ့မောင်လေးကို လာကြိုခိုင်းလိုက်တယ်။ ဒါကြောင့် မောင်လေးကို ခေါ်ပြီး စိတ်အပန်းဖြေဖို့ သွားမယ်။ နောက်ပြီး ဒီည ပါတီပွဲကြီးတစ်ခုကိုလည်း သွားရမယ်။”

ထိုသို့လုပ်ပြီး စိတ်ကျေနပ်သွားသော ထန်ရှုသည် ဖုန်းကို ချန်းရှောင်ဝမ်ဆီသို့ ပြန်ပေးလိုက်ပြီး သူမအား ကားရှေ့ခန်းတွင် အတင်းဝင်ထိုင်ခိုင်းကာ ပြိုင်ကားလေးအား မောင်းထွက်လာခဲ့တော့သည်။

လန်းဆန်းကုန်သွယ်ရေးအုပ်စုမှ လူ့စွမ်းအားအရင်းအမြစ်ဌာန၏ ဒါရိုက်တာရုံးခန်းအတွင်းတွင် မြောင်ရှင်းရန်သည် ပျော်ရွှင်နေသောစိတ်အခြေအနေဖြင့် သီချင်းလေးညည်းကာ ကော်ဖီဖျော်နေသည်။ ထို့နောက် ကော်ဖီသောက်ရင်း ဖုန်းထဲမှ သူမ၏ဆိုရှယ်မီဒီယာကွန်ရက်သတင်းများအား ဖတ်နေလိုက်သည်။ သည်နေ့ သူမ အလွန် ပျော်နေပြီး ခန္ဓာကိုယ်အနှံ့ လန်းဆန်းသော ခံစားချက်နှင့် စိတ်ခံစားမှုများ စီးဆင်းနေသည့်အလားပင်။ သူမ အမြဲတမ်း မုန်းတီးနေရပြီး သူမ၏အသွေးအသားထဲတွင် ရှိနေသည့် ဆူးတစ်ချောင်းအား နောက်ဆုံးတော့ ကုမ္ပဏီကနေ ဖယ်ရှားနိုင်ခဲ့ပြီဖြစ်သည်။ ပတ်ဝန်းကျင်လေထုနှင့် သူမ ရှူ ရှိုက်နေသော လေများသည်ပင် မွှေးရနံ့များ ပြည့်နှက်နေသည်ဟု သူမ ခံစားမိနေသည်။

"ချန်းရှောင်ဝမ် … ချန်းရှောင်ဝမ် … နင့်ရဲ့ခြောက်သွေ့တဲ့ရက်တွေကို နင် ဘယ်တုန်းကမှ ရလိမ့်မယ်လို့ မထင်ခဲ့ဘူးလား။ ဟမ့် … နင် ငါ့ကို ဆန့်ကျင်နိုင်တယ်လို့ ထင်နေရင် နင်က ကမ္ဘာများစွာ ခြားနေသေးတယ်။ အခုလည်း ကုမ္ပဏီရဲ့ ထောင့်တစ်နေရာမှာ ထိုင်ငိုပြီး မျက်ရည်သုတ်နေရပြီ မဟုတ်လား။ ဟားဟားဟား…”

သည်အတွေးက မြောင်ရှင်းရန်အား ရယ်မောစေခဲ့သည်။

ချန်းရှောင်ဝမ်သည် ဝီချက်ဆိုရှယ်မီဒီယာတွင် ပို့စ်တင်လေ့ရှိသည်ကို သူမ သိသောကြောင့် ရုတ်ခြည်းပင် သူမ၏မျက်လုံးများ အရောင်လက်လာသည်။ ထိုနေရာတွင် ချန်းရှောင်ဝမ်၏ သနားစရာကောင်းပြီး ကြေကွဲဖွယ်သွင်ပြင်ကို မြင်လိုသည့်အတွက် ဝီချက်ကို အမြန်ဖွင့်လိုက်သည်။

"ဘာကြီး…"

မြောင်ရှင်းရန်၏မျက်နှာပေါ်ရှိ အပြုံးသည် အေးခဲနေပြီး မယုံကြည်နိုင်မှုများက သူမ၏မျက်နှာထက်တွင် ဖုံးလွှမ်းထားသည်။ သူမ၏မျက်လုံးများသည် ချန်းရှောင်ဝမ်၏နောက်ဆုံးတင်ထားသော ပို့စ်နှင့် သူငယ်ချင်းအသိုင်းအဝိုင်းအတွင်းမှ မှတ်ချက်များ၏ အကြောင်းအရာများကို စိုက်ကြည့်ရင်း အောက်မေးပင် ပြုတ်ကျလုနီးပါးဖြစ်သွားရသည်။

“အဲ့ဒီကား … အဲ့ဒါ အဂီရာ အာပြိုင်ကား မဟုတ်ဘူးလား။ အဲ့ဒါပဲ ဖြစ်ရမယ်။”

ကမ္ဘာ့အကန့်အသတ်နှင့်ထုတ်ထားသော အဂီရာအာ စူပါကားသည် လူသိပ်မသိကြသော်လည်း ၎င်း၏ဈေးနှုန်းသည် ရယ်စရာကောင်းလောက်အောင် မြင့်မားသည်။ သူမသည် ပြိုင်ကားများကို နှစ်သက်ပြီး ကမ္ဘာ့စူပါကားမဂ္ဂဇင်းများကို အကြိမ်ရေ မရေတွက်နိုင်အောင် ဖတ်ထားသောကြောင့် အဂီရာ အာ ပြိုင်ကား၏ပုံစံနှင့် ပုံပန်းသဏ္ဍာန်ကို သတိရသွားသည်။

မြောင်ရှင်းရန်သည် ရုတ်တရက် တစ်စုံတစ်ခုကို ရိပ်မိသွားသည့်အလား ပြတင်းပေါက်ဆီသို့ လျှောက်သွားကာ အဆောက်အဦးအပြင်ဘက်သို့ အမြန်ကြည့်လိုက်သည်။ လျင်မြန်စွာ ဘေးပတ်လည်အား လှည့်ကြည့်ပြီးနောက်တွင် အဂီရာအာပြိုင်ကားကို လမ်းမထက်တွင် မောင်းနှင်သွားသည်ကို သူမတွေ့လိုက်ရသည်။ သည်မြင်ကွင်းက သူတောင်းစားအုပ်စုထဲကို ပြေးဝင်လာသည့် တောက်ပထင်ရှားလွန်းသော မင်းသားတစ်ပါး၏မြင်ကွင်းအလားပင်။

…ဒါက ဘယ်လိုဖြစ်နိုင်မလဲ။…

သူမ၏မျက်နှာပူလောင်နေသည့်အလား ခံစားနေရသည်။ ချန်းရှောင်ဝမ်၏ပို့စ်နှင့် ထို့ပို့စ်မှ မှတ်ချက်များသည် သူမ၏မျက်နှာကို မမြင်နိုင်သော လက်ကြီးဖြင့် ပြင်းထန်စွာ ပါးရိုက်လိုက်သည့်အလား ဖြစ်ပြီး အတွင်းပိုင်းတွင် တရှိန်ရှိန် ပူလောင်စေသည်။

သူမ ဂျပန်မှ ပြန်လာပြီး ကုမ္ပဏီတွင် ရာထူးတစ်ု ရယူပြီးနောက် ချန်းရှောင်ဝမ်နှင့်ပတ်သက်သည့် အခြေအနေများကို လျှို့ဝှက်စုံစမ်းခဲ့သည်။ ချမ်းသာသည့် မောင်ငယ်လေးနှင့် ပတ်သက်ပြီး မည်သည့်စုံစမ်းစစ်ဆေးမှုရလဒ်မှ မရှိခဲ့ဘူး မဟုတ်လား။ တန်ဖိုးကြီး အဂီရာအာ ကား၏ မည်သည့်သတင်းကိုမှလည်း မရခဲ့ပါချေ။

ဟူး...

သူမကဲ့သို့ ကျဉ်းမြောင်းသော မနာလိုစိတ်ကြောင့် မြောင်ရှင်းရန်သည် အသက်ရှူသံများ ခပ်ပြင်းပြင်း ရှူထုတ်လိုက်ရင်း လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်ရသည်။ သူမ၏စိတ်အလျဉ်သည် လူးလာခေါက်တုံ့ ပြေးလွှားနေပြီး ချန်းရှောင်ဝမ်အား တိုက်ခိုက်ရန် အခွင့်အရေးတစ်ခုကို ကြိုးစားတွေးတောနေပြီး သူမ၏ဘဝအား ပိုမိုစုတ်ပြတ်သတ်အောင် မည်သို့လုပ်ရမည်ကို တွေးတောနေခဲ့သည်။

ထန်ရှုသည် ချန်းရှောင်ဝမ်ကို ခေါ်လာပြီး အရသာရှိသော အစားအသောက်များကို စားသောက်ခြင်း၊ ဖျော်ဖြေရေးနှင့် စိတ်အပန်းပြေရာနေရာများကို သွားရောက်လည်ပတ်ခြင်း၊ ဈေးဝယ်စင်တာများသို့ သွားကာ တန်ဖိုးကြီးပြီးအသုံးဝင်သော ပစ္စည်းများကို ဝယ်ယူခြင်း စသည်တို့အား တနေကုန် အဖော်လုပ်ပေးနေခဲ့ရာ ဗိုက်များပေါက်ထွက်လုမတတ် ဖြစ်ကာ လက်ထဲတွင် ဈေးဝယ်အိတ်များ လျှံကျလုမတတ်ဖြင့် အဆုံးသတ်သွားသည်။

မူလက ချန်းရှောင်ဝမ်သည် သူမ၏လှုပ်ရှားမှုများကို ဝီချက်တွင် မကြာခဏ တင်လေ့မရှိပေ။ သို့သော် ထန်ရှုက အစပျိုး စလောင်ပေးပြီးနောက်တွင် သူမသည် တခြားမည်သည့်အတွေးမှ မရှိတော့ဘဲ ဆက်တိုက် ပို့စ်များတင်တော့သည်။ သာယာသော ရှုခင်းနေရာများကို ရောက်တိုင်း ပို့စ်တင်သလို အစားအသောက်မျိုးစုံကို စားသောက်တော့မည့် အချိန်တိုင်းလည်း ပို့စ်တင်သည်။ ယုတ်စွအဆုံး ဈေးဝယ်စင်တာများကို သွားလည်သည်ကိုပင် ဓာတ်ပုံရိုက်တင်တော့သည်။ နောက်ဆုံးတွင် တစ်ရက်အတွင်း သူမ၏ဝီချက်အကောင့်တွင် ဓာတ်ပုံရာနှင့်ချီ၍ တင်ပစ်ခဲ့ပြီဖြစ်သည်။

သူမ၏ပို့စ်များကို လိုက်ကြည့်နေသော မြောင်ရှင်းရန်သည် ဒေါသပေါက်ကွဲနေပြီဖြစ်သည်။ ချစ်သူ၏ စွန့်ပစ်ခြင်းကို ခံခဲ့ရပြီး အလုပ်လက်မဲ့ဖြစ်သွားသော ချန်းရှောင်ဝမ်သည် လျှောက်လည်လိုက်၊ စားသောက်လိုက်၊ ဈေးဝယ်ထွက်လိုက်ဖြင့် ပျော်ရွှင်နေလိမ့်မည်ကို သူမ တစ်ခါမျှ တွေးမထားခဲ့မိပါပေ။

နောက်ဆုံးတော့ ညနေဆည်းဆာ ရောက်လာခဲ့ပြီဖြစ်ပြီး ထန်ရှုက သူ၏ကားကို ကော်ဖီဆိုင်တစ်ဆိုင်၏ အပြင်ဘက်တွင် ရပ်လိုက်သည်။ ထို့နောက် ချန်းရှောင်ဝမ်ကို ကော်ဖီဆိုင်ထဲသို့ ခေါ်သွားပြီး ကော်ဖီနှစ်ခွက်ကို မှာယူသည်။ ထို့နောက် ချန်းရှောင်ဝမ်၏ မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်ပြီး ပြုံးပြုံးရွှင်ရွှင် ပြောလိုက်သည်။

"ဒီနေ့ ကျွန်တော်တို့ အစားအစာမျိုးစုံကို တော်တော်များများ စားသောက်ခဲ့တာဆိုတော့ အစ်မ အခု ညစာစားဖို့ ဗိုက်မဆန့်တော့ဘူး မဟုတ်လား။ ကော်ဖီသောက်ရင်း ကျွန်တော့်အလုပ်ပြီးတဲ့ထိ စောင့်ပေးပါ။ ပြီးရင် ကျွန်တော် အစ်မကို အိမ်ပြန်ပို့ပေးမယ်။"

ချန်းရှောင်ဝမ်၏မှုန်မှိုင်းနေသော စိတ်ခံစားမှုများ ပျောက်ကွယ်သွားသည်မှာ ကြာခဲ့ချေပြီ။ သည်နေ့ သူမ လျှောက်သွားရသည်မှာ လွန်စွာ ပျော်နေမိသောကြောင့် ထိုင်ခုံမှာ ဝင်ထိုင်ရင်း ကျေနပ်စွာ ခေါင်းညိတ်ပြသည်။ သို့သော် ထန်ရှု၏စကားကို ကြားသောအခါ စပ်စုသောလိုသောစိတ်ဖြင့်

“နင် ဘာလုပ်ဖို့ ရှိလို့လဲ မောင်လေး…”

"ကျွန်တော် လူတစ်ယောက်ကို စောင့်နေတာ။ အတိအကျ ပြောရမယ်ဆိုရင် လက်ဆောင်တစ်ခုရဖို့ စောင့်နေတာ။” ထန်ရှုက အပြုံးဖြင့် ပြောသည်။

"လက်ဆောင်တစ်ခုကို စောင့်နေတာလား။" ချန်းရှောင်ဝမ်က စိတ်ရှုပ်ထွေးသောအမူအရာဖြင့် မေးလိုက်သည်။

"ဘယ်လိုဖြစ်ပြီး … ဒီနေ့က နှစ်သစ်ကူး ဒါမှမဟုတ် နင့်ရဲ့မွေးနေ့ မဟုတ်ဘူးလေ။ တစ်စုံတစ်ယောက်က နင့်ကို လက်ဆောင်ပေးမယ်ဆိုပြီး ရုတ်တရက် အတွေးပေါက်သွားလို့လား။"

"အဲ့ဒီလူက စိတ်ဝင်စားစရာ တစ်ခုခုကို ရှာတွေ့လာတဲ့ ကျွန်တော့်ရဲ့လက်အောက်ငယ်သားလေ။" ထန်ရှုက ပြုံးပြီး ပြန်ဖြေသည်။

ချန်းရှောင်ဝမ် ချက်ချင်း နားလည်သွားပြီဖြစ်သည်။ ထို့ကြောင့် သူမက အပြုံးဖြင့် ခေါင်းညိတ်ကာ “ဘာပဲဖြစ်ဖြစ် ဒီနေ့ အရာအားလုံးအတွက် ကျေးဇူးတင်ပါတယ် မောင်လေး။ နို့မဟုတ်ရင် ငါ စိတ်ကျရောဂါနဲ့ သေသွားနိုင်တယ်။”

"အစ်မက ကျွန်တော့်အစ်မပဲလေ … ကျွန်တော်တို့ကြားက ဒီလို ပြောစရာ မလိုပါဘူးဗျာ။ ဒါနဲ့ … အနာဂတ်အတွက် အစ်မ ဘာတွေလုပ်မယ် စဉ်းစားထားလဲ။ အခွင့်အရေးရရင် ကျွန်တော့်ကုမ္ပဏီမှာ အလုပ်ဝင်ချင်လား။ အတော်ကောင်းမွန်တဲ့ ရာထူးနဲ့ လစာရဖို့ကိုတော့ စိတ်ချယုံကြည်ထားလိုက်ပါ။ အရင်အလုပ်ရာထူးထက် အနည်းဆုံး အဆအနည်းငယ်ခန့် မြင့်မားလာမှာတော့ အသေအချာပဲ။ အစ်မ ဘယ်လို တွေးထားလဲ။"

ချန်းရှောင်ဝမ် ချီတုံချတုံ ဖြစ်နေပြီးမှ

"ခဏနေပါဦး … ဒီအကြောင်းကို နောက်မှ ဆက်ပြောကြတာပေါ့ …အိုခေလား။ ဒီနေ့ အလုပ်လက်မဲ့ဖြစ်သွားတော့ ငါ့ရင်ထဲမှာ ဒဏရာပေါက်ကြီးတစ်ခု ကျန်ခဲ့တယ်။ ငါ အနားယူဖို့ အချိန်တစ်ခုပေးပြီး ကောင်းကောင်းစဉ်းစားပါရစေဟာ။ နင် မသိဘူးနော် … ဂျပန်လုပ်ငန်းတွေမှာ အလုပ်လုပ်ရတာ အရမ်းခက်တယ်။ နေ့တာက ရှည်လျားပြီး တခြားသူတွေ ကျော်သွားမှာကို စိုးရိမ်တဲ့အတွက် အမြဲတမ်း လုံ့လဝီရိယနဲ့ အမြဲကြိုးစားနေရတယ်။”

“ဒါဆို အချိန်ခဏလောက် အနားယူလိုက်ပါဦး။" ထန်ရှု ခေါင်းညိတ်ရင်း ဆက်ပြောလိုက်သည်။ “တိုတိုပြောရရင် အစ်မ တစ်ခုခုလုပ်ချင်ရင် လုပ်ပါ၊ ဝယ်ချင်တာကို ဝယ်ပါ။ အစ်မကြီးတစ်ယောက်အနေနဲ့ ဟိုးအရင်တုန်းက မောင်လေးကို ပြုစုစောင့်ရှောက်ခဲ့ပေမယ့် အခုချိန်မှာတော့ အစ်မရဲ့မောင်လေးက ပြုစုစောင့်ရှောက်ရမယ့် အလှည့် ရောက်နေပါပြီ။ ပိုက်ဆံပြတ်သွားရင်လည်း ကျွန်တော့်ဆီ တန်းဆက် … တွန့်ဆုတ်မနေနဲ့။ ဘယ်လောက်လို့ အာမခံချက် မပေးနိုင်ပေမယ့် မုန့်ဖိုးအဖြစ် မီလီယံများစွာ ကျွန်တော် ပေးနိုင်ပါသေးတယ်။"

အဟွတ်…အဟွတ်…

ချန်းရှောင်ဝမ် သီးသွားရသည်။

***

All Chapters