လက်ခုပ်သံကျယ်ကျယ်နှင့် ပါးရိုက်သံ ကျယ်ကျယ်
Vol. 43 Ch. 592
ချန်းရှောင်ဝမ် စိတ်ရှုပ်သွားပြီး လက်ကို အလျင်စလို ဝှေ့ယမ်းလိုက်ပြီး
"ဟင့်အင်း … မဟုတ်ဘူး မဟုတ်ဘူး၊ နင့်ရဲ့အစ်မကြီးကို ဟာသမလုပ်စမ်းပါနဲ့ ငါ့မောင်ရယ်။ ငါ ဘာလုပ်နိုင်လဲဆိုတာ ငါ့ဘာသာ ကောင်းကောင်း သိပါတယ်။ စီအီးအိုရာထူးသာ ငါ ယူလိုက်ရင် ကုမ္ပဏီကို အချိန်တိုအတွင်း ဖျက်ဆီးမိမှာကို ငါ ကြောက်တယ်။”
ထန်ရှု ခဏလောက် တွေးတောလိုက်ပြီး ရိုးရိုးရှင်းရှင်း ပြန်ဖြေပေးလိုက်သည်။
"အစ်မက လန်းဆန်းကုန်သွယ်ရေးအုပ်စုရဲ့ စီအီးအို မလုပ်ချင်ဘူးဆိုရင် ဒုစီအီးအို ဆိုရင်ရော။ အစ်မကို အနိုင်ကျင့်တဲ့ အတန်းဖော်ရဲ့ခင်ပွန်းက ကုမ္ပဏီရဲ့ ဒုစီအီးအို မဟုတ်လား။ အစ်မကို သူ့ရာထူးမှာ အစားထိုးတာတော့ အိုခေတယ် မဟုတ်လား။"
"ဒါ … ဒါပေမယ့် မောင်လေး … ဒီလို လုပ်တာ မှန်ရဲ့လား။" ချန်းရှောင်ဝမ် ချီတုံချတုံ ဖြစ်နေသည်။
"ဒါ မှန်တဲ့အရာလား … ဒါဆို လန်းဆန်းကုန်သွယ်ရေးအုပ်စုကို မင်း ကြိုက်သလို လုပ်လို့ရအောင် ကူဝါကိုကို ကျွန်တော် ပြောပေးမယ်လေ ဘယ်လိုလဲ။" ထန်ရှုက ပြန်မေးလိုက်သည်။
"ဟင့်အင်း … မလုပ်နဲ့ … မလုပ်နဲ့။" ချန်းရှောင်ဝမ်က ကမန်းကတန်း ပြောလိုက်သည်။
“ဒါဆို ဒုစီအီးအို … ဒုစီအီးအိုပဲ ထားလိုက်ပါ။ နောက်ဆို ငါ ပိုပြီး ကြိုးကြိုးစားစား လုပ်ပါ့မယ်။"
"ဟား..ဟား..ဟား…" ထန်ရှုက စိတ်မထိန်းနိုင်ဘဲ ရယ်မောလိုက်သည်။
"အစ်မရှောင်ဝမ် … ခုချိန်ထိ မင်း နားမလည်သေးဘူးလို့ မပြောနဲ့နော်။ အနာဂတ်မှာ အစ်မ စိတ်မပါလက်မပါ အလုပ်လုပ်ရင်တောင် အစ်မကို ရည်ရွယ်ချက်ရှိရှိ ဒုက္ခပေးမယ့်သူ မရှိတော့ပါဘူး။ လန်းဆန်းကုန်သွယ်ရေးအုပ်စုမှာ အစ်မ မှီခိုဖို့ သစ်ပင်ကြီးတစ်ပင်ရှိနေပြီလေ။ နောက်ပြီး အစ်မကို အနိုင်ကျင့်ရဲသေးရင် ကူဝါကိုဆီသာ တိုက်ရိုက် ဖုန်းဆက်လိုက်။ အဲ့ဒီလူတွေကို ဆုံးမပေးလိမ့်မယ်။”
"အစ်မကြီးချန်း … လန်းဆန်းအုပ်စုမှာ မင်း လုပ်ချင်တာမှန်သမျှ လုပ်နိုင်ပါတယ်။" ကုဝါကိုမှ လျင်မြန်စွာ ဝင်ပြောလာသည်။
ချန်းရှောင်ဝမ်တစ်ယောက် ကုဝါကိုနှင့် ထန်ရှုအား တစ်လှည့်စီ ကြည့်နေမိရင်း ကမ္ဘာကြီး လည်ပတ်နေသည်မှာ မြန်လွန်းသည်ဟု ရုတ်တရက် ခံစားမိလာသည်။ သူမ အလုပ်လက်မဲ့ ဖြစ်သွားသောအခါတွင် သူမ၏အနာဂတ်အတွက် ပူပန်သောက ရောက်နေခဲ့သော်လည်း တစ်ရက်တာ အေးအေးလူလူ မိမိမိုက်မိုက် လည်ပတ်ဆော့ကစားပြီးချိန်တွင် ဇာတ်လမ်းဇာတ်ကွက်သည် ၃၆၀ဒီဂရီ ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။
ယခုအချိန်တွင် သူမသည် ထန်ရှုအား တကယ့်ကို လေးစားနေခဲ့ပြီဖြစ်သည်။ စကားလုံးများစွာဖြင့် ဖော်ညွှန်းပြောဆိုနိုင်သော်လည်း အားလုံး၏အဓိပ္ပာယ်သည် အတူတူပင် ဖြစ်ပေလိမ့်မည်။ နှစ်ပေါင်းများစွာကြာအောင် မတွေ့ခဲ့ရသော သူမ၏မောင်ငယ်လေးသည် ယခုအခါ အင်အား ရှိလာပြီး သူမအား အကာအကွယ်ပေးသူ ဖြစ်လာခဲ့ချေပြီ။
နာရီဝက်အကြာတွင် ထန်ရှုသည် ချန်းရှောင်ဝမ်အား သူမ၏နေအိမ်သို့ ပြန်ပို့ပေးပြီး သူမ၏တိုက်ခန်းထဲသို့ လမ်းလျှောက်ဝင်သွားသည်ကို ကြည့်ရှုခဲ့ပြီးမှ ကားမောင်းကာ ထွက်ခွာလာခဲ့သည်။
ထပ်မံစဉ်းစားတွေးတောပြီးနောက်တွင် ထန်ရှုသည် နည်းနည်းလေးမှ မအောင့်အည်းနိုင်တော့ဘဲ ကျင်းမန်ကျွန်းသို့ ညတွင်းချင်း ခရီးနှင်ရန် ဆုံးဖြတ်ခဲ့သည်။
အဂီရာ အာပြိုင်ကားဖြင့် ထာဝရပွဲခန်းမဆီသို့ တစ်ညလုံး မောင်းနှင်ပြီးနောက် နောက်တစ်နေ့မနက်တွင် ကားရပ်နားရာနေရာ၌ ကျိချွိမိန်သည် သူ့အား ကြိုတင်စောင့်ဆိုင်းနေပြီဖြစ်သည်။
“အရှင်သခင်…”
ထိုအချိန်ထိ ခရိုနိုသလင်းကျောက်အား ထန်ရှု ရရှိထားကြောင်း ကျိချွိမိန် မသိရှိသေးပေ။ သို့သော် ထန်ရှုတစ်ယောက် ထာဝရခန်းမသို့ ညတွင်းချင်း အမြန်ရောက်လာသည့်အတွက် လွန်စွာအရေးကြီးသော ကိစ္စတစ်ခု ဖြစ်သည်ကို သူမ ပြောနိုင်ပေသည်။
"ငါ့ကို နတ်ဆိုးရှင်သန်မြက်ပင် ပြန်ပေးပါ။"
ကျိချွိမိန် တခဏ ကြောင်အအဖြစ်သွားသော်လည်း သူမ၏လက်စွပ်ထဲမှ ချက်ချင်းထုတ်ပြီး ထန်ရှုအား တလေးတစား လွှဲအပ်လိုက်သည်။ ထို့နောက် သူတို့နှစ်ဦးသည် ချက်ချင်းပင် ပင်လယ်ကြမ်းပြင်ထက်ရှိ ခမ်းနားသပ္ပာယ်သော စေတီတော်ဆီသို့ ရောက်လာကြပြီး ထန်ရှုက
“စေတီတော်ထဲကို ဘယ်သူမှ မဝင်ရအောင် စောင့်ရှောက်ထားပေးပါ။ ရှောင်ရွှဲ့ရော အလင်းအမှောင် မောင်နှမတွေပါ ချွင်းချက်မရှိဘူး။”
"နားလည်ပါပြီ။" ကျိချွိမိန် အံ့အားသင့်နေသော်လည်း တလေးတစား တုံ့ပြန်ဆဲဖြစ်သည်။
စေတီတော်၏သတ္တမအထပ်တွင် ထန်ရှု၏အဝတ်အစားများသည် ပါးလွှာသော်လည်း အတွင်းရှိ အေးမြသောလေကို အံတုကာနေခဲ့သည်။ သူသည် ရေခဲကုတင်ပေါ်တွင် လဲလျောင်းနေသော ဂူယန်အာကို တစ်ချက် ကြည့်လိုက်ပြီး သူ့လက်ထဲရှိ နတ်ဆိုးရှင်သန်မြက်ပင်သည် ချက်ချင်း လေထဲ လွင့်ပျံသွားသည် ။ သူသည် ကြယ်စွမ်းအားကို အသုံးပြုလျက် ထိုမြက်ပင်အား ဖိနှိပ်လိုက်ရာ နောက်ဆုံးတွင် ၎င်းသည် ကျစ်လျစ်သိပ်သည်းသော အစိမ်းရောင် အဆီအနှစ်အရည်တစ်စက် ဖြစ်လာသည်။
ထို့နောက် ထန်ရှုသည် ဂူယန်အာ၏ ပါးစပ်ထဲသို့ ကျစ်လျစ်သိပ်သည်းသော အစိမ်းရောင် အဆီအနှစ်အရည်စက်အား တိုက်ကျွေးလိုက်ပြီး သူမ၏မျက်ခုံးအလယ်ဗဟိုတွင် ခရိုနိုသလင်းကျောက်အား ဂရုတစိုက် ထားလိုက်သည်။
ခဏအကြာတွင် လဲလျောင်းနေသော ဂူယန်အာ၏ခန္ဓာကိုယ်မှ ထူးခြားပြင်းထန်သော စွမ်းအားများ ထွက်ပေါ်လာသည်။ ထန်ရှုသာ ခွန်အားမသန်ခဲ့ပါက ၎င်းစွမ်းအားသည် အလွန်အားကြီးသောကြောင့် သူ၏ အတွင်းအင်္ဂါများအား အသားပျော့ဖတ်ဖြစ်အောင် ဖိညှစ်သွားပေလိမ့်မည်။ ထိုအတောအတွင်း သာမန်မျက်စိဖြင့် မြင်နိုင်သော အပေါက်တစ်ခုသည် ဂူယန်အာ၏ဘေးပတ်လည် နှစ်မီတာအကွာရှိ လေထုထဲမှ ထွက်ပေါ်လာကာ အာကာသ လေဟာပြင်ထဲရှိ သန့်စင်သောစွမ်းအားမျှင်တစ်ခုသည် ထိုအပေါက်မှတဆင့် ဖြတ်သန်းလာပြီး သူမ၏ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်သွားခဲ့သည်။
အချိန်များ တရွေ့ရွေ့ ကုန်ဆုံးလာချိန်သည်နှင့်အမျှ အလင်းတန်းများသည် ဂူယန်အာ၏ခန္ဓာကိုယ်အား တဖြည်းဖြည်း ဖုံးအုပ်လာခဲ့ရာ ဂူရန်အာ၏ ခန္ဓာကိုယ်သည် အလင်းဖြင့် ဖုံးအုပ်ထားသည့် ပိုးတုံးလုံးအိမ်လေးသဖွယ် ဖြစ်နေသည်။
****
ရှန်ဟိုင်း…
တရုတ်နိုင်ငံ လန်းဆန်းကုန်သွယ်ရေးအုပ်စု၏ရုံးချုပ်…
စီအီးအို(အမှုဆောင်အရာရှိချုပ်) တာရိုအိုနိုသည် ယနေ့ ကုမ္ပဏီသို့ သူဌေးကြီး လာရောက်လည်ပတ်မည် ဖြစ်ကြောင်း ကြိုတင်အသိပေးစာရရှိခဲ့သည်။ ရုတ်တရက် ရခဲ့သော ထိုသတင်းကြောင့် သူ အရမ်း စိတ်လှုပ်ရှားနေခဲ့သည်။
သူသည် ဟိုးယခင်က စီးပွားရေးလုပ်ငန်းတွင် ထူးချွန်သော အရည်အချင်း ရှိခဲ့သော်လည်း အလွန်နိမ့်ကျသော အနေအထားသာ ရှိခဲ့သည်။ သို့သော် ပြီးခဲ့သည့် နှစ်အနည်းငယ်က သူ့အား ယာမာမိုတိုကလန်က လေ့ကျင့်ပျိုးထောင်ပေးသည်။ နောက်ပိုင်းတွင် ကုဝါကိုသည် သူ့အား ရွေးချယ်ပြီး နှစ်နှစ်သင်တန်းတက်ရန် စေလွှတ်ခဲ့သည်။ ထို့နောက် သူသည် တရုတ်နိုင်ငံ လန်းဆန်းကုန်သွယ်ရေးအုပ်စု၏ စီအီးအိုအဖြစ် စေလွှတ်ခန့်အပ်ခံရကာ သူ၏ အဆင့်အတန်းသည် ရုတ်တရက် ခုန်ပျံမြင့်မားလာခဲ့သည်။ ထို့ကြောင့် သူသည် ထိုအချိန်မှစ၍ ကုဝါကိုအား ကျေးဇူးအလွန်တင်နေခဲ့ပြီး သူမအပေါ် သစ္စာအရှိဆုံး လက်အောက်ငယ်သား ဖြစ်လာရန် သူ့ကိုယ်သူ အကြိမ်ကြိမ် သတိပေးနေခဲ့သည်။
သူသည် တရုတ်နိုင်ငံသို့ ရောက်ရှိလာပြီးနောက် အလုပ်အပေါ် အားသွန်ခွန်စိုက် ဆောင်ရွက်ခဲ့ရာ လန်းဆန်းကုန်သွယ်ရေးအုပ်စုအား တိုးချဲ့လာနိုင်သည်။ တစ်ချိန်တည်းမှာပင် ယာမာမိုတိုကလန်ရှိ သူဌေးကြီး၏ အဆင့်အတန်းသည် စဉ်ဆက်မပြတ် မြင့်တက်နေခဲ့ပြီး မိသားစုအကြီးအကဲ ဖြစ်ရန် အခြားသူများနှင့် တန်းတူအခွင့်အရေး ရှိနေပြီဖြစ်ကြောင်း သူ သိရှိခဲ့သည်။
သည်သတင်းသည် သူ့အား စိတ်အားတက်ကြွစေရန် ဆေးထိုးလိုက်သည့်အလားပင်။ တရုတ်နိုင်ငံ လန်းဆန်းကုန်သွယ်ရေးအုပ်စု မည်မျှ တိုးတက်လာပုံနှင့် သူ၏သူဌေးကြီး ကုဝါကို ယာမာမိုတိုအတွက် အရင်းအနှီး ပိုမိုစုဆောင်းထားပုံတို့ကို ပြသလိုပေသည်။ ယာမာမိုတို၏အကြီးအကဲ ဖြစ်လာရေးအတွက် ယှဉ်ပြိုင်ရာတွင် ထိုအရင်းအနှီးငွေက တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုလိမ့်မည် ဖြစ်သည်။
သည်မနက်စောစောတွင် ကုမ္ပဏီသို့ အပြေးအလွှားသွားကာ စီစဉ်စရာ ရှိသည်များကို စီစဉ်ပြီး သူဌေးကြီး ရောက်ရှိလာခြင်းကို ငြိမ်သက်စွာ သူ စောင့်ဆိုင်းနေခဲ့သည်။
လန်းဆန်းကုန်သွယ်ရေးအုပ်စု အဆောက်အဦး၏ ပထမထပ်ရှိ ကျယ်ဝန်းသော ခန်းမတွင် ဒါဇင်နှင့်ချီသော ကုမ္ပဏီ၏ထိပ်တန်းအမှုဆောင်အဖွဲ့တစ်ဖွဲ့သည် နှစ်တန်းစီကာ ရပ်နေပြီး ရာနှင့်ချီသော စီမံခန့်ခွဲမှု အဆင့်နိမ့်ဝန်ထမ်းများက ၎င်းတို့၏အနောက်တွင် ရပ်နေသည်။ တာရိုအိုနိုသည် မျှော်လင့်ချက်များ ပြည့်နေသော မျက်နှာဖြင့် လူးလာခေါက်တုံ့ စီစဉ်ပြီးနောက် အတန်းရှေ့တွင် အလျင်အမြန် ရပ်နေလိုက်၏။
မာဆာကီရိုကာတိုသည် လန်းဆန်းအုပ်စုကြီး၏ ဒုစီအီးအိုဖြစ်ပြီး သူသည် ကုမ္ပဏီတွင် အတော် ကြီးသော အာဏာနှင့် လုပ်ပိုင်ခွင့်ရှိသူဟု ဆိုနိုင်ပါသည်။ သူသည် ယခင်က ကုဝါကို၏အတန်းဖော် ဖြစ်ခဲ့ပြီး သူတို့၏ဆက်ဆံရေးကြောင့် တရုတ်နိုင်ငံရှိ လန်းဆန်းအုပ်စုတွင် တာဝန်ထမ်းဆောင်ရန် ခန့်အပ်ခံရသည်။
သည်နေ့တွင် သူလည်း အထူး စိတ်လှုပ်ရှားနေသောကြောင့် ဇနီးဖြစ်သူ မြောင်ရှင်းရန်ကိုပင် ကောင်းမွန်စွာ ဝတ်စားဆင်ယင်ရန် ပြောခဲ့သည်။ သူသည် နက်ကတိုင်ပါဝင်သည့် သပ်ရပ်သော ဝတ်စုံကို ဝတ်ဆင်ထားပြီး သူ၏ရှူးဖိနပ်ပင် ပြောင်လက်အရောင်ထွက်နေခဲ့သည်။
မာဆာကီရိုကာတိုသည် ရှေ့သို့ လျင်မြန်စွာ လျှောက်လာပြီး တာရိုအိုနို၏သွင်ပြင်အား ဂရုတစိုက် ကြည့်ပေးလိုက်ကာ
"ဘာမှ အမှား မရှိပါဘူး။ မင်း ကြည့်ကောင်းပါတယ်။"
တာရိုအိုနိုက ကျေနပ်စွာ ခေါင်းညိတ်သည်။
…ထပ်…ထပ်…ထပ်...
အဆောက်အဦးဝင်ပေါက်အပြင်ဘက်ကနေ လျှောက်လာသော ဒေါက်မြင့်ဖိနပ်သံများအား ကြားလိုက်ရသည်။ အားလုံး၏အကြည့်များသည် အဝင်ပေါက်ဆီသို့ လျှပ်တပြက်အတွင်း ရောက်သွားကြသည်။
"ဒီမှာ ဘာတွေ ဖြစ်နေတာလဲ။"
သူ မြင်လိုက်ရသော ပုဂ္ဂိုလ်မှာ သူ၏သူဌေးကြီး ကုဝါကို ယာမာမိုတိုမဟုတ်ဘဲ လန်းဆန်းကုန်သွယ်ရေးအုပ်စု၏ ဝန်ထမ်းတစ်ဦး ဖြစ်နေသောကြောင့် တာရိုအိုနိုသည် မျက်ခုံးအနည်းငယ် တွန့်ချိုးသွားကာ သူ၏မျက်နှာထက်တွင် စိတ်အနှောင့်အယှက် ဖြစ်သွားသောအမူအရာ ပေါ်လာသည်။ ထိုပုဂ္ဂိုလ်သည် လူ့စွမ်းအားအရင်းအမြစ်ဌာနမှ ဝန်ထမ်းအမျိုးသမီးတစ်ဦး ဖြစ်သည်ကို သူ ဝါးတားတား မှတ်မိပေသည်။
"စီအီးအို … ဒုစီအီးအို … နောက်ကျသွားတဲ့အတွက် ကျွန်မ တောင်းပန်ပါတယ်။”
ချန်းရှောင်ဝမ်သည် ကုဝါကို ယာမာမိုတို၏ကျောထောက်နောက်ခံဖြင့် လန်းဆန်းကုန်သွယ်ရေးအုပ်စုတွင် သူမ လိုချင်သမျှ အရာအားလုံးကို လုပ်ဆောင်နိုင်သည်ကို သိထားပြီး သူမ၏စိတ်ထဲတွင် ပြင်ဆင်ထားသော်လည်း ကုမ္ပဏီတွင် နှစ်များစွာ အနေကြာခဲ့သဖြင့် ရာထူးကွာခြားမှု အရှိန်သည် သူမအား တာရိုအိုနိုနှင့် မာဆာကီရိုကာတိုတို့၏အရှေ့တွင် ကြောက်ရွံ့နေဆဲ ဖြစ်သည်။ အရေးကြီးဆုံးအချက်မှာ ကုမ္ပဏီ၏ ထိပ်တန်းအဆင့်နှင့်အောက်ခြေအဆင့် ရာနှင့်ချီသော စီမံခန့်ခွဲမှုဝန်ထမ်းများက သူမအား စိုက်ကြည့်နေကြခြင်း ဖြစ်သည်။
တာရိုအိုနို၏ရင်ထဲမှ ဒေါသများတလိမ့်လိမ့် တက်လာပြီး
“ကုမ္ပဏီကို ၈နာရီမတိုင်ခင် ရောက်ဖို့ မနေ့ညက အကြောင်းကြားစာ ရထားတယ်မဟုတ်လား။ မင်း ဘာလို့နောက်ကျရလဲဆိုတာ ငါ့ကို ပြောစမ်းပါဦး။"
“အဲ့ဒါက သူ အလုပ် ထုတ်ခံလိုက်ရလို့လေ။ သူက လန်းဆန်းအုပ်စုရဲ့ဝန်ထမ်း မဟုတ်တော့ဘူး။" တာရိုအိုနို၏စကားဆုံးသွားသောအခါ မြောင်ရှင်းရန်က စီတန်းနေသော လူအုပ်ထဲမှ ပြေးထွက်လာပြီး ကျယ်လောင်စွာ ပြောလိုက်သည်။ ချန်းရှောင်ဝမ် ပေါ်လာသောကြောင့် သူမ အနည်းငယ် အူကြောင်ကြောင် ဖြစ်သွားသော်လည်း ကြိတ်ပြီးဝမ်းသာသွားသည်။
တာရိုအိုနို ကြောင်သွားပြီး ဒေါသတကြီး အော်ငေါက်လိုက်သည်။
“သူမကို အလုပ်ထုတ်လိုက်တယ်ဆိုရင် ကုမ္ပဏီမှာ ဘာကြောင့် ပေါ်လာတာလဲ။”
“ကျွန်မလည်း မသိပါဘူး စီအီးအို။” မြောင်ရှင်းရန်က အနည်းငယ် မဲ့ရွဲ့ကာ ပြောသည်။
“မနေ့က သူ့ပစ္စည်းတွေကို ထုပ်ပိုးပြီး ကုမ္ပဏီက ထွက်သွားတယ်။ အခု ပြန်ရောက်လာမယ်လို့ ဘယ်သူက ထင်မှာလဲ။ အလုပ်ထုတ်ခံရတဲ့ ခံစားချက်က သူ့အတွက် နာကျင်လွန်းလို့ နောက်ဆုံးတော့ ခေါင်းထိခိုက်သွားတာနေမယ်။ ဒါကြောင့် ပြောင်မြောက်တဲ့ အရည်အချင်း ရှိတဲ့သူလို ပြုမူဖို့ ဒီနေရာကို အပြေးလာခဲ့တာဖြစ်မှာပေါ့။ သူ့ရဲ့အမူအရာက အတော်ရှက်ရွံ့နေပြီး နေရခက်နေတယ်ဆိုတာ တွေ့တယ်မဟုတ်လား။ ကျွန်မက ဒီလိုမျိုး ဖော်ထုတ်လိုက်တဲ့အတွက် သူ ဒေါသထွက်ပြီး ရှက်နေရပြီလေ။ သူ့ကို မောင်းထုတ်ဖို့ လုံခြုံရေး အစောင့်တွေကို ညွှန်ကြားလိုက်ရင်ရော ဘယ်လိုလဲ။”
တာရိုအိုနိုက ဒေါသထွက်ရလွန်းလှသဖြင့်
"သူ့ကို အလုပ်ထုတ်လိုက်ပြီးသားဆိုရင် မောင်းထုတ်လိုက်။"
ထိုအခိုက်တွင် မာဆာကီရိုကာတိုက ရုတ်တရက် မတ်တတ်ရပ်လိုက်ပြီး
“စီအီးအို ကျေးဇူးပြုပြီး ခဏနေပါဦး။ သူက အလုပ်ထုတ်ခံရပြီးတာတောင် ငါတို့ကုမ္ပဏီမှာ မမျှော်လင့်ဘဲ ပေါ်လာတာ သူ့ဆီမှာ လျှို့ဝှက်အကြံအစည်တစ်ခု ရှိလိမ့်မယ်လို့ ငါ ထင်တယ်။ သူ့ကို မောင်းမထုတ်ဘဲ လုံခြုံရေးအခန်းမှာ ချုပ်ထားဖို့ လုံခြုံရေးကို ညွှန်ကြားဖို့ အကြံပြုပါတယ်။ သူဌေးကြီး လုပ်ငန်းခွင်ကို စစ်ဆေးပြီးသွားရင် သူ့ကို ငါတို့တွေ နောက်တော့ စစ်ဆေးမေးမြန်းကြတာပေါ့။"
…ဖြောင်း…ဖြောင်း…ဖြောင်း…
အဆောက်အဦးအဝင်ဝမှ ကျယ်လောင်သော လက်ခုပ်တီးသံအား ကြားလိုက်ရသည်။ စမတ်ကျသော လုပ်ငန်းရှင်ဝတ်စုံကို ဝတ်ဆင်ထားသော ကုဝါကိုသည် လက်ခုပ်တီးရင်း အထဲကို ဝင်လာပြီး သူမ၏အနောက်တွင် ဂျပန်လူမျိုး အနည်းငယ် လိုက်ပါလာသည်။
"မစ္စတာကာတိုရဲ့ အလုပ်အပေါ် အလေးအနက်ထားမှုနဲ့ တာဝန်ယူမှုက တကယ်ကို ကြီးမားတာပဲ။ တကယ်ကို ငါ လေးစားရတဲ့ ကျောင်းသားဟောင်းတစ်ယောက်ပါ။ ငါ အတော်သဘောကျလွန်းလို့ လန်းဆန်းအုပ်စုရဲ့ စီအီးအိုအဖြစ် လုပ်ပေးလုနီးနီးပဲ။”
ကုဝါကို ကျယ်လောင်စွာ ပြောနေစဉ် သူမ၏ မျက်လုံးများတွင် မထီတထီအရိပ်အယောင် ရှိနေသည်။ ကုဝါကို ရောက်ရှိလာသည်ကို တွေ့ရသည့်အခါ မာဆာကီရိုကာတို၏မျက်လုံးများထဲတွင် ထိတ်လန့်တကြားရိပ်များ ဖြစ်ပေါ်သွားသည်။ သူက ချက်ချင်းပဲ ရှေ့ကို လှမ်းပြီး သူမကို နှုတ်ဆက်လိုက်သည်။
“ဟယ်လို သူဌေး။ ငါ့ကို ချီးကျူးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကုမ္ပဏီကိုယ်စား လုပ်ငန်းခွင် စစ်ဆေးခြင်းအတွက်ကိုလည်း ကြိုဆိုပါတယ်။”
သည်လိုလှုပ်ရှားမှုနှင့် စကားများသည် တာရိုအိုနိုက လုပ်ရမည်ဖြစ်သော်လည်း နောက်ဆုံးမှာတော့ ထိုအခွင့်အရေးအား မာဆာကီရိုကာတိုက လုယူသွားခဲ့သည်။ တာရိုအိုနို၏ရင်ထဲတွင် တိတ်တဆိတ် ဒေါသထွက်နေသော်လည်း မာဆာကီရိုကာတိုသည် သူဌေးကြီး၏ အတန်းဖော်ဟောင်းတစ်ဦး ဖြစ်ကြောင်းကိုလည်း သူ သိထားသောကြောင့် ကူကယ်ရာမဲ့စွာ သက်ပြင်းသာ ချလိုက်ရင်း အရှေ့ကို တိုးကာ နှုတ်ဆက်လိုက်သည်။ “လာရောက်စစ်ဆေးခြင်းအတွက် ကြိုဆိုပါတယ် သူဌေး။”
မာနကြီးကာ အေးစက်သော အမူအရာဖြင့် ကုဝါကိုက ခေါင်းတညိတ်ညိတ် တုန့်ပြန်ရင်း ရုတ်တရက် မေးလိုက်သည်။
"ကာတိုစံ … နင် အိမ်ထောင်ကျတာ နှစ်အတော် ကြာနေပြီလို့ ငါကြားတယ်။ နင့်ဇနီးက ထူးချွန်တဲ့ တရုတ်အမျိုးသမီးတစ်ယောက်ပဲ မဟုတ်လား။ သူမကို တွေ့နိုင်မလားလို့ ငါ တွေးမိတယ်။"
အနီးနားရှိ မြောင်ရှင်းရန်၏မျက်လုံးများ အရောင်လက်သွားသည်။ သူဌေးကြီးမှ ခင်ပွန်းဖြစ်သူအား ချီးကျူးနေမှုသည် သူမအား စိတ်လှုပ်ရှားမှုအပြည့် ဖြစ်စေသည်။ သူဌေးကြီးက သူမအား ရည်ညွှန်းလိုက်သည့်အခိုက်အတန့်တွင် သူမသည် ကုဝါကို၏အရှေ့တွင် ပြေးလုနီးပါး ရောက်လာပြီး
"ဟယ်လို သူဌေး။ ကျွန်မက ကာတိုစံရဲ့ဇနီး မြောင်ရှင်းရန်ပါ။
ကုဝါကိုက ပြုံးကာ ခေါင်းညိတ်လိုက်ပြီး
“အာ … နင်က ဘယ်လောက်တောင် လှလိုက်တဲ့ အမျိုးသမီးလဲ။ နင့်မှာ ကောင်းမွန်တဲ့ အသားအရေ ထိန်းသိမ်းမှုတစ်ခုရှိတော့ အတော့်ကို နူးညံ့ပျော့ပြောင်းတယ်မလား။"
ထိုသို့ပြောပြီးနောက် ကုဝါကိုသည် သူမ၏လက်ကို ရုတ်တရက် မြှောက်ကာ မြောင်ရှင်းဝမ်၏မျက်နှာအား ပြင်းထန်စွာ ရိုက်လိုက်သည်။ မြောင်ရှင်းရန်သည် မီတာအနည်းငယ်အကွာထိ အနောက်သို့ လွင့်သွားကာ ကြမ်းပြင်ပေါ်သို့ ဝုန်းကနဲ လဲကျသွားပြီး သူမ၏ပါးပြင်ထက်တွင် နီရဲသော လက်၅ချောင်းရာ ပေါ်လာခဲ့သည်။
***