မောက်မာမှုမှသည် အောက်ကြို့ခယခြင်းဆီသို့
Vol. 43 Ch. 593
ဘာတွေ ဖြစ်နေတာလဲ…
ကုမ္ပဏီ၏ထိပ်တန်းအမှုဆောင်များနှင့် အောက်ခြေအဆင့်ဝန်ထမ်းများ ပါးစပ်အာစေးမိသွားကြသည်။ သည်လို မြင်ကွင်းမျိုး ဖြစ်ပျက်သွားသည်ကို သူတို့ မယုံကြည်နိုင်ကြပေ။ ဒုစီအီးအို မာဆာကီရိုကာတိုသည်ပင် အံသြသွားရသည်။ သူ၏ဇနီးသည် သူမ၏အသားအရေကောင်းမှုကြောင့် ချီးကျူးခံရသော်လည်း သူမ၏အသားအရေ နူးညံ့ပျော့ပျောင်းသည်ဖြစ်စေ မဖြစ်စေ ထိုကဲ့သို့ ပါးရိုက်ရန် လိုအပ်ပါ၏လော။
“တကယ်ကို ကောင်းတာပဲ။ အစ်မကြီးချန်းက သူ့မျက်နှာကို အကြိမ်နည်းနည်းလောက် ပါးရိုက်ချင်နေတာ အံ့သြစရာ မရှိဘူးပဲ။”
ကုဝါကိုက မြောင်ရှင်းရန်၏ပါးကို ရိုက်ထားသော လက်ဖဝါးအား မြှောက်ကာ ချီးကျူးလိုက်သည်။
"ကာတိုစံ … ဒီလိုနူးညံ့ပျော့ပျောင်းတဲ့ အသားအရေပိုင်ရှင် ဇနီးတစ်ယောက်ကို ရတဲ့အတွက် နင် ကောင်းချီးပေးခံရလိမ့်မယ်လို့ ငါ ဘယ်တုန်းကမှ မထင်ခဲ့ဘူး။ ဂုဏ်ယူပါတယ်…။”
… ဂုဏ်ယူပါတယ် ဟုတ်လား … ချီးပဲ…
မာဆာကီရိုကာတိုသည် စိတ်ထဲမှ တိတ်တဆိတ် ကျိန်ဆဲလိုက်သော်လည်း မျက်နှာထက် အပြုံးမပျက်စေရဘဲ
“မင်းက သိပ်သဘောကောင်းလွန်းပါတယ် သူဌေး။ ငါ့မိန်းမ သုံးလေ့ရှိတဲ့ အလှကုန်တချို့ မင်းဆီ ပို့ပေးဖို့ သူ့ကို ငါ ပြောလိုက်မယ်။"
ကုဝါကိုက အေးစက်သောအမူအရာဖြင့်
"ငါ့လို မိန်းမပျိုလေးတစ်ယောက်က ရုပ်ဆိုးတဲ့မျက်နှာကို ဖုံးကွယ်ဖို့ မိတ်ကပ်လိမ်းဖို့ လိုအပ်တယ်လို့ နင် ထင်တာလား။"
မာဆာကီရိုကာတို၏အမူအရာသည် တခဏချင်း ပြောင်းလဲသွားကာ လေးစားသောအမူအရာဖြင့် "မဟုတ်ပါ … မဟုတ်ပါဘူး သူဌေး။ မင်းက သဘာဝအတိုင်း လှတဲ့ အလှလေးပါ … ကမ္ဘာမြေကို ဆင်းသက်လာတဲ့ နတ်သမီးတစ်ယောက်လိုပါပဲ။ ဒါကြောင့် ဘာကိုမှ ဖုံးကွယ်ထားဖို့ အလှကုန်တွေ မလိုအပ်ပါဘူး။”
ကုဝါကိုသည် အေးစက်စက် တုံ့ပြန်လိုက်ပြီး မယုံကြည်နိုင်သောအမူအရာ ဖြစ်နေသည့် မြောင်ရှင်းရန်ဆီသို့ လျှောက်သွားလိုက်သည်။ ထို့နောက် ကြမ်းပြင်ပေါ်တွင် လဲနေသော မြောင်ရှင်းရန်အား ထရန် လက်ကမ်းပေးလိုက်ပြီး
“နင် အဆင်ပြေလား။”
“ငါ အဆင်မပြေ … အဆင်ပြေပါတယ်။”
မြောင်ရှင်းရန် ဒေါသပေါက်ကွဲရန် ပြင်လိုက်သော်လည်း သူမအား နှိမ်နေခြင်းကို ကြံ့ကြံ့ခံကာ အားယူပြုံးလိုက်သည်။
ကုဝါကိုက နှုတ်ခမ်းကို တွန့်လိုက်ပြီး မြောင်ရှင်းရန်အား အကြိမ်အနည်းငယ် ထပ်ရိုက်လိုက်သည်။ အထူးသဖြင့် နောက်ဆုံးရိုက်ချက်တွင် အားတော်တော် ပါသွားသောကြောင့် သည်တစ်ကြိမ်တွင် မြောင်ရှင်းရန်သည် ငါးမီတာအကွာထိ လွင့်သွားပြီးမှ ကြမ်းပြင်ပေါ်ပြုတ်ကျလာသည်။
“အံ့သြဖို့ကောင်းတာက နင်က အဆင်ပြေနေသေးတဲ့ပုံပဲ။ ပြီးရင်တော့ နင့်ကို တစ်ခုခုနဲ့ ရှုပ်ခိုင်းလိုက်ဦးမယ်။" ကူဝါကိုက လေသံမာမာနှင့် ပြောလိုက်သည်။
ဤအချိန်တွင် သူဌေးကြီးသည် မြောင်ရှင်းရန်၏ အသားအရည်ကောင်းမွန်ခြင်း ရှိ မရှိကို စမ်းသပ်နေခြင်း မဟုတ်ကြောင်း လူတိုင်းက ပြောနိုင်ပေသည်။ သူမကို ရိုက်နှက်ချင်နေသည်မှာ ထင်ရှားပေသည်။ မည်သို့ပင်ဆိုစေကာမူ လူတိုင်း သိချင်နေကြသော အရာတစ်ခု ရှိသည်။
မြောင်ရှင်းရန်သည် ဤမျှများပြားသော လူအုပ်ကြီးရှေ့တွင် သူမအား လူသိရှင်ကြား အရှက်ရစေအောင် သူဌေးကြီးအား မည်သည့်အချိန်တွင် မည်သို့ စော်ကားခဲ့ပါသနည်း။
မာဆာကီရိုကာတိုသည်လည်း ကြက်သေ သေနေသည်။ ထက်မြက်ပြီး လိမ္မာပါးနပ်သော အမျိုးသားတစ်ယောက် ဖြစ်သော်လည်း ကုဝါကိုယာမာမိုတို၏ ရည်ရွယ်ချက် အစစ်အမှန်အား သူ မည်သို့မှ မမြင်နိုင်ခဲ့ချေ။ ထိုကဲ့သို့ သူ၏ဇနီးသည် လူပုံအလယ်တွင် ရိုက်နှက်ခံရအောင် သူ့ဇနီးသည် သူမအား မည်သည့်အချိန်တွင် မည်သို့ စော်ကားခဲ့သည်ကိုလည်း သူ အဖြေမရှာနိုင်ပါချေ။
“သူဌေး … မင်း …”
ကုဝါကိုက အေးစက်စက်လေသံဖြင့်
"နင့်မှာ ထင်မြင်ချက် ရှိလား။"
မာဆာကီရိုကာတိုသည် စိတ်အတွင်းထဲမှ တုန်ရီသွားကာ ပြောမည့် စကားများကို ပြန်မျိုချလိုက်သည်။ ကုဝါကို ယာမာမိုတို မည်မျှ စွမ်းအားကြီးသည်ကို သူ သိထားသဖြင့် မည်သို့ နှိမ့်ချနေရမည်ကို သူအပါအဝင် လူအားလုံးမှ သိထားသည်။ သူ့မိန်းမအား လူပုံအလယ်တွင် ရိုက်နှက်သည်ကို အသာထား သူ့ကို သတ်မည်ဆိုပါလျှင်တောင် ကုဝါကို ယာမာမိုတိုကို သူ ပြန်မထိဝံ့ချေ။
မဟုတ်ရင် ... သူ့ဘဝကြီး ပင်ပန်းနေရော့မည်။
"အမှိုက်…"
ကုဝါကိုသည် မာဆာကီရိုကာတိုကို အေးစက်စွာ စိုက်ကြည့်ပြီး အေးစက်စက် ရေရွတ်လိုက်သည်။ ထို့နောက် သူမသည် တာရိုအိုနိုကို ကြည့်ကာ
"အိုနိုစံ … အခု နင် ဘယ်လို ခံစားနေရလဲ။"
တာရိုအိုနိုသည် ထိတ်လန့်ကြောက်ရွံ့နေသဖြင့် နဖူးထက်မှ ချွေးအေးများ စီးကျလာရသည်။ မာဆာကီရိုကာတိုနှင့် သူ၏အရိုက်ခံရသော ဇနီးဖြစ်သူအား ကုဝါကို၏ပြစ်တင်ဆုံးမမှုသည် သူ့အား ထူးထူးဆန်းဆန်း ပျော်ရွှင်နေစေသော်လည်း ယခုတွင် သူ၏သူဌေးကြီးက သူ့အား လက်ညှိုးထိုးလာပြီဖြစ်သောကြောင့် စကားမှားသွားပါက တူညီစွာ အဆုံးသတ်သွားမည်ကို စိုးရိမ်နေသည်။
"သူဌေးကြီးကို တွေ့ခွင့်ရတဲ့အတွက် အရမ်းဝမ်းသာရပြီး အလွန်ဂုဏ်ယူမိပါတယ်။"
ကုဝါကိုသည် သူ့အား ခေါင်းညိတ်ပြပြီး ချန်းရှောင်ဝမ်ဘေးသို့ လျှောက်သွားလိုက်သည်။ ထို့နောက် သူမ၏လက်ကို ဆွဲကိုင်လိုက်ပြီး "နင့်စိတ်အခြေအနေ ကောင်းတယ်ဆိုမှတော့ နောင်အနာဂတ်မှာ အစ်မကြီးချန်းကို ကုမ္ပဏီမှာ အများကြီး ဂရုစိုက်ပေးပါ။ သူ့ကို မမျှမတ ဆက်ဆံပြီး ဒုက္ခပေးရဲရင် နင့်ကို ငါ ဘယ်တော့မှ ခွင့်မလွှတ်ဘူး။"
"ဟုတ်ကဲ့ … ဟုတ်ကဲ့။" တာရိုအိုနိုက အမြန် ခေါင်းညိတ်လိုက်ပြီး ချန်းရှောင်ဝမ်အား တိတ်တခိုး လှမ်းကြည့်လိုက်သည်။ သူ့ကုမ္ပဏီမှ လူ့စွမ်းအားအရင်းအမြစ်ဌာန၏ သေးနုတ်သော ဒုဒါရိုက်တာတစ်ဦးသည် သူဌေးကြီး၏ ကျောထောက်နောက်ခံ ရရှိလာလိမ့်မည်ဟု တစ်ခါမျှ စိတ်ကူးမယဉ်ခဲ့ဖူးပေ။ ထို့အပြင် သူဌေးကြီးသည် မည်ကဲ့သို့ အဆင့်အတန်း ရှိသည်ကို မည်သူက သိပါသနည်း။ ထိုသို့သောသူဌေးကြီးက သူမအား အစ်မကြီးချန်းဟု ခေါ်သည်ကိုပင် တွေးကြည့်မိပါက သည်အမျိုးသမီးက ဘယ်လောက်တောင် မြင့်မြတ်သွားပါသနည်း။ သူမမှာ ကြောက်စရာကောင်းသည့် နောက်ခံ ရှိနေတာများလား။
ထို့နောက်တွင် ကုဝါကိုသည် ထိတ်လန့်တုန်လှုပ်နေသော ထိပ်တန်းအမှုဆောင်များနှင့် အခြားစီမံခန့်ခွဲမှု ဝန်ထမ်းများကို ကြည့်ပြီး လေးနက်သောအသံဖြင့် “မာဆာကီရိုကာတိုကို ရာထူးက ဖယ်ရှားလိုက်ပြီဖြစ်လို့ လန်းဆန်းကုန်သွယ်ရေးအုပ်စုရဲ့ဒုစီအီးအို မဟုတ်တော့ဘူး။ ငါ့ရဲ့အစ်မကြီးချန်းက သူ့နေရာကို အစားဝင်ပြီး လန်းဆန်းကုန်သွယ်ရေးအုပ်စုရဲ့ ဒုစီအီးအို အဖြစ် တာဝန်ထမ်းဆောင်မယ်။ အားလုံးပဲ သူ့ကို လက်ခုပ်တီးပြီး ကြိုဆိုပေးကြပါ။”
…ဖြောင်း…ဖြောင်း…ဖြောင်း…
လက်ခုပ်သံများက ခန်းမတစ်ခုလုံး ပဲ့တင်ထပ်သွားသည်။
မာဆာကီရိုကာတိုတစ်ယောက် အံ့သြထိတ်လန့်ခဲ့ရချေပြီ။ ကုဝါကိုက သည်ကဲ့သို့ ကြေငြာလိမ့်မည်ဟု မာဆာကီရိုကာတို မည်သည့်အခါကမှ စိတ်ကူးမကြည့်ဖူးပါချေ။ သူသည် လန်းဆန်းကုန်သွယ်ရေးအုပ်စု၏ ဒုတိယစီအီးအို ဖြစ်ပြီး ကုဝါကို၏ကျောင်းနေဖက်ဟောင်းလည်း ဖြစ်သည်။ သူသည် လုံ့လစိုက်ထုတ်ပြီး အကောင်းဆုံး လုပ်ဆောင်ကာ လန်းဆန်းကုန်သွယ်ရေးအုပ်စုအတွက် ကြီးမားသော ပံ့ပိုးမှုများ ပြုလုပ်ခဲ့သည်။
…အခု သူ ဒီလိုပဲ အလုပ်ထုတ်ခံရလိုက်တာလား။…
“ကူဝါကို … ငါ …”
ကုဝါကိုက စိတ်ဆိုးမာန်ဆိုးဖြင့် သူ၏စကားကို ကြားဖြတ်လိုက်သည်။
“ငါ့နာမည်ကို ခေါ်ဖို့ နင့်မှာ အရည်အချင်းရှိသလား။ တရုတ်ပြည်က ထွက်သွား။ နောင် နင့်ကို ဘယ်တော့မှ မမြင်ချင်ဘူး။"
တခဏချင်းမှာပဲ မာဆာကီရိုကာတို၏မျက်နှာသည် နီရဲနေရာမှ စိမ်းဖန့်သွားသည့်အလားပင်။ သူသည် ချန်းရှောင်ဝမ်အား စေ့စေ့တစ်ချက် ကြည့်လိုက်ပြီး သတ္တိမွေးကာ အသံကျယ်ကျယ်ဖြင့် မေးလိုက်သည်။
"သူဌေး … ငါ့ကို အဲ့ဒီအတွက် အကြောင်းပြချက် ကောင်းကောင်း ပေးပါ။ ဒီနှစ်တွေတစ်လျှောက်လုံး လန်းဆန်းကုန်သွယ်ရေးအုပ်စုအတွက် ကောင်းမွန်တဲ့ အကျိုးကျေးဇူးတွေနဲ့ ကြိုးစားအားထုတ်မှုတွေအပြင် တော်တော်များများကို ငါ လုပ်ထားခဲ့ပါတယ်။”
"နင်က ကောင်းမွန်တဲ့ အကျိုးကျေးဇူးတွေနဲ့ ကြိုးစားအားထုတ်မှုတွေကို ငါနဲ့ ပြောချင်နေတာလား။" ကုဝါကိုက လှောင်ရယ် ရယ်လိုက်ပြီး "ပြဿနာမရှိပါဘူး။ ငါ ပြောပြမယ်။ နင့်မှာ ဇနီးကောင်းတစ်ယောက် ရှိတယ်။ သူက ငါ့ရဲ့ အစ်မကြီးချန်းကို အနိုင်ကျင့်ရုံတင်မကဘူး ကုမ္ပဏီကနေ ထွက်သွားအောင် ဖိအားတွေပေးခဲ့တယ်။ အစ်မကြီးချန်းကို မတရားဆက်ဆံဝံ့ရင် အဲ့ဒီလူတွေဆီ သနားစရာကံကြမ္မာ ရောက်လာလိမ့်မယ်။ ဒီပြဿနာနဲ့ ပတ်သက်ပြီး နင့်ကို ငါ ကိုင်တွယ်ဖြေရှင်းတာက သက်ညှာထားတာပဲ။ နို့မဟုတ်လို့ကတော့ ဟမ့်…”
နောက်ဆုံးတော့ မာဆာကီရိုကာတို သဘောပေါက်သွားခဲ့ပြီ။ သည်အရာတွေအားလုံးက သူ၏ဇနီးဖြစ်သူ မြောင်ရှင်းရန်ကြောင့် ဖြစ်လာခဲ့ခြင်းပင်တည်း။ ဒေါသထောင်းကနဲ ထွက်သွားသော မာဆာကီရိုကာတိုတစ်ယောက် ဇနီးဖြစ်သူဆီ အပြေးသွားကာ ကြမ်းပြင်ပေါ်မှ ဆွဲထူပြီး ပါးတစ်ချက် ရိုက်ကာ ကျယ်လောင်စွာ အော်တော့သည်။
“ဒါတွေက မင်းကြောင့် ဖြစ်လာတာပေါ့လေ ခွေးမ… မပြစ်မှားနိုင်တဲ့သူတစ်ယောက်ကို ယီးလို ဘာကြောင့် စော်ကားခဲ့တာလဲ။ မစ္စချန်းကို စော်ကားဖို့ လိုလို့လား … လိုလို့လား လို့။ ကွာရှင်းမယ်။ ဒီအဖေက ဒီကံဆိုးတဲ့အိမ်ထောင်ရေးကို ဖြတ်ပစ်ရမှ ဖြစ်မယ်။ ငါ့ပိုင်ဆိုင်မှုတွေကိုလည်း မင်း တစ်ပြားတစ်ချပ်တောင်မှ မရစေရဘူး။"
ထိတ်လန့်စိတ်ပျက်နေသော မြောင်ရှင်းရန်သည် ကုဝါကိုယာမာမိုတိုက မည်သည့်အတွက်ကြောင့် သူမအား ရိုက်နှက်သည်ကို နောက်ဆုံးတော့ နားလည်သွားခဲ့ပြီဖြစ်သည်။ မူလအရင်းခံသည် ထိုခွေးမ ချန်းရှောင်ဝမ်ကြောင့် ဖြစ်သည်။ မိနစ်အနည်းငယ်အတွင်းမှာပင် သူမ၏ ယခင်က လှပသော မျက်နှာသည် ဝက်ခေါင်းကြီး ဖြစ်သွားခဲ့ရသည်။
သို့သော် သူမ ဂရုအစိုက်ဆုံးအရာမှာ အရိုက်ခံရခြင်း မဟုတ်ဘဲ သူမ၏ခင်ပွန်း မာဆာကီရိုကာတို ပြောလိုက်သည့်စကား ဖြစ်သည်။
…ကွာရှင်းမယ်ဟုတ်လား။ ဘာပိုင်ဆိုင်မှုမှ မရဘဲ ထားရစ်ခဲ့မယ်ဟုတ်လား။…
ဤအခိုက်အတန့်တွင် သူမ၏နှလုံးသားလေးသည် သေဆုံးတော့မည့်အလား ခံစားနေရသည်။ သူမ ဤမျှသာတောင့်သာယာစွာဖြင့် နေထိုင်နိုင်သည့် အကြောင်းရင်းမှာ မာဆာကီရိုကာတိုကြောင့်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ထိုအမျိုးသားသည် ငွေရှာနိုင်ပြီး သူမအား ခမ်းနားကောင်းမွန်စွာ ငွေကုန်ကြေးကျခံကာ ပံ့ပိုးပေးနိုင်သောကြောင့် ဖြစ်သည်။ သူမကို တစ်ပြားတစ်ချပ်တောင် မပေးဘဲ သည်အတိုင်းစွန့်ပစ်မည်ဆိုပါက အနာဂတ်တွင် သူမ မည်ကဲ့သို့ နေထိုင်ရပါမည်နည်း။
ရုတ်တရက် သူမသည် ရေနစ်နေသောသူ အသက်ကယ် ကောက်ရိုးတစ်စကိုတွေ့သကဲ့သို့ ချန်းရှောင်ဝမ်ဆီသို့ ခေါင်းလှည့်လိုက်သည်။ မာဆာကီရိုကာတိုက သူမအား ကြမ်းပြင်ပေါ် ပစ်ချပြီးနောက်တွင် သူမသည် ချန်းရှောင်ဝမ်ရှေ့သို့ လာကာ ငိုယိုရင်း
“ရှောင်ဝမ် … ကျေးဇူးပြုပြီး ငါ့ကို ခွင့်လွှတ်ပေးပါ … ငါ တောင်းပန်ပါတယ်။ အရာအားလုံးက ငါ့အမှားပါ။ ကျေးဇူးပြုပြီး သူဌေးက ငါတို့လင်မယားကို အလုပ်မထုတ်ပစ်ပါစေနဲ့။ ငါ တောင်းပန်ပါတယ် … ငါတို့အတိတ်က ကျောင်းသားဘဝကို ကြည့်ပေးပါဦး။"
“ဒါ…”
နူးညံ့သိမ်မွေ့ပြီး ကြင်နာတတ်သော ချန်းရှောင်ဝမ်သည် ဝမ်းနည်းကြေကွဲဖွယ်ကောင်းသည့် မြောင်ရှင်းရန်အား မကြည့်ရက်နိုင်တော့ပေ။ သို့သော် သူမ စကားပြောခါနီးတွင် ကုဝါကိုသည် မြောင်ရှင်းရန်အား မီတာအနည်းငယ်အကွာထိ တွန်းထုတ်လိုက်ပြီးနောက် သူမ၏လက်ကောက်ဝတ်ကိုဆွဲကိုင်ကာ ဓာတ်လှေကားဆီသို့ ခေါ်ဆောင်သွားတော့သည်။
"အစ်မကြီးချန်း … နင့်အတွက် အကောင်းဆုံးရုံးခန်းကို သန့်ရှင်းရေးလုပ်ဖို့ ငါပြောထားပြီးသား။ အဲ့ဒီနေရာကို နင် သွားကြည့်ဖို့ ငါ လိုက်ပို့ပေးမယ်။"
ချန်းရှောင်ဝမ်သည် တုံ့ဆိုင်းနေပြီး ကူဝါကိုက သူမအား ဆွဲခေါ်လာစဉ် စိတ်အတွင်းမှ ကြိတ်ကာ သက်ပြင်းချလိုက်သည်။
****
ခုနစ်ရက်ကြာပြီးနောက်…
ထန်ရှုသည် ခမ်းနားသပ္ပာယ်သော စေတီတော်၏ ခုနစ်လွှာတွင် တင်ပျဉ်ခွေထိုင်နေရင်း ဖြာကျနေသော အလင်းတန်းကို လှမ်းကြည့်ကာ ရုတ်တရက် သူ၏အမူအရာသည် လှုပ်ရှားသွားသည်။ ထိုဖြာကျနေသော အလင်းတန်းပေါ်ရှိ အပေါက်ငယ်သည် ကွဲထွက်နေသဖြင့် အင်မော်တယ်စွမ်းအား၏အပြောင်းအလဲ အတက်အကျကို သူ ခံစားမိခဲ့သည်။
ခရက်…
ဖြာကျနေသော အလင်းတန်းသည် မှိတ်တုတ်မှိတ်တုတ် ကြယ်များနှင့် အလင်းရောင်များအဖြစ်သို့ ပြောင်းလဲသွားပြီးနောက် ကွဲအက်သွားခဲ့သည်။ ထိုအချိန်တွင် ရေခဲခုတင်ပေါ်တွင် လဲလျောင်းနေသော ဂူယန်အာသည် သောက်ရှူးကြယ်ပမာ လှပသော သူမ၏မျက်လုံးများအား ဖြည်းဖြည်းချင်း ဖွင့်လိုက်ရင်း တုန်လှုပ်မှုနှင့်မယုံကြည်နိုင်မှုတို့သည် သူမ၏မျက်နှာလေးထက်တွင် ထင်ဟပ်နေပေသည်။
"မင်း ဘယ်လိုနေသေးလဲ ယန်အာ။" ထန်ရှုသည် လွင့်မျောလာပြီး ခြေလှမ်းအနည်းငယ်ဖြင့် သူမထံ ချဉ်းကပ်ကာ စိုးရိမ်ပူပန်စွာဖြင့် မေးလိုက်သည်။
ဂူယန်အာသည် မျက်တောင် တဖျတ်ဖျတ်ခတ်လိုက်ရင်း ထန်ရှု၏အရှေ့တွင် ရုတ်ခြည်းပင် ပေါ်လာသည်။ သူမ၏ သေးသွယ်နူးညံ့သော ခန္ဓာကိုယ်သည် ထန်ရှု၏ ရင်ခွင်အား မှီတွယ်လိုက်ကာ သူမ၏လက်မောင်းသွယ်သွယ်လေးများက သူ့အား ရစ်ပတ်ထားသည်။ သူမက စိတ်လှုပ်ရှားနေသောကြောင့် တုန်ရီနေသောအသံဖြင့်
“ဆရာသခင် … ယန်အာ့ဒဏ်ရာက ပျောက်ကင်းသွားပြီ။ ဒီခံစားချက်က တကယ်ကို နေလို့ကောင်းတယ်။”
ထန်ရှု၏ရင်ထဲတွင်လည်း လွန်စွာပျော်ရွှင်ခဲ့ရလေပြီ။ ဂူယန်အာသည် သူ့ကြောင့် ကမ္ဘာမြေသို့ လာသောအချိန်တွင် အရိပ်နတ်ဆိုး ကျူးဝူရှို့ တီထွင်ထားသည့် ဆည်းဆာအိပ်မက်ဆိုးကြောင့် ထိခိုက်နစ်နာခဲ့ရသည်ကို သူ သိလိုက်ကတည်းက ဂူယန်အာ၏ဒဏ်ရာအတွက် နတ်ဆိုးရှင်သန်မြက်ပင်နှင့် ခရိုနိုသလင်းကျောက်တို့ကို လုံး၀ ရယူလိုခဲ့သည်။
ယခုတော့ ထိုဆန္ဒသည် အမှန်တကယ် ဖြစ်လာခဲ့ချေပြီ။
သို့သော် စိတ်လှုပ်ရှားပြီးသွားသည့်နောက်တွင် ထန်ရှုသည် စိတ်အနည်းငယ်လေးနေသောကြောင့် ဂူယန်အာ၏လက်ကောက်ဝတ်ကို ဆုပ်ကိုင်ကာ အာရုံခံပြီး သူမ၏ခန္ဓာကိုယ်ကို စစ်ဆေးလိုက်သည်။ သို့သော် သူမ၏သွေးခုန်နှုန်းကို ဆယ်စက္ကန့်ကျော်ကြာ စစ်ဆေးပြီးနောက်တွင် သူမ၏ခန္ဓာကိုယ်ရှိ ဒဏ်ရာများ သက်သာပျောက်ကင်းသွားသည်ကို တွေ့ရသော်လည်း သူမ၏ခန္ဓာကိုယ်အတွင်း၌ အင်မော်တယ်စွမ်းအားကို အရိပ်အယောင်မျှပင် မတွေ့ရသောကြောင့် မျက်မှောင် အနည်းငယ် ကြုပ်သွားရသည်။ ထို့အပြင် ပုံမှန်မဟုတ်သော စွမ်းအားအတက်အကျသည် သူမ၏နှလုံးသားထဲတွင် ဖြစ်ပေါ်နေသည်။
“ဒါ…” ထန်ရှု အချိန်အကြာကြီး စောင့်ကြည့်နေရင်း မျက်မှောင်ကြုပ်သည်ထက် ကြုပ်လာခဲ့သည်။
"အရိပ်နတ်ဆိုးအနက်ရောင်စွမ်းအားလား…"
နောက်ဆုံးတွင် ထန်ရှုသည် ဂူယန်အာ၏နှလုံးသားတွင် တည်ရှိနေသော စွမ်းအားသည် အရိပ်နတ်ဆိုး ကျူးဝူရှို့၏နှလုံးသွေးအဆီအနှစ်ကဲ့သို့ အလားတူသော အရိပ်နတ်ဆိုးအနက်ရောင်စွမ်းအား ဖြစ်သည်ဟု ဆုံးဖြတ်ခဲ့သည်။ သူမ၏နှလုံးသားအတွင်းရှိ သွေးအဆီအနှစ်ထဲတွင် ထည့်သွင်းထားသည့် အရိပ်နတ်ဆိုးအနက်ရောင် စွမ်းအားနှင့် နတ်ဆိုးစွမ်းအားများသည် နတ်ဘုရားစွမ်းအားနှင့်ပင် ယှဉ်နိုင်သော အလွန်အားကောင်းသော စွမ်းအားတစ်မျိုးကို ဖန်တီးပေးခဲ့သည်။
"ဒုက္ခပဲ။" ထန်ရှုသည် မျက်မှောင်တင်းတင်း ကြုတ်လိုက်မိပြီးနောက် ပြုံးနေသော ဂူယန်အာကို ခေါင်းမော့ကြည့်လိုက်သည်။ စိတ်အတွင်းက သက်ပြင်းတစ်ချက်ချရင်း
“အဲ့ဒါက မင်းရဲ့ခွန်အားကို ဘယ်လောက်ထိ သက်ရောက်မှုရှိလဲ ယန်အာ…”
“ယန်အာ့ရဲ့ ခွန်အားအပေါ် ကြီးကြီးမားမား မသက်ရောက်ပါဘူး ဆရာသခင်။ ယန်အာ့နှလုံးသားထဲမှာ ရှိတဲ့ အရိပ်နတ်ဆိုးရဲ့ အနက်ရောင်စွမ်းအားက အရမ်းထူးခြားလို့ အဲ့ဒါကို သန့်စင်ဖို့က အချိန်အတော်ကြာလိမ့်မယ်။ ဒါပေမယ့် ထပ်ပြီး အိပ်မောကျသွားမှာကို စိတ်ပူစရာ မလိုတော့ဘဲ အေးစိမ့်နေတဲ့ လေရဲ့အကူအညီနဲ့ အဲ့ဒါကို ဖိနှိပ်ထားဖို့ပဲ လိုအပ်ပြီး နည်းနည်းချင်း သန့်စင်သွားရမယ်။”ဂူယန်အာက ပေါ့ပေါ့ပါးပါး ပြုံးကာ ပြောလိုက်သည်။
"ဒါဆို မင်း အခုချိန်ထိ စေတီကနေ မထွက်နိုင်သေးဘူးပေါ့။" ထန်ရှုက မေးလိုက်သည်။
"ဟုတ်တယ်။ ဒီအရိပ်နတ်ဆိုးအနက်ရောင်စွမ်းအားကို နှစ်အနည်းငယ်အတွင်း အပြီးသန့်စင်ရုံကလွဲပြီး အခြားနည်းလမ်း မရှိတော့ဘူး။ အဲ့ဒီအချိန်ရောက်လာရင် ယန်အာ့ရဲ့ကျင့်ကြံမှုကို မထိခိုက်စေရုံတင်မကဘူး ဒီကံဆိုးမှုက ကောင်းချီးတစ်ခုအဖြစ် ပြောင်းလဲပြီး ယန်အာ့ရဲ့ ကျင့်ကြံမှုကို ပိုပြီးမြင့်မားတဲ့အဆင့်တစ်ခုထိ ရောက်အောင် မြှင့်တင်ပေးလိမ့်မယ်။"
***