မြေးတပည့်ထံမှ အကူအညီ တောင်းခံလာခြင်း
Vol. 43 Ch. 594
ထန်ရှုက လေးပင်စွာ ခေါင်းညိတ်ပြီး တိုက်တွန်းလိုက်သည်။
“ဒါဆိုလည်း အရိပ်နတ်ဆိုးအနက်ရောင်စွမ်းအားကို အေးအေးဆေးဆေး ဒီမှာ သန့်စင်ပါ။ အပြင်က ကိစ္စတွေ ငါ့တာဝန်ထားလိုက်။ အချိန်ကျလာလို့ မင်း ဒီပြဿနာကနေ လုံးလုံးလျားလျား ကင်းလွတ်သွားရင် ငါနဲ့အတူ အပြင် ပြန်ထွက်လို့ရပြီ။"
ဂူယန်အာက ပြုံးပြုံးရွှင်ရွှင် ခေါင်းညိတ်ပြပြီး ထန်ရှုအား အချိန်ကြာမြင့်စွာ ဖက်ထားသည်။ ထို့နောက် သူမက ခေါင်းကို မော့ကာ အပြုံးဖြင့်
"ခရိုနိုသလင်းကျောက်ကို ဘယ်လို ရှာတွေ့တာလဲ ဆရာသခင်။"
“အစတုန်းကတော့ ခရိုနိုသလင်းကျောက်ကို ကမ္ဘာမြေပေါ်မှာ မရှိနိုင်ဘူးလို့ ငါ ထင်နေခဲ့တာ။ ဒါကြောင့် လေဟာနယ်ကို ဖြတ်ကျော်ပြီး ကမ္ဘာ့အပြင်က ကြယ်ပွင့်တွေဆီ သွားပြီး ရှာဖို့အထိ စီစဉ်ထားခဲ့တာလေ။ ဒါပေမယ့် အဲလ်ပ်တောင်တန်းတွေကို စူးစမ်းလေ့လာနေတဲ့အဖွဲ့မှာ ငါ့ရဲ့လက်အောက်ငယ်သားရဲ့ လူတွေက အဖွဲ့ကို ကာကွယ်ပေးရတဲ့တာဝန်ကို ထမ်းဆောင်ရင်း ခရိုနိုသလင်းကျောက်ကို တွေ့လာလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ။ ငါ့ရဲ့ လက်အောက်ငယ်သားက ခရိုနိုသလင်းကျောက်က ဘာဆိုတာ မသိပေမယ့် အလွန်အဖိုးတန်တဲ့ သတ္တုတစ်မျိုး ဖြစ်လိမ့်မယ်ဆိုပြီး ရှန်ဟိုင်းကို ကိုယ်တိုင်လာပို့ပေးခဲ့တယ်။"
ထန်ရှုက ရှင်းပြလိုက်သည်။
"ကြည့်ရတာ ယန်အာ့ရဲ့ကံက ကောင်းနေတဲ့ပုံပဲနော် ဆရာသခင်။"
ဂူယန်အာ ရုတ်ခြည်းပင် နားလည်သွားပြီး ပြုံးပြုံးရွှင်ရွှင် ပြောလာခဲ့သည်။
“နောက်ပြီး ကမ္ဘာပေါ်မှာ ကောင်းမွန်တဲ့ အရာဝတ္ထုတွေ အများကြီး ရှိတယ်။ အင်မော်တယ်ကမ္ဘာက မရေမတွက်နိုင်တဲ့ လူတွေတောင် အပြင်းအထန် တိုက်ပွဲဝင်မယ့် ရတနာတွေ အများကြီးရှိတယ်ဆိုတာ ယန်အာ နားလည်ခဲ့တယ်။ ဒီအတွက် အရေးကြီးတဲ့ အကြောင်းပြချက်တစ်ခု ရှိလိမ့်မယ်လို့ ယန်အာ သံသယဝင်မိတယ်။”
"မှန်တယ်။ ငါ့ရဲ့လက်ရှိကျင့်ကြံမှုက အဆင့်နိမ့်လွန်းနေတာ စိတ်မကောင်းစရာပဲ။ အခု ကမ္ဘာပေါ်မှာ ငါ အခုချက်ချင်း အလွယ်တကူ အလျင်စလို မသွားရဲတဲ့ နေရာတွေ အများကြီးရှိတယ်။ ဒါပေမယ့် ယန်အာ … ယန်အာ့ရဲ့ခန္ဓာကိုယ်ထဲမှာ အရိပ်နတ်ဆိုးအနက်ရောင်စွမ်းအားကို လုံး၀ သန့်စင်ပြီးသွားရင် ဆရာသခင်နဲ့အတူ မင်း လျှောက်သွားလို့ ရတယ်။ နောက်ပိုင်းမှာ မင်းမှာ ဘာပြဿနာမှ ရှိလာမှာ မဟုတ်ဘူးဆိုတာ အသေအချာ ပြောနိုင်တယ်။"
အရောင်လက်လာသော မျက်လုံးများ နှင့်အတူ ဂူယန်အာသည် အနည်းငယ် စိတ်လှုပ်ရှားစွာဖြင့်
"သည်အရိပ်နတ်ဆိုးအနက်ရောင်စွမ်းအားကို အပြီး သန့်စင်ဖို့ ယန်အာ အကောင်းဆုံး ကြိုးစားပါ့မယ်။"
ထို့နောက် ဆရာတပည့်နှစ်ယောက်သည် အချိန်အတော်ကြာ စကားလက်ဆုံကျနေရင်း ထန်ရှုက အပြုံးဖြင့်
"ယန်အာ့ကို ကုသဖို့ ခရိုနိုသလင်းကျောက်နဲ့ နတ်ဆိုးရှင်သန်မြက် ရလာလို့ ကျိချွိမိန်နဲ့ အလင်းအမှောင်တို့ကို အပြင်မှာနေဖို့ ငါ ပြောခဲ့တယ်။ အခု ယန်အာ နိုးလာပြီမို့ သူတို့ကို ဝင်လာခိုင်းလိုက်ဦး။”
“ဆရာသခင် … ယန်အာ့ရဲ့ခန္ဓာကိုယ်ထဲမှာ အရိပ်နတ်ဆိုးအနက်ရောင်စွမ်းအားက ပုန်းအောင်းနေတဲ့ အန္တရာယ်တစ်ခုဆိုပေမယ့် နေ့တိုင်း အပြင်မှာ တစ်နာရီ နှစ်နာရီလောက် နေဖို့က ပြဿနာ မဖြစ်ပါဘူး။ နောက်ပြီး ဆရာသခင်နဲ့ အပြင်ထွက်ပြီး စားသောက်ချင်သေးတယ်။ သူတို့ကို အထဲ မခေါ်တော့ဘူး။ ယန်အာတို့ တန်းထွက်သွားမယ်လေနော်။"
ထန်ရှု တခဏ တွေးတောလိုက်ပြီးနောက်
"ဒါဆို ငါတို့ အပြင်ထွက်လို့ရတယ်။ ဒါပေမယ့် ယန်အာ မှတ်ထားရမှာက စေတီရဲ့အပြင်ဘက်မှာ နှစ်နာရီထက် ပိုကြာအောင် နေလို့မရဘူးနော်။ တတ်နိုင်သမျှ အပြင်မထွက်တာ အကောင်းဆုံးပဲ။”
"ကောင်းပါပြီရှင်။" ဂူယန်အာက ပြုံးပြီး ခေါင်းညိတ်သည်။
ခမ်းနားသပ္ပာယ်သောစေတီတော်၏အပြင်ဘက်တွင် ကျိချွိမိန်၊ အလင်းနှင့် အမှောင်တို့သည် တင်ပျဉ်ခွေထိုင်ကာ ကျင့်ကြံနေကြသည်။ ဂူရှောင်ရွှဲ့တစ်ယောက်သာ စိတ်လှုပ်ရှားပြီး လူးလာခေါက်တုံ့ လမ်းလျှောက်နေခဲ့သည်။ သူမ၏ ဆရာအဘိုးသည် မည်သည့်အကြောင်းကြောင့် ကျင်းမန်ကျွန်းသို့ ရုတ်တရက် ရောက်လာပြီး ခမ်းနားသပ္ပာယ်သော စေတီတော်အတွင်းသို့ ဝင်ကာ အကြာကြီး နေသည်ကို သူမ မသိပါချေ။
ဘန်း…
စေတီတော်၏ တံခါးသည် အလိုအလျောက် ပွင့်လာပြီး အတွင်းထဲမှ လူရိပ်နှစ်ရိပ် လွင့်မျောလာသည်။
"ဆ...ဆရာသခင်…" ဂူရှောင်ရွှဲ့ တုန်ရီသွားပြီး မယုံကြည်နိုင်ဟန်ဖြင့် ငေးကြည့်နေမိသည်။
ကျိချွိမိန်၊ အလင်းနှင့် အမှောင်တို့သည် မျက်လုံးများ ချက်ချင်း ပွင့်လာကြသည်။ ဂူယန်အာ၏အခြေအနေအား သူတို့ ကောင်းစွာ သိထားကြသောကြောင့် ထန်ရှု၏လက်မောင်းကို ချိတ်ကာ ထွက်လာသော ဂူယန်အာအား မြင်လိုက်ရသောအခါ အံ့သြတုန်လှုပ်သွားကြပေသည်။
သူမ၏အခြေအနေသည် မေ့မျောနေဆဲဖြစ်ပြီး ပြောရမည်ဆိုပါက နိုးထလာရန် နှစ်ပေါင်းများစွာ အချိန်ယူရပေမည်။
ဒါပေမယ့် သူမ … ဘယ်လို … နိုးထလာတာလဲ။…
"ဆရာသခင် … (အရှင်သခင်)…”
အလင်း၊ အမှောင်နှင့် ကျိချွိမိန်တို့က ကမန်းကတန်း အရိုအသေပေးကြသည်။
ဂူယန်အာက ပြုံးလိုက်ပြီး
"နင်တို့တွေရဲ့ ထိတ်လန့်တုန်လှုပ်နေတဲ့ မျက်နှာတွေကို ကြည့်ရတာ တအား ရယ်စရာကောင်းနေတယ်။ ငါ အခု နိုးလာမယ် လို့ နင်တို့အားလုံး မမျှော်လင့်ထားကြဘူး မဟုတ်လား။"
ဂူရှောင်ရွှဲ့သည် ပြုံးရွှင်မြူးထူးနေပြီး ဂူယန်အာဆီသို့ အပြေးသွားကာ ပွေ့ဖက်ပြီး တုန်တုန်ရီရီအသံဖြင့်
“ကျွန်မတို့ မထင်ထားကြဘူး။ ဆရာသခင် အခုချိန် နိုးလာလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့မိကြဘူး။ သိပ်ကောင်းတာပဲ။ ဒါ ဆရာအဘိုးကြောင့်ပဲ နေမယ်။ သေချာပေါက် ဆရာသခင့်ကို ကုသဖို့ နည်းလမ်း ရှာတွေ့လာခဲ့တယ်။”
ဂူယန်အာက ခပ်ဖွဖွ ပြုံးလိုက်ပြီး
"အင်း … ငါ့ဒဏ်ရာက အခြေခံအားဖြင့် ပြန်ကောင်းလာပါပြီ။ ဒါပေမယ့် အထူးပြဿနာတွေကို ငါ မဖြေရှင်းနိုင်သေးဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ငါ နောက်တစ်ကြိမ် မေ့မျောသွားတဲ့ အခြေအနေကို ပြန်မရောက်တော့ပါဘူး။ ဒါပေမယ့် ဒီဒဏ်ရာက နှစ်ပေါင်းများစွာကြာသွားတာဆိုတော့ ငါ့ခန္ဓာကိုယ်ထဲမှာ ပုန်းကွယ်နေတဲ့ အန္တရာယ်တွေကို အပြည့်အဝ ဖယ်ရှားနိုင်ဖို့ နေ့တိုင်း ကျင့်ကြံဖို့ပဲ လိုတော့တယ်။"
"တကယ်လား ဆရာသခင် … အဲ့ဒါ တကယ်နော်။" ဂူရှောင်ရွှဲ့ လုံး၀ စိတ်လှုပ်ရှားနေပြီး အခြားသုံးယောက်လည်း အလားတူပင်ဖြစ်တော့သည်။
ထာဝရခန်းမတွင်…
ဂူယန်အာ ပြန်လည်ထွက်ပေါ်လာသောသတင်းသည် ထာဝရခန်းမ၏ပင်မတပည့်တိုင်းဆီသို့ ပျံ့နှံ့သွားခဲ့သည်။ ထို့အပြင် ဂူယန်အာသည် နောက်ပိုင်းတွင် ထာဝရခန်းမကို တာဝန်ယူမည်ဖြစ်ကြောင်းနှင့် ၎င်းတို့၏ ကျင့်ကြံမှုဆိုင်ရာ လမ်းညွှန်ချက်ပေးရန်အတွက် သူမ၏ သီးသန့်ကျင့်ကြံမှုမှ တစ်ကြိမ်တစ်ခါမျှ ထွက်လာမည်ဖြစ်ကြောင်းကိုလည်း သတင်းစကား ရရှိခဲ့ကြသည်။
သိပ်မကြာခင်မှာပင် ထန်ရှုသည် ဂူယန်အာနှင့်အတူ စားသောက်ခဲ့ပြီး ထာဝရခန်းမတွင် သူ ခေတ္တနေခဲ့သည်။ ရှန်ဟိုင်းတက္ကသိုလ်ရှိ သူ၏သင်ခန်းစာများ နှောင့်နှေးကုန်သော်လည်း ဂူယန်အာနှင့် ပိုပြီး အချိန်ကုန်ဆုံးချင်သေးသည်။ တစ်ပတ်အကြာတွင် သူမအား နှုတ်ဆက်ပြီး ရှန်ဟိုင်းသို့ ထန်ရှု ပြန်လာခဲ့သည်။
သူ့အတွက် နောက်ပိုင်းအဖြစ်အပျက်များသည် တူညီနေဆဲပင်ဖြစ်သည်။ ကျောင်းတွင် အတန်းတက်ခြင်းအပြင် ထန်ရှုသည် သိုက်ရှင်းရွှယ်အား ဆေးပညာသင်ကြားပေးခြင်း၊ ကျန်အချိန်များကို စာအုပ်ဖတ်ခြင်း သို့မဟုတ် ကျင့်ကြံခြင်းတို့ဖြင့် အချိန်အား ကုန်ဆုံးစေခဲ့သည်။ သူ၏အချိန်များသည် ပျော်ရွှင်ချမ်းမြေ့မှုများဖြင့်သာ ကုန်ဆုံးခဲ့သည်။ နှစ်သစ်ကူး နီးသည့်တိုင်အောင် သူသည် ကျင်းမန်ကျွန်းသို့ သွားကာ ဂူယန်အာအား နှစ်ရက် အချိန်ပေးခဲ့သေးသည်။
ခမ်းနားသော ထန်စီးပွားရေးလုပ်ငန်းစု၏လုပ်ငန်းသည် အချိန်တွေ ဖြတ်သန်းလာသည်နှင့်အမျှ ပိုပိုကောင်းလာခဲ့သည်။ ကုန်ပစ္စည်းတိုင်းသည် ထုတ်မလောက်ဆဲ ဖြစ်နေသေးပြီး စင်ပေါ်တင်လိုက်တိုင်း အလုယက်ခံလိုက်ရသည့်အလား ခဏချင်း ရောင်းကုန်သွားပေသည်။ အရင်းအနှီးငွေများ စုပုံလာခြင်းနှင့်အတူ ခန်းရှသည် ကြယ်တာရာတွင် နေထိုင်သည့်အချိန်သည်လည်း နည်းသည်ထက် နည်းပါးလာသည်။ နိုင်ငံတစ်ဝှမ်းရှိ ပြည်နယ်များတွင် ရုံးခွဲများဖွင့်လှစ်ခြင်းအပြင် ရှန်ဟိုင်းရှိ သူမ၏အချိန်တစ်ဝက်အား အစိုးရနှင့်မြေယူခြင်းဆိုင်ရာ သဘောတူညီချက်ကို ညှိနှိုင်းရာတွင် ကုန်ဆုံးစေသကဲ့သို့ ခမ်းနားသောထန် စီးပွားရေးလုပ်ငန်းစုအတွက် ရုံးချုပ်အသစ်နှင့် စက်ရုံကြီးနှစ်ခု တည်ဆောက်ရန် ဆောက်လုပ်ရေးကုမ္ပဏီနှင့် ဆက်သွယ်ခဲ့သည်။
နှစ်ကုန်ခါနီး၏အားလပ်ရက်ပထမဆုံးနေ့တွင် ထန်ရှုသည် မမျှော်လင့်ထားသော ဖုန်းခေါ်ဆိုမှုတစ်ခုကို လက်ခံရရှိခဲ့သည်။
"ခွင့်လွှတ်ပါ … ဆရာအဘိုးထန်ရှုလားခင်ဗျာ။" ဖုန်းထဲက လူငယ်တစ်ယောက်၏ကြောက်ရွံ့နေသော အသံတစ်ခု ထွက်ပေါ်လာသည်။
ထန်ရှု မျက်ခုံးတွန့်ချိုးသွားရပြီး
"ငါ ထန်ရှုပါ။ မင်းက ဘယ်သူလဲ။"
တစ်ဖက်လူ၏လေသံမှာ သိသိသာသာ စိတ်လှုပ်ရှားနေပြီး
"ငါက ချန်းထုံပါ ဆရာအဘိုး။"
…ချန်းထုံလား…
ထန်ရှု အံ့အားသင့်သွားကာ တစ်ချက်တွေဝသွေားပြီးမှ ထိုလူငယ်သည် ချန်းကျီကျုံး၏သား ဖြစ်သည်ကို ပြန်မှတ်မိသွားသည်။ ချန်းကျီကျုံးထံမှ ချန်းထုံ၏ နာမည်အား ယခင်က သူ ကြားဖူးထားသည်။
“မင်း ငါ့ဆီက တစ်ခုခု လိုအပ်တာများ ရှိသေးလား။”
“ဆရာအဘိုး … ဆရာအဘိုးက နတ်ဆေးသမားတော် တစ်ယောက်လို့ အဖေက တစ်ခါတုန်းက ပြောခဲ့ဖူးတယ်။ ဆရာအဘိုးဆီက အကူအညီ တောင်းချင်လို့ပါ။ ငါ့ရဲ့အတန်းဖော်က ထူးဆန်းတဲ့ရောဂါတစ်ခု ကူးစက်ခံရပြီး အဲ့ဒါကလည်း အရမ်းကူးစက်လွယ်နေတယ်။ အခု သူက ပေကျင်းဗိုင်းရပ်စ်သုတေသနအဖွဲ့အစည်းမှာ သီးခြား နေနေရပါတယ်။ ဆရာအဘိုး သူ့ကို ကယ်ပေးနိုင်မလားခင်ဗျာ။"
“သူ ကူးစက်ခံရတဲ့ ဒီထူးဆန်းတဲ့ရောဂါက အရမ်းကူးစက်လွယ်တယ်ဆိုရင် အစိုးရဌာနက လူအချို့ ပါဝင်သင့်တယ် မဟုတ်လား။ ရောဂါအတိအကျက ဘာတဲ့လဲ။”
"သူတို့ဆီက အကြောင်းပြန်တာ မရှိသေးဘူး။" ချန်းထုံက စိတ်တိုနေဟန်ဖြင့် ပြန်ဖြေသည်။
“ငါ ပိုက်ဆံတော်တော် အကုန်ခံပြီး သတင်းလိုက်တော့ တချို့သတင်းတွေလောက် ရနိုင်ရုံမျှသာပဲ။ အမျိုးသား ဗိုင်းရပ်စ် သုတေသနအဖွဲ့အစည်းက ဗိုင်းရပ်စ်ဗေဒ ကျွမ်းကျင်သူတွေနဲ့ ပါမောက္ခတွေက ဒီဗိုင်းရပ်စ်အမျိုးအစားသစ်ကို ဘယ်လို ဖွဲ့စည်းထားတာကို မသိနိုင်ကြသေးဘူးတဲ့။ ဒါပေမယ့် ငါ့အတန်းဖော်ကိုတော့ တင်းတင်းကြပ်ကြပ် ထားရှိထားတယ်လို့ ကြားသိရတယ်။ ကုသဖို့ နည်းလမ်းတွေ မတွေ့ဘူးဆိုရင် သူလည်း ပျောက်ကင်းနိုင်တော့မှာ မဟုတ်ဘူး။”
ထန်ရှု တခဏလောက် စဉ်းစားလိုက်ပြီးမှ
"ဒီလို လုပ်ကြရအောင်။ ငါ အခု ပေကျင်းကို လာခဲ့လိုက်မယ်။ အဲ့ဒီကို ရောက်တော့မှ အသေးစိတ် ဆွေးနွေးကြတာပေါ့။ လေယာဉ်လက်မှတ် ကြိုတင်ပြီးတာနဲ့ ငါ့ရဲ့ လေယာဉ်နံပါတ်နဲ့ ဆိုက်ရောက်ချိန်ကို ဖုန်းနဲ့ ပို့ပေးလိုက်မယ်။”
"ဟုတ်…ဟုတ်ကဲ့…ဟုတ်ကဲ့။ ကျေးဇူးတင်ပါတယ် ဆရာအဘိုး။” ချန်းထုံက ကျေးဇူးတင်စကားဆိုသည်။
ဖုန်းခေါ်ဆိုမှု ပြီးဆုံးချိန်တွင် ထန်ရှုသည် ယွမ်ချူးလင်ဆီ ဖုန်းဆက်ရပြန်သည်။ မူလက နှစ်ယောက်သား ကြယ်တာရာမြို့သို့ ပြန်ရန် စီစဉ်ထားရာ လက်ရှိအချိန်တွင် သူနှင့်မပြန်နိုင်ဘဲ ခရီးစဉ်အား ပြောင်းရတော့မည်ဖြစ်သည်။ ထန်ရှုသည် ကြယ်တာရာသို့ မပြန်နိုင်သေးကြောင်း ပြောကြားပြီးနောက် ယွမ်ချူးလင်သည်လည်း ရှန်ဟိုင်းတွင် နေရန် ဆုံးဖြတ်ခဲ့သည်။ နှစ်သစ်ကူးအပြီးတွင် သူနှင့်စပ်တူ လုပ်နေသည့် ကျန်းမာကြံ့ခိုင်ရေးစင်တာကို ဖွင့်လှစ်ရန် စီစဉ်ထားသော်လည်း လက်ရှိအချိန်တွင် မပြန်တော့သည့်အတွက် နှစ်သစ်မတိုင်မီ လုပ်ငန်းစတင်ရန် ယွမ်ချူးလင် ဆုံးဖြတ်ခဲ့သည်။
တစ်ခုသောနေ့လည်ခင်းတွင် ထန်ရှုသည် ပေကျင်းလေဆိပ်မှ ထွက်လာပြီး ဘေးဘီဝဲယာ လှည့်ကြည့်လိုက်သည်။ ထို့နောက်တွင် အရောင်ဖျော့ထားသော အဝါရောင်ဆံပင်နှင့် အဖြူရောင် ကုတ်အင်္ကျီ ဝတ်ထားသည့် လူငယ်တစ်ဦးသည် သူ့ဆီသို့ ပြေးလာနေသည်ကို တွေ့လိုက်ရသည်။ အပြင်ဘက်တွင် မိုးရွာနေသောကြောင့် ထီးနှစ်ချောင်းလည်း ပါလာခဲ့သည်။
"ချန်းထုံလား။" ထန်ရှုက မေးလိုက်သည်။
"ငါက ချန်းထုံပါ ဆရာအဘိုး။ ဒါပေမယ့် ဆရာအဘိုး ... မင်းက ဘာလို့ အဝတ်နည်းနည်းပဲ ဝတ်ထားတာလဲ။ ပေကျင်းရဲ့အပူချိန်က သုညအောက်ထိကျဆင်းသွားပြီ။ ကျေးဇူးပြုပြီး ငါ့ရဲ့ကုတ်အင်္ကျီကို ဝတ်ပါ။”
ထိုစကားကို ပြောပြီးနောက် သူက ကုတ်အင်္ကျီကို ချွတ်ကာ ထန်ရှုအား ပေးလိုက်သည်။
ထန်ရှုက သူ့လက်ကို ဝှေ့ယမ်းကာ တားလိုက်သည်။ ပေါ့ပေါ့ပါးပါးအဝတ်အစားတွေပဲ ဝတ်ထားသော်ငြား လက်ရှိကျင့်ကြံမှုဖြင့် သူ့ပတ်ဝန်းကျင်ရှိ အပူချိန်ကို အလွယ်တကူ ချိန်ညှိနိုင်သောကြောင့် သူ မအေးပေ။ ထန်ရှုက အပြုံးဖြင့် ပြောလိုက်သည်။
"ငါ့မှတ်ဉာဏ်က မှန်တယ်ဆိုရင် မင်းက နိုင်ငံခြားမှာ ကျောင်းတက်နေတယ်ဆို မင်းအဖေ ပြောဖူးတယ်။ အခု ပေကျင်းကို ဘယ်လိုရောက်လာတာလဲ။”
ချန်းထုံက အားတင်းပြုံးလိုက်ပြီး
“ငါ့ရဲ့ ကျောင်းသင်ရိုးညွှန်းတမ်းက အတော်လေးကို အေးအေးဆေးဆေးမို့ အားလပ်ရက် စောစောစီးစီး ရခဲ့တယ်။ အတန်းဖော်ရဲ့မိသားစုက ဒီမှာနေတာမို့ လွန်ခဲ့တဲ့လေးရက်လောက်က သူနဲ့ ပေကျင်းကို လိုက်လာခဲ့တာ။ ကြယ်တာရာကို မပြန်ခင် ရက်နည်းနည်းလောက် ကောင်းကောင်း လျှောက်လည်ဖို့ အစက ရည်ရွယ်ထားခဲ့တာလေ။ လေယာဉ်ပေါ် ရောက်တော့ သူ စဖျားလာတယ်။ အဖျားက နည်းနည်းလေးတောင် သက်သာမလာဘဲ ပူလောင်ပြီး အဖျားကြီးလာလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ။ ပေကျင်းမြို့ကို ရောက်တော့ သူ့ကို ဆေးရုံတင်လိုက်ပြီး နောက်ဆုံးမှာ ဗိုင်းရပ်စ်ရောဂါ ကူးစက်ခံထားရတယ်လို့ စစ်ဆေးတွေ့ရှိခဲ့တယ်။ ငါကိုယ်တိုင်လည်း သီးခြားအထားခံခဲ့ရဖို့ ရှိပေမယ့် အခွင့်အရေးကို ရအောင်ယူပြီး လွတ်လာခဲ့တယ်။ အာ ဟုတ်သားပဲ ဆရာအဘိုး…။ အဲ့ဒီလေယာဉ်ပေါ် လိုက်ပါလာတဲ့ ခရီးသည်တွေအားလုံးလည်း ငါ့အတန်းဖော်ကြောင့် သီးခြားစီ ခွဲနေ နေရတယ်။ ဆရာဝန်တွေနဲ့ သူနာပြုတွေ အပါအဝင် သူနဲ့ ထိတွေ့မိသူတိုင်းကို လေယာဉ်ပေါ်ကနေ ဆင်းပြီးတာနဲ့ သီးခြားစီ ခွဲနေခိုင်းထားတာ။”
"အဲ့ဒီမှာ အတိအကျ လူ ဘယ်နှစ်ယောက်ရှိလဲ။" ထန်ရှုက မေးလိုက်သည်။
"လူ ၂၀၀ ကျော်တယ်။ အဲ့ဒီအထဲက ထက်ဝက်ကျော်က အတန်းဖော်ရဲ့ လက္ခဏာတွေနဲ့ အတူတူပဲ … ပူလာပြီး အဖျားကြီးလာတယ်။”
"ပြီးတော့ မင်းရော … မင်း အဆင်ပြေရဲ့လား။" ထန်ရှုက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
"ဆရာအဘိုး မေးတဲ့မေးခွန်းက ငါလည်း ထူးဆန်းနေတယ်။" ချန်းထုံက ခေါင်းခါလိုက်သည်။ “အဖေက ငါ့ကို ငယ်စဉ်ကတည်းက ကိုယ်ခံပညာ အတင်းလေ့ကျင့်ခိုင်းလို့ ငါ့ရဲ့ကိုယ်ခန္ဓာကြံ့ခိုင်မှုက အမြဲကောင်းနေပေမယ့် ဗိုင်းရပ်စ်က တံတွေး၊ လေနဲ့ တိုက်ရိုက်ထိတွေ့မှုကနေ ကူးစက်နိုင်တယ်ဆိုပဲ။ သူနဲ့ငါက ချစ်သူတွေမို့ နမ်းရှုံ့တာတွေတောင် လုပ်ခဲ့ကြပေမယ့် အခုအချိန်အထိ ငါ ဘာမှ မဖြစ်သေးဘူး။”
ထန်ရှုသည် မျက်ခုံးပင့်လိုက်မိပြီး ချန်းထုံ၏လက်ကောက်ဝတ်ကို ဖမ်းဆုပ်ကာ သွေးခုန်နှုန်းအား စစ်ဆေးလိုက်သည်။ ချန်းထုံတွင် အမှန်တကယ်ပင် ဗိုင်းရပ်စ်၏လက္ခဏာတစ်ခုခု ကူးစက်ခြင်းမရှိကြောင်း တွေ့ခဲ့သည်။
"အိုး…" ထန်ရှုသည် ချန်းထုံထံမှ အတက်အကျဖြစ်နေသော စွမ်းအားလှိုင်းတစ်ခုကို ခံစားမိသည်။ ထိုသူ၏လည်ပင်းမှာ ဝတ်ဆင်ထားသော အနီရောင်ကြိုးကို အမြန်ဆွဲထုတ်လိုက်ရာ တစ်ချိန်က သူ သန့်စင်ပေးထားသည့် အဆောင်လေးအား ဝတ်ဆင်ထားသည်ကို တွေ့လိုက်ရသည်။
“မင်းအဖေက မင်းကို တကယ်ချစ်တာပဲ။ ငါ သူ့ကို ပေးခဲ့တဲ့ ဒီအရေးကြီးတဲ့ အဆောင်ကို မင်းကို တကယ်ပေးထားခဲ့တာပဲကွ။ သွားရအောင် … ငါ့ကို ဗိုင်းရပ်စ် သုတေသနအဖွဲ့အစည်းကို ခေါ်သွားပေး။"
ချန်းထုံက တုန်တုန်ယင်ယင်ဖြင့် အလျင်စလို ပြောလိုက်သည်။
“ဆရာအဘိုး … ငါ ဗိုင်းရပ်စ်သုတေသနအဖွဲ့အစည်းဆီ မသွားနိုင်လောက်ဘူး။ ဆရာအဘိုး မသိလို့နော် … ပြည်သူ့လုံခြုံရေးဗျူရိုက လူတွေအပါအဝင် လူအများအပြား ငါ့ကို ရှာနေကြတာ။ သူတို့သာ ဖမ်းမိသွားရင် သေချာပေါက် အထိန်းသိမ်းခံရပြီး တစ်ယောက်တည်း သီးခြားနေရလိမ့်မယ်။ ကျွန်တော်ကြားတာက သူတို့ မကုသပေးနိုင်ရင် သေဒဏ်ပေးခံရတာနဲ့ အတူတူပဲတဲ့။”
***