← Chapters

မြို့တော်၏ဗြဟ္မာဦးခေါင်းလေး

Vol. 43 Ch. 595

မြို့တော်၏ဗြဟ္မာဦးခေါင်းလေး

Vol. 43 Ch. 595

ချန်းထုံ၏ကြောက်ရွံ့မှုကို ထန်ရှု နားလည်နိုင်ပေသည်။ ဆားစ်ရောဂါကြောင့် လူအများအပြား သီးခြားခွဲနေရပြီး သေဆုံးခဲ့ရသော ၂၀၀၂ခုနှစ်တုန်းက အဖြစ်အပျက်များကို သူ ပြန်ပြောင်းသတိရသွားမိသည်။ လက်ရှိအခြေအနေအရ တရုတ်နိုင်ငံရှိ လူအများအပြားသည် ကူးစက်ရောဂါများကို အကြောက်ကြီး ကြောက်ရွံ့နေကြပြီး ယခင်က ဖြစ်ပွားခဲ့သည့် ဒုဗ္ဘိက္ခန္တရကပ်၊ ရောဂန္တရကပ်၊ သတ္ထန္တရကပ်၏ဒဏ်များကြောင့် လူများစွာ သေဆုံးခဲ့ရခြင်းများသည် ပြီးပြည့်စုံသော ဥပမာများ ဖြစ်လေသည်။

"ငါ့ရဲ့မြေးတပည့်တစ်ယောက်အနေနဲ့ သတ္တိအပြည့်တော့ ရှိရမယ် ချန်းထုံ။ မင်းရဲ့အဖေက အာဂယောက်ျားမို့ သူ့သားက ဘာမှ အသုံးမကျတဲ့သူတစ်ယောက် မဖြစ်စေနဲ့။ ငါ့ကို ယုံ … မင်း ဘေးကင်းရစေမယ်လို့ ငါ အာမခံတယ်။"

ချန်းထုံ ချီတုံချတုံ ဖြစ်နေပြီးနောက် ခေါင်းညိတ်ပြီး "ဒီစကားတွေ ပြောနေတာ ဆရာအဘိုးဖြစ်နေမှတော့ ငါ ယုံပါတယ်။ သွားကြစို့ … ငါ့ကားကို အပြင်မှာ ရပ်ထားခဲ့တယ်။"

ထန်ရှု ကျေနပ်စွာ ခေါင်းညိတ်သည်။ သူ့ထက် တစ်နှစ် နှစ်နှစ်လောက် ငယ်မည်ဟုထင်ရသော ချန်းထုံသည် ရှားရှားပါးပါး သတ္တိရှိပေသည်။ အထူးသဖြင့်…သူက ထန်ရှုအား အထူးယုံကြည်သည်။

****

အမျိုးသား ဗိုင်းရပ်စ်ရောဂါပိုးသုတေသန အဖွဲ့အစည်းသည် ပေကျင်း၏ဝေးလံသော အရှေ့တောင်ဘက် ဆင်ခြေဖုံးအရပ်တွင် တည်ရှိသည်။ ထိုနေရာသည် အပေါ်ယံတွင် ကြီးမားသော ဓာတုလုပ်ငန်းခွင်ဟု ပြထားသော်လည်း အတွင်းပိုင်းတွင် အစောင့်အကြပ် အလွန်တင်းကြပ်သော ဗိုင်းရပ်စ် သုတေသန စင်တာတစ်ခု ဖြစ်သည်။ အဆိုပါနေရာနှင့် နှစ်ကီလိုမီတာအကွာတွင် ရဲအရာရှိများသည် ပုံမှန်အဝတ်အစားများကို ဝတ်ဆင်ကာ အနီးတစ်ဝိုက်တွင် ကင်းလှည့်နေသည်ကို မြင်တွေ့ရပြီး အတွင်းပိုင်းတွင် အထူးတင်းကျပ်စွာ စီစဉ်ထားသည့် အစောင့်နေရာများလည်း ရှိသည်။

ကျန်းလေ့သည် အမျိုးသားဗိုင်းရပ်ရောဂါသုတေသန အဖွဲ့အစည်း၏ လုံခြုံရေးအဖွဲ့မှူးဖြစ်ပြီး တစ်ချိန်က ထူးခြားသောစစ်ရေးများတွင် ပြောင်မြောက်သော စွမ်းရည်များအား ပြသခဲ့သည့် ထူးချွန်အထူးတပ်ဖွဲ့ဝင် တစ်ဦး ဖြစ်သည်။ သူသည် တက္ကသိုလ်တွင် သူ၏မေဂျာကို ပြီးမြောက်ပြီးနောက် ဤနေရာ၏လုံခြုံရေးတာဝန်ကို ထမ်းဆောင်ခဲ့သည်။

အပြင်ဘက်ဆုံး တံခါးရှေ့တွင် ရပ်နေသော ကျန်းလေ့၏ မျက်လုံးများတွင် စိုးရိမ်ထိတ်လန့်သော အမူအရာ ဖြစ်ပေါ်နေသည်။ ကြောက်မက်ဖွယ်ကောင်းသော ဗိုင်းရပ်စ် အမျိုးအစားသစ်တစ်ခု ထွက်ပေါ်လာပြီး ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုလည်း ကျယ်ပြန့်လာသောကြောင့် ဖြစ်သည်။ သုတေသနအဖွဲ့အစည်းတစ်ခုလုံးသည် လေးလံသော ပတ်ဝန်းကျင်လေထုဖြင့် မွန်းကျပ်နေသည်။ ပြင်ပမှ ဝင်လာသော ကွန်တိန်နာထရပ်ကားသည် ဗိုင်းရပ်စ် ကူးစက်ခံထားရသော လူများ သို့မဟုတ် ရောဂါပိုးရှိသူနှင့် နီးကပ်စွာ ထိတွေ့ဖူးသူများအား သယ်ဆောင်လာသည်ကို သူ ကောင်းစွာ သိထားသည်။

"အပြင်မှာ တခြားကားတစ်စီးက ဆေးရုံတင်ဖို့ ခွင့်တောင်းနေပါတယ်။" လုံခြုံရေးလုပ်ဖော်ကိုင်ဖက်၏ အသံသည် သူ၏ခါးပေါ်ရှိ ဆက်သွယ်ရေးစက်မှတဆင့် ဝင်ရောက်လာသည်။

“သူတို့ရဲ့ စာရွက်စာတမ်းတွေကို စစ်ဆေးပြီး ကားထဲမှာ အန္တရာယ်ရှိတဲ့ ပစ္စည်းတွေ ရှိမရှိ စစ်ဆေးပါ။ ယခင်စစ်ဆေးမှုနည်းလမ်းအတိုင်း ဆက်လက် စစ်ဆေးပြီး ကျယ်ကျယ်ပြန့်ပြန့်စစ်ဆေးပါ။ ကားအတွင်းရှိ လူတွေနဲ့ မထိတွေ့မိစေအောင် ဓာတ်ငွေ့မျက်နှာဖုံးကို အချိန်တိုင်းဝတ်ဆင်ဖို့ သတိရပါ။”ကျန်းလေ့က လေသံတိမ်တိမ်ဖြင့် ပြောလိုက်သည်။

"နားလည်ပါပြီ။" ဆက်သွယ်ရေးစက်မှ အကြောင်းပြန်လာခဲ့သည်။

အကြည့်စူးစူးတစ်ချက်ဖြင့် အကဲခတ်ရင်း ကျန်းလေ့သည် ရုတ်တရက် ဆေးလိပ်သောက်ချင်လာသော်လည်း သည်သုတေသနနေရာ၏စည်းမျဉ်းများသည် အပြင်ဘက်ဆုံးတံခါးမှ အနည်းဆုံး နှစ်ကီလိုမီတာအကွာထိ ဆေးလိပ်သောက်ခြင်းကို တားမြစ်ထားသည်။ ခဏလောက် စဉ်းစားပြီးမှ အခြေအနေကို စူးစမ်းရန် အပြင်ထွက်ရင်း စိတ်ဓာတ်ကျခြင်းကို သက်သာစေရန် စီးကရက်တစ်လိပ်လောက် သောက်မည်ဟု ဆုံးဖြတ်လိုက်သည်။

မိနစ်အနည်းငယ်အကြာတွင် သူသည် နှစ်ကီလိုမီတာအကွာမှ ပထမအတားအဆီးမျဉ်းကို ဖြတ်၍ မောင်းနှင်လာစဉ် ကွန်တိန်နာထရပ်ကားသည် စစ်ဆေးပြီးစီးခဲ့ပြီး ဝင်ရောက်ခွင့်ပြုခဲ့ပြီးဖြစ်သည်။

"ခေါင်းဆောင်…"

အနက်ရောင် လုံခြုံရေး ယူနီဖောင်းများ ဝတ်ဆင်ထားသည့် လုံခြုံရေး အစောင့် တစ်ဒါဇင်ကျော်က သူ့အား အလေးပြုသည်။

အလေးပြုခြင်းကို ခံယူပြီးနောက် ကျန်းလေ့သည် သူ့အိတ်ကပ်ထဲမှ စီးကရက်တစ်လိပ်ကို ထုတ်ယူကာ မီးညှိလိုက်ပြီး ခပ်ပြင်းပြင်း နှစ်ချက်လောက် ဖွာရှိုက်လိုက်သည်။ ထို့နောက် ကျန်သော စီးကရက်ဗူးအား အခြားသူများထံ ပစ်ပေးလိုက်ကာ “ဒါ ဒီနေ့အတွက် ပထမဆုံး ထရပ်ကား မဟုတ်လား။”

"ဒါက စတုတ္ထ ထရပ်ကားပဲ။" လုံခြုံရေး အစောင့်တစ်ဦးက ပြန်ပြောသည်။

ကျန်းလေ့သည် စိတ်အတွင်းတွင် တိတ်တဆိတ် သက်ပြင်းချကာ မချိပြုံး ပြုံးရင်း

“အထဲမှာ ကွာရန်တင်းဧရိယာက မလုံလောက်တော့ဘူး။ ဒီကိုပို့ပြီးတာ လူအယောက် ၃၀၀ ရှိသွားပြီ မဟုတ်လား။”

လုံခြုံရေးအစောင့်က ခေါင်းညိတ်ပြီး

“မှတ်တမ်းတင်ထားတဲ့ အချက်အလက်အရဆိုရင် လူ ၃၂၉ ဦး ရှိနေပြီ။ သုတေသနသင်တန်းကျောင်းက ကျွမ်းကျင်သူတွေကသာ ဗိုင်းရပ်စ်အတွက် ဆေးကို မရှာနိုင်သေးဘူးဆိုရင် ပထမဆုံးလူနာက ကြာရင် ခံနိုင်ရည်မရှိတော့မှာကို စိုးရတယ်။ နောက်ပြီး အစားအသောက်ပေးပို့ဖို့ တာဝန်ကျတဲ့ ကျန်းကြီးကလည်း အဖျားကြီးတဲ့ လူနာအရေအတွက်က ၆၂ ဦးအထိ တိုးလာခဲ့လို့ အချို့က စိုးရိမ်စရာအခြေအနေရှိတယ်တဲ့။”

ကျန်းလေ့ တစ်ခွန်းမှ မပြောတော့ချေ။ ထိုသို့သောမြင်ကွင်းမျိုးအား သူ မကြုံချင်သော်လည်း သူသည် လုံခြုံရေးအဖွဲ့ဝင်တစ်ဦးမှတပါး ဘာမှမဟုတ်သောကြောင့် တဟုန်ထိုး တက်လာသော ဒီရေကို တွန်းလှန်ရန် ခွန်အားမရှိပါပေ။

…ကားဟွန်းသံ...

အဖြူရောင်ဘီအမ်ဒဗလျူ၅၂၅ကားသည် လူတိုင်း၏အရှေ့တွင် ဖြည်းညှင်းစွာ ရပ်သွားသည်။

ကျန်းလေ့သည် စီးကရက်ကို မီးငြိမ်းလိုက်ပြီး အနီးနားရှိ အမှိုက်ပုံးထဲသို့ ပစ်ထည့်လိုက်သည်။ ထို့နောက် သူသည် အဖြူရောင်ဘီအမ်ဒဗလျူကားအနား လှမ်းလာကာ “ဟယ်လို ရဲဘော်။ ကျေးဇူးပြုပြီး မင်းရဲ့ စာရွက်စာတမ်းတွေကို ငါ့ကိုပြပါ။"

ကားပြတင်းပေါက် ပွင့်လာပြီး ချန်းထုံက

"ငါ ချန်းထုံပါ။ ငါ ဒီအထဲ ဝင်ကိုဝင်ရမှာဖြစ်သလို ငါတို့မှာ ပြစရာ စာရွက်စာတမ်းလည်း မရှိဘူး။"

ကျန်းလေ့၏မျက်နှာသည် တည်တင်းသွားသည်။ သူသည် တစ်စုံတစ်ခုကို သတိရသွားသည့်အလား သူ၏ပစ္စေတိုကို ဆွဲထုတ်ကာ ချန်းထုံအား ချိန်ရွယ်ထားသည်။ တစ်ချိန်တည်းမှာပင် သူသည် နောက်သို့ လေးငါးလှမ်းလောက် အမြန်ဆုတ်ပြီး အော်လိုက်သည်။

"ကားပေါ်က ဆင်းပြီး စစ်ဆေးမှုကို လက်ခံလိုက်။"

ချန်းထုံသည် ရှေ့ခရီးသည်ထိုင်ခုံပေါ်မှ ထန်ရှုကို လှည့်ကြည့်လိုက်သည်။

ထန်ရှုက ချန်းထုံ၏ပခုံးကို အသာပုတ်ကာ ကားပေါ်မှ ဆင်းလိုက်ပြီး ကျန်းလေ့ဆီသို့ လျှောက်သွားသည်။ ထို့နောက် ကျန်းလေ့နှင့် မီတာအနည်းငယ်အကွာတွင် ရပ်လိုက်ပြီး

“ငါက ထန်ရှုပါ။ လက်မှတ်ရ တရုတ်တိုင်းရင်းဆေးဘက်ဆိုင်ရာ သမားတော်ပါ။ အခြေအနေကို ကြည့်ဖို့ ငါ ဗိုင်းရပ်သုတေသနအဖွဲ့အစည်းထဲကို သွားဖို့လိုပါတယ်။ မင်းမှာ ဆုံးဖြတ်ပိုင်ခွင့် မရှိရင် အဖွဲ့အစည်းရဲ့ ဒါရိုက်တာကို ဆက်သွယ်ပြီး အကြောင်းကြားပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။”

ကျန်းလေ့သည် တခဏ တိတ်ဆိတ်နေပြီးမှ သူ၏ ဆက်သွယ်ရေးစက်ကို ထုတ်ကာ ၎င်း၏အထက်လူကြီးထံ သတင်းပို့လိုက်သည်။

"ဒါရိုက်တာ ဝေ … ထန်ရှုလို့ခေါ်တဲ့ တရုတ်တိုင်းရင်းဆေးဘက်ဆိုင်ရာ လက်မှတ် ရထားတဲ့ လူငယ်လေးက သုတေသနဝင်းထဲ ဝင်ချင်တယ်လို့ ပြောပါတယ်။ နောက်ပြီး အလိုရှိနေတဲ့ ချန်းထုံကိုလည်း သူနဲ့အတူ ခေါ်ဆောင်လာပါတယ်။"

"ထန်ရှု ဟုတ်လား။ တရုတ်တိုင်းရင်းဆေးသိပ္ပံကဟုတ်လား။ ဒီလို မဆင်မခြင် အယောင်ဆောင်တဲ့ သောက်ကျိုးနည်းကောင်က ဘယ်က ရောက်လာတာလဲ။ အဲ့ဒါကို မေ့လိုက် … သူ့ဘာသူ ဘာကောင်ပဲဖြစ်နေပါစေ ဒီနေရာကို ဝင်ချင်ရင် အစစ်ဆေးခံရမယ်။ ဟိုကောင်လေးနဲ့ အတူလာကတည်းက သူလည်း ရောဂါပိုး ကူးစက်ခံရတာ ဖြစ်နိုင်တယ်။ သူတို့ကို ချက်ချင်းဖမ်းပြီး ငါတို့ရဲ့ထိန်းသိမ်းရေးအခန်းထဲ ပို့လိုက်။” ဆက်သွယ်ရေးစက်မှ ဒါရိုက်တာဝေ၏အသံကို ထွက်ပေါ်လာသည်။

ကျန်းလဲ့၏အမူအရာ ပြောင်းလဲသွားပြီး အမိန့်ကို လိုက်နာကာ ထန်ရှုအား သေနတ်ဖြင့် တည့်တည့် ချိန်လိုက်ကာ

"ရဲဘော် … ကျေးဇူးပြုပြီး ငါတို့နဲ့ ပူးပေါင်းဆောင်ရွက်ပါ။ ငါတို့ရဲ့ အထက်လူကြီးက မင်းကို စစ်ဆေးပြီး ငါတို့ရဲ့ထိန်းသိမ်းရေးစခန်းထဲကို ခေါ်သွားရမယ်လို့ ညွှန်ကြားထားတယ်။”

ထန်ရှု၏မျက်လုံးများ မှေးစင်းသွားပြီး အေးစက်စက် အလင်းရိပ် ဖြတ်သန်းသွားသည်။

…ထိန်းသိမ်းရေးစခန်းထဲ ခေါ်သွားမယ်ဟုတ်လား…

“ထိန်းသိမ်းရေးစခန်းထဲ ခေါ်ဆောင်သွားမည်။” ဟူသော စာသားတွင် အဓိပ္ပါယ်များစွာရှိသော်လည်း ဤအခြေအနေတွင် လုံးဝကွဲပြားသော အဓိပ္ပါယ်တစ်ခု ရှိနေသည်။ သူသည် သံသယရှိသူမဟုတ်သည့်အပြင် အကူအညီလာပေးသည့် ဆရာဝန်တစ်ဦးဖြစ်သည်။ သူသည် တရုတ်တိုင်းရင်းဆေးဘက်ဆိုင်ရာ ဆရာဝန်တစ်ဦးအဖြစ် သူ၏အထောက်အထားကို ပြသခဲ့သော်လည်း တစ်ဖက်လူမှ မမျှော်လင့်ဘဲ အလွန်ရိုင်းစိုင်းကာ သူ့အား အလွန်ဒေါသထွက်စေသည်။

…ဝရော…

မတိုးသာမဆုတ်သာအခြေအနေတွင် ခပ်လှမ်းလှမ်းဆီမှ ဒါဇင်နှင့်ချီသော အနက်ရောင်ဆာ့ဖ်ကားများသည် ထိန်းချုပ်မရအောင် ခြိမ်းခြောက်နေသော မြင်းရိုင်းများသဖွယ် အင်ဂျင်သံပြင်းပြင်းဖြင့် အရှိန်အဟုန်ကြီးစွာ သူတို့ဆီ ဦးတည်လာခဲ့သည်။ အသက် ၂၆နှစ် သို့မဟုတ် ၂၇နှစ်ကြားရှိ လူရွယ်တစ်ဦးသည် သွားကြားထိုးတံကို ကိုက်လျက် ကားတံခါးအား စနစ်တကျ အဖွင့်အပိတ်လုပ်ကာ ကားပေါ် မှ ဆင်းလာခဲ့သည်။ ထိုလူငယ်သည် နားပေါက်များစွာဖြင့် ဖောက်ကာ ပန်ဆင်ထားပြီး ဆံပင်ကိုလည်း ဟိုက်လိုက်ဖောက်ကာ ဆိုးထားသည်။

သို့သော် ထိုလူရွယ်သည် သူ၏မျက်စိရှေ့တွင် မြင်လိုက်ရသော မြင်ကွင်းအတွက် ရုတ်တရက် မျက်ခုံးပင့်ကာ

“ဟေး … ခွေးကောင်းတစ်ကောင်က လမ်းကို ဘယ်တော့မှ မပိတ်ဘူး။ ဘေးနားကို ရွေ့သွားလိုက်။ ဟေ့ သေနတ်ကိုင်တဲ့လူ … ဒီသခင်လေးက ဘယ်သူလဲဆိုတာ မင်းသိလား။ ဘေးဖယ်ရင် ဖယ် … မဖယ်ရင် မင်းရဲ့ခွေးခြေထောက်ကို ငါ ချိုးပစ်လိုက်မယ်။"

ကျန်းလေ့၏အမူအရာ ပြောင်းလဲသွားသော်လည်း သူသည် ဤထူးဆန်းသော လူရွယ်အား ကိုင်တွယ်ရန် ပျင်းလွန်းလှသည်။ သို့သော်လည်း ထိုလူရွယ် ခေါ်ဆောင်လာသည့် အနက်ရောင်ဝတ်စုံ လူအယောက်နှစ်ဆယ်ကျော်က သူ့အား တိတ်တဆိတ် သတိထားနေစေခဲ့သည်။

"ဟေ့လူတွေ မင်းတို့ ဘယ်သူတွေလဲ။ ဒါက ပုဂ္ဂလိကပိုင် ဓာတုစက်ရုံပါ။ အပြင်လူတွေ အထဲကို ဝင်လို့မရပါဘူး။"

ထူးဆန်းသော လူရွယ်က ရှေ့သို့ ခြေလှမ်းအနည်းငယ် လှမ်းကာ သရော်လိုက်သည်။

“ဒီလိုအရူးချေးပန်းစကားတွေ ငါ့ကို မပြောစမ်းနဲ့။ ဒီနေရာက အမျိုးသားဗိုင်းရပ်ရောဂါပိုး သုတေသနဌာန ဆိုတာကို ဒီသခင်လေးက မသိဘူးလို့ ထင်နေလား။ ဒီ ကျောက်ယွင်တိက ဒီကို မလာခင် မေးလာပြီးသား။ မင်းက ငါ့ညီမကို ဖမ်းပြီး ဒီမှာ ချုပ်ထားတာ။ မင်း ဖယ်ပေးရင်ပေး … နို့မဟုတ်ရင် မင်းရဲ့ခွေးခြေထောက်ကို ချိုးပစ်ဖို့ ငါ့လူတွေကို ပြောလိုက်မယ်။”

ကျန်းလေ့က ကျောက်ယွင်တိအား အေးစက်စွာ ကြည့်လိုက်ကာ ဆက်သွယ်ရေးစက်ကို ချက်ချင်း ကောက်ကိုင်လိုက်ပြီး

“အပြင်ဘက်ကျဆုံး ပိတ်ဆို့ရေးမျဉ်းမှာ အမည်မသိလူတွေရဲ့ ခြိမ်းခြောက်မှုတွေနဲ့ ကြုံနေရပါတယ်။ ဒုတိယနဲ့တတိယအဖွဲ့သားတွေ ဒီကို ချက်ချင်း ပြေးလာခဲ့ပါ။”

ကျောက်ယွင်တိ၏အမူအရာ ပြောင်းလဲသွားပြီး ကျန်းလဲ့အား ဒေါသတကြီး စိုက်ကြည့်လာသည်။ ထို့နောက် သူ့အနောက်မှ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးကို လှည့်ကြည့်ပြီး

“ရိုက်ဖို့ အသင့်ပြင်ထား။ ငါ့လမ်းကို တားဆီးရဲ၊ တိုက်ခိုက်ရဲတဲ့ ဘယ်သူမဆို အကုန်ရိုက်။ သူတို့ရဲ့သေနတ်တွေကို သုံးရဲရင် နှောင့်နှေးမနေနဲ့ … ပြန်သာပစ်။ သူတို့တွေက ငါ့ညီမကို ဖမ်းဆီးပြီး ဗိုင်းရပ်စ်ပိုးသယ်ဆောင်သူလို့ ပြောရဲတယ်ပေါ့ … ဟမ့် … ဒီအဖေက သူ့ကို မကယ်နိုင်ရင် ငါ့နာမည်ကို ပြောင်းပစ်လိုက်မယ်။"

ချက်ခြင်းပင် လူအယောက်နှစ်ဆယ်ကျော်သည် ၎င်းတို့၏သေနတ်များကို ခါးမှ ဆွဲထုတ်ကာ လုံခြုံရေးသော့များကို အလွန်မြန်သောအရှိန်ဖြင့် ဖွင့်လိုက်သည်။ သူတို့၏ တပြေးညီ လှုပ်ရှားမှုများနှင့် မှုန်မှိုင်းနေသော ပတ်ဝန်းကျင်လေထုသည် ကျန်းလေ့၏ နှလုံးသားအား အနည်းငယ် တင်းကျပ်လာစေသည်။ သူသည် အထူးတပ်သားတစ်ဦးဖြစ်ခဲ့ဖူးသောကြောင့် ထိုလူများထံမှ စစ်သားအော်ရာအား သဘာဝကျစွာ ခံစားသိနိုင်ခဲ့သည်။

ကျန်းလေ့ ခဏလောက် တွေးတောပြီးမှ ဆက်သွယ်ရေးစက်ဖြင့် ဒါရိုက်တာဝေ့ဆီ လှမ်းဆက်လိုက်သည်။

"ဒါရိုက်တာ ဝေ … ကျောက်ယွင်တိဆိုတဲ့ လူရွယ်တစ်ယောက်က သေနတ်တွေကိုင်ဆောင်ထားတဲ့ လူနှစ်ဆယ်ကျော်ကို ဦးဆောင်လာတယ်။ သူက ပိတ်ဆို့ထားတဲ့ လမ်းကြောင်းကို ဖြတ်ပြီး သုတေသနဝင်းထဲ ဝင်ဖို့ ကြိုးစားနေတယ်။ ဒီက လက်နက်ကိုင်လုံခြုံရေးအဖွဲ့ကို ကျွန်တော် အကူအညီတောင်းပါတယ်။”

"ကျောက်ယွင်တိ ဟုတ်လား။ ဒီအသက်ရှင်နေတဲ့ ဘိုးဘေးလေးက ဘယ်လိုဖြစ်ပြီး ဒီကိုရောက်လာတာလဲ။”

ကျန်းလေ့ တင်ပြသော သတင်းကို ကြားသောအခါ ဒါရိုက်တာဝေ့သည် ရုတ်တရက် ကျယ်လောင်စွာ အော်လိုက်မိသည်။ စက္ကန့်အနည်းငယ်အကြာတွင် သူ ထပ်ပြောလိုက်သည်။

" ကျန်းလေ့ … ကျောက်ယွင်တိက ပိတ်ဆို့ရေးမျဉ်းကို ဖြတ်ကျော်လိုတယ်ဆိုရင် သူတို့ကို တားဆီးထားဖို့ပဲ လိုတယ်။ သေနတ်တွေတော့ မသုံးနဲ့။ အဲ့ဒီဘိုးဘေးလေးရဲ့နောက်ခံက အတော် အင်အားရှိတယ်။ ငါ သူ့ကို ပြစ်မှားဖို့ မတတ်နိုင်ဘူး။ ဒီကိစ္စနဲ့ပတ်သက်ပြီး အထက်လူကြီးတွေဆီက ညွှန်ကြားချက်တွေ တောင်းရတော့မှာပဲ။”

"နားလည်ပြီ။"

ကျန်းလေ့ မကျေမနပ်ဖြစ်သွားသည်။

ဒါရိုက်တာဝေ့က မိသားစု၏ဒုတိယ ဒါမှမဟုတ် တတိယမျိုးဆက်ကလိုလူကို ဘယ်လိုကြောင့်များ ကြောက်နေရတာလဲ …

သူ မေးခွန်းထုတ်မနေတော့ဘဲ သူ့တာဝန်ကိုသာ လုပ်ဆောင်နေခဲ့သည်။ လူသုံးဆယ်မှ လေးဆယ်ခန့်ရှိသော လုံခြုံရေးအဖွဲ့နှစ်ဖွဲ့ကို ဆွဲထုတ်ပြီး ကျောက်ယွင်တိ၏လူများနှင့် ထိပ်တိုက်ရင်ဆိုင်ရန် ရပ်လိုက်သည်။

ကျောက်ယွင်တိ၏အမည်ကို ကြားလိုက်သောအခါ ထန်ရှုသည် စိတ်ထဲမှ သက်ပြင်းတစ်ချက် ချလိုက်သည်။ ထန်ဝဆေီက ထိုသူ့၏အကြောင်းအား သူ ကြားဖူးထားသည်။ ထိုလူရွယ်သည် ပေကျင်းရှိ ကျောက်မိသားစုအကြီးအကဲ၏ မြေးအရင်းဖြစ်ပြီး မာနကြီးသော၊ အင်အားကြီးသော၊ ပြဿနာကို နှိုးဆွရန် နှစ်သက်သောသူတစ်ယောက်ဖြစ်သည်။ ထန်နှင့်ယောင်မိသားစုများ အပါအဝင် ပေကျင်းရှိ အထင်ကရမိသားစုများမှ ဂျူနီယာများကိုပင် ပြဿနာကို ရှာခဲ့သော်လည်း အမြဲတမ်း သေးငယ်သော အားသာချက်များကိုသာ ရယူနိုင်ပြီး ဆုံးရှုံးမှုကြီးများကိုသာ ရရှိခဲ့ပေသည်။

သည်ငနဲသားသည် လူယောင်ဆောင်ထားသည့် နတ်ဆိုးတစ်ကောင်ဟုပင် ဆိုနိုင်သည်။

အချင်းချင်း ထိပ်တိုက်တွေ့နေကြသော လူအုပ်စုနှစ်စုကို ကြည့်ရင်း ထန်ရှုသည် သက်ပြင်းထပ်မံချမိကာ ပိုဝေးသော နေရာဆီသို့ လှည့်လိုက်သည်။

"ဟေး ဟေး ကိုယ့်လူ။ မင်းလည်း ဒီဒုက္ခကို ခံစားခဲ့သေးတယ် မဟုတ်လား။ မင်းကို သေနတ်နဲ့ ချိန်ထားတာ ငါ မြင်လိုက်ရတယ်။ အခု မင်းရဲ့သတ္တိတွေ ဆုံးရှုံးသွားပြီလို့ ငါ့ကို မပြောနဲ့နော်။ မင်း ထွက်ပြေးတော့မလို့လား။"

ထန်ရှု လှည့်ထွက်သွားတာကို မြင်သည့် ကျောက်ယွင်တိက ကျယ်လောင်စွာ အော်လိုက်သည်။ သူသည် ဒုတိယ၊ တတိယသခင်လေးများ၏ဘုရင် ဖြစ်နိုင်သော်လည်း အရူးတစ်ယောက်တော့ မဟုတ်ပေ။ နိုင်ငံတော်အဖွဲ့အစည်းကို ထိုးဖောက်ဝင်ရောက်ရန် သေနတ်များ ယူဆောင်လာသူများသည် ယနေ့ခေတ်အခြေအနေအရ ဆိုးရွားသော အကျိုးဆက်များကို ကြုံတွေ့ရမည်ဖြစ်သည်။ အဖမ်းခံရသူက သူ့ညီမအရင်း မဟုတ်ပါက သည်လို မိုက်မဲသည့်ကိစ္စကို သူ ဘယ်တော့မှ လုပ်မည်မဟုတ်ပေ။ သို့သော် သေနတ်ဖြင့် ချိန်ရွယ်ခံထားရသော ထိုလူငယ်တွင်လည်း အားကောင်းသည့် နောက်ခံရှိမည်ဆိုပါက အကျပ်အတည်းကို ခွဲဝေပေးနိုင်မည့်လူတစ်ဦး ဖြစ်လာပေလိမ့်မည်။

ထန်ရှု၏ခြေလှမ်းသည် ရပ်တန့်သွားသည်။ ကျောက်ယွင်တိအား တစ်ချက် စိုက်ကြည့်လိုက်ပြီးနောက် လက်ကိုင်ဖုန်းကို ထုတ်ကာ အဒေါ်ဖြစ်သူ ထန်မင်း၏ဖုန်းနံပါတ်ကို ခေါ်ဆိုလိုက်သည်။ ဖုန်းခေါ်ဆိုမှု ချိတ်ဆက်ပြီးနောက်တွင်

"ဒေါ်လေး … ကျွန်တော် ပေကျင်းဗိုင်းရပ်စ် သုတေသနဌာနရဲ့အပြင်ဘက်မှာ ရောက်နေတယ်။ တာဝန်ကျသူဆီ ဒေါ်လေး ဆက်သွယ်ပေးလို့များ ရမလားခင်ဗျ။ ရောဂါပိုးရှိတဲ့ လူနာတွေရဲ့ အခြေအနေကို စစ်ဆေးဖို့ ကျွန်တော် အထဲကို ဝင်ဖို့လိုပါတယ်။”

***

All Chapters